← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃) - သွေးမျိုးဆက်ပိုင်နက်နယ်မြေ

လွန်ခဲ့သော နှစ်ပေါင်းသုံးရာက ဖြစ်ပွားခဲ့သည့် သားရဲလှိုင်းလုံးကြီးအကြောင်း လူသိများသော ဇာတ်လမ်းများသည် ပုံကြီးချဲ့ထားခြင်းများ ရှိသော်လည်း မှတ်တမ်းတင်ထားသော ဟင်းလင်းပြင်သားရဲ၏ ကြောက်မက်ဖွယ် စွမ်းအားမှာမူ အမှန်တကယ်ပင် ဖြစ်ပေသည်။

ထို့ကြောင့် မီးခိုးရောင်လေး၏ စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြလေသည်။

ရွှီနင်၏ဘေးရှိ ဒေါသထွက်နေသော ကြောင်ပေါက်လေး သဏ္ဌာန်ရှိသည့် မိစ္ဆာသားရဲသည် ဟင်းလင်းပြင်သားရဲဖြစ်နေလိမ့်မည်ဟု ယွမ့်ယွမ်နှင့် စစ်ယင်တို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

ချက်ချင်းပင် ထိုနှစ်ဦးမှာ အပြာရောင်ဝံပုလွေမိစ္ဆာအပေါ် ကြောက်ရွံ့မှု အနည်းငယ် လျော့ပါးသွားခဲ့သော်လည်း သူတို့၏ ရင်ထဲတွင် မီးခိုးရောင်လေး၏ အသွင်အပြင်ကြောင့် ထိတ်လန့်မှုများဖြင့် အစားထိုး ဝင်ရောက်လာချေပြီ။

လွန်ခဲ့သော နှစ်သုံးရာက သားရဲလှိုင်းလုံးကြီးနှင့် ပတ်သက်သည့် နက်ရှိုင်းသော ကောလာဟလများက ထိုနှစ်ဦးကို မီးခိုးရောင်လေးအား ကြောက်ရွံ့သွားစေခဲ့ခြင်း ဖြစ်သည်။

‘ဒီဟင်းလင်းပြင်သားရဲက ရွှီနင်နောက်ကို တကယ်ကြီး လိုက်နေတာပဲ၊ ဒီရွှီနင်ကတော့...’

ယွမ့်ယွမ်နှင့် စစ်ယင်တို့၏ ရွှီနင်အပေါ် ထင်မြင်ယူဆချက်မှာ လုံးဝ ပြောင်းလဲသွားလေသည်။

သူတို့မျက်လုံးထဲတွင် ရွှီနင်သည် ခန့်မှန်းရခက်ပြီး လျှို့ဝှက်နက်နဲသူတစ်ဦး ဖြစ်လာခဲ့ပေသည်။

ယွမ့်ယွမ်နှင့် စစ်ယင်တို့ အပြေးအလွှား ရောက်ရှိလာသည်ကို ရွှီနင် သတိပြုမိလိုက်သည်။ ထိုနှစ်ဦးသည် မီးခိုးရောင်လေးအား မှတ်မိသွားကြောင်းကိုလည်း သူ ရိပ်မိလိုက်သည်။

သို့သော် ရွှီနင်က ဘာကိုမှ ရှင်းပြမနေတော့ချေ။ ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ အပြာရောင်ဝံပုလွေမိစ္ဆာကို ဖမ်းဆီးရန်သာ ဖြစ်သည်။

ကြောက်မက်ဖွယ် ဆွဲငင်အားကို ခံစားလိုက်ရပြီးနောက် ဝံပုလွေပြာကြီးသည် အစွမ်းကုန် ရုန်းကန်ခုခံလေတော့သည်။

၎င်း၏ သွေးမျိုးဆက်စွမ်းအားမှာ တစ်ဖန် နိုးကြားလာပြီး ပိန်လှီနေသော ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်မီတာခန့် ရှည်လျားသော ဝံပုလွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။

အပြာရောင်ဝံပုလွေမိစ္ဆာ၏ မျက်နှာမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး ၎င်း၏ခန္ဓာကိုယ်မှ အရှိန်အဝါများလည်း ပြင်းထန်စွာ ထွက်ပေါ်လာည်။

ဤရုတ်တရက် အသွင်ပြောင်းလဲမှုက အပြာရောင်ဝံပုလွေမိစ္ဆာအား မီးခိုးရောင်လေး၏ ဆွဲငင်အားကို ခုခံနိုင်စွမ်း ရှိသွားစေခဲ့သည်။

ဟင်းလင်းပြင်သားရဲ၏ ဗိုက်ထဲသို့ စုပ်ယူခံလိုက်ရပါက သေချာပေါက် သေဆုံးရမည်ဖြစ်ကြောင်း အပြာရောင်ဝံပုလွေမိစ္ဆာက သိထားပေသည်။

မည်သည့်အရာကိုမျှ စုပ်ယူနိုင်ခြင်း မရှိခဲ့သောကြောင့် မီးခိုးရောင်လေးမှာ အနည်းငယ် ဒေါသထွက်သွားလေသည်။

သို့သော်လည်း ၎င်း၏လုပ်ရပ်က အပြာရောင်ဝံပုလွေမိစ္ဆာ၏ အရှိန်ကို ကျဆင်းသွားစေခဲ့ပြီး ရွှီနင်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ရရှိသွားစေခဲ့သည်။

ဤတစ်ကြိမ်တွင် ရွှီနင်သည် ၎င်း၏ ဂုဏ်သတ္တိစွမ်းအင်ပိုင်နက်ဖြင့် အပြာရောင်ဝံပုလွေမိစ္ဆာအား ရစ်ပတ်ဖုံးလွှမ်းလိုက်တော့သည်။

‘ဒီအပြာရောင်ဝံပုလွေက အသွင်ပြောင်းပြီးသွားတဲ့နောက် အပြာရောင်ဝံပုလွေစိတ်ဆန္ဒပုံရိပ်ယောင်နဲ့ ပုံပန်းသဏ္ဌာန်တူရုံသာမကဘဲ အရှိန်အဝါကပါ တူနေတာပဲ’

ရွှီနင်က စိတ်ဆန္ဒဖြင့် စေခိုင်းလိုက်ရာ သူ၏ပိုင်နက်ထဲတွင် ဓားပုံရိပ်များမှာ ထင်ရှားစွာ ထွက်ပေါ်လာလေသည်။

ရေနှင့် မီးစွမ်းအင်ဂုဏ်သတ္တိများ ပါဝင်သော လက်သီးပုံရိပ်များကလည်း အပြာရောင်ဝံပုလွေမိစ္ဆာကို ဝင်ရောက်တိုက်ခိုက်ကြသည်။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသာမက ပို၍ဖျက်ဆီးအားကောင်းသော ဂုဏ်သတ္တိစွမ်းအင်များ၏ တိုက်ခိုက်မှုပါ ပါဝင်နေပေသည်။

ယခုအခါ ရွှီနင်သည် ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်ခုကို စုစည်းနိုင်ခဲ့ပြီး တာအိုလက်နက်ကိုပါ အသုံးပြုနေပြီဖြစ်ရာ အပြာရောင်ဝံပုလွေမိစ္ဆာမှာ တာအိုနယ်ပယ်နှင့် နီးစပ်နေသော်လည်း ရွှီနင်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။

‘ရွှီနင်က ဒီလောက်တောင် သန်မာတာလား’

ရွှီနင်ထံသို့ ချဉ်းကပ်သွားသော အပြာရောင်ဝံပုလွေမိစ္ဆာ၏ အရှိန်အဝါကို ခံစားမိပြီးနောက် ယွမ့်ယွမ်နှင့် စစ်ယင်တို့ နှစ်ဦးစလုံးသည် ရွှီနင်အား လွတ်မြောက်အောင် ကူညီပေးချင်ခဲ့ကြသည်။

သို့သော် သူတို့ ဤနေရာသို့ ရောက်လာသောအခါ ပွဲကြည့်ပရိသတ်သက်သက်သာ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

ရွှီနင်၏ ပိုင်နက်ထဲမှ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့နှစ်ဦးမှာ ရွှီနင်ကို ကူညီပေးရန်ပင် စိတ်မကူးရဲတော့ပေ။

အကယ်၍ သူတို့သာ ဝင်ပါလိုက်လျှင် အသုံးမဝင်မည့်အပြင် ပြင်းထန်စွာပါ ဒဏ်ရာရသွားနိုင်ကြောင်း နှစ်ဦးစလုံးက ကောင်းစွာ သိရှိထားကြသည်။

“ရွှီနင်...”

စစ်ယင်သည် သူမ၏နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်မိသည်။

ရွှီနင် လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့သော်လည်း ဤမျှအထိ မြန်ဆန်လိမ့်မည်ဟုမူ မထင်ထားခဲ့ပေ။

ဤကဲ့သို့သော စွမ်းအားမျိုးကို ပြသနိုင်ခြင်းက တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦးအနေဖြင့် ရွှီနင်သည် ဓာတ်စွမ်းအင်မျိုးစေ့ တစ်ခုတည်းကိုသာ မဟုတ်ဘဲ အများအပြားကို စုစည်းထားနိုင်ပြီ ဖြစ်ကြောင်း ဖော်ပြနေပေသည်။

‘ရွှီနင်ရဲ့ စွမ်းအားနဲ့ဆိုရင် သူတို့ရဲ့ နယ်ပယ်ကို တမင်တကာ ဖိနှိပ်ထားတဲ့ ချန်းမြောင်ဂိုဏ်းက စီနီယာတွေတောင် တာအိုနယ်ပယ်ကို အတင်းအကျပ် မချိုးဖျက်နိုင်သရွေ့ ရွှီနင်ရဲ့ ပြိုင်ဘက်တွေ မဟုတ်တော့ဘူး’

စစ်ယင်သည် ချန်းမြောင်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ရွှီနင်အား နှိုင်းယှဉ်တွေးတောနေမိသည်။

‘ဒီလူသာ ဝမ်ရှန့်ပြည်နယ်ကို သွားမယ်ဆိုရင်တောင် သေချာပေါက် ကြောက်ဖို့ကောင်းတဲ့သူ ဖြစ်လာမှာပဲ’

ယွမ့်ယွမ်မှာ အလွန်တုန်လှုပ်သွားရလေသည်။

သူတို့နှစ်ဦး တုန်လှုပ်နေကြသော်လည်း ရွှီနင်ကမူ သူတို့ကို သတိမထားမိချေ။

လက်ရှိတွင် အပြာရောင်ဝံပုလွေမိစ္ဆာမှာ သူ၏ ဖိနှိပ်ခြင်းကို ခံနေရသည်။

ဝှစ်...

ထိုအချိန်မှာပင် အပြာရောင်ဝံပုလွေမိစ္ဆာသည် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်သည်။

မရေမတွက်နိုင်သော နီရဲနေသည့် သွေးချီအငွေ့များက ၎င်း၏ ပတ်ပတ်လည်တွင် ချက်ချင်း ထွက်ပေါ်လာပြီး မီတာရာပေါင်းများစွာ အကွာအဝေးအထိ ဖုံးလွှမ်းသွားလေသည်။

“ဆုတ်ကြ”

ယွမ့်ယွမ်နှင့် စစ်ယင်တို့သည် လျင်မြန်စွာ ဆုတ်ခွာရန် ရွေးချယ်လိုက်ကြသည်။

နီရဲနေသော သွေးချီအငွေ့က သူတို့ကို ကြောက်ရွံ့မှုတစ်ခု ပေးစွမ်းနေလေသည်။

တိုက်ပွဲပြင်ပတွင် ရှိနေသော ရှောင်ဟေးမှာ အလျင်အမြန် တုံ့ပြန်လိုက်သည်။ ၎င်းသည် အတောင်ပံများကို ဖြန့်ကာ ချက်ချင်း အဝေးသို့ ဆုတ်ခွာသွားသည်။

သွေးချီအငွေ့များက လျင်မြန်စွာ သိပ်သည်းလာပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။

‘ဒီအပြာရောင်ဝံပုလွေရဲ့ သွေးမြူခိုးတွေက အစစ်အမှန်ပိုင်နက်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ပိုင်နက်နဲ့ တူနေတာပဲ’

ရွှီနင်လည်း ၎င်းကို သတိထားမိလိုက်သည်။

‘ဒါက သွေးမျိုးဆက်ပိုင်နက်များလား’

သွေးမျိုးဆက်ပိုင်နက်ဆိုသည်မှာ မိစ္ဆာသားရဲများမှသာ အသက်သွင်းနိုင်သည့် ပိုင်နက်တစ်ခုဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ အစစ်အမှန်ပိုင်နက်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ဂုဏ်သတ္တိစွမ်းအင်ပိုင်နက်နှင့် ယှဉ်နိုင်ပေသည်။

သို့သော်လည်း ၎င်းတို့၏ သွေးမျိုးဆက်ပိုင်နက်ကို အသက်သွင်းနိုင်သည့် အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲများမှာ အလွန်ရှားပါးလှသည်။

လက်ရှိ မီးခိုးရောင်လေးသည်ပင် ၎င်း၏ သွေးမျိုးဆက်ပိုင်နက်ကို သန့်စင်ရန်အတွက် ငယ်ရွယ်လွန်းနေသေးသည်။

အပြာရောင်ဝံပုလွေမိစ္ဆာ၏ သွေးမျိုးဆက်ပိုင်နက် ပျံ့နှံ့လာမှုက မီးခိုးရောင်လေးအား ရန်စလိုက်သလို ခံစားသွားရစေသည်။

အဆင့်မြင့်ဆုံး သွေးဆက်ရှိသည့် မိစ္ဆာသားရဲတစ်ကောင်အနေဖြင့် မီးခိုးရောင်လေးတွင် ရှင်းပြ၍မရနိုင်သော မာနတစ်ခု ရှိပေသည်။

၎င်းသည် ပါးစပ်ကို ဟကာ သွေးမြူခိုးများကို စတင်စုပ်ယူလိုက်သည်။ အရာအားလုံးကို ရှင်းလင်းပစ်ချင်နေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ မီးခိုးရောင်လေးမှာ သိသိသာသာ ရုန်းကန်နေရလေသည်။

မီးခိုးရောင်လေး၏ မျိုချမှုကြောင့် သွေးမြူခိုးများမှာ လျော့ကျသွားခြင်း မရှိပေ။ ထို့အစား သွေးမြူခိုးများသည် မီးခိုးရောင်လေး၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားပြီးနောက် ဟင်းလင်းပြင်မှ ချေဖျက်နိုင်ခြင်း မရှိခဲ့ချေ။ အမှန်တကယ်တွင် ထိုအရာက ဟင်းလင်းပြင်၏ တည်ငြိမ်မှုကိုပင် ထိခိုက်စေခဲ့လေသည်။

ဟင်းလင်းပြင်သည် မီးခိုးရောင်လေး၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဟင်းလင်းပြင်၌ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ပြန်လည်ပြုပြင်ရန် အလွန် ဒုက္ခများပေလိမ့်မည်။

ထို့ကြောင့် မီးခိုးရောင်လေးမှာ ၎င်းမျိုချထားသော သွေးမြူခိုးများကို ပြန်လည် ထွေးထုတ်လိုက်ရုံသာ တတ်နိုင်တော့သည်။

“မီးခိုးရောင်လေး... တိုက်ပွဲထဲကနေ ထွက်သွားတော့”

ရွှီနင်သည်လည်း မီးခိုးရောင်လေး အဆင်မပြေဖြစ်နေသည်ကို သတိပြုမိသဖြင့် အမြန် သတိပေးလိုက်သည်။

ရွှီနင်က သွေးမြူခိုးများကို မကြောက်သော်လည်း မီးခိုးရောင်လေး၏ စွမ်းအားမှာ ဤတိုက်ပွဲတွင် ရပ်တည်နိုင်ရန် မလုံလောက်သေးချေ။

မီးခိုးရောင်လေး ဒေါသထွက်နေသော်လည်း ၎င်း ဆက်နေပါက ရွှီနင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်ကို သိရှိထားပေသည်။

“အစ်ကို... သတိထားနော်၊ ဒီအပြာရောင်ဝံပုလွေကို မဖြစ်မနေ ဖမ်းရမယ်”

မီးခိုးရောင်လေးက ရွှီနင်ထံသို့ ပြင်းထန်စွာ စိတ်ချင်းဆက်သွယ် ပြောကြားလိုက်ပြီးနောက် ငွေရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ တိုက်ပွဲမြေပြင်မှ ထွက်ခွာသွားလေတော့သည်။

“မင်းလို သိုင်းပညာရှင်က ဘာကောင်းတယ်ဆိုတာကို နားမလည်ပါလား”

ဤအချိန်မှာပင် ရွှီနင်သည် နောက်ထပ် အသံတစ်သံကို ကြားလိုက်ရသည်။

ဤအသံမှာ အနည်းငယ် ကလေးဆန်နေပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေလေသည်။

“ဒီနေ့ မင်းကို ငါ ပညာပေးရမယ်”

‘ဒါ အပြာရောင်ဝံပုလွေပဲ’

ထိုအသံပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း ရွှီနင် အလိုလို သိလိုက်သည်။

ဝှစ်... ဝှစ်... ဝှစ်...

သွေးမြူခိုးများမှာ ရုတ်တရက် လှိုင်းထလာလေတော့သည်။

အပြာရောင်ဝံပုလွေမိစ္ဆာသည် ဟိန်းဟောက်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ သွေးမြူခိုးများနှင့် လုံးဝ ပေါင်းစပ်သွားလေသည်။

‘ဒီလိုစွမ်းရည်မျိုးတောင် ရှိသေးတာလား’

အပြာရောင်ဝံပုလွေမိစ္ဆာ၏ စွမ်းရည်ကို မြင်တွေ့လိုက်ရပြီးနောက် ရွှီနင်ပင် အထူးသတိထားလာမိသည်။

အပြာရောင်ဝံပုလွေမိစ္ဆာသည် သွေးမြူခိုးများထဲသို့ ပေါင်းစပ်သွားပြီးနောက် ၎င်း၏ အရှိန်အဝါကို ခြေရာမခံနိုင်တော့ကြောင်း ရွှီနင် တွေ့ရှိလိုက်ရသည်။

‘ငါ သေချာဂရုစိုက်မှ ဖြစ်မယ်’

ရွှီနင်၏ ခန္ဓာကိုယ်ထဲရှိ ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်ခုသည် လျင်မြန်စွာ လည်ပတ်နေကြသည်။

ရွှီနင်၏ ဂုဏ်သတ္တိစွမ်းအင်ပိုင်နက်သည် သူ၏ပတ်လည် ဆယ်မီတာခန့်အထိ ကျုံ့ဝင်သွားလေသည်။ သူသည် ထူးခြားသော ပြောင်းလဲမှုတိုင်းအတွက် သတိဝီရိယ ရှိနေခဲ့သည်။

ရွှစ်...

ရွှီနင်၏အနောက်ဘက်ရှိ သွေးမြူခိုးများသည် မည်သည့်သတိပေးချက်မှမရှိဘဲ ဝံပုလွေကြီးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် ရုတ်တရက် စုစည်းသွားလေသည်။

အပြာရောင်ဝံပုလွေမိစ္ဆာ၏ မျက်လုံးများမှာ ကြမ်းကြုတ်နေပြီး ရွှီနင်အား လက်သည်းဖြင့် ကုတ်ဖဲ့တိုက်ခိုက်လိုက်သည်။

၎င်း၏ လက်သည်းများပေါ်တွင် နီရဲသော သွေးမျိုးဆက်စွမ်းအားများက အဆုံးအစမရှိသော စွမ်းအားများဖြင့် တဟုန်ထိုး ထွက်ပေါ်နေသည်။

‘ငါ့အနောက်မှာ’

မိမိပတ်လည်ရှိ ပိုင်နက်၏ အကူအညီဖြင့် ရွှီနင်သည် ခန္ဓာကိုယ်ကို လှည့်ကာ ရှောင်တိမ်းရန် ချက်ချင်း တုံ့ပြန်လိုက်သည်။

ရေအရိပ်ပြောင်းလဲမှု နဝမအဆင့်သို့ ရောက်ရှိပြီးနောက် ရွှီနင်၏ တုံ့ပြန်မှုအမြန်နှုန်းမှာ အလွန် မြန်ဆန်နေခဲ့လေပြီ။

ဝု...

အပြာရောင်ဝံပုလွေမိစ္ဆာသည် ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ချေ။

၎င်းသည် သွေးမြူခိုးများထဲသို့ နောက်တစ်ကြိမ် ပေါင်းစပ်ဝင်ရောက်သွားပြန်သည်။

‘တော်တော် စိတ်ရှည်တာပဲ...’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

ရွှစ်...

အပြာရောင်ဝံပုလွေမိစ္ဆာသည် ထပ်မံပေါ်ထွက်လာပြီး ၎င်း၏ လက်သည်းဖြင့် ရိုက်ချလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်လည်း ရွှီနင် ထပ်မံ၍ ရှောင်တိမ်းနိုင်ခဲ့သည်။

‘ဒီအတိုင်း ဘယ်လောက်ကြာကြာ သွားရမလဲ မသိဘူး...’

ရွှီနင်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာလေသည်။

“အရိုးမီးလျှံသမထကျင့်စဉ်”

သွေးရောင် သံချပ်ကာတစ်စုံသည် ရွှီနင်၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာလေသည်။

ရွှီနင် စုစည်းထားသော ဂုဏ်သတ္တိစွမ်းအင်မျိုးစေ့ ခြောက်ခုအနက် သုံးခုမှာ မီးဓာတ်စွမ်းအင်မျိုးစေ့များ ဖြစ်ကြသည်။

ဤအချက်က ရွှီနင်၏ အရိုးမီးလျှံသမထကျင့်စဉ် သံချပ်ကာကို ပိုမို ခိုင်ခံ့စေပြီး ဖျက်ဆီး၍မရနိုင်အောင် ဖြစ်စေခဲ့သည်။

ဖောင်း...

အပြာရောင်ဝံပုလွေမိစ္ဆာသည် ထပ်မံထွက်ပေါ်လာပြီး ၎င်း၏ လက်သည်းဖြင့် ရိုက်ချလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် ရွှီနင်သည် ကြိုတင် သတိထားမိလိုက်သော်လည်း ရှောင်တိမ်းခြင်း မပြုခဲ့ပေ။

ခရက်...

အပြာရောင်ဝံပုလွေမိစ္ဆာ၏ လက်သည်းများသည် မီးတောက်ရောင် သံချပ်ကာနှင့် ဝင်တိုက်မိသွားလေသည်။

ဝင်တိုက်မိပြီးနောက် မီးတောက်ရောင် သံချပ်ကာပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာလေသည်။

သို့သော် ဤအက်ကွဲကြောင်းသည် ရွှီနင်၏ စွမ်းအင်ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည်သက်သာသွားလေသည်။

အပြာရောင်ဝံပုလွေမိစ္ဆာသည် ထိုအရာကို သတိထားမိသွားပြီးနောက် ထပ်မံ၍ ဒေါသထွက်သွားပြန်သည်။

၎င်း၏ ပုံသဏ္ဌာန်သည် ရွှီနင်၏ ပတ်လည်တွင် စတင်စုစည်းလာပြီး အကြိမ်ကြိမ် တိုက်ခိုက်လေတော့သည်။

ရွှီနင်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံ သံချပ်ကာမှာ ဆက်တိုက် အက်ကွဲနေသော်လည်း လျင်မြန်စွာပင် ပြန်လည်သက်သာလာခဲ့သည်။

ရွှီနင်သည် တိုက်ခိုက်မှုများကို ခံစစ်သက်သက်ဖြင့်သာ ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှပင် ဒဏ်ရာမရခဲ့ချေ။

‘အရမ်း သန်မာလွန်းတယ်’

ယွမ့်ယွမ်နှင့် စစ်ယင်တို့သည် သွေးမြူခိုးများ၏ အပြင်ဘက်တွင်ရှိနေပြီး မြူခိုးများအတွင်းရှိ မြင်ကွင်းကို ရှင်းလင်းစွာ မမြင်ရသော်လည်း အစစ်အမှန်ပိုင်နက်နယ်ပယ် သိုင်းပညာရှင်များအနေဖြင့် အတွင်းပိုင်းရှိ အခြေအနေကိုမူ အာရုံခံနိုင်ကြပေသည်။

“ရွှီနင်က လျှို့ဝှက်နည်းစနစ် အများအပြားကို တတ်ကျွမ်းထားတာပဲ၊ သူက ကဏ္ဍစုံကိုတောင် လွှမ်းခြုံထားသေးတယ်”

ယွမ့်ယွမ်က အာမေဍိတ်အသံဖြင့် ပြောလိုက်သည်။

“သူ့ရဲ့ တိုက်ခိုက်မှု၊ ကာကွယ်မှုနဲ့ ရွေ့လျားမှု နည်းစနစ်တွေ အားလုံးက အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ။ သူ့ဆီမှာ အားနည်းချက် လုံးဝ မရှိဘူးလို့တောင် ပြောလို့ရတယ်”

အကြီးအကဲနှစ်ဦးသည် သာမန်ခြေအနေ၌ရှိသော အပြာရောင်ဝံပုလွေမိစ္ဆာကိုသာ ရင်ဆိုင်ခဲ့ရကြောင်း ယွမ့်ယွမ် သဘောပေါက်သွားလေသည်။

သို့သော် ယခုအချိန်တွင်မူ ၎င်းသည် အပြာရောင်ဝံပုလွေမိစ္ဆာ၏ အမြင့်မားဆုံးသော အခြေအနေပင် ဖြစ်သည်။

စစ်ယင်က တိတ်ဆိတ်နေသော်လည်း သူမ၏ ရွှီနင်အပေါ် လေးစားမှုမှာ သိသာထင်ရှားနေလေသည်။

‘အစ်ကို... အဲဒီကောင်ကို အသေသတ်လိုက်’

မီးခိုးရောင်လေးသည် ရှောင်ဟေး၏ ခေါင်းပေါ်တွင် ထိုင်ရင်း တွေးလိုက်မိသည်။

စောစောက အပြာရောင်ဝံပုလွေမိစ္ဆာ၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီးနောက် မီးခိုးရောင်လေးမှာ လက်စားချေချင်စိတ်များ ပြင်းပြနေလေသည်။

ရွှီနင်သည် သွေးမြူခိုးများထဲတွင် မလှုပ်မယှက် ရပ်နေဆဲပင်။

‘ဒီအပြာရောင်ဝံပုလွေက တိုက်ခိုက်တဲ့အချိန်ကလွဲရင် သွေးမြူခိုးတွေထဲမှာ ပုန်းကွယ်နေတော့ ထိထိရောက်ရောက် ပြန်တိုက်ဖို့ မဖြစ်နိုင်ဘူး’

ဤခံစစ်သက်သက် အခြေအနေကို ဖြတ်သန်းပြီးနောက် ရွှီနင်သည် သူ၏ အတွေးများကို စုစည်းလိုက်သည်။

‘ဒါဆိုရင် ငါက သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေချင်ရင် သွေးမြူခိုးတွေကို လုံးဝ ဖယ်ရှားပစ်ဖို့လိုတယ်၊ ဒါမှမဟုတ် သူ ရုပ်လုံးပေါ်လာတဲ့အချိန်မှာ တိုက်ခိုက်ပြီး အနိုင်ယူရမယ်’

‘ဒါပေမဲ့ ဒီအပြာရောင်ဝံပုလွေက မြန်လွန်းတယ်။ ငါ ပိုပြီး ကြိုးစားအားထုတ်မှ ရမယ်...’

ရွှီနင်၏ မျက်နှာပေါ်တွင် တွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

ဝှစ်...

အပြာရောင်ဝံပုလွေ၏ တိုက်ခိုက်မှု ထပ်မံလွဲချော်သွားပြီးနောက် ရွှီနင်၏ ခန္ဓာကိုယ်သည် ရေအမြှေးပါးတစ်ခုဖြင့် ရုတ်တရက် ရစ်ပတ်ဖုံးလွှမ်းသွားလေသည်။

ထိုအရာသည် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ရွေ့လျားမှု နည်းစနစ်၊ ရေအရိပ်ပြောင်းလဲမှုပင်။

ရေအမြှေးပါးဖြင့် ဖုံးလွှမ်းခံရပြီးနောက် ရွှီနင်၏ လှုပ်ရှားမှုများမှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။

သူသည် သွေးမြူခိုးများ၏ အတိုင်းအတာအတွင်းမှ ချက်ချင်း လွတ်မြောက်သွားလေသည်။

၎င်းကိုမြင်သောအခါ အပြာရောင်ဝံပုလွေမိစ္ဆာသည် သွေးမြူခိုးများကို လျင်မြန်စွာ အသက်သွင်းကာ ရွှီနင်နောက်သို့ လိုက်လာပြီး ရွှီနင်အား နောက်တစ်ကြိမ် ဖုံးလွှမ်းလိုက်ပြန်သည်။

အပြာရောင်ဝံပုလွေမိစ္ဆာသည် ထပ်မံ တိုက်ခိုက်လိုက်သည်။

ဖူး...

ဤတစ်ကြိမ်တွင် ၎င်း၏ လက်သည်းများသည် ရွှီနင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

သို့သော် ဤဖြစ်စဉ်အတွင်း အပြာရောင်ဝံပုလွေမိစ္ဆာသည် သွေးမြူခိုးများ၏ အတိုင်းအတာအပြင်ဘက်၌ နောက်ထပ် ရေအမြှေးပါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သတိမပြုမိခဲ့ချေ။

အခန်း (၂၁၄) - အပြာရောင်ဝံပုလွေ၏ သခင်၊ မိစ္ဆာသားရဲပန်းချီစာလိပ်ထဲတွင် အကျဉ်းချခံရခြင်း

ရေအမြှေးပါး ဖုံးလွှမ်းနေသော ပုံရိပ်ကို ထိုးဖောက်လိုက်ပြီးနောက် အပြာရောင်ဝံပုလွေ၏ မျက်လုံးများတွင် ကျေနပ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

၎င်း၏အမြင်တွင် သွေးမျိုးဆက်နယ်မြေကို ဖွင့်လှစ်ပြီးနောက် ဤလူသားရန်သူကို နောက်ဆုံးတွင် အနိုင်ယူနိုင်ခဲ့ပြီဟု ထင်မှတ်ထားလေသည်။

သို့သော် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း အာရုံခံမိလိုက်သည်။

ရေအမြှေးပါးသည် အထိုးဖောက်ခံရပြီးနောက် မည်သို့မျှ ခုခံမှု မရှိတော့ပေ။

လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ကို သွေးမြူခိုးများထဲသို့ အမြန်ပြန်လည် ပေါင်းစည်းချင်သွားချေသည်။

သို့သော် ခြေလှမ်းတစ်လှမ်း နောက်ကျနေခဲ့ပြီ ဖြစ်သည်။

ရေအမြှေးပါး ဖုံးလွှမ်းနေသော နောက်ထပ်ပုံရိပ်တစ်ခုသည် သွေးမြူခိုးများထဲသို့ ရုတ်တရက် ပြေးဝင်လာပြီး အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို ပစ်မှတ်ထားလိုက်လေသည်။

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲလုနီးပါး အချိန်လေးမှာပင် ရေအမြှေးပါးပုံရိပ်က လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သဘာဝစွမ်းအင်နှင့် အတွင်းအားစွမ်းအင်တို့ကြောင့် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲမှာ ဒဏ်ရာရရှိသွားပြီး တစ်ချိန်တည်းမှာပင် ၎င်း၏ ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက်စွမ်းအင်များလည်း ကမောက်ကမ ဖြစ်သွားတော့သည်။

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် နာကျင်စွာ အော်ဟစ်လိုက်လေသည်။

၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်စွမ်းအင် လည်ပတ်မှုမှာ အဟန့်အတား ဖြစ်သွားပြီး ကြီးမားလှသော သွေးမြူခိုးများ ချက်ချင်းပင် အရည်ပျော်ပျောက်ကွယ်သွားလေသည်။

“ဆက်မရုန်းကန်နဲ့တော့”

ရေအမြှေးပါးများ ပျောက်ကွယ်သွားပြီး ရွှီနင်၏ ပုံရိပ် ထွက်ပေါ်လာပေသည်။

ယခုလေးတင် ရွှီနင်သည် ရေအရိပ်ပြောင်းလဲမှုကို အသုံးပြု၍ အပြာရောင်ဝံပုလွေကို လှည့်စားခဲ့ပြီး ၎င်း အာရုံလွင့်ပါးသွားချိန်တွင် တစ်ချက်တည်းဖြင့် အပြတ်အသတ် နှိမ်နင်းလိုက်ခြင်း ဖြစ်သည်။

“ရွှီနင်က အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို ဖမ်းလိုက်နိုင်ပြီပဲ”

စစ်ယင်က လှမ်းကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်လေသည်။

ယွမ့်ယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ ပြောလိုက်သည်။ “အထူးပြုလုပ်ထားတဲ့ သားရဲလှောင်ချိုင့်ကို သွားယူလိုက်ဦးမယ်”

ထို့နောက် ယွမ့်ယွမ်မှာ ပျောက်ကွယ်သွားလေသည်။

“ဒါမှ ငါ့အစ်ကိုကွ”

ရွှီနင်သည် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို ဖမ်းဆီးလိုက်သည်ကို မြင်ပြီးနောက် မီးခိုးရောင်လေးမှာ ထက်မြက်သော သွားများကို ပေါ်အောင်ပြုံးဖြဲလိုက်လေသည်။

“လူသားသိုင်းပညာရှင်... မင်းက ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲမှာ ဒေါသထွက်နေသည်။

“ငါ မင်းကို လုံးဝ အလွတ်မပေးဘူး”

“အရင်ဆုံး ဘယ်လိုလွတ်အောင် ပြေးရမလဲဆိုတာကိုသာ စဉ်းစားစမ်းပါ”

ရွှီနင်က အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပေ။

သူသည် အတွင်းအားနှင့် သဘာဝစွမ်းအင်ကို အသုံးပြု၍ အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ သွေးမျိုးဆက်စွမ်းအင်ကို ချိတ်ပိတ်လိုက်လေသည်။

သို့သော် ၎င်း၏ သွေးမျိုးဆက်စွမ်းအင်မှာ အလွန် အားကောင်းလှသဖြင့် ရွှီနင်အနေဖြင့် အတော်လေး အားစိုက်ထုတ်လိုက်ရသည်။

သွေးမျိုးဆက်စွမ်းအင် ဖိနှိပ်ခံလိုက်ရပြီးနောက် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ အငွေ့အသက်များမှာ ချက်ချင်း အားနည်းသွားပြီး ကြီးမားသော ဝံပုလွေကြီးမှာလည်း သာမန် ဝံပုလွေတစ်ကောင်၏ အရွယ်အစားခန့်အထိ ပြန်လည်ကျုံ့ဝင်သွားလေတော့သည်။

“တူတော်မောင်ရွှီနင်... သူ့ကို ဒီလှောင်ချိုင့်ထဲ ထည့်ပြီး သော့ခတ်လိုက်တော့”

ယွမ့်ယွမ်က လက်ကိုမြှောက်ကာ ကြီးမားသော သားရဲလှောင်ချိုင့်တစ်ခုကို ထုတ်ယူလိုက်သည်။

ထို့နောက် သူက သားရဲလှောင်ချိုင့်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ရွှီနင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသားရဲလှောင်ချိုင့်မှာ အထူးပြုလုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်သည်။ သာမန် အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲများပင်လျှင် လွတ်မြောက်နိုင်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲမှာ လတ်တလောတွင် ပြင်းထန်စွာ ဖိနှိပ်ခံထားရပြီး ရှောင်ဟေးလောက်ပင် စွမ်းအားမရှိတော့ရာ ဤလှောင်ချိုင့်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။

“ပြောစမ်း... ယွဲ့ဝမ့်ဂိုဏ်းက လူတွေကို မင်း ဘာလို့ ဒဏ်ရာရအောင် လုပ်ခဲ့တာလဲ”

ရွှီနင်က အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို အတွင်းသို့ ပစ်ထည့်လိုက်သည်။ ၎င်း၏ ခုခံမှုများမှာလည်း အချည်းနှီးသာ ဖြစ်လေသည်။

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် သွားများကို ပေါ်အောင်ပြလိုက်သည်။

၎င်း၏ ဂုဏ်သိက္ခာကို ရွှီနင်က နင်းခြေလိုက်သည်ဟု ခံစားနေရသည်။

“မပြောဘူးပေါ့လေ”

ရွှီနင်က နှာခေါင်းရှုံ့လိုက်သည်။

“မပြောရင် မင်းကို သတ်ပစ်မယ်”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် ရွှီနင်ကို စိုက်ကြည့်လာသည်။

“ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး၊ ငါက ဒီကို အမြဲတမ်း ပစ္စည်းတချို့ လာယူရုံသက်သက်ပါပဲ”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ အမူအရာမှာ ခက်ထန်နေပုံပေါ်သော်လည်း ၎င်း၏ စကားသံများကမူ ပျော့ပျောင်းသွားလေသည်။

၎င်းသည် ရွှီနင်ကို အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

“မင်းလို မိစ္ဆာသားရဲကများ ငါတို့ဂိုဏ်းက အကြီးအကဲနှစ်ယောက်နဲ့ တပည့်များစွာကို ဒဏ်ရာရအောင် လုပ်ထားသေးတယ်၊ အခုထိ ဒီလို ဆင်ခြေပေးရဲသေးတယ်ပေါ့”

ယွမ့်ယွမ်က အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို ပြောလိုက်သည်။

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲက ယွမ့်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။

၎င်း၏အမြင်တွင် သွေးမျိုးဆက်စွမ်းအင်ကို ဖိနှိပ်ခံထားရပြီး ဤနေရာ၌ အကျဉ်းချခံထားရခြင်းသာ မရှိပါက ယွမ့်ယွမ်ကို သတ်ဖြတ်ခြင်းမှာ လက်တစ်ဖျစ်စာမျှသာ လွယ်ကူပေလိမ့်မည်။

“ဂိုဏ်းချုပ်ယွမ်”

ရွှီနင်က ယွမ့်ယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဒီအပြာရောင်ဝံပုလွေမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေမယ်လို့ ကျွန်တော် ထင်တယ်၊ ဒါကြောင့် သူ့ကို တစ်ယောက်တည်း စစ်ဆေးမေးမြန်းချင်ပါတယ်”

ရွှီနင်သည် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲထံမှ အပြာရောင်ဝံပုလွေ စိတ်ဆန္ဒပုံရိပ်၏ လျှို့ဝှက်ချက်များကို တူးဖော်လိုခြင်း ဖြစ်လေသည်။

“ဒါဆိုလည်း ကျေးဇူးတင်ပါတယ် တူတော်မောင်ရွှီနင်”

ယွမ့်ယွမ်က ရွှီနင်၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသည်။

“ဒါဆိုရင် ငါတို့ အရင် သွားနှင့်တော့မယ်”

ယွမ့်ယွမ်သည် ရွှီနင်က အပြာရောင်ဝံပုလွေမိစ္ဆာသားရဲထံမှ မည်သည့်လျှို့ဝှက်ချက်များကို တူးဖော်နိုင်မည်ကို ဂရုမစိုက်ပေ။

ယခုအခါ ဂိုဏ်းသည် မတည်ငြိမ်သော အကြောင်းအရင်းများ၏ ခြိမ်းခြောက်ခြင်းကို မခံရတော့သဖြင့် သူ အတော်လေး စိတ်သက်သာရာ ရသွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ပြောပြီးနောက် ယွမ့်ယွမ်က စစ်ယင်ကို မျက်ရိပ်ပြလိုက်သည်။

စစ်ယင်က ရွှီနင်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ယွမ့်ယွမ်နှင့်အတူ ထွက်ခွာသွားလေသည်။

ရွှီနင်သည် သားရဲလှောင်ချိုင့်ကို သယ်ဆောင်ကာ အိမ်တော်သို့ ပြန်လာခဲ့သည်။ ရှောင်ဟေးနှင့် မီးခိုးရောင်လေးတို့က သူ့နောက်မှ လိုက်ပါလာကြသည်။

“ဒါက မင်းတို့အတွက်ပဲ”

ရွှီနင်သည် မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးကို နှစ်ပိုင်းခွဲကာ မီးခိုးရောင်လေးနှင့် ရှောင်ဟေးတို့ထံ ပစ်ပေးလိုက်သည်။ မီးခိုးရောင်လေးက ဖမ်းယူကာ ပါးစပ်ထဲသို့ သွတ်သွင်းလိုက်လေသည်။

ရှောင်ဟေးကလည်း ပါးစပ်ဟကာ မျိုချလိုက်သည်။

ဤမိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံးသည် သူတို့၏ သွေးမျိုးဆက်အရည်အချင်းကို ပိုမိုတိုးတက်လာစေနိုင်သည်။

အထူးသဖြင့် ရှောင်ဟေးသည် ၎င်းကို စားသုံးပြီးနောက် မကြာမီ အလယ်အလတ်အဆင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲ၏ အကန့်အသတ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ်ဆီသို့ စတင်ရွေ့လျားသွားမည် ဖြစ်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လှောင်ချိုင့်ထဲရှိ အပြာရောင်ဝံပုလွေမိစ္ဆာသားရဲမှာ တံတွေးမြိုချလိုက်မိသည်။

“ဝံပုလွေပြာ... မင်းက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပေမဲ့ ဘယ်သူ့ကိုမှ သတ်ဖို့ ရည်ရွယ်ချက် မရှိဘူးပဲ”

ရွှီနင်က အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို ပြောလိုက်သည်။

“ငါသိချင်တာတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် မင်းကို လွှတ်ပေးမယ်”

“မင်းက ငါ့ကို တကယ် လွှတ်ပေးမှာလား”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ မျက်လုံးများတွင် တက်ကြွသော အရိပ်အယောင်များ ပေါ်လာလေသည်။

၎င်းသည် ရွှီနင်ထံမှ မည်သည့် သတ်ဖြတ်လိုသော အငွေ့အသက်ကိုမျှ မခံစားရပေ။

“ဒါပေါ့”

ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။

“ပြောပါဦး၊ မင်း ဘာတွေ သိချင်တာလဲ”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် ရွှီနင်က သူ့အား လိမ်လည်နေသလားဆိုသည်ကို မသိသော်လည်း ထိုအရာအတွက် အခြားရွေးချယ်စရာ မရှိပုံပေါ်ပေ။

“ဒါကို မင်း မှတ်မိလား”

ရွှီနင်က ကုကျွမ်နှင့် ကျန်းထုန်တို့ထံမှ သူရရှိခဲ့သော ကြေးဓားနှင့် ကြေးယပ်တောင်ကို ထုတ်ယူလိုက်သည်။

“ဒါတွေက ဘာလို့ မင်းလက်ထဲ ရောက်နေတာလဲ”

ကြေးဓားနှင့် ကြေးယပ်တောင်ကို ထုတ်ပြလိုက်သည်နှင့် ဝံပုလွေပြာသည် အံ့သြသွားသော မျက်နှာထားဖြင့် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

“ဒါပေါ့... ငါ မှတ်မိတာပေါ့”

ရွှီနင် စိတ်ဝင်စားသွားလေသည်။

ဤအပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် လူသားဆန်သော ဉာဏ်ရည်ရှိသော်လည်း ၎င်း၏ အပြုအမူများတွင် အနည်းငယ် ထုံအသော အရိပ်အယောင်များ ပါရှိနေသည်။ မီးခိုးရောင်လေးနှင့် နှိုင်းယှဉ်ပါက မီးခိုးရောင်လေးသည် တိုက်ပွဲတွင် ထိပ်တန်းမိစ္ဆာသားရဲတစ်‌ကောင်၏ အငွေ့အသက်ကို ပြသရုံမျှမကဘဲ ၎င်း၏ စိတ်ခံစားမှုများနှင့် ဆန္ဒများကို ဖုံးကွယ်ရန်လည်း သိရှိထားလေသည်။

သေချာသည်မှာ အကယ်၍ ၎င်းသာ မီးခိုးရောင်လေးကဲ့သို့ ဖြစ်နေပါက မိစ္ဆာသားရဲ သွေးသန့်စင်ဆေးလုံး၏ ဆွဲဆောင်မှုကို ခံရမည် မဟုတ်ပေ။

“ဒါတွေက ငါ့သခင်ရဲ့ ပစ္စည်းတွေလေ”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် လှောင်ချိုင့်ထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။

“ဒါပေမဲ့ ဒီပစ္စည်းတွေ ပျောက်သွားတာ ဆယ်စုနှစ်ချီနေပြီလေ၊ မင်းက ဘယ်လိုလုပ် ရလာတာလဲ”

“ဒါမှမဟုတ်... အဲဒီတုန်းက မင်းများ ခိုးသွားတာလား”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် ရွှီနင်ကို ရှုပ်ထွေးမှုနှင့် အထင်အမြင်သေးမှုတို့ဖြင့် ကြည့်လိုက်သည်။

“ခိုးတာ”

ရွှီနင် ခေါင်းခါလိုက်သည်။

“ငါ မကြာသေးခင်ကမှ ရလာတာပါ”

“မကြာသေးခင်က လူနှစ်ယောက်က ငါ့ကို သတ်ချင်နေခဲ့တာလေ၊ သူတို့က ဒီတာအိုလက်နက်တွေကို ကိုင်ဆောင်ထားတာပဲ၊ ဒါပေမဲ့ ငါက သူတို့ကို သတ်ပြီး လက်နက်တွေကို ငါ့အတွက် ယူလိုက်တာ”

ရွှီနင်က ရှင်းပြလိုက်သည်။

“ဪ... ဟုတ်သားပဲ”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲက တစ်ခုခုကို မှတ်မိသွားပုံရသည်။

“အဲဒီတုန်းက ဒီတာအိုလက်နက်နှစ်ခုကို ခိုးသွားတဲ့ လူနှစ်ယောက် တကယ် ရှိခဲ့တာပဲ”

“ဒီတာအိုလက်နက်တွေက တော်တော်လေး ထူးဆန်းတယ်၊ အထဲမှာ မင်းနဲ့ ပုံစံတူတဲ့ အပြာရောင်ဝံပုလွေ စိတ်ဆန္ဒပုံရိပ်တစ်ခု ရှိနေတယ်”

ရွှီနင်က ဆက်လက်မေးမြန်းလိုက်သည်။

“ဒီတာအိုလက်နက်တွေက သာမန်မဟုတ်ဘူး၊ အထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ၊ ပြီးတော့ မင်းရဲ့သခင်က ဘယ်သူလဲ”

ရွှီနင်သည် ဤအပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ သခင်မှာ တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ရှိကြောင်း ခံစားမိသည်။

လူအများစုသည် တာအိုနယ်ပယ်သို့ ရောက်ရှိပြီးနောက် ချောက်နက်ကြီးမြောက်ပိုင်းရှိ ပြည်နယ်ဆယ့်ခုနစ်ခုမှ ထွက်ခွာသွားကြလေ့ရှိသော်လည်း အချို့သော တာအိုနယ်ပယ် သိုင်းပညာရှင်များသည် ဤနေရာ၌သာ နေထိုင်ကာ လွတ်လပ်ပေါ့ပါးသော ဘဝကို ဖြတ်သန်းရန် ရွေးချယ်တတ်သည်ဟူသော အချက်ကိုမူ လုံးဝ ဖယ်ထုတ်၍ မရနိုင်ပေ။

“ဒါက ငါ့သခင်ရဲ့ ပစ္စည်းပဲ၊ အထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ငါက မိစ္ဆာသားရဲလေ၊ လူသားမှ မဟုတ်တာ၊ ငါက တာအိုလက်နက်တွေကိုမှ အသုံးမပြုတာ”

“ပြီးတော့ ငါ့သခင်က အရမ်းစွမ်းအားကြီးတဲ့ တာအိုနယ်ပယ် သိုင်းပညာရှင်ကြီးကွ... သူက မင်းလိုလူဆယ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ ရိုက်သတ်နိုင်တယ်”

ထိုသို့ပြောလိုက်စဉ် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲမှာ အနည်းငယ် ဂုဏ်ယူနေပုံရလေသည်။

ဒုန်း…

ရွှီနင် ဘာမှမပြောနိုင်မီမှာပင် မီးခိုးရောင်လေးက ရှေ့သို့ တိုးလာလေသည်။

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ ရွှီနင်အပေါ် ရန်စသောစကားများကို ကြားပြီးနောက် မီးခိုးရောင်လေးမှာ အနည်းငယ် ဒေါသထွက်သွားသည်။ ၎င်း၏ ခြေသည်းသေးသေးလေးများဖြင့် သားရဲလှောင်ချိုင့်ကို ရိုက်ချလိုက်ပြီးနောက် ခြိမ်းခြောက်သည့်ပုံစံဖြင့် စိုက်ကြည့်လိုက်လေသည်။

ထိုအရာကို မြင်သော်လည်း အပြာရောင်ဝံပုလွေမိစ္ဆာသားရဲက နောက်ဆုတ်မသွားပေ။

ထိပ်တန်းသွေးမျိုးဆက်များရှိသော မိစ္ဆာသားရဲများဖြစ်သည့်အားလျော်စွာ နှစ်ဖက်လုံးသည် သူတို့၏ အရိုးများထဲအထိ မာနကိုယ်စီ ရှိကြလေသည်။

ရွှီနင်သည် မတတ်နိုင်စွာ ခေါင်းယမ်းလိုက်မိသည်။ သူသည် မီးခိုးရောင်လေး၏ လည်ပင်းကို ဆွဲကိုင်ကာ ဘေးသို့ ပစ်ချလိုက်သည်။

“မင်းသခင်ရဲ့ နာမည်က ဘယ်သူလဲ၊ သူ့မှာ ဘွဲ့နာမည်ရော ရှိလား”

ရွှီနင်က မေးလိုက်သည်။

“အင်း...”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲသည် ၎င်း၏ ရှေ့လက်မောင်းများကို ဆန့်ထုတ်ကာ ခေါင်းနောက်ဘက်ကို ကုတ်လိုက်သည်။

“ငါမသိဘူး”

ရွှီနင်မှာ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားရသည်။

“ငါ မင်းမေးတာတွေကို ဖြေပြီးပြီဆိုတော့ အခု ငါ့ကို လွှတ်ပေးတော့မှာလား”

ထိုသို့မေးပြီးနောက် အပြာရောင်ဝံပုလွေနတ်ဆိုးသားရဲသည် မျှော်လင့်တကြီး ကြည့်နေလေသည်။

“မင်းက ငါသိချင်တာတွေကိုမှ မဖြေရှင်းပေးနိုင်တာ၊ ငါက ဘာလို့ မင်းကို လွှတ်ပေးရမှာလဲ”

ရွှီနင်က မဲ့ပြုံးပြုံးလိုက်သည်။

“မင်း ငါ့ကို လိမ်တာပေါ့”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲမှာ ချက်ချင်း ဒေါသပေါက်ကွဲသွားတော့သည်။

ရွှီနင်က သူ့ကို လျစ်လျူရှုထားလိုက်သည်။

အားစိုက်ထုတ်မှုများစွာ လုပ်ပြီးနောက် သူသည် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲထံမှ ရိုးရှင်းသော အချက်အလက် အနည်းငယ်ကိုသာ တွေ့ရှိခဲ့ရသည်။

သူ့လက်ထဲရှိ ကြေးဓားနှင့် ကြေးယပ်တောင်တို့၏ မူလသခင်မှာ တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

ထိုအရာမှလွဲ၍ အခြားတန်ဖိုးရှိသော အချက်အလက်များ မရှိတော့ချေ။

‘ဒီအပြာရောင်ဝံပုလွေကို အခုလွှတ်ပေးလိုက်လို့ မဖြစ်သေးဘူး’

ဤအပြာရောင်ဝံပုလွေမိစ္ဆာသားရဲတွင် တာအိုနယ်ပယ်၌ရှိသော သခင်တစ်ဦး ရှိနေကြောင်း သိပြီးနောက် ရွှီနင်သည် ဤအပြာရောင်ဝံပုလွေမိစ္ဆာသားရဲက ပြဿနာတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

အကယ်၍သာ ၎င်းကို လွှတ်ပေးလိုက်ပါက သခင်ဖြစ်သူထံသို့ သေချာပေါက် ပြန်သွားပေလိမ့်မည်။

အကယ်၍ ၎င်း၏သခင်က သူ့ထံ လက်စားချေရန် လာခဲ့မည်ဆိုပါက သူသည် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ယှဉ်နိုင်မည့် ပြိုင်ဘက် လုံးဝ ဖြစ်မည်မဟုတ်ပေ။

သို့သော် အကယ်၍ မလွှတ်ပေးပြန်လျှင်လည်း အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ၏ သခင်က ၎င်းကို လိုက်ရှာလာမည်ဖြစ်ပြီး အကျဉ်းချခံထားရသည်ကိုသာ သိသွားပါကလည်း အလွန် ပြဿနာကြီးပေလိမ့်မည်။

‘ငါ သူ့ကို ဝှက်ထားမှ ရတော့မယ့်ပုံပဲ...’

ရွှီနင်သည် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို အကဲခတ်ကြည့်လိုက်သည်။

ရွှီနင်၏ မျက်လုံးများမှ အကြည့်ကြောင့် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲမှာ တုန်လှုပ်သွားရသည်။

ယခင်ကနှင့် နှိုင်းယှဉ်ပါက ရွှီနင်၏ မျက်လုံးများမှာ ပြောင်းလဲသွားပုံပေါ်သည်။ သူသည် ရည်ရွယ်ချက်ကောင်း မရှိသည်မှာ သိသာလှသည်။

“မီးခိုးရောင်လေး”

ရွှီနင်က မီးခိုးရောင်လေး၏ ခေါင်းကို ပုတ်လိုက်သည်။

“သူ့ကို မိစ္ဆာသားရဲပန်းချီကားလိပ်ထဲ ပစ်ထည့်လိုက်တော့”

ဤအပြာရောင်ဝံပုလွေမိစ္ဆာသားရဲအား သခင်ဖြစ်သူ လိုက်ရှာတွေ့သွားမည်ကို မလိုလားသဖြင့် ၎င်းကို မိစ္ဆာသားရဲပန်းချီကားလိပ်ထဲသို့ ပစ်ထည့်ခြင်းမှာ အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်ပေသည်။

ထိုစကားကို ကြားသောအခါ မီးခိုးရောင်လေး၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ နတ်ဆိုးသားရဲစာလိပ်မှာ ၎င်း၏ နယ်မြေဖြစ်သည်။

ထို့ကြောင့် အပြာရောင်ဝံပုလွေမိစ္ဆာသားရဲကို အတွင်းသို့ ပစ်ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းကို မီးခိုးရောင်လေးကသာ ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

မီးခိုးရောင်လေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြုံးနေသကဲ့သို့ ရှိလေသည်။

သားရဲလှောင်ချိုင့် ပွင့်သွားလေသည်။

“မိစ္ဆာသားရဲပန်းချီကားလိပ်... မိစ္ဆာသားရဲပန်းချီကားလိပ်ဆိုတာ ဘာလဲ”

အပြာရောင်ဝံပုလွေမိစ္ဆာသားရဲက ရုန်းကန်ခုခံသော်လည်း အချည်းနှီးသာ ဖြစ်သည်။

အကယ်၍သာ အကောင်းဆုံးအခြေအနေတွင် ရှိနေမည်ဆိုပါက မီးခိုးရောင်လေးက ၎င်းကို မိစ္ဆာသားရဲပန်းချီကားလိပ်ထဲ ပို့ဆောင်ခြင်းအား ခုခံနိုင်သေးသော်လည်း ယခုမူ အချည်းနှီးသာ ဖြစ်လေတော့သည်။

ဝှစ်…

မျက်စိတစ်မှိတ်အတွင်း အပြာရောင်ဝံပုလွေမိစ္ဆာသားရဲ ပျောက်ကွယ်သွားလေသည်။

၎င်းသည် မိစ္ဆာသားရဲပန်းချီကားလိပ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

‘ငါ တာအိုနယ်ပယ်ကို ရောက်တဲ့အထိ စောင့်ပြီးမှပဲ ဒီအပြာရောင်ဝံပုလွေရဲ့ သခင်ကို ဆက်သွယ်ရတော့မယ့်ပုံပဲ’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

အပြာရောင်ဝံပုလွေ စိတ်ဆန္ဒပုံရိပ်၏ လျှို့ဝှက်ချက်ကိုသာ သူ သိရှိမည်ဆိုပါက ပိုမိုများပြားသော အကျိုးအမြတ်များကို သေချာပေါက် ရရှိနိုင်မည် ဖြစ်ပေသည်။

All Chapters