← Chapters

ဖိအား

Vol. 10 Ch. 915

ဖိအား

Vol. 10 Ch. 915

ဝူခုံးက ခေါင်းတစ်ချက်ကုတ်လိုက်ပြီး…

"ကျုပ်ကိုမလုပ်ရဘူးဆိုရင်လည်း မလုပ်ရဘူးပြောပေါ့ ၊ ဘာမှမလုပ်ရဘူးဆိုရင် မယ်တော်ကရော ဘာလို့ ဒီကိုရောက်လာသေးလဲ…"

ကွမ်ယင်မယ်တော်က…

"မင်းရော ဘာလို့ ရောက်လာတာလဲ ၊ မင်းလည်း မိုးကောင်းကင်တံခါးကို လိုချင်လို့ ရောက်လာတာမဟုတ်လား…"

ဝူခုံးက သူ၏မျက်နှာကို ကုတ်လိုက်ရင်း…

"အဲဒါဘာဖြစ်လို့လဲ…"

ကွမ်ယင်မယ်တော်က ပေါ့ပါးသည့်လေသံဖြင့်…

"နွယ်ပင်က နွယ်တက်ဖို့အတွက် သစ်ပင်ကြီးတွေကို အမှီပြုရတယ် ၊ ဒါပေမဲ့ သစ်ပင်ကြီးတွေကို ပိုးမွှားအန္တရယ်ကနေ ကာကွယ်ပေးတယ် ၊ အဲဒီစကားပုံကို မင်းနားလည်တယ်မလား.."

ဝူခုံးက…

"ဒါဖြင့် ကျုပ်တို့က သစ်ပင်ကြီးတွေလား နွယ်ပင်တွေလား…"

ကွမ်ယင်မယ်တော်က တစ်ချက်ပြုံးလိုက်ရင်း…

"ခြုံပုတ်တွေလေ…"

ဝူခုံးက လက်ခုပ်လက်ဝါးတီးလိုက်ရင်း…

"တော်လိုက်တဲ့ မယ်တော် ၊ မယ်တော်က ဒီလိုပြောမှတော့ လောင်စွန်းက တိုက်ခိုက်ရဦးမှာပေါ့…"

ပြောပြီးသည်နှင့် ဝူခုံးက ကွမ်ယင်မယ်တော်အနားမှ ပျံသန်းထွက်ခွာသွားလေတော့သည်။

ထို့နောက်… ကောင်းကင်ထက်တွင် ဧရာမမျောက်ကြီးတစ်ကောင်အဖြစ် ဝူခုံးက ပြောင်းလဲဖန်ဆင်းလိုက်လေသည်။ သူ့လက်ထဲတွင်သံတုတ်ကိုကိုင်ဆောင်ထားပြီး မျက်ဝန်းများက ကြယ်စင်အလား တဖျတ်ဖျတ်တောက်ပလျှက် ရှိသည်။

သူ၏ပါးစပ်ကြီးက တွင်းနက်ကြီးအလားဖြစ်ပြီး အမွှေးများကလည်း ထောင်လျှက်ရှိလေသည်။ အလွန်မှပင် တန်ခိုးစွမ်းအားမြင့်မားသည်မှာ သိသာထင်ရှားလှသည်။

ဝူခုံးက လက်ထဲမှသံတုတ်ကို စကြာပုံသဏ္ဍန်လှည့်ပတ်လိုက်သည့်အခါ တန်ခိုးစွမ်းအားများက ခေတ်အဆက်ဆက်ကို ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရသည်။

ဝူခုံးက သံတုတ်ကို ဝှေ့ယမ်းကာ ယင်စွမ်းအားကိုးမျိုး မိစ္ဆာကို ရိုက်ချလိုက်လေသည်။

ဝူခုံးက သံတုတ်နှင့်ရိုက်ချလိုက်သည့်အတွက် ယင်စွမ်းအားကိုးမျိုးမိစ္ဆာက မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။ မိစ္ဆာကောင်မျက်လုံဖွင့်ကြည့်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်တောက်ပသွားလေ၏။

ဝူခုံး၏သံတုတ်က ထောင်ပေါင်းများစွာသော သံတုတ်အခွဲများဖြစ်ပေါ်သွားပြီး တောက်ပထိန်လင်းလာသည့် အလင်းရောင်များကို ရိုက်ချလိုက်လေသည်။ သို့သော်… ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို တစ်စက်လေးပင် ထိခိုက်မိခြင်း မရှိပေ။

ဝူခုံးထိတ်လန့်သွားသလို အခြားနတ်ဘုရားများအားလုံးလည်း ထိတ်လန့်သွားကြလေသည်။

ယင်စွမ်းအားကိုးမျိုးမိစ္ဆာက အချိန်ရေစီးကြောင်းအတွင်းမှ ထွက်ခွာလာပြီး ရေစီးကြောင်းကမ်းနံဘေးတွင် တွယ်ကပ်နေလေသည်။ သူ့ကို မည်သည့်နတ်ဘုရားမှ မတိုက်ခိုက်ရဲကြပေ။ မည်သူက တိုက်ခိုက်မည်လဲဟူ၍သာ အရိပ်အကဲကြည့်ကာ အကဲခတ်နေကြလေသည်။

ဝူခုံးက အရမ်းကာရောဝင်ရောက်တိုက်ခိုက်လိုက်သည့်အတွက် ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို စွပေးလိုက်သလို ဖြစ်သွားရလေသည်။

ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို ဝူခုံးက အကြောက်အလန့်မရှိ တိုက်ခိုက်နေသည်ကို ယန်ကျန်းက တစ်ချက်မော့ကြည့်လိုက်သည်။ ဝူခုံး၏ ဒေါသနှင့် လူသတ်လိုသည့်အငွေ့အသက်များကို တွေ့မြင်လိုက်သည့်အခါ ယန်ကျန်း ကြက်သေသေသွားလေသည်။

ယန်ကျန်းက တာအိုဆရာယွိတင်ကို ပြောလိုက်သည်။

"ဆရာ ဝူခုံးကို မကူညီတော့ဘူးလား…"

ယန်ကျန်း၏စကားကိုကြားသည်နှင့် တာအိုဆရာယွိတင်က ဖန်ကူအလံကိုသာ အားအပြည့်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဖန်ကူအလံမှ ပြင်းထန်သည့်တန်ခိုးစွမ်းအား (၃၆)ခုထွက်ပေါ်လာပြီး ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို တိုက်ခိုက်လိုက်လေတော့သည်။

ဝူခုံး၏ သံတုတ်နှင့် ဖန်ကူအလံမှ တန်ခိုးစွမ်းအား(၃၆)မျိုးနှင့် ပေါင်းစပ်သွားပြီး ကြီးမားသည့်စကြာဝဠာပုံစံတူတစ်ခု မွေးဖွားလာကာ ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို ဖိနှိပ်ထားလိုက်လေသည်။

ပြင်းထန်လွန်းသည့် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့်အခါ အချိန်ရေစီးကြောင်းကမ်းခြေတွင် တွယ်ကပ်နေသည့် ယင်စွမ်းအားကိုးမျိုးမိစ္ဆာက မျက်တောင်တစ်ချက်ခတ်လိုက်လေသည်။

ထိုသတ္တဝါ မျက်တောင်တစ်ချက်ခတ်ရုံမျှဖြင့်ပင် တန်ခိုးစွမ်းအားများအားလုံး ပျောက်ကွယ်သွားလေတော့သည်။ ဝူခုံး၏သံတုတ်အရိပ်များမှာလည်း နေရောင်နှင့်ထိတွေ့သည့်နှင်းပွင့်များအလား ပျောက်ကွယ်သွားရလေသည်။

ယွင်ရှောင်းက ပိုင်ကျဲ့၏ဒဏ်ရာကို ကုသပေးနေပြီး ခုံရွှမ်းကတော့ ဝူခုံးနှင့် ယင်စွမ်းအားကိုးမျိုးမိစ္ဆာ၏တိုက်ပွဲကို စိတ်ဝင်တစားကြည့်နေလေသည်။

ခုံရွှမ်းက ကျန်းဝူနတ်ဘုရားကို ပြောလိုက်သည်။

"ဒီမျောက်ကတော့ မပျက်စီးနိုင်တဲ့ရွှေခန္ဓာကို ရအောင်ကျင့်ကြံနိုင်တဲ့ တစ်မိပေါက်တစ်ယောက်ထွန်း မျောက်မင်းပါပဲ…"

ကျန်းဝူနတ်ဘုရားက…

"ထိုက်စန့်လောင်ကျွင်းရဲ့ စကြာဝဠာသုံးမြှောင့်ဆေးအိုးကိုရရင် မင်းလည်း သူ့လို ရွှေခန္ဓာရအောင် ကျင့်ကြံနိုင်မှာပါပဲ…"

ခုံရွှမ်းက…

"စကြာဝဠာသုံးမြှောင့်ဆေးအိုးကို ဘယ်သူ ရှာတွေ့နိုင်မှာတဲ့လဲ…"

ကျန်းဝူနတ်ဘုရားက…

"အဲဒါ ဒဏ္ဍာရီထဲမှာတော့ ကြားဖူးတာပဲ…"

ခုံရွှမ်းက…

"ကျုပ်သာ စကြာဝဠာသုံးမြှောင့်ဆေးအိုးကိုရှာတွေ့ပြီး ကျင့်ကြံနိုင်ရင် အချိန်တိုတိုနဲ့ တန်ခိုးစွမ်းအားတွေ ပြန်ရမှာပဲ ၊ ဖြစ်နိုင်မယ်ဆိုရင် ကျန်းဝူနတ်ဘုရား ကျုပ်ကို ကူညီပေးစေချင်ပါတယ်…"

ကျန်းဝူနတ်ဘုရားက ပြုံးလိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

ထိုအခါမှ ခုံရွှမ်း စိတ်သက်သာရာရသွားပြီး ဝူခုံးနှင့် ယင်စွမ်းအားကိုးမျိုးမိစ္ဆာတိုက်ခိုက်သည့်တိုက်ပွဲကို ဆက်လက် အာရုံစိုက်ကြည့်ရှုနေလေတော့သည်။

တာအိုဆရာယွိတင်က ဖန်ကူအလံကို ဆက်လက်ဝှေ့ယမ်းခြင်း မပြုတော့ဘဲ ရပ်တန့်လိုက်သည်။

ဝူခုံးက သံမဏိတုတ်ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင်စုပ်ထားပြီး သူ၏လက်နှစ်ဖက်လုံး သွေးများဖြင့် နစ်နေအောင် စိုရွှဲနေလေသည်။ ဝူခုံး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း နတ်ဘုရားများအားလုံး သိလိုက်ကြသည်။

သို့သော်… ဝူခုံးက မပျက်စီးနိုင်သည့်ရွှေခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်လေရာ ချက်ချင်းပင်ဒဏ်ရာများ ပျောက်ကင်းသွားပြီး တန်ခိုးစွမ်းအားများ ပြန်လည်ပြည့်ဝလာပြန်လေသည်။

ဝူခုံးက…

"ဒီကောင်ကို ကျုပ်သတ်မယ် ၊ မင်းတို့ဘယ်သူမှ ဝင်မပါကြနဲ့ ၊ လောင်စွန်း ဒီကောင်ကို သတ်ပစ်မယ်…"

ဝူခုံး၏ ကြုံးဝါးသံကြီးက အသင်္ချေသောမိုးခြိမ်းသံအလား ကျယ်လောင်လွန်းလှသည်။

အနက်ရောင်ဝတ်ဆင်ထားသူက…

"တော်တော် မာနကြီးတဲ့ကောင်…"

ဟု ပြောလိုက်လေသည်။

အနက်ရောင်ဝတ်ဆင်ထားသူ၏စကားကြောင့် တုန်းဟွာတောက်ကျွင်းက ပြုံးလိုက်သလိုရှိသော်လည်း တကယ်တမ်းတွင် မပြုံးခဲ့ပေ။

သူက လက်နှစ်ဖက်ပိုက်ကာ အေးအေးဆေးဆေးပင် တိုက်ပွဲကို ကြည့်နေလေသည်။ မည်သည့်အကြောင်းအရာများဖြစ်ပျက်လာပါစေ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဆိုသည့် ဟန်ပန်ဖြစ်လေ၏။

သူရောက်လာရသည့် မူလရည်ရွယ်ချက်က ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို တိုက်ခိုက်ရန် မဟုတ်ပေ။ သူက မိုးကောင်းကင်တံခါးကိုသာ ရှာဖွေလိုခြင်း ဖြစ်လေသည်။

ကွမ်ယင်မယ်တော်က မျက်မှောင်ကြုတ်ထားပြီး တိုက်ပွဲအခြေအနေကို လေ့လာနေလေသည်။ တစ်ချိန်တည်းမှာပင် ဝူခုံး၏ တိုက်ခိုက်မှုစွမ်းရည်မြင့်တက်လာသည့်အတွက် အံ့သြနေမိလေသည်။

ဝူခုံးအကြောင်းကို သူမ အသိဆုံးဖြစ်သည်။ သို့သော်… မည်သည့်အချိန်က ယခုကဲ့သို့ တိုက်ရည်ခိုက်ရည် အဆင့်မြင့်တက်သွားသည်လဲ ဆိုသည်ကိုတော့ သူမပင် မသိရှိခဲ့ပေ။

ဝူခုံးက စကားပြောပြီးသွားသည်နှင့် သံတုတ်ကိုဝှေ့ယမ်းကာ လောကတစ်ခုလုံး တုန်လှုပ်သွားစေသည့် ကြုံးဝါးသံတစ်ချက်ကို ပြုလုပ်လိုက်လေသည်။

ဝူခုံးသည် ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို အပြင်းအထန်တိုက်ခိုက်နေပြီး သံတုတ်မှ အရိပ်များခွဲဖြာထွက်လျှက် ရှိလေသည်။

ဝူခုံး၏ သံတုတ်သည် အတိတ်ကိုပြောင်းလဲပစ်ပြီး အနာဂတ်ကို ဖျက်စီးပစ်တော့မည့်အလား အချိန်ရေစီးကြောင်းတစ်ခုလုံးကို ကမောက်ကမဖြစ်အောင် မွှေနှောက်ပစ်လိုက်လေသည်။

သို့သော်… ဝူခုံး၏ တန်ခိုးစွမ်းအားများက ပြင်းထန်လွန်းလှသည့်တိုင် အချိန်ရေစီးကြောင်းကတော့ အနည်းငယ်မျှသာ လှုပ်ခတ်သွားလေသည်။ ရေလှိုင်းများ မြင့်တက်လာပြီး ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို ရိုက်ခတ်သွားလေသည်။ ရေများစိုရွှဲနေသည့် ယင်စွမ်းအားကိုးမျိုးမိစ္ဆာ၏ ပုံသဏ္ဍန်က ပြီးပြည့်စုံမှုကို ဖော်ညွှန်းလျှက် ရှိသည်။

ယင်စွမ်းအားကိုးမျိုးမိစ္ဆာက ဝူခုံး၏ သံတုတ်ရိုက်ချက်ကို ရှောင်တိမ်းထွက်ပြေးလျှက် ရှိလေသည်။

သို့သော်… ဝူခုံး၏ သံတုတ်ကလည်း ယင်စွမ်းအားကိုးမျိုးမိစ္ဆာကို အဆက်မပြတ် လိုက်ပါရိုက်နှက်လျှက် ရှိသည်။

သံတုတ်က စကြာပုံသဏ္ဍန်အဆက်မပြတ်ဝှေ့ယမ်းနေပြီး ထိုသံတုတ်နှင့်သာ ထိမိပါက ယင်စွမ်းအားကိုးမျိုးမိစ္ဆာ အမှုံ့ဖြစ်သွားနိုင်လေသည်။

ဝူခုံး၏ တိုက်ခိုက်မှုက ပို၍ ပို၍ ပြင်းထန်လာပြီး သူ၏ နှာခေါင်း ၊ ပါးစပ်နှင့် နားရွက်များအတွင်းမှ သွေးများပင် စိမ့်ထွက်လာလေသည်။ သို့သော်… သွေးများက ချက်ချင်းပင် အငွေ့ပျံပျောက်ကွယ်သွားလေ၏။

ဝူခုံး၏ ထိန်းမနိုင်သိမ်းမရ ကြမ်းတမ်းလှသည့်တိုက်ခိုက်ဟန်ကိုကြည့်ပြီး နတ်ဘုရားများ ထိတ်လန့်လာကြလေသည်။ အနာဂတ်တွင် မျောက်မင်းစွန်းဝူခုံးနှင့် ဘယ်တော့မှ မတိုက်ခိုက်ကြရန် သူတို့ ဆုံးဖြတ်လိုက်မိကြသည်။

တိုက်ခိုက်နေရင်း ယင်စွမ်းအားကိုးမျိုးမိစ္ဆာက ရှောင်တိမ်းနေခြင်းကို ရပ်တန့်လိုက်လေသည်။ ထိုအခါ ဝူခုံး၏ သံတုတ်ရိုက်ချက်များသည် မိစ္ဆာ၏ကိုယ်ပေါ်သို့ ကျရောက်သွားလေတော့သည်။

ကျယ်လောင်လွန်းသည့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး နတ်ဘုရားများအားလုံး စိတ်မသက်မသာ ခံစားလိုက်ကြရလေသည်။

တန်ခိုးစွမ်းအား သိပ်မကြီးသည့် နတ်ဘုရားများဆိုလျှင် စိတ်မထိန်းနိုင်တော့ဘဲ သတိလက်လွတ်ဖြင့် စတင် က ခုန် ကြလေတော့သည်။ သာမန်လူသားများ အရက်မူးလျှက် ကခုန်သကဲ့သို့ပင် ဖြစ်လေသည်။

ထိုအချိန်မှာပင်… ကွမ်ယင်မယ်တော်က ဂါထာတစ်ပုဒ်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်လေသည်။ သူမ၏ ဂါထာရွတ်ဖတ်သံက နတ်ဘုရားတစ်ပါးချင်းစီ၏ နားထဲသို့ စီးဆင်းဝင်ရောက်သွားပြီး စိတ်ပျံ့လွင့်မှုများ သက်သာသွားစေကာ အနည်းငယ် တည်တည်ငြိမ်ငြိမ် ဖြစ်သွားကြလေသည်။

ကွမ်ယင်မယ်တော်၏ ကရုဏာတရားက နတ်ဘုရားများစွာ၏ စိတ်ကို အေးချမ်းသွားစေလေသည်။ နတ်ဘုရားများက ကွမ်ယင်မယ်တော်၏ စိတ်စွမ်းအားမြင့်မားမှုကို လေးစားသွားမိကြလေသည်။

ပေါက်ကွဲသံကြီး ပျောက်ကွယ်သွားပြီးနောက်… ယင်စွမ်းအားကိုးမျိုးမိစ္ဆာသည် (၁၀)ပေထက်ပိုမရှည်သည့် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုမြွေငယ်မှာ ဝူခုံး၏ ဧရာမ နတ်ဘုရားခန္ဓာကိုယ်ကြီးနှင့်ယှဉ်လျှင် တီကောင်တစ်ကောင်အလား ဖြစ်လေသည်။

သို့သော်… ခန္ဓာကိုယ် သေးငယ်သွားသည့်တိုင် ယင်စွမ်းအားကိုးမျိုးမိစ္ဆာက ပိုပြီးကြောက်စရာကောင်းလာပြီး အေးစက်သည့်အငွေ့အသက်များလည်း ထွက်ပေါ်လျှက် ရှိလေသည်။

မိစ္ဆာကို ရိုက်နှက်နေသည့် ဝူခုံး၏ သံမဏိတုတ်ကလည်း တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး အလင်းထက်ပင် လျှင်မြန်လာလေသည်။ သာမန်မျက်လုံးဖြင့် ကြည့်မည်ဆိုလျှင် သံမဏိတုတ်ကို တွေ့မြင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

သို့သော်… တိုက်ခိုက်နေသည့်တိုင် ဝူခုံး စိတ်မသက်မသာ ခံစားနေရာကာ အံ့သြခြင်းမကလည်း အံ့သြနေမိလေသည်။ အဘယ်ကြောင့်ဆိုသော်… ယင်စွမ်းအားကိုးမျိုးမိစ္ဆာ၏ ကြောက်မက်ဖွယ်ရာကောင်းမှုက ဝူခုံးမျှော်လင့်ထားသည်ထက် ကျော်လွန်နေသောကြောင့်ပင်။

သို့သော်… ဝူခုံးက ကြောက်ရွံ့သွားခြင်း မရှိဘဲ ပို၍ပင် သတ္တိရှိလာလေသည်။ သူက ခန္ဓာကို ပျက်စီးမည်ကိုပင် မကြောက်ရွံ့ဘဲ ကြုံးဝါးအော်ဟစ်ကာ တိုက်ခိုက်လျှက် ရှိသည်။

နောက်ဆုံး… ကြီးမားသည့် သံမဏိတုတ်ကြီးက မြွေငယ်လေး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။

အချိန်ရေစီးကြောင်းအတွင်းသို့ မိုးကောင်းကင်ထောက်တိုင်ကြီး ပြုတ်ကျသွားသည့်အလား ဖြစ်လေသည်။

"ဝုန်း ဝုန်း ဝုန်း…"

ယင်စွမ်းအားကိုးမျိုးမိစ္ဆာမှာ ရုတ်တရက် လက်ညှိုးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ ပျံဝဲထွက်ခွာသွားလေသည်။ ထို့နောက် ဗလာနယ်ထဲတွင် ရပ်တန့်နေလေ၏။

ထိုလက်ညှိုးက ဝူခုံး၏ သံမဏိတုတ်ကို ဖြည်းဖြည်းချင်း ဖိနှိပ်ထားလိုက်လေသည်။ သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နက်လျှက်ရှိသည့် မြင့်မြတ်သည့် နတ်လက်နက်ဖြစ်သော သံမဏိတုတ်သည် အပိုင်းပိုင်းကွဲကြေကာ အချိန်ရေစီးကြောင်းအတွင်းသို့ နစ်မြုပ်ကျဆင်းသွားရလေတော့သည်။

***

All Chapters