← Chapters

ဧရာမ သတ္တုတွင်းသွေးကြော

Vol. 39 Ch. 384

ဧရာမ သတ္တုတွင်းသွေးကြော

Vol. 39 Ch. 384

ထိုစကားကိုပြောဆိုပြီးနောက် ၈၅၂၄ သည် သူတို့ကို နောက်ထပ် ခါးသည်းသော အပြုံးတစ်ခု ပြုံးပြလိုက်၏။

သူတို့ကို နှစ်သိမ့်နေခြင်းလော သို့မဟုတ် သူတို့၏ ကံကြမ္မာကို လက်ခံရန် ပြောနေခြင်းလော ဆိုသည်ကို သူ ဝေခွဲ၍မရနိုင်ခဲ့ချေ။

ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။

"ကျေးဇူးပြုပြီး မှတ်ထားပါ... မင်းတို့ နှစ်ယောက်စလုံး တူးဖော်ထားတဲ့ သတ္တုရိုင်းတွေကို တစ်နာရီတစ်ခါ ပေးအပ်ရမယ်..."

"ခေါင်းလောင်း မြည်လာရင် သတ္တုရိုင်းတွေကို ပေးအပ်ရမယ့် အချိန်ပဲ..."

"မင်းတို့ တစ်ကြိမ်ကို သတ္တုရိုင်း ဘယ်လောက် ပေးအပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် မရှိပေမဲ့ နေ့စဉ် စုစုပေါင်းပမာဏက ကျင် တစ်သောင်း ထက် မနည်းရဘူး..."

"အခု နောက်ကျနေပြီ... ညီအစ်ကိုတို့ မြန်မြန် အလုပ်စလုပ်တာ ပိုကောင်းမယ်..."

"တကယ်လို့ ဒီနေ့ တာဝန်ကို မပြီးနိုင်ရင် မနက်ဖြန် မင်းတို့ ရမယ့် စိတ်ဝိညာဉ်ကျောက်တုံးတွေ ဖြတ်တောက်ခံရလိမ့်မယ်... ပြီးတော့ ပြန်လည် ဖြည့်တင်းမှု မရတော့ဘူး ဆိုတော့ မင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားက ပိုပြီး ဆိုးဆိုးရွားရွား ကျဆင်းသွားလိမ့်မယ်..."

"တကယ်လို့ ဆိုးရွားတဲ့ သံသရာထဲကို ကျရောက်သွားရင် မင်းက သေမင်းနဲ့ တကယ်ကို မဝေးတော့ဘူး..."

သတ္တုတွင်းတွင် လူတိုင်းသည် အချိန်နှင့် ပတ်သက်၍ အလွန်အမင်း အကဲဆတ်ကြသည်။

နာရီဝက်ပင်မကြာမီ သူတို့သည် ကျုံးချင်နှင့် ရှန်ဖေးတို့အား အရာအားလုံးကို ရှင်းပြပြီးသွားလေပြီ။

ထို့နောက် သူတို့သည် သတ္တုတူးဖော်ခြင်း အတွင်းသို့ ချက်ချင်းပြန်ရောက်သွားကြ၏။

အချိန်တခဏအတွင်းတွင် သတ္တုတွင်း တလျှောက်လုံး၌ သတ္ထုတူးဖော်သံများ ပဲ့တင်ထပ်နေခဲ့သည်။

ရှန်ဖေးနှင့် ကျုံးချင်တို့သည် အချင်းချင်း ကြည့်လိုက်ကြ၏။

"သူတို့က ကျွန်တော်တို့ကို ကိရိယာတွေတောင် မပေးဘူး... ဒီသတ္တုရိုင်းတွေကို လက်ချည်းသက်သက် တူးရမှာလား..."

ရှန်ဖေး၏မျက်နှာ သုန်မှုန်နေသည်။

ကျုံးချင်က ရှေ့သို့လျှောက်လှမ်းသွားပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။

"ရက်နည်းနည်းလောက်ပဲ...ပြီးရင် မင်းကို ငါ ခေါ်ထုတ်သွားမယ်..."

ရှန်ဖေးက ခါးသည်းစွာ ရယ်မောလိုက်ပြီး ကျုံးချင်သည် သူ့ကို နှစ်သိမ့်နေခြင်းဖြစ်မည်ဟု ယူဆလိုက်၏။

"အစ်ကို... တခြား ဘာမှမပြောဘဲ နေကြစို့...အလုပ် မြန်မြန်စကြရအောင်...ခင်ဗျားရဲ့ နူးညံ့တဲ့အသားအရေကို ကြည့်ရတာ ခင်ဗျားက ဝေးလံခေါင်သီတဲ့ ဒေသမှာ နေပေမဲ့ အရင်က အခက်အခဲတွေကို သိပ်မကြုံဖူးတဲ့ပုံပဲ..."

"ခင်ဗျားရဲ့ဖိအား နည်းနည်းလောက် လျော့သွားအောင် သတ္တုရိုင်းတွေကို ကျွန်တော် ပိုတူးပေးလို့ ရမလားလို့ ကြည့်လိုက်မယ်..."

"စလိုက်ကြရအောင်..."

သတ္တုတွင်းတွင် ဥမင်လိုဏ်ခေါင်း လမ်းခွဲများ အမြောက်အများ ရှိနေသည်။

ရှန်ဖေးသည် ဥမင်လိုဏ်ခေါင်း လမ်းခွဲတစ်ခုကို ကျပန်းရွေးချယ်ပြီး အတွင်းသို့ ပြေးဝင်သွားခဲ့သည်။

အချိန်တခဏအကြာမှာပင် ထိုဥမင်လိုဏ်ခေါင်း လမ်းခွဲအတွင်းမှ သတ္ထုတူးဖော်သံများ ထွက်ပေါ်လာပေ၏။

ကျုံးချင်သည် ရှန်ဖေး ၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း သူ၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအချိန်ထိ တစ်ဖက်လူသည် သူ့အပေါ် ညည်းညူမှု မရှိရုံသာမက သူ့ကို ကူညီရန်အတွက် အစွမ်းကုန် ကြိုးစားနေဆဲပင်။

ရှန်ဖေးသည် အမှန်တကယ်ကို လူကောင်းတစ်ယောက်ပင်။

"နောက်မှ သူ့ကို လျော်ကြေးအနေနဲ့ အခွင့်အရေးတချို့ပေးဖို့ ငါက နည်းလမ်းရှာရမယ်..."

ကျုံးချင်က စဉ်းစားနေရင်း သူသည်လည်း ဥမင်လိုဏ်ခေါင်းလမ်းခွဲတစ်ခုကို ရွေးချယ်ပြီး ဝင်ရောက်သွားခဲ့သည်။

ဥမင်လိုဏ်ခေါင်းလမ်းခွဲသည် အလွန်သေးငယ်ပြီး လူတစ်ယောက်ဝင်နိုင်ရုံရန်သာ ကျယ်ဝန်းသည်။

ယင်သုံးပါးနယ်ပယ်နှင့် ယန်သုံးပါးနယ်ပယ် အရှင်သခင်များသည် တောင်များနှင့်မြစ်များကို လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုကြ၏။

နေ့စဉ် သတ္တုရိုင်း ကျင်တစ်သောင်းကို တူးဖော်ခြင်းမှာ လက်ချည်းသက်သက်ဖြင့်ပင် ခက်ခဲမည် မဟုတ်ချေ။

သို့သော် ဤနေရာသည် အလယ်ပိုင်းဒေသပင်။

ဒေသကြီးလေးခု နှင့် နှိုင်းယှဉ်ပါက အလယ်ပိုင်းဒေသ၏ ဆွဲငင်အားဥပဒေသမှာ သိသာရှင်းလင်းစွာ ကွဲပြားခြားနားနေခဲ့သည်။

အရှေ့ပိုင်းဒေသတွင် ယင်သုံးပါးနယ်ပယ် အရှင်သခင်တစ်ဦးသည် တစ်ယောက်တည်းဖြင့် မိုင်ထောင်ချီသော တောင်များနှင့် မြစ်များကို ညီညာပြန့်ပြူးအောင် ပြုလုပ်နိုင်ပေမည်။

သို့သော် အလယ်ပိုင်းဒေသတွင်မူ အများဆုံး အနေဖြင့် သူတို့သည် ကျောက်တုံးများကိုသာ ခွဲနိုင်ပြီး တောင်ကုန်းငယ်များကိုသာ ပြိုကျစေနိုင်ပေ၏။

ထို့ထက်ပို၍ သူတို့သည် ချီကို ဖိနှိပ်သော ကြေးနီကွင်းများကို ဝတ်ဆင်ထားပြီး ချီ အနည်းငယ်ကိုသာ အသုံးပြုခွင့် ပေးထားသည်။

များသောအားဖြင့် သူတို့သည် သတ္တုတူးဖော်ရန် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ ခွန်အားကိုသာ အားကိုးနိုင်ကြသည်။

ထို့ကြောင့် အခက်အခဲသည် ကြီးမားသော အတိုင်းအတာ တစ်ခုအထိ သိသိသာသာ တိုးလာခဲ့သည်။

ထို့ပြင် ပတ်ဝန်းကျင်ရှိ မီးခိုးရောင် ကျောက်စိမ်း များသည် အလွန်အားနည်းပုံရသော်လည်း ထိုအရာများ၏မာကျောမှုသည် သတ္တုများထက် မလျော့နည်းချေ။

တစ်ရက်လျှင် ကျင်တစ်သောင်းဆိုသည်မှာ လူများကို အသက်ရှင်ရန် လမ်းစ လုံးလုံးလျားလျားမချန်ထားပေးဘဲ သူတို့ကို အမြင့်ဆုံး ခွန်အားအတိုင်းအတာအထိ ညှစ်ထုတ်ကာ အသုံးပြုနိုင်ပေမည်။

ဤအရာနှင့် နှိုင်းယှဉ်ပါက ၉၉၆ကို အဆိုပြုခဲ့သော ယခင်ဘဝမှ ထိုစွန့်ဦးတီထွင်သူများကို တာဝန်သိသော စီးပွားရေးလုပ်ငန်းများ ဟု ခေါ်ဆိုနိုင်၏။

ကျုံးချင်သည် သူ၏လက်ချောင်းများကို ဓားများအလား အသုံးပြုကာ သတ္တုရိုင်းအနည်းငယ်ကို ပေါ့ပေါ့ပါးပါး ဖြတ်တောက်လိုက်သည်။

အမှန်အားဖြင့် ဤသတ္တုရိုင်းသည် အခြေခံအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံးပင်။

ထိုအရာသည် စိတ်ဝိညာဉ်ကျောက်တုံးအဖြစ်သို့ မပြောင်းလဲမီ အညစ်အကြေးများကို ဖယ်ရှားပြီး သန့်စင်ရန်သာ လိုအပ်သည်။

သူ၏ခန္ဓာကိုယ် အတွင်းရှိ ဥပဒေသစွမ်းအားများ လှိုင်းထလာပြီး မကြာမီမှာပင် မီးခိုးရောင်သတ္တုရိုင်းများကို သူ သန့်စင်လိုက်၏။

သူ၏လက်ပေါ်ရှိ ကြေးနီကွင်းက ချီကို ဖိနှိပ်ထားနိုင်သော်လည်း....

ထိုအရာ၏အခြေခံသဘောတရားမှာ ဝင်္ကပါ အက္ခရာများဖြင့် ဖိနှိပ်ခြင်းပင်။

ဝင်္ကပါတစ်ခု ဖြစ်နေသရွေ့ ကျုံးချင်အတွက် ထိုအရာများအားလုံးမှာ ခံနိုင်ရည်စွမ်းရှိသည်။

ထိုအရာမှာ သူ့အပေါ် လုံးလုံးလျားလျား အကျိုးသက်ရောက်မှု မရှိချေ။

ကျုံးချင်သည် သူ၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ သူ၏လက်ထဲရှိ သတ္တုရိုင်းများသည် ကြည်လင်သော စိတ်ဝိညာဉ်ကျောက်တုံးများအဖြစ်သို့ လျှင်မြန်စွာ သန့်စင်သွားခဲ့သည်။

ထိုစိတ်ဝိညာဉ်ကျောက်တုံးများသည် အရည်အသွေး ကွဲပြားခြားနားကြသည်။

အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများပင် ရှိနေခဲ့သည်။

ကျင့်ကြံခြင်းလောကတွင်....

စိတ်ဝိညာဉ်ကျောက်တုံးများ၏ အချိုးအစားမှာ တစ်အချိုးတစ်ရာဖြစ်သည်။

ဆိုလိုသည်မှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် လဲလှယ်နိုင်ခြင်း ပင်။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် လဲလှယ်နိုင်သည်။

စံသတ်မှတ်ထားသော စိတ်ဝိညာဉ်ကျောက်တုံး တိုင်းသည် တစ်ကျင်ခန့်လေးလံပြီး လက်သီးဆုပ်အရွယ်အစား ရှိပေ၏။

ကျုံးချင်၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

ဤနေရာတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများအတွင်းရှိ စွမ်းအားသိုလှောင်မှုမှာ အလွန် မြင့်မားကြောင်း သူ ခံစားမိသည်။

အကယ်၍ သူသည် စိတ်ဝိညာဉ်သွေးကြောတစ်ခုလုံးကို ဝါးမျိုလိုက်ပါက သူ၏စွမ်းအား သိသိသာသာ တိုးတက်လာနိုင်သည်။

သူသည် ကောင်းကင်ဘုံမျက်လုံးကို ဖွင့်ကာ စိတ်ဝိညာဉ်သွေးကြော၏အတက်အလက်များကို စစ်ဆေးလိုက်၏။

ဤစိတ်ဝိညာဉ်သွေးကြောမှာ အလွန်ကြီးမားပြီး အလွန်ရှည်လျားသည်။

သူ၏စွမ်းအားဖြင့် ရက်အနည်းငယ်အတွင်းတွင် စိတ်ဝိညာဉ်သွေးကြောတစ်ခုလုံးကို ဝါးမျိုနိုင်မည်ဟု သူ ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော် ကျုံးချင်သည် ချက်ချင်းမလှုပ်ရှားခဲ့ချေ။

သူသည် သူ၏တပည့်သစ်နှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် သူ၏တပည့်သစ်ကို မတွေ့သေးရာ အကယ်၍ သူသည် ကြီးမားသော ဆူပူအုံကြွမှုတစ်ခုကို ဖြစ်ပေါ်စေပါက ထိုအရာသည် ဆရာတပည့် ဆက်ဆံရေးအတွက် ရှုပ်ထွေးမှုများကို မလွဲမသွေ ဖြစ်ပေါ်စေပေလိမ့်မည်။

သူ၏တပည့်သစ်အကြောင်း သတင်းအချက်အလက်များကို ရှာမတွေ့မီ အချိန်အထိ အရာအားလုံးကို စောင့်ဆိုင်းရပေမည်။

အချိန်တခဏအကြာမှာပင် သာယာသော ခေါင်းလောင်းသံတစ်သံက သတ္တုတွင်းထဲတွင် မြည်ဟည်းသွားပေ၏။

ကျုံးချင် အနည်းငယ် မှင်တက်သွားခဲ့သည်။

ခေါင်းလောင်း မြည်လာချိန်တွင် သူတို့ သတ္တုရိုင်းများကို ပေးအပ်ရမည့် အချိန် ဖြစ်ကြောင်း ၈၅၂၄က ပြောပြခဲ့ဖူးသည်။

ဤနေရာတွင် ကျုံးချင်သည် သူ့ကိုယ်သူ အလွန်ထင်ပေါ်အောင် မလုပ်လိုချေ။

သူသည် အနည်းငယ် အားစိုက်ထုတ်လိုက်ပြီး ကြီးမားသော သတ္တုရိုင်းဧရိယာတစ်ခုကို ခြေမွှလိုက်၏။

ထို့နောက် သူသည် သတ္တုရိုင်းတချို့ကို သူ၏ သိုလှောင်အိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ပြီး ဥမင်လိုဏ်ခေါင်းလမ်းခွဲမှ ထွက်လာခဲ့သည်။

၈၅၂၄ ၈၅၂၅ ၈၅၂၆ နှင့် ရှန်ဖေးတို့ အားလုံးသည်လည်း သတ္တုရိုင်းပေးအပ်ရမည့် သတ္တုတွင်းနေရာသို့ အပြေးအလွှား သွားနေကြ၏။

ကျုံးချင်သည် သူတို့၏နောက်သို့ လိုက်ရန် ခြေလှမ်းလှမ်းလိုက်သည်။

ထိုသတ္တုတွင်းသည် လမ်းကြောင်းများအားလုံးနှင့် ဆက်သွယ်နေသည်။

သတ္တုရိုင်း ပေးအပ်ခြင်းကို သတ္တုတွင်းများထဲမှတစ်ခုရှိ ခန်းမကြီးတစ်ခုတွင် ပြုလုပ်သည်။

ကျုံးချင်သည် လူအုပ်နှင့်အတူ သတ္တုတွင်း ခန်းမသို့ ရောက်ရှိသွားချိန်တွင်.....

စတုရန်းပေ ထောင်နှင့်ချီပြီး ကျယ်ဝန်းသော ခန်းမတွင် လူရာပေါင်းများစွာ စုဝေးနေကြလေပြီ။

ခန်းမကြီးထဲတွင် လူအမြောက်အများ ရှိသော်လည်း ဖရိုဖရဲဖြစ်နေပုံ မပေါ်ချေ။

အလေးချိန် ချိန်တွယ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းအတွက် တာဝန်ရှိသော သတ္တုတွင်းကျွန် များရှိပြီး ကြီးကြပ်ရေးမှူးများက နံဘေးမှ ကြည့်ရှုကာ စည်းကမ်းထိန်းသိမ်းနေကြ၏။

အလေးချိန် ချိန်တွယ်ပြီးသူများမှာ သူတို့၏ လုပ်ငန်းခွင်များသို့ လျှင်မြန်စွာ ပြန်သွားကြသည်။

အလေးချိန် မချိန်တွယ်ရသေးသူများကမူ တန်းစီပြီး စောင့်ဆိုင်းနေကြသည်။

တန်းစီခြင်းကိုဖြတ်ကျော်ရန် သို့မဟုတ် ပြဿနာဝံ့သူများသည် မိုးကြိုးကြာပွတ်ဖြင့် ရက်စက်သော ရိုက်နှက်မှုနှင့် အကြင်နာမဲ့စွာ ဖိနှိပ်မှုတို့ကို ခံရသည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးသည် အလွန်ပျင်းစရာ ကောင်းလှ၏။

မကြာမီမှာပင် ကျုံးချင်သည် သူ၏လက်ထဲရှိ သတ္ထုရိုင်းများကို ပေးအပ်ကာ ထိုအရာများကို စာရင်းသွင်းလိုက်၏။

ဤသည်မှာ သတ္ထုရိုင်းစုစုပေါင်း ကျင်တစ်ထောင်နှင့်သုံးဆယ်ပင်။

ဆိုလိုသည်မှာ သူ၏ ယနေ့တာဝန်ကို ပြီးမြောက်ရန်အတွက် သူ သတ္ထုရိုင်းများကို နောက်ထပ်ကိုးကြိမ် ပေးအပ်ရန် လိုအပ်နေခြင်းပင်။

လွှဲပြောင်းပေးအပ်ပြီးနောက် စိတ်ပျက်အားငယ်နေပုံရသော ရှန်ဖေးသည် အဝေးမှ အပြေးအလွှား ပြန်လာသည်ကို ကျုံးချင် မြင်တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ..."

သူက ရှေ့သို့လျှောက်လှမ်းသွားပြီး ရှန်ဖေး၏ ပခုံးကို ပုတ်လိုက်၏။

ရှန်ဖေးက ငိုသည်ထက် ပိုရုပ်ဆိုးသော အပြုံးတစ်ခုကို ဖျစ်ညှစ်၍ပြုံးပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး...ဒီသတ္တုရိုင်းတွေက တူးရတာ နည်းနည်းခက်လို့ပါ...ဒီတစ်ကြိမ်မှာ ကျွန်တော်က ကျင်ငါးရာပဲ ပေးအပ်နိုင်ခဲ့တယ်...ဒီနေ့အတွက် တာဝန်က အရမ်း လေးလံနေတုန်းပဲ...အစ်ကိုကျုံးရော... ဘယ်လောက် ပေးအပ်ခဲ့လဲ..."

"မင်းနဲ့ သိပ်မကွာပါဘူး..."

ကျုံးချင်က သူ၏အခြေအနေသည် အနည်းငယ်ထူးဆန်းနေသဖြင့် ရှန်ဖေးကို မပြောပြနိုင်သေးချေ။

တစ်ဖက်လူ၏ ကြေးနီကွင်းချုပ်နှောင်မှုကို ဖယ်ရှားပေးရန် မပြင်ဆင်မီ အခြေအနေကို သူ ထပ်မံ၍ စူးစမ်းလေ့လာရပေမည်။

သူတို့နှစ်ယောက်သား ပြန်လာရင်း စကားပြောဆိုနေခဲ့ကြသည်။

ထိုသတ္တုတွင်းသည် လမ်းကြောင်းများအားလုံးနှင့် ဆက်နွယ်နေပေ၏။

ဤနေရာသည် ဆယ်နှင့်ချီသော သတ္တုတွင်းများဖြင့် ဆက်သွယ်ထားပြီး ပင်မဥမင်လိုဏ်ခေါင်း တိုင်းတွင် မရေမတွက်နိုင်သော ဥမင်လိုဏ်ခေါင်း လမ်းခွဲငယ်လေးများ ရှိနေသည်။

ရှင်းလင်းသော ပုံရိပ်များကို မြင်တွေ့နိုင်ပြီး လူတချို့သည် သတ္တုတွင်းအသီးသီးမှနေ၍ သတ္တုရိုင်း များ ပေးအပ်ရန် သွားနေကြကာ တခြားသူများကမူ အဆက်မပြတ် ပြန်လာနေကြ၏။

ဤသည်မှာ ပုရွက်ဆိတ်များအလားပင်။

လုပ်ငန်းစဉ်တလျှောက်လုံးတွင် သူတို့ကြား၌ ဆက်သွယ်မှု သိပ်မရှိခဲ့ချေ။

ကြီးလေးသော တာဝန်များက သူတို့ကို အသက်ရှူမွန်းကြပ်စေကြောင်း သိသာထင်ရှားသည်။

သူတို့သည် လမ်းလျှောက်နေသော အလောင်းများနှင့် တူညီနေပြီး သူတို့၏မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်မှုများနှင့်ထုံကျင်မှုများ ထင်ဟပ်နေသည်။

ကျုံးချင်နှင့် ရှန်ဖေးတို့ ပြန်လာစဉ်သတ္တုတွင်း တစ်ခုရှိ မြင်ကွင်းတစ်ခုက သူတို့၏စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။

...

T/N တရုတ်နိုင်ငံမှာ နာမည်ကြီးတဲ့ "996" ဆိုတာ အထူးသဖြင့် အင်တာနက်နဲ့ နည်းပညာကုမ္ပဏီကြီးတွေမှာ အများဆုံးကျင့်သုံးခဲ့တဲ့ အရမ်းပင်ပန်းဖိစီးမှုများတဲ့ အလုပ်ချိန်စနစ် ကို ဆိုလိုပါတယ်။

ဒီဂဏန်းသုံးလုံးရဲ့ အဓိပ္ပာယ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...

9: မနက် ၉ နာရီ အလုပ်စတင်ရခြင်း

9: ည ၉ နာရီမှ အလုပ်ဆင်းရခြင်း

6: တစ်ပတ်လျှင် ၆ ရက် အလုပ်လုပ်ရခြင်း

ပုံမှန်နိုင်ငံတကာစံနှုန်းအရ တစ်ပတ်ကို အလုပ်ချိန် နာရီ ၄၀ သာ ရှိပေမယ့် 996 စနစ်မှာ ဝန်ထမ်းတွေက တစ်ပတ်ကို ၇၂ နာရီ အထိ အနားမရဘဲ အလုပ်လုပ်ကြရပါတယ်။

All Chapters