← Chapters

စကြာဝဠာအရှင်ကြီးစွန်းဝူခုံး

Vol. 10 Ch. 916

စကြာဝဠာအရှင်ကြီးစွန်းဝူခုံး

Vol. 10 Ch. 916

ထို့နောက် ကောင်းကင်ထက်မှ လက်ညှိုးလည်း ပျောက်ကွယ်သွားလေတော့သည်။

အချိန်ရေစီးကြောင်းလည်း တဖြည်းဖြည်းမှေးမှိန်သွားပြီး နောက်ဆုံး လုံး၀ ပျောက်ကွယ်သွားလေတော့သည်။

အရှေ့ဆီတွင် မီးခိုးရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသည်ကို တွေ့မြင်လိုက်ကြရလေသည်။ မီးခိုးရောင်တိမ်တိုက်များက ကျယ်ပြန့်နက်ရှိုင်းသလို ထူထပ်လွန်းလှသည်။

နတ်ဘုရားများအားလုံးက တိမ်တိုက်များရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။

တိမ်တိုက်များထက်တွင် အလွန်ကြီးမားသည့် ဧရာမခေါင်းလောင်းကြီးတစ်ခု ရှိနေလေသည်။ ခေါင်းလောင်းကြီး၏ရှေ့တွင်တော့ တင်ပျဉ်ခွေထိုင်နေသည့် ဆန်းလျန်ရှိနေလေသည်။

နတ်ဘုရားများအားလုံးက ထိုနေရာကို အာရုံစိုက်လိုက်ကြလေသည်။

ဆန်းလျန်က ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်လေသည်။ ထို့နောက် သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာ သူ့ရှေ့မှ နတ်ဘုရားများကို တစ်ယောက်ချင်း ကြည့်လိုက်ပြီး နောက်ဆုံး သူ့အကြည့်က မျောက်မင်းစွန်းဝူခုံးထံတွင် ရပ်တန့်သွားလေသည်။

ဝူခုံးမှာ သူ၏သံတုတ်ကိုဆုံးရှုံးသွားရသည့်အတွက် ရင်ထဲတွင် ကြေကွဲဝမ်းနည်းမှုနှင့် အရှုံးတရားကို ရင်ဆိုင်နေရာချိန်တွင် ဆန်းလျန်၏ အကြည့်နှင့်ရင်ဆိုင်လိုက်ရသည့်အခါ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်လာလေတော့သည်။

ကွမ်ယင်မယ်တော်ပင် သူ့ကို တားဆီးမထားနိုင်တော့ပေ။

သူက နတ်ဘုရားအုပ်စုရှေ့သို့ထွက်ကာ လက်သီးလက်မောင်းတန်းလိုက်ပြီး…

"ဆန်းလျန်ထျန်းကျွင်းကို တိုက်ထုတ်ပစ်မယ်…"

ဟု ကြွေးကျော်လိုက်လေသည်။

ဆန်းလျန်က အေးအေးဆေးဆေးပင် မတ်တတ်ရပ်နေဆဲဖြစ်လေသည်။

ဝူခုံးက ဆန်းလျန်ရှိရာသို့ ပြင်းထန်သည့် လက်သီးချက်တစ်ချက် ထိုးသွင်းကာ တိုက်ခိုက်လိုက်လေသည်။ သို့သော်… ဆန်းလျန်က ဘေးသို့ အသာရှောင်တိမ်းပေးလိုက်လေရာ ဝူခုံး၏လက်သီးချက်သည် မိုးကောင်းကင်တံခါး ခေါင်းလောင်းကြီးကို ထိုးနှက်မိသွားလေတော့သည်။

ကျယ်လောင်သည့်အသံကြီးတစ်သံထွက်ပေါ်လာပြီး ဝူခုံး နောက်သို့ ကျွမ်းတစ်ချက်ထိုးကာ ခုန်ထွက်လိုက်ရလေသည်။

ဝူခုံး ခေါင်းလောင်းကြီးကို ထိတ်လန့်အံ့သြစွာဖြင့် ကြည့်လိုက်မိသည်။ ထို့နောက်… သူ့စိတ်ထဲမှ ဒေါသများလည်း တဖြည်းဖြည်းလျော့နည်းသွားလေသည်။

ဝူခုံးက မျက်လုံးတစ်ချက်လှန်လိုက်ရင်း…

"အဘိုးကြီးဆန်းလျန် ၊ မင်းက လောင်စွန်းရဲ့သံမဏိတုတ်ကို ဖျက်ဆီးပစ်လိုက်တယ် ၊ ကျုပ်ရဲ့သံမဏိတုတ်ကို ပြန်ပြင်ဖို့ ဒီခေါင်းလောင်းကြီး ကျုပ်ကိုပေးပါ…"

ဝူခုံးက အလွန်သတ္တိကောင်းလှလေသည်။

သူ၏သံမဏိတုတ်မှာ ဆန်းလျန်၏ လက်ချောင်းတစ်ချောင်းကိုပင် ရင်ဆိုင်နိုင်ခြင်းမရှိဘဲ ပျက်စီးသွားရသည့်တိုင် သူက တစ်စက်လေးပင် ဆန်းလျန်ကို ကြောက်ရွံ့ထိတ်လန့်မိခြင်း မရှိပေ။

ဆန်းလျန်က အေးအေးဆေးဆေးပင် သူ၏ညာဘက်လက်ကို ရှေ့သို့အသာဆန့်ထုတ်လိုက်လေသည်။ ထိုအခါ သူ၏ ညာဘက်လက်တွင် လက်ညှိုးတစ်ချောင်း မရှိတော့သည်ကို အားလုံးတွေ့မြင်လိုက်ကြရသည်။

ဆန်းလျန်က…

"မင်းရဲ့ သံမဏိတုတ်ကို ဖျက်စီးပစ်ဖို့ ကျုပ်လည်း လက်တစ်ချောင်းဆုံးရှုံးခဲ့ရတာပဲလေ ၊ ကျေပြီ မဟုတ်ဘူးလား…"

ဆန်းလျန်၏ စကားကြောင့် ဝူခုံး တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရသည်။

"မင်းရဲ့လက်က အသစ်ပြန်လုပ်လို့ရတယ် ၊ ကျုပ်ရဲ့ သံမဏိတုတ်က လုံးဝပျက်ဆီးသွားပြီ ၊ နောက်တစ်ခု ပြန်မရနိုင်တော့ဘူး…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"လက်ချောင်းတစ်ချောင်းတောင်မှ အသစ်ပြန်ရနိုင်မယ်ဆိုရင် သံမဏိတုတ်ဆိုတာလည်း အသစ်ပြန်မရနိုင်စရာမရှိပါဘူး ၊ ပြီးတော့ မင်းရဲ့ စကြာဝဠာအရှင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း သံမဏိတုတ်ပေါ်မှာ မူတည်နေတာမှ မဟုတ်တာ…"

ရုတ်တရက်…

ဝူခုံးက တဟဲဟဲ အော်ရယ်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ကုတ်ဖဲ့ရင်း တိမ်တိုက်ထက်တွင် ခုန်စွ ခုန်စွ လုပ်နေလေသည်။

ပြီးမှ ဝူခုံးက…

"အဘိုးကြီးက မဆိုးဘူးပဲ ၊ ကွမ်ယင်မယ်တော်က လောင်စွန်းကို ပြောမရဆိုမရလို့ အမြဲတမ်း ပြောတယ် ၊ ဒါပေမဲ့ မင်းပြောတဲ့စကားကိုတော့ လောင်စွန်း စိတ်ထဲမှာ မှတ်ထားမယ် ၊ စကြာဝဠာအရှင်ကြီး… စကြာဝဠာအရှင်ကြီး… စကြာဝဠာအရှင်ကြီး… လောင်စွန်းက စကြာဝဠာအရှင်ကြီး စွန်းဝူခုံးပဲ…"

ဝူခုံးသည် ကောင်းကင်ထက်တွင် ခုန်စွ ခုန်စွလုပ်နေလေသည်။

ထို့နောက်… ဝူခုံး၏ ဦးခေါင်းထက်တွင် ခရမ်းရောင်ဦးရစ်သရဖူတစ်ခု ဆင်မြန်းလျှက်သားဖြစ်သွားပြီး နတ်ချပ်ဝတ်တန်ဆာများကိုလည်း ဝတ်ဆင်ပြီးသားဖြစ်သွားလေသည်။

သူ၏ခြေထောက်အောက်တွင် ရောင်စဉ် (၇)မျိုးဖြာလင်းနေသည့် တိမ်တိုက်တစ်ခုထွက်ပေါ်လာပြီး စကြာဝဠာအရှင်ကြီး စွန်းဝူခုံးသည်၏ အလွန်မှ ခမ်းနားလွန်းသည့် အသွင်အပြင်ကို နတ်ဘုရားတိုင်း တွေ့မြင်ကြရလေသည်။

ထို့နောက် သူ၏လက်ထဲတွင် ရွှေရောင်တောက်ပနေသည့် သံမဏိတုတ်တစ်ခုပေါ်လာလေသည်။

ဝူခုံးက အော်ဟစ်လိုက်လေသည်။

"လာစမ်းပါ အဘိုးကြီးဆန်းလျန် ၊ လောင်စွန်းရဲ့ သံမဏိတုတ်ကို လာယူနိုင်ရင် ယူစမ်းပါ…"

ဝူခုံးက သံမဏိတုတ်ကို ဝှေ့ယမ်းလိုက်သည့်အခါ လေထုတစ်ခုလုံး ကြေမွပျက်စီးတော့မည့်အလား ထင်မှတ်ရလေသည်။

ဆန်းလျန်က ကြီးမားလွန်းလှသည့် ဝူခုံး၏ နတ်ဘုရားခန္ဓာကြီးကို မော့ကြည့်လိုက်လေသည်။

ဝူခုံး၏သံတုတ်ကအလွန်ပင်တည်ငြိမ်နေလေသည်။ သို့သော်… ထိုသံတုတ်က ဆန်းလျန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ကြောက်မက်ဖွယ်ရာအငွေ့အသက်များက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

သံတုတ်သည် မည်သည့်အရာမှမဟုတ်ဘဲ လေထဲမှ တိမ်တိုက်တစ်စသာ ဖြစ်လေသည်။

ကျယ်လောင်စွာရယ်မောနေသည့်ဝူခုံးက ချက်ချင်းတုန်လှုပ်သွားပြီး ကောင်းကင်ဘုံ (၉)ထပ်တွင် မည်သည့်နေရာသို့ ပြေးရမည်ကို မသိတော့ပေ။

သူပျော်ရွှင်နေခဲ့သလို သူလွတ်လပ်နေခဲ့ပြီ…။ သူ့ထံတွင် ပျော်ရွှင်မှုနှင့်လွတ်လပ်မှုကို တွေ့မြင်ရလေသည်။

ထို့နောက်… ဝူခုံး နေရာတွင်ပင် ပျောက်ကွယ်သွားလေတော့သည်။

ကွမ်ယင်မယ်တော်က သက်ပြင်းချလိုက်ရင်း…

"တာအိုဆရားဆိုတာ မဟာလွတ်လပ်မှုကြီးတစ်ခုဖြစ်တယ်ဆိုတာ ငါ မင်းကို ပြောခဲ့ဖူးပါတယ် ၊ မင်း ငြိမ်းချမ်းပါစေ ၊ မင်းအတွက် ငါ အရမ်းဝမ်းသာပေမယ့် ငါ့အတွက်တော့ ငါ ဝမ်းနည်းမိပါတယ်…"

ကွမ်ယင်မယ်တော်၏ ပြီးပြည့်စုံမှုမရှိခြင်းအချို့ကို ဝူခုံးတစ်ယောက်သာလျှင် ကောင်းကောင်းနားလည်ခဲ့လေသည်။ သို့သော်… ယခု ဝူခုံးက အဝေးသို့ ထွက်ခွာသွားခဲ့ပြီဖြစ်သဖြင့် အရာအားလုံးမှ လွတ်မြောက်သွားခဲ့ပေပြီ။

စကြာဝဠာအရှင်ကြီးစွန်းဝူခုံးထွက်ခွာသွားသည်နှင့် ဆန်းလျန်က နတ်ဘုရားအုပ်စုကို တစ်ချက်ကြည့်လိုက်လေသည်။

သူက တည်ငြိမ်သည့်လေသံဖြင့်…

"မင်းတို့အားလုံး မိုးကောင်းကင်တံခါးကို လိုချင်ကြတာလား…"

နတ်ဘုရားများက မနီးမဝေးတစ်နေရာရှိ မီးခိုးရောင်တိမ်တိုက်များထက်မှ မိုးကောင်းကင်တံခါးခေါင်းလောင်းကြီးကို လှမ်းကြည့်လိုက်ကြလေသည်။

မိုးကောင်းကင်တံခါးသည် သူတို့နှင့် ဝေးကွာလျှင်လည်း မိုးကုပ်စက်ဝိုင်းကိုကျော်လွန်နေပြီး နီးကပ်လျှင်လည်း လက်တစ်ကမ်းပင် ဖြစ်လေသည်။

သို့သော်… သူတို့ အနေဖြင့် မိုးကောင်းကင်တံခါးကို ရယူနိုင်တော့မည် မဟုတ်ပေ။

ဆန်းလျန်က နတ်ဘုရားများအားလုံးကို အေးဆေးတည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။

သူတို့က ဆန်းလျန် သူတို့ကို တားဆီးထားခဲ့သည့် အရံအတားကို ကျော်ဖြတ်ပြီးလျှင် စုပေါင်းအင်အားဖြင့် ဆန်းလျန်ကို တိုက်ထုတ်ပစ်ရန် စဉ်းစားထားခဲ့ကြလေသည်။

သို့သော်… မျက်စိရှေ့တွင်ပင် ဆန်းလျန်ကို မရှုမလှ ရှုံးနိမ့်ခဲ့ရသည့် မျောက်မင်းစွန်းဝူခုံးကို တွေ့မြင်ရပြီးသည်က တစ်ကြောင်း ၊ ဆန်းလျန်၏ တည်ငြိမ်သည့်အကြည့်ကို တွေ့မြင်ရပြီးသည့်နောက်  ကြောက်ရွံ့ထိတ်လန့်လာရသည်က တစ်ကြောင်းတို့ကြောင့် အနိုင်ယူလိုစိတ်များ တဖြည်းဖြည်း လျော့နည်းကုန်ကြလေသည်။

တုန်းဟွာတောက်ကျွင်းကတော့ တစ်ခဏပင် နေလိုခြင်းမရှိတော့ဘဲ ထွက်ခွာသွားလေသည်။

မည်သူမှန်းမသိနိုင်သည့် အနက်ရောင်ဝတ်ဆင်ထားသူကတော့ အေးအေးဆေးဆေးပင် လက်ပိုက်ကာ ထွက်ခွာသွားလေသည်။ သူက တစ်ချက်လေးပင် နောက်သို့ လှည့်ကြည့်ခြင်း မရှိပေ။

ခုံရွှမ်းက ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း…

"ယွင်ရှောင်းနတ်သမီး ၊ ကျုပ်ကို ဇာမဏီနတ်ဘုရားနန်းတော်ကို ပြန်ပို့ပေးနိုင်မလား…"

ယွင်ရှောင်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီးမှ…

"ကောင်းပြီ…"

ဟု ပြောလိုက်လေသည်။

ယွင်ရှောင်းနတ်သမီးက မိုးကောင်းကင်တံခါးကို လိုချင်နေမိသေးသော်လည်း ဆန်းလျန်က လက်ချောင်းတစ်ချောင်းတည်းဖြင့် ဝူခုံး၏ သံမဏိတုတ်ကို ဖျက်စီးပစ်လိုက်သည်ကို သတိရလိုက်မိလေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားကြောင်း သူမ ကောင်းကောင်းသိလိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် သူမ စိတ်ပျက်သွားမိလေသည်။

ထို့ပြင် ခုံရွှမ်းကလည်း ဤနေရာမှ ထွက်ခွာသွားချင်ဟန် ရှိနေလေသည်။ ခုံရွှမ်း ဤနေရာမှ ထွက်ခွာသွားလိုခြင်းမှာ အံ့သြစရာလည်းကောင်းသလို အဓိပ္ပါယ်တစ်ခုခုလည်း ရှိနိုင်သည်။

ခုံရွှမ်းက ကျန်းဝူနတ်ဘုရားကို လှမ်းကြည့်လိုက်သည်။ ကျန်းဝူနတ်ဘုရားက မည်သည့်စကားမှ မဆိုဘဲ ဆန်းလျန်ကိုသာ ငေးစိုက်ကြည့်နေလေသည်။

အတန်ကြာမှ…

"ကျုပ်တို့ သွားကြရအောင်…"

ဟု ပြောလိုက်သည်။

ခုံရွှမ်း ၊ ယွင်ရှောင်းနတ်သမီးနှင့် ကျန်းဝူနတ်ဘုရားသည် လူအများအာရုံစိုက်ခံရသည့် နတ်ဘုရားများဖြစ်ကြလေသည်။

ထို့ကြောင့်… သူတို့ (၃)ယောက်သာ ဆုတ်ခွာသွားလျှင် အခြားသောနတ်ဘုရားများသည်လည်း နေရဲတော့မည်မဟုတ်ဘဲ အသီးသီးဆုတ်ခွာသွားကြမည် ဖြစ်သည်။

ခုံရွှမ်းက တန်ခိုးစွမ်းအားများ ဆုံးရှုံးထားသည့်တိုင် ယွင်ရှောင်းနတ်သမီးနှင့် ကျန်းဝူနတ်ဘုရားတို့က တန်ခိုးစွမ်းအား မြင့်မားနေဆဲ ဖြစ်လေသည်။

သို့သော်… သူတို့ (၃)ယောက် ပေါင်းပြီးတိုက်ခိုက်လျှင်တောင်မှ ဆန်းလျန်ကို အနိုင်ရရန် မသေချာပေ။

အခြားသူများ မည်သို့ထင်ပါစေ ယွင်ရှောင်းက စိတ်မဝင်စားပေ။ ယခုတော့ ခုံရွှမ်း၏ တောင်းဆိုချက်အတိုင်း ဇာမဏီနတ်ဘုရားနန်းတော်သို့ ခုံရွှမ်းကို ပြန်ပို့ပေးရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းဝူနတ်ဘုရားကတော့ ဇာမဏီနန်းတော်သို့ လိုက်ပါခြင်း မရှိတော့ပေ။

ကျန်းဝူနတ်ဘုရားက…

"ဒီနေရာကပဲ လမ်းခွဲကြရအောင်…"

ပြောပြီးသည်နှင့် ကျန်းဝူနတ်ဘုရားက နတ်ဘုရားတံဆိပ်တော်တစ်ခုကို ယွင်ရှောင်းနတ်သမီးလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"ဒီတံဆိပ်တော်ကို အသုံးပြုပြီး အချိန်မရွေးကျုပ်ကိုဆက်သွယ်လို့ရပါတယ်…"

ယွင်ရှောင်းနတ်သမီး ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ကျန်းဝူနတ်ဘုရား ထွက်ခွာသွားလေတော့သည်။

ကျန်းဝူနတ်ဘုရားထွက်ခွာသွားသည်ကိုကြည့်ရင်း ယွင်ရှောင်းနတ်သမီးက…

"ကျန်းဝူနတ်ဘုရားကိုကြည့်ရတာ မိုးကောင်းကင်တံခါးကို လက်လျှော့မယ့်ပုံမရှိဘူး ၊ ဒါပေမဲ့ သူက ဘာလို့ ကျွန်မတို့နဲ့အတူ နောက်ဆုတ်လိုက်ရတာလဲ…"

ခုံရွှမ်းက…

"ကျုပ်တို့ နောက်မဆုတ်ဘူးဆိုရင်လည်း ဆန်းလျန်ကို အံတုနိုင်မယ် မထင်ဘူး…"

ယွင်ရှောင်းက…

"ဟုတ်တယ် ၊ ငါတို့တိုက်ခိုက်မယ်ဆိုရင်လည်း နိုင်ချေက ငါးဆယ် ငါးဆယ် ပါပဲ ၊ နိုင်ချေသိပ်မရှိလှပါဘူး…"

ခုံရွှမ်းက…

"ဒါပေမဲ့ ဘယ်သူက မိုးကောင်းကင်တံခါးကို လက်လျှော့ချင်မှာတဲ့လဲ ၊ ဒါနဲ့ ဆန်းလျန်ရဲ့ လက်ချောင်းက အသစ်ပြန်ရဖို့ဆိုတာ မခက်ပါဘူး ၊ ဒါပေမဲ့ သူဘာလို့ လက်ချောင်းပြတ်နေတဲ့ ပုံစံနဲ့ ဆက်ပြီး ဒီအတိုင်းနေနေတာလဲ မသိဘူး…."

ယွင်ရှောင်းနတ်သမီးက…

"သူ ဝူခုံးကိုပြောနေတာ ကျွန်မလည်း ကြားတယ် ၊ သူ့စကားက အဓိပ္ပါယ်တစ်ခုခုရှိနေသလိုပဲ ၊ သူသာ မိုးကောင်းကင်တံခါးကို ပိုင်ဆိုင်သွားမယ်ဆိုရင် အခြားသူတွေတော့ လွယ်လွယ်နဲ့ ရယူနိုင်မှာ မဟုတ်တော့ဘူး…"

ခုံရွှမ်းက ပြုံးလိုက်ရင်း…

"မင်းက စန့်ချင်တာအိုဆရာသခင်ရဲ့ တပည့်ဆိုတော့ အရာအားလုံးကို နားလည်နိုင်သူပါ ၊ ဒါပေမဲ့ ကျုပ်က စန့်ချင်တာအိုဆရာသခင်ရဲ့တရားတွေကို မင်းထက်ပိုပြီးနားလည်တယ်…"

ယွင်ရှောင်းစိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်လိုက်ပြီး…

"ဒီလိုဆိုရင် မိုးကောင်းကင်တံခါးကို မရလည်း ဘာအရေးလဲ…"

ခုံရွှမ်းက…

"အမှန်ပဲ ၊ မိုးကောင်းကင်တံခါး ဘယ်လောက်ပဲ တန်ခိုးစွမ်းအားမြင့်မားပါစေ အဲဒါက မှော်ဝင်ပစ္စည်းတစ်ခုပါပဲ ၊ အခု ကျုပ်တို့ခရီးထွက်ခဲ့ကြတာ မိုးကောင်းကင်တံခါးထက် အဖိုးတန်တာတွေကို နားလည်ခဲ့ရပါတယ် ၊ နောက်ပိုင်းကျ အဲဒီအကြောင်းတွေကို မင်းကို တစ်ခုပြီးတစ်ခု ရှင်းပြပါ့မယ်…"

ခုံရွှမ်း၏စိတ်ကိုသိသည့်အတွက် ယွင်ရှောင်းအနေဖြင့် ခုံရွှမ်းထံမှ သိရှိရန် အလျှင်လိုစရာ မလိုပေ။

သို့သော်… ခုံရွှမ်းပြောသည့်အတိုင်းသာဆိုလျှင် သူတို့သည့် အစကတည်းက နတ်ဘုရားများနောက်သို့ လိုက်သွားပြီး ဆန်းလျန်နှင့် တွေ့စရာ အကြောင်းမရှိပေ။

ရုတ်တရက် သူမ တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး…

"ပိုင်ကျဲ့ရော… ငါတို့ ပိုင်ကျဲ့ကို ခေါ်ခဲ့ဖို့ မေ့သွားပြီ…"

***

All Chapters