← Chapters

သနားစရာ ဟုန်းယွင်

Vol. 62 Ch. 654

သနားစရာ ဟုန်းယွင်

Vol. 62 Ch. 654

​လုံကျိုကျိုး၏ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာမှုက မြောင်ယန်၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။

​ထိုစဉ်က သူမသည် သူမ၏ အဆင့်အတန်းနှင့် ပြင်းထန်လှသော မြူဆွယ်ခြင်းကျင့်စဉ်ကို အသုံးချကာ ထူးချွန်ထက်မြက်သည့် လူငယ်များစွာကို သူမ၏ ခြေရင်းတွင် အရှုံးပေး ဝပ်တွား စေခဲ့သည်။ သူမ အလိုရှိသည့် အမျိုးသားမှန်သမျှကို ရနိုင်သလို သူမ ညွှန်ကြားသမျှကိုလည်း တစ်သွေမတိမ်း လုပ်ဆောင်ကြရပေသည်။

​ရေရှည် အောင်မြင်မှုများက လူတစ်ယောက်ကို “အရာအားလုံး ငါ့လက်ခုပ်ထဲမှာ ရှိနေတယ်” ဆိုသည့် အထင်မှားကို ပေးတတ်စမြဲ ဖြစ်သည်။

​မြောင်ယန်သည် ကမ္ဘာကြီးက ဤမျှသာဖြစ်ပြီး လောကရှိ လူသားများမှာလည်း ဤမျှသာ ဖြစ်သည်ဟု စတင် ထင်မြင်လာခဲ့သည်။ သူမ လိုချင်သည့် အရာမှန်သမျှကို နောက်ဆုံးတွင် မရရအောင် ယူနိုင်သည်ဟု ယူဆခဲ့သည်။

​နယ်ခံ အမျိုးသားများကို ကစားရသည်မှာ ငြီးငွေ့လာပြီဖြစ်ရာ အောက်ကမ္ဘာမှ တက်လာသည့် ပါရမီရှင် လူငယ်လေး လုံကျိုကျိုးကို သူမ အလွန်ပင် စိတ်ဝင်စားသွားခဲ့သည်။

​ထို့ကြောင့် မြောင်ယန်က လုံကျိုကျိုးထံသို့ စတင် ချဉ်းကပ်တော့သည်။

​သူမက အကြိမ်ကြိမ် အောင်မြင်ခဲ့ဖူးသော နည်းလမ်းများကို အသုံးပြုခဲ့သလို တိုက်ဆိုင်မှုပေါင်းစုံနှင့် အခွင့်အရေးပေါင်းစုံကိုလည်း ဖန်တီးခဲ့သည်။ သို့သော် ယခင်နှင့် မတူသည်မှာ လုံကျိုကျိုးက မည်သို့မျှ တုံ့ပြန်မှု မရှိခြင်းပင် ဖြစ်သည်။ သူက တကယ်ပင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသည့် သန့်စင် သော ကျင့်ကြံသူတစ်ဦး ဖြစ်နေပုံရသည်။

​သို့သော် ဤကဲ့သို့သော အပြုအမူက မြောင်ယန်ကို ပို၍ပင် စိတ်ဝင်စားသွားစေသည်။

​သူမ၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိသည့် လူငယ်မျိုး ရှိလိမ့်မည်ဟု သူမ မယုံကြည်ပေ။

​ထို့ကြောင့် သူမက လုံကျိုကျိုး၏ စရိုက်နှင့် ဝါသနာများကို စတင် လေ့လာတော့သည်။ လုံကျိုကျိုးကို ဖမ်းစားနိုင်ရန်အတွက် ထိုအချက်များပေါ် အခြေခံကာ အစီအစဉ်ပေါင်းစုံကို ရေးဆွဲခဲ့သည်။

​သို့သော် ဤတစ်ကြိမ်တွင်မူ သူမ တကယ်ပင် တွက်ချက်မှု မှားယွင်းသွားခဲ့သည်။

​လုံကျိုကျိုးသည် မူလကတည်းက အလွန်ထူးခြားသူ ဖြစ်ပြီး ကြီးမားသော တာဝန်များကိုလည်း ပခုံးထမ်းထားရသူ ဖြစ်ရာ မြောင်ယန် မည်သို့ပင် လုပ်​ ပါစေ သူက တုန်လှုပ်ခြင်း မရှိခဲ့ပေ။

​ထို့ပြင် သူ၏ အဆင့်တက် နှုန်းမှာလည်း အလွန် လျင်မြန်လှသည်။ မကြာမီမှာပင် ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ တာအိုအရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ဟုန်းယွင်၊ မြောင်ယန်တို့နှင့် အဆင့်တူနေရာသို့ ရောက်ရှိလာခဲ့သည်။

​ထို့နောက် ထိုက်ယိမြင့်မြတ်နယ်မြေကို တည်ထောင်ကာ ဤတိုက်ကြီးပေါ်ရှိ အင်အားစု အကြီးအသေး အားလုံးကို စတင် သိမ်းသွင်းတော့သည်။

​လုံကျိုကျိုး၏ မျက်လုံးထဲတွင်မူ မြောင်ယန် ဆိုသည်မှာ မည်သည့်အခါမျှ ရှိမနေခဲ့ပေ။

​ယင်းမှာ မြောင်ယန်အတွက် ပထမဆုံးအကြိမ် ရှုံးနိမ့်မှုကို မြည်းစမ်းလိုက်ရခြင်း ဖြစ်သည်။

​သို့သော် ဤကိစ္စအတွက် မြောင်ယန်က စိတ်ဓာတ်မကျသွားဘဲ လုံကျိုကျိုးအပေါ် ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။

​အချိန်ကြာလာသည်နှင့်အမျှ လုံကျိုကျိုးမှာ သာမန်လူမဟုတ်ကြောင်း သူမ သိလာခဲ့သည်။ သူ၏ ဦးဆောင်မှုအောက်တွင် ထိုက်ယိမြင့်မြတ်နယ်မြေမှာလည်း သူနှင့်အတူ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ဤတိုက်ကြီးပေါ်တွင် အင်အားအကြီးဆုံး အင်အားစု ဖြစ်လာလိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။

​သေချာစွာ စဉ်းစားပြီးနောက် မြောင်ယန်က ကျွမ်းချင်းနန်းတော် တစ်ခုလုံးကို ဦးဆောင်ကာ လုံကျိုကျိုးထံသို့ ခိုလှုံရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

​အကယ်၍ ကိစ္စများက ဤနေရာတွင်သာ ပြီးဆုံးသွားခဲ့လျှင် မြောင်ယန်မှာ ထိုက်ယိမြင့်မြတ်နယ်မြေ၏ အကြီးမားဆုံးသော ဝါရင့်ပုဂ္ဂိုလ်ကြီး ဖြစ်လာနိုင်သလို အရေးပါသော ရာထူးများဖြင့်လည်း ခံစားခွင့် ရရှိနိုင်ပေသည်။ အကြောင်းမှာ လုံကျိုကျိုးမှာ ဖြောင့်မတ်လှသော ဂိုဏ်းသားပုံစံမျိုး မဟုတ်ဘဲ မြောင်ယန်၏ အတိတ်ကိုလည်း ဂရုစိုက်နေမည့်သူ မဟုတ်သောကြောင့် ဖြစ်သည်။

​သို့သော် လောဘဇောက မသတ်နိုင်ပေ။ အမြင့်ဆုံးသော အာဏာ၏ အရသာကို သိထားသော သူမက သူတစ်ပါး လက်အောက်တွင် အေးအေးဆေးဆေး မည်သို့ နေနိုင်ပါမည်နည်း။

​လုံကျိုကျိုးထံတွင် အညံ့ခံခြင်းမှာ လုံကျိုကျိုး၏ ခွန်အားနှင့် အလားအလာကို မြင်သောကြောင့်သာ ဖြစ်သည်။ သူမသည် ယခင်က ကျွမ်းချင်းနန်းတော်တွင် လုပ်ခဲ့သလိုမျိုး မြင့်မြတ်နယ်မြေ၏ နေရာအနှံ့အပြားသို့ သူမ၏ အင်အားများကို ထိုးဖောက်ဝင်ရောက်စေကာ အာဏာကို ချုပ်ကိုင်ပြီး လုံကျိုကျိုးကို အရုပ်တစ်ခုလို ထားရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

​အကယ်၍ အောင်မြင်သွားပါက လုံကျိုကျိုးမှာ သူမအတွက် အလုပ်လုပ်ပေးရသူတစ်ဦးမျှသာ ဖြစ်သွားပေလိမ့်မည်။

​အစပိုင်းတွင် အရာအားလုံးက သူမ ဖြစ်ချင်သလို ဖြစ်လာခဲ့သည်။

​တည်ထောင်ကာစ ဖြစ်သော ထိုက်ယိမြင့်မြတ်နယ်မြေမှာ အထက်အောက် ခိုင်မာမှု မရှိသေးရာ သူမ၏ နည်းလမ်းများကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

​မကြာမီ အချိန်အတွင်းမှာပင် မြင့်မြတ်နယ်မြေ တစ်ခုလုံးကို နေရာအနှံ့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။

​နောက်ထပ် လုပ်ရန်ကျန်သည်မှာ လုံကျိုကျိုးက ဤတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ပေးသည်ကို စောင့်ရန်သာ ဖြစ်သည်။ ထို့နောက်မှ အောင်မြင်မှု အသီးအပွင့်များကို သူမက ခူးဆွတ်ရန် ဖြစ်သည်။

​သို့သော် သူမ လုံးဝ မျှော်လင့်မထားသော အချက်မှာ လုံကျိုကျိုးက တိုက်ပွဲများ ဆင်နွှဲနေစဉ်အတွင်းမှာပင် ကျိကျွင်းအဆင့်သို့ ရုတ်တရက် တက်လှမ်းသွားခြင်းပင် ဖြစ်သည်။

​ကျိကျွင်း... ၎င်းမှာ အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည့် နာမည် တစ်ခုပင် ဖြစ်သည်။

​သူက ကမ္ဘာအတွင်းရှိ အရာအားလုံးထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယခင်က ရှိခဲ့သော လောကီရေးရာ ပြဿနာမှန်သမျှမှာ ကျိကျွင်း ဖြစ်လာပြီးနောက်တွင် လုံးဝ ပျောက်ကွယ်သွားကာ တည်ရှိခြင်း မရှိတော့ပေ။

​မြောင်ယန်၏ စီစဉ်မှုများ၊ အကွက်ချမှုများနှင့် နည်းလမ်းမျိုးစုံမှာ လုံကျိုကျိုး ကျိကျွင်း ဖြစ်လာသည့် အခိုက်အတန့်တွင် ရေမြှုပ်ပမာ ပျောက်ကွယ်သွားခဲ့ပြီး ရယ်စရာတစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။

​ယင်းမှာ မြောင်ယန်အတွက် ဒုတိယအကြိမ်မြောက် ရှုံးနိမ့်မှု ဖြစ်သလို ပြန်လမ်းမရှိသော ရှုံးနိမ့်မှုလည်း ဖြစ်သည်။

​လုံကျိုကျိုးက တိုက်ပွဲများမှ ပြန်လှည့်လာပြီး မြင့်မြတ်နယ်မြေအတွင်းသို့ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် သူမ လုပ်ခဲ့သမျှ ကိစ္စတိုင်းမှာ သူမ၏ အသက်ကို နှုတ်ယူမည့် ကျိန်စာများ ဖြစ်လာလိမ့်မည်ကို သူမ ကောင်းကောင်း သိသည်။

​ထို့ပြင် ယင်းမှာ မလွဲမသွေ ဖြစ်လာမည့် ကိစ္စပင် ဖြစ်သည်။ အကြောင်းမှာ လုံကျိုကျိုး ကျိကျွင်း ဖြစ်လာပြီးနောက် ခုခံနေသည့် အင်အားစုများမှာလည်း အလုအယက် အညံ့ခံလာကြသဖြင့် ဤစစ်ပွဲမှာ မကြာခင် ပြီးဆုံးတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

​ထို့ကြောင့် အသက်ရှင်ရန်အတွက် မြောင်ယန်က သူမ စွမ်းနိုင်သမျှကို အသုံးချကာ အကြီးအကျယ် ပုန်ကန်မှုတစ်ခုကို ဖန်တီးခဲ့သည်။

​ထိုပုန်ကန်မှုကို အသုံးချကာ သူမက ဝေးလံသော အရပ်သို့ ထွက်ပြေးခဲ့ပြီး တခြားသော ကျိကျွင်းတစ်ဦး၏ နယ်မြေအတွင်း ခိုလှုံခွင့် တောင်းခံခဲ့သည်။

​ထိုအကြီးအကျယ် ပုန်ကန်မှုမှာလည်း ရက်ပိုင်းအတွင်းမှာပင် လုံကျိုကျိုး၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည်။

​ပုန်ကန်မှု၏ အဓိက လက်သည်မှာ ကျွမ်းချင်းနန်းတော် ဖြစ်နေသဖြင့် အလုံးစုံ စစ်ဆေးမှုများ ပြုလုပ်သည့်အခါမှ မြောင်ယန်၏ အမည်းစက် သမိုင်းကြောင်းများ အကုန်ပေါ်လာခဲ့တော့သည်။

​ထိုအချိန်မှသာ ပြင်ပလောကသို့ ပုံရိပ်ကောင်း များသာ ပြခဲ့သည့် ဤကျွမ်းချင်းနန်းတော် သခင်မ၊ ယခင် မြင့်မြတ်သမီးတော်မှာ ကွယ်ရာတွင် ဤမျှ ယုတ်မာညစ်ပတ်သော ကိစ္စများကို လုပ်ခဲ့ကြောင်း လူတိုင်း သိသွားကြသည်။

​လူတိုင်းက မြောင်ယန်၏ တကယ့် မျက်နှာဖုံး အစစ်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

​“အဲဒီတုန်းက မြောင်ယန် ရုတ်တရက် ပုန်ကန်ပြီးနောက်မှာ ဟုန်းယွင်က သူမနောက်ကို လိုက်သွားဖို့ တကယ်ပဲ ကြံစည်ခဲ့သေးတယ်”

​“ဒါပေမဲ့ ကံကောင်းတာက ဟုန်းယွင်ရှိတဲ့ အင်အားစုမှာ သူတစ်ယောက်တည်းက အာဏာရှိနေတာ မဟုတ်ဘူး”

​“ဂိုဏ်းချုပ်ဟောင်းနဲ့ အကြီးအကဲတွေက သူ့ကို တားဆီးခဲ့ပြီး မြောင်ယန်နောက်ကို လိုက်မယ့် ဟုန်းယွင်ကို အကျဉ်းချထားခဲ့တာ၊ နှစ်ပေါင်း တစ်ရာ ကြာတဲ့အထိပေါ့၊ အဲဒီနောက်မှ ပြန်လွှတ်ပေးခဲ့တာ”

​“ကျွန်တော်တို့ အားလုံးကတော့ ဟုန်းယွင်ဟာ မြောင်ယန် ဘယ်လိုလူလဲဆိုတာ သိသွားပြီလို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ အခုကြည့်ရတာတော့ အဲဒီလို မဟုတ်ပုံပဲ”

​“ဖြစ်နိုင်တာက အဲဒီ နှစ်တစ်ရာအတွင်းမှာ မြောင်ယန်ကို လူတိုင်း ဝိုင်းဆဲနေကြတဲ့ အချိန်ကို သူ လွဲချော်သွားတာ ဖြစ်လိမ့်မယ်”

​အရှင်ဝူဟွေ့က ပြောလိုက်သည်။

​ဇာတ်လမ်းအားလုံးကို ကြားပြီးနောက် ထန်ထျန်းက သက်ပြင်းကို အသာအယာ ချလိုက်သည်။

​ဤသမိုင်းကြောင်းမှာ တကယ်ပင် စိတ်ဝင်စားဖို့ ကောင်းလှသည်ဟု ပြောရမည်။

​မြောင်ယန်က အမြဲတမ်း ဓားသွားပေါ်တွင် ကပြနေသူ ဖြစ်ပြီး အန္တရာယ် ကြီးမားသလို အကျိုးအမြတ်ကလည်း ကြီးမားလှသည်။

​သို့သော် သူမက သူမ၏ ပါးနပ်မှုနှင့် နည်းလမ်းမျိုးစုံဖြင့် အရာအားလုံးကို သူမ၏ လက်ခုပ်ထဲသို့ ထည့်ထားနိုင်ခဲ့သည်။

​နှမြောစရာ ကောင်းသည်မှာ ဤလောက က ကျင့်ကြံခြင်းလောက ဖြစ်နေခြင်းပင် ဖြစ်သည်။

​မိမိကိုယ်တိုင် တကယ့် ထိပ်ဆုံးအဆင့်သို့ မရောက်ရှိသေးသရွေ့ မိမိ၏ ကံကြမ္မာကို မည်သည့်အခါမျှ အလုံးစုံ မချုပ်ကိုင်နိုင်ပေ။

​လုံကျိုကျိုး ပေါ်ထွက်လာမှုက သူမ ဂုဏ်ယူခဲ့သမျှ အရာအားလုံးကို ဤလူသားအပေါ်မှာပင် ပြိုလဲသွားစေခဲ့သည်။

​တစ်ခါက ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးမှာ ရေမြှုပ်ပမာ ဖြစ်သွားခဲ့ပြီး သူမကိုယ်တိုင်လည်း အိမ်ခြေမဲ့ ခွေးတစ်ကောင်လို သူမ၏ ဇာတိကို စွန့်ခွာကာ အဝေးသို့ ထွက်ပြေးခဲ့ရသည်။

​ဟုန်းယွင်ကတော့...

​မည်သို့ ပြောရပါမည်နည်း။

​ပါရမီရှင် တစ်ယောက် ဖြစ်သလို အမှန်တကယ်ပင် ဝမ်းနည်းစရာ ဇာတ်ကောင် တစ်ဦးလည်း ဖြစ်သည်။

​ဘဝ၏ ရှေ့တစ်ဝက်တွင် မြောင်ယန်နှင့် တွေ့ဆုံကာ အရုပ်တစ်ခုလို ကစားခြင်း ခံခဲ့ရသည်။ ပျော်ပါးပြီးနောက် ငြီးငွေ့မှုကို ဖြေဖျောက်ပေးမည့် ကိရိယာတစ်ခုအဖြစ်သာ သဘောထားခြင်း ခံခဲ့ရသည်ကို သူကိုယ်တိုင်ပင် မသိခဲ့ပေ။

​နောက်ဆုံးတွင်မူ ထန်ထျန်းနှင့် ထပ်မံ တွေ့ဆုံခဲ့ပြီး မည်သူမျှ မသိရှိနိုင်သော ဟာလာဟင်းလင်းပြင်ကြီးအတွင်း၌ပင် အသက်ပျောက်သွားခဲ့ရသည်။

​တကယ်ပင် သနားစရာ၊ ဝမ်းနည်းစရာနှင့် ရင်နာစရာ ကောင်းလှပေသည်။

​“ဖြစ်နိုင်တာက မြောင်ယန် ဘယ်လိုလူလဲဆိုတာ သူ သိနေပေမဲ့ လက်မခံနိုင်ဘဲ သူ့ကိုယ်သူ လိမ်ညာနေတာလည်း ဖြစ်နိုင်တယ်”

​ ထန်ထျန်းက ပြောလိုက်သည်။

​အရှင်ဝူဟွေ့က နှုတ်ခမ်းမဲ့ကာ “အဲဒါလည်း ဖြစ်နိုင်တာပဲ”

​“ဘာပဲပြောပြော မြောင်ယန်က သူ့အတွက်တော့ နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရတဲ့ ‘ လရောင်ဖြူ လေး’ မဟုတ်လား”

​“လူအများစုအတွက်တော့ ' အချစ်ဉီး’ ဆိုတာ သန့်ရှင်းစင်ကြယ်ပြီး ဘယ်သူမှ မထိနိုင်တဲ့ အရာမျိုး ဖြစ်နေတတ်တာပဲလေ”

All Chapters