← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁) - ယွဲ့ဝမ့်ဂိုဏ်းမှ ဝံပုလွေပြာ

သုံးရက်ကြာပြီးနောက်…

ယွဲ့လန်ဂိုဏ်း၏ အပြင်ဘက်၌…

မီးခိုးရောင်လေးသည် ရွှီနင်၏ ပခုံးပေါ်တွင် မှီခိုအိပ်စက်နေလေသည်။

မီးခိုးရောင်လေးနှင့် ရွှီးဟူကျွင်းတို့ အချိန်မီ ရောက်လာမည်မဟုတ်ဟု ရွှီနင် တွေးထင်နေစဉ်မှာပင် သူတို့သည် မနေ့က ယွဲ့လန်ဂိုဏ်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီး ရွှီနင်ကို လျှို့ဝှက်စွာ အသိပေးခဲ့ကြသည်။

ယနေ့ ဂိုဏ်းမှ ထွက်ခွာလာပြီးနောက် မီးခိုးရောင်လေးသည် ချက်ချင်းပင် ရောက်လာခဲ့ချေပြီ။

ယခုအချိန်တွင် ရွှီးဟူကျွင်းမှာ မိစ္ဆာသားရဲပန်းချီကားလိပ်ထဲ၌ ပုန်းကွယ်နေပေသည်။

“အစ်ကို... ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ”

မီးခိုးရောင်လေးက ရွှီနင်ကို မှီတွယ်လိုက်သည်။ ၎င်း၏ ပါးစပ်လှုပ်မသွားသော်လည်း အသံကမူ ရွှီနင်၏ နားထဲသို့ ရောက်ရှိလာသည်။

ဟင်းလင်းပြင်သားရဲတို့၏ မူလနယ်မြေမှ ပြန်ရောက်လာပြီးနောက် မီးခိုးရောင်လေး၏ စွမ်းအားများမှာ အလွန်တရာ တိုးတက်လာခဲ့ပြီး ယခုအခါ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်အဆင့်နှင့် အလွန်နီးကပ်နေလေပြီ။

ဟင်းလင်းပြင်သားရဲတို့၏ သွေးမျိုးဆက်အစွမ်းကို ရွှီနင် အံ့ဩမဆုံး ဖြစ်နေမိသည်။

မိစ္ဆာသားရဲများအကြားတွင် သွေးမျိုးဆက်အရည်အသွေး ပိုမိုမြင့်မားလေ၊ ပါရမီ၏ အမြင့်ဆုံးကန့်သတ်ချက် ပိုမိုကြီးမားလေဖြစ်ပြီး အဆင့်တက်နှုန်းလည်း ပိုမြန်ဆန်လေ ဖြစ်ပေသည်။

သွေးမျိုးဆက်သန့်စင်မှုကို ပြောင်းလဲရန် ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စွက်ဖက်မှုမျိုး မပြုလုပ်ပါက ပါရမီ၏ အမြင့်ဆုံးကန့်သတ်ချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။

“လူသားတွေရဲ့ ဂိုဏ်းဖြစ်တဲ့ ယွဲ့ဝမ့်ဂိုဏ်းကို သွားမှာ”

ရွှီနင်က ပြန်ဖြေလိုက်သည်။

“အဲဒီမှာ ခဏလောက် သွားနေရလိမ့်မယ်”

မီးခိုးရောင်လေးနှင့် စကားပြောရသည်မှာ အတော်လေး စိတ်ဝင်စားစရာကောင်းကြောင်း ရွှီနင် ခံစားလိုက်ရသည်။

သူတို့မှာ တိုက်ရိုက် စကားမပြောနိုင်ကြသော်ငြား ယခုကဲ့သို့ ဆက်သွယ်ရသည်မှာ ပိုမိုအဆင်ပြေလှပေသည်။

မီးခိုးရောင်လေးသာ တာအိုနယ်ပယ်သို့ ရောက်ရှိသွားပါက သူ့ကို တိုက်ရိုက် စကားပြောနိုင်လာပေလိမ့်မည်။

ထို့နောက် ရွှီနင်သည် ရှောင်ဟေးကို ဆင့်ခေါ်လိုက်သည်။

ရှောင်ဟေး အနားရောက်လာသောအခါ ရွှီနင်၏ ပခုံးပေါ်ရှိ မီးခိုးရောင်လေးကို သတိထားမိသွားသည်။ မီးခိုးရောင်လေးကို မြင်လိုက်ရသည်နှင့် ၎င်းမှာ မထိန်းနိုင်ဘဲ တုန်ရီသွားလေသည်။

“ရှောင်ဟေး... စိတ်မပူပါနဲ့၊ မီးခိုးရောင်လေးက ငါ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေပါ”

ရွှီနင်က ရှောင်ဟေးကို နှစ်သိမ့်လိုက်ပြီး ကျောပေါ်သို့ တက်ကာ ယွဲ့ဝမ့်ဂိုဏ်းရှိရာဘက်သို့ ပျံသန်းရန် ညွှန်ကြားလိုက်သည်။

ဤခရီးစဉ်တစ်လျှောက်တွင် ရှောင်ဟေးမှာ အလွန်အမင်း သတိထားနေခဲ့ရသည်။

သာမန်သွေးမျိုးဆက်သာရှိသော ဟင်းလင်းပြင်နယ်ပယ် နတ်ဆိုးသားရဲဖြစ်သည့် ရှောင်ဟေးသည် မီးခိုးရောင်လေး၏ အာရုံစိုက်မှုကို ခံရလောက်အောင်ပင် မတန်ပေ။

မီးခိုးရောင်လေး၏ လက်ရှိခွန်အားအရဆိုလျှင် ရှောင်ဟေးကဲ့သို့ နတ်ဆိုးသားရဲမျိုးမှာ ၎င်းအတွက် အစာတစ်နပ်သာ ဖြစ်ပေသည်။

သို့သော် ရွှီနင်၏ မျက်နှာကြောင့် မီးခိုးရောင်လေးသည် ရှောင်ဟေးကို လက်ခံပေးလိုက်သည်။

၎င်းသည် ရွှီနင်၏ ပခုံးပေါ်မှ ခုန်ဆင်းကာ ရှောင်ဟေး၏ ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် ခွေခွေလေး လဲလျောင်းနေလိုက်သည်။

ဤကြင်နာသော အပြုအမူလေးကြောင့် ရှောင်ဟေးမှာ အတော်လေး စိတ်အေးသွားရတော့သည်။

ယွဲ့ဝမ့်ဂိုဏ်းသည် ယွဲ့လန်ဂိုဏ်းနှင့် သိပ်မဝေးလှချေ။ နေ့တစ်ဝက်ပင် မကြာလိုက်ဘဲ ရှောင်ဟေးသည် ရွှီနင်ကို တင်ဆောင်ကာ ရောက်ရှိလာခဲ့လေပြီ။

ယွဲ့ဝမ့်ဂိုဏ်း၏ တံခါးဝသို့ ရောက်သောအခါ ရွှီနင်က မြေပေါ်သို့ဆင်းရန် ရှောင်ဟေးကို အချက်ပြလိုက်သည်။

ဤနေရာသည် သူ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ရာ အဓိကတံခါးပေါက်မှ ဝင်ရောက်ခြင်းက ပို၍သင့်လျော်ပေသည်။

“ဘယ်သူလဲ”

ဂိုဏ်းသားတစ်ဦးက ရွှီနင်ကို သတိဖြင့် ကြည့်ကာ မေးလိုက်သည်။

“ယွဲ့လန်ဂိုဏ်းက ရွှီနင်ပါ”

ရွှီနင်က မိမိမည်သူမည်ဝါဖြစ်ကြောင်း သက်သေပြရန် ခါးရှိတံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

“ဩော်... ယွဲ့လန်ဂိုဏ်းက စီနီယာအစ်ကိုရွှီနင်ကိုး”

တံခါးစောင့်ဂိုဏ်းသားများသည် ရွှီနင်၏ နာမည်ကို ကြားလိုက်ရသည်နှင့် သူတို့၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ တောက်ပလာလေသည်။

ရွှီနင်က ဖုန်းချန်ကောကို သတ်ဖြတ်လိုက်သည့် သတင်းသည် ကျိဖုန်းပြည်နယ်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေပြီ။

လူအများစုမှာ သူ၏ နာမည်ကိုသာ ကြားဖူးကြပြီး လူကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ထို့ကြောင့် ဤဂိုဏ်းသားများသည် ယနေ့ ရွှီနင်ကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။

မကြာမီ ကျိဖုန်းပြည်နယ်၏ အခြေအနေမှာ ပိုမိုရှုပ်ထွေးလာတော့မည်ကို သူတို့အားလုံး သိထားကြသည်။ ထို့ကြောင့် ရွှီနင်ကဲ့သို့ ကျော်ကြားသော သိုင်းပညာရှင်တစ်ဦး ဤနေရာသို့ ရောက်လာခြင်းက သူတို့ကို အလိုအလျောက် စိတ်အေးသွားစေခဲ့သည်။

“စီနီယာအစ်ကိုရွှီနင်... ကြွပါခင်ဗျာ”

တံခါးစောင့်ဂိုဏ်းသားက စိတ်အားထက်သန်စွာဖြင့် လမ်းပြလိုက်သည်။

“ချန်းမြောင်ဂိုဏ်းက စီနီယာအစ်မစစ်ယင်လည်း မနေ့ကမှ ယွဲ့ဝမ့်ဂိုဏ်းကို ရောက်လာတာပါ”

“စစ်ယင်တောင် ရောက်နေပြီလား...”

ထို့နောက် ရွှီနင်သည် တံခါးစောင့်ဂိုဏ်းသား၏ ကြိုဆိုလမ်းပြမှုဖြင့် ဝင်ရောက်လာခဲ့သည်။

ရှောင်ဟေးသည်လည်း ရွှီနင်၏ စီးတော်ယာဉ် မိစ္ဆာသားရဲအနေဖြင့် ယွဲ့ဝမ့်ဂိုဏ်းထဲသို့ ဖိတ်ကြားခြင်း ခံလိုက်ရလေသည်။

ယခုလို ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံခံရခြင်းမှာ ရှောင်ဟေးအတွက် ပထမဆုံးအကြိမ်ပင်။ ၎င်းသည် တောင်ပံများကို ခေါက်ကာ ခြေသည်းများဖြင့် မြေပြင်ကိုနင်းလျက် ရင်ကော့ကာ အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။

ယင်းကိုမြင်သောအခါ မီးခိုးရောင်လေးက အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

ယွဲ့ဝမ့်ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး မကြာမီ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ လာရောက် ကြိုဆိုကြလေသည်။

အမျိုးသမီးမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရဲရင့်ပြတ်သားသည့်ဟန် ပေါ်လွင်နေသော်လည်း သူမ၏ မျက်ဝန်းထဲမှ သဘာဝအတိုင်း ဆွဲဆောင်မှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူမမှာ စစ်ယင်ပင် ဖြစ်သည်။

စစ်ယင်၏ ဘေးတွင် အလွန်တည်ငြိမ်ရင့်ကျက်ပုံရသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါလာလေသည်။

ထိုသူ မည်သူဖြစ်မည်ကို ရွှီနင် တွေးကြည့်လိုက်ရာ ယွဲ့ဝမ့်ဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ့်ယွမ် ဖြစ်ကြောင်း အကြမ်းဖျင်း သေချာသွားလေသည်။

“တူတော်မောင်ရွှီနင်... ငါက ယွဲ့ဝမ့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယွမ့်ယွမ်ပါ”

ထင်သည့်အတိုင်းပင် ရွှီနင်၏ ခန့်မှန်းချက် မှန်ကန်သွားသည်။ ယွမ့်ယွမ်က ရွှီနင်ကို ဦးစွာ မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

“ရွှီနင်... မတွေ့တာတောင် ကြာပြီနော်”

စစ်ယင်က ရွှီနင်ကို မြင်သောအခါ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“ဂိုဏ်းချုပ်ယွမ်နဲ့ စီနီယာအစ်မစစ်တို့ကို ဂါရဝပြုပါတယ်”

ရွှီနင်က ပြန်လည်နှုတ်ဆက်လိုက်သည်။

“ဂျူနီယာမောင်လေးရွှီနင်... တိုးတက်လာတဲ့ပုံပဲနော်”

စစ်ယင်သည် ရွှီနင်၏ ပြောင်းလဲမှုကို သတိထားမိသွားသည်။

နောက်ဆုံးအကြိမ် သူမ ရွှီနင်ကို တွေ့ခဲ့စဉ်က ရွှီနင်မှာ အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။

“ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဓာတ်စွမ်းအင်မျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့တာပါ”

ရွှီနင်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“ဓာတ်စွမ်းအင်မျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်...”

“တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် သိုင်းပညာရှင်လား”

စစ်ယင်နှင့် ယွမ့်ယွမ်တို့ နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြလေသည်။

အထူးသဖြင့် စစ်ယင်မှာ ရွှီနင်ကို ထူးဆန်းသကဲ့သို့ စိုက်ကြည့်နေမိသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်းချန်ကောကို သတ်တုန်းက ရှင်က အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား”

စစ်ယင်က မေးလိုက်သည်။

ယင်းကို ကြားသောအခါ ယွမ့်ယွမ်၏ မျက်နှာထားမှာ နောက်တစ်ဖန် ပြောင်းလဲသွားပြန်သည်။

ရွှီနင်က ဖုန်းချန်ကောကို သတ်ခဲ့စဉ်က အစစ်မှအမှန်စိတ်ဆန္ဒနယ်ပယ်တွင်သာ ရှိနေခဲ့သည်တဲ့လား။

ထို့အပြင် လအနည်းငယ်အတွင်းမှာပင် အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်မှနေ၍ ဓာတ်စွမ်းအင်မျိုးစေ့ ဖွဲ့စည်းခြင်းအထိ တိုက်ရိုက် ခုန်ပျံကျော်လွှားလာခဲ့သည်တဲ့လား။

“ဒါက...”

ရွှီနင်အပေါ် ထားရှိသော ယွမ့်ယွမ်၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားတော့သည်။

သူသည် ယွဲ့ဝမ့်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ ရွှီနင်ကို တူတော်မောင်ဟု ခေါ်ဆိုခဲ့သော်လည်း သူ့အား အဆင့်အတန်းတူသကဲ့သို့သာ ဆက်ဆံလေသည်။

သို့သော် ယခု ရွှီနင်၏ စွမ်းအားနှင့် ပါရမီကို မြင်တွေ့လိုက်ရသောအခါ သူ၏ အဆင့်အတန်းကို မသိစိတ်မှ အလိုအလျောက် နှိမ့်ချလိုက်မိလေသည်။

“ဟုတ်ပါတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က အခွင့်အရေးတချို့နဲ့ ကြုံခဲ့ရလို့ ကံကောင်းထောက်မစွာ မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ခဲ့တာပါ”

ရွှီနင်က ပြုံးလျက် ပြောလိုက်သည်။

“မင်းတို့ နှစ်ယောက်လုံးက ကျိဖုန်းပြည်နယ်ရဲ့ ထိပ်တန်းဂိုဏ်းတွေက တပည့်တွေ ပီသပါပေတယ်။ မင်းတို့ရဲ့ ပါရမီနဲ့ ခွန်အားက သာမန်လူတွေထက် အများကြီး သာလွန်လွန်းနေပြီပဲ”

ယွမ့်ယွမ် သက်ပြင်းချလိုက်မိသည်။ ဤသည်မှာ ယဉ်ကျေးမှုအရ မြှောက်ပင့်ပြောဆိုခြင်း မဟုတ်ဘဲ ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ခြင်းပင် ဖြစ်လေသည်။

စကားပြောရင်းဖြင့် ယွမ့်ယွမ်နှင့် စစ်ယင်တို့သည် ရွှီနင်ကို ယွဲ့ဝမ့်ဂိုဏ်း၏ ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်သွားကြသည်။

ထို့နောက် ဂိုဏ်းသားတစ်ဦးက ဝိညာဉ်ဆေးလက်ဖက်ရည် လာချပေးလေသည်။

“ဂိုဏ်းချုပ်ယွမ်... ယွဲ့ဝမ့်ဂိုဏ်းက တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် သိုင်းပညာရှင်နှစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ကြားလိုက်တယ်။ ဘယ်လိုဖြစ်တာလဲ”

ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် ရွှီနင်က မေးမြန်းလိုက်သည်။

ဤအကြောင်းကို မီရှင်းယယ်က ရွှီနင်အား ပြောပြထားခဲ့ခြင်း ဖြစ်သည်။

“ဒီအကြောင်း ပြောရမယ်ဆိုရင်တော့...”

ယွမ့်ယွမ်၏ မျက်နှာတွင် ခက်ခဲသော အမူအရာတစ်ခု ပေါ်လာသည်။

“ငါတို့ဂိုဏ်းက လျှို့ဝှက်အကြီးအကဲ နှစ်ယောက်က မိစ္ဆာသားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့တာပါ”

“မိစ္ဆာသားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် ဟုတ်လား”

ရွှီနင် မျက်ခုံးပင့်သွားသည်။ “ဘယ်လို နတ်ဆိုးသားရဲမျိုးလဲ”

တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် သိုင်းပညာရှင်နှစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေနိုင်သည့် မိစ္ဆာသားရဲဆိုလျှင် ၎င်းမှာလည်း တူညီသော နယ်ပယ်တွင် ရှိနေရမည်မှာ အသေအချာပင်။

“ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ အပြာရောင်ဝံပုလွေ

သားရဲတစ်ကောင်ပါ”

ယွမ့်ယွမ် စကားမဆုံးမီမှာပင် အပြာရောင် ဝံပုလွေမိစ္ဆာသားရဲဟူသော အမည်ကို ကြားလိုက်ရသဖြင့် ရွှီနင်၏ ရင်ထဲ လှုပ်ရှားသွားရသည်။ သူ၏ ဘေးတွင် ခွေခွေလေး လဲလျောင်းနေသော မီးခိုးရောင်လေးသည်လည်း ရုတ်တရက် နားရွက်များ ထောင်လာပြီး ခေါင်းလှည့်ကြည့်လာလေသည်။

မီးခိုးရောင်လေး၏ ထူးခြားသော အမူအရာသည် ယွမ့်ယွမ်နှင့် စစ်ယင်တို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသော်လည်း သူတို့သည် မီးခိုးရောင်လေးကို ကြည့်ပြီးနောက် မည်သည့်စကားမှ မဆိုကြချေ။

သူတို့အနေဖြင့် မီးခိုးရောင်လေးသည် ဟင်းလင်းပြင်သားရဲဖြစ်ကြောင်းကို ခွဲခြားသိမြင်နိုင်စွမ်း မရှိကြပေ။

“အပြာရောင် ဝံပုလွေမိစ္ဆာသားရဲ...”

ကြေးဓားနှင့် ကြေးယပ်တောင်ထဲမှ စိတ်ဆန္ဒပုံရိပ်ယောင်ကို ရွှီနင် ချက်ချင်း သတိရသွားသည်။

“သူတို့ ဘယ်လို ဒဏ်ရာရသွားတာလဲ”

ရွှီနင် ထပ်မံမေးမြန်းလိုက်သည်။

ထိုအရာနှစ်ခု ဆက်စပ်နေကြောင်း သက်သေမရှိသော်လည်း ရွှီနင် စတင်တွေးတောနေမိလေပြ

ရွှီနင်၏ မေးခွန်းကို ကြားသောအခါ ယွမ့်ယွမ်သည် ယခင်က စစ်ယင်အား ပြောပြခဲ့သမျှ အကြောင်းအရာအားလုံးကို ပြန်လည်ပြောပြလေသည်။

“လွန်ခဲ့တဲ့ တစ်လလောက်က ဖြစ်တာပါ။ ယွဲ့ဝမ့်ဂိုဏ်းက အချိန်အကြာကြီး ကျင့်ကြံနေခဲ့တဲ့ လျှို့ဝှက်အကြီးအကဲနှစ်ယောက်က ကျင့်ကြံရာကနေ ထွက်လာခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲက ကျစ်ယွမ်သစ်သီး မှည့်လာပြီဖြစ်လို့ သွားခူးဖို့ စီစဉ်ထားလို့ပဲ”

“ကျစ်ယွမ်သစ်သီး ဟုတ်လား”

ထိပ်တန်း ဆေးဆရာတစ်ဦးအနေဖြင့် ရွှီနင်သည် ကျစ်ယွမ်သစ်သီးအကြောင်းကို အလိုအလျောက် သိထားပြီး ဖြစ်သည်။

ဤကျစ်ယွမ်သစ်သီးသည် ကျင့်ကြံသူတစ်ဦးအား ဓာတ်စွမ်းအင်မျိုးစေ့ ဖွဲ့စည်းရန် ကူညီပေးနိုင်သော ထိပ်တန်း ဝိညာဉ်ဆေးပင်တစ်မျိုး ဖြစ်သည်။ ၎င်းကို ဆေးဖော်စပ်ရာတွင် အသုံးပြုရန် မလိုအပ်ဘဲ တိုက်ရိုက် စားသုံးနိုင်ပေသည်။

သို့သော် ကျစ်ယွမ်သစ်သီးမှာ အလွန်တရာ ရှားပါးပြီး ရင့်မှည့်ချိန်မှာလည်း အလွန်ကြာမြင့်လှသည်။ သာမန်အားဖြင့် ရရှိရန် အလွန်ခက်ခဲပြီး ရွှီနင်ကိုယ်တိုင်ပင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ယွဲ့ဝမ့်ဂိုဏ်းတွင် ကျစ်ယွမ်သစ်သီးပင် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

“ဟုတ်တယ်”

ယွမ့်ယွမ် ဆက်ပြောသည်။ “ကျစ်ယွမ်သစ်သီးက လပြည့်ညမှာ မှည့်တာလေ။ အဲဒီအချိန်မှာ အကြီးအကဲနှစ်ယောက်က အသီးခူးဖို့ စောင့်နေခဲ့ကြတာ”

“ဒါပေမဲ့ သစ်ပင်ပေါ်က အသီးနှစ်လုံး လုံးဝရင့်မှည့်သွားပြီး ခူးတော့မယ့်အချိန်မှာတင် ဝံပုလွေပြာတစ်ကောင်က ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲကို ရောက်လာခဲ့တယ်။ အဲဒါက လျှပ်စီးလို အမြန်နှုန်းနဲ့ ရုတ်တရက် ပေါ်လာခဲ့တာပဲ။ အကြီးအကဲနှစ်ယောက် တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ခင်မှာတင် အသီးတစ်လုံးကို မျိုချသွားပြီး နောက်တစ်လုံးကိုလည်း ယူသွားလိုက်တယ်”

“အကြီးအကဲနှစ်ယောက်က ဒါကိုမြင်တော့ စိုးရိမ်တကြီးနဲ့ ဝံပုလွေပြာနောက်ကို အမြန်လိုက်ကြတာပေါ့။ နောက်ဆုံးကျတော့ သူတို့ ဝံပုလွေပြာကို လုံးဝ မမီတော့ဘူး။ ဒါပေမဲ့ သူတို့ လက်လျှော့တော့မလို့ လုပ်နေတုန်းမှာပဲ ဝံပုလွေပြာက သူ့ဘသာသူ ပြန်ရောက်လာတယ်”

“သူ့ဘာသာသူ ပြန်ရောက်လာတယ်...”

ရွှီနင် အသေအချာ နားထောင်နေမိသည်။

“ဟုတ်တယ်၊ အဲဒါက သူ့သဘောနဲ့သူ ပြန်လာပြီး အကြီးအကဲနှစ်ယောက်ကို ရင်ဆိုင်ခဲ့တာ”

ယွမ့်ယွမ်၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။

“ဓာတ်စွမ်းအင်မျိုးစေ့ကို ဖွဲ့စည်းထားနိုင်တဲ့ အကြီးအကဲနှစ်ယောက်နဲ့ ရင်ဆိုင်ရတာတောင်မှ အဲဒီအကောင်က တိုက်ပွဲမှာ အသာစီးရခဲ့ပြီး သူတို့နှစ်ယောက်ကို အလွယ်တကူ ဖိနှိပ်ထားနိုင်ခဲ့တယ်။ အကြီးအကဲနှစ်ယောက်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် အဲဒီ ဝံပုလွေပြာက...”

ယွမ့်ယွမ် စကားကို ခေတ္တရပ်လိုက်သည်။

“သူတို့ကို ကစားနေသလိုပဲ...”

“အကြီးအကဲနှစ်ယောက်က ဓာတ်စွမ်းအင်မျိုးစေ့ တစ်ခုစီပဲ ဖွဲ့စည်းထားနိုင်သေးတယ်ဆိုပေမဲ့ ဒါက အားနည်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း သူတို့ခမျာ ဝံပုလွေပြာကို ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ဘူး”

“ဩော်...”

ထိုစကားကို ကြားပြီးနောက် ရွှီနင် အနည်းငယ် အံ့အားသင့်သွားသည်။

“အဲဒီလိုဆိုရင်တော့ အပြာရောင် ဝံပုလွေမိစ္ဆာသားရဲက တာအိုနယ်ပယ်နဲ့ အရမ်းနီးကပ်နေပြီလို့ဆိုရမယ်။ ဒီလိုအဆင့်ရှိတဲ့ မိစ္ဆာသားရဲကို ရင်ဆိုင်ရပြီး အကြီးအကဲနှစ်ယောက် အသက်ရှင်လွတ်မြောက်လာတာက တော်တော်လေး ရှားပါးတဲ့ကိစ္စပဲ”

ဝံပုလွေပြာ၏ စွမ်းအားသည် ရွှီးဟူကျွင်း၏ စွမ်းအားနှင့် ဆင်တူနိုင်လောက်သည်ဟု ရွှီနင် ခန့်မှန်းမိလိုက်သည်။

အကယ်၍ ၎င်းသာ နောက်ထပ်အဆင့်တစ်ခု တက်သွားပါက တာအိုနယ်ပယ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ယွမ့်ယွမ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

“အကြီးအကဲနှစ်ယောက် ပြောတာကတော့ သူတို့ အသက်ရှင်တာက သူတို့ သန်မာလို့ မဟုတ်ဘဲ ဝံပုလွေပြာက တမင်သက်သက် အလျှော့ပေးလိုက်လို့တဲ့။ အကြီးအကဲနှစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ပြီးတဲ့နောက်မှာ အကြီးအကဲတွေခမျာ မျှော်လင့်ချက်မဲ့နေပြီလို့ ထင်ထားပေမဲ့ အဲဒီအကောင်က ဒီအတိုင်း ထွက်သွားခဲ့တာတဲ့လေ”

“ပြီးတော့ နောက်တစ်လအတွင်းမှာ အဲဒီဝံပုလွေပြာက ယွဲ့ဝမ့်ဂိုဏ်းထဲကို အကြိမ်ပေါင်းများစွာ ရောက်လာခဲ့သေးတယ်။ ဒီနေရာကို သူ့ရဲ့ ကိုယ်ပိုင်ခြံဝင်းလိုမျိုး သဘောထားနေတဲ့ပုံပဲ။ ပြီးတော့ ပေါ်လာတိုင်း ငါတို့ဂိုဏ်းထဲက ပစ္စည်းတစ်ခုခုကို ယူသွားတတ်သလို လူတစ်ယောက်ယောက်နဲ့ တွေ့ရင်လည်း ကစားတတ်သေးတယ်။ လူတွေကို ဒဏ်ရာရအောင် လုပ်ပေမဲ့ အသက်ကိုတော့ မယူဘူး”

ယွမ့်ယွမ်က ဆက်ပြောသည်။

“ဒါကြောင့် ဂိုဏ်းတစ်ခုလုံး ထိတ်လန့်နေကြတာ။ ဂိုဏ်းသားတွေက ဝမ်ရှန့်ပြည်နယ်ကလူတွေ ရောက်လာမှာကို စိုးရိမ်နေကြရတဲ့အထဲ အခု အဲဒီအကောင်ကိုပါ ထပ်ပြီး စိုးရိမ်နေကြရပြန်ပြီ”

“အဲဒီလိုကိုး...”

ယွမ့်ယွမ်၏ အခြေအနေကို ရွှီနင်လည်း နားလည်သွားသည်။

လူကို မသတ်ဖြတ်သော်ငြားလည်း ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ လူအများ၏ စိတ်နှလုံးကို တုန်လှုပ်စေပြီး ထိတ်လန့်မှုများ ဖြစ်ပေါ်စေသည်သာ။

“ဒီအပြာရောင် ဝံပုလွေမိစ္ဆာသားရဲရဲ့ အပြုအမူက ကလေးတစ်ယောက် ဆော့ကစားနေသလိုပဲနော်”

စစ်ယင်က ဝင်ပြောလိုက်သည်။

“ဟုတ်တယ်”

ယွမ့်ယွမ်က သဘောတူလိုက်သည်။

ရွှီနင် ခေါင်းညိတ်လိုက်သည်။

“ဒီဝံပုလွေပြာက ဂိုဏ်းသားတွေအတွက် ပြဿနာတစ်ခု ဖြစ်လာနေပြီ...”

ယွမ့်ယွမ်သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိလေသည်။

“ဂိုဏ်းချုပ်ယွမ်... စိတ်မပူပါနဲ့၊ ကျွန်တော် ယွဲ့ဝမ့်ဂိုဏ်းကို စောင့်ရှောက်ပေးပါ့မယ်။ နောက်တစ်ခေါက် အဲဒီအကောင် ပေါ်လာရင် ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်လိုက်ပါ့မယ်”

ရွှီနင်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။

ဤမျှ စွမ်းအားကြီးမားသော အပြာရောင် ဝံပုလွေမိစ္ဆာသားရဲသည် ကြေးဓားနှင့် ကြေးယပ်တောင်ထဲမှ ဝံပုလွေပြာပုံရိပ်ယောင်နှင့် အမှန်တကယ် ဆက်စပ်နေနိုင်ပေသည်။

အခန်း (၂၁၂) - ဟင်းလင်းပြင်သားရဲ

ရွှီနင် ဤမျှ ယုံကြည်မှုရှိနေသည်ကို မြင်သောအခါ ယွမ့်ယွမ် ခေါင်းယမ်းကာ ခါးသက်သက် ပြုံးလိုက်လေသည်။

“တူတော်မောင်ရွှီနင်... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က ပိုအရေးကြီးတယ်။ အကယ်လို့ မင်းသာ အဲဒီအပြာရောင်ဝံပုလွေမိစ္ဆာသားရဲကြောင့် တကယ်ဒဏ်ရာရသွားရင် ဂိုဏ်းချုပ်မီကို ငါဘယ်လို ရှင်းပြရမလဲ”

ယွမ့်ယွမ်သည် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲအပေါ် မည်သို့မျှမတတ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ရွှီနင်ထံမှ အကူအညီတောင်းခံနေခြင်းတော့ မဟုတ်ပေ။

သူ၏အမြင်တွင် ရွှီနင်သည် ဓာတ်စွမ်းအင်မျိုးစေ့တစ်ခုကို စုစည်းနိုင်ခဲ့လျှင်တောင်မှ ဂိုဏ်းထဲရှိ ဒဏ်ရာရသွားသော အကြီးအကဲနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် အများကြီး ကွာဟနေသေးရာ အပြာရောင်ဝံပုလွေမိစ္ဆာသားရဲနှင့်ဆိုလျှင် ပြောစရာပင် မရှိတော့ချေ။

ရွှီနင် ဘာမှ ဆက်မပြောတော့ပေ။ မည်သည့်အရာကိုမျှ သက်သေပြရန် မလိုအပ်တော့ချေ။

ဝံပုလွေပြာ အမြန်ဆုံးပေါ်လာရန်သာ သူမျှော်လင့်မိသည်။ ထိုသားရဲထံမှ သဲလွန်စအချို့များ ရှာတွေ့နိုင်မလားဆိုသည်ကို သူ တွေးတောနေမိသည်။

“ရွှီနင်... ရှင့်ရဲ့မိစ္ဆာသားရဲလေးက ကြောင်ပေါက်လေးနဲ့ တူပေမဲ့ သူ့ရဲ့သွေးမျိုးဆက်က အရည်အသွေးမြင့်မယ့်ပုံပဲနော်”

ထိုစဉ် စစ်ယင်က မီးခိုးရောင်လေး၏ ထူးခြားမှုကို သတိပြုမိသွားလေသည်။

လက်ရှိ မီးခိုးရောင်လေးသည် စစ်ယင်နှင့် ယွမ့်ယွမ်တို့ထက် ပို၍အစွမ်းထက်နေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းက မိမိ၏အငွေ့အသက်ကို တမင်တကာ ဖုံးကွယ်ထားရာ မီးခိုးရောင်လေးသည် တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်းကို သူတို့ သတိမထားမိနိုင်ကြပေ။

“ဒီမိစ္ဆာသားရဲက တကယ်ကို ထူးခြားတာပဲ...”

ယွမ့်ယွမ်သည် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ ယူဆောင်လာမည့် ဒုက္ခများအကြောင်းကို ထပ်မပြောချင်တော့ပေ။ သူက ခေါင်းလှည့်ကာ မီးခိုးရောင်လေးကို ကြည့်လိုက်သည်။

စစ်ယင်သည် ရှေ့သို့ကိုင်းကာ မီးခိုးရောင်လေးအား လက်လှမ်း၍ ပွေ့ချီရန် ပြင်လိုက်သည်။

ထိုအရာကို မြင်သောအခါ မီးခိုးရောင်လေး၏ မျက်လုံးများထဲတွင် ရွံရှာသောအရိပ်အယောင်များ ပေါ်လာလေသည်။

၎င်းက သွားဖြဲပြလိုက်ပြီး နဖူးပေါ်ရှိ ငွေရောင်အမှတ်အသားသည် တောက်ပသွားသည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်မှ ဟင်းလင်းပြင်နယ်ပယ်အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်၏ အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

“ဒါက...”

စစ်ယင် မသိစိတ်အရ နောက်ဆုတ်လိုက်မိသည်။ မီးခိုးရောင်လေးတွင် ဤမျှလောက်အစွမ်းရှိလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့သည်မှာ သိသာလှသည်။

‘ဒီအန္တရာယ်ကင်းမယ့်ပုံပေါက်နေတဲ့ မိစ္ဆာသားရဲလေးက တကယ်ပဲ ဟင်းလင်းပြင်အဆင့်မြင့်နယ်ပယ်မှာ ရှိနေတာလား’

စစ်ယင်နှင့် ယွမ့်ယွမ်တို့သည် မီးခိုးရောင်လေးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“မီးခိုးရောင်လေး... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့”

ရွှီနင်က ငေါက်ငမ်းလိုက်သည်။

ထိုစကားကို ကြားပြီးနောက် မီးခိုးရောင်လေးသည် ခေါင်းပြန်ငုံ့ကာ ခွေခွေလေးနေလိုက်ပြီး စစ်ယင်ကို လျစ်လျူရှုထားလိုက်တော့သည်။

“ရွှီနင်... ရှင် ဒီမိစ္ဆာသားရဲကို ဘယ်လိုများ ယဉ်ပါးအောင် လုပ်ခဲ့တာလဲ”

စစ်ယင်က မေးလိုက်သည်။

စွမ်းအားကြီးမားသော သိုင်းပညာရှင်များက မိစ္ဆာသားရဲများကို ယဉ်ပါးအောင် မွေးမြူကြသည်မှာ သာမန်ကိစ္စတစ်ခုပင်။

သို့သော် မိစ္ဆာသားရဲတစ်ကောင်၏ အစွမ်းပိုမိုမြင့်မားလေ ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြင့်မားလာပြီး ကိုယ်ပိုင်အသိစိတ်လည်း ပိုမိုအားကောင်းလာလေဖြစ်သည်။ ဤကဲ့သို့သော မိစ္ဆာသားရဲမျိုးသည် အညံ့ခံယဉ်ပါးမည့်အစား သေဖို့ကိုသာ ရွေးချယ်တတ်ကြသည်။

“သာမန်လူသားနယ်ပယ်မှာတုန်းက သူ့ကို ကျွန်တော် စသိခဲ့တာပါ၊ သူ့ကို အညံ့ခံအောင် လုပ်ခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့က မိတ်ဆွေတွေပါ”

ရွှီနင်က ရှင်းပြလေသည်။

ဤသို့ပြောပြီးနောက် မီးခိုးရောင်လေးက စစ်ယင်ကို မောက်မာသော အမူအရာဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။

“တူတော်မောင်ရွှီနင်က တကယ်ကို ထူးခြားတာပဲ၊ ဒီလိုမိစ္ဆာသားရဲမျိုးကတောင် မင်းကို မိတ်ဆွေအဖြစ် အသိအမှတ်ပြုပြီး ကပ်တွယ်နေတာကိုး”

ယွမ့်ယွမ်က သက်ပြင်းချလိုက်သည်။

သူတို့သည် မီးခိုးရောင်လေး၏ ဟင်းလင်းပြင်သားရဲဆိုသည့် မူလသရုပ်မှန်ကို မသိရှိကြသော်လည်း ၎င်း၏ သွေးမျိုးဆက်မှာ အရည်အသွေးမြင့်မားကြောင်းကိုမူ နှစ်ယောက်လုံး သတိထားမိကြသည်။

“ယွဲ့ဝမ့်ဂိုဏ်းအတွက် အားသွန်ခွန်စိုက် ကူညီပေးဖို့ ဒီအထိရောက်လာတဲ့ တူတော်မောင်ရွှီနင်ကို အရင်ဆုံး ကျေးဇူးတင်ပါရစေ”

ယွမ့်ယွမ် မတ်တတ်ရပ်လိုက်သည်။

“ကဲ... တူတော်မောင်ရွှီနင်၊ ယွဲ့ဝမ့်ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ထူးချွန်တဲ့ တပည့်တွေကို သွားတွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါဦး”

“ကောင်းပါပြီ”

ရွှီနင်လည်း မတ်တတ်ရပ်လိုက်သည်။

…

ထို့နောက် ယွမ့်ယွမ်သည် ရွှီနင်ကို ခေါ်ဆောင်ကာ ယွဲ့ဝမ့်ဂိုဏ်း၏ အကြီးအကဲများနှင့် ထိပ်တန်းတပည့်များအားလုံးကို သွားရောက်နှုတ်ဆက်လေသည်။

ရွှီနင်၏ ယခင်က လုပ်ဆောင်ချက်များနှင့် လက်ရှိအစွမ်းများကို သိရှိပြီးနောက် အကြီးအကဲများနှင့် တပည့်များအားလုံးမှာ ရွှီနင်အပေါ် အလွန်ယဉ်ကျေးစွာ ဆက်ဆံကြသည်။ အထူးသဖြင့် တပည့်အချို့ဆိုလျှင် ရွှီနင်အပေါ် လေးစားကြောင်းကို ချက်ချင်းပင် ထုတ်ဖော်ပြောဆိုကြလေသည်။

ရွှီနင်သည် သဘာဝအတိုင်း နှိမ့်ချတတ်သူ ဖြစ်သည်။ အားလုံးနှင့် စကားစမြည်ပြောဆိုပြီးနောက် ထိုထူးချွန်သော တပည့်များအနေဖြင့် သိုင်းပညာကျင့်ကြံခြင်းနှင့် ပတ်သက်၍ အချိန်မရွေး သူ့ထံလာရောက် ဆွေးနွေးနိုင်ကြောင်း ကမ်းလှမ်းလိုက်သည်။

ဤနည်းဖြင့် ရွှီနင်သည် တစ်ဂိုဏ်းလုံး၏ မျက်နှာသာပေးမှုကို အလွယ်တကူ ရရှိသွားတော့သည်။

ထို့နောက် ယွမ့်ယွမ်က ရွှီနင်အတွက် ဧည့်ခံပွဲတစ်ခု ကျင်းပပေးခဲ့သည်။ ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် အစားအစာ စားသုံးရန် မလိုအပ်တော့သော်လည်း ဧည့်ခံပွဲရှိ ဟင်းလျာများအားလုံးကို ဝိညာဉ်ဆေးပင်များဖြင့် ချက်ပြုတ်ပြင်ဆင်ထားရာ အတော်လေး ထူးခြားသော အတွေ့အကြုံတစ်ခု ဖြစ်ပေသည်။

ကြိုဆိုပွဲအပြီးတွင် ရွှီနင်အား ယွဲ့ဝမ့်ဂိုဏ်းရှိ အိမ်တော်တစ်ခုတွင် တည်းခိုရန် စီစဉ်ပေးခဲ့လေသည်။

ယွမ့်ယွမ်က ရွှီနင်ကို ပြုစုလုပ်ကျွေးရန် တပည့်များကို စီစဉ်ပေးခဲ့သော်လည်း ရွှီနင်က ငြင်းပယ်ခဲ့ပြီး မီးခိုးရောင်လေးနှင့် ရှောင်ဟေးတို့ကိုသာ သူ့နောက်သို့ လိုက်ပါခွင့်ပြုခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း ရံဖန်ရံခါ အကြံဉာဏ်တောင်းခံရန် လာရောက်ကြသော ယွဲ့ဝမ့်ဂိုဏ်းမှ တပည့်အချို့ကို လက်ခံတွေ့ဆုံခြင်းမှလွဲ၍ ရွှီနင်သည် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ ပေါ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။

သို့ရာတွင် ရွှီနင် စိတ်ပျက်ရသည်မှာ ယွဲ့ဝမ့်ဂိုဏ်းသို့ သူရောက်လာပြီးကတည်းက အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် တစ်ကြိမ်တစ်ခါမျှ ပေါ်မလာခဲ့ခြင်းပင်။

‘သူ ထပ်မလာတော့တာများလား’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

‘သူ့ကို ငါကိုယ်တိုင် ထွက်လာအောင် မြှူဆွယ်ရတော့မလား’

ရွှီနင် စဉ်းစားလျက်ရှိသည်။

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ ယွဲ့ဝမ့်ဂိုဏ်းတွင် ပထမဆုံးအကြိမ် ပေါ်လာခဲ့ခြင်းမှာ ကျစ်ယွမ်သစ်သီး၏ ဆွဲဆောင်မှုကြောင့် ဖြစ်ပေသည်။

‘စမ်းကြည့်ရတာပေါ့’

ထိုသားရဲအား မြှူဆွယ်၍ရမရ စမ်းသပ်ကြည့်ရန် ရွှီနင် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ရွှီနင်သည် ဆေးမီးဖိုကို ထုတ်ယူကာ မိစ္ဆာသားရဲများကို ဆွဲဆောင်နိုင်သော ဆေးပြားတစ်ပြား ဖော်စပ်ရန် ပြင်ဆင်လေတော့သည်။

“မိစ္ဆာသားရဲတွေက သူတို့ရဲ့ သွေးမျိဆက်ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ ဆေးပြားတွေအပေါ် အရမ်းကို အာရုံခံနိုင်ကြတယ်။ ဒီလိုအာရုံခံနိုင်စွမ်းက သူတို့ရဲ့ အာရုံခံနိုင်စွမ်းကိုတောင် ကျော်လွန်နေပြီး သွေးမျိုးဆက်ရဲ့ ဆာလောင်မွတ်သိပ်မှုလို့တောင် ဆိုနိုင်တယ်”

ရွှီနင်သည် တန်ဖိုးကြီး ဝိညာဉ်ဆေးပင်အမြောက်အမြားကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။

ရှောင်ဟေးပင်လျှင် ဤမျှတန်ဖိုးကြီးသော ဆေးဖက်ဝင်ပစ္စည်းများကို ယခင်က တစ်ခါမျှ မစားသုံးဖူးခဲ့ပေ။

အမှန်တော့ ယင်းမှာ ရှောင်ဟေးသည် ဆေးစွမ်းကို ခံနိုင်ရည်ရှိလောက်အောင် အစွမ်းမထက်သေးသောကြောင့်လည်းဖြစ်သည်။

ရွှီနင်သည် ခန္ဓာကိုယ်ထဲရှိ ဓာတ်စွမ်းအင်မျိုးစေ့များကို အသက်သွင်းကာ ဆေးမီးဖိုထဲရှိ ဝိညာဉ်ဆေးပင်များကို သန့်စင်ပြီးနောက် ဆေးလုံးကို စိတ်ရှည်လက်ရှည် ဖော်စပ်လေသည်။

နာရီဝက်ခန့် အကြာတွင် လက်ဖဝါးအရွယ်အစားရှိသော မြစိမ်းရောင် ဆေးလုံးတစ်လုံးသည် ဆေးမီးဖိုထဲမှ လွင့်ပျံထွက်လာသည်။

‘ဒီတစ်ခါ ဖော်စပ်လိုက်တဲ့ မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးက တော်တော်လေး ကောင်းတာပဲ’

ရွှီနင်က ၎င်းကိုယူကာ ကျေနပ်သော အမူအရာဖြင့် သေချာစွာ ကြည့်ရှုလိုက်သည်။

မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးဆိုသည်မှာ ယေဘုယျခေါ်ဝေါ်သော အမည်တစ်ခုသာ ဖြစ်သည်။ မိစ္ဆာသားရဲများ၏ သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်သော ဆေးအားလုံးကို ဤသို့ပင် ခေါ်ဆိုကြလေသည်။

‘ပိုပြီး ဆွဲဆောင်မှုရှိစေဖို့ ငါက ဝိညာဉ်ဆေးပင် နည်းနည်းတောင် ထပ်ထည့်ထားသေးတယ်၊ ဒါမှ ဆေးစွမ်းနဲ့ ဆေးရနံ့က ပိုပျံ့နှံ့သွားမှာ’

ရွှီနင်သည် ဤအရာအတွက် အတော်လေး အားထုတ်ထားခဲ့ရသည်။

ရွှီနင်သည် မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးကို ကိုင်ဆောင်လျက် အခန်းထဲမှ ထွက်လာခဲ့သည်။

အခန်းထဲမှ ထွက်လာသည်နှင့် ရွှီနင်သည် မြေကြီးပေါ်တွင် ထိုင်ကာ သူ့ကို စိုက်ကြည့်နေသော အကောင်ကြီးတစ်ကောင်၊ အကောင်ငယ်တစ်ကောင်ဖြစ်သည့် ရှောင်ဟေးနှင့် မီးခိုးရောင်လေး မိစ္ဆာသားရဲနှစ်ကောင်ကို တွေ့လိုက်ရသည်။

ပို၍တိတိကျကျ ဆိုရလျှင် ၎င်းတို့သည် ရွှီနင်၏ လက်ထဲမှ မိစ္ဆာသားရဲသွေးသန့်စင်ဆေးလုံးကို စိုက်ကြည့်နေကြခြင်း ဖြစ်သည်။

အထူးသဖြင့် ရှောင်ဟေးပင် ဖြစ်သည်။ ၎င်း၏ သွေးဆက်စွမ်းအားများ တုန်ခါနေသည်ကိုပင် ခံစားနေရသည်။

အကယ်၍ ရှောင်ဟေးသာ ဤမိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးကို စားသုံးလိုက်ပါက ၎င်း၏ အကန့်အသတ်သည် ဟင်းလင်းပြင်အလယ်အလတ်အဆင့်၏ ချုပ်နှောင်မှုများကို ချိုးဖျက်ကျော်လွန်သွားမည် ဖြစ်သည်။ အစားအစာများကို အမြောက်အမြား ဆက်လက်စားသုံးနေသရွေ့ ဟင်းလင်းပြင်အဆင့်မြင့်နယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်လေသည်။

မီးခိုးရောင်လေးအတွက်မူ ဤဆေးပြားက ၎င်းအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိသော်လည်း ဆေးရနံ့ကမူ ဆွဲဆောင်မှုလွန်းနေလေသည်။

“ဒါက မင်းတို့နှစ်ကောင်အတွက် မဟုတ်ဘူး”

ရွှီနင်သည် ရှောင်ဟေးနှင့် မီးခိုးရောင်လေးတို့၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများကို ကြည့်ကာ ပြုံးလိုက်ပြီး စိတ်ပျက်ဖွယ်ရာ အဖြေတစ်ခု ပေးလိုက်သည်။

“အနည်းဆုံးတော့ အခုချိန်အတွက် မဟုတ်သေးဘူး”

ရွှီနင်က ထပ်ဖြည့်ပြောလိုက်သည်။

“ဒီဆေးက အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို ဆွဲဆောင်ပြီးသွားရင် မင်းတို့ကို ပေးမယ်”

ထိုသို့ပြောလိုက်ပြီးနောက် ရှောင်ဟေးက ထပ်မံမြူးတူးသွားလေသည်။

မီးခိုးရောင်လေးသည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ တည်ငြိမ်မှုရစေရန် အစွမ်းကုန် ကြိုးစားနေသော်လည်း တံတွေးမြိုချနေသော လည်ချောင်းကမူ ၎င်း၏အမှန်တကယ် တွေးတောနေမှုများကို သစ္စာဖောက်နေလေသည်။

“မင်း လာမလာ ကြည့်ကြသေးတာပေါ့”

ရွှီနင်သည် ဥယျာဉ်ထဲရှိ သစ်ပင်မြင့်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်သွားပြီး မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးကို သစ်ကိုင်းထိပ်တွင် တင်ထားလိုက်သည်။

ယခုအချိန်သည် သန်းခေါင်ယံအချိန်ဖြစ်သည်။ ရွှီနင် မော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် သာယာနေသော လမင်းကြီးကို တွေ့လိုက်ရသည်။

ထို့နောက် ရွှီနင်သည် သစ်ပင်အောက်သို့ ဆင်းလာပြီး တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှတ်လိုက်လေသည်။

ဤသည်မှာ ဆေးရနံ့ကိုရပြီး အခြားမိစ္ဆာသားရဲငယ်များ ရောက်လာမည်ကို တားဆီးရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအကောင်များကို မောင်းထုတ်ရသည်မှာ ဒုက္ခများလှပေသည်။

ရွှီနင်သည် သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။ ရှောင်ဟေးနှင့် မီးခိုးရောင်လေးတို့သည်လည်း ဆေးရနံ့၏ သွေးဆောင်ဖြားယောင်းမှုကို မခံရစေရန် ၎င်းတို့၏ အာရုံခံနိုင်စွမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။

အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားသည်။

လေးနာရီခန့် အကြာတွင်…

‘သူ ပေါ်မလာသေးဘူးပဲ...’

ရွှီနင် မော့ကြည့်လိုက်သည်။ မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးမှာ ထိုနေရာတွင် ရှိနေဆဲပင်။

‘ဒီနေရာကနေ ထွက်သွားပြီလား မသိဘူး...’

ရွှီနင် ခန့်မှန်းလိုက်သည်။ ‘နောက်ထပ် နှစ်နာရီလောက် ထပ်စောင့်ကြည့်ဦးမယ်၊ အကယ်လို့ ပေါ်မလာဘူးဆိုရင်တော့ ထားလိုက်တော့မယ်...’

ထို့နောက် ရွှီနင် ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။

သို့သော် နာရီဝက်ပင် မပြည့်မီ ရွှီနင် ရုတ်တရက် မတ်တတ်ရပ်လိုက်ဟည်။

မီးခိုးရောင်လေးလည်း တစ်စုံတစ်ခုကို အာရုံခံမိပုံပေါ်ကာ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

ထို့နောက် ရွှီနင်သည် အိမ်တော်ခေါင်မိုးပေါ်တွင် ပိန်လှီနေသော အပြာရောင်ဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရလေသည်။

“ဒါက...”

လရောင်အောက်တွင် ရွှီနင်သည် အပြာရောင်ဝံပုလွေအား ရှင်းလင်းစွာ မြင်လိုက်ရသည်။

၎င်း၏ အမွေးအမျှင်အရည်အသွေးနှင့် မျက်လုံးအရောင်၊ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းလိုလိုသည် ကြေးဓားနှင့် ကြေးယပ်တောင်ထဲရှိ အပြာရောင်ဝံပုလွေ ဝိညာဉ်အသွင်နှင့် အတိအကျ တူညီနေလေသည်။

‘ဟုတ်တယ်... ဒီအပြာရောင်ဝံပုလွေက ကြေးဓားနဲ့ ယပ်တောင်ထဲက အပြာရောင်ဝံပုလွေ ဝိညာဉ်အသွင်နဲ့ သေချာပေါက် ဆက်စပ်နေတယ်’

အစောပိုင်းက ခန့်မှန်းချက်မျှသာ ဖြစ်သော်လည်း ယခုမူ ရွှီနင် သေချာသွားပြီဖြစ်သည်။

မိစ္ဆာသားရဲတစ်ကောင်၏ အဆင့်မြင့်လေလေ၊ ၎င်းတို့၏ ထူးခြားသော ဝိသေသလက္ခဏာများက ပိုမိုထင်ရှားလေလေ ဖြစ်သည်။ ဤမျှ ပြီးပြည့်စုံစွာ တူညီနေမှုအတွက် တိုက်ရိုက်သွေးဆက်နွယ်မှုတစ်ခု သေချာပေါက် ရှိရပေမည်။

“ဝူး...”

အပြာရောင်ဝံပုလွေသည် ခေါင်းမော့ကာ အူလိုက်လေသည်။ ၎င်း၏ ခန္ဓာကိုယ်မှ ဖိအားများ ပြန့်နှံ့သွားပြီး ယွဲ့ဝမ့်ဂိုဏ်း၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားတော့သည်။

ရွှီနင်နှင့် မီးခိုးရောင်လေးတို့ကို တွေ့ရှိပြီးနောက် ၎င်းသည် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ထို့နောက် အပြာရောင်ဝံပုလွေသည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးဆီသို့ ပြေးဝင်လာလေသည်။

ရွှီနင် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူသည် လက်ပတ်ကို အသက်သွင်းလိုက်ပြီး သူ၏ ဂုဏ်သတ္တိစွမ်းအင်ပိုင်နက်နယ်ပယ်ကို ထုတ်လွှတ်လိုက်လေသည်။

အပြာရောင်ဝံပုလွေသည် မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးနှင့် တစ်လှမ်းအကွာတွင်သာ ရှိတော့သော်လည်း ရွှီနင်က သူ၏ စွမ်းအင်ပိုင်နက်နယ်ပယ်ကို ထုတ်လွှတ်လိုက်သည်နှင့် သေစေနိုင်သော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။

အပြာရောင်ဝံပုလွေသည် မဆိုင်းမတွပင် မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးကို စွန့်လွှတ်လိုက်ကာ နောက်သို့လှည့်၍ ထွက်ပြေးလေတော့သည်။

‘ထွက်ပြေးဖို့ ကြိုးစားနေတာလား’

ရွှီနင်က ၎င်းအား မည်သည့်အခွင့်အရေးမျှ မပေးတော့ပဲ အနောက်မှ လိုက်သွားလေသည်။

မီးခိုးရောင်လေးသည် ထိုအရာကို မြင်သည်နှင့် ချက်ချင်း နောက်မှ လိုက်ပါသွားသည်။

ရှောင်ဟေးမှာမူ ဤသို့သောဖိအားအောက်တွင် ခေါင်းပင် မမော့နိုင်တော့ချေ။

“ဒုက္ခပါပဲ၊ အပြာရောင်ဝံပုလွေ ထပ်ပေါ်လာပြန်ပြီ”

ယွဲ့ဝမ့်ဂိုဏ်းမှ အကြီးအကဲများစွာနှင့် တပည့်များသည် အပြာရောင်ဝံပုလွေ ထုတ်လွှတ်လိုက်သော ဖိအားကို ချက်ချင်းပင် အာရုံခံမိသွားကြသည်။

သူတို့သည် ဤအခြေအနေမျိုးကို ယခင်က ကြုံတွေ့ဖူးပြီးဖြစ်ရာ အားလုံးက ဂိုဏ်း၏အနောက်ဘက်ရှိ လိုဏ်ဂူဆီသို့ အပြေးအလွှား သွားရောက်ကြလေသည်။

ယွမ့်ယွမ်နှင့် စစ်ယင်တို့သည် ပုန်းအောင်းချင်ကြသော်လည်း အပြာရောင်ဝံပုလွေမှာ ရွှီနင်၏ အိမ်တော်တွင် ပေါ်လာခြင်းဖြစ်ကြောင်း အာရုံခံမိပြီးနောက် အံကြိတ်ကာ ထိုနေရာသို့ ပြေးလာခဲ့ကြသည်။

သူတို့သည် ရွှီနင် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

အပြာရောင်ဝံပုလွေကို ဆွဲဆောင်လိုက်သူမှာ ရွှီနင်မှန်း သူတို့ မသိကြသေးပေ။

“ဘယ်ကို ပြေးမလို့လဲ”

ရွှီနင်၏ စွမ်းအင်ပိုင်နက်နယ်ပယ်သည် အပြာရောင်ဝံပုလွေအား လွှမ်းခြုံထားပြီးဖြစ်လေသည်။

သို့သော် အပြာရောင်ဝံပုလွေသည် ၎င်း၏ သွေးမျိုးဆက်စွမ်းအားကို ရုတ်တရက် အသက်သွင်းလိုက်ပြီး ရွှီနင်၏ စွမ်းအင်ပိုင်နက်နယ်ပယ်မှ ရုန်းထွက်သွားလေသည်။

ထိုစဉ် မီးခိုးရောင်လေးက အနောက်မှ ရောက်လာကာ လေထဲကို ရုတ်တရက် ခုန်တက်လိုက်ပြီး ရပ်တန့်နေလိုက်သည်။

မီးခိုးရောင်လေး၏ ဦးခေါင်းသည် လျင်မြန်စွာ ကြီးထွားလာပြီး ၎င်း၏ပါးစပ်ကြီးမှာ ဟင်းလင်းပွင့်သွားကာ အပြာရောင်ဝံပုလွေဆီသို့ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

တိုက်ဆိုင်စွာပင် ထိုအချိန်၌ ယွမ့်ယွမ်နှင့် စစ်ယင်တို့ ရောက်ရှိလာကြသည်။

မီးခိုးရောင်လေး၏ ကြောက်မက်ဖွယ် စွမ်းအားကို သူတို့ မြင်တွေ့သွားကြလေသည်။

“ဒါက...”

ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ယွမ့်ယွမ်နှင့် စစ်ယင်တို့သည် လွန်ခဲ့သော နှစ်သုံးရာက သားရဲလှိုင်းကို ရုတ်တရက် သတိရသွားကြတော့သည်။

“ဟင်းလင်းပြင်သားရဲပါလား”

All Chapters