ယင်စွမ်းအားကိုးမျိုးမိစ္ဆာ
Vol. 10 Ch. 913
ပေကျဲ့အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သွားလေသည်။
သူက အနက်ရောင်ဝတ်ဆင်ထားသူကို တစ်ချက်လေးပင် စကားမပြောရဲတော့ပါချေ။
တုန်းဟွာတောက်ကျွင်းက ပြုံးလိုက်ရင်း…
"တာအိုရောင်းရင်းပိုင်ကျဲ့ ကျေးဇူးပြုပြီး ကျုပ်တို့ကို လမ်းပြပေးပါဦး…"
ပိုင်ကျဲ့မှာ ယခုအချိန်ထိ ပုံမှန်ပြန်မဖြစ်သေးဘဲ တုန်လှုပ်နေဆဲ ဖြစ်လေသည်။
ပိုင်ကျဲ့က မွေးရာပါ တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ပြီး ကံကြမ္မာဆိုးများကို ရှောင်ရှားနိုုင်စွမ်း ရှိလေသည်။
ဆန်းလျန်ပြုလုပ်ထားသည့်အရံအတားမှာ အဆင့်မြင့်နတ်ဘုရားများကိုပင် စိတ်ရှုတ်ထွေးစေပြီး ထိုးဖောက်ထွက်ရန် ခက်ခဲလေသည်။ သို့သော်… ပိုင်ကျဲ့ကတော့ ပင်ကိုယ်စွမ်းရည်ဖြင့် လွတ်လမ်းကို သိရှိနေခဲ့သည်။
အချိန်နှင့်နေရာအတားအဆီးကို အလွှာလိုက်ပြုလုပ်ထားသည့် ဆန်းလျန်၏ အရံအတားကို ပိုင်ကျဲ့က ထိုးဖောက်ထွက်သွားလေသည်။ နတ်ဘုရားအုပ်စုက ပိုင်ကျဲ့၏နောက်သို့ သိသိသာသာရော မသိမသာပါလိုက်ခဲ့ကြသည်။
အရံအတားတစ်လျှောက် မြူခိုးများဝေနေပြီး ပင်လယ်လှိုင်းခတ်သံ သဲ့သဲ့ကိုကြားနေရလေသည်။ တစ်ခါတစ်ရံ ငရဲ၏အငွေ့အသက်ကို ခံစားရသလို တစ်ခါတစ်ရံ နတ်ဘုံနတ်နန်းအလား သာယာလှပသည့် အံ့သြစရာခံစားချက်ကို ခံစားရလေသည်။
ထိုအရိပ်အယောင်များအားလုံးသည် ပိုင်ကျဲ့သွားနေသည့်လမ်း၏အပြင်ဘက်မှ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
နတ်ဘုရားများအားလုံးက ပိုင်ကျဲ့၏အစွမ်းကို ကြိတ်ပြီး အံ့သြနေကြရလေသည်။ ပိုင်ကျဲ့၏တန်ခိုးစွမ်းအားများက လှည့်စားမှုမှန်သမျှထဲတွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်း ရှိလေသည်။ မည်သည့်လှည့်စားမှုအတွင်းသို့ ကျရောက်ပါစေ လွတ်အောင် ရုန်းထွက်နိုင်မည် ဖြစ်သည်။
သို့သော်… သူတို့ ယခုကဲ့သို့ ပိတ်မိနေသည့်အတွက် ဆန်းလျန်အတွက် အချိန် ပိုပြီးရသွားပြီ ဖြစ်လေသည်။ ဆန်းလျန်အနေဖြင့် ရရှိသည့်အချိန်အတွင်း မိုးကောင်းကင်တံခါးကို ရရှိသွားနိုင်လေသည်။
အားလုံးက ဆန်းလျန် မိုးကောင်းကင်တံခါး ရရှိသွားမည်ကို စိတ်ပူနေကြလေသည်။ ထို့ကြောင့် ပိုင်ကျဲ့၏ မွေးရာပါ အံ့သြစရာတန်ခိုးစွမ်းအားကို အားကိုးနေကြရခြင်း ဖြစ်လေသည်။
ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူမဟုတ်လျှင် ပိုင်ကျဲ့၏ တန်ခိုးစွမ်းအားကို မည်သူမှ တုပအသုံးပြုနိုင်မည် မဟုတ်ပေ။
***
ဆန်းလျန်သည် ဗလာနယ်ထဲတွင် ထိုင်နေလေသည်။
မိုးကောင်းကင်တံခါးဆိုသည်က ဧရာမခေါင်းလောင်းကြီးတစ်ခုဖြစ်လေသည်။
ခေါင်းလောင်းကြီးပတ်ပတ်လည်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အသက်ဓာတ်စွမ်းအားများလည်း ပျောက်ကွယ်နေလေသည်။
ဆန်းလျန်က မိုးကောင်းကင်တံခါးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။ သူက ခေါင်းလောင်းကြီးအတွင်းသို့ နတ်ဘုရားစိတ်အာရုံများပို့လွှတ်ကာ စူးစိုက်လေ့လာနေခြင်း ဖြစ်သည်။
ခေါင်းလောင်းကြီးအတါင်းတွင် များပြားလှစွာသည့် တာအိုအမှတ်အသားများက သိပ်သည်းစွာ ရေးထွင်းထားလေသည်။ ထိုတာအိုသင်္ကေတများထဲတွင် လောကတစ်ခုလုံးရှိ အနှစ်သာရအားလုံးကို တွေ့မြင်နိုင်လေသည်။
ဆန်းလျန်က မိုးကောင်းကင်တံခါးခေါင်းလောင်းကြီး၏ အရှင်သခင်ဖြစ်လိုလျှင် ထို တာအိုသင်္ကေတ များစွာထဲမှ တာအိုဆရာသခင်ထိုက်ယီ ချန်ထားခဲ့သည့် တာအိုသေင်္ကတကို အရင်ဆုံး ရှာဖွေရမည် ဖြစ်လေသည်။
ခေါင်းလောင်းကြီး၏ ယခင်ပိုင်ရှင်ဖြစ်သည့် ပထမမိုးနတ်မင်းသည်ပင်လျှင် တာအိုဆရာသခင်ထိုက်ယီ၏ တာအိုသင်္ကေတကို ရှာဖွေတွေ့ရှိခဲ့ခြင်း ရှိဟန် မတူပေ။
ပထမမိုးနတ်မင်းသာ တာအိုဆရာသခင်ထိုက်ယီ၏ တာအိုသင်္ကေတကိုတွေ့ရှိသွားပြီး ခေါင်းလောင်းကြီးကို သေသေချာချာ ထိန်းချုပ်နိုင်ခဲ့ပါက သူ့အနေဖြင့် ကျရှုံးသွားစရာ အကြောင်းရှိမည် မဟုတ်ပေ။
ထိုအကြောင်းများကို စဉ်းစားမိသည့်အခါ ဆန်းလျန် သက်ပြင်းချလိုက်မိလေသည်။
ရွှမ်တုတောက်ကျွင်း၏ အောင်မြင်မှုကို တစ်ချိန်က သူ ရှုံ့ချခဲ့ဖူးသည်။
ထိုအချိန်တုန်းက သူ အမှန်တရားကို နားမလည်ခဲ့သေးပေ။
ရွှမ်တုတောက်ကျွင်းက ထိုက်ချင်တာအိုဆရာသခင်၏ မူလသင်္ကေတဖြစ်သည့် ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုပြီး ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်ခဲ့သည်ကို သူ လုံး၀ လက်မခံနိုင်ခဲ့ပေ။
ယခုတော့ သူနားလည်သွားသည်မှာ ရွှမ်တုတောက်ကျွင်းသာ ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုခဲ့ခြင်း မရှိလျှင် ဟွင့်ယွမ်ဝူကျီအဆင့်ကိုတက်ရောက်နိုင်ရန် အဆ (၁၀၀)ခန့် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့်ပင်… စန်းချင်တာအိုဆရာသခင်ကြီး (၃)ပါးက သူတို့၏ မူလဝိညာဉ်သင်္ကေတများကို ထားရစ်ခဲ့ကြခြင်း ဖြစ်လေသည်။
ယွိချင်တာအိုဆရာသခင်ယွမ်စီထျန်းကျွင်းက စကြာဝဠာအစဦးပိုင်း၏ ရှေးကျမှုကို ကိုယ်စားပြုသူဖြစ်သည်။ စကြာဝဠာမတည်ရှိခင်က "ပရမ်းပတာလောက" ဟုခေါ်သည့် ခေတ်ဦးကာလတစ်ခု ရှိခဲ့ဖူးသည်။ ယွမ်စီထျန်းကျွင်းက ထို ပရမ်းပတာလောကကို ကိုယ်စားပြုသူဖြစ်သလို မရှိမှုကျေးရွာသည်လည်း ယွမ်စီထျန်းကျွင်း၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းကတော့ တကယ့်စကြာဝဠာကြီးတစ်ခုလုံးကို ဖွင့်လှစ်ခဲ့သူ ဖြစ်လေသည်။ ပရမ်းပတာလောကမှတစ်ဆင့် မိုး ၊ မြေ ၊ အရာအားလုံးကို ဖွင့်လှစ်ပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့် စန့်ချင်တာအိုဆရာသခင်နှင့် ယွိချင်တာအိုဆရာသခင်တို့ကို ဆန့်ကျင်ဘက်ဟုဆိုနိုင်သလို ညီညွတ်မှုဟုလည်း ဆိုနိုင်လေသည်။
ယွမ်စီထျန်းကျွင်းက ပထမဆုံးစတင်မွေးဖွားခဲ့သည့် "တစ်ခု" ဆိုသည့်အရာဖြစ်လျှင် လင်ပေါင်ထျန်းကျွင်းက "အသင်္ချေ" ကို ကိုယ်စားပြုလေသည်။ သူတို့ (၂)ယောက်သည် အသင်္ချေနှင့် တစ်ခုကို ရည်ညွှန်းလေသည်။
သူတို့ (၂)ယောက်၏ အသွင်အပြင်က မတူကွဲပြားလေသည်။ သို့သော် အနှစ်သာရကတော့ အတူတူပင် ဖြစ်သည်။ "မရှိမှု" နှင့် "တည်ရှိမှု" ကို ကိုယ်စားပြုသည့် သရုပ်သကန်လည်း ဖြစ်လေသည်။
ကိုယ်ကျင့်တရားကောင်းမြတ်သည့် ထိုက်ချင်တာအိုဆရာသခင်ကတော့ "အမှန်တရား" ကို ကိုယ်စားပြုသူ ဖြစ်လေသည်။
စကြာဝဠာ မဖြစ်တည်ခင် "မရှိမှု" နှင့် စကြာဝဠာဖြစ်တည်လာပြီးနောက်ပိုင်း "တည်ရှိမှု" တို့၏ တစ်ခုတည်းသော လမ်းသည်ကား "အမှန်တရား" ဟု ခေါ်ဆိုသည့် သစ္စာတရားပင် ဖြစ်ပေ၏။
"အရာအားလုံးက သဘာဝတရားမှ မွေးဖွားလာခြင်း ဖြစ်သည်။ ထိုအရာကို 'တာအို' ဟု ခိုင်မာစွာ ခေါ်ဆိုနိုင်သည်။"
ဆိုသည့် စကားပုံအတိုင်းပင် ဖြစ်သည်။
စန်းချင်တာအိုဆရာသခင် (၃)ပါးသည် လောကရှိ အရာအားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်လေသည်။ ထို့ကြောင့် သူတို့ကို သုံးပါးပေါင်းလျှင်တစ်ပါးတည်းဖြစ်သည်ဟု လူအများက ဆိုကြခြင်း ဖြစ်လေ၏။
ထိုသို့ စန်းချင်တာအိုဆရာသခင် (၃)ပါး၏ ညီညွတ်မှုသည် မြင့်မြတ်သည့်တည်ရှိမှုလည်းဖြစ်သလို လောက၏ အနှစ်သာရလည်း ဖြစ်လေသည်။
သူတို့သည် မတူညီသည့်လမ်းစဉ်အသီးသီးကို လျှောက်လှမ်းကြရင်း တူညီသည့်ဦးတည်ရာသို့ ရောက်ရှိခဲ့ကြသည်။
သူတို့သည် စကြာဝဠာအမှန်တရား၏ နက်ရှိုင်းမှုကို ထိုးဖောက်နိုင်ခဲ့ကြသည်။ သူတို့သည် သံသရာကို ကျော်လွန်ခဲ့ကြပြီး သဘာဝတရား ၊ အကြောင်းအကျိုးတို့နှင့် နက်ရှိုင်းစွာ ဆက်နွယ်မှု ရှိခဲ့ကြသည်။
ထိုသို့သောအကြောင်းအကျိုးများက သူတို့၏ မူလဝိညာဉ်သင်္ကေတအဖြစ် တည်ရှိနေခဲ့ကြသည်။
ဆန်းလျန် ရင်ဆိုင်ခဲ့ရသည့် ကြောက်မက်ဖွယ်ရာ ဘေးအန္တရယ်ကပ်ဆိုးကြီးသည် စန့်ချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင်၏ ကြီးမားသည့် အကြောင်းအကျိုး သက်ရောက်မှုများကြောင့် ဖြစ်လေသည်။
ဆန်းလျန်က ထို ဘေးအန္တရယ်ကပ်ဆိုးကြီးကို ရအောင် ခုခံနိုင်ခဲ့သည်။ ထိုသို့ ခုခံရင်း စန့်ချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင် ဆက်နွယ်မှုရှိသည်ဟု သူ ထင်ခဲ့မိသည်။
သို့သော်… သူ၏ ထင်မြင်ချက်က မှားယွင်းနေခဲ့လေသည်။
ကျင့်စဉ်လမ်းအဆင့်မြင့်လာလေ ကပ်ဆိုးဘေးအန္တရယ်နှင့်ကြုံတွေ့ရခြင်းကလည်း ပိုမိုမြင့်မားလာလေ ဖြစ်လေသည်။ ထိုအချက်နှင့်ပတ်သက်ပြီး ဆန်းလျန် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
ထိုသို့ မဖြေရှင်းနိုင်သည့်အတွက် သူက တာအိုဆရာသခင်ကြီးများ၏ လမ်းစဉ်အတိုင်းလိုက်ပြီး သံသရာကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
သူ၏ကိုယ်ပိုင်လမ်းစဉ်ကို အသုံးပြုပြီး တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာအောင် ကျင့်ကြံမည်ဆိုလျှင်လည်း မဖြစ်နိုင်ပေ။
သူ့ရှေ့မှ တာအိုဆရာသခင်ကြီးများ၏ ပုံရိပ်များကို ဖိနှိပ်ရန်မှာ ဆန်းလျန်အနေဖြင့် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ခဲ့ပေ။
လောကတွင် အကြွင်းမဲ့ပြည့်စုံသည့်အရာမရှိပေ။ ထို့ကြောင့် ဆန်းလျန်သည်လည်း ပြည့်စုံသူတစ်ယောက် မဟုတ်ပေ။
ယခု မိုးကောင်းကင်တံခါးကို ထိန်းချုပ်နိုင်သည့်တိုင် သူ၏ တာအိုကျင့်စဉ်လမ်းက အဆင့်မြင့်တက်သွားနိုင်မည် မဟုတ်ပေ။ သို့သော်… တန်ခိုးစွမ်းအားနှင့် တိုက်ရည်ခိုက်ရည်ကတော့ တိုးတက်လာမည် ဖြစ်လေသည်။
မိုးကောင်းကင်တံခါးကို ထိန်းချုပ်နိုင်ရန်အတွက် တာအိုဆရာသခင်ထိုက်ယီ၏ မူလဝိညာဉ်သင်္ကေတကို ဆန်းလျန် တွေ့အောင်ရှာရပေမည်။ တာအိုဆရာသခင်ကြီးတစ်ပါးထားခဲ့သည့်သင်္ကေတကို ရှာတွေ့ရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။
သူက ခေါင်းလောင်းကြီးကို အာရုံစိုက်နေရင်းမှ ညာဘက်လက်ကို ရုတ်တရက်ဆန့်ထုတ်လိုက်လေသည်။ ထို့နောက် လက်ညိုးနှင့်လက်ခလယ်ကို အသာထောင်လိုက်လေ၏။
ထို့နောက်… လက်ညိုးမှာ သူ၏လက်မှ ပြုတ်ထွက်သွားပြီး လူသားဦးခေါင်းနှင့် မြွေတစ်ကောင်၏ ခန္ဓာကိုယ်ရှိသည့် သွေးနီရောင်မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ထို့နောက် သွေးနီရောင်မိစ္ဆာသည် နတ်ဘုရားများကို ထိန်းချုပ်ရန် ဆန်းလျန်ပြုလုပ်ထားသည့် အရံအတားအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
…………….
နတ်ဘုရားအုပ်စုမှာ ပိုင်ကျဲ့၏ ဦးဆောင်မှုဖြင့် အရံအတားကို ထိုးဖောက်ထွက်လာကြလေသည်။
ထိုအချိန်မှာပင်… ခုံရွှမ်းက ရုတ်တရက် ပြောလိုက်လေသည်။
"ရပ်လိုက်…"
ခုံရွှမ်း၏ စကားသံကို ယွင်ရှောင်းနတ်သမီးလည်း ကြားလိုက်ရသည်။
ခုံရွှမ်း၏ဘေးမှ နတ်သမီးတစ်ပါးက…
"ဘာဖြစ်လို့လဲ…"
ခုံရွှမ်းက မှိတ်ထားသည့်မျက်ဝန်းများကို ခပ်ဖြည်းဖြည်းဖွင့်လိုက်ပြီး…
"အန္တရယ်ဖြစ်တော့မယ်…"
ယွင်ရှောင်းနတ်သမီးက…
"မင်းက ဘယ်လိုလုပ်သိတာလဲ…"
ခုံရွှမ်းက…
"ကျုပ်ရဲ့တန်ခိုးစွမ်းအားတွေ ဆုံးရှုံးသွားပြီဆိုပေမယ့် ကျုပ်ရဲ့ကျင့်ကြံခြင်းအဆင့်က မနည်းခဲ့ပါဘူး ၊ အခုဆို ကျုပ်ရဲ့ ဝိညာဉ်စွမ်းအားတွေက အရင်ကထက်တောင် မြင့်မားလာသေးတယ် ၊ ဆန်းလျန်ကိုသာ မရှုံးနိမ့်ခဲ့ဘူးဆိုရင် ကျုပ်က သေချာပေါက် ကျင့်စဉ်လမ်း အဆင့်တက်တော့မယ့်သူပါ…"
ယွင်ရှောင်းနတ်သမီးက…
"အဲဒီတော့…"
ထိုအချိန်မှာပင် ပိုင်ကျဲ့က ခုံရွှမ်း၏ စကားအတိုင်း ရှေ့သို့ ဆက်မသွားဘဲ ရပ်တန့်လိုက်လေသည်။
နတ်ဘုရားများအားလုံး အတူတူ ခေတ္တရပ်တန့်လိုက်ကြသည်။ အချို့နတ်ဘုရားများက ပိုင်ကျဲ့ အဘယ့်ကြောင့် ရပ်လိုက်သည်ကို မသိရှိကြပေ။
ရုတ်တရက်…
သူတို့ရှေ့မှ အချိန်နှင့်နေရာက ပြိုကျပျက်စီးသွားလေသည်။
ထူးဆန်းသည့် ဒီရေလှိုင်းများ စီးဆင်းဝင်ရောက်လာပြီး နတ်ဘုရားများမှာ ရေလှိုင်းများထဲတွင် မျောပါကုန်ကြလေသည်။ ပိုင်ကျဲ့သည်လည်း မြစ်ရေထဲသို့ ပြုတ်ကျသွားလေသည်။
ထိုဒီရေလှိုင်းများက အချိန်ရေစီးကြောင်းပင် ဖြစ်လေသည်။
တုန်းဟွာတောက်ကျွင်းနှင့် အနက်ရောင်ဝတ်လူတို့က နတ်ဘုရားအလင်းတန်းများဖန်ဆင်းကာ မြစ်ရေထက်တွင် ရပ်နေကြလေသည်။
အခြားသောနတ်ဘုရားများကလည်း တန်ခိုးစွမ်းအားများကို အသုံးပြုလိုက်ပြီး မြစ်ရေထဲတွင် နစ်မြုပ်မသွားအောင် ကြိုးစားနေကြလေသည်။
ထိုအချိန်မှာပင်… တစ်ကိုယ်လုံး သွေးနီရောင်တောက်ပနေပြီး လူဦးခေါင်းနှင့် မြွေခန္ဓာကိုယရှိသည့် မိစ္ဆာတစ်ကောင် မြစ်ရေထဲမှ ထွက်ပေါ်လာလေသည်။
အနက်ရောင်ဝတ်လူနှင့်ကျန်းဝူနတ်ဘုရားက နောက်သို့ ခြေတစ်လှမ်းစီဆုတ်လိုက်ကြပြီး…
"ယင်စွမ်းအားကိုးမျိုးမိစ္ဆာ…"
ဟု ပြောလိုက်ကြလေသည်။
နတ်ဘရားတစ်ပါးက…
"အဲဒါ ယင်စွမ်းအားကိုးမျိုးမိစ္ဆာလား…"
ကျန်းဝူနတ်ဘုရားက…
"ဟုတ်တယ် ၊ ကျုပ် အရင်က တွေ့ဖူးသေးတယ် ၊ ဒါပေမဲ့ ဒီ ယင်စွမ်းအားကိုးမျိုးမိစ္ဆာကတော့ ဆန်းလျန် ဖန်ဆင်းထားတာပဲ ဖြစ်ရမယ်…"
ခုံရွှမ်းက ပေါ့ပါးသည့်လေသံဖြင့်…
"ယန်ကျန်းတောင်မှ မဟူရာနဂါးကြီးအဖြစ် ဖန်ဆင်းပြသေးတာပဲ ၊ ဆန်းလျန်က ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို ဖန်ဆင်းနိုင်တယ်ဆိုတာ ထူးဆန်းတယ်လို့တော့ ပြောလို့မရဘူး…"
ယွင်ရှောင်းက ခေါင်းညိတ်လိုက်ရင်း…
"ဒါပေမဲ့ ယင်စွမ်းအားကိုးမျိုး မိစ္ဆာကို ဖန်ဆင်းဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး ၊ နှစ်ပေါင်းတော်တော်ကြာအောင် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်မှဖြစ်မယ့်ကိစ္စပဲ ၊ ပြီးတော့ အဲဒီမိစ္ဆာက အချိန်ရေစီးကြောင်းထဲမှာဆိုရင် အံ့မခန်းအစွမ်းထက်တဲ့ သတ္တဝါပဲ ၊ သူ့ကို ဖြတ်ကျော်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူး…"
ခုံရွှမ်းက…
"အမှန်ပဲ ၊ ဒါပေမဲ့ ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို ကျော်ဖြတ်ဖို့ သိပ်ပြီးအလျင်စလိုလုပ်စရာ မလိုပါဘူး ၊ အရင်ဆုံး ကျုပ်တို့ ပိုင်ကျဲ့ကို ကယ်မှဖြစ်မယ်…"
ယွင်ရှောင်းနတ်သမီးက …
"ဒီအချိန်ရေစီးကြောင်းက အစစ်အမှန်မဟုတ်ပေမယ့် ခန့်မှန်းရခက်သလို ကြောက်စရာလည်း ကောင်းတယ် ၊ ဒီရေထဲကျသွားတဲ့သူကို ဘယ်လိုကယ်မှာလဲ…"
ခုံရွှမ်းက စီးဆင်းနေသည့် အချိန်ရေစီးကြောင်းကို တစ်ချက်စိုက်ကြည့်လိုက်လေသည်။
ထို့နောက် မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း…
"ကျုပ်ကို ကျန်းဝူမရဏဓားခဏငှားပါလား…"
***