အရာဝတ္ထုများကလူတစ်ယောက်ကဲ့သို့တန်ဖိုးမရှိ
Vol. 10 Ch. 918
မီးခိုးရောင်တိမ်တိုက်များက တလိမ့်လိမ့်တက်လာနေလေသည်။
မီးခိုးရောင်တိမ်တိုက်များသည် မိုးကောင်းကင်ခုံရုံးနှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။
မိုးကောင်းကင်ခုံရုံးကို ဝန်းရံထားသည့် လီချင်းဆွေ၏ ချင်းဆွေထျန်းကောင်းကင်ဘုံမှ ရေများက တဖြည်းဖြည်း နောက်ဆုတ်လာလေသည်။ ရေများက အကွေ့ (၉)ခု ရှိပြီး ထိုအကွေ့ (၉)ခု အရံအတား မည်မျှနက်ရှိုင်းသည်ကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။
အဆင့်မြင့်နတ်ဘုရားများပင်လျှင် ထိုအရံအတားကို လွယ်လွယ်နှင့် ကျော်ဖြတ်နိုင်ကြမည် မဟုတ်ပေ။
ဆန်းလျန်က လက်ထဲတွင် တံဆိပ်တော်တစ်ခုကို ဖန်ဆင်းလိုက်လေသည်။ ထိုအခါ မီးခိုးရောင်မြူခိုးတိမ်တိုက်များ ချက်ချင်းပင် များပြားလာပြီး ချင်းဆွေထျန်းကောင်းကင်ဘုံမှ မြစ်ရေများနှင့် ပေါင်းစပ်သွားလေသည်။
ထို့နောက် ကြီးမားသည့် တန်ခိုးစွမ်းအားကြီးက မိုးကောင်းကင်ခုံရုံးကို အရှိန်အဟုန်ဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
အဖြစ်အပျက်များကိုကြည့်ရင်း ဆန်းလျန် ကျေနပ်စွာဖြင့် တစ်ချက်ပြုံးလိုက်လေသည်။
ထို့နောက် လူ့လောကသို့ ဆန်းလျန် ပြန်ဆင်းလာခဲ့လေသည်။
မိုးကောင်းကင်တံခါးအတွက် ဆန်းလျန်နှင့် နတ်ဘုရားအုပ်စုများ တိုက်ခိုက်နေကြသည့်အချိန်သည် ခဏတာဆိုသော်ငြား လူ့လောကတွင်တော့ ရက်ပေါင်း (၁၀၀)ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ရက်ပေါင်း (၁၀၀)အတွင်း လူ့လောကတွင် ဘုရင်မကြီး၏ သြဇာအာဏာကလည်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားကာ ယွမ်ကျိုးနယ်တစ်ခုလုံးကို အုပ်စိုးထားပြီ ဖြစ်လေသည်။
ယွမ်ကျိုးနယ်တစ်နယ်လုံးသည် တာ့ကျောက်ပြည်၏ လက်အောက်သို့ ရောက်ရှိသွားခဲ့လေပြီ။
ဘုရင်မကြီး အချိန်တိုအတွင်း သြဇာအာဏာကြီးမားလာသည်မှာ လောကီရေးရာများကို ဝင်ရောက်စွက်ဖက်လိုကြသည့် ကျင့်ကြံသူများကြောင့်လည်းဖြစ်သလို ကျောက်စိမ်းရေကန်ဥယျာဉ်၏ အထောက်အပံ့များကြောင့်လည်း ဖြစ်လေသည်။
ထို့ကြောင့် သူမ နယ်မြေများစွာကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘုရင်မကြီးက သြဇာအာဏာကြီးမားလာရုံသာမက ကျင့်ကြံခြင်းအဆင့်ကလည်း ထိပ်တန်းအဆင့်သို့ ရောက်ရှိလာလေသည်။
ဘုရင်မကြီး၏ နန်းတော်ရှေ့တွင်လည်း ရွှေရောင်နဂါးကြီးတစ်ကောင်ကို တွေ့မြင်နိုင်လေသည်။ ထိုနဂါးကြီးတွင် ရွှေရောင်နဂါးလက်သည်း (၇)ခုကို တွေ့မြင်နိုင်လေ၏။
ထိုနဂါးကြီးတွင် ရွှေရောင်နဂါးလက်သည်း (၉)ခု ထွက်ပေါ်လာမည်ဆိုပါက ဘုရင်မကြီး၏ ကျင့်စဉ် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိပြီဟု ဆိုနိုင်လေသည်။ ထိုအခါ သူမသည် မြင့်မြတ်သည့် ဧကရီတစ်ပါးဖြစ်လာပြီး မိုးနတ်မင်းကိုပင် ယှဉ်ပြိုင်နိုင်မည် ဖြစ်လေသည်။
ထိုသို့ဖြစ်လာခဲ့လျှင် ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်ရန်ပင် စည်းတစ်ခုသာ ခြားပေတော့မည်။ ဆန်းလျန်ကဲ့သို့သော နတ်ဘုရားများပင်လျှင် သူမကို ရင်ဆိုင်ရန် ခက်ခဲသွားပေလိမ့်မည်။
လောကကြီးကိုကြည့်လိုက်မည်ဆိုလျှင် ဆန်းလျန်၏အမြင်က ရှင်းလင်းလေသည်။ သူက ရင်ထဲမှ ကိလေသာခံစားချက်များကို ဖိနှိပ်ထားနိုင်သူတစ်ယောက်ဖြစ်ပြီး ဒုက္ခနှင့်သုခကို ဖြစ်စေသည့် အကြောင်းနှင့်အကျိုးကိုလည်း နားလည်ခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် ကြမ္မာဆိုးနှင့်ရင်ဆိုင်ရတိုင်း စိတ်အေးအေးထားစမြဲပင်ဖြစ်သည်။
ဝမ်းနည်းစရာ ၊ ဝမ်းသာစရာ ၊ နှောင်ကြိုးများနှင့်ပတ်သက်လျှင် ဆန်းလျန်သည် အမြဲတမ်း သတိရှိသူ ဖြစ်လေသည်။
ယခု ဆန်းလျန်က ဗုဒ္ဓပြောကြားခဲ့သည့် "သက်ရှိတိုင်းဒုက္ခခံစားကြရသည်" ဆိုသည့်စကားကို ကောင်းကောင်း နားလည်သွားပြီ ဖြစ်သလို သံယောဇဉ်အားလုံးပြတ်တောက်သည့် အမြင့်ဆုံးအဆင့်ကိုလည်း နက်နက်ရှိုင်းရှိုင်းနားလည်ခဲ့ပြီ ဖြစ်သည်။
သူ့အဆင့်တွင် အတွေ့အကြုံနုနယ်သေးသည်ဆိုလျှင်တောင်မှ "ဒုက္ခခံစားနေကြရသည့်လူသားများ" ကို ကရုဏာတရားဖြင့် တတ်နိုင်သမျှ ကယ်တင်လိုလေသည်။
အမှန်တော့ သူခံယူထားသည့် အမြင့်ဆုံးအဆင့်ဆိုသည်က သံယောဇဉ်အားလုံးပြတ်တောက်ခြင်းမဟုတ်ဘဲ လူသားဆန်ခြင်းသာ ဖြစ်လေသည်။
သို့သော်… ထိုအဆင့်သို့ရောက်ရန်မှာ အပြင်းအထန်ကျင့်ကြံရန်လည်းလိုအပ်သလို အခွင့်အရေးပေါ်တွင်လည်း မူတည်လေသည်။ ထို့အတူ ဉာဏ်ရည်ထက်မြက်ရန်လည်းလိုသလို ပင်ကိုယ်စိတ်ထားကောင်းရန်လည်း လိုလေသည်။
ဆန်းလျန် ဘုရင့်နေပြည်တော်ထဲတွင် လျှောက်သွားနေရင်း နောက်ဆုံး အကျဉ်းထောင်ရှိရာသို့ ရောက်ရှိလာလေသည်။
အကျဉ်းထောင်သို့ လူစောယိရောက်ရှိလာသည့်နေ့မှစပြီး အကျဉ်းထောင်တစ်ခုလုံးမှာ အလင်းရောင်များ ထွန်းလင်းလျှက်ရှိသည်။
အကျဉ်းချခံထားရသည့် ဝေ့မင်းသား၏သားတော်ငယ်လေးမှာ မွေးကင်းစကတတည်းကပင် မိခင်နို့ရည်ကို သောက်သုံးရခြင်းမရှိဘဲ ထောင်ထမင်းထောင်ဟင်းကိုစားရပြီး ကြီးပြင်းလာရသည့်တိုင် တစ်နေ့တခြား ခွန်အားဖြင့် ပြည့်စုံလာခဲ့လေသည်။
ခန္ဓာကိုယ်က ကြံ့ခိုင်ကာ သွေးရောင်လွှမ်းနေပြီး မွေးကင်းစအချိန်တုန်းကကဲ့သို့ အားနည်းသည့် ခန္ဓာကိုယ် မဟုတ်တော့ပေ။
ထို့ပြင် ကလေးငယ်သည်မွေးကတည်းကပင် လမ်းလျှောက်နိုင်သလို စကားလည်း ပြောနိုင်စွမ်း ရှိလေသည်။
ကလေးငယ် အသက်အန္တရယ်ရှိမည်ကို စိတ်ပူသည့်အတွက် အကျဉ်းထောင်စောင့်များက ကလေးငယ်အကြောင်းကို ဘုရင်မကြီးကို ပြောမပြခဲ့ကြပေ။
လူစောယိကတော့ အကျဉ်းထောင်အမှုထမ်းတစ်ယောက် ဖြစ်လာခဲ့ပြီး အနာဂတ်ဧကရာဇ်မင်းလောင်းလေးဖြစ်သည့် ကလေးငယ်လေးကို နေ့စဉ် အချိန်နည်းနည်းစီပေးကာ ပညာများသင်ကြားပေးလေသည်။
လူစောယိက အသိဉာဏ်ပညာနှင့်ပြည့်ဝသူဖြစ်ပြီး လောကရှိ စာပေသမားများအားလုံးထက် သာလွန်လေသည်။ သူ့ကို သံသယဝင်ကြသူများမှာလည်း (၁၀)ရက်အတွင်းပင် သူ့ကို ယုံကြည်သွားကြလေသည်။
သူက ရိုးရှင်းသူတစ်ယောက် ဖြစ်လေသည်။
နာမည်ကျော်စာပေသမားများ ၊ အရည်အချင်းရှိသည့်စာပေပညာရှင်များ ၊ ထင်ရှားသည့်ဘုန်းတော်ကြီးများအားလုံး မည်သူမှ လူစောယိ၏ စာပေပညာကို နိုင်အောင် မပြောဆိုနိုင်ခဲ့ကြပေ။ ရေတစ်ခွက်သောက်မျှသောအချိန်အတွင်းမှာပင် လူစောယိကို နိုင်အောင် မပြောနိုင်ဘဲ ဆွံ့အသွားရသည်ချည်းပင် ဖြစ်လေသည်။
ဆန်းလျန် အကျဉ်းထောင်သို့ ရောက်ရှိလာခဲ့လေသည်။
ဆန်းလျန်က အိပ်မက်ပမာ ရောက်ရှိလာခြင်းဖြစ်သည့်အတွက် သူရောက်လာသည်ကို မည်သူမှ သတိမထားမိခဲ့ကြပေ။
ကောင်းကင်ထက်တွင် အဖြူရောင်တိမ်တိုက်များလွင့်မျောနေပြီး မြင့်မားသည့်အစိမ်းရောင်တောင်တန်းကြီးများက မြင့်မြင့်မားမားတည်ရှိနေလေသည်။
တောင်ခြေကိုကွေ့ပတ်ပြီး မြစ်ငယ်လေးတစ်စင်းက စီးဆင်းလျှက်ရှိသည်။ စီးဆင်းနေသည့် မြစ်ရေတိုင်းသည် သေခြင်းရှင်ခြင်းတရားကို မွေးဖွားပေးလျှက် ရှိလေသည်။
မြစ်ကမ်းနံဘေးတွင်တော့ ကလေးငယ်တစ်ယောက် လိပ်ပြာများကို လိုက်ဖမ်းရင်း ဆော့ကစားနေလေသည်။ ကလေးငယ်က လိပ်ပြာများကို လိုက်ဖမ်းရင်း နောက်ဆုံး ချော်လဲလေတော့သည်။
သို့သော်… ကလေးငယ်က ငိုယိုခြင်းအလျဉ်းမရှိဘဲ ခပ်ဖြည်းဖြည်း မတ်တတ်ထရပ်လိုက်လေသည်။
ထိုအချိန်… ကောင်းကင်ထက်တွင် လူငယ်တာအိုဆရာတစ်ယောက် ပေါ်လာလေသည်။ သူက လေထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ရင်း ကလေးငယ်ကို ပြုံးပြီး ကြည့်နေလေသည်။
ကလေးငယ်က…
"ခင်ဗျားက နတ်ဘုရားတစ်ပါးလား…"
တာအိုဆရာက ခေါင်းညိတ်ပြလိုက်ပြီး…
"ဟုတ်တယ်…"
ကလေးငယ်က…
"ကျွန်တော် အခု အိပ်မက်မက်နေတာလား…"
တာအိုဆရာက တည်ငြိမ်စွာပြုံးလိုက်ရင်း…
"အမှန်ပဲ…"
ကလေးငယ်က လက်ချောင်းလေးများကို ကိုက်လိုက်ရင်း…
"ကျွန်တော်ကျ အိပ်မက်ထဲမှာတောင် ပျံလို့မရဘူး ၊ ခင်ဗျားကတော့ ဘာလို့ပျံလို့ရနေတာလဲ…"
တာအိုဆရာက ပေါ့ပါးသည့်လေသံဖြင့်…
"မင်းက ပျံချင်လို့လား…"
တာအိုဆရာက ကောင်းကင်ထက်သို့ မော့ကြည့်ကာ လက်ညှိုးထိုးပြရင်း မေးလိုက်လေသည်။
ကလေးငယ်က တာအိုဆရာ လက်ညှိုးညွှန်ပြရာနောက်သို့ လိုက်ကြည့်လိုက်ပြီး ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
"ငှက်တွေ ၊ လိပ်ပြာတွေကျတော့ ပျံနိုင်ပြီး သစ်ပင်တွေ ၊ မြစ်တွေ ၊ ကျောက်တုံးတွေကျတော့ ဘာလို့ မပျံနိုင်ရတာလဲ…"
တာအိုဆရာက တစ်ချက်ပြုံးလိုက်ရင်း…
"အဲဒါတွေက မပျံနိုင်ဘူးလို့ ဘယ်သူပြောလဲ…"
ထို့နောက် တာအိုဆရာက မြေပြင်ထက်သို့ လက်ညှိုးတစ်ချက် ညွှန်ပြလိုက်လေရာ မြေပြင်ထက်မှ အရာဝတ္ထုများအားလုံး ကောင်းကင်ထက်သို့ ပျံတက်သွားကြလေသည်။
ကလေးငယ်မှာ အံ့သြသွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိလေသည်။
ထို့နောက်… တာအိုဆရာက ကလေးငယ်အနား မြေပြင်ထက်သို့ ဆင်းသက်လာလေသည်။
ကလေးငယ်က…
"ကျွန်တော်နားလည်ပါပြီ ၊ အခု ကျွန်တော်ရောက်နေတာ ခင်ဗျားရဲ့ အိပ်မက်ထဲမှာပဲ ၊ ဒါကြောင့် ခင်ဗျားက ဒီအရာတွေအားလုံးကို ပျံသန်းအောင်လုပ်နိုင်ပေမယ့် ကျွန်တော်ကတော့ လုပ်လို့မရတာပေါ့…"
တာအိုဆရာက ရယ်မောလိုက်ပြီး ကလေးငယ်၏ခေါင်းကို တစ်ချက်ပုတ်လိုက်ရင်း…
"တော်လိုက်တဲ့တပည့်လေး…"
အိပ်မက်ထဲမှ နတ်ဘုရားက သူ့ကို "တပည့်လေး" ဟု အဘယ့်ကြောင့် ခေါ်ရပါသနည်း။
ကလေးငယ် ပဟေဠိဖြစ်နေဆဲမှာပင် သူ အိပ်မက်မှ နိုးလာခဲ့လေသည်။
ကလေးငယ်က အိပ်မက်ထဲမှ တာအိုဆရာအကြောင်းကို အခြားသူများကိုပြောပြသော်လည်း အားလုံးက မတော်တဆ စိတ်စွဲလန်းသောကြောင့် အိပ်မက်မက်သည်ဟုသာ ထင်ခဲ့ကြလေသည်။
ကလေးငယ်ကတော့ ဘဝတွင်မည်မျှပင် ပင်ပန်းပါစေ အိပ်မက်ထဲမှ တာအိုဆရာအကြောင်းစဉ်းစားလိုက်မိသည်နှင့် ချက်ချင်းပင် အားအင်များ ပြန်လည်ပြည့်ဝလာရစမြဲဖြစ်လေသည်။
သူ၏ဉာဏ်ရည်များသည်လည်း တစ်နေ့တခြားထက်မြက်လာလေသည်။ သူ့ကို နေ့စဉ် ပညာသင်ပေးနေသည့် လူစောယိပင်လျှင် များစွာ အံ့အားသင့်ရသည်အထိပင် ဖြစ်သည်။
အမှန်တော့ ကလေးငယ် အိပ်မက်ထဲတွင် တွေ့မြင်ခဲ့ရသည့် တာအိုဆရာမှာ ဆန်းလျန်ပင် ဖြစ်လေသည်။
ကလေးငယ်သည် တစ်နေ့တခြား ဝိညာဉ်စွမ်းအားများ မြင့်တက်လာသည်ကို လူစောယိ သတိထားလိုက်မိလေသည်။ ကလေးငယ်မှာ ဝိညာဉ်စွမ်းအားများသန့်စင်လွန်းသဖြင့် သူတော်စင်တစ်ယောက်နှင့်ပင် တူလာလေသည်။
လူစောယိ မေးခွန်းထုတ်ကြည့်မိသည်။
တကယ်ဆိုလျှင် သူက ကလေးငယ်ကို ကျင့်စဉ်တစ်ခုမှ သင်မပေးရသေးပေ။ အဘယ့်ကြောင့် ကလေးငယ်က ဝိညာဉ်စွမ်းအားများ ကောင်းမွန်နေရသည်ကို သူ မစဉ်းစားတတ်အောင် ဖြစ်နေရသည်။ ထိုအချက်က ဆန်းလျန်နှင့် ဆက်စပ်ပတ်သက်မှု ရှိ မရှိ သူစဉ်းစားနေမိလေသည်။
သို့သော်… သူက ထုတ်ဖော်မေးမြန်းခဲ့ခြင်းတော့ မရှိပေ။ ကလေးငယ်အနေဖြင့် ကျင့်ကြံခြင်းလောကသို့ စတင်ဝင်ရောက်ခြင်းမှာ ဖြစ်သင့်သည့်အရာပင် ဖြစ်သည်။
ကလေးငယ်မှာ ချန်ကျင်းချင် လူပြန်ဝင်စားသူဖြစ်သည့်အတွက် ကလေးတစ်ယောက်ပင်ဖြစ်သည့်တိုင် အရင်ဘဝမှ ကျင့်ကြံခြင်းသဘောသဘာဝများက အထုံပါလာခဲ့လေသည်။ ထို့ကြောင့် တာအိုဝါဒနှင့် ကျင့်ကြံခြင်းလမ်းစဉ်သည် ကလေးငယ်နှင့် အစိမ်းသက်သက် ဖြစ်မနေခဲ့ပေ။
ချင်းရွှမ်နတ်တံခါးတွင် ကျင့်စဉ်ပေါင်း (၁၀၈)ခု ရှိလေသည်။ သို့သော်… ကျင့်ကြံသူတစ်ယောက်သည် ကျင့်စဉ် (၁)ခု (သို့မဟုတ်) (၂)ခုခန့်ကိုသာ ကျင့်ကြံနိုင်စွမ်း ရှိကြလေသည်။
ဆန်းလျန်နှင့် ချန်ကျင်းချင်တို့ကတော့ ထိုကျင့်စဉ် (၁၀၈)ခု အားလုံးကို အကြမ်းဖျင်း သိမြင်နားလည်သူများ ဖြစ်ကြလေသည်။
ဆန်းလျန်ကတော့ တပည့်ဖြစ်သူ၏ အိပ်မက်ထဲသို့ လာရောက်လည်ပတ်ပြီးသွားသည့်နောက် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းသို့ ခရီးဆက်ခဲ့လေသည်။
သူက ချန်ကျင်းချင်ကို ကျင့်စဉ်များ သင်ပြပေးခဲ့ခြင်း မရှိသော်လည်း ဝိညာဉ်စွမ်းအား ကောင်းမွန်စေရန်အတွက် သင်ပြပေးခဲ့လေသည်။
ဝိညာဉ်စွမ်းအားဆိုသည်က ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ပြီးပြည့်စုံစေနိုင်လေသည်။ ကောင်းမွန်သည့် ဝိညာဉ်စွမ်းအားကို ကြံ့ခိုင်သည့်ခန္ဓာကိုယ်နှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် အပြည့်စုံဆုံး ခန္ဓာတစ်ခုကို ရမည် ဖြစ်လေသည်။
ဆန်းလျန်က ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းသို့ အလျင်စလိုသွားရောက်ခဲ့ခြင်း မရှိပေ။
သူက ယွမ်ကျိုးနယ် မြောက်ဖျားနယ်စပ်သို့ရောက်ရှိလာခဲ့လေသည်။ နှစ်ပေါင်းများစွာအတွင်း မြောက်ဖျားဒေသက များစွာကျယ်ပြန့်လာခဲ့လေသည်။
နတ်ဘုရားများသည်ပင်လျှင် မြောက်ဖျားဒေသ၏ ထူခြားသည့်ဖြစ်ရပ်များကြောင့် အံ့သြခဲ့ကြရပြီး အချို့ဆိုလျှင် မြောက်ဖျားဒေသမှပင် ထွက်ခွာကုန်ကြလေသည်။
ဆန်းလျန် နေရာတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။ ထိုနေရာက ထိုက်စုနတ်ဘုရားဂိုဏ်းတည်ရှိရာနေရာ ဖြစ်လေ၏။
ယခင်ထိုက်စုနတ်ဘုရားဂိုဏ်းတည်ရှိရာ နေရာတွင် ကျိုးထျန်းရွှမ်နွီဟုလူသိများသည့် ဆန်းရော့ရှီက ရွှမ်နွီနန်းတော်ကို တည်ထောင်ခဲ့လေသည်။
ထို့ကြောင့် ထိုက်စုနတ်ဘုရားဂိုဏ်းက ဖြောက်ဖျားရှိ အခြားသောနေရာတစ်ခုတွင် ပြန်လည်တည်ထောင်ခဲ့ရလေသည်။ ထို့ပြင် ထိုက်စုနတ်ဘုရားဂိုဏ်း၏ ဂုဏ်သတင်းကလည်း ယခင်ကလောက် မြင့်မားခြင်းမရှိတော့ဘဲ အဓိကနတ်ဘုရားကျောင်းတော်ကြီးများစာရင်းတွင်ပင် ပါဝင်နိုင်ခြင်း မရှိတော့ပေ။
ထိုက်စုနတ်ဘုရားဂိုဏ်းတည်ရှိရာနေရာသို့ ရောက်လာသည့်အခါ ဆန်းလျန်သည် အတိတ်တစ်ချိန်မှ အကြောင်းအရာများကို ပြန်လည်သတိရလာမိလေသည်။
တစ်ချိန်က တူမလေးဆန်းရော့ရှီကို ကယ်တင်ရန်အတွက် ထိုက်စုနတ်ဘုရားဂိုဏ်းကို ဆန်းလျန် တစ်ကိုယ်တော် ထိုးဖောက်ဝင်ရောက်ခဲ့ဖူးသည် မဟုတ်ပါလား။
တွေးရင်းနှင့်ပင် ဆန်းလျန် တူမဖြစ်သူ ဆန်းရော့ရှီကို သတိရလိုက်မိလေသည်။
ဆန်းရော့ရှီအကြောင်း စဉ်းစားလိုက်မိသည်နှင့် ဆန်းရော့ရှီ မည်သည့်နေရာတွင်ရှိနေသည်ကို ဆန်းလျန် ချက်ချင်းသိရှိလိုက်လေသည်။
ဆန်းရော့ရှီမှာ ဇာမဏီနတ်ဘုရားနန်းတော်တွင် ထိန်းချုပ်ခံထားရသည်ကို ဆန်းလျန် သိရှိလိုက်ရသည့်တိုင် ယခုအချိန်တွင် ဆန်းရော့ရှီကို သွားရောက်ကယ်တင်ရန် မသင့်တော်သေးပေ။ သူ ဆန်းရော့ရှီကို သွားရောက်တွေ့ဆုံလျှင်တောင်မှ ပြန်လည်ခွဲခွာရဦးမည်ပဲ ဖြစ်လေသည်။
ထိုက်စုနတ်ဘုရားဂိုဏ်းသို့ ဝင်ရောက်ရာတံခါးသည် ကောင်းကင်ထက်ရှိ လေထုထဲတွင် တည်ရှိနေလေသည်။
ကျင့်ကြံသူတစ်ယောက်သာမဟုတ်လျှင် ထိုနေရာသို့ သွားရောက်ရန် မဖြစ်နိုင်သလို ထိုနေရာကို တွေ့မြင်ရန်လည်း မဖြစ်နိုင်ပေ။
ဆန်းလျန်သည် ကျောက်တုံးတစ်တုံးထက်တွင်ထိုင်ရင်း ထိုက်စုနတ်ဘုရားဂိုဏ်း၏ အဝင်တံခါးကို စိုက်ကြည့်နေလေတော့သည်။
***