အကြောင်းအကျိုး(ကမ္မ) ကို စုံစမ်းခြင်း
Vol. 62 Ch. 649
ချန်ဝူဟွေ့က လုံကျိုကျိုး၏ တိုကင်ပြားကို ထုတ်ပြပြီးနောက်တွင် မည်သူမှ ကန့်ကွက်ရဲခြင်း မရှိတော့ပေ။
ဟုန်းယွင်တောင် ခန်းမကြီးပေါ်ရှိ အစီအရင်မှာလည်း မကြာမီမှာပင် ပွင့်သွားခဲ့သည်။
ထို့နောက် ထန်ထျန်းက လျိုထျန်းဟုန်တို့ကို အပြင်မှာ ခေတ္တစောင့်ခိုင်းထားပြီး သူကိုယ်တိုင်မှာမူ ချန်ဝူဟွေ့နှင့်အတူ ခန်းမထဲသို့ ဝင်သွားခဲ့သည်။
ခဏအကြာတွင် သူတို့နှစ်ဦးမှာ ခန်းမ၏ အနောက်ဘက်ရှိ စာကြည့်ခန်းတစ်ခုသို့ ရောက်ရှိလာကြသည်။
ဤနေရာမှာ ဟုန်းယွင်တာအိုအရှင်၏ သီးသန့်စာကြည့်ခန်းဖြစ်ပြီး သူ၏ကျင့်ကြံရာ လှိုဏ်ဂူ သို့ သွားရာ လမ်းလည်း ဖြစ်သည်။
သူတို့နှစ်ယောက်တည်းသာ ကျန်တော့သည့်အချိန်တွင် ချန်ဝူဟွေ့က အားနာမနေတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။ "သခင်လေးထန်... ဟုန်းယွင်က... အသက်ရှင်သေးရဲ့လား"
ဟုန်းယွင်က ထန်ထျန်းကို တိုက်ခိုက်ခဲ့သည်ကို သူသိသွားပြီဖြစ်သော်လည်း ဟုန်းယွင် သေလား၊ ရှင်လား ဆိုသည်ကိုတော့ သူ မသိသေးပေ။
ထိုမေးခွန်းကို ထန်ထျန်းက ပြုံး၍ ပြန်ဖြေသည်။ "သူ လပေါင်းများစွာ ပျောက်နေတာကို မင်း သတိမထားမိဘူးလား"
ချန်ဝူဟွေ့ မှင်သက်သွားပြီးနောက် ခါးသက်သက် ပြုံးလိုက်သည်။ "တာအိုအရှင် အဆင့်တွေအတွက် တစ်ခါတည်းနဲ့ နှစ်ပေါင်းရာချီ တံခါးပိတ်ကျင့်ကြံတာက ပုံမှန်ပဲလေ၊ လအနည်းငယ်လောက် မတွေ့ရတာက ထူးဆန်းတယ်လို့ မထင်မိခဲ့လို့ပါ"
"ဒါဆိုရင်..."
"ဟုန်းယွင်က ဘာကြောင့် သခင်လေးကို ရုတ်တရက် တိုက်ခိုက်ခဲ့တာလဲဆိုတာ သိပါသလား"
"သူက မြင့်မြတ်နယ်မြေကို သစ္စာဖောက်လိုက်တာလား၊ နယ်မြေအပေါ် သက်ရောက်မှုတွေ ရှိလာမလားဆိုတာကို ကျွန်တော် စိုးရိမ်လို့ပါ"
ထန်ထျန်း၏ အဖြေကို ကြားရချိန်တွင် ဟုန်းယွင်မှာ သေချာပေါက် အသေဆိုးနဲ့ သေသွားပြီဖြစ်ကြောင်း ချန်ဝူဟွေ့ နားလည်လိုက်သည်။
ဟုန်းယွင် ဘယ်လိုသေသွားလဲ၊ ဘာကြောင့် ထန်ထျန်းကို လုပ်ကြံချင်ရတာလဲ ဆိုသည်ကို သူ အသေးစိတ် မသိချင်သော်လည်း မြင့်မြတ်နယ်မြေ၏ လက်ရှိ စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် ဤလုပ်ရပ်က နယ်မြေ၏ လည်ပတ်မှုကို ထိခိုက်မလားဆိုသည်ကိုတော့ သူ အတည်ပြုရန် လိုအပ်သည်။
အဆုံးတွင်တော့ ဟုန်းယွင်က သူနှင့် ခွန်အားမနိမ့်သည့် ဝါရင့် တာအိုအရှင်တစ်ဦး ဖြစ်ခဲ့ရာ သူ၏ ဩဇာလွှမ်းမိုးမှုမှာ အလွန်ကြီးမားလှသည်လေ။
ထန်ထျန်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "သူ ငါ့ကို တိုက်ခိုက်တာက ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ပါ၊ ထိုက်ယိ မြင့်မြတ်နယ်မြေနဲ့တော့ ပတ်သက်မှု သိပ်မရှိဘူး"
"ဒါပေမဲ့ အသေးစိတ်ကိုတော့ သူ့ရဲ့ ကျင့်ကြံတယ့် လှိုဏ်ဂူ ထဲကို ဝင်ကြည့်မှပဲ သိရလိမ့်မယ်"
ပြောပြီးနောက် သူက လက်ဖျောက်တစ်ချက် တီးလိုက်ရာ စာကြည့်ခန်းထဲတွင် တောက်ပနေသော ဟင်းလင်းပြင် တံခါးတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
ဘေးတွင်ရှိသော ချန်ဝူဟွေ့၏ မျက်လုံးထဲတွင် အလွန်အမင်း ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
တာအိုအရှင် တစ်ဦးဖြစ်လာပြီးနောက်တွင် သူနှင့်အတူ ယူဆောင်သွားနိုင်သော ကမ္ဘာတစ်ခု ကို ရှာဖွေလေ့ရှိကြပြီး ၎င်းကို ပျိုးထောင်ရင်း ဟင်းလင်းပြင် နိယာမများကို နားလည်အောင် ကြိုးစားကာ ကျင့်ကြံကြရသည်။
ယခု မြင်တွေ့နေရသော ဟင်းလင်းပြင် တံခါးမှာ ဝူကျိ တာအိုအရှင်၏ ထိုကမ္ဘာသို့ သွားရာ လမ်းပင် ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုကမ္ဘာက တာအိုအရှင်တစ်ဦး၏ အလျှို့ဝှက်ဆုံး နေရာဖြစ်ပြီး ပိုင်ရှင်မှလွဲ၍ အခြားသူများမှာ ပိုင်ရှင်ကို သတ်လိုက်လျှင်ပင် ထိုကမ္ဘာသို့ သွားရာလမ်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
သို့သော် ထန်ထျန်းကမူ လက်ဖျောက်တစ်ချက်တီးရုံဖြင့် အခြား တာအိုအရှင်အားလုံး မလုပ်နိုင်သည့် အရာကို အသာလေး လုပ်ပြလိုက်သည်။
ကျိကျွင်း အဆင့်ဆိုတာ တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းအောင် သန်မာတာလား
ချန်ဝူဟွေ့မှာ ဘာစကားမှ မပြောနိုင်ဘဲ ငြိမ်သက်သွားရသည်။
"မင်း ဒီမှာပဲ နေခဲ့"
" ငါ သွားကြည့်လိုက်ဦးမယ်၊ မင်း ဒီမှာပဲ စောင့်နေနော်"
ထန်ထျန်းက ပြောလိုက်သည်။
ချန်ဝူဟွေ့ကလည်း ရိုသေစွာဖြင့် ခေါင်းညိတ် နာခံလိုက်သည်။
ထို့နောက် ထန်ထျန်းက ဟင်းလင်းပြင် တံခါးထဲသို့ လှမ်းဝင်သွားပြီး စာကြည့်ခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခဏတွင် သူက သက်ရှိအော်ရာများ ပြည့်နှက်နေသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသည်။
ဤနေရာတွင် နေမရှိသော်လည်း ထာဝရလင်းထိန်နေသော တာအိုအလင်း တစ်မျိုး ရှိနေသဖြင့် ညဉ့်အခါဟူ၍ မရှိပေ။
ကောင်းကင်အောက်တွင် တောင်တန်းများနှင့် မြစ် များမှာ လှပတင့်တယ်လှပြီး တောအုပ်များကြားတွင် ပြေးလွှားနေသော ဝိညာဉ်သားရဲများကိုလည်း မြင်တွေ့နိုင်သည်။
ကြည့်ရသည်မှာ ထန်ထျန်း၏ ဆန်းကြယ် ဥကမ္ဘာထက် အများကြီး ပိုကြည့်ကောင်းလှသည်။
သို့သော် ဤနေရာက အပြင်ကမ္ဘာနှင့် တူနေသော်လည်း အမှန်တကယ်တွင်မူ မပြည့်စုံကြောင်း ထန်ထျန်း ချက်ချင်း သတိထားမိလိုက်သည်။
ကောင်းကင်တာအို နိယာမများမှာ မပြည့်စုံဘဲ ကမ္ဘာ့မူလ လည်း မရှိပေ။ ၎င်းကို သီးခြားလွတ်လပ်သော ကမ္ဘာတစ်ခုဟုပင် မခေါ်ဆိုနိုင်ပေ။
ဤမျှ စည်ကားနေခြင်းမှာလည်း ဟုန်းယွင်တာအိုအရှင်၏ နှစ်ပေါင်းသောင်းချီ၍ ပင်ပန်းကြီးစွာ ပြုစုပျိုးထောင်ထားမှုကြောင့်သာ ဖြစ်သည်။
ယခုအခါ ဟုန်းယွင်တာအိုအရှင် သေဆုံးသွားပြီဖြစ်ရာ ဤကမ္ဘာမှာ ဆက်လက် ထိန်းသိမ်းမည့်သူ မရှိတော့သဖြင့် နှစ်အနည်းငယ်အတွင်း အရာအားလုံးမှာ ပျက်စီးသွားပေလိမ့်မည်။
နောက်ဆုံးတွင် ဟင်းလင်းပြင်ထဲ၌ မျောလွင့်နေသော၊ အသက်မဲ့သည့် သာမန် ကမ္ဘာအကြွင်းအကျန် အပိုင်းအစလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
ကာလအတန်ကြာလျှင် ထိုအပိုင်းအစလေးမှာလည်း ဟင်းလင်းပြင်၏ တိုက်စားမှုအောက်တွင် ပျောက်ကွယ်သွားပေလိမ့်မည်။ အကြောင်းမှာ ၎င်း၌ ဟင်းလင်းပြင်ကို ခုခံနိုင်သည့် ကမ္ဘာ့အကာအကွယ် မရှိသောကြောင့် ဖြစ်သည်။
ပတ်ဝန်းကျင်ကို ကြည့်ရင်း ဝူကျိ တာအိုအရှင် အများစု လက်ထဲရှိ ကမ္ဘာများမှာလည်း ဟုန်းယွင်တာအိုအရှင်၏ ကမ္ဘာနှင့် များစွာ ထူးခြားလိမ့်မည်မဟုတ်ဟု ထန်ထျန်း ခန့်မှန်းလိုက်သည်။
ထိုကဲ့သို့သော ကမ္ဘာမျိုးက သူတို့ကို ကျိကျွင်း အဆင့်သို့ တက်လှမ်းနိုင်အောင် လုံးဝ ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဟုန်းယွင်တာအိုအရှင်က ကြောင်ကလေး၏ လျိုလီကမ္ဘာ ကို အဘယ်ကြောင့် မျက်စိကျခဲ့သနည်းဆိုသည်မှာ မအံ့သြစရာတော့မဟုတ်ပေ။
လျိုလီကမ္ဘာမှာ သေးငယ်သော်လည်း ၎င်းက ပြည့်စုံသော ကမ္ဘာတစ်ခုဖြစ်ပြီး အကန့်အသတ်မဲ့သော ဖြစ်နိုင်ခြေများ ရှိနေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူ့ကို ကျိကျွင်း အဆင့်သို့ တက်လှမ်းနိုင်စေမည့် အခွင့်အရေးပင် ဖြစ်သည်။
ခေတ္တမျှ ကြည့်ပြီးနောက် ထန်ထျန်းက ကိုယ်ယောင်ဖျောက်ကာ ခန့်ညားထည်ဝါသော ခန်းမကြီးတစ်ခုသို့ ရောက်ရှိသွားသည်။
ခန်းမအတွင်းပိုင်းမှာ ကျယ်ဝန်းလှပြီး အလွန်ပင် ခမ်းနားထည်ဝါလှသည်။
ဤနေရာမှာ ဟုန်းယွင်တာအိုအရှင် ပုံမှန်ကျင့်ကြံသည့် နေရာဖြစ်ကြောင်း ထန်ထျန်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
၎င်းမှာ ဟုန်းယွင်တာအိုအရှင်၏ ကမ္မ(အကြောင်းအကျိုး) များ အဓိက စုစည်းရာ နေရာလည်း ဖြစ်သည်။
သူ ဤနေရာသို့ လာရခြင်းမှာ ဤနေရာမှတစ်ဆင့် နည်းလမ်းအချို့ကို သုံးကာ ဟုန်းယွင်တာအိုအရှင် ယခင်က လုပ်ခဲ့သော ကိစ္စအချို့ကို ပြန်ကြည့်ရန် ဖြစ်သည်။
ခန်းမအလယ်သို့ ရောက်သည့်အခါ ထန်ထျန်းက မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
ခဏအကြာတွင် ကျိကျွင်း၏ အော်ရာက သူ၏ ကိုယ်ပေါ်မှ တဖြည်းဖြည်း ပျံ့လွင့်လာခဲ့သည်။
ကောင်းကင်တာအိုမှာ မြည်ဟည်း သွားတော့သည်
ကျိကျွင်း၏ အော်ရာ အောက်တွင် ကမ္ဘာကြီး၏ အမြင့်မြတ်ဆုံးသော ကောင်းကင်တာအို နိယာမများပင်လျှင် ခေါင်းငုံ့ အညံ့ခံလိုက်ရသည်။
ထို့နောက် တောက်ပသော ကြိုး များစွာမှာ ထန်ထျန်း၏ သက်ရောက် မှုအောက်တွင် ခန်းမထဲ၌ လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။
ထိုအရာများမှာ ဟုန်းယွင်တာအိုအရှင်၏ အကြောင်းအကျိုးကြိုး များ(ကမ္မကြိုး များ) ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့မှာ သူ ဤခန်းမထဲတွင် ပြုလုပ်ခဲ့သမျှ ကံကြမ္မာ လမ်းကြောင်းများလည်း ဖြစ်သည်။
ထန်ထျန်း ခန့်မှန်းထားသည့်အတိုင်းပင် ဤနေရာတွင် အကြောင်းအကျိုးကြိုး(ကမ္မကြိုး) များမှာ ရေတွက်၍မရနိုင်အောင် များပြားလှပြီး အရပ်မျက်နှာအသီးသီးမှ လာကာ ယခု သူရပ်နေသည့် နေရာတွင် စုဆုံနေကြသည်။
အကြောင်းအကျိုးကြိုး(ကမ္မကြိုး) များ အားလုံး ပေါ်လာပြီးနောက် ထန်ထျန်းက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။
တောက်ပသော အလင်းတန်းတစ်ခုမှာ သူ၏ မျက်လုံးထဲတွင် ဖျတ်ခနဲ ပေါ်သွားသည်။
ချက်ချင်းပင် ထိုအကြောင်းအကျိုးကြိုး(ကမ္မကြိုး) များပေါ်တွင် မတူညီသော ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်များမှာ ဟုန်းယွင်တာအိုအရှင်နှင့် ပတ်သက်သည့် အချက်အလက်များပင် ဖြစ်သည်။
မကြာမီမှာပင် ထန်ထျန်းမှာ အလွန်လျှို့ဝှက်သော အချက်အလက်များစွာကို မြင်တွေ့လိုက်ရသည်။
ဥပမာအားဖြင့် စစ်နတ်ဘုရားနန်းတော် မှာ ဟုန်းယွင်တာအိုအရှင်က အရှင်ဝူဟွေ့၏ လက်အောက်ရှိ တိမ်တိုက်တောင် မျိုးဆက်များကြားထဲသို့ တမင်တကာ ထည့်သွင်းထားခြင်းဖြစ်ပြီး ထို့နောက် တိမ်တိုက်ထျန်းဖူ ကမ္ဘာထဲသို့ အတူတူ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။
အောက်ကမ္ဘာမှ ထျန်းယွမ် အင်မော်တယ်အရှင် က ဟုန်းယွင်တာအိုအရှင်ထံ သတင်းပို့နေသည့် ပုံရိပ်များကိုလည်း သူမြင်လိုက်ရသည်။
ဟုန်းယွင်တာအိုအရှင်က သူ့ ဝိညာဉ်အသိ တစ်စိတ်တစ်ပိုင်းကို အချိန်နှင့် ဟင်းလင်းပြင် မှန် ထဲတွင် ဝှက်ထားကာ အောက်ကမ္ဘာသို့ တိတ်တဆိတ် လိုက်ပါသွားသည်ကိုလည်း မြင်တွေ့ရသည်။
သို့သော် သူနှင့် ဟုန်းယွင်တာအိုအရှင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် ပုံရိပ်ကိုမူ မတွေ့ရဘဲ ထိုအကြောင်းအကျိုးကြိုး(ကမ္မကြိုး) မှာ ထူးဆန်းစွာ ပြတ်တောက်နေသည်။
ဒါက သူသည် ကံကြမ္မာမဲ့သူ ဖြစ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ထန်ထျန်းမှာ ဟုန်းယွင်တာအိုအရှင်နှင့် ပတ်သက်သည့် အခြားသော အချက်အလက်များစွာကိုလည်း မြင်တွေ့ခဲ့ရသည်။ သူ ဤကမ္ဘာကို ပျိုးထောင်နေသည့် အချိန်များ၊ ကျိကျွင်း အဆင့်သို့ မော့ကြည့်သော်လည်း မရောက်နိုင်သဖြင့် မကျေမနပ်ဖြစ်နေသည့် စိတ်များ စသည်တို့ ဖြစ်သည်။
သို့သော် အချက်အလက် အများစုကို ထန်ထျန်းက လျစ်လျူရှုလိုက်သည်။
သူနှင့် ကြောင်လေးနှင့် ပတ်သက်သည့် အရာများကိုသာ သူ ရှာဖွေချင်နေခြင်း ဖြစ်သည်။
ခဏအကြာတွင် နေ့စဉ်ပုံရိပ်တစ်ခုက ထန်ထျန်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။
၎င်းမှာ ဟုန်းယွင်တာအိုအရှင်က "မြောင်ယန်" ဟု ခေါ် သူတစ်ဦးထံသို့ သတင်းတစ်ခု ပို့နေသည့် ပုံရိပ်ပင် ဖြစ်သည်။
"မြောင်ယန်..."
"ငါ့မှာတော့... မျှော်လင့်ချက် ရှိလာပြီ ထင်တယ်"