ကျန်းဝူမရဏဓား
Vol. 10 Ch. 914
ခုံရွှမ်းက ကျန်းဝူနတ်ဘုရားထံမှ ကျန်းဝူမရဏဓားကို ငှားယမ်းလိုက်ခြင်း ဖြစ်လေသည်။
ခုံရွှမ်း၏ စကားကြောင့် ယွင်ရှောင်းမှာ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။
သူမက…
"မင်းက ကျန်းဝူနတ်ဘုရားဓားကို ကိုင်နိုင်သေးလို့လား…"
လက်ရှိအချိန်တွင် ခုံရွှမ်းမှာ တန်ခိုးစွမ်းအားများ လုံးဝမရှိတော့သည့်အတွက် သူမက ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
သို့သော်… ခုံရွှမ်း၏ ဝိညာဉ်စွမ်းအားများကတော့ ကောင်းမွန်ပြည့်ဝနေသေးသည်ကို ယွင်ရှောင်း ရိပ်မိထားလေသည်။ မည်သို့ပင်ဖြစ်စေ… ခုံရွှမ်းအနေဖြင့် ကျန်းဝူမရဏဓားကို အသုံးပြုနိုင်သေးသည်ဆိုလျှင်တော့ မယုံကြည်နိုင်စရာ အခြေအနေပင် ဖြစ်လေ၏။
ခုံရွှမ်းက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…
"ကျန်းဝူနတ်ဘုရားဓားကို ကျုပ် ကိုင်နိုင်ဖို့အတွက်ကတော့ မင်းကိုပဲ အကူအညီတောင်းရမှာပဲ ၊ ယွင်ရှောင်းနတ်သမီး… ကျုပ်ကို တန်ခိုးစွမ်းအားနည်းနည်းလောက်ပေးပါလား…"
ယွင်ရှောင်းက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ…
"မင်းကို တန်ခိုးစွမ်းအားထည့်ပေးရမှာက ပြဿနာမရှိပါဘူး ၊ ဒါပေမဲ့ မင်းရဲ့ လက်ရှိအခြေအနေနဲ့ ငါ့ရဲ့ စန့်ချင်တန်ခိုးစွမ်းအားဒဏ်ကို ခံနိုင်ရည် ရှိပါ့မလား…"
ယွင်ရှောင်းနတ်သမီးက ထုန်ထျန်းအရှင်သခင်၏ တပည့်တစ်ယောက် ဖြစ်လေသည်။
ထို့ကြောင့် သူမပိုင်ဆိုင်ထားသည့် စန့်ချင်တန်ခိုးစွမ်းအားက ပြင်းထန်လွန်းလှသည်။ အရင်အခြေအနေဖြင့်ဆိုလျှင်တော့ စန့်ချင်တန်ခိုးစွမ်းအားများ မည်မျှပြင်းထန်ပါစေ ခုံရွှမ်းအနေဖြင့် လက်ခံယူနိုင်မည် ဖြစ်လေသည်။
သို့သော်… ယခုတော့ သူက လုံးဝအသုံးမကျသည့်လူတစ်ယောက်ဖြစ်နေပေပြီ။ ယွင်ရှောင်းနတ်သမီး၏ တန်ခိုးစွမ်းအားများကို အဘယ်မှာ ခံနိုင်ရည် ရှိပါမည်နည်း။
ခုံရွှမ်းက…
"ဘာမှမဖြစ်ပါဘူး… ၊ မင်းရဲ့တန်ခိုးစွမ်းအား ကျုပ်ကို နည်းနည်းလောက်ပေးပါ…"
ခုံရွှမ်းကတောင်းဆိုသည့်အတွက် ယွင်ရှောင်းလည်း စမ်းကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
သူမနှင့်ကျန်းဝူနတ်ဘုရားတို့က ထိပ်တန်းအဆင့်နတ်ဘုရားများဖြစ်ကြလေရာ ပြဿနာတစ်ခုခု ဖြစ်လျှင်လည်း ခုံရွှမ်းအသက်မသေအောင်တော့ ကာကွယ်ပေးနိုင်ကြမည် ဖြစ်သည်။
ယွင်ရှောင်းနတ်သမီးက လက်ဖဝါးတစ်ဖက်ကို အသာဖြန့်လိုက်ရာ အပြာနုရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများမှာ စန့်ချင်တန်ခိုးစွမ်းအားပင် ဖြစ်သည်။ လောကတွင် အသန့်စင်ဆုံး တန်ခိုးစွမ်းအားဟု ဆိုနိုင်လေသည်။
ခွန်လွန်တောင်တွင် ချုပ်နှောင်ခံထားရသည့်အချိန်တွင် သူမ စန့်ချင်တန်ခိုးစွမ်းအားများကို သန့်စင်သည်ထက်သန့်စင်အောင် ကျင့်ကြံနိုင်ခဲ့လေသည်။
ထို့ကြောင့်… သူမ၏ တန်ခိုးစွမ်းအားများက သာမန်ထက်သာလွန်ပြီး အကြီးမားဆုံးစွမ်းအားဟုပင် ဆိုနိုင်လေသည်။
ထို့ကြောင့် ယွင်ရှောင်းနတ်သမီးလွတ်မြောက်လာသည့်အခါ တာအိုဆရာယွိတင်က အလွန်အမင်း မနာလိုဖြစ်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ယွင်ရှောင်းလွတ်မြောက်သွားပြီးနောက် ယွိတင်က သူမကို ထပ်မံထိန်းချုပ်ထားရန် မည်သည့်နည်းနှင့်မှ တတ်နိုင်တော့မည် မဟုတ်ပေ။
ယွင်ရှောင်း၏လက်ဖဝါးထက်မှ အပြာနုရောင်အလင်းတန်းများ ခုံရွှမ်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ခုံရွှမ်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။
သူ၏ခန္ဓာကိုယ်မှာ ပြိုကျတော့မည့်တံတိုုင်းတစ်ခုအလား ယိုုင်နဲ့နေပြီး အပြာနုရောင်အလင်းတန်းများက အပြင်ဘက်သို့ ပြန်စိမ့်ထွက်လာလေသည်။ သူ၏ကိုယ်တွင်းသို့ဝင်ရောက်လာသည့် စန့်ချင်တန်ခိုးစွမ်းအားများကို ထိန်းချုပ်ရခက်နေဟန်ရှိလေသည်။
ယွင်ရှောင်းနတ်သမီးက စိတ်ပူစွာဖြင့် ရပ်တန့်ရန် ပြင်လိုက်စဉ်မှာပင်…
ခုံရွှမ်းက…
"ဆက်လုပ်…"
ယွင်ရှောင်းနတ်သမီးက…
"အဲဒါ အန္တရယ်များတယ်…"
ခုံရွှမ်းက…
"ဘာမှမဖြစ်ဘူး ၊ ကျုပ်ကောင်းကောင်းနားလည်တယ်…"
သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်နေလေသည်။
ဆန်းလျန်နှင့် တိုက်ခိုက်ခဲ့ပြီးသည့်နောက် သူ တန်ခိုးစွမ်းအားနှင့်ပတ်သက်သည့်ဓမ္မကို အနည်းငယ် သဘောပေါက်လာခဲ့လေသည်။ ကန့်သတ်ချက်ကိုကျော်လွန်သွားသည့် တန်ခိုးစွမ်းအားမျိုးဖြစ်ပြီး သူ့အနေဖြင့် နားလည်သည့်တိုင် ရှင်းပြနိုင်ခြင်း မရှိပေ။
ထိုအရာက နွေဦးရာသီတွင် စီးဆင်းနေသည့် စမ်းချောင်းလေးအလား ဖြစ်လေသည်။
ခြောက်သွေ့သွားသည့်တိုင် အသစ်ပြန်လည်စီးဆင်းလာဦးမည် ဖြစ်သည်။ အသစ်ပြန်လည်စီးဆင်းလာသည့်အခါ ယခင်ကထက်ပင် ပိုမိုလတ်ဆတ် လန်းဆန်းနေပေလိမ့်ဦးမည်။
တစ်ချိန်တည်းမှာပင် ခုံရွှမ်းသည် ဆန်းလျန် ၊ ရွှမ်ဟွမ်မိုးနတ်မင်းနှင့် တိကျန်ဗောဓိသကျတို့၏အဆင့်များကို ချက်ချင်းနားလည်သွားလေသည်။
သူပင်လျှင် ခမ်းခြောက်နေသည့် နွေဦးရာသီစမ်းချောင်းလေးကို အနည်းငယ်မျှ ရေစီးဆင်းအောင် ပြုလုပ်နိုင်သည်ဆိုလျှင် ဆန်းလျန်နှင့်အခြားသူများကတော့ ပြောဖွယ်ရာ မရှိတော့ပေ။
ထိုသူများသည် နွေဦးစမ်းချောင်းငယ်ကို ပြန်လည်စီးဆင်းနိုင်စေခဲ့သည်သာမက အမြဲထာဝရစီးဆင်းနိုင်မည့် ရေအရင်းအမြစ်ကိုပင် ရှာဖွေတွေ့ရှိခဲ့ကြသူများ ဖြစ်ပေလိမ့်မည်။
ထိုအဆင့်သည် ကျင့်စဉ်လမ်း၏ နောက်ဆုံးအဆင့်ဟုဆိုနိုင်လေသည်။
ခုံရွှမ်း ယခုကဲ့သို့ သဘောပေါက်သွားသည်ကို ဆန်းလျန်သာ သိရှိသွားမည်ဆိုလျှင် အလွန်သဘောကျကျေနပ်သွားပြီး ခုံရွှမ်းနှင့် စကားစမြည်ပြောဆိုမည် ဖြစ်လေသည်။
အမှန်တော့ ဆန်းလျန် ၊ ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့သည် ပြိုင်ဘက်များသာ မဟုတ်ခဲ့ကြလျှင် တစ်ယောက်နှင့်တစ်ယောက် တာအိုတရားများဆွေးနွေးကြရင်း တာအိုဆရာသခင်ကြီးများအဖြစ် ရှေ့ဆင့်နောက်ဆင့် အဆင့်တက်ရောက်သွားကြမည့်သူများ ဖြစ်လေသည်။
သို့သော်… လက်ရှိအခြေအနေက ဤလောကတွင် တာအိုဆရာသခင်ကြီး (၁)ပါးသာလျှင် နောက်ထပ်ပွင့်တော့မည် ဖြစ်လေရာ သူတို့မှာ တစ်ယောက်နှင့် တစ်ယောက် ရန်သူများသဖွယ် ဖြစ်နေကြရခြင်းပင် ဖြစ်သည်။
သူတို့ (၃)ယောက်ထဲတွင် တိုက်ရည်ခိုက်ရည်အရှိဆုံးသူမှာ ရွှမ်ဟွမ်မိုးနတ်မင်း ဖြစ်လေသည်။ တိကျန်ဗောဓိသကျနှင့် ဆန်းလျန်တို့က ဒုတိယနေရာတွင် အသီးသီးရှိကြသည်။
သို့ရာတွင် သံသရာကိုကျော်လွန်ပြီး တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် အဆင့်တက်ရောက်ရန် အနီးစပ်ဆုံးသူမှာ ဆန်းလျန်ဖြစ်ပြီး တိကျန်ဗောဓိသကျနှင့် ရွှမ်ဟွမ်မိုးနတ်မင်းတို့က ဒုတိယနေရာတွင် ရှိနေကြလေသည်။
ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ပြီဆိုကတည်းက စက္ကန့်နှင့်အမျှ ကျင့်ကြံခြင်းအဆင့်က ပြောင်းလဲနေလေသည်။
အတိတ်အကြောင်းအရာများအားလုံးကို မှတ်မိခဲ့ပြီးသည့်နောက် ဆန်းလျန်သည် အတားအဆီးများအားလုံးကို ကျော်ဖြတ်ပြီး ယခင်အခြေအနေဖြစ်သည့် ဟွင့်ယွမ်ဝူကျီအဆင့်သို့ တန်းပြီး အဆင့်တက်သွားခဲ့လေသည်။ သူ့အတွက် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ယွင်ရှောင်းက စန့်ချင်တန်ခိုးစွမ်းအားတစ်ဝက်ခန့်ကို ခုံရွှမ်း၏ခန္ဓာကိုယ်တွင်းသို့ ပို့လွှတ်ပြီးသည့်အခါတွင်တော့ ခုံရွှမ်းက သူမကို ရပ်တန့်ခိုင်းလိုက်လေသည်။
ခုံရွှမ်း၏ခန္ဓာကိုယ်မှ မီးမှုံမီးဖွားလေးများကဲ့သို့ အမှုံငယ်လေးများ တဖြည်းဖြည်းချင်း ပျံ့လွင့်ထွက်လာနေလေသည်။ ခုံရွှမ်းကိုကြည့်ပြီး အခြားသောနတ်ဘုရားများထူးဆန်းမှုကို ခံစားလိုက်ရလေသည်။
ကျန်းဝူနတ်ဘုရားက ခုံရွှမ်းကိုကြည့်နေရင်းမှ တစ်ချက်ပြုံးလိုက်ရင်း…
"တာအိုရောင်းရင်းခုံရွှမ်း ၊ ဒီတစ်ခေါက်အောင်မြင်သွားရင်တော့ ရှေ့လျှောက်ကောင်းဖို့ပဲ ရှိတော့တယ် ၊ အရင်က လမ်းဟောင်းအားလုံးကို ကျော်လွန်သွားနိုင်မှာပဲ…"
ခုံရွှမ်းက…
"ကျန်းဝူနတ်ဘုရားက မြှောက်ပင့်နေပြန်ပါပြီ ၊ အရင်တုန်းက ကျုပ် ခုံရွှမ်း ကောင်းကင်ဘယ်လောက်မြင့်တယ် ၊ မြေကြီးဘယ်လောက်နက်တယ်ဆိုတာ နားမလည်ခဲ့ဘူး ၊ အခုတော့ ကျီဝေးဧကရာဇ် ဘယ်လောက်တန်ခိုးစွမ်းအားမြင့်မားပါစေ ချင်တိဧကရာဇ်ကိုတော့ အနိုင်ယူနိုင်မှာ မဟုတ်ဘူးပဲလေ…"
ကျန်းဝူနတ်ဘုရားက မုတ်ဆိတ်မွှေးများကို အသာသပ်လိုက်ရင်း…
"နတ်ဘုရားတိုင်း ကိုယ့်အမြင်နဲ့ကိုယ်ရှိကြပေမဲ့ ဘယ်သူမြင့်တယ် ၊ ဘယ်သူနိမ့်တယ်ဆိုတာ လွယ်လွယ်နဲ့ ဘယ်ပြောနိုင်မှာလဲ ၊ ဒါပေမဲ့ အခုချိန်မှာ တကယ်လေးစားထိုက်သူကိုပြပါဆိုရင် ဆန်းလျန်ထျန်းကျွင်း ၊ ရွှမ်ဟွမ်မိုးနတ်မင်းနဲ့ တိကျန်ဗောဓိသကျတို့ကိုပဲ လက်ညှိုးထိုးပြရမှာပါပဲ…"
ခုံရွှမ်းက အမြဲတမ်း မာနကြီးသူတစ်ယောက်ဖြစ်လေသည်။
သို့သော်…. သူက ကျန်းဝူနတ်ဘုရားကိုတော့ လေးစားမိလေသည်။ ကျန်းဝူနတ်ဘုရားက ရွှမ်တုတောက်ကျွင်းနှင့်ရန်သူဖြစ်သည့်တိုင် ယခုကဲ့သို့ စကားမျိုးကို သမာသမတ်ကျစွာ ပြောနိုင်ခဲ့သည်။
ကျန်းဝူနတ်ဘုရားတွင် အခြားသောလျှို့ဝှက်ချက်များရှိသေးသော်လည်း အမှန်တကယ်ရိုးသားသူဖြစ်ပြီး မိတ်ဆွေကောင်းတစ်ယောက်လည်း ဖြစ်လေသည်။
ကျန်းဝူနတ်ဘုရားက သူ့ကျောထက်တွင်လွယ်ထားသည့် အနက်ရောင်ဓားရှည်ကို ခုံရွှမ်းထံသို့ ကမ်းပေးလိုက်ရင်း…
"ဒီ ကျန်းဝူမရဏဓားကို ကျုပ်အသုံးပြုခဲ့တာ ကြာပါပြီ ၊ ဒီဓားကို တာအိုဆရာသခင်ထိုက်ယီတောင်မှ မျက်စိကျခဲ့ဖူးတယ် ၊ အခု ကျုပ်က တာအိုရောင်းရင်းခုံရွှမ်းကို ပေးလိုက်မယ် ၊ အကျိုးရှိအောင် အသုံးပြုပါ…"
ကျန်းဝူနတ်ဘုရားကလည်း ခုံရွှမ်းကို လေးစားသူ ဖြစ်လေသည်။
ထို့ကြောင့် ကျန်းဝူနတ်ဘုရားဓားကို ခုံရွှမ်းကို ပေးလိုက်ခြင်း ဖြစ်သည်။
ခုံရွှမ်းက တည်ကြည်သည့် မျက်နှာထားဖြင့်…
"ကြယ်စင်တစ်စင်းထက်တောင် လေးလံတဲ့ ကျန်းဝူနတ်ဘုရားဓားပါပဲ ၊ အနာဂတ်မှာ ခုံရွှမ်း ဒီဓားကို ပြန်ပေးပါ့မယ်…"
ကျန်းဝူနတ်ဘုရားက ပြုံးလိုက်ရင်း…
"တာအိုရောင်းရင်းခုံရွှမ်း ၊ မင်းက မွေးရာပါ ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားကို ပိုင်ဆိုင်တဲ့သူပါ ၊ မင်းရဲ့ တန်ခိုးစွမ်းအားတွေနဲ့ယှဉ်လိုက်ရင် ကျန်းဝူနတ်ဘုရားဓားက ဘယ်လောက်အဖိုးတန်မှာမို့လို့လဲ ၊ တကယ်တော့ မင်းနဲ့ အသင့်တော်ဆုံးက ထာဝရဓားပဲ ၊ ဒါပေမဲ့ အခု ထာဝရဓား ဘယ်ဆီရောက်နေလဲ ကျုပ်လည်း မသိတော့ဘူး…"
ခုံရွှမ်း စိတ်ထဲမှတွေးလိုက်မိသည်။
"ကျန်းဝူနတ်ဘုရားက တကယ်ခန့်မှန်းရခက်တယ် ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ့ကို တကယ်ကျေးဇူးတင်သင့်တယ် ၊ သူသာ ကျန်းဝူမရဏဓား မပေးရင် ခုံရွှမ်းဆိုတဲ့ငါဟာ လောကမှာ ရပ်တည်နိုင်မှာတောင် မဟုတ်တော့ဘူး…"
စိတ်ထဲမှပင်တွေးလိုက်ပြီး ခုံရွှမ်းက ထုတ်ဖော်ပြောဆိုခြင်း မပြုတော့ပေ။
ထို့နောက် သူက ဓားရှည်ဖြင့် အချိန်ရေစီးကြောင်းကို ခုတ်ပိုင်းချလိုက်လေသည်။
ယွင်ရှောင်းအလွန်တရာအံ့သြသွားပြီး …
"ရှစ်ဇွင်း…"
ဟု အော်လိုက်မိလေသည်။
ခုံရွှမ်း၏ ဓားသိုင်းမှာ စွဲဆောင်မှု ရှိလွန်းလှလေသည်။
ယွင်ရှောင်းနတ်သမီး၏ ဆရာဖြစ်သူ ထုန်ထျန်းအရှင်သခင် လောကတွင်ရှိစဉ်က ထိုသို့သော ဓားသိုင်းမျိုးကို အသုံးပြုခဲ့ဖူးလေသည်။ ယခု ခုံရွှမ်း၏ ဓားသိုင်းမှာ ဆရာဖြစ်သူ၏ဓားသိုင်းကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားလွန်းလှသည်။
ထိုဓားသိုင်းသည် သူမဘဝတွင် မည်သည့်အခါမှ မေ့ပျောက်နိုင်ခြင်းမရှိသည့် ဓားသိုင်းဖြစ်လေသည်။
ကျန်းဝူနတ်ဘုရားဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် အချိန်ရေစီးကြောင်း (၂)ပိုင်းကွဲသွားပြီး ရေအောက်တွင် ပိုင်ကျဲ့ပေါ်လာလေသည်။
ပိုင်ကျဲ့မှာ မလှုပ်နိုင်တော့ဘဲ ရေအောက်တွင် ငြိမ်သက်နေလေသည်။ လူသားပုံသဏ္ဍန်မဟုတ်တော့ဘဲ ခြင်္သေ့ခန္ဓာနှင့် ဆိတ်ဦးချိုရှိသည့် သတ္တဝါအသွင်ဖြစ်နေလေသည်။ သူ့ပုံစံက သုန်သုန်မှုံမှုံဖြင့် မှုန်မှိုင်းလျှက် ရှိလေ၏။
ယွင်ရှောင်းက အင်္ကျီလက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ပိုင်ကျဲ့ကို ရေအောက်မှ ဆယ်ယူလိုက်လေသည်။
ထိုအချိန်တွင် အချိန်ရေစီးကြောင်းဘေး တစ်နေရာတွင် ကွမ်ယင်မယ်တော်ရှိနေလေသည်။
ခုံရွှမ်း၏ ဓားသိုင်းကိုတွေ့မြင်လိုက်ရသည့်အခါ သူမ အလွန်အံ့သြတုန်လှုပ်သွားလေသည်။
သူမဘေးတွင်တော့ ဝူခုံးရှိနေလေသည်။
ဝူခုံးက…
"ခုံရွှမ်းက ကျင့်ကြံခြင်းတန်ခိုးစွမ်းအား တော်တော်ကောင်းတဲ့သူပဲ…"
ကွမ်ယင်မယ်တော်က…
"သူ့ဓားချက်ကိုမြင်လိုက်ရတာ ထုန်ထျန်းအရှင်သခင်ကို အမှတ်ရစေတယ် ၊ အဲဒီတုန်းက အဲဒီဓားသိုင်းကြောင့် ထုန်ထျန်းအရှင်သခင်ကို ငါ ရှုံးနိမ့်ခဲ့ရတာ ၊ ဒါပေမဲ့ အဲဒီဓားချက်ကြောင့်ပဲ တာအိုတရားကို ပိုပြီးနားလည်ခဲ့ရတယ်…"
ဝူခုံးက…
"စိတ်ဝင်စားစရာပဲ ၊ လောင်စွန်း ပွဲထဲကိုဝင်လိုက်ရမလား…"
ကွမ်ယင်မယ်တော်က…
"မင်းက လျှောက်ပြောပြန်ပြီ ၊ ကျန်းဝူနတ်ဘုရားနဲ့ ယွင်ရှောင်းနတ်သမီးရှိနေတာ ၊ မင်းက ဘာသွားလုပ်မှာလဲ…"
***