အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း (၂၁၉) - ယန့်လုဂိုဏ်း
“စီနီယာရဲ့ဂိုဏ်းကို ပြန်တည်ထောင်ပေးစေချင်တာလား”
ဝမ့်ယယ်၏ ယခင်အမူအရာများအရ မိမိအပေါ် မျှော်လင့်ချက်အချို့ ထားရှိနေမှန်း ရွှီနင် ရိပ်မိထားခဲ့သည်။ သို့သော်လည်း ဤကိစ္စမှာ ရယ်စရာကောင်းလွန်းလှသည်ဟု ရွှီနင် ခံစားနေရဆဲဖြစ်သည်။
“စီနီယာဝမ့်ယယ်၊ စီနီယာက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ...”
ရွှီနင်သည် တွေဝေခြင်းအလျဉ်းမရှိဘဲ ငြင်းဆန်လိုက်လေသည်။
သူ၏ လက်ရှိစွမ်းအားမှာ တာအိုနယ်ပယ်သို့ပင် မရောက်ရှိသေးချေ။
အကယ်၍ သူ တာအိုနယ်ပယ်သို့ တက်လှမ်းနိုင်ပြီး ဝမ်ရှန့်ပြည်နယ်သို့ သွားရောက်ခဲ့လျှင်တောင်မှ ကျဆင်းနေသော ဂိုဏ်းတစ်ခုကို လက်ဗလာဖြင့် ပြန်လည်တည်ထောင်ရန်မှာ အလွန်ခက်ခဲလွန်းလှပေသည်။
သူ့အတွက်တော့ ဤသည်မှာ ကောင်းသောကိစ္စ မဟုတ်ပေ။
“မင်းကို အထင်ကြီးလွန်းလို့ မဟုတ်ပါဘူး၊ မင်းရဲ့ ပါရမီနဲ့ဆို ဝမ်ရှန့်ပြည်နယ်မှာ ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ် ဖြစ်လာနိုင်မှာ အသေအချာပဲ”
ဝမ့်ယယ်က နားချလေသည်။
“ထိပ်တန်းဂိုဏ်းတွေက အတွင်းစည်းတပည့်တွေနဲ့ တော်ဝင်မိသားစုက မင်းသားမင်းသမီးတွေလောက်ပဲ အသက်နှစ်ဆယ်အရွယ်မှာ ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်ခုကို စုစည်းနိုင်ကြတာလေ။ ပြီးတော့ သူတို့က မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေရဲ့ ပံ့ပိုးမှုနဲ့ တည်ဆောက်ထားကြတာ။ အကယ်၍ သူတို့သာ မင်းရဲ့ပတ်ဝန်းကျင်အခြေအနေမျိုးမှာဆိုရင် မင်းလောက်တောင် လုပ်နိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ စီနီယာဝမ့်ယယ်၊ ကျွန်တော်က အခု ယွဲ့လန်ဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီလေ၊ တခြားဂိုဏ်းကို ဝင်ဖို့ဆိုတာ မသင့်တော်ပါဘူး”
ရွှီနင်သည် ငြင်းဆန်ရန် နောက်ထပ်အကြောင်းပြချက်တစ်ခုကို ပေးလိုက်သည်။
၎င်းကိုကြားသောအခါ ဝမ့်ယယ်က ရယ်မောလိုက်လေသည်။
“အဲဒီအတွက် မင်း လုံးဝ စိတ်ပူစရာ မလိုပါဘူး”
ဝမ့်ယယ်က ရှင်းပြသည်။
“မင်း ဝမ်ရှန့်ပြည်နယ်ကို ရောက်တဲ့အခါ ဒုတိယမြောက်ဂိုဏ်းတစ်ခုကို ဝင်တယ်ဆိုတာ တော်တော်လေး သာမန်ကိစ္စပဲဆိုတာ သိလာလိမ့်မယ်။ တချို့ ထိပ်တန်းပါရမီရှင်တွေဆို အစပိုင်းမှာ သတိထားမိသူ မရှိကြတော့ ဂိုဏ်းငယ်လေးတွေဆီပဲ ဝင်ခွင့်ရခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပါရမီတွေ အပြည့်အဝ ထွက်ပေါ်လာပြီး ဂိုဏ်းငယ်လေးတွေက ဆက်လက်မပံ့ပိုးနိုင်တော့တဲ့အခါ သူတို့ ထွက်သွားကြတာပဲ”
“ပြီးတော့ သူတို့အရင်က နေခဲ့တဲ့ ဂိုဏ်းငယ်လေးတွေကလည်း အများကြီး ထောက်ခံအားပေးကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီပါရမီရှင်တွေက ဂိုဏ်းကြီးတွေမှာ နေရာတစ်ခုရလာပြီး ဩဇာကြီးမားသူတွေ ဖြစ်လာတဲ့အခါ ဂိုဏ်းငယ်လေးတွေအတွက် ကျောထောက်နောက်ခံတွေ ဖြစ်လာကြလို့ပဲ”
ဝမ့်ယယ်က လေးနက်စွာ ပြောလိုက်သည်။
“ချောက်နက်ကြီးမြောက်ပိုင်းက ပြည်နယ်ဆယ့်ခုနစ်ခုမှာတော့ မင်း ဒါမျိုး ကြုံဖူးချင်မှ ကြုံဖူးလိမ့်မယ်၊ ဒါပေမဲ့ ဝမ်ရှန့်ပြည်နယ်ကို ရောက်တဲ့အခါ ဒါက ပုံမှန်ကိစ္စတစ်ခုဆိုတာ မင်း တွေ့ရလိမ့်မယ်”
“ဝမ်ရှန့်ပြည်နယ် အပြင်ဘက်ကလာတဲ့ လူငယ်ပါရမီရှင်တွေအားလုံး ဝမ်ရှန့်ပြည်နယ်ကို ရောက်လာတဲ့အခါ ဒီအတိုင်းပဲ။ နှစ်စဉ်နှစ်တိုင်း ဝမ်ရှန့်ပြည်နယ်ထဲကို ပါရမီရှင်တွေ အများကြီး ဝင်ရောက်လာကြတယ်။ သူတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂိုဏ်းတွေထဲ ဝင်ခဲ့ကြပေမဲ့ ပိုမြင့်မားတဲ့ သိုင်းပညာအဆင့်ကို လိုက်စားဖို့အတွက် ဝမ်ရှန့်ပြည်နယ်ကို ရောက်ပြီးတဲ့နောက် ဂိုဏ်းပြောင်းတတ်ကြတယ်”
ဝမ့်ယယ်သည် ရွှီနင်အား အစွမ်းကုန် နားချနေလေသည်။
“မင်း တကယ်လို့ စိုးရိမ်စိတ်တွေ ရှိနေသေးတယ်ဆိုရင် မင်းရဲ့ဂိုဏ်းချုပ်ကို သွားမေးကြည့်လို့ ရတယ်။ သူကလည်း ဒီကိစ္စမှာ မင်းကို သေချာပေါက် ထောက်ခံပေးလိမ့်မယ်”
“ဒါက...”
ဝမ့်ယယ်၏ စကားများအပြီးတွင် ရွှီနင်၏ မျက်နှာပေါ်၌ အခက်တွေ့နေသည့်ဟန် ပေါ်လာလေသည်။
သူသည် ဝမ့်ယယ်၏ ရိုးသားဖြူစင်မှုကို မြင်တွေ့ရသော်လည်း ဤသည်မှာ သူ့အတွက် ကောင်းကျိုးတစ်ခု ဖြစ်ချင်မှ ဖြစ်လာပေလိမ့်မည်။
“ရွှီနင်၊ မင်းက ဒီတာဝန်ကို အချုပ်အနှောင်တစ်ခုလို့ ထင်နေတာလား”
ဝမ့်ယယ်သည် ရွှီနင်၏ အတွေးများကို ရိပ်မိသွားသည်။
“ဟုတ်ပါတယ်”
ရွှီနင်က ဖုံးကွယ်မထားခဲ့ပေ။ “ဝမ်ရှန့်ပြည်နယ်ဆိုတာ စိန်ခေါ်မှုတွေ ပြည့်နှက်နေမှာ အသေအချာပဲ၊ အဲဒီမှာ အစွမ်းထက်တဲ့ ဂိုဏ်းတစ်ခုကို ပြန်လည်တည်ထောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ကျွန်တော့်မှာ မရှိဘူး”
“စိတ်မပူပါနဲ့”
ဝမ့်ယယ်က ဆက်လက်နားချလေသည်။
“ဂိုဏ်းက ကျဆင်းနေတယ်ဆိုပေမဲ့ နေရာတိုင်းမှာ ပါရမီရှင်တွေ ရှိပါတယ်။ တကယ်လို့ မင်းသာ ဝမ်ရှန့်ပြည်နယ်ကို ရောက်သွားနိုင်ခဲ့ရင် ဂိုဏ်းပြန်လည်တည်ထောင်ဖို့ ကူညီပေးမယ့် အရင်းအမြစ်တွေ သဘာဝအလျောက် ရှိနေမှာပါ”
“အရင်ဂိုဏ်းချုပ် မသေဆုံးခင်က ဂိုဏ်းရဲ့ ရတနာတွေအားလုံးကို ဖွက်ထားခဲ့တယ်။ မင်းသာ ဒီဂိုဏ်းအမှတ်အသားတံဆိပ်ပြားကို လက်ခံမယ်ဆိုရင် အဲဒီအရာတွေအားလုံးကို သဘာဝကျကျ ဆက်ခံခွင့်ရမှာပဲ။ အဲဒီရတနာတွေကို ဆက်ခံပြီးတာနဲ့ မင်း တပည့်တွေစုဆောင်းပြီး လူတွေရဲ့နှလုံးသားကို သေချာပေါက် သိမ်းပိုက်နိုင်မှာ”
“ဒါ့အပြင် ဂိုဏ်းထဲမှာ မင်းရဲ့ ကျင့်ကြံခြင်းကို ကူညီပေးနိုင်မယ့် အရင်းအမြစ်တွေ အများကြီး ရှိသေးတယ်။ အဲဒီအရင်းအမြစ်တွေနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအရှိန်က အရမ်းမြန်ဆန်လာလိမ့်မယ်။ ဂိုဏ်းကြီးတစ်ခုရဲ့ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်နေတာထက်စာရင် တရားဝင်ဂိုဏ်းတစ်ခုရဲ့ အရင်းအမြစ်တွေကို ထိန်းချုပ်ရတာက ပိုမကောင်းဘူးလား”
ဝမ့်ယယ်၏ လေသံထဲတွင် သွေးဆောင်ဖြားယောင်းမှု အငွေ့အသက်များပင် ပါဝင်နေလေသည်။
‘အရင်းအမြစ်တွေ အများကြီးတဲ့လား...’
ဝမ့်ယယ်၏ စကားများကို ကြားပြီးနောက် ရွှီနင် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားမိသည်။
ရွှီနင်အတွက် အရင်းအမြစ်များဆိုသည်မှာ စွမ်းအင်ယူနစ်များဖြစ်ပြီး စွမ်းအင်ယူနစ်များမှာလည်း သူ၏ သိုင်းပညာအခြေခံအုတ်မြစ်ပင် ဖြစ်ပေသည်။
တာအိုနယ်ပယ်သို့ တက်လှမ်းပြီးနောက် ဝမ်ရှန့်ပြည်နယ်သို့ သွားရောက်ရန်မှာ မလွဲမသွေ ကြုံတွေ့ရမည့် ကိစ္စဖြစ်သည်။
အကယ်၍ သူသာ လက်ခံလိုက်ပါက ထိုနေရာသို့ ရောက်သည်နှင့် သူ့ကို ပံ့ပိုးပေးမည့် အရင်းအမြစ်များကို ချက်ချင်းရရှိမည်ဖြစ်ရာ သူ၏ဘဝခရီးလမ်းကို များစွာ ပိုမိုလွယ်ကူချောမွေ့စေလိမ့်မည်။
“ဘယ်လိုလဲ၊ ငါ့ရဲ့ ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကို မင်း လက်ခံနိုင်မလား”
ဝမ့်ယယ်သည် ရွှီနင် စိတ်ဝင်စားသွားသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် မေးလိုက်သည်။
“စီနီယာဝမ့်ယယ်၊ ကျွန်တော့်ကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးပါဦး”
အမှန်စင်စစ် ရွှီနင်သည် ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကို လက်ခံရန် ယိမ်းယိုင်နေပြီဖြစ်သော်လည်း ဤကိစ္စမှာ အလွန်အရေးကြီးလွန်းလှသည်။ အကျိုးအကြောင်း အဆိုးအကောင်းများကို ချိန်ဆရန်နှင့် အသေးစိတ်အချက်အလက်အချို့ကို သေချာစဉ်းစားဆုံးဖြတ်ရန် အချိန်လိုနေသေးပေသည်။
“ရပါတယ်”
ဝမ့်ယယ်သည် ရွှီနင်အား အတင်းအကျပ် ဖိအားပေး၍မရကြောင်း ကောင်းစွာ သိထားလေသည်။
သေချာစွာ စဉ်းစားပြီးမှသာ မိမိ၏ဂိုဏ်းကို ပြန်လည်တည်ထောင်ရန် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချနိုင်ပေလိမ့်မည်။
သို့မဟုတ်ပါက စိတ်လိုက်မာန်ပါ သဘောတူလိုက်လျှင် နောင်တစ်ချိန်တွင် တွေဝေမှုများ ဖြစ်ပေါ်လာနိုင်ချေရှိသည်။
“ဒါနဲ့ စီနီယာဝမ့်ယယ်၊ ခင်ဗျားပြောတဲ့ ဂိုဏ်းနာမည်က ဘာလဲဟင်”
သူကိုယ်တိုင် စိတ်ဝင်စားနေပြီဖြစ်ရာ ရွှီနင်သည် ပိုမိုသိရှိလိုလာသည်။
ဝမ့်ယယ်က ပြုံးလိုက်သည်။ “ငါတို့ဂိုဏ်းရဲ့ နာမည်က ယန့်လုဂိုဏ်းလို့ ခေါ်တယ်”
“ယန့်လုဂိုဏ်း...”
ရွှီနင် တိုးတိုးလေး ရေရွတ်လိုက်ရင်း ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ခြင်းက သူ့အတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ခု ဖြစ်လာဖွယ် ရှိနေလေသည်။
“စီနီယာဝမ့်ယယ်၊ ခင်ဗျားပြောစကားတွေအရဆိုရင် ယန့်လုဂိုဏ်းက တရားဝင်ဂိုဏ်းတစ်ခုဖြစ်ပြီး နန်းတော်ရဲ့ ကာကွယ်ပေးမှုကို ရထားတာဆို၊ ဒါပေမဲ့ ဘာလို့ ကျဆင်းသွားရတာလဲ”
ရွှီနင်မှာ ပို၍ သိရှိလိုနေသည်။
ရွှီနင်၏ မေးခွန်းကို ကြားပြီးနောက် ဝမ့်ယယ် သက်ပြင်းချလိုက်မိသည်။
“ထိုင်ပါဦး၊ ငါ ရှင်းပြမယ်”
ဝမ့်ယယ်သည် ခြံဝင်းထဲရှိ ကျောက်တုံးခုံပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
ရွှီနင်လည်း သူ့နောက်မှ လိုက်သွားကာ ဝမ့်ယယ်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် ဘေးတွင် ဝင်ထိုင်လိုက်သည်။
မီးခိုးရောင်လေးမှာမူ ထောင့်တစ်နေရာတွင် ကွေးကွေးလေး အိပ်နေသည်။ ဤသို့နေခြင်းက ၎င်းအတွက် လုံခြုံမှုပေးစွမ်းနိုင်ပုံ ရလေသည်။
နံရံကို မှီနေသော ချင်းယင်သည် မီးခိုးရောင်လေး အနားကပ်လာသည်ကို မြင်သောအခါ သွားများကိုဖြဲကာ ကြမ်းတမ်းသော မျက်နှာထားဖြင့် မီးခိုးရောင်လေးအား ရန်စနေသည့်အလား ပြုမူလိုက်သည်။
မီးခိုးရောင်လေးကမူ လုံးဝ ဂရုမစိုက်ခဲ့ပေ။
“နန်းတော်က တရားဝင်ဂိုဏ်းတွေကို ကာကွယ်ပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တရားမဝင်ဂိုဏ်းတွေရဲ့ အန္တရာယ်ပြုမှုနဲ့ ကျူးကျော်မှုကနေပဲ ကာကွယ်ပေးတာ။ တရားဝင်ဂိုဏ်းတွေကြားက ပြိုင်ဆိုင်မှုတွေမှာတော့ လုယက်သတ်ဖြတ်တာကလွဲပြီး ကျန်တဲ့ကိစ္စတွေကို သူတို့ ဝင်မပါကြဘူး။ ဝမ်ရှန့်ပြည်နယ်ဆိုတာ အခြေခံအားဖြင့် အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့ သိုင်းလောကတစ်ခုပဲလေ။ ဒါပေမဲ့ နန်းတော်ရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် ပြိုင်ဆိုင်မှုတွေက နှိုင်းယှဉ်ကြည့်ရင် ပိုပြီး နူးညံ့သွားသလို သွေးထွက်သံယိုမှုလည်း သိပ်မများတော့ဘူးပေါ့”
ဝမ့်ယယ်သည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောသည်။
“တရားမဝင်ဂိုဏ်းတွေနဲ့ ယှဉ်ကြည့်ရင် တရားဝင်ဂိုဏ်းတွေ အရင်းအမြစ်ရယူတဲ့ နည်းလမ်းက အတော်လေး တည်ငြိမ်တယ်။ သူတို့ ပြဿနာမရှာသရွေ့ ဂိုဏ်းဆက်လက်ရပ်တည်ဖို့ သေချာနေတာပဲလေ။ ဒါပေမဲ့ မင်းရဲ့ဂိုဏ်းကို ဒီထက်ပိုပြီး တိုးတက်ချဲ့ထွင်ချင်တယ်၊ အကျိုးအမြတ်တွေ ပိုရချင်တယ်ဆိုရင်တော့ စွန့်စားရတော့မှာပဲ”
“ယန့်လုဂိုဏ်း ကျဆင်းသွားရတာကလည်း အဲဒီအကြောင်းကြောင့်ပဲ”
“ငါက ယန့်လုဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တယ်။ အရင်ဂိုဏ်းချုပ်က ငါ့ရဲ့ စီနီယာအစ်ကိုပေါ့၊ သူက အရင်းအမြစ်တွေ ပိုရချင်ပြီး ပါရမီရှင်တွေကို ပိုစုဆောင်းချင်ခဲ့တယ်။ ဒါကြောင့် သူက တရားမဝင်ဂိုဏ်းတွေရဲ့ အရင်းအမြစ်နယ်ပယ်တွေထဲကို ကိုယ်တိုင်ဝင်ရောက်ပြီး သူတို့နဲ့ အပြင်းအထန် ယှဉ်ပြိုင်ခဲ့တယ်။ ဒါ့အပြင် တစ်ချိန်တည်းမှာပဲ ငါတို့ဂိုဏ်းနဲ့ တခြားတရားဝင်ဂိုဏ်းတွေကြားက ပြိုင်ဆိုင်မှုတွေကလည်း ရပ်မနေခဲ့ဘူး”
“ဒီလို ပြင်းထန်လွန်းတဲ့ ပတ်ဝန်းကျင်မှာ စီနီယာအစ်ကိုက အခြေအနေကို မထိန်းချုပ်နိုင်ခဲ့တော့ဘူး။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမိပြီးတဲ့နောက်မှာ သူက တော်ဝင်မိသားစုက မင်းသမီးတစ်ပါးကို စော်ကားမိသလို ဖြစ်သွားပြီး ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီနောက် တရားဝင်ဂိုဏ်းတစ်ခုနဲ့ တရားမဝင်ဂိုဏ်းတစ်ခုတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ ယန့်လုဂိုဏ်း ပြိုလဲသွားခဲ့ရတာပဲ”
ဤသည်က ဝမ့်ယယ်၏ အနာကျင်ရဆုံးသော မှတ်ဉာဏ်များကို ဆွပေးလိုက်သကဲ့သို့ပင်။ သူသည် အသေးစိတ်မပြောဘဲ ယေဘုယျအခြေအနေကိုသာ ပြောပြခဲ့လေသည်။
“အဲဒီဖြစ်ရပ်မှာ ဂိုဏ်းထဲက အတွင်းစည်းတပည့် ထက်ဝက်ကျော်လောက် သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရခဲ့ကြပြီး ဂိုဏ်းရဲ့ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားစုကြီးက ကြောက်မက်ဖွယ်ကောင်းတဲ့ ထိုးနှက်ချက်ကို ခံလိုက်ရတယ်။ ယန့်လုဂိုဏ်းကို အပြီးအပိုင် မျိုချချင်နေကြတဲ့ ဂိုဏ်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဂိုဏ်းချုပ်အနေနဲ့ ယန့်လုဂိုဏ်းကို ဖျက်သိမ်းပြီး ဂိုဏ်းကချန်ရစ်ခဲ့တဲ့ အရင်းအမြစ်တွေကို ဖွက်ထားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့တော့ဘူး။ သူက ဂိုဏ်းက စီနီယာကြီးတွေကို မျက်နှာပျက်စေခဲ့မှန်း သိတာကြောင့် တစ်ယောက်တည်း လက်စားချေရင်း နောက်ဆုံးမှာ သေဆုံးသွားခဲ့ရတယ်”
ဝမ့်ယယ် စကားရပ်တန့်သွားသည်။
အတော်ကြာပြီးနောက် သူက ဆက်ပြောသည်။
“ငါတို့ ယန့်လုဂိုဏ်းကို ဖျက်သိမ်းတဲ့အချိန်မှာ စီနီယာအစ်ကိုက ငါ့ကို ဂိုဏ်းအမှတ်အသားတံဆိပ်ပြား ပေးခဲ့တယ်။ ဒါပေမဲ့ သူက ဘာမှာကြားချက်မှ မချန်ထားခဲ့ဘူး။ ဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ သူလည်း ခံစားခဲ့ရလို့ နေမှာပေါ့...”
“ဒါပေမဲ့ ငါက မျှော်လင့်ချက် ထားနေတုန်းပဲ။ ဒါကြောင့် မကောင်းတဲ့ရည်ရွယ်ချက် ရှိသူတွေကို ရှောင်ရှားဖို့အတွက် ပြည်နယ်ဆယ့်ခုနစ်ခုမှာ ငါ ပုန်းအောင်းနေခဲ့တာ၊ ပြီးတော့ သင့်တော်တဲ့ ဆက်ခံသူတစ်ယောက်ကို ရှာတွေ့ဖို့ မျှော်လင့်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့တာ။ ဒါပေမဲ့ အခုထိတော့ အချည်းနှီးပါပဲ။ အခုဆိုရင် နှစ်တစ်ရာတောင် ကုန်သွားခဲ့ပြီ၊ ဝမ်ရှန့်ပြည်နယ်က မုန်တိုင်းလည်း အခြေခံအားဖြင့်တော့ ငြိမ်သက်သွားလောက်ပါပြီ။ ယန့်လုဂိုဏ်းကို မှတ်မိတဲ့သူတောင် သိပ်များများစားစား ရှိတော့မှာ မဟုတ်ဘူး”
“ဝမ်းနည်းစရာကောင်းပေမဲ့ ဒါကလည်း အခွင့်အရေးတစ်ခုပါပဲ၊ အနည်းဆုံးတော့ ငါတို့ ဂိုဏ်းပြန်တည်ထောင်တဲ့အခါ ရန်သူတွေက ငါတို့ကို သတိထားမိမှာ မဟုတ်တော့ဘူးလေ။ ငါတို့ကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးတွေနဲ့ အချိန်တွေ အများကြီး ရသွားစေတာပေါ့...”
ဝမ့်ယယ် စကားတွေ အများကြီး ပြောလိုက်မိသည်။
ဝမ့်ယယ်က သူ့ကို ရှင်းပြနေခြင်းမှာ အမှန်တကယ်တော့ ရင်ဖွင့်နေခြင်းတစ်မျိုးဖြစ်ကြောင်း ရွှီနင် ခံစားလိုက်ရသည်။
ဝမ့်ယယ်၏ ပြောစကားအရ သူသည် ဝမ်ရှန့်ပြည်နယ်မှ ထွက်ခွာလာပြီး ချောက်နက်ကြီးမြောက်ပိုင်းရှိ ပြည်နယ်ဆယ့်ခုနစ်ခုသို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းတစ်ရာခန့် ရှိခဲ့ပြီဖြစ်သည်။
ထိုကာလအတွင်း ဤအကြောင်းအား မည်သူ့ကိုမျှ ပြောပြနိုင်ခဲ့မည် မဟုတ်သည်မှာ အသေအချာပင်။ ရွှီနင်သည် သူ့ဇာတ်လမ်းကို ပထမဆုံး ကြားရသူ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
“စီနီယာဝမ့်ယယ်...”
ရွှီနင်သည် သူ့စိတ်ထဲရှိ နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ခင်ဗျားက ဂိုဏ်းကို ပြန်လည်တည်ထောင်ချင်နေမှတော့ ဘာလို့ ကိုယ်တိုင် မလုပ်တာလဲ၊ ဘာလို့ ဆက်ခံမယ့်သူ ရှာဖို့ လိုရတာလဲ”
ဝမ့်ယယ် ခေါင်းခါလိုက်သည်။
“ငါ မလုပ်နိုင်လို့ပါ”
“မလုပ်နိုင်ဘူးဟုတ်လား”
ရွှီနင် မျက်ခုံးပင့်သွားသည်။
“အဲဒီအချိန်တုန်းက ပြိုင်ဘက်တွေ လိုက်ဖမ်းလို့ ငါ အဆုံးမဲ့ပင်လယ်ချောက်နက်ထဲကို ရောက်သွားခဲ့ရတယ်။ အဲဒီမှာ ငါ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီး သိုင်းနယ်ပယ်လည်း ကျဆင်းသွားခဲ့တယ်။ အခုဆိုရင် ငါ့ခန္ဓာကိုယ်က လုံးဝ အားအင်ကုန်ခမ်းနေပြီ။ အချိန်မရွေး ငါ့ဘဝရဲ့ အဆုံးသတ်ကို ရောက်သွားနိုင်တယ်”
ဝမ့်ယယ်၏ စကားများမှာ မျှော်လင့်ချက်ကင်းမဲ့နေသော်လည်း သူသည် အတော်လေး တည်ငြိမ်နေဆဲပင်။
သူသည် ဤကိစ္စကို သေချာစွာ တွေးတောလက်ခံထားပြီးပုံ ရလေသည်။
“ဒါ့အပြင် ငါကိုယ်တိုင် ဂိုဏ်းကို ပြန်လည်တည်ထောင်မယ်ဆိုရင်တောင် အဲဒီအချိန်တုန်းက ထုတ်ခံလိုက်ရတဲ့သူတွေက ငါ ပြန်ခေါ်တာကို နားထောင်ကြမှာ မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ တပည့်သစ်တွေ စုဆောင်းဖို့ဆိုတာကလည်း ခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက ငါ့ရဲ့ အမြင့်ဆုံးစွမ်းဆောင်နိုင်ရည်က ဘယ်လောက်လဲဆိုတာ သိကြလို့ပဲ။ ငါ့နောက်ကို လိုက်မယ်ဆိုရင် အစွမ်းထက်တဲ့ ဂိုဏ်းတစ်ခုကို သေချာပေါက် ပြန်လည်တည်ထောင်နိုင်မှာ မဟုတ်ဘူးဆိုတာ သူတို့အကုန်လုံး သိကြတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ထပ်ရသွားနိုင်တယ်လေ”
“ဒါပေမဲ့ မင်းကတော့ ကွာခြားပါတယ်၊ မင်းက ငယ်ရွယ်ပြီး အလားအလာတွေ အများကြီး ရှိတယ်။ ဝမ်ရှန့်ပြည်နယ်ကို ရောက်တဲ့အခါ မင်းရဲ့စွမ်းအားကို အဓိကထား မြှင့်တင်ပြီး ဂိုဏ်းကို အသေးအဖွဲ့လောက်ကနေ ပြန်တည်ထောင်လို့ရတယ်။ မင်း လုံးဝ ရင့်ကျက်လာတဲ့အခါကျရင်တော့ တခြားသူတွေကို မင်းဘက်က စတင်ပြီး တိုက်ခိုက်လို့ ရပြီ။ တကယ်လို့ မင်းသာ တာအိုနယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်းကို တက်လှမ်းနိုင်မယ်ဆိုရင် ဂိုဏ်းကို ပြန်တည်ထောင်နိုင်ရုံတင်မကဘူး ယန့်လုဂိုဏ်းကို အရင်ကလို ခမ်းနားကြီးကျယ်တဲ့ အခြေအနေဆီ ပြန်ရောက်သွားအောင် လုပ်ပေးနိုင်မှာပါ”
ဝမ့်ယယ်၏ တည်ငြိမ်နေသော မျက်လုံးများထဲတွင် မီးတောက်များ ထပ်မံလောင်ကျွမ်းလာသကဲ့သို့ တောက်ပသွားသည်။
ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်လိုသော ဝမ့်ယယ်၏ ပြင်းပြသည့် ဆန္ဒနှင့် ဇွဲလုံ့လတို့ကို ရွှီနင် ခံစားလိုက်ရပေသည်။
အခန်း (၂၂၀) - ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ
“ရွှီနင်... မင်းက ယန့်လုဂိုဏ်းကို အထွတ်အထိပ်ရောက်အောင် ပြန်လည်ဦးဆောင်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်”
ဝမ့်ယယ်က ရွှီနင်အပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိနေလေသည်။ အကယ်၍ ရွှီနင်သာ ဝမ်ရှန့်ပြည်နယ်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာပါက နောင်တစ်ချိန်၌ တာအိုနယ်ပယ်၏ အဆင့်မြင့်ပိုင်းသို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်း အလွန်များပြားလှသည်ဟု သူ ခံစားနေရသည်။
“စီနီယာဝမ့်ယယ်... ဒီကိစ္စကို ကျောက်စိမ်းညဂိုဏ်းက လူတွေ ဆုတ်ခွာသွားတဲ့အထိနဲ့ ကျွန်တော် တာအိုနယ်ပယ်ကို တက်လှမ်းပြီးတဲ့အထိတော့ စောင့်ရလိမ့်မယ်”
ရွှီနင်က ဆက်၍ပြောလိုက်လေသည်။ “ဒါမှမဟုတ်ရင်တော့ ကျွန်တော် ဒီကနေထွက်ပြီး ဝမ်ရှန့်ပြည်နယ်ကို သွားမှာမဟုတ်ဘူး”
ဝမ့်ယယ်မှာ ခေတ္တမျှ စဉ်းစားခန်းဝင်သွားသည်။
“ချောက်နက်ကြီးမြောက်ပိုင်းက ပြည်နယ်ဆယ့်ခုနစ်ခုလုံး ပူးပေါင်းလိုက်ရင်တောင်မှ ကျောက်စိမ်းညဂိုဏ်းရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး”
“ခုလေးတင်ပဲ ယွဲ့ဝမ့်ဂိုဏ်းအပြင်ဘက်က လူသူကင်းမဲ့တဲ့ တောင်ပေါ်မှာ ကျောက်စိမ်းညဂိုဏ်းက တပည့်တစ်ယောက်ကို ငါဖမ်းမိခဲ့ပြီး သူဆီကနေ သတင်းအချက်အလက်တချို့ ရခဲ့တယ်”
ဝမ့်ယယ်က ဆက်လက်၍ “ပြည်နယ်ဆယ့်ခုနစ်ခုဆီကို ရောက်လာတဲ့ ကျောက်စိမ်းညဂိုဏ်းရဲ့ တာအိုနယ်ပယ်သိုင်းပညာရှင် စုစုပေါင်း ခြောက်ယောက်ရှိတယ်။ အဲဒီထဲက ငါးယောက်က တာအိုနယ်ပယ် ပထမအဆင့်မှာရှိပြီး တစ်ယောက်ကတော့ ဒုတိယအဆင့်မှာရှိတယ်။ တာအိုနယ်ပယ်မှာ အဆင့်တစ်ခုနဲ့တစ်ခုကြားက အင်အားကွာဟချက်က သိပ်ကိုကြီးမားလွန်းတယ်။ အတင်းအဓမ္မချိုးဖျက်ဝင်ရောက်ထားတဲ့ တာအိုနယ်ပယ်ပထမအဆင့် သိုင်းပညာရှင်တစ်ယောက်ဆိုရင်တောင် ကျောက်စိမ်းညဂိုဏ်းကလူတွေရဲ့ ပြိုင်ဘက် မဟုတ်နိုင်သေးဘူး”
“သူတို့ကို ပြည်နယ်ဆယ့်ခုနစ်ခုထဲကနေ အပြီးတိုင် နှင်ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး”
“အဲဒီလိုလား...”
ကျောက်စိမ်းညဂိုဏ်း၏ ပြဿနာကို ဖြေရှင်းရန်အတွက် ဝမ့်ယယ်တစ်ယောက် အကောင်းမြင်မနေကြောင်း ရွှီနင် အာရုံခံမိလိုက်ပေသည်။
ထို့အပြင် ပြဿနာတစ်ခုကိုလည်း ရွှီနင် သဘောပေါက်သွားသည်။ ဂိုဏ်းတူအစ်ကိုမော့သည် သူ၏လက်ထဲမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ဝမ့်ယယ်၏ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းပင်။
ဂိုဏ်းတူအစ်ကိုမော့ပါဝင်သော အဖွဲ့သည် ကျိဖုန်းပြည်နယ်သို့ ရောက်ရှိလာသော တစ်ခုတည်းသော တပည့်အဖွဲ့ဖြစ်ကြောင်း ယွဲ့ဝမ့်ဂိုဏ်း၏ တပည့်များထံမှ သူသိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် ဝမ့်ယယ် ဖမ်းဆီးခဲ့သော တပည့်ဆိုသည်မှာ သေချာပေါက် ဂိုဏ်းတူအစ်ကိုမော့ပင် ဖြစ်ပေလိမ့်မည်။
“စီနီယာ... ကျောက်စိမ်းညဂိုဏ်းက အဲဒီတပည့်ကို ဘယ်လိုများ စီစဉ်လိုက်လဲ”
ရွှီနင်က မေးမြန်းလိုက်သည်။
“သူ့ကို ငါအဆုံးစီရင်လိုက်ပြီ”
ဝမ့်ယယ်က ပြောလေသည်။
“ငါသာ သူ့ကို လွှတ်ပေးလိုက်ရင် ငါ့ရဲ့တည်နေရာ ပေါက်ကြားသွားလိမ့်မယ်။ တစ်ခါပေါက်ကြားသွားတာနဲ့ ကျောက်စိမ်းညဂိုဏ်းက တာအိုနယ်ပယ်သိုင်းပညာရှင်တွေ ငါ့ဆီကို သေချာပေါက် ရောက်လာကြမှာပဲ”
“ဪ... အဲဒီလိုကိုး...”
ရွှီနင် နားလည်သွားချေပြီ။
ဤသို့ဆိုလျှင် ကျိဖုန်းပြည်နယ်သို့ ရောက်လာသော ကျောက်စိမ်းညဂိုဏ်း၏ တပည့်များအားလုံးမှာ အသတ်ခံရလျှင်ခံရ၊ မဟုတ်လျှင် ဖမ်းဆီးခံလိုက်ရပြီဖြစ်သည်။ သူတို့သည် တာဝန်ကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခဲ့သည့်အပြင် အားလုံးမှာ ဤနေရာ၌ပင် အသက်ပါ ဆုံးရှုံးသွားခဲ့ရလေသည်။
“ဒါပေမဲ့ ကျောက်စိမ်းညဂိုဏ်းက လူတွေကို မောင်းထုတ်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ မင်းကို တာအိုနယ်ပယ်ဆီ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်မယ့် အခွင့်အရေးတစ်ခုတော့ ရှိသေးတယ်”
ဝမ့်ယယ်က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။
“တာအိုနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်အောင် ကူညီပေးမယ် ဟုတ်လား” ရွှီနင်မှာ အံ့အားသင့်သွားရသည်။
“ဟုတ်တယ်”
ဝမ့်ယယ်က ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ရဲ့ အကဲခတ်မှုအရဆိုရင် မင်းက တာအိုနယ်ပယ်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ အရင်းအမြစ်တွေရဲ့ အကူအညီကိုသာ ထပ်ရမယ်ဆိုရင် တာအိုနယ်ပယ်ကို တက်လှမ်းဖို့ဆိုတာ မင်းအတွက် သိပ်ခက်ခဲမှာ မဟုတ်ဘူး”
“ဒါကတော့...”
ဝမ့်ယယ်၏ စကားများတွင် အပေးအယူတစ်ခု ပါဝင်နေကြောင်း ရွှီနင် သိလိုက်သည်။ ထိုအရာကိုသာ လက်ခံလိုက်ပါက သူသည် ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကိုပါ လက်ခံရမည်ဖြစ်ပြီး ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ရန် ဝမ်ရှန့်ပြည်နယ်သို့ သွားရောက်ရမည် ဖြစ်ပေသည်။
သို့သော် ရွှီနင်သည် ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကို လက်ခံရန် ငြင်းဆန်နေခြင်း မဟုတ်ပေ။ သူ့တွင် အရင်းအမြစ်များသာ ရှိနေပါက အရာအားလုံးသည် ညှိနှိုင်း၍ရနိုင်ပေသည်။
“စီနီယာ... အခုပြောတဲ့ အရင်းအမြစ်တွေဆိုတာက ဘာတွေများလဲ”
ရွှီနင်က သူ၏သဘောထားကို ပြသသည့်အနေဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူ့အတွက်မူ တာအိုနယ်ပယ်သို့ တက်လှမ်းရေးသည်သာ ပထမဦးစားပေး ဖြစ်နေလေသည်။
ထိုစကားကို ကြားသောအခါ ဝမ့်ယယ်က ပြုံးလိုက်သည်။
“အချိန်တန်ရင် မင်းသိလာမှာပါ”
ဝမ့်ယယ်က ရှင်းပြလေသည်။
“ဒါပေမဲ့ အဲဒီအရင်းအမြစ်တွေက အခု ငါ့လက်ထဲမှာ မရှိဘူး။ ပြီးတော့ ပြည်နယ်ဆယ့်ခုနစ်ခုထဲမှာ ရှိနေတာလည်း မဟုတ်ဘူး။ ပြည်နယ်ဆယ့်ခုနစ်ခုရဲ့ ဘေးနား အဆုံးမဲ့ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်မှာ ရှိနေတာ”
“အဆုံးမဲ့ပင်လယ်ထဲမှာ...”
ပြည်နယ်ဆယ့်ခုနစ်ခု တည်ရှိရာ ကုန်းမြေကြီးသည် အဆုံးမဲ့ပင်လယ်ပြင်ဖြင့် ဝန်းရံထားခြင်းဖြစ်သည်။ ဝမ်ရှန့်ပြည်နယ်နှင့် ပြည်နယ်ဆယ့်ခုနစ်ခုတို့ကြားရှိ အတားအဆီးကို အဆုံးမဲ့ပင်လယ်ချောက်နက်ဟု ခေါ်ဆိုကြလေသည်။
ရွှီနင်သည် ပြည်နယ်ဆယ့်ခုနစ်ခုလုံးကိုပင် အနှံ့အပြား မရောက်ဖူးသေးရာ အဆုံးမဲ့ပင်လယ်ဆိုသည်မှာ သူ့အတွက် အလွန်ဝေးကွာလွန်းနေပေသည်။
“မင်းသာဆန္ဒရှိရင် အခုပဲ မင်းကို အဲဒီကိုခေါ်သွားပေးမယ်” ဝမ့်ယယ်က ပြတ်သားစွာ ပြောလိုက်သည်။
ရွှီနင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင်တော့ ခေါင်းညိတ်လိုက်လေသည်။
ဝမ့်ယယ်အနေဖြင့် သူ့ကိုခေါ်သွားရာတွင် မကောင်းသောရည်ရွယ်ချက် လုံးဝရှိမည်မဟုတ်ပေ။ သို့မဟုတ်ပါက သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းကသာ ပို၍ လွယ်ကူနေမည်ဖြစ်သည်။
“ဒါပေမဲ့ စီနီယာဝမ့်ယယ်... ကျွန်တော် အရင်ရှင်းစရာရှိတဲ့ ကိစ္စလေးတွေ ရှိသေးတယ်”
အကယ်၍ သူထွက်သွားလိုပါက ယွမ့်ယွမ်နှင့် အခြားသူများကို ကြိုတင်အသိပေးရမည်ဖြစ်ပြီး အခြေအနေကို ရှင်းပြရန်အတွက် မီရှင်းယယ်ထံသို့လည်း စာတစ်စောင် ရေးသားပေးပို့ရဦးမည် ဖြစ်သည်။
“ကောင်းပြီလေ”
ဝမ့်ယယ်က သဘောတူလိုက်သည်။
ထို့နောက် ရွှီနင်သည် အိမ်တော်မှထွက်လာခဲ့ပြီး ယွဲ့ဝမ့်ဂိုဏ်းမှ ထွက်ခွာတော့မည့်အကြောင်းကို ယွမ့်ယွမ်နှင့် စစ်ယင်တို့အား ပြောပြလိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြသော်လည်း ရွှီနင်ကို တားဆီးခြင်း မပြုခဲ့ကြပေ။ သူထွက်သွားတော့မည်ကို သိပြီးနောက်တွင် သူတို့၌ စိုးရိမ်ပူပန်မှုအချို့ ရှိနေကြောင်းကို ရွှီနင် ခန့်မှန်းမိလေသည်။
မည်သို့ပင်ဆိုစေကာမူ ရွှီနင်သာမရှိပါက ယွဲ့ဝမ့်ဂိုဏ်းသည် ကျောက်စိမ်းညဂိုဏ်းမှ လူများ၏ရှေ့မှောက်တွင် အားနည်းလွယ်ကူစွာ ပျက်စီးသွားနိုင်ပေသည်။
ရွှီနင်သည် ဤအချက်ကို သတိပြုမိသဖြင့် ယခုတစ်ကြိမ် ထွက်ခွာပြီးနောက် ယွဲ့လန်ဂိုဏ်းထံသို့ စာတစ်စောင်ရေးကာ ယွဲ့ဝမ့်ဂိုဏ်းကို အုပ်ချုပ်ရန် အခြားသော စွမ်းအားရှင်များကို စေလွှတ်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း သူတို့ကို ပြောပြလိုက်သည်။ ထို့အပြင် မီးခိုးရောင်လေးကိုလည်း ချန်ထားရစ်ခဲ့မည် ဖြစ်သည်။
ဤစကားများက သူတို့နှစ်ဦးကို စိတ်သက်သာရာ ရသွားစေခဲ့သည်။
ထို့နောက် ရွှီနင်သည် ကျောက်စိမ်းညဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စာတစ်စောင်ထဲတွင် ရေးမှတ်ကာ တစ်စုံတစ်ယောက်ကို ပေးပို့ခိုင်းလိုက်လေသည်။
တစ်ချိန်တည်းမှာပင် တာအိုနယ်ပယ်အတွက် အခွင့်အရေးတစ်ခုကို ရှာဖွေရန် သွားရောက်မည်ဖြစ်ကြောင်း ရွှီနင်က စာထဲတွင် ရှင်းပြထားသည်။ သို့သော် ဝမ့်ယယ်၏အကြောင်းကိုမူ သူ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။ ဝမ့်ယယ်နှင့်ပတ်သက်သော ကိစ္စကို လောလောဆယ် မပေါက်ကြားစေခြင်းကသာ ပိုကောင်းပေလိမ့်မည်။
သို့မဟုတ်ပါက တစ်ကြိမ်ပေါက်ကြားသွားသည်နှင့် ကိစ္စရပ်များမှာ ဒုက္ခရောက်လာနိုင်ပေသည်။
မထွက်ခွာမီ ရွှီနင်သည် မီးခိုးရောင်လေးအား ပေါ့ပေါ့ဆဆမနေရန် သေချာမှာကြားခဲ့သည်။
အကယ်၍ ဖြေရှင်း၍မရနိုင်သော အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက မိစ္ဆာသားရဲပန်းချီကားလိပ်ထဲသို့ ဝင်ရောက်ပုန်းအောင်းရန် သို့မဟုတ် ရွှီးဟူကျွင်း၏ အကူအညီကို တောင်းခံရန်လည်း ပြောဆိုခဲ့လေသည်။
မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် ရွှီနင်သည် ဝမ့်ယယ်၏နောက်သို့ လိုက်ပါကာ အရှေ့ဘက်သို့ ထွက်ခွာသွားလေတော့သည်။
လှိုင်းလုံးကြီးများက တဝုန်းဝုန်း ရိုက်ခတ်နေပြီး ကောင်းကင်ယံတစ်ခုလုံးတွင်လည်း လျှပ်စီးများ လက်နေလေသည်။ ကမ်းရိုးတန်းမှ မိုင်တစ်ရာခန့်အကွာတွင် သက်ရှိဟူ၍ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။
‘ဒါက အဆုံးမဲ့ပင်လယ်လား...’
ရွှီနင်သည် မိမိရှေ့မှ မြင်ကွင်းကို ကြည့်ရှုရင်း သမုဒ္ဒရာထဲရှိ အန္တရာယ်များကို သတိပြုမိလိုက်လေသည်။
“အဆုံးမဲ့ပင်လယ်ထဲမှာက အန္တရာယ်တွေချည်း ပြည့်နှက်နေပြီး ရေနေမိစ္ဆာသားရဲတွေလည်း မရေမတွက်နိုင်အောင် ရှိတယ်။ ဒါကြောင့် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်မပါဘဲ အဆုံးမဲ့ပင်လယ်ချောက်နက်ကို ဖြတ်သန်းပြီး ဝမ်ရှန့်ပြည်နယ်ကို သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တာအိုနယ်ပယ် ပထမအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်တောင်မှ အဆုံးမဲ့ပင်လယ်ချောက်နက်ကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ချင်မှ ဖြတ်သန်းနိုင်မှာ။ တာအိုနယ်ပယ် ဒုတိယအဆင့် ကြယ်တာရာချီနယ်ပယ် သိုင်းပညာရှင်တစ်ယောက်မှသာ ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာတာ”
ဝမ့်ယယ်က ရွှီနင်ကို ရှင်းပြလိုက်သည်။
“မင်းကို ငါခေါ်သွားမယ့်ကျွန်းက တာအိုနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်ဖြစ်တဲ့ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံရဲ့ အနားယူရာနေရာပဲ”
ဝမ့်ယယ်က ပြောလိုက်သည်။
“တာအိုနယ်ပယ် မိစ္ဆာသားရဲ... ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံတဲ့လား...”
အစစ်အမှန် တာအိုနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်ကို ရွှီနင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
“ဟုတ်တယ်။ ဝမ်ရှန့်ပြည်နယ်ကနေ ပြည်နယ်ဆယ့်ခုနစ်ခုဆီကို ငါထွက်ပြေးလာတုန်းက လမ်းမှာ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သူက အန္တရာယ်နဲ့ ကြုံနေရတာမို့လို့ ငါက ကူညီပေးခဲ့တာ။ ကျေးဇူးဆပ်တဲ့အနေနဲ့ နှစ်တစ်ရာလောက် သူချက်လုပ်ထားတဲ့ မိစ္ဆာမျောက်ဝံအရက်ကို ငါ့ကို ပေးချင်ခဲ့တာ”
“မိစ္ဆာမျောက်ဝံအရက်ကို ရှားပါးဝိညာဉ်သစ်သီးတွေ မရေမတွက်နိုင်အောင် သုံးပြီး အထူးသီးသန့် ချက်လုပ်တဲ့ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်ပြီးတော့ ချက်လုပ်ထားတာ။ အဲဒီထဲမှာပါဝင်တဲ့ ပြင်းထန်တဲ့ ဆေးဖက်ဝင်အာနိသင်တွေက တာအိုနယ်ပယ် အခြေခံအဆင့် သိုင်းပညာရှင်တစ်ယောက်အတွက် အရမ်းကို အကျိုးကျေးဇူးများတယ်”
“ဒါပေမဲ့ အဲဒီအချိန်တုန်းက ငါက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာလေ။ အဲဒီမိစ္ဆာမျောက်ဝံအရက်ကို သောက်လိုက်ရင်တောင်မှ အလကားပဲဆိုတာကို သိနေလို့ ငါငြင်းလိုက်တယ်။ အဲဒါကို ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက မြင်သွားတော့ နှစ်တစ်ရာကြာတဲ့အခါ ငါ့ရဲ့ တပည့်ငယ်တွေကို ခေါ်လာပြီး အသစ်ချက်ထားတဲ့ မိစ္ဆာမျောက်ဝံအရက်တွေကို လာယူခွင့်ပြုမယ်လို့ ပြောခဲ့တယ်”
“အဲဒီအချိန်တုန်းက ငါလည်း သဘောတူခဲ့လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အစီအစဉ်အရဆိုရင် ဒီကာလအတွင်းမှာ ဆက်ခံသူတစ်ယောက်ကို သေချာပေါက် ရှာတွေ့နိုင်မှာလေ။ ဒါပေမဲ့ ချိန်းဆိုထားတဲ့အချိန် ရောက်လာခါနီးတဲ့အထိ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ နောက်ဆုံးအချိန်လေးကျမှ မင်းကို ငါရှာတွေ့သွားတာပဲ”
ဝမ့်ယယ်သည် ရွှီနင်ကို အားကျလေးစားသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကို လွှဲပြောင်းရယူလိုကြောင်း ရွှီနင်က ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ သူ၏အမြင်တွင် ရွှီနင်သည် ယန့်လုဂိုဏ်း၏ ဆက်ခံသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
“မိစ္ဆာမျောက်ဝံအရက်လား... ငါလည်း သောက်ချင်တယ်ကွ”
သူတို့နှစ်ဦး၏ဘေးရှိ အပြာရောင်ဝံပုလွေ ချင်းယင်သည်လည်း ခေါင်းကို လှမ်းငုံ့လာလေသည်။ ချင်းယင်သည် သူတို့နောက်သို့ တောက်လျှောက် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
ခရီးစဉ်တစ်လျှောက် ဝမ့်ယယ်နှင့် စကားပြောဆိုမှုများမှတစ်ဆင့် အကယ်၍ သူသာ နောင်တစ်ချိန်တွင် ဝမ်ရှန့်ပြည်နယ်သို့ သွားရောက်ဖြစ်ပါက ချင်းယင်သည် သူ၏နောက်သို့လိုက်ပါပြီး သူ့အတွက် အကူအညီတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ရွှီနင် သိရှိခဲ့ရသည်။
သို့သော် သူတို့နှစ်ဦးကြားရှိ ပဋိပက္ခမှာ အပြည့်အဝ ပြေလည်သွားခြင်းတော့ မရှိသေးချေ။ ချင်းယင်သည် ရွှီနင်က ၎င်းအား ရိုက်နှက်ကာ အကျဉ်းချထားခဲ့မှုအတွက် ဒေါသထွက်နေဆဲပင်။
“ငါတို့ အဲဒီကိုရောက်ရင် မင်းကို နည်းနည်းပါးပါး မြည်းကြည့်ခိုင်းပါ့မယ်”
ဝမ့်ယယ်က ချင်းယင်ကို ကြည့်ကာ ပြုံးလိုက်လေသည်။
ထို့နောက် သူသည် ကမ်းစပ်သို့ လျှောက်သွားလိုက်ပြီး လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ လှေငယ်တစ်စင်းက သူ၏ရှေ့တွင် ပေါ်လာလေသည်။
ထိုလှေငယ်လေးမှာ ငွေရောင်ဖြစ်ပြီး လှေ၏မျက်နှာပြင်ပေါ်တွင် တောက်ပနေသော မျဉ်းကြောင်းများ ရှိနေသည်။ ရွှီနင်က စစ်ဆေးကြည့်လိုက်သောအခါ ၎င်းသည် တာအိုလက်နက်တစ်ခုဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“သွားရအောင်... လှေပေါ်တက်”
ဝမ့်ယယ်က ရှေ့မှဦးဆောင်ကာ လျှောက်သွားလိုက်ပြီး ရွှီနင်နှင့် ချင်းယင်တို့က နောက်မှ လိုက်ပါသွားကြသည်။ ရွှီနင် လှေပေါ်တွင် ထိုင်လိုက်သောအခါ မမြင်ရသော အတားအဆီးတစ်ခုက လှိုင်းလုံးများကို တားဆီးပေးထားသည်ကို ခံစားလိုက်ရသည်။
“အချို့သော အထူးပြုလုပ်ထားတဲ့ လှေတွေမှသာ အဆုံးမဲ့ပင်လယ်ထဲမှာ ရွက်လွှင့်နိုင်တာ။ မဟုတ်ရင်တော့ လှေမှောက်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်”
ဝမ့်ယယ်က လှော်တက်ကို အသုံးမပြုပေ။ သူသည် လှေကို ထိန်းချုပ်ကာ အဆုံးမဲ့ပင်လယ်ထဲတွင် ရွက်လွှင့်နေလေသည်။
အဆုံးမရှိသော လှိုင်းလုံးကြီးများ မိမိဆီသို့ ဦးတည်လာနေသည်ကို ရွှီနင် ခံစားလိုက်ရသည်။ လှေငယ်လေးမှာ အချိန်မရွေး မှောက်သွားနိုင်တော့မည့်အလား ထင်မှတ်ရပေသည်။
ရေနက်ပိုင်းတွင် ကူးခတ်နေသော ဧရာမ ပုံရိပ်ကြီးများစွာကိုလည်း ရွှီနင် မြင်တွေ့လိုက်ရသည်။ သို့သော် တာအိုနယ်ပယ်သိုင်းပညာရှင်တစ်ယောက်၏ အငွေ့အသက်ကို အာရုံခံမိပြီးနောက် သူတို့အားလုံး နောက်ဆုတ်သွားကြလေသည်။
‘စီနီယာဝမ့်ယယ်သာ မပါလာဘူးဆိုရင် ငါက အခုလောက်ဆို ဒီရေနက်ပိုင်းက မိစ္ဆာသားရဲတွေရဲ့ ဗိုက်ထဲတောင် ရောက်နေလောက်ပြီ...’
ရွှီနင်မှာ ခွန်အားကြီးမားသည် ဆိုသော်ငြားလည်း သမုဒ္ဒရာထဲရှိ အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲ အမြောက်အမြားနှင့်သာ ရင်ဆိုင်ရမည်ဆိုပါက နေရာမှာတင် သေချာပေါက် အသက်ပျောက်သွားပေလိမ့်မည်။
ဒိုင်း…
ရုတ်တရက် လှေ၏အထက်ရှိ တိမ်မည်းများကြားတွင် လျှပ်စီးများ လက်သွားရာ နေ့ခင်းဘက်အလား ထင်မှတ်ရလေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော လေထုက အဆုံးမဲ့ပင်လယ်ကြီးထဲတွင် မိမိသည် မည်မျှသေးငယ်လှကြောင်းကို ရွှီနင်အား သဘောပေါက်သွားစေခဲ့သည်။
“အဆုံးမဲ့ပင်လယ်ထဲမှာ ပျံသန်းနိုင်တဲ့ မိစ္ဆာသားရဲတွေကို အားမကိုးနဲ့။ မဟုတ်ရင် မင်းက လျှပ်စီးပစ်ခံရပြီး သေချာပေါက် သေသွားလိမ့်မယ်”
ဝမ့်ယယ်က သတိပေးလိုက်သည်။
ထိုအချိန်တွင် ချင်းယင်သည် လှေခန်း၏ ထောင့်တစ်နေရာတွင် ကွေးကွေးလေးဖြစ်ကာ တုန်ရီနေလေသည်။
“ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံရဲ့ ကျွန်းကိုရောက်ဖို့ ရက်အနည်းငယ်လောက် ကြာလိမ့်မယ်”
ဝမ့်ယယ်က ဆက်၍ ပြောလေသည်။ “မင်း ပျင်းနေတယ်ဆိုရင် မျက်လုံးမှိတ်ပြီး စိတ်ကို ငြိမ်ငြိမ်ထားလိုက်”
အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားသည်။
ဤနေ့တွင် လှေသည် ကောင်းကင်ယံ၌ တိမ်တိုက်များမရှိသော တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုသို့ ရွက်လွှင့်ရောက်ရှိလာခဲ့သည်။
“ကြည်လင်ကောင်းကင်နယ်မြေ...”
နေရောင်ခြည်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသောအခါ ရွှီနင်သည် နွေးထွေးမှုကို ခံစားလိုက်ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဆုံးမဲ့ပင်လယ်ထဲ၌ ရွက်လွှင့်ခဲ့ရသော ဝမ့်ယယ်၏ အတွေ့အကြုံအရ အဆုံးမဲ့ပင်လယ်ရှိ နေရာတိုင်းသည် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေခြင်းမဟုတ်ကြောင်း ရွှီနင် သိရှိခဲ့ရသည်။ ကြည်လင်ကောင်းကင်နယ်မြေဟု ခေါ်သော နေရာများလည်း ရှိသေးသည်။
အကယ်၍ ကြည်လင်ကောင်းကင်နယ်မြေအောက်တွင် နေထိုင်ရန် သင့်လျော်သည့် ကုန်းမြေများ ရှိနေပါက ၎င်းသည် ကျွန်းတစ်ကျွန်း ဖြစ်ပေါ်လာပေလိမ့်မည်။
အချို့သော ကျွန်းကြီးများသည် လူသားတို့၏ မင်းဆက်တစ်ခုကို တည်ထောင်နိုင်လောက်အောင် ကြီးမားလှသော်လည်း ချောက်နက်ကြီးမြောက်ပိုင်း၏အနီးတွင်မူ ထိုသို့သော ကျွန်းကြီးများ မရှိပေ။
“ငါတို့ ရောက်ခါနီးပြီ” ဝမ့်ယယ်က ပြောလိုက်သည်။
“ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံရဲ့ ကျွန်းက ဒီကြည်လင်ကောင်းကင်နယ်မြေအောက်မှာ ရှိတာ။ ဒီနေရာနဲ့ သိပ်မဝေးတော့ဘူး”
ပြောသည့်အတိုင်းပင် မကြာမီ ရွှီနင်သည် ကုန်းမြေတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ကျွန်းပေါ်တွင် သွားလာလှုပ်ရှားနေသော လူပုံရိပ်များကိုလည်း တွေ့နေရသည်။
“သူတို့က လူတွေလား”
ရွှီနင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
“သူတို့က လူတွေမဟုတ်ဘူး၊ မျောက်ဝံတွေပဲ”