← Chapters

တစ္ဆေများ

Vol. 10 Ch. 922

တစ္ဆေများ

Vol. 10 Ch. 922

သူတို့ (၂)ယောက် နေ့ရက်ပေါင်းများစွာ တာအိုတရားအကြောင်း ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံး လေထုငြိမ်သက်သွားသည့် နေ့တစ်နေ့သို့ရောက်မှ စကားပြောသည်ကို ရပ်တန့်လိုက်ကြသည်။

ထိုအချိန်…

အနောက်ဘက်ကောင်းကင်ဆီတွင် တောက်ပနေသည့် ဗုဒ္ဓအလင်းတန်းများကိုကြည့်ရင်း ထိုက်စုယွမ်ကျွင်းက စကားစပြောလိုက်သည်။

"ဗုဒ္ဓဘာသာနယ်မြေမှာ တစ်ခုခုတော့ဖြစ်နေပြီထင်တယ်…"

ဆန်းလျန်က စိတ်တစ်ချက် ညွှတ်လိုက်သည်နှင့် အနောက်ဘက်ကောင်းကင်ဘုံတွင် လင်စန်းတောင်ပြိုကျသွားသည့်မြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

လေထုထဲတွင်တော့ ကြာပန်းရွက်ကြွေများလွင့်ပျံနေပြီး တိကျန်ဗောဓိသကျနှင့် မီလဲ့ကိုယ်တော်တို့ တိုက်ပွဲတွင် မီလဲ့ကိုယ်တော် ရှုံးနိမ့်သွားခဲ့ဟန် တူလေသည်။

မီလဲ့ကိုယ်တော်သည် ရှေးဟောင်းဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် အဆက်အသွယ်ရှိပြီး လင်စန်းတောင်နှင့် တာ့လေယင်းကျောင်းတော်ကို ထိန်းသိမ်းထားသူ ဖြစ်သည်။ ထို့ပြင် အသူရာချောက်မှ လူပြန်ဝင်စားခြင်း လမ်းစဉ် (၆)ခုကိုလည်း ရယူထားသေးသည်။

ထို့ကြောင့်သူ၏ အစွမ်းအစက မသေးလှပေ။

သို့သော်… ကျောက်ရှောင်ယွီနှင့် တိုက်ခိုက်စဉ်က ငရဲလမ်းဓားကြောင့် မီလဲ့ကိုယ်တော် ဒဏ်ရာရထားခဲ့လေသည်။ ထို့ကြောင့် ယခုတိုက်ပွဲတွင် တိကျန်ဗောဓိသကျကို မတားဆီးနိုင်တော့ဘဲ လင်စန်းတောင် ဖျက်စီးခံလိုက်ရခြင်း ဖြစ်သည်။

တစ်ချိန်တုန်းက မီလဲ့ကိုယ်တော်က တိကျန်ဗောဓိသကျနှင့်ပတ်သက်သည့် ဝတ်ကျောင်းတော်များ ၊ ကျမ်းစာများကို လူ့လောကအတွင်းမှ ဖျက်စီးပစ်ခဲ့သည့်အတွက် ပြန်လည်ပေးဆပ်ရခြင်းပင် ဖြစ်သည်။ ဝဋ်ဆိုသည်က ဘဝမကူးခင်ပင် လည်တတ်သောသဘောရှိလေ၏။

တိကျန်ဗောဓိသကျက မီလဲ့ကိုယ်တော်ကို သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ သို့သော်… မီလဲ့ကိုယ်တော်ဒဏ်ရာအပြင်းအထန်ရသွားပြီး ကြီးမားသည့်ဆုံးရှုံးမှုကြီး ဖြစ်ပေါ်ခဲ့သည်။ ထိုဒဏ်ရာမှာ ကုသရန်ခက်ခဲပြီး ဘဝတစ်လျှောက်လုံး ဒုက္ခပေးနေပေတော့မည်။

မီလဲ့ကိုယ်တော် ဒဏ်ရာပြင်းထန်ရုံသာမက တာအိုကျင့်ကြံမှုများအားလုံးသည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ကျောက်ရှောင်ယွီကြောင့်ရရှိခဲ့သည့် ငရဲလမ်းဓားဒဏ်ရာမှာလည်း ပို၍ဆိုးရွားသွားခဲ့သည်။

မီလဲ့ကိုယ်တော် ထိုသို့ဖြစ်သွားခြင်းက ဆန်းလျန်အတွက်တော့ မဆိုးလှပေ။ အဘယ်ကြောင့်ဆိုသော်… သူက အနှေးနှင့်အမြန် သုခဘုံသို့သွားကာ ဗောဓိပင်ကိုရှာမည့်သူဖြစ်သည့်အတွက် သူ့အတွက် အတားအဆီးတစ်ခု လျော့သွားသည်ဟု ဆိုနိုင်သည်။

ယခု ဆန်းလျန်က ရှန်းထျန်းထိုက်ဝူကို အမြင်သစ်ဖြင့်နားလည်သွားပြီဖြစ်သည့်အတွက် အောင်မြင်မှုရရန် စိတ်ပူစရာ မရှိတော့ပေ။

ထိုအတွေးကိုတွေးလိုက်မိသည်နှင့် ဆန်းလျန်က ယွမ်ကျွင်းဧကရီကို စကားပြောလိုက်သည်။

"မင်းနဲ့ မီလဲ့ကိုယ်တော်က ခင်မင်ရင်းနှီးသလား…"

ယွမ်ကျွင်းဧကရီက…

"သူက အော်မီတော်ဖူဗုဒ္ဓရဲ့ တပည့်တစ်ယောက်ဖြစ်လို့ လေးစားစရာ ကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ ၊ ငါနဲ့တော့ သိပ်မရင်းနှီးပေမယ့် ငါ့မိတ်ဆွေ လီစန်းတောင်မယ်တော်နဲ့တော့ အတော်လေးရင်းနှီးကြတယ်…"

ဆန်းလျန်က ခေါင်းညိတ်ပြလိုက်သည်။

လီစန်းတောင်မယ်တော်ဆိုသည်က ကျင့်ကြံသူလောကတွင် အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်ပြီး ထူးခြားဆန်းကျယ်သူတစ်ယောက်လည်း ဖြစ်သည်။

အချို့ကလည်း သူမကို နွီဝါးနတ်သမီး လူပြန်ဝင်စားသည်ဟု ဆိုကြသည်။ သို့သော်… နွီဝါးနတ်သမီးက သံသရာကိုကျော်လွန်သွားပြီဖြစ်သည့် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လေရာ လီစန်းတောင်မယ်တော်မှာ နွီဝါးနတ်သမီးလူပြန်ဝင်စားသူ မဖြစ်နိုင်ပေ။

မည်သို့ပင် ဖြစ်စေ လီစန်းတောင်မယ်တော်က တန်ခိုးစွမ်းအားမြင့်မားသည့် ထူးခြားသူတစ်ယောက် ဖြစ်သည်ကိုတော့ မငြင်းနိုင်ပေ။

အနောက်သို့ခရီးသွားမှတ်တမ်းတွင် ဆရာတပည့် (၄)ယောက်ကို စမ်းသပ်စစ်ဆေးရန်အတွက် ကွမ်ယင်မယ်တော်အပါအဝင် နတ်သမီးများက လီစန်းမယ်တော်၏ သမီးများအဖြစ်ဖန်ဆင်းကာ သရုပ်ဆောင်ခဲ့ကြဖူးလေသည်။

ကွမ်ယင်မယ်တော်နှင့်အခြားသူများက ယွမ်စီထျန်းကျွင်း၏ တပည့်များဖြစ်ကြသလို ဗုဒ္ဓဘာသာမှ မြင့်မြတ်သည့်ဗောဓိသကျများလည်း ဖြစ်ကြလေသည်။ သူတို့အားလုံးက သဘာရင့်သည့် လီစန်းတောင်မယ်တော်ကို သူတို့၏မိခင်နေရာတွင် ထားခဲ့ကြလေသည်။ သူတို့က သားအမိများအသွင် ဟန်ဆောင်ခဲ့ကြသော်လည်း ဝူခုံးရိပ်မိစေရန် သဲလွန်စအချို့ကိုတော့ ပြသခဲ့ကြသည်။

ဆန်းလျန်က…

"မီလဲ့ကိုယ်တော်က လီစန်းတောင်မယ်တော်ကို တောင်ပေါ်လာဖို့ ဖိတ်ခေါ်လိမ့်မယ် ၊ တကယ်လို့ လီစန်းတောင်မယ်တော်က မင်းကိုပါအဖော်ခေါ်မယ်ဆိုရင် မသွားပါနဲ့ ၊ ကြည့်ကောင်းအောင် ငြင်းလိုက်ပါ ၊ အခုကိစ္စတွေမှာ သိပ်ပြီးပေါ်ပေါ်ထင်ထင်မလုပ်လေ မင်းအတွက်အန္တရယ်ကင်းလေပဲ ၊ မင်းဝင်ပတ်သက်မိလို့ အန္တရယ်ကြုံလာခဲ့ရင် ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး…"

ယွမ်ကျွင်းဧကရီ စိတ်ထဲမှ တွေးလိုက်မိသည်။

"ဆန်းလျန်ပြောတာ အဓိပ္ပါယ်ရှိတယ် ၊ လီစန်းတောင်မယ်တော် ငါ့ကိုခေါ်ရင်တောင်မှ ငြင်းလိုက်တာကောင်းတယ်…"

သူမအတွေးလွန်နေရာမှ သတိပြန်ဝင်လာသည့်အခါတွင်တော့ ဆန်းလျန် တိမ်တိုက်ခန်းမဆောင်မှ ထွက်ခွာသွားကာ ကောင်းကင်ထက်သို့ ပျံသန်းသွားပြီ ဖြစ်လေသည်။

ဆန်းလျန်သည် လေပြေအလား လာချင်သည့်အချိန်လာပြီး ပြန်ချင်သည့်အချိန် ပြန်သွားသူသာ ဖြစ်သည်။ သူ့ကိုကြည့်ရင်း ယွမ်ကျွင်းဧကရီ အားကျစိတ်များပင်ဖြစ်လာမိသည်။

သူတို့ (၂)ယောက်ကြားထဲတွင် အတိတ်ဘဝတုန်းက ရန်ငြိုးများရှိခဲ့ပြီး လက်ရှိဘဝတွင် ခင်မင်မှုများရှိခဲ့သော်လည်း အရာအားလုံးက ဆန်းလျန်အတွက်တော့ ဘာမှ မဟုတ်ခဲ့ပေ။

ယွမ်ကျွင်းဧကရီက နန်းတော်သခင်မကို လှမ်းကြည့်လိုက်ပြီး…

"နောက်ပိုင်း ယန်မြောင်ယွင်ကို ကောင်းကောင်းသင်ပြပေးပါ ၊ သူ နန်းတော်သခင်မဖြစ်သွားတဲ့တစ်နေ့ကျရင် မင်းက မရှိမှုကျေးရွာမှာ ငါ့ကို လာရှာပါ ၊ အဲဒီအချိန်ကျ ငါ မင်းကို ထပ်ပြီး သင်ပြပေးမယ်…"

ယွမ်ကျွင်းဧကရီ၏စကားကြောင့် နန်းတော်သခင်မ အလွန်ပျော်ရွှင်သွားလေသည်။

ယွမ်ကျွင်းဧကရီ၏ ထိုက်စုတာအိုတရားသည် ထိပ်တန်းအဆင့်တာအိုကျင့်စဉ်တစ်ခု ဖြစ်ပြီး ယွမ်ကျွင်းဧကရီက မည်သူ့ကိုမှ သင်ပြပေးခဲ့ခြင်း မရှိပေ။

ယခုတော့ သူမအနေဖြင့် ထူးခြားသည့်အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။ အလွန်မှ ဝမ်းမြောက်စရာပင် ဖြစ်သည်။

ယွမ်ကျွင်းဧကရီ၏စိတ်က ခန့်မှန်းရခက်သည့်အတွက် အဘယ့်ကြောင့် သူမကို ပညာသခင်ပေးရန် ဆုံးဖြတ်ခဲ့သည်ကို နန်းတော်သခင်မ နားမလည်နိုင်ခဲ့ပေ။

နန်းတော်သခင်မမှာ ဆန်းလျန်နှင့် ယွမ်ကျွင်းဧကရီတို့ ပြောနေသည့်စကားများကို နားမထောင်ခဲ့ရလျှင် သူမ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ထိုမျှတိုးတက်လာမည် မဟုတ်ပေ။ ထိုသို့ တိုးတက်လာခြင်းမရှိလျှင် ယွမ်ကျွင်းဧကရီက သင်ပြပေးချင်သည်ဆိုလျှင်တောင်မှ သူမအနေဖြင့်သင်ယူနိုင်မည် မဟုတ်ပေ။

ယန်မြောင်ယွင်မှာ ထိုက်စုနတ်ဘုရားဂိုဏ်းတွင် သာမန်အဆင့်မျှသာ ဖြစ်လေသည်။ ထို့ကြောင့် သူမကို ထိုက်စုနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူအဖြစ်သတ်မှတ်သည်မှာ ထူးဆန်းနေလေသည်။

ယန်မြောင်ယွင်က…

"ဆရာ ၊ ဆန်းလျန်ရဲ့ ဇာစ်မြစ်က ဘာများလဲ…"

နန်းတော်သခင်မက…

"ဆန်းလျန်ထျန်းကျွင်းရဲ့ နာမည်အရင်းကို မင်းက ဘယ်လိုလုပ် ခေါ်ရဲရတာလဲ…"

အဆူအငေါက်ခံလိုက်ရသည့်အတွက် ယန်မြောင်ယွင်မှာ ပိုပြီး သိချင်စိတ်ဖြစ်လာမိသည်။ တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း ကြောက်ရွံ့သွားမိလေသည်။

ယွမ်ကျွင်းဧကရီက…

"ယန်မြောင်ယွင် ၊ ဆန်းလျန်နဲ့မင်းနဲ့က အရင်ဘဝက ရေစက်ရှိခဲ့ဖူးတယ် ၊ ဒါကြောင့် သူက မင်းကို အခုဘဝမှာ လာပြီး ကျေးဇူးပြုတာပဲ ၊ ပြီးတော့ ထိုက်စုနတ်ဘုရားဂိုဏ်းရဲ့ နန်းတော်သခင်မ ဖြစ်လာတဲ့တစ်နေ့ကျရင် မင်းရဲ့စကားကို နားမထောင်တဲ့သူတွေကို ဒီရွှေဓားကို အသုံးပြုပြီး ဆုံးမခွင့်ပြုတယ်…"

သူမ၏ စကားဆုံးသည်နှင့် ယန်မြောင်ယွင်၏ရှေ့တွင် ရွှေဓားတစ်လက်ပေါ်လာလေသည်။

ရွှေဓားထက်တွင် ရှေးဟောင်းစာလုံးများရေးထွင်းထားပြီး စုတ်ချက်တိုင်းက ထူးဆန်းပြီး နားလည်ရန်ခက်ခဲသည်။ ရှားပါးသည့် မှော်ဝင်ဓားတစ်လက်ဖြစ်ကြောင်း မြင်ရုံဖြင့်ပင် ယန်မြောင်ယွင် သိလိုက်သည်။

နန်းတော်သခင်မက…

"ယန်မြောင်ယွင်… ဆရာဘွားဘွားကို အမြန်ကျေးဇူးတင်လိုက်လေ…"

ယန်မြောင်ယွင်က ရွှေဓားကို တိတ်ဆိတ်စွာ လက်ခံယူလိုက်ပြီး…

"ဆရာဘွားဘွား… ကျေးဇူးတင်ပါတယ်…"

ယွမ်ကျွင်းဧကရီက…

"စကြာဝဠာတစ်ခုလုံးမှာ ဆန်းလျန်က ထိပ်တန်းနတ်ဘုရားတစ်ပါးပဲ ၊ မင်း နောက်ပိုင်း သူ့သတင်းကို ကြားကောင်းကြားနိုင်ပေမယ့် သူနဲ့တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပဲ ၊ သူ့လိုလူမျိုးက မင်းနဲ့နီးစပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ စိတ်ကူးမယဉ်မိစေနဲ့…"

ယန်မြောင်ယွင်က…

"တပည့်စိတ်ထဲမှာ ဘာအတွေးမှ မရှိပါဘူး ၊ သိချင်စိတ်ဖြစ်မိရုံသက်သက်ပါ…"

ယွမ်ကျွင်းဧကရီက အေးဆေးတည်ငြိမ်စွာဖြင့်…

"အခုချိန်မှာ မင်းသိချင်စိတ်ဖြစ်နေတာ လက်ခံပေးလို့ရပါတယ် ၊ သူက မင်းကို သတိတရရှိတဲ့အခါမျိုးမှာတော့ မင်း သူနဲ့ပြန်ဆုံခွင့်ရနိုင်ပါတယ် ၊ ဒါပေမဲ့ မင်းဘက်ကတော့ သူ့ကို မေ့လိုက်တာ အကောင်းဆုံးပါပဲ…"

ယွမ်ကျွင်းဧကရီက ယန်မြောင်ယွင်ကို ခြိမ်းခြောက်နေခြင်း မဟုတ်ပေ။

ဆန်းလျန် လောကတစ်ခွင် ပြဿနာရှာခဲ့လျှင် ဆန်းလျန်နှင့်အတူ သူနှင့်နီးစပ်သူများပါ ပြန်လည်ပေးဆပ်ရနိုင်လေသည်။

ဆန်းလျန် ဘေးအန္တရယ်ဆိုးကျရောက်ပါက အနီးအနားမှလူများ ၊ ရင်းနှီးသူများသည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အနာဂတ်တွင် ဆန်းလျန်၏ကံကြမ္မာ မည်သို့ရှိမည်ကို ခန့်မှန်းရခက်လှသည်။

ထို့ကြောင့် ယွမ်ကျွင်းဧကရီက ယန်မြောင်ယွင်ကို သတိပေးခြင်း ဖြစ်သည်။

ဧကရာဇ်အုပ်ချုပ်သည့် တိုင်းပြည်အလားဖြစ်လေသည်။ ဧကရာဇ်က လူတစ်ယောက်ကို ချမ်းသာပေးနိုင်လေသည်။ ထို့အတူ သေဒဏ်လည်းချမှတ်နိုုင်စွမ်းရှိသည်။ ဆန်းလျန်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။

ဆန်းလျန်၏အဆုံးသတ်က မည်သို့ဖြစ်မည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

ထို့နောက်တွင်တော့ ယန်မြောင်ယွင်သည် ဆန်းလျန်နှင့် ထပ်မံဆုံတွေ့ခြင်းလည်း မရှိတော့သလို ဆန်းလျန်အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပေ။

***

ထိုက်စုနတ်ဘုရားဂိုဏ်းမှ ထွက်ခွာသွားပြီးသည့်နောက် ဆန်းလျန် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းသို့ ထွက်ခွာလာခဲ့လေသည်။

လမ်းတစ်လျှောက် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းနှင့် နီးကပ်လာလေလေ စိတ်ဝင်စားစရာကောင်းသည့်အခြေအနေများကို မြင်တွေ့ရလေလေ ဖြစ်လေသည်။

ဥပမာဆိုရသော်… ဆန်းလျန် မြို့တစ်မြို့ကို ဖြတ်သန်းလာသည့်အခါ ထိုမြို့ထဲတွင် လူသားများနှင့် တစ္ဆေများရောနှော်နေထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

လောကတွင် သေလွန်ပြီးသူတိုင်းလည်း တစ္ဆေဖြစ်လာကြသည် မဟုတ်ပေ။ ကံတရားအပေါ်တွင် မူတည်လေသည်။

သို့သော်… ဤမြို့တွင် သေဆုံးပြီးကြသူများကလည်း သူတို့ကိုယ်သူတို့ သေဆုံးသည်ကို မသိကြဘဲ တစ္ဆေများအဖြစ် ဆက်လက်ရှင်သန်နေထိုင်နေကြခြင်း ဖြစ်သည်။ သူတို့က ပုံမှန်အတိုင်း နေထိုင်နေကြခြင်းဖြစ်ပြီး မိသားစုဝင်များပင် ရိပ်မိခြင်း မရှိကြပေ။

တစ္ဆေများ လူသားများနှင့်တစ်သားတည်းကျနေထိုင်နိုင်ရန်မှာ ဆယ်စုနှစ်နှင့်ချီပြီး အချိန်ယူရမည် ဖြစ်သည်။ ယခု တစ္ဆေများက မိသားစုများပင် သံသယမဝင်အောင် ရောနှောနေထိုင်နိုင်ကြခြင်းမှာ သံသယဖြစ်စရာပင် ဖြစ်သည်။

ထိုသို့ဖြစ်ရသည်မှာ ပတ်ဝန်းကျင်မှ အသက်ဓာတ်စွမ်းအား အပြောင်းအလဲနှင့် ဆက်နွယ်နေလေသည်။ အသက်ဓာတ်စွမ်းအားများက ဝိညာဉ်မြစ်နှင့် ချိတ်ဆက်ရောနှောသွားသည့်အခါ လူတစ်ယောက်သေဆုံးသွားပြီးသည့်တိုင် သူ့အလောင်းထဲသို့ ဖုတ်သရဲအဖြစ် ပြန်ဝင်သွားခြင်း ဖြစ်လေ၏။

တစ္ဆေတစ်ကောင်က ဖုတ်သရဲအဖြစ် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်နေခြင်း ဖြစ်သည့်အတွက် သူတို့သည် နောက်ထပ်သေဆုံးတော့မည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် အသက်ရှင်သန်နေသည့်လူများနှင့်လည်း သိပ်ပြီး ကွဲပြားမှုမရှိပေ။

သို့သော်… သူတို့အထဲမှ အချို့တစ္ဆေများမှာ ယင်စွမ်းအားမြင့်မားနေသည့်အတွက် အသက်ရှင်နေသည့်လူသားများထံမှ သွေးကိုစားသုံးရန် ဆာလောင်မွတ်သိပ်လျှက် ရှိကြသည်။

သွေးနှင့်တန်ခိုးစွမ်းအားပြည့်ဝစွာရရှိလျှင် သူတို့၏ကိုယ်ထဲမှ ယင်စွမ်းအားများကို ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။

ဤကဲ့သို့သော ပြောင်းလဲမှုများအားလုံးသည် ရဲ့လျိုယွင်နှင့်တစ်စုံတစ်ခုပတ်သက်နေရမည်ကို ဆန်းလျန်ကတော့ ခန့်မှန်းမိပါလေ၏။

***

All Chapters