← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇) - ဝမ့်ယယ်၏ စိတ်လှုပ်ရှားမှု

အဘိုးအိုဝမ့်ယယ်က သူ၏သရုပ်မှန်အား ဝန်ခံလိုက်သည်ကို ကြားသောအခါ ဂိုဏ်းတူအစ်ကိုကြီးမော့မှာ အလွန်တုန်လှုပ်သွားလေသည်။

သူတို့သည် ဝမ့်ယယ်ကို ရှာဖွေရန် လာခဲ့ခြင်းမှာ ရည်ရွယ်ချက်ကောင်းဖြင့် မဟုတ်ဘဲ အဘိုးအိုဝမ့်ယယ်ထံမှ ဂိုဏ်းအမှတ်အသားပြားကို လုယူကာ ဝမ်ရှန့်ပြည်နယ်၌ အင်ပါယာနန်းတော်မှ တရားဝင်အသိအမှတ်ပြုသည့် ဂိုဏ်းတစ်ခုအဖြစ် တည်ထောင်ရန် ဖြစ်ပေသည်။

“စီနီယာ...”

ဂိုဏ်းတူအစ်ကိုကြီးမော့မှာ ချွေးစေးများ ပျံကျလာချေပြီ။

သူသည် ဝမ့်ယယ်၏ တည်နေရာကို စုံစမ်းလိုခဲ့သော်လည်း ဤတာအိုနယ်ပယ် သိုင်းပညာရှင်ကြီးနှင့်မူ မျက်နှာချင်းမဆိုင်ဝံ့ပါချေ။

“မင်းတို့က ဂိုဏ်းအမှတ်အသားပြားအတွက် ဒီကိုလာခဲ့ကြတာ မဟုတ်လား”

ဝမ့်ယယ်က ပြုံးလျက် မေးလိုက်သည်။

“ဟုတ်... ဟုတ်ပါတယ်...”

ဂိုဏ်းတူအစ်ကိုကြီးမိုက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဝံ့ဘဲ ပြန်ဖြေလိုက်လေသည်။

“ပြောစမ်း၊ မင်းတို့က ဘယ်ဂိုဏ်းကလဲ။ ပြီးတော့ ငါ ပြည်နယ်ဆယ့်ခုနစ်ခုမှာ ရှိနေတယ်ဆိုတာကို ဘယ်ကနေ သိလာတာလဲ”

ဝမ့်ယယ်က ဂိုဏ်းတူအစ်ကိုကြီးမော့ကို မေးမြန်းလိုက်သည်။

“ကျွန်တော်တို့က ဝမ်ရှန့်ပြည်နယ်က ကျောက်စိမ်းညဂိုဏ်းကပါ...”

ထို့နောက် ဂိုဏ်းတူအစ်ကိုကြီးမော့သည် သူသိသမျှအရာအားလုံးကို ဝမ့်ယယ်အား ပြောပြလိုက်လေတော့သည်။

ဝမ့်ယယ်က အသေးစိတ်အချက်အလက်များကို ဆက်လက်မေးမြန်းလေသည်။

ဂိုဏ်းတူအစ်ကိုကြီးမော့မှာ တိတိကျကျ မဖြေဘဲမနေရဲသဖြင့် ဝမ့်ယယ်မေးသမျှကို အကုန်အစင် ဖြေကြားလေသည်။

“ကောင်လေး၊ မင်းက တော်တော်ရိုးသားတာပဲ...”

ဂိုဏ်းတူအစ်ကိုကြီးမော့ထံမှ သတင်းအချက်အလက်များစွာကို ကြားသိပြီးနောက် ဝမ့်ယယ်က သူ၏ပခုံးကို ပုတ်လိုက်သည်။

ဂိုဏ်းတူအစ်ကိုကြီးမော့မှာ လုံးဝမလှုပ်ရဲဘဲ အပြုံးတုတစ်ခုကိုသာ ဖန်တီးထားလိုက်ရသည်။

သို့သော် ထိုသို့ပြုံးနေစဉ်မှာပင် ဂိုဏ်းတူအစ်ကိုကြီးမော့၏ မျက်နှာအမူအရာမှာ ရုတ်တရက် ခဲအေးသွားချေသည်။

ဝမ့်ယယ်၏လက်ဝါးက သူ၏ပခုံးပေါ်မှ ခွာလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် အသက်ရှူရပ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ငါ ရက်စက်တယ်လို့တော့ အပြစ်မတင်နဲ့လေ။ မင်းတို့က ငါ့အသက်ကိုယူပြီး ဂိုဏ်းအမှတ်အသားပြားကိုလုဖို့ ဝမ်ရှန့်ပြည်နယ်ကနေ လာခဲ့ကြတာကိုး။ မင်းကိုသာ ငါမသတ်လိုက်ရင် မင်းက သတင်းတွေ ပြန်သယ်သွားလိမ့်မယ်။ အဲဒီလိုဆိုရင် အန္တရာယ်ကျရောက်မှာက ငါဖြစ်သွားလိမ့်မယ်...”

ဝမ့်ယယ်က သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။

“ဘဝဆိုတာ ခန့်မှန်းရခက်လွန်းတယ်။ အရင်တုန်းကဆို နာမည်တောင်မကြားဖူးတဲ့ ဂိုဏ်းငယ်လေးတစ်ခုက ငါ့ကို ဒုက္ခပေးရဲလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး...”

“ဂိုဏ်းကို ပြန်လည်တည်ထောင်နိုင်ပါဦးမလားဆိုတာ တကယ်ကို မသိတော့ပါဘူးလေ...”

မည်းနက်နေသော သံမဏိအမှတ်အသားပြားတစ်ခုသည် ဝမ့်ယယ်၏လက်ထဲတွင် ထွက်ပေါ်လာလေသည်။

ထိုအမှတ်အသားပြားပေါ်၌ ‘ဂိုဏ်းအမှတ်အသားပြား’ ဟူသော စာလုံးများကို ရေးထွင်းထားသည်။

ဝမ့်ယယ်၏မျက်နှာထက်တွင် အတိတ်ကိုလွမ်းဆွတ်တမ်းတနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း ရုတ်တရက် သူ၏မျက်နှာထားမှာ ပြောင်းလဲသွားလေသည်။ သူသည် သွေးတစ်ပွက်ကို အန်ချလိုက်ပြီး မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့သည်။

သူသည် ဆေးပြားတစ်ပြားကို အလျင်အမြန်ထုတ်ယူကာ မျိုချလိုက်သည်။

ဆေးပြားကို သောက်သုံးပြီးနောက် သူ၏မျက်နှာနှင့် ချီအငွေ့အသက်များမှာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

“ငါ့အတွက် အချိန်သိပ်မကျန်တော့ပါလား...”

ဝမ့်ယယ်၏ မျက်ဝန်းများထဲတွင် နာကျင်ခါးသီးမှုအချို့ ကိန်းအောင်းနေပေသည်။

“ဂိုဏ်းအမှတ်အသားပြားကို လွှဲပြောင်းပေးဖို့ ဆက်ခံသူတစ်ယောက်မှ ရှာမတွေ့ရင် ဂိုဏ်းက သေချာပေါက် ပြန်လည်တည်ထောင်နိုင်တော့မှာ မဟုတ်ဘူး...”

ဝမ့်ယယ်သည် ကူကယ်ရာမဲ့နေသော အမူအရာကို ပြသလိုက်မိသည်။

“ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် အဆုံးမဲ့ပင်လယ်ချောက်နက်ကို ဖြတ်ကျော်ပြီး ဝမ်ရှန့်ပြည်နယ်ကို ပြန်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဆက်ခံမယ့်သူတစ်ယောက်ကို ရှာဖွေပြီး ဂိုဏ်းကို ပြန်လည်တည်ထောင်ချင်တယ်ဆိုရင် ချောက်နက်ကြီးမြောက်ပိုင်း ပြည်နယ်ဆယ့်ခုနစ်ခုက မျိုးဆက်သစ်တွေထဲကပဲ ရှာရတော့မယ်... ဒါပေမဲ့ ချောက်နက်ကြီးမြောက်ပိုင်း ပြည်နယ်ဆယ့်ခုနစ်ခုက ပါရမီရှင်ဆိုတဲ့ လူငယ်လေးတွေဟာ အရည်အချင်းကောင်းတွေ ရှိကြပေမဲ့ ဂိုဏ်းကို ပြန်လည်တည်ထောင်ရမယ့် တာဝန်ကြီးကို ထမ်းဆောင်နိုင်ဖို့ဆိုတာကတော့ အများကြီး လိုအပ်နေသေးတယ်...”

“ဒီနေရာမှာ ဂိုဏ်းကို ပြန်လည်ဦးဆောင်နိုင်မယ့်သူတစ်ယောက်ကို ရှာဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းတယ်...”

ဝမ့်ယယ်သည် ချောက်နက်ကြီးမြောက်ပိုင်းရှိ ပြည်နယ်ဆယ့်ခုနစ်ခု၌ နေထိုင်လာခဲ့သည်မှာ နှစ်တစ်ရာကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤကာလအတွင်း သူသည် မိမိ၏သတ်မှတ်ချက်များနှင့် ကိုက်ညီမည့် မျိုးဆက်သစ်များ ရှိမရှိကို သုံးနှစ် သို့မဟုတ် ငါးနှစ်လျှင်တစ်ကြိမ် ပြည်နယ်ဆယ့်ခုနစ်ခုလုံးသို့ လျှို့ဝှက်စွာ သွားရောက်လေ့လာခဲ့လေသည်။

သို့သော် အရာအားလုံးက သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ လွန်ခဲ့သောနှစ်တစ်ရာအတွင်း သူ၏မျက်စိကျလောက်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါချေ။

“ထားလိုက်ပါတော့လေ... ငါ့မှာ တခြားရွေးချယ်စရာမှ မရှိတော့တာ။”

ဝမ့်ယယ်က သူ့ဘာသာရေရွတ်လိုက်သည်။

“တာအိုနယ်ပယ်ကို တက်လှမ်းနိုင်မယ့် အလားအလာရှိတဲ့ လူငယ်မျိုးဆက်တစ်ယောက်ကိုပဲ ရွေးချယ်ရတော့မယ်... သူ ဝမ်ရှန့်ပြည်နယ်ကို သွားတဲ့အခါကျရင် ဂိုဏ်းကို ဆက်လက်ထိန်းသိမ်းပေးလိမ့်မယ်။ ဂိုဏ်းရဲ့ ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့အတွက် လမ်းတစ်ဝက်မှာ အရည်အချင်းရှိတဲ့သူတွေနဲ့ ထပ်တွေ့နိုင်မတွေ့နိုင် ဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်ပါတယ်လေ။”

ဝမ့်ယယ်က ထပ်မံသက်ပြင်းချလိုက်ပြန်သည်။

“ဩော်... ဒါနဲ့...”

အတန်ကြာ တွေးတောပြီးနောက် ဝမ့်ယယ်သည် ခိုးထွက်သွားသော သားရဲတစ်ကောင်ကို ရှာဖွေရန် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ရုတ်တရက် သတိရသွားလေသည်။

‘ချင်းယင်ရဲ့ နောက်ဆုံးအသက်ရှူသံ ပျောက်ကွယ်သွားတဲ့နေရာက သိပ်မဝေးတော့ဘူး။ သူ အဲဒီမှာ နောက်ဆုံးပေါ်လာခဲ့တာပဲ...’

ဝမ့်ယယ်သည် ယွဲ့ဝမ့်ဂိုဏ်းရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

ရွှီနင်တစ်ယောက် ယွဲ့ဝမ့်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ယွမ့်ယွမ်၊ စစ်ယင်နှင့် အခြားသူများသည် ထိုတပည့်များကို အကျဉ်းချထားပြီး အကြမ်းဖျင်းအချက်အလက်များရရှိရန် စစ်ဆေးမေးမြန်းနေသည်ကို တွေ့လိုက်ရလေသည်။

“ဒီလူတွေက ဝမ်ရှန့်ပြည်နယ်က ကျောက်စိမ်းညဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းငယ်လေးတစ်ခုက လူတွေပဲ”

ယွမ့်ယွမ်က ရွှီနင်အား ပြောလိုက်သည်။

“သူတို့က သူတို့ဂိုဏ်းရဲ့ အတော်ဆုံးလူတွေ အားလုံးနီးပါးကို ပြည်နယ်ဆယ့်ခုနစ်ခုဆီ ခေါ်လာခဲ့ကြတာ။ တာအိုနယ်ပယ်မှာရှိတဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ အပါအဝင် စုစုပေါင်း ခြောက်ယောက်ရှိတယ်။ အဲဒီအပြင် အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ်က တပည့် အယောက်တစ်ရာနီးပါးလည်း ပါသေးတယ်။”

“ဒီလူစုက ကျိဖုန်းပြည်နယ်က အရေးပါတဲ့ ဂိုဏ်းတချို့ကို ထိန်းချုပ်ဖို့ အထူးစေလွှတ်ခံခဲ့ရတာပဲ။ ဒါပေမဲ့ သူတို့ ရင်ဆိုင်ရတဲ့ ပထမဆုံးပစ်မှတ်က ငါတို့ဖြစ်နေပြီး သူတို့ ရှုံးနိမ့်သွားခဲ့တယ်လေ...”

ယွမ့်ယွမ်က ရယ်မောလိုက်သည်။ သူသည် အလွန်အမင်း ပျော်ရွှင်နေပုံရသည်။

သို့သော် တစ်ချိန်တည်းမှာပင် ပိုမိုကြီးမားသော ဖိအားတစ်ခုလည်း ရှိနေပေသည်။

အကယ်၍ ကျောက်စိမ်းညဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသာ ဤကိစ္စကို သိရှိသွားပါက သူတို့သည် ပိုမိုစွမ်းအားကြီးသော တပည့်များကိုသော်လည်းကောင်း၊ တာအိုနယ်ပယ် သိုင်းပညာရှင်များကိုသော်လည်းကောင်း ဤနေရာသို့ စေလွှတ်လာနိုင်ပေသည်။

ထိုသို့သာ ဖြစ်လာခဲ့လျှင် ယွဲ့ဝမ့်ဂိုဏ်းအနေဖြင့် လုံးဝ ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

‘ဒီလို အစွမ်းထက်တဲ့ အင်အားစုတောင် ဝမ်ရှန့်ပြည်နယ်မှာ ဂိုဏ်းငယ်လေးတစ်ခုအဖြစ်ပဲ သတ်မှတ်ခံရတယ်ဆိုတော့...’

ရွှီနင်ပင်လျှင် အနည်းငယ် ဆွံ့အသွားရလေသည်။

ယွမ့်ယွမ် စိုးရိမ်နေသည့်ကိစ္စကို ရွှီနင်လည်း အနည်းငယ် စိုးရိမ်နေမိသည်။

သူသည် သန်မာသော်လည်း တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို အနိုင်ယူရန်မူ အခွင့်အရေးလုံးဝမရှိကြောင်း သူကောင်းစွာ သိထားလေသည်။

ဤအချက်များကို စဉ်းစားမိပြီးနောက် ရွှီနင်သည် စာတစ်စောင်ရေးကာ ဤကိစ္စ၏ နောက်ဆက်တွဲများကို ဆုံးဖြတ်နိုင်ရန်အတွက် မီရှင်းယယ်ထံ ရှောင်ဟေးကို ကိုယ်တိုင်ပေးပို့စေရန် စီစဉ်လိုက်သည်။

“တခြား ဘာတွေသိရသေးလဲ”

ရွှီနင်က မေးလိုက်သည်။ ထို့နောက် ယွမ့်ယွမ်သည် အခြားတပည့်များထံမှ ရရှိထားသော အချက်အလက်များကို ရွှီနင်အား ပြောပြလိုက်လေသည်။

သို့သော် ထိုအချက်အလက်များမှာ အသေးအဖွဲကိစ္စရပ်များသာ ဖြစ်သည်။ တစ်ဖက်ရန်သူ၏ အချက်အလက်များကို အသေးစိတ် ဖြည့်စွက်ရန်မှလွဲ၍ လုံးဝ အသုံးမဝင်လှပေ။

‘နှမြောစရာပဲ။ ဂိုဏ်းတူအစ်ကိုကြီးမော့ကိုသာ ဒီမှာ ဖမ်းထားနိုင်ခဲ့ရင် ပိုပြီးအသုံးဝင်တဲ့ သတင်းတွေ အတင်းအကျပ် မေးမြန်းလို့ရမှာ သေချာတယ်’

ရွှီနင်က အနည်းငယ် နောင်တရစွာဖြင့် တွေးလိုက်မိသည်။

ဂိုဏ်းတူအစ်ကိုကြီးမော့မှာ ကျောက်စိမ်းညဂိုဏ်း၏ တပည့်ရင်းတစ်ဦးဖြစ်ရာ ဤသာမန်တပည့်များထက် ပိုမိုသိရှိထားမည်မှာ သေချာပေသည်။

“ဂိုဏ်းချုပ်ယွမ် ဆက်ပြီးကြိုးစားပေးဖို့ မျှော်လင့်ပါတယ်။ ပိုပြီးအသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရနိုင်မရနိုင် ဆက်ပြီးစုံစမ်းကြည့်ပေးပါဦး”

ရွှီနင်က မတ်တတ်ရပ်ကာ ယွမ့်ယွမ်အား ပြောလိုက်သည်။

“ကောင်းပါပြီ”

ယွမ့်ယွမ်က ပြန်ဖြေလိုက်သည်။

ထို့နောက် ရွှီနင်သည် ယွမ့်ယွမ်ထံမှ ထွက်ခွာကာ သူ၏အိမ်တော်ဆီသို့ ပြန်လာခဲ့လေသည်။

‘တိတ်ဆိတ်နေပါလား...’

ရွှီနင်သည် အိမ်တော်အဝင်ဝသို့ ရောက်ရှိသွားသော်လည်း အိမ်တော်အတွင်းမှ မည်သည့်အသံမျှ ထွက်ပေါ်မလာသည်ကို တွေ့လိုက်ရသည်။

ယခင်ကဆိုလျှင် သူ အိမ်တော်အနီးသို့ ရောက်ရှိလာတိုင်း မီးခိုးရောင်လေးနှင့် ရှောင်ဟေးတို့က သူ့ကို လာရောက်ကြိုဆိုလေ့ရှိသည်။

“ဟမ်...”

ရွှီနင် အိမ်တော်အတွင်းသို့ ဝင်ရောက်သွားသောအခါ ရှောင်ဟေးတစ်ကောင် တုန်ရီနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

မီးခိုးရောင်လေးမှာမူ အဘိုးအိုတစ်ဦး၏ လည်ပင်းကိုင်ကာ စစ်ဆေးခြင်းကို ခံနေရလေသည်။

အံ့သြစရာကောင်းသည်မှာ အမြဲတမ်း မာနကြီးလေ့ရှိသော မီးခိုးရောင်လေးသည် လုံးဝ ရုန်းကန်ခြင်း မရှိပါချေ။

“ခင်ဗျား...”

ဂိုဏ်းတူအစ်ကိုကြီးမော့ကဲ့သို့ပင် ထိတ်လန့်ဖွယ် အတွေးတစ်ခုသည် ရွှီနင်၏ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာလေသည်။

‘ဒီအဘိုးအိုက တာအိုနယ်ပယ် သိုင်းပညာရှင်ကြီးပဲ...’

ရွှီနင်၏ အာရုံခံနိုင်စွမ်းအရ ထိုအဘိုးအိုရပ်နေသော နေရာတွင် မည်သူမျှမရှိကြောင်း သိနေရသည်။

သို့သော် အဘိုးအိုသည် ရွှီနင်၏ မျက်စိရှေ့မှောက်တွင် အထင်အရှား ရှိနေသည်။

ရွှီနင်၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာလျှင် သူ၏အာရုံခံနိုင်စွမ်းမှ ရှောင်ကွင်းနိုင်ပေလိမ့်မည်။

“ဟူး...”

ရွှီနင် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

သူ လျင်မြန်စွာ တွေးတောလိုက်သည်။

‘ဂိုဏ်းတူအစ်ကိုကြီးမော့က စစ်ကူတွေကို ဒီလောက်မြန်မြန် ခေါ်လာနိုင်တာလား။ မဟုတ်ဘူး... ဒီလောက်တော့ မမြန်နိုင်ပါဘူး...’

ရွှီနင် ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီး နောက်ထပ် ခန့်မှန်းချက်တစ်ခုကို တွေးလိုက်သည်။

‘ဒီလူက အပြာရောင်ဝံပုလွေသားရဲရဲ့ သခင်များလား...’

ထိုအချက်ကို တွေးမိသောအခါ ရွှီနင်၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ သူသည် ၎င်းမှာ အဖြစ်နိုင်ဆုံးဟု ခံစားလိုက်ရသည်။

မိမိကိုယ်ကိုယ် အလွန်ပေါ့ဆခဲ့ကြောင်း ရွှီနင် ရုတ်တရက် ခံစားလိုက်ရသည်။ တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦးတွင် ထူးခြားသော ခြေရာခံနည်းစနစ် ရှိကောင်းရှိနိုင်ပေသည်။ အပြာရောင်ဝံပုလွေသားရဲကို ချီအငွေ့အသက်များ ဖုံးကွယ်ရန် မိစ္ဆာသားရဲပုန်းချီကားလိပ်ထဲသို့ ထည့်သွင်းထားသော်လည်း မိစ္ဆာသားရဲပုန်းချီကားလိပ်၏ အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော အငွေ့အသက်များကိုမူ ခြေရာခံမိသွားခြင်း ဖြစ်ရပေမည်။

‘ငါတော့ ဒုက္ခရောက်ပြီပဲ...’

ရွှီနင် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားတော့သည်။

ဤအခြေအနေတွင် တာအိုနယ်ပယ် သိုင်းပညာရှင်ကြီး၏ ဆန္ဒကိုသာ သူ လိုက်နာရတော့မည် ဖြစ်သည်။

“စီနီယာ...”

ရွှီနင်က အဘိုးအိုကို အရိုအသေပေးလိုက်လေသည်။

ဤအဘိုးအိုမှာ အခြားသူမဟုတ်ဘဲ ဝမ့်ယယ်ပင် ဖြစ်ပေသည်။

ဝမ့်ယယ်သည် ရွှီနင်၏အသံကို ကြားသော်လည်း ဂရုမစိုက်ဘဲ မီးခိုးရောင်လေးကိုသာ စိတ်ဝင်တစား ဆက်လက်ကြည့်ရှုနေလေသည်။

ရွှီနင်မှာ အသံပင်မထွက်ရဲဘဲ ငြိမ်သက်စွာ ရပ်နေရုံသာ တတ်နိုင်တော့သည်။

သူသည် ထွက်ပြေးရန်ပင် မဝံ့ရဲပါချေ။

“ဟမ်...”

မီးခိုးရောင်လေးကို အောက်ချပေးပြီးနောက် ဝမ့်ယယ်က ခေါင်းလှည့်ကာ ရွှီနင်ကို တစ်ချက်ကြည့်လိုက်သည်။

“ဒီလောက် ငယ်တာလား...”

ဝမ့်ယယ်၏ စိတ်ဝင်စားမှုသည် မီးခိုးရောင်လေးထံမှ ရွှီနင်ထံသို့ ပြောင်းလဲသွားလေသည်။

စောစောက ရွှီနင် ဝင်လာစဉ်က တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ချဉ်းကပ်လာကြောင်းကိုသာ သူ သတိထားမိခဲ့သည်။ ခေါင်းလှည့်၍ ရွှီနင်၏ မျက်နှာကို မြင်လိုက်ရမှသာ ထိုသူမှာ အလွန်ငယ်ရွယ်နေကြောင်းကို သတိပြုမိသွားခြင်း ဖြစ်သည်။

ရွှစ်...

ဝမ့်ယယ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှီနင်၏အနားသို့ ချက်ချင်း ရောက်ရှိလာလေသည်။

သူက ရွှီနင်၏ပခုံးပေါ်သို့ လက်တင်လိုက်ပြီး လက်မောင်းကို စမ်းသပ်ကြည့်လိုက်သည်။

“အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတယ်...”

ဝမ့်ယယ်တစ်ယောက် အတိုင်းမသိ ဝမ်းသာသွားရသည်။ ထို့နောက် သူသည် ချီတစ်မျှင်ကို ခွဲထုတ်ကာ ရွှီနင်၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းစေလိုက်သည်။

“စွမ်းအင်မျိုးစေ့ ခြောက်ခုကို စုစည်းထားနိုင်တဲ့ စွမ်းအင်နှစ်မျိုး ကျင့်ကြံထားတဲ့ သိုင်းပညာရှင်ပါလား...”

ဝမ့်ယယ်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

“တောင်တန်းနဲ့ မြစ်ချောင်းတွေ ပြန်လည်ရှင်သန်လာသလို၊ အမှောင်ထုထဲမှာ ပန်းတွေ ဖူးပွင့်လာသလိုပဲ...”

ဝမ့်ယယ်၏ အလွန်အမင်း ဖြစ်ပျက်နေသော အပြုအမူများကြောင့် ရွှီနင် အနည်းငယ် ရှုပ်ထွေးသွားရသည်။

ဝမ့်ယယ်က သူ့ကိုနာကျင်စေပြီး ဝံပုလွေပြာ၏ တည်နေရာကို စစ်ဆေးမေးမြန်းမည်ဟု သူ တွေးထင်ခဲ့မိလေသည်။ သို့သော် သူ့ကို စမ်းသပ်ပြီးနောက် ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ ရယ်မောနေလိမ့်မည်ဟု ရွှီနင် လုံးဝ ထင်မှတ်မထားခဲ့ပေ။

“ကောင်လေး၊ မင်းနာမည်က ဘယ်လိုခေါ်လဲ၊ ပြီးတော့ ဘယ်ကနေလာတာလဲ”

ဝမ့်ယယ်က အရောင်တောက်ပနေသော မျက်လုံးများဖြင့် ရွှီနင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“စီနီယာ၊ ကျွန်တော့်နာမည်က ရွှီနင်ပါ။ ယွဲ့လန်ဂိုဏ်းကပါ”

ဝမ့်ယယ်က အဘယ်ကြောင့် ဤသို့ပြုမူနေကြောင်း ရွှီနင် မသိသဖြင့် အမှန်အတိုင်းသာ ပြန်ဖြေလိုက်ရလေသည်။

“ယွဲ့လန်ဂိုဏ်း...”

ဝမ့်ယယ် ခေတ္တမျှ စဉ်းစားလိုက်သည်။

“ယွဲ့လန်ဂိုဏ်းက ဟယ့်မင်ယဲ့ဆိုတဲ့ ကောင်လေးပဲ ရှိတာလို့ ငါ မှတ်မိနေတာ။ မင်းက ဘယ်တုန်းက ထွက်ပေါ်လာတာလဲ”

ဝမ့်ယယ်သည် သုံးနှစ် သို့မဟုတ် ငါးနှစ်လျှင်တစ်ကြိမ် ပြည်နယ်ဆယ့်ခုနစ်ခုမှ ပါရမီရှင်များကို လိုက်လံစစ်ဆေးလေ့ရှိသည်။ ယခင်က သူသည် ဟယ့်မင်ယဲ့ကိုလည်း အာရုံစိုက်ခဲ့ဖူးလေသည်။

“ကျွန်တော် ယွဲ့လန်ဂိုဏ်းကို ရောက်တာ နှစ်နှစ်ပဲ ရှိပါသေးတယ်”

ရွှီနင်က ပြန်ဖြေလိုက်သည်။

“မင်း သိုင်းပညာကို ဘယ်တုန်းက စတင်လေ့လာခဲ့တာလဲ”

ဝမ့်ယယ်က ထပ်မေးလိုက်ပြန်သည်။

ရွှီနင် ခေတ္တရပ်သွားသည်။

“ကျွန်တော် လွန်ခဲ့တဲ့သုံးနှစ်ကမှ အတွင်းအားကျင့်စဉ်တွေကို စတင်လေ့ကျင့်ခဲ့တာပါ”

“လွန်ခဲ့တဲ့သုံးနှစ်က...”

ဝမ့်ယယ် အံ့အားသင့်သွားရသည်။

“ငါ့ကို မလိမ်နဲ့နော်”

“ကျွန်တော် မလိမ်ရဲပါဘူး။ ကျွန်တော်ပြောတာ အမှန်တွေချည်းပါပဲ”

ရွှီနင်က ပြန်ဖြေလိုက်သည်။

ဝမ့်ယယ်သည် ရွှီနင်ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် ရွှီနင် လိမ်ညာနေခြင်းမဟုတ်ကြောင်း အတည်ပြုနိုင်လိုက်သည်။

ထိုအခါ ဝမ့်ယယ်၏အပြုံးများမှာ မထိန်းချုပ်နိုင်တော့လောက်အောင်ပင် ထွက်ပေါ်လာတော့သည်။

“မင်းက မိသားစုကြီးတစ်ခုခုက ဆင်းသက်လာတာလား”

ဝမ့်ယယ်က ထပ်မံမေးမြန်းလိုက်သည်။

သို့သော် မေးပြီးသည်နှင့် မိမိ၏အမေးမှာ အဓိပ္ပာယ်မရှိကြောင်း ဝမ့်ယယ် ခံစားလိုက်ရသည်။

ပြည်နယ်ဆယ့်ခုနစ်ခုတွင် မည်သည့်မိသားစုကြီးမျှ မရှိပါချေ။

ဤလူငယ်သည် ဤနေရာရှိ မိသားစုတစ်ခုခုမှ ဆင်းသက်လာလျှင်ပင် ထိုမိသားစုအနေဖြင့် ဝမ်ရှန့်ပြည်နယ်ကဲ့သို့ အကောင်းဆုံး အရင်းအမြစ်များကို သူ့အား ပေးစွမ်းနိုင်မည် မဟုတ်ပေ။

သူ အလကားသက်သက် မေးမိသွားခြင်းပင်။

အခန်း (၂၁၈) - ချင်းယင်၏ တောင်းဆိုမှု

“စီနီယာ... ကျွန်တော်က မိသားစုကြီးတစ်ခုကနေ ဆင်းသက်လာတာ မဟုတ်ပါဘူး”

သို့သော် ရွှီနင်၏ နောက်ဆက်တွဲစကားက ဝမ့်ယယ်၏ မျှော်လင့်ချက်များကို ကျော်လွန်သွားစေခဲ့လေသည်။

“ကျွန်တော်က ဖေးယွင်ပြည်နယ်၊ ခန်းယွင်ခရိုင်ထဲက ရွာလေးတစ်ရွာမှာ ကြီးပြင်းလာခဲ့တာပါ”

ရွှီနင်က ဖြည့်စွက်ပြောကြားလိုက်သည်။

“ဖေးယွင်ပြည်နယ်က ခန်းယွင်ခရိုင်တဲ့လား...”

ဝမ့်ယယ်သည် ခန်းယွင်ခရိုင်ဆိုသည်ကို တိတိကျကျ မသိသော်လည်း ၎င်းမှာ သူတစ်ခါမှ ဂရုမစိုက်ခဲ့ဖူးသော နေရာငယ်လေးတစ်ခုဖြစ်ကြောင်းတော့ သေချာနေပေသည်။

“ဒီလို နောက်ခံမျိုးနဲ့ ဒီလိုအောင်မြင်မှုမျိုး ရထားတာဆိုတော့ တကယ်ကို ရှားပါးလွန်းတယ်...”

ဝမ့်ယယ်သည် ရွှီနင်အပေါ် အလွန်ကျေနပ်အားရသွားသည်။ သူသည် အခြေခံအားဖြင့် ရွှီနင်ကို သူ၏ဂိုဏ်းဆက်ခံသူအဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ သို့သော် ဝမ့်ယယ်က သူ၏ စစ်မှန်သော အတွေးများကို ချက်ချင်း ဖွင့်မပြောသေးချေ။

အကယ်၍ သူသာ လောလောဆယ်ဆယ် ထုတ်ဖော်ပြောဆိုလိုက်ပါက ရွှီနင်တစ်ယောက် သူ၏ ရည်ရွယ်ချက်များကို သံသယဝင်သွားနိုင်ပြီး သူလိုချင်သော ရလဒ်နှင့် ပြောင်းပြန်ဖြစ်သွားနိုင်ပေသည်။ ရွှီနင်ကလည်း ဝမ့်ယယ်၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိလိုက်လေသည်။

‘ဒီတာအိုနယ်ပယ်က သိုင်းပညာရှင်က ငါ့ရဲ့ အရည်အချင်းတွေကို ကျေနပ်နေပုံပဲ...’

ဝမ့်ယယ်၏ စိတ်လှုပ်ရှားမှုကို ရွှီနင် ခံစားမိနေသည်။

ဝမ့်ယယ်၏ မျက်လုံးများထဲတွင် မိမိအပေါ် တစ်စုံတစ်ရာ မျှော်လင့်ချက် ထားရှိနေသကဲ့သို့ ဖြစ်နေသည်ကို ရွှီနင် သတိထားမိလိုက်သည်။

“ရွှီနင်...”

ဝမ့်ယယ်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ရွှီနင်နှင့် ဦးစွာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။

“စီနီယာ...”

ရွှီနင်က သေချာနားထောင်နေလေသည်။

“ငါထင်တာ မမှားဘူးဆိုရင် ဒီကောင်လေးက ဟင်းလင်းပြင်သားရဲလေး ဖြစ်ရမယ်... ဟုတ်တယ်မလား”

ဝမ့်ယယ်သည် မီးခိုးရောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ရွှီနင်နှင့် စကားစမြည် ပြောဆိုလိုက်သည်။

“စီနီယာ ပြောတာမှန်ပါတယ်... သူက ဟင်းလင်းပြင်သားရဲလေးပါ”

ရွှီနင်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။

ဝမ့်ယယ်ထံမှ လွတ်မြောက်လာပြီးနောက် မီးခိုးရောင်လေးသည် ရွှီနင်၏အနောက်တွင် သတိကြီးစွာ ပုန်းကွယ်နေသည်။ ၎င်းက ဝမ့်ယယ်ကို ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ကြည့်နေလေသည်။

“ဟင်းလင်းပြင်သားရဲ...”

ဝမ့်ယယ်မှာ ဆွံ့အသွားရသည်။

“ဒီလို သန့်စင်တဲ့ သွေးဆက်ရှိတဲ့ ဟင်းလင်းပြင်သားရဲမျိုးက ဝမ်ရှန့်ပြည်နယ်မှာတောင် ရှားပါးတယ်... ကျိဖုန်းပြည်နယ်မှာ တွေ့ရတာကတော့ တကယ်ကို ရှားပါးလွန်းတဲ့ ကိစ္စပဲ”

ရွှီနင်က ပြုံးလိုက်သော်လည်း ဘာမျှ ပြန်မပြောချေ။

“ဒါနဲ့... ငါ ဒီကိုလာတာက ငါ့ရဲ့ မိစ္ဆာသားရဲကို လာရှာတာ”

ဝမ့်ယယ်က ရုတ်တရက် ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ရွှီနင် အလွန်တုန်လှုပ်သွားရသည်။

ရွှီနင်၏ ခြေရင်းတွင် ပုန်းနေသော မီးခိုးရောင်လေးမှာလည်း တုန်ယင်သွားသည်။

‘ထင်တဲ့အတိုင်းပဲ... ဒီတာအိုနယ်ပယ်သိုင်းပညာရှင်က အပြာရောင်ဝံပုလွေမိစ္ဆာကို လာရှာတာကိုး...’

ရွှီနင်က မီးခိုးရောင်လေးကို စိုးရိမ်တကြီးဖြင့် တစ်ချက်ကြည့်လိုက်မိသည်။

ယခုလေးတင် ပြသလိုက်သော မီးခိုးရောင်လေး၏ တုံ့ပြန်မှုမှာ သိသိသာသာ ပုံမှန်မဟုတ်ဘဲ အဘိုးအို၏ သတိထားမိခြင်းကို ခံလိုက်ရသည်။ ဤသည်မှာ သူ၏ မိစ္ဆာသားရဲ ပျောက်ဆုံးမှုသည် သူတို့နှစ်ဦးနှင့် သက်ဆိုင်နေကြောင်း တိုက်ရိုက် ပြသနေခြင်းပင်။

အကယ်၍ သူသာ မီးခိုးရောင်လေးနှင့် သူ့ကို စစ်ဆေးမေးမြန်းခြင်း မပြုလျှင်တောင်မှ ယွဲ့ဝမ့်ဂိုဏ်းမှ အခြားသူများကို မေးမြန်းနိုင်သေးသည်။ သူ အပြာရောင်ဝံပုလွေမိစ္ဆာကို နှိမ်နင်းခဲ့သည့်ကိစ္စကို ဖုံးကွယ်ထားရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

“အဲဒီကောင်လေး နောက်ဆုံး ပျောက်ကွယ်သွားတဲ့နေရာက ဒီစံအိမ်တော်ထဲမှာပဲ...”

ဝမ့်ယယ်က ဆက်ပြောသည်။

“ဒါပေမဲ့ သူ့ရဲ့ အငွေ့အသက်တွေ ပျောက်ကွယ်သွားတယ်ဆိုပေမဲ့ အသက်ရှင်နေသေးတယ်ဆိုတာကိုတော့ ငါသေချာပေါက် ပြောရဲတယ်။ ငါထင်တာ မမှားဘူးဆိုရင် မင်းက သူ့ကို ဝှက်ထားဖို့ နည်းလမ်းတစ်ခုခု သုံးထားတာပဲ ဖြစ်ရမယ်... အခု သူ့ကို ပြန်လွှတ်ပေးလိုက်ပါတော့...”

“အဲဒါက...”

ဝမ့်ယယ်နှင့် မျက်နှာချင်းဆိုင်လျက် ရွှီနင်တစ်ယောက် အမှန်တိုင်း ပြောရမည်လား၊ မပြောရမည်လား ဝေခွဲမရ ဖြစ်နေမိသည်။

တစ်ဖက်လူ၏ လေသံမှာ အလွန်ပြတ်သားလွန်းလှသည်။ အကယ်၍ သူသာ ဆက်လက်ငြင်းဆန်နေပါက ဒေါသထွက်သွားနိုင်ပေသည်။

သို့သော် သူသာ အပြာရောင်ဝံပုလွေမိစ္ဆာကို လွှတ်ပေးလိုက်ပါက မိစ္ဆာသားရဲပန်းချီကားလိပ်၏ လျှို့ဝှက်ချက်မှာ မလွဲမသွေ ပေါ်ပေါက်သွားပေလိမ့်မည်။

“ဘာလဲ... မင်းက စိုးရိမ်နေတာလား”

ဝမ့်ယယ်က ရယ်မောလိုက်သည်။

“မပူပါနဲ့... ချင်းယင်ရဲ့ စရိုက်ကို ငါသိပါတယ်။ သူ ငါ့ဆီကနေ ထွက်ပြေးသွားပြီးတဲ့နောက် ပြဿနာ သေချာပေါက် ရှာထားမှာပဲ။ မင်း သူ့ကို သတ်မပစ်ခဲ့သရွေ့ မင်းကို ငါ အပြစ်ပေးမှာ မဟုတ်ပါဘူး”

ရွှီနင်မှာ တုံ့ဆိုင်းနေဆဲပင်။

သူ အပြည့်အဝ မသေချာသော်လည်း သူ့ရှေ့ရှိ အဘိုးအိုတွင် မည်သည့် သတ်ဖြတ်လိုသော အငွေ့အသက်မျှ မရှိကြောင်း ရွှီနင် ခံစားမိသည်။

အကယ်၍ သူသာ မီးခိုးရောင်လေးနှင့် သူ့ကို အပြစ်ပေးလိုပါက ဤမျှ ဖော်ရွေနေရန် မလိုအပ်ပေ။ တာအိုနယ်ပယ်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် သူ့ကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိပေသည်။

“မီးခိုးရောင်လေး”

တစ်စက္ကန့်ခန့်အကြာတွင် ရွှီနင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် မီးခိုးရောင်လေးကို ညင်သာစွာ ခပ်ဖွဖွလေး ကန်လိုက်သည်။

“ဝံပုလွေပြာကို အပြင်ထုတ်ပေးလိုက်ပါ...”

ရွှီနင်က မီးခိုးရောင်လေးကို တိုးတိုးလေး ပြောလိုက်သည်။

“ဩော်...”

ဝမ့်ယယ်သည် မီးခိုးရောင်လေးကို ကြည့်လိုက်သည်။ အစကတော့ ရွှီနင်သည် အပြာရောင်ဝံပုလွေမိစ္ဆာကို ဖုံးကွယ်ရန် နည်းစနစ်တစ်ခုခုကို အသုံးပြုထားသည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဟင်းလင်းပြင်သားရဲလေးက လုပ်ဆောင်ထားခြင်း ဖြစ်ပုံရလေသည်။

မီးခိုးရောင်လေးက ရွှီနင်၏ အမိန့်ကို နာခံလိုက်သည်။

၎င်းသည် သူ၏ သွေးမျိုးဆက်စွမ်းအားကို အသက်သွင်းလိုက်ပြီး အပြာရောင်ဝံပုလွေမိစ္ဆာကို မိစ္ဆာသားရဲပန်းချီကားလိပ်ထဲမှ အပြင်သို့ ပစ်ထုတ်လိုက်လေသည်။

ဝံပုလွေမိစ္ဆာသားရဲ အပြင်သို့ ရောက်လာသောအခါ ၎င်း၏ခေါင်းက မြေကြီးနှင့် အရင်ဆုံး အသံမြည်စွာ ဆောင့်မိသွားသည်။

၎င်းသည် အမြန် ထရပ်လိုက်ပြီး မိစ္ဆာသားရဲပန်းချီကားလိပ်ထဲမှ လွတ်မြောက်လာကြောင်း သိရှိသွားသည်။

ဝံပုလွေမိစ္ဆာသည် ဝမ့်ယယ်ကို မြင်လိုက်ရသောအခါ အတိုင်းထက်အလွန် ဝမ်းသာသွားရသည်။

“သခင်... သခင်က ကျွန်တော့်ကို တကယ် လာကယ်တာပဲ”

အပြာ‌ရောင်ဝံပုလွေမိစ္ဆာသည် အမြီးကိုလှုပ်ရမ်းကာ ဝမ့်ယယ်ထံသို့ ကပ်သွားလေသည်။

“ကျွန်တော် သခင့်ကို ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ”

ဝံပုလွေမိစ္ဆာသည် အမြန်ပင် ငိုယိုလိုက်သည်။

၎င်းက ခေါင်းကိုလှည့်ကာ ရွှီနင်နှင့် မီးခိုးရောင်လေးတို့အား အကြိတ်အနယ် လက်စားချေလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

“ဒီလူနဲ့ ဒီသားရဲက ကျွန်တော့်ကို ဝိုင်းရိုက်ကြရုံတင်မကဘူး၊ သီးခြားနေရာလွတ်တစ်ခုထဲမှာပါ ပိတ်လှောင်ထားခဲ့ကြတာ... ကျွန်တော် တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်...”

“ချင်းယင်... မင်းက ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးသွားသေးတယ်၊ အခုတော့ ငါ့ကို သခင်လို့ ခေါ်ရဲတဲ့ မျက်နှာ ရှိသေးတယ်ပေါ့လေ”

ဝမ့်ယယ်၏ မျက်နှာထားမှာ လေးနက်သွားသည်။

“မင်းကသာ သူများကို အရင်သွားမစရင် သူတို့က မင်းကို ဘာလို့ တိုက်ခိုက်ပြီး ဖမ်းချုပ်ထားရမှာလဲ”

ချင်းယင်ဟု အမည်ရသော ဝံပုလွေမှာ ဝမ့်ယယ်ကို အေးခဲသွားသော မျက်နှာထားဖြင့် မော့ကြည့်နေမိသည်။

ဝမ့်ယယ်က သူ့ကို ပြန်ဆူနေသည်တဲ့လား။

ဤသည်မှာ ၎င်းမျှော်လင့်ထားခဲ့သော အခြေအနေ မဟုတ်ပေ။

“အပြင်မှာ လျှောက်မကစားဖို့နဲ့ မင်းရဲ့ သားရဲဗီဇကို အလိုမလိုက်ဖို့ ငါ ထပ်တလဲလဲ ပြောထားခဲ့တယ်မလား။ မင်းရဲ့ သားရဲဗီဇသာ နိုးထလာရင် မင်းကိုယ်မင်း လုံးဝ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘဲ သွေးဆာနေတဲ့ မိစ္ဆာသားရဲတစ်ကောင် ဖြစ်သွားလိမ့်မယ်။ အဲဒီလိုသာ ဖြစ်သွားခဲ့ရင် တခြားသူတွေက ဂရုမစိုက်ရင်တောင် ငါကိုယ်တိုင် မင်းကို သတ်ပစ်မယ်”

ဝမ့်ယယ်၏ စကားများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု စွက်ဖက်နေလေသည်။

ချင်းယင်သည် ခေါင်းကိုငုံ့ထားလိုက်ပြီး စိတ်ဓာတ်ကျနေဟန် ဆောင်နေလိုက်သည်။ ရွှီနင်သည် ထိုစကားများကို ကြားပြီးနောက် စိတ်ဆန္ဒပုံရိပ်ယောင်ထဲရှိ ဝံပုလွေပြာ၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ဝံပုလွေမိစ္ဆာ ထုတ်လွှတ်ခဲ့သော သွေးမြူခိုးများကို ပြန်လည်တွေးတောမိလိုက်သည်။

ဤနည်းလမ်းများကို ကြည့်ခြင်းအားဖြင့် ဤဝံပုလွေသည် အမှန်တကယ်ပင် သွေးဆာသော ဗီဇရှိကြောင်း သိသာလှပေသည်။

“ဝပ်နေစမ်း”

ဝမ့်ယယ်က ချင်းယင်ကို အေးစက်စွာ ပြောလိုက်သည်။

“မင်းကို ဘယ်လို အပြစ်ပေးရမလဲဆိုတာ ငါ နောက်မှ ဆုံးဖြတ်မယ်”

ချင်းယင်က တောင်းပန်ချင်သော်လည်း ဝမ့်ယယ်၏ မျက်နှာထားကို မြင်ပြီးနောက် အမြန်ပင် ဘေးသို့ ဆုတ်ရပ်နေလိုက်ရသည်။

“ရွှီနင်... မင်း ငါ့အတွက် ချင်းယင်ကို ထိန်းသိမ်းပေးထားရလို့ အများကြီး ပင်ပန်းသွားပြီ”

ဝမ့်ယယ်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်လေသည်။

ရွှီနင် အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။

“စီနီယာက အားနာနေပါပြီ...”

ထိုသို့ ပြောလိုက်စဉ် ရွှီနင်တစ်ယောက် တွေးတောနေမိသည်။ သူ့ရှေ့ရှိ တာအိုနယ်ပယ်သိုင်းပညာရှင်သည် သူ ဝံပုလွေမိစ္ဆာကို ဖမ်းချုပ်ထားသည့်အပေါ် မကျေမနပ် မဖြစ်ခဲ့ပေ။ ထို့အပြင် သူ့ကို ကြင်နာမှုပင် ပြသနေသေးသည်။

ထို့အပြင် သူသည် မီးခိုးရောင်လေးက ဝံပုလွေမိစ္ဆာကို ဖမ်းချုပ်ပြီး ပြန်လွှတ်ပေးခဲ့သည့် နည်းလမ်းကိုလည်း မမေးမြန်းခဲ့သလို၊ သူတို့ကို ရန်လိုသည့် အရိပ်အယောင်မျိုးလည်း လုံးဝ မပြသခဲ့ချေ။

“ငါ မေ့တော့မလို့ပဲ...”

ဝမ့်ယယ်က သူ့နဖူးကိုသူ ရိုက်လိုက်သည်။

“ငါ မင်းကို ငါဘယ်သူလဲဆိုတာ မပြောရသေးဘူးထင်တယ်”

“ငါ့နာမည်က ဝမ့်ယယ်တဲ့... အပြင်ကလူတွေကတော့ ငါ့ကို အဘိုးအိုဝမ့်ယယ်လို့ ခေါ်ကြတယ်”

ဝမ့်ယယ်က သူ၏ အမည်နာမကို ထုတ်ဖော်ပြောကြားလိုက်သည်။

“အဘိုးအိုဝမ့်ယယ်...”

ရွှီနင် အံ့သြသွားရသည်။

အဘိုးအိုဝမ့်ယယ်ဆိုသည်မှာ ကျောက်စိမ်းညဂိုဏ်းက ဝမ်ရှန့်ပြည်နယ်သို့ လာရောက်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။

ယခုတော့ သူက မိမိရှေ့သို့ ရောက်ရှိလာလေပြီ။

“မင်းက ယွဲ့လန်ဂိုဏ်းက တပည့်တစ်ယောက်ဆိုတော့ ဝမ်ရှန့်ပြည်နယ်ကနေ ဒီကိုရောက်လာတဲ့ လူစုက ငါဘယ်မှာရှိလဲဆိုတာကို လိုက်ရှာနေကြတယ်ဆိုတာ သိမှာပေါ့”

ဝမ့်ယယ်က ပြောလိုက်သည်။

ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် သိပါတယ်”

“ဒါပေမဲ့ သူတို့က ငါ့ကို ဘာလို့ လိုက်ရှာနေကြတာလဲ ဆိုတာကိုရော မင်း သိလား”

ဝမ့်ယယ်က မေးလိုက်သည်။

“သူတို့က ဂိုဏ်းအမှတ်အသားတံဆိပ်ပြားဆိုတဲ့ အရာတစ်ခုကို ရချင်နေကြတာ...”

ရွှီနင်က မဝံ့မရဲ ပြောလိုက်သည်။

ရွှီနင် ဂိုဏ်းထဲတွင် ရှိနေစဉ်က မီရှင်းယယ်နှင့် ချိုးရန့်ရှန်းတို့ ဤအကြောင်းကို ပြောဆိုနေသည်ကို ကြားခဲ့ဖူးသည်။

သို့သော် ရွှီနင်သည် ဂိုဏ်းအမှတ်အသားတံဆိပ်ပြားဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုမူ မသိရှိပေ။

“ဟုတ်တယ်... သူတို့က ဂိုဏ်းအမှတ်အသားတံဆိပ်ပြားအတွက် ဒီကို ရောက်လာကြတာ”

ဝမ့်ယယ်က ဝန်ခံလိုက်သည်။

“ဂိုဏ်းအမှတ်အသားတံဆိပ်ပြား ဟုတ်လား... အဲဒါက ဘာကြီးလဲ”

ဝမ့်ယယ်က ဤအကြောင်းကို ဘာကြောင့် အစပြု၍ ပြောဆိုလာမှန်း ရွှီနင် မသိသော်လည်း သေချာစွာ နားထောင်နေလိုက်သည်။

“ချောက်နက်ကြီးမြောက်ပိုင်းရဲ့ ပြည်နယ်ဆယ့်ခုနစ်ခုထဲက ပြည်နယ်တိုင်းလိုလိုမှာ အင်အားစုတွေက အတော်လေး ပြန့်ကျဲနေပြီး လက်ဝါးကြီးအုပ်နိုင်ဖို့က ခက်ခဲတယ်။ ဖေးယွင်ပြည်နယ်က ယွမ်ရှန်းဂိုဏ်းတောင်မှ အချို့သော အင်အားစုတွေကိုပဲ ဦးဆောင်နိုင်တာလေ။ အကြွင်းမဲ့ ထိန်းချုပ်နိုင်ဖို့ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး”

ဝမ့်ယယ်က ပြောသည်။

“ဒါပေမဲ့ ဝမ်ရှန့်ပြည်နယ်မှာတော့ ကွာခြားတယ်။ ဝမ်ရှန့်ပြည်နယ်က မင်းဆက်တစ်ခုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး တော်ဝင်နန်းတော်က အရာအားလုံးကို အုပ်ချုပ်ထားတာ”

“ဝမ်ရှန့်ပြည်နယ်က မင်းဆက်တစ်ခုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာလား”

ရွှီနင် ဤသည်ကို မျှော်လင့်မထားခဲ့ပေ။

ရွှီနင်၏ အမြင်တွင် ဝမ်ရှန့်ပြည်နယ်ကဲ့သို့သော သန်မာသူများစွာ ရှိသည့်နေရာမျိုး၌ အင်အားစုများမှာ ပိုမိုပြန့်ကျဲနေသင့်သည်ဟု ထင်မှတ်ထားခဲ့သည်။ တော်ဝင်နန်းတော်တစ်ခုက အရာအားလုံးကို ထိန်းချုပ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သိုင်းလောကအတွင်း၌ မင်းဆက်တစ်ခု တည်ထောင်ရန်ဆိုသည်မှာ အလွန်ခက်ခဲလှပေသည်။

တစ်စုံတစ်ယောက်သည် အင်အားစုအားလုံးကို ချေမှုန်းနိုင်စွမ်းရှိရုံသာမက လူငယ်မျိုးဆက်သစ်များကြားတွင် ပါရမီရှင် မဟာသိုင်းပညာရှင်များ မျိုးဆက်တစ်ခုပြီးတစ်ခု ပေါ်ထွက်လာစေရန်လည်း သေချာစေရမည် ဖြစ်သည်။

အကယ်၍ သူတို့၏ သိုင်းပါရမီရှင်များက အမီမလိုက်နိုင်တော့ပါက ထိုမင်းဆက်သည် နေရာအရပ်ရပ်မှ ဖိအားများကို ခံရမည်ဖြစ်ပြီး ပြိုလဲသွားနိုင်ခြေပင် ရှိလေသည်။

“ဟုတ်တယ်... အင်ပါယာမိသားစုထဲမှာ မဟာသိုင်းသခင်တစ်ယောက် ရှိတယ်လေ”

ရွှီနင် နားမလည်မည်ကို စိုးရိမ်သဖြင့် ဝမ့်ယယ်က ရှင်းပြလိုက်သည်။

“မဟာသိုင်းသခင်ဆိုတာ တာအိုနယ်ပယ်အထက်က မှန်းဆလို့မရနိုင်တဲ့ နယ်ပယ်တစ်ခုပဲ”

“တာအိုနယ်ပယ်အထက်...”

ရွှီနင်၏ နှလုံးသားမှာ လျင်မြန်စွာ ခုန်ပေါက်နေလေသည်။

ဤအရာသည် ရွှီနင်အတွက် အလွန်ဝေးကွာနေသေးသည်။

သို့သော် ယခု ဤအကြောင်းကို ကြားပြီးနောက်တွင် သူသည် ထိုအရာကို မျှော်လင့်တောင့်တလာမိချေပြီ။

“ပြီးတော့ ဂိုဏ်းအမှတ်အသားတံဆိပ်ပြားတွေဆိုတာ တရားဝင်ဂိုဏ်းအဖြစ် အသိအမှတ်ပြုခံရဖို့ တော်ဝင်နန်းတော်က ထုတ်ပေးထားတာပဲ”

ဝမ့်ယယ်က ဆက်ပြောသည်။

“ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကို ကိုင်ဆောင်ထားမှသာ တော်ဝင်နန်းတော်ရဲ့ အကာအကွယ်ကို ရရှိနိုင်ပြီး တပည့်တွေကို ကန့်သတ်ချက်မရှိ လက်ခံနိုင်သလို ကိုယ့်ရဲ့ အင်အားကိုလည်း ချဲ့ထွင်နိုင်တာ။ ဂိုဏ်းအထိမ်းအမှတ်တံဆိပ် မရှိတဲ့၊ တော်ဝင်နန်းတော်ရဲ့ အသိအမှတ်ပြုမှု မရထားတဲ့ ဂိုဏ်းတွေကတော့ ဖရိုဖရဲဖြစ်နေတဲ့ သိုင်းပညာပတ်ဝန်းကျင်ထဲမှာ အရင်းအမြစ်တွေကို လုယက်နေရုံကလွဲပြီး ဘာမှ မလုပ်နိုင်ကြဘူး”

“ဒီလိုကိုး...”

ရွှီနင်သည် ဂိုဏ်းအမှတ်အသားတံဆိပ်ပြားရှိခြင်း၏ အကျိုးကျေးဇူးများကို ကိုယ်တိုင်ကိုယ်ကျ မခံစားဖူးသော်လည်း ဝမ့်ယယ်၏ စကားများကို ကြားပြီးနောက် ဤတံဆိပ်ပြားသည် သေချာပေါက် ရှားပါးရတနာတစ်ခုဖြစ်ကြောင်း သိလိုက်သည်။

“ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကိုရဖို့က နည်းလမ်းနှစ်ခုပဲ ရှိတယ်”

ဝမ့်ယယ်က ဆက်ပြောသည်။ “တစ်နည်းက မင်းကိုယ်တိုင် တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်ကို ရောက်ရှိပြီး တော်ဝင်နန်းတော်ဆီမှာ ကိုယ်တိုင်သွားရောက် လျှောက်ထားရမယ်။ ပြီးရင် တော်ဝင်နန်းတော်က စစ်ဆေးပြီးသွားတဲ့အခါ တံဆိပ်ပြားကို ထုတ်ပေးလိမ့်မယ်”

“နောက်တစ်နည်းကတော့ ယိုယွင်းကျဆင်းနေတဲ့ တရားဝင်ဂိုဏ်းတစ်ခုဆီကနေ တံဆိပ်ပြားကို လုယူပြီး သူတို့ရဲ့ တရားဝင်ဂိုဏ်းနေရာမှာ အစားထိုးဝင်ယူရမယ်...”

ဤနေရာသို့ ရောက်သောအခါ ဝမ့်ယယ်၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာလေသည်။

ရွှီနင်လည်း ၎င်းကို သတိပြုမိလိုက်သည်။

ချက်ချင်းပင် သူ ခန့်မှန်းလိုက်သည်။

ဤအဘိုးအိုဝမ့်ယယ်သည် ယိုယွင်းကျဆင်းနေသော ဂိုဏ်းတစ်ခု၏ ဆက်ခံသူ ဖြစ်လောက်ပေသည်။

သူသည် ဤတံဆိပ်ပြားအား ဝမ်ရှန့်ပြည်နယ်မှနေ၍ ချောက်နက်ကြီးမြောက်ပိုင်း၏ ပြည်နယ်ဆယ့်ခုနစ်ခုဆီသို့ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကျောက်စိမ်းညဂိုဏ်းမှ လူများသည် ဤသတင်းကို ကြားသိပြီးနောက် ဂိုဏ်းအထိမ်းအမှတ်တံဆိပ်ကို လုယူကာ တရားဝင်ဂိုဏ်းအဆင့်အတန်းကို ရယူလိုသဖြင့် သူ့ကို လာရှာကြခြင်း ဖြစ်ပေမည်။

ထင်သည့်အတိုင်းပင် ဝမ့်ယယ်က ဆက်လက်ရှင်းပြလေသည်။

သူ၏ ရှင်းပြချက်မှာ အခြေခံအားဖြင့် ရွှီနင် ခန့်မှန်းထားသည်နှင့် အတူတူပင် ဖြစ်နေသည်။

“အခု ငါ့ရဲ့ ဂိုဏ်းအမှတ်အသားတံဆိပ်ပြားက ငါ့လက်ထဲမှာ ရှိနေပြီ၊ အကယ်၍ ငါသာ သင့်တော်တဲ့ ဆက်ခံသူကို မရှာနိုင်ဘူးဆိုရင် ငါ့ဂိုဏ်းက ဖျက်ဆီးခံရရုံပဲ ရှိတော့မယ်...”

ထို့နောက် ဝမ့်ယယ်သည် ရွှီနင်အား မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ သူက ရွှီနင်အား ရိုးသားပွင့်လင်းသော သဘောထားဖြင့် မေးလိုက်လေသည်။

“ရွှီနင်... ငါ့ဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့အတွက် မင်း ငါ့ကို ကူညီပေးနိုင်မလား”

All Chapters