ဆုလာဘ်
Vol. 10 Ch. 919
အချိန်လဝက်ခန့် ကြာသွားခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်သည် ကျောက်တုံးထက်တွင် ထိုင်နေဆဲ ဖြစ်လေသည်။
ဆန်းလျန်ထိုင်နေသည့် အချိန်အတောအတွင်းတွင် ထိုက်စုနတ်ဘုရားဂိုဏ်း ဝင်ပေါက်တံခါးကို ဖြတ်သန်းသွားလာကြသည့် ကျင့်ကြံသူများစွာ ရှိကြလေသည်။
ထိုသို့ဖြတ်သန်းသွားလာကြသူတိုင်းက ကျောက်တုံးထက်တွင်တိုင်နေသည့် ဆန်းလျန်ကို သတိပြုမိကြလေသည်။
ကျင့်ကြံသူမိန်းမပျိုတစ်ယောက်က ထိုင်နေသည့် ဆန်းလျန်ကို သတိထားမိပြီး စိတ်ဝင်စားသွားမိလေသည်။
ထိုကျင့်ကြံသူမိန်းမပျိုမှာ အသက် (၂၀)ဝန်းကျင်ခန့်ရှိသည့် ချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက် ဖြစ်လေသည်။
သူမ၏အမူအရာက သိမ်မွေ့ပြီး လောကီအညစ်အကြေးများနှင့်လည်း ကင်းစင်ပုံရလေသည်။ အဘယ်ကြောင့်ဆိုသော်… သူမသည် လူ့လောကနှင့် ကင်းကွာနေပြီး တောင်ပေါ်တွင်သာ ကျင့်ကြံနေသည့်အတွက်ကြောင့် ဖြစ်သည်။
သူမက ဆန်းလျန်ရှိရာသို့ ပျံသန်းရောက်ရှိလာပြီး ရိုရိုသေသေပင် ဂါရဝပြုလိုက်လေသည်။
"လွန်ခဲ့တဲ့ (၁၀)ရက် ကျွန်မ ချင်စန်းတောင်မှာ ဆေးပင်တွေသွားခူးကတည်းက တာအိုဆရာ ဒီနေရာမှာထိုင်နေတာကို တွေ့ခဲ့တာ ၊ မနေ့ကလည်း တောင်ပေါ်ရေတံခွန်မှာ ကျင့်စဉ်သွားပြီးကျင့်ကြံတော့ တာအိုဆရာက ဒီနေရာမှာ ထိုင်နေဆဲပဲ ၊ တာအိုဆရာက… ထိုက်စုနတ်ဘုရားဂိုဏ်းရဲ့ ဝင်ပေါက်တံခါးမှာ ဘာများထိုင်လုပ်နေတာလဲ ကျွန်မ သိချင်လို့ ရောက်လာရတာပါ…"
"မင်း ဆေးပင်တွေသွားခူးတုန်းက လူသားအသွင်ပြောင်းထားတဲ့ မြင်းဖြူတစ်ကောင်နဲ့ တွေ့ခဲ့တယ် မဟုတ်လား ၊ မင်း သူ့ကို ဖမ်းမလာဘဲ ဘာလို့ လွှတ်ပေးလိုက်တာလဲ…"
ဆန်းလျန်က သူမ မေးသည့်မေးခွန်းကို မဖြေဘဲ သူမကို မေးခွန်းပြန်ထုတ်လိုက်လေသည်။
ကျင့်ကြံသူမိန်းမပျိုက ဆန်းလျန်မှာ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို သိရှိသော်လည်း ထိုနေ့က သူမကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကိုသိရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ကြည့်ရသည်မှာ ထိုသူသည် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ဟန်ရှိလေသည်။
ထိုသူသည် ထိုက်စုနတ်ဘုရားဂိုဏ်း အနီးအပါးတွင် မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေရပါသနည်း။ သို့သော် သူမ စိတ်ထဲတွင် ဆန်းလျန်တွင် မကောင်းသည့် အကြံအစီမရှိကြောင်း ယုံကြည်နေမိလေသည်။
ထို့ကြောင့် သူမက ယဉ်ကျေးစွာပင် အဖြေပြန်ပေးလိုက်သည်။
"အဲဒီမြင်းဖြူက ဝိညာဉ်အလင်းရပြီး လူသားအသွင် ပြောင်းနိုင်နေပြီ ၊ သူ့ကိုသာ ဆေးဖော်လိုက်ရင် အရမ်းအစွမ်းထက်တဲ့ နတ်ဆေးတစ်လက် ရမှာအသေအချာပါပဲ ၊ ဒါပေမဲ့ ကျွန်မ သူ့ကို အဲဒီလို မလုပ်ရက်ပါဘူး…"
ဆန်းလျန်က…
"မင်းက ကြင်နာတတ်တာပဲ ၊ ဒါပေမဲ့ မင်းကသာ လွှတ်ပေးလိုက်တာ သူ မလွတ်မြောက်နိုင်ဘူးဆိုတာတော့ မင်းမသိခဲ့ဘူးမဟုတ်လား…"
ထို့နောက် ဆန်းလျန်က လက်တစ်ဖက်ကို စက်ဝိုင်းပုံသဏ္ဍန်ဝှေ့ယမ်းလိုက်လေသည်။
ထိုအခါ ရေကဲ့သို့ ကြည်လင်သည့် စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြရလေသည်။
မြင်ကွင်းထဲတွင် ဦးချို (၂)ခုပါရှိသည့် အနီရောင်မြွေတစ်ကောင် ပေါ်လာလေသည်။ ထိုမြွေ၏မျက်လုံးများက အေးစက်စူးရှပြီး ကြောက်မက်ဖွယ်ရာအတိဖြစ်လေ၏။ မြွေ၏ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားလေသည်။
မြွေက ရုတ်တရက် မတ်တတ်ရပ်လိုက်သည့်အခါ လက်သည်းခွံ (၂)ခု ထွက်ပေါ်လာလေ၏။
တစ်ချိန်ချိန်တွင် နဂါးအသွင် ပြောင်းလဲနိုင်တော့မည့် မြွေတစ်ကောင်ဖြစ်သည်မှာ ထင်ရှားနေလေသည်။ မြင်းဖြူမှာ ထိုမြွေ၏ရှေ့တွင်ရှိနေပြီး တစ်ချက်လေးပင် မရွေ့လျားရဲလောက်အောင် ကြောက်ရွံ့တုန်လှုပ်လျှက် ရှိလေသည်။
ကျင့်ကြံသူမိန်းမပျိုက…
"ဒီတောင်ပေါ်မှာ ဒီလိုမြွေမိစ္ဆာက ဘယ်လိုလုပ်ရောက်နေရတာလဲ ၊ အဲဒါ ဘယ်နေရာမှာလဲ ကျွန်မကို ပြောပြပါလား ၊ ကျွန် သွားနှိမ်နင်းပစ်မယ်…"
ဆန်းလျန်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဒါပေမဲ့ မြင်းဖြူကိုတော့ ကယ်နိုင်မှာ မဟုတ်တော့ဘူး…"
ကျင့်ကြံသူမိန်းမပျိုက လေးနက်သည့်လေသံဖြင့်…
"မြွေမိစ္ဆာကိုကြည့်ရတာ အတော်လေး စွမ်းအားရှိပုံပဲ ၊ သူသာ မြွေဖြူကို မြိုချလိုက်ရင် တန်ခိုးစွမ်းအားတွေ အရမ်း မြင့်မားသွားလိမ့်မယ် ၊ နောက်ပိုင်း သတ္တဝါတွေ ဘယ်လောက်များ သူ့ကြောင့် အသက်ဆုံးရှုံးရမလဲ မဆိုနိုင်ဘူး ၊ ဒါကြောင့် မြင်းဖြူကို မကယ်နိုင်ဘူးဆိုရင်တောင်မှ မြွေမိစ္ဆာကိုတော့ နှိမ်နင်းရလိမ့်မယ်…"
ဆန်းလျန်က ဖြည်းညင်းစွာဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်လေသည်။
ထို့နောက် တန်ခိုးစွမ်းအားလေလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကျင့်ကြံသူမိန်းမပျိုကို ရစ်ပတ်ခေါ်ယူသွားလေသည်။
ကျင့်ကြံသူမိန်းမပျို မြေပြင်ထက်တွင် ခြေချလိုက်မိသည့်အခါ မြွေမိစ္ဆာက မြင်းဖြူကိုမြိုချနေသည့် တောင်ပေါ်တစ်နေရာသို့ သူမ ရောက်ရှိနေပြီ ဖြစ်လေသည်။
သူမက ချက်ချင်းပင် သူ၏ အင်္ကျီအတွင်းမှ အနီရောင်ဖဲကြိုးတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုအခါ ကောင်းကင်ထက်တွင် အနီရောင်အရိပ်များဖြာလင်းလာပြီး လေများလည်း တိုက်ခတ်လာလေသည်။
သူမက မြွေမိစ္ဆာကို ထိန်းချုပ်ရန် ကြိုစားနေခြင်း ဖြစ်လေသည်။
လက်ဖက်ရည်တစ်ခွက်ခန့် သောက်ပြီးချိန်ကြာသည့်အခါတွင်တော့ သူမ မြွေမိစ္ဆာကို ထိန်းချုပ်နိုင်ခဲ့လေသည်။ မြွေမိစ္ဆာက မြိုချထားသည့် မြင်းဖြူကို အန်ထုတ်လိုက်လေသည်။
မြင်းဖြူမှာ သေဆုံးနေပြီဖြစ်ပြီး မြင်းဖြူ၏အလောင်းတစ်ခုလုံး မြွေမိစ္ဆာ၏ အစိမ်းရောင်အစာချေရည်များဖြင့် ပေကျံလျှက် ရှိလေသည်။
ကျင့်ကြံသူမိန်းမပျိုက သက်ပြင်းချလိုက်ပြီး မြွေဖြူကို ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးလိုက်လေသည်။ ထို့နောက် မြွေမိစ္ဆာကို ဆန်းလျန်ရှိရာသို့ ယူဆောင်လာလေ၏။
ဆန်းလျန်က ယခင်နေရာတွင်ပင် ထိုင်နေဆဲ ဖြစ်လေသည်။
ကျင့်ကြံသူမိန်းမပျိုက…
"တာအိုဆရာပြောသလိုပဲ မြွေဖြူကိုတော့ မကယ်လိုက်နိုင်ဘူး…"
ဆန်းလျန်ကပြုံးလိုက်ရင်း…
"အဲဒီတော့ မြွေမိစ္ဆာကို မင်း ဘာဆက်လုပ်မလဲ…"
ကျင့်ကြံသူမိန်းမပျိုက တစ်ချက်စဉ်းစားလိုက်ပြီး…
"အားလုံးက သဘာဝတရားအတိုင်း မွေးဖွားဖြစ်တည်လာတဲ့အရာတွေပဲ ၊ သူလည်း တစ်ခုခုတော့ အသုံးဝင်မှာပါ ၊ ကျွန်မ သူ့ကိုခေါ်သွားမယ် ၊ ဘာအတွက်အသုံးဝင်နိုင်မလဲဆိုတာ ကြည့်တာပေါ့…"
ဆန်းလျန်က…
"ဟုတ်ပြီ…"
ကျင့်ကြံသူမိန်းမပျိုက…
"ဒါနဲ့ တာအိုဆရာကရော ဒီနေရာကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ…"
ဆန်းလျန်က…
"မင်းက အခုထိ မေးနေသေးတယ်ဆိုတော့ ကျုပ်ကလည်း ဖြေရတော့မှာပေါ့ ၊ ကျုပ်က ယွမ်ကျွင်းဧကရီကို တွေ့ဖို့လာတာပါ"
ကျင့်ကြံသူမိန်းမပျိုက တစ်ချက်စဉ်းစားလိုက်သည်။
"ဒီပုဂ္ဂိုလ်က သာမန်ပုဂ္ဂိုလ်တော့ မဟုတ်နိုင်ဘူး ၊ သူက ယွမ်ကျွင်းဧကရီကိုတောင် လာရှာရဲတယ် …"
ခေတ်ကာလအရပြောရမည်ဆိုလျှင် ယွမ်ကျွင်းဧကရီဆိုသည်က ပထမမိုးနတ်မင်းခေတ်ကတည်းက တည်ရှိခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
အသူရာချောက်ရှိ အပြာရောင်ခရီးရှည်နန်းတော်တွင် ဆန်းလျန်နှင့် တိုက်ခိုက်ပြီးသည့်နောက် သူမ လူပြန်ဝင်စားခဲ့လေသည်။ ထို့နောက် နွီဝါးနတ်သမီး၏ လက်အောက်မှ ကျင်းယွီနတ်သမီးနတ်သမီးနှင့်ပင် အလွန်ခင်မင်ရင်းနှီးသူ ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် သူမသည် ယခင်ဘဝကအတိုင်း ထိုက်ယီထျန်းရှန်းအဆင့်သို့ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေသည်။
ယွမ်ကျွင်းဧကရီသည် အစပိုင်း ကနဦးကတည်းပင် ထိုက်စုနတ်ဘုရားဂိုဏ်းကို တည်ထောင်ခဲ့သူ ဖြစ်လေသည်။ အဆင့်မြင့်နတ်ဘုရားတစ်ပါးမဟုတ်လျှင် (သို့မဟုတ်) အဓိကနတ်ဘုရားဂိုဏ်းကြီးများမှ ကျင့်ကြံသူများမဟုတ်လျှင် ယွမ်ကျွင်းဧကရီကို တွေ့ဆုံရန်မှာ မဖြစ်နိုင်ပေ။
တာအိုကျင့်ကြံသူမိန်းမပျိုက…
"တည်ထောင်သူဆရာဘွားဘွားက ထိုက်စုနတ်ဘုရားဂိုဏ်းမှာ မရှိပါဘူး ၊ တာအိုဆရာက သူ့ကိုတွေ့ချင်တယ်ဆိုရင် မရှိမှုကျေးရွာကိုသွားမှပဲ တွေ့နိုင်မှာပါ…"
မိန်းမပျိုပြောသည့် စကားမှာ အမှန်ပင် ဖြစ်လေသည်။
သူမ၏ စကားကြောင့် ဆန်းလျန်က အနည်းငယ် အခက်တွေ့သွားဟန်ဖြင့်…
"ပုံမှန်ဆိုရင်တော့ သူ မရှိမှုကျေးရွာမှာ ရှိချင်ရှိနေမှာပေါ့ ၊ ဒါပေမဲ့ အခု ကျုပ်ရောက်လာပြီဆိုရင်တော့ ထိုက်စုနတ်ဘုရားဂိုဏ်းကို သူ ရောက်လာပါလိမ့်မယ် ၊ ပြီးတော့ ကျုပ် ဒီကိုရောက်လာရတဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကတော့ မင်းအတွက်ပါပဲ…"
ဆန်းလျန်၏စကားကြောင့် ကျင့်ကြံသူမိန်းမပျိုက အံ့အားသင့်သွားပြီး…
"တာအိုဆရာက ကျွန်မနဲ့ ဘာလို့ တွေ့ချင်ရတာလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မြင်းဖြူသေသွားတာလည်း ကောင်းတာပါပဲ ၊ သူ့ဝိညာဉ်က လူတစ်ယောက်အဖြစ် ပြန်ဝင်စားလိမ့်မယ် ၊ အနာဂတ်မှာ သူဟာမင်းရဲ့တပည့်ဖြစ်လာလိမ့်မယ်…."
ကျင့်ကြံသူမိန်းမပျိုက…
"ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးပါတယ် ၊ ဘယ်လိုလုပ် တပည့်လက်ခံနိုင်မှာလဲ ၊ ပြီးတော့ မြင်းဖြူက လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားမယ်ဆိုရင် သူ့မှာ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ ကံကြမ္မာပါလာမှာပဲ ၊ ကျွန်မက သူ့ကို တပည့်အဖြစ် လက်မခံဝံ့ပါဘူး…"
ရှေးခေတ်အချိန်ကာလကတည်းက လူတစ်ယောက် ကျင့်ကြံသူဖြစ်လာရန်မှာ အလွန်ခက်ခဲလေသည်။ ထို့အထူ ကျင့်ကြံသူတစ်ယောက်က တပည့်တစ်ယောက်ကို လက်ခံရန်မှာ ပို၍ခက်ခဲလေသည်။
ကျင့်စဉ်လမ်းကို လျှောက်လှမ်းရခြင်းက မလွယ်ကူလှပေ။ ဘေးအန္တရယ်များ ၊ အစစ်ဆေးခံရခြင်းများဖြင့် ပြည့်နက်လျှက်ရှိသည်။
ထို့ပြင်… ဇာတ်သိမ်းမလှသည့် ကျင့်ကြံသူများကလည်း ဒုနှင့်ဒေး စြဖ်လေသည်။ ကျင့်စဉ်လမ်းကို အဆုံးထိ လျှောက်လှမ်းနိုင်သူမှာ ခပ်ရှားရှားပင် ဖြစ်လေ၏။
ထို့ကြောင့်ကျင့်ကြံသူတစ်ယောက် တန်ခိုးစွမ်းအားမြင့်မားလာလေ တပည့်မွေးရန်အတွက် ပိုပြီး စဉ်းစားချင့်ချိန်လေ ဖြစ်သည်။
တပည့်မွေးရမည့်သူ၏ မူလအရင်းအမြစ်ကို အထူးသတိထား လေ့လာကြသည်။ ဇာစ်မြစ်ကောင်းလျှင် ကိုယ်ကျင့်တရားကောင်းမကောင်းကို ထပ်မံလေ့လာကြသည်။ ပြီးမှ တပည့်အဖြစ်လက်ခံရန် စဉ်းစားဆုံးဖြတ်ကြလေသည်။
ဥပမာဆိုရလျှင် မြင်းမြူသည် လူသားတစ်ယောက်ဖြစ်လာရန် ကံကြမ္မာပါလာလျှင် သူသည် နတ်ဘုရားတစ်ပါးဖြစ်လာရန်လည်း ကံကြမ္မာပါလာပေလိမ့်မည်။ ထို့ကြောင့် နတ်ဘုရားများကသာ မြင်းဖြူ၏ ဆရာသခင်များ ဖြစ်ထိုက်လေသည်။ သူမကဲ့သို့ အညတရတစ်ယောက်က မြင်းဖြူကို တပည့်အဖြစ် လက်မခံဝံ့ပေ။
ကျင့်စဉ်လမ်းက ခက်ခဲကြမ်းတမ်းလေရာ အခက်အခဲများ ရင်ဆိုင်ရသည့်အခါ ဆရာဖြစ်သူ၏ အကူအညီများစွာ လိုအပ်လေသည်။ ထို့အတူ တပည့်ဖြစ်သူကလည်း ဆရာကို ထောက်ပံ့ပေးနိုင်သည့် တပည့်ကောင်းဖြစ်ရန် လိုအပ်သည်။
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ခိုင်မာသည့် ဆရာတပည့် ဆက်ဆံရေးပင် ဖြစ်လေသည်။ အပြန်အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေအထားမျိုး ဖြစ်လေသည်။
ဆန်းလျန်က…
"မင်းက သူ့အပေါ်ကောင်းခဲ့တာပဲလေ ၊ ဒါကြောင့် သူက မင်းရဲ့ တပည့် ဖြစ်ထိုက်ပါတယ် …"
ကျင့်ကြံသူမိန်းမပျိုက…
"တာအိုဆရာက ကျွန်မကို နောက်နေပြန်ပါပြီ…"
ဆန်းလျန်က ပြုံးလိုက်ပြီး…
"ကျုပ် ဒီကိုလာရတဲ့အကြောင်းရင်းကို မင်းမေးခဲ့တယ် မဟုတ်လား ၊ ဘာလို့လဲဆိုတော့ အရင်ဘဝတုန်းက မင်းက ကျုပ်အပေါ် ကောင်းခဲ့ဖူးတယ် ၊ ဒါကြောင့် ဒီဘဝမှာ မင်းကို ကျုပ်က ပြန်ပေးဆပ်ဖို့ပါပဲ…"
ဆန်းလျန်၏စကားကိုကြားသည်နှင့် ကျင့်ကြံသူမိန်မပျိုက နားလည်သွားလေသည်။
သူမက ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် အတိတ်ဘ၀ ၊ အနာဂတ်ဘ၀ ဆက်စပ်မှုများကို နားလည်လေသည်။ သို့တိုင်အောင်… သူမရှေ့မှ တာအိုဆရာ မည်သူဖြစ်သည်ကို သူမ မသိရှိနိုင်သေးပေ။
ကျင့်ကြံသူမိန်းမပျိုက…
"တာအိုဆရာရဲ့နာမည်ကိုများ သိခွင့်ရှိမလား…"
"ဆန်းလျန်…"
ဆန်းလျန်၏ နှုတ်ခမ်းဖျားမှာ စကားလုံး (၂)လုံး ထွက်ပေါ်လာလေသည်။
ကျင့်ကြံသူမိန်းမပျိုက ထိုနာမည်ကို ရင်းနှီးနေလေသည်။ သို့သော်… မည်သည့်နေရာတွင် ကြားဖူးမှန်း မမှတ်မိတော့ပေ။ သူမက ဆန်းလျန်ကို "မသိဘူး" ဟု ငြင်းဆိုရမည်ကို အားနာနေမိလေသည်။
မိန်းမပျိုက…
"တာအိုဆရာဆန်းလျန်ကိုတွေ့ရတာ ဝမ်းသာပါတယ် ၊ ကျွန်မက ယန်မြောင်ယွင်ပါ ၊ ထိုက်စုနန်းတော် ၊ လင်စုခန်းဆောင်က တပည့်တစ်ယောက်ပါ…"
လင်စုနန်းဆောင်ဆိုသည် လင်စုနတ်သမီးအုပ်ချုပ်သည့် နန်းဆောင်ဖြစ်လေသည်။
လင်စုနတ်သမီးဆိုသည်က ထိုက်စုနန်းတော်သခင်မ၏ ညီမဖြစ်လေသည်။
သို့သော်… ထိုက်စုနတ်ဘုရားဂိုဏ်း၏ အကြီးအကဲများလောက်တော့ အခွင့်အာဏာရှိသူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် ယန်မြောင်ယွင်ဆိုသည်ကလည်း လင်စုခန်းဆောင်၏ တပည့်များကြားတွင် ထင်ရှားသူတစ်ယောက် မဟုတ်ပေ။
သူမက မိဘမဲ့တစ်ယောက်ဖြစ်ပြီး အရည်အချင်းကလည်း သာမန်မျှသာဖြစ်ပြီး နောက်ခံအင်အားရှိသူလည်း မဟုတ်ပေ။
***