ယွမ်ကျွင်းဧကရီ
Vol. 10 Ch. 920
တောင်ပေါ်လေပြေ ဖြတ်သန်းတိုက်ခတ်သွားသည့်တိုင် ဆန်းလျန်ဝတ်ဆင်ထားသည့် အဝတ်အစားများက လေထဲတွင် လွင့်ပျံသွားခြင်းမရှိလေရာ ယန်မြောင်ယွင်၏စိတ်ထဲတွင် ထူးဆန်းမှုကို ခံစားလိုက်ရလေသည်။
သူမ၏ ပတ်ဝန်းကျင်တွင်လည်း လေထုက ချက်ချင်း ငြိမ်သက်သွားလေသည်။
ဆန်းလျန်မှာ အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ယန်မြောင်ယွင် အနည်းငယ်ယုံကြည်သွားမိသည်။
ဆန်းလျန်က…
"မင်းရဲ့နာမည်က ယန်မြောင်ယွင် ၊ အသက်က ဒီနှစ်ဆိုရင် (၂၈)နှစ်ပြည့်ပြီ ၊ မင်းက ထိုက်စုနတ်ဘုရားဂိုဏ်းက လင်စုနတ်သမီးရဲ့ တပည့်ဖြစ်တယ် ၊ ဒါပေမဲ့ မင်းရဲ့နာမည်က ဘာလို့ ယန်မြောင်ယွင်လို့ မှည့်ထားရလဲ သိလား…"
ယန်မြောင်ယွင် တစ်ခဏမျှ စဉ်းစားနေလေသည်။
သူမကို ယန်မြောင်ယွင်ဆိုသည့်အမည်အဘယ့်ကြောင့်ပေးခဲ့ရသည်ကို ဆရာဖြစ်သူကိုသူမ မေးကြည့်ခဲ့ဖူးသည်။ သို့သော်… ဆရာဖြစ်သူက ဖြေကြားခဲ့ခြင်း မရှိပေ။
ဆန်းလျန်က…
"မင်းရဲ့နာမည်က ယွမ်ကျွင်းဧကရီကိုယ်တိုင် ပေးခဲ့တဲ့နာမည်ပဲ…"
ယန်မြောင်ယွင်က အံ့အားသင့်သွားပြီး…
"တည်ထောင်သူဆရာဘွားဘွားမှာ တပည့်တွေ ဒီလောက်များတာ ဘာလို့ ကျွန်မကိုမှရွေးပြီး နာမည်ပေးရတာလဲ…"
ဆန်းလျန်က ပြုံးလိုက်ပြီး အဝေးတစ်နေရာမှ ထိုက်စုနတ်ဘုရားဂိုဏ်းသို့ဝင်ရောက်ရာ ဝင်ပေါက်တံခါးကို လှမ်းကြည့်လိုက်လေသည်။
ဝင်ပေါက်တံခါးဝတွင် သက်တံ့ရောင်စဉ်များ ဖြာလင်းနေသည်ကို တွေ့ရခြင်းအားဖြင့် ယွမ်ကျွင်းဧကရီရောက်ရှိနေပြီကို ဆန်းလျန် သိလိုက်သည်။
သူက ယန်မြောင်ယွင်ကို ဆက်ရှင်းပြမနေတော့ဘဲ…
"ကျုပ်နဲ့ လိုက်ခဲ့…"
ဆန်းလျန်က ကျောက်တုံးထက်တွင်ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီး ထိုက်စုနတ်ဘုရားဂိုဏ်း၏ ဝင်ပေါက်တံခါးဝဆီသို့ ထွက်ခွာသွားလေတော့သည်။
ဆန်းလျန်က လေထဲသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းတက်သွားပြီး သူ၏ခြေလှမ်းများက မြေပြင်ထက်တွင် လမ်းလျှောက်နေသည့်အလား တည်ငြိမ်ခိုင်ခံ့လှလေသည်။
ကျင့်ကြံသူတစ်ယောက် ပုရွှီးအဆင့်သို့ရောက်လျှင် လေထဲတွင် မည်သည့်မှော်ဝင်ပစ္စည်းအကူအညီမှ မလိုဘဲ မြေပြင်ထက်တွင်လမ်းလျှောက်သကဲ့သို့ လျှောက်လှမ်းနိုင်သည်ကို ယန်မြောင်ယွင် သိရှိထားလေသည်။
ယန်မြောင်ယွင်က မှော်ဝင်ပစ္စည်းတစ်ခုကို အသုံးပြုပြီး လေထဲသို့ ပျံသန်းကာ ဆန်းလျန်နောက်သို့ လိုက်ပါသွားလေသည်။
သို့သော်… မထင်မှတ်စွာပင် လေထဲတွင် မမြင်ရသည့်လှေကားထစ်များရှိနေသည်ကို သူမ သတိပြုလိုက်မိလေသည်။ လှေကားထစ်များကို တွေ့မြင်ရခြင်းမရှိသည့်တိုင် ခံစားသိရှိနိုင်လေသည်။
သူမ ဆန်းလျန်ကို ပိုပြီး အထင်ကြီးလေးစားသွားမိကာ လှေကားထစ်များအတိုင်း ဆန်းလျန်နောက်မှ လိုက်ပါသွားလေတာ့သည်။
သူတို့ (၂)ယောက် ခပ်ဖြေးဖြေးပင် လမ်းလျှောက်လာကြပြီး နောက်ဆုံး ဝင်ပေါက်တံခါးသို့ ရောက်ရှိလာကြလေသည်။
ဝင်ပေါင်တံခါးမှ ဝင်မိလျှင်ဝင်မိချင်း ယန်မြောင်ယွင်၏နားထဲတွင် ပုလွေသံတစ်သံ ကြားလိုက်ရလေသည်။ ထိုပုလွေသံမှာ သံစဉ်အလှည့်အပြောင်း (၉)မျိုးပါဝင်သည့် ဇာမဏီငှက်မျိုးနွယ်များ၏ တေးသွားဖြစ်လေသည်။
ထူးခြားသည့် ဧည့်သည်တော် ကြွရောက်လာမှသာ ထိုက်စုနတ်ဘုရားဂိုဏ်းတွင် ထိုတေးသွားကို တီးခတ်လေ့ရှိလေသည်။
ရောက်ရှိလာသည့် ဧည့်သည်မှာ ဆန်းလျန်အပြင် အခြားသူမရှိပေ။
ထို့နောက်… ခေါင်းလောင်းသံများ ထွက်ပေါ်လာပြန်လေသည်။ ထိုခေါင်းလောင်းသံများမှာ သာမန်ခေါင်းလောင်းသံများ မဟုတ်ပေ။ နတ်ဘုရားခေါင်းလောင်းသံများ ဖြစ်လေသည်။ ထိုခေါင်းလောင်းကို သာမန်ကျင့်ကြံသူများ တီးခတ်နိုင်ခြင်းမရှိကြပေ။ အဆင့်မြင့်နတ်ဘုရားများသာလျှင် တီးခတ်နိုင်ကြလေသည်။
ခေါင်းလောင်းတီးသံ (၇) ကြိမ် (၇)ခါ ထွက်ပေါ်လာပြီး စုစုပေါင်း (၄၉)ကြိမ် တိတိ ဖြစ်လေ၏။ တောင်တစ်ခွင်တွင် ခေါင်းလောင်းသံသာသည် အဆက်မပြတ် ပျံ့လွင့်လျှက် ရှိလေတော့သည်။
ယန်မြောင်ယွင်မှတ်မိသလောက် နတ်ဘုရားခေါင်းလောင်း (၁)ကြိမ်သာ တီးခတ်သည်ကို ကြားခဲ့ရဖူးလေသည်။
ချင်းယန်ကျောင်းတော်မှ ယင်ရှန်းကျွင်းအရှင် ထိုက်စုနတ်ဘုရားဂိုဏ်းသို့ လာရောက်လည်ပတ်စဉ်က တီးခတ်ခြင်းဖြစ်လေသည်။
သို့သော်… ခေါင်းလောင်းသံက တစ်ကြိမ်သာဖြစ်လေရာ ယနေ့တီးခတ်သည့် (၄၉)ကြိမ်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
ထို့ကြောင့်… ယန်မြောင်ယွင်မှာ ကြောက်ရွံ့ထိတ်လန့်လာမိလေသည်။
သူမသည် ငတုံးတစ်ယောက်မဟုတ်ပေ။ ခေါင်းလောင်းသံများသည် ဆန်းလျန်ကို ကြိုဆိုသည့် ခေါင်းလောင်းသံများဖြစ်သည်ကို သိရှိလေသည်။ ထို့ကြောင့် ဆန်းလျန်၏အဆင့်အတန်းကို ခန့်မှန်းကြည့်ရင်း အံ့သြထိတ်လန့်နေမိသည်။
ထိုက်စုနတ်ဘုရားဂိုဏ်းမှ ဂိုဏ်းသူများကလည်း ဆန်းလျန်နှင့်အတူ လိုက်ပါလာသည့် သူမကိုဝိုင်းဝန်းကြည့်ရှုနေကြသည့်အတွက် ယန်မြောင်ယွင်မှာ အနည်းငယ်ပင် ရှက်သွေးဖြာလာမိလေသည်။
ဆန်းလျန်က…
"နတ်ဘုရားခေါင်းလောင်းသံက ကျားဟိန်းသံနဲ့လည်းတူသလို မိုးကြိုးသံနဲ့လည်း တူတယ် ၊ တန်ခိုးစွမ်းအားတွေကို သန့်စင်ပေးနိုင်တယ် ၊ မင်းရဲ့ မျက်ခုံး (၂)ခုကြားက သွေးကြောဆုံချက်က တန်ခိုးစွမ်းအား အနှစ်သာရ တည်ရှိရာနေရာပဲ ၊ အဲဒီနေရာကို အာရုံစူးစိုက်ထား…"
နတ်ဘုရားခေါင်းလောင်းသံ၏ တန်ခိုးစွမ်းအားမြင့်မားပုံကို ယန်မြောင်ယွင် အစကတည်းက သိရှိပြီးသား ဖြစ်လေသည်။
သို့သော်… ကြောက်ရွံ့ထိတ်လန့်နေသည့်အတွက် သူမက မေ့လျော့သွားခြင်း ဖြစ်သည်။
သို့သော်… ဆန်းလျန်က အချိန်မီသတိပေးလိုက်သည့်အတွက် သူမ ချက်ချင်းပင် မျက်ခုံး (၂)ခုကြားရှိ သွေးကြောဆုံချက်မှ တန်ခိုးစွမ်းအားများကို အာရုံစူးစိုက်လိုက်လေသည်။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာပြီး မကြုံဖူးသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ကြရလေသည်။
ထို့နောက် ယန်မြောင်ယွင် သတိလက်လွတ် မိန်းမောသွားမိလေသည်။
ဆန်းလျန်ကတော့ ယန်မြောင်ယွင်ကို သတိပေးခြင်းမျိုး မပြုလုပ်ဘဲ ဝင်ပေါက်တံခါးမှ ခပ်ဖြည်းဖြည်းပင် ဝင်ရောက်လာခဲ့လေသည်။
အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးသည့်အချိန်တွင်တော့ ယန်မြောင်ယွင် သတိပြန်ဝင်လာလေသည်။
ထိုအခါ… သူမရှေ့တွင် စောင့်ကြိုနေကြသည့် ဆရာသခင်များနှင့် ဂိုဏ်းသူများကို တွေ့မြင်လိုက်ရသည့်အခါ သူမ ထိတ်လန့်ပြီး သတိလစ်မလိုပင် ဖြစ်သွားရလေသည်။
သို့သော်… ထိုက်စုနတ်ဘုရားဂိုဏ်းမှ လူအများကတော့ ယန်မြောင်ယွင်ကို ထူးဆန်းစွာဖြင့် ကြည့်နေခဲ့ကြလေသည်။ နန်းတော်သခင်မက အထူးဧည့်သည်တော်ကို ကြိုဆိုရန် သူမတို့ကို စေလွှတ်လိုက်ခြင်း ဖြစ်လေသည်။ ယခုတော့ ဧည့်သည်တော်နှင့်အတူ အဘယ့်ကြောင့် ယန်မြောင်ယွင်ပါ ပါလာရပါသနည်း။
ယန်မြောင်ယွင်ဆိုသည်က လင်စုနတ်သမီး၏ တပည့်တစ်ယောက်ဖြစ်ပြီး သာမန်မိဘမဲ့ ကလေးတစ်ယောက် ဖြစ်လေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်ကလည်း အလယ်အလတ်အဆင့်မျှသာဖြစ်လေရာ အားလုံးက သူမကို အမှုမဲ့ အမှတ်မဲ့ပင် ရှိကြသည်။
သို့သော်… ယခုတော့ ယန်မြောင်ယွင်က ဧည့်ကောင်းဆောင်ကောင်းနှင့်အတူ လိုက်ပါလာခြင်းဖြစ်လေရာ သူတို့အားလုံးမှာ ယန်မြောင်ယွင်ကို စိတ်ထဲမှ အထင်ကြီးလေးစားနေမိကြလေတော့သည်။
ဧည့်သည်က သာမန်ဧည့်သည်ဆိုလျှင် ကိစ္စမရှိပေ။
နန်းတော်သခင်မကိုယ်တိုင် ခေါင်းလောင်း (၇)ချက် (၇)ကြိမ်တီးခတ်ပြီး ကြိုဆိုရသည့် ဧည့်ကောင်းဆောင်ကောင်းဖြစ်နေလေရာ ရောက်ရှိလာသည့်ဧည့်သည်သည် မိုးကောင်းကင်ခုံရုံးမှ နတ်ဘုရားများထက်ပင် အဆင့်မြင့်ဟန် ရှိလေသည်။
ဆန်းလျန်၏အဆင့်အတန်းမှာ ရွှမ်ဟွမ်မိုးနတ်မင်းထက်ပင် အဆင့်မြင့်နိုင်သည်ဟု သူတို့အားလုံး ခန့်မှန်းမိကြပြီး ကြောက်ရွံ့နေမိကြလေတော့သည်။
ထိုက်စုနတ်ဘုရားဂိုဏ်းသည် လူ့လောကမှ နတ်ဘုရားဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး မိုးကောင်းကင်ခုံရုံးမှ နတ်ဘုရားများနှင့်ယှဉ်လျှင် မြူမှုံမျှသာ ဖြစ်လေသည်။
ယွမ်ကျွင်းဧကရီကတော့ နာမည်ကျော်ကြားသည့် အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်သည့်တိုင် ယွမ်ကျွင်းဧကရီတည်ထောင်ခဲ့သည့် ထိုက်စုနတ်ဘုရားဂိုဏ်းကိုတော့ ရွှမ်ဟွမ်မိုးနတ်မင်းပင်လျှင် တစ်ခါမှ ကြားဖူးခြင်း မရှိပေ။
ထို့နောက်တွင်တော့… ထိုက်စုနတ်ဘုရားဂိုဏ်းမှ နန်းတော်သခင်မကိုယ်တိုင် ဆန်းလျန်ကို ကြိုဆိုရန် ထွက်လာလေသည်။
သူမက ဦးခေါင်းထက်တွင် ရွှေဆံထိုးတစ်ချောင်းထိုးစိုက်ထားပြီး အနီရောင်ဝတ်စုံကို လှပစွာ ဝတ်ဆင်ထားလေသည်။
သူမက ဆန်းလျန်ကိုတွေ့သည်နှင့် ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
"ဆန်းလျန်ထျန်းကျွင်းကို ဂါရဝပြုပါတယ် ၊ တည်ထောင်သူဆရာဘွားဘွားက တိမ်တိုက်ခန်းမဆောင်ထဲမှာ ထျန်းကျွင်းနဲ့တွေ့ဖို့ စောင့်နေပါတယ်…"
နန်းတော်သခင်မက ဆန်းလျန်ကို ဂါရဝပြုသည်ကို တွေ့မြင်လိုက်ရသည့်အခါ ယန်မြောင်ယွင်မှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားလေသည်။ သူမခြေလှမ်းများပင် ရှေ့ဆက်လှမ်းနိုင်စွမ်း မရှိတော့ပေ။
ဆန်းလျန်က သိမ်မွေ့သည့်လေသံဖြင့်…
"ကျုပ်ကို လိုက်ပို့ပေးပါ…"
နန်းတော်သခင်မက ချက်ချင်းပင် ဆန်းလျန်ကို တိမ်တိုက်ခန်းမဆောင်သို့ ခေါ်ဆောင်သွားပြီး ယန်မြောင်ယွင်ကလည်း ဆန်းလျန်နောက်မှ လိုက်ပါသွားလေသည်။
အမှန်တော့ ယန်မြောင်ယွင်က သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အလိုလို ဆန်းလျန်နောက်သို့ လိုက်ပါနေမိလျက်သားဖြစ်နေခြင်းသာ ဖြစ်သည်။
တိမ်တိုက်ခန်းမဆောင်ဆိုသည်က ထိုက်စုနတ်ဘုရားဂိုဏ်း၏ တားမြစ်နယ်မြေဖြစ်လေသည်။
ထိုနေရာသို့ နန်းတော်သခင်မနှင့် နန်းတော်သခင်မနေရာကို ဆက်ခံမည့်သူသာလျှင် ဝင်ခွင့်ရှိလေသည်။ ယနေ့တော့ ဆန်းလျန်က ယန်မြောင်ယွင်ကို တိမ်တိုက်ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။
သို့သော်… ထိုက်စုနန်းတော်သခင်မက တစ်ချက်ကလေးပင် တားဆီးခဲ့ခြင်း မရှိပေ။ ထိုအချက်ကြောင့် ထိုက်စုနတ်ဘုရားဂိုဏ်းမှ ဆရာသခင်များနှင့် ဂိုဏ်းသူများမှာ အတွေးပေါင်းများစွာဖြင့် ကျန်ရစ်ခဲ့ကြရလေသည်။
ဧည့်သည်တော်တစ်ယောက်က ထိုက်စုနတ်ဘုရားဂိုဏ်းမှ သာမာန်တပည့်တစ်ယောက်ကို တိမ်တိုက်ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားသည်ကို နန်းတော်သခင်မက တားဆီးခဲ့ခြင်း အလျဉ်းမရှိသည့်အချက်က အတော်လေး ထူးဆန်းလေသည်။
ယန်မြောင်ယွင်က ထိုက်စုနတ်ဘုရားဂိုဏ်း၏ နန်းတော်သခင်မနေရာကို ဆက်ခံမည့်သူတစ်ယောက် မဟုတ်သည့်အတွက် ထိုအချက်က စည်းကမ်းနှင့် ကိုက်ညီခြင်း မရှိပေ။
ထို့ပြင်… ထိုက်စုနတ်ဘုရားဂိုဏ်းမှ နန်းတော်သခင်မတိုင်းက နန်းတော်သခင်မနေရာကို ဆက်ခံမည့်သူကို အမြဲတမ်း အတိအလင်း ကြေငြာထားကြစမြဲဖြစ်လေသည်။ သို့သော်… လက်ရှိနန်းတော်သခင်မကတော့ ထိုသို့ တရားဝင်ကြေငြာထားခြင်းမျိုး မရှိသေးပေ။
ထို့ကြောင့် ယန်မြောင်ယွင်များ နန်းတော်သခင်မနေရာကို ဆက်ခံသူဖြစ်လာမည်လားဟု သူတို့အားလုံးက သံသယဝင်နေမိကြခြင်း ဖြစ်လေသည်။
ထိုက်စုနန်းဘုရားဂိုဏ်းတွင် အရည်အချင်းရှိသူများစွာ ရှိသည့်တိုင် နန်းတော်သခင်မကတော့ ဆက်ခံသူနေရာကို မည်သူ့အားလွှဲအပ်မည်ကို တစ်စက်ကလေးပင် ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိပေ။
ယခုတော့ ဆန်းလျန်ကလည်း ယန်မြောင်ယွင်ကို မြှောက်စားဟန်ရှိနေလေရာ အဓိပ္ပါယ်တစ်ခုခုတော့ ထူးခြားနေသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော်… သူတို့အားလုံး၏ အတွေးများကို ဆန်းလျန်က အရေးစိုက်ခြင်း မရှိပေ။
ယန်မြောင်ယွင်ကတော့ ထိုအရာများအားလုံးကို နားလည်ခြင်းမရှိဘဲ ရုပ်သေးရုပ်တစ်ရုပ်ပမာ သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာဖြင့် ဆန်းလျန်နောက်သို့ အလိုလို လိုက်ပါသွားလေတော့သည်။
တိမ်တိုက်ခန်းမဆောင်အတွင်းသို့ အပြင်ဘက်မှ တိမ်ခိုးတိမ်ငွေ့များ စီးဆင်းဝင်ရောက်လျှက်ရှိလေသည်။ ထို့ကြောင့် ခန်းမဆောင်ထဲတွင် တိမ်တူထပ်နေသည့်အလား ခံစားရလေ၏။
ခန်းမဆောင်အတွင်း၌ ထူးထူးခြားခြား ပြင်ဆင်ထားခြင်းမျိုးမရှိပေ။ ထိုင်စရာ အခင်း (၂)ခု ချထားပြီး အခင်းတစ်ခုတွင် အသက် (၁၆)နှစ်ခန့် မိန်းကလေးငယ်တစ်ဦး ထိုင်နေလေသည်။
ထိုမိန်းကလေးကိုတွေ့သည်နှင့် ထိုက်စုနန်းတော်သခင်မနှင့် ယန်မြောင်ယွင်က ဒူးထောက် ဂါရဝပြုလိုက်ကြလေသည်။
ဒူးထောက်ပြီး ပြန်ထလိုက်သည့်အခါမှ ယန်မြောင်ယွင်မှာ သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်လိုက်နိုင်လေသည်။
ထိုမိန်းကလေးငယ်မှာ အခြားသူ မဟုတ်ပေ။
"ယွမ်ကျွင်းဧကရီ" ပင် ဖြစ်လေသည်။
ထိုက်စုနတ်ဘုရားဂိုဏ်းမှ တပည့်တစ်ယောက်အနေဖြင့် ယန်မြောင်ယွင်သည် ယွမ်ကျွင်းဧကရီ၏ ပန်းချီကားကို ကြိမ်ဖန်များစွာ တွေ့မြင်ဖူးလေသည်။ ထို့ကြောင့် မိန်းကလေးကို တွေ့သည်နှင့် ယွမ်ကျွင်းဧကရီမှန်း ချက်ချင်းမှတ်မိလိုက်လေသည်။
ဆန်းလျန်က ရှေ့သို့အသာလှမ်းသွားလိုက်ပြီး ယွမ်ကျွင်းဧကရီနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
"ငါ တံခါးပိတ်ကျင့်ကြံနေတာနဲ့ပဲ ဆန်းလျန်ထျန်းကျွင်းကို ကိုယ်တိုင်လာမကြိုလိုက်နိုင်ဘူး ၊ ထျန်းကျွင်း စိတ်မရှိပါနဲ့…"
ယွမ်ကျွင်းဧကရီ၏ ပျိုကညာတစ်ယောက်အလား နူးညံ့သိမ်မွေ့ပြီး သာယာသည့်အသံက ထွက်ပေါ်လာခဲ့လေသည်။
***