အခန်း (၈၈၃-၈၈၄)
Vol. 89 Ch. 883-884
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၃ + ၈၈၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မသေမျိုးသခင်ကြီးသည် ထိုပြင်းထန်ကြမ်းတမ်းလှသော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သေမင်းနှင့် ရင်ဆိုင်ရတော့မည့်အလား ပင်ကိုယ်အသိစိတ်ဖြင့် လွတ်မြောက်ရာလမ်းကို ရှာဖွေရန် နောက်သို့ အထိတ်တလန့် လှည့်ကြည့်လိုက်၏။
အကြောင်းမူကား ဤငရဲမျှော်စင်၏ ဒုတိယအထပ် နေရာအနှံ့အပြားတွင် မိုးထိမတတ် မြင့်တက်နေသော နီရဲရဲ မီးတောက်မီးလျှံများက ပင်လယ်ရေလှိုင်းများအလား ဟုန်းဟုန်းတောက်လောင်လျက် ပြည့်နှက်နေသောကြောင့် ဖြစ်၏။
ကြောက်မက်ဖွယ်ကောင်းလှသော အပူချိန်မှာ ဒီဂရီသောင်းဂဏန်းအထိ ကျော်လွန်နေရုံသာမက လေထုတစ်ခုလုံးကိုပင် တွန့်လိမ်ကွေးကောက်သွားစေပြီး အာကာသဟင်းလင်းပြင်ကိုပင် အရည်ပျော်ကျသွားစေမတတ် ပြင်းထန်လွန်းလှသည်။
မသေမျိုးသခင်ကြီး၏ အံ့မခန်း မာကျောလှသည့် ၊ မည်သည့်လက်နက်နှင့်မျှ ဖောက်ထွင်း၍မရနိုင်ပါဟု ကြွေးကြော်ထားသော အရေခွံထူကြီးပင်လျှင် ထိုငရဲမီးတောက်များ၏ အပူဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိတော့ချေ။
သူက ပထမအထပ်သို့ ပြန်ဆင်းပြေးလိုသော်လည်း ဧရာမတံခါးကြီးမှာ အသံကျယ်ကြီးမြည်ကာ ပိတ်သွားခဲ့ပြီဖြစ်ရာ နောက်ဆုတ်၍ လုံးဝ မရနိုင်တော့ပေ။
“အားးး ကယ်ကြပါ...”
မသေမျိုးသခင်ကြီး၏ နှုတ်ခမ်းဖျားမှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာချိန်တွင်ပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များက ဝါးမျိုသွားခဲ့ပြီဖြစ်သည်။ အသားစများ ၊ သွေးကြောများနှင့် မသန့်စင်သည့် အညစ်အကြေးများမှာ ပြာကျပျောက်ကွယ်သွားကာ အနက်ရောင်မီးခိုးငွေ့များအဖြစ် လွင့်စဉ်သွားတော့၏။
ထိုပြင်းထန်လှသော လောင်ကျွမ်းမှုကြီးအပြီးတွင် သူ၏ ခန္ဓာကိုယ်၏ အနှစ်သာရအရှိဆုံး အစိတ်အပိုင်းလေးတစ်ခုသာ လင်းလက်စွာ ကျန်ရစ်ခဲ့တော့၏။ ထိုအရာကား အညစ်အကြေးကင်းစင်ကာ စင်ကြယ်သည့် သလင်းကျောက် ၊ ဖျက်ဆီး၍မရနိုင်သော စင်ကြယ်သော စွမ်းအင်ခန္ဓာကိုယ်ပင် ဖြစ်သည်။
မီးတောက်များသည် မသေမျိုးသခင်ကြီးကို လောင်ကျွမ်းဖျက်ဆီးပစ်လိုက်ခြင်းသက်သက်မဟုတ်ဘဲ သူ၏ အညစ်အကြေးများကို လောင်ကျွမ်းကာ အစစ်မှန်ဆုံးသော အနှစ်သာရကို သန့်စင်ပေးလိုက်ခြင်းလည်း ဖြစ်လေ၏။
လက်ရှိအချိန်တွင် မသေမျိုးသခင်ကြီးသည် ဝမ်းဗိုက်အတွင်းရှိ တုပိုင်အား ဝါးမျိုချေဖျက်နေခြင်းကို အလုံးစုံ ရပ်တန့်လိုက်ပြီ ဖြစ်၏။
တုပိုင်ကိုယ်တိုင်ပင် အလွန်အစွမ်းထက်ပြီး နူးညံ့သိမ်မွေ့သော စွမ်းအင်စက်ကွင်းတစ်ခုက သူ့အား လွှမ်းခြုံကာကွယ်ပေးထားသည်ကို အံ့သြစွာ ခံစားလိုက်ရ၏။
မသေမျိုးသခင်ကြီး သေလုမြောပါး အခြေအနေတွင် သူ၏ စွမ်းအင်ကျောက်သလင်းကို အသည်းအသန် ကာကွယ်ရင်း အပြင်ဘက်ရှိ ကြောက်မက်ဖွယ် အပူဒဏ်ကို အစွမ်းကုန် တားဆီးထားသဖြင့် အထဲရှိ တုပိုင်ကိုပါ တစ်ပါတည်း ကာကွယ်ပေးပြီးသား ဖြစ်သွားလေ၏။
ဤသည်မှာ သက်ရှိတစ်ခု၏ ပင်ကိုယ်အသိစိတ်အရ အသက်ရှင်လိုသော တုံ့ပြန်မှုသာ ဖြစ်ပြီး နှလုံးသားထဲရှိ စွမ်းအင်ကျောက်သလင်းကို ထိန်းသိမ်းထားနိုင်သရွေ့ သူ လုံးဝ သေဆုံးသွားမည်မဟုတ်ချေ။
ငရဲမီးတောက်ကြီးများက အရှိန်လျော့မသွားဘဲ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်၏။
မသေမျိုးသခင်ကြီး၏ ခန္ဓာကိုယ်မှာ အပူဒဏ်ကြောင့် တစ်စတစ်စ ပိုမို ကျစ်လျစ်သိပ်သည်းလာကာ မူလအမြင့် မီတာငါးဆယ်မှ သုံးဆယ် ၊ ထိုမှ နှစ်ဆယ် ၊ ဆယ်မီတာ ၊ ငါးမီတာနှင့် နောက်ဆုံးတွင် သာမန်လူတစ်ယောက်အရွယ် နှစ်မီတာအထိ ကျုံ့ဝင်သွားလေ၏။
နောက်ဆုံး၌ မသေမျိုးသခင်ကြီး၏ မူလကြောက်မက်ဖွယ် ပုံပန်းသဏ္ဍာန်မှာ လုံးဝ ပျောက်ကွယ်သွားပြီး စင်ကြယ်လင်းလက်နေသော သလင်းကျောက်ဖွဲ့စည်းပုံအဖြစ်သို့ အပြီးတိုင် အသွင်ပြောင်းသွားလေတော့သည်။
ထိုအရာသည် တန်ဖိုးမဖြတ်နိုင်သော သလင်းကျောက်တစ်ခုနှင့်လည်း တူသကဲ့သို့ စကြာဝဠာထဲတွင် အမာကျောဆုံးသော သတ္တုတစ်မျိုးမျိုးနှင့်လည်း ဆင်တူနေ၏။
မီတာငါးဆယ်ခန့်မြင့်မားလှသော ဧရာမခန္ဓာကိုယ်ကြီး၏ အနှစ်သာရများကို အကြိမ်ကြိမ် သန့်စင်ကျုံ့ဝင်စေကာ ဖွဲ့စည်းထားခြင်းဖြစ်ရာ ဤနှစ်မီတာမျှသာမြင့်သော ခန္ဓာကိုယ်အသစ်သည် မည်မျှအထိ မာကျောခိုင်ခံ့နေမည်ကို သာမန်လူတို့၏ ဉာဏ်ဖြင့် ခန့်မှန်း၍ပင် မရနိုင်တော့ချေ။
သူ၏ ရင်အုပ်အလယ်ဗဟိုတည့်တည့်တွင်ကား လက်သီးဆုပ်ခန့်ရှိသော စွမ်းအင်ကျောက်သလင်းတစ်ခု ရှိနေပြီး သွေးကြောများဖြင့် ယှက်နွယ်နေကာ အဆက်မပြတ် ခုန်လှုပ်နေသော စွမ်းအင်နှလုံးသားတစ်ခုနှင့်ပင် တူနေလေ၏။ ဤသည်ကား မသေမျိုးသခင်ကြီး၏ အသက်ဝိညာဉ်နှင့် စွမ်းအင်အားလုံး ပေါက်ဖွားရာ အရင်းအမြစ် ၊ အမြုတေပင် ဖြစ်သည်။
ပြင်းထန်သော မီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် သူ ဂုဏ်ယူလှသော တတိယ စိတ်စွမ်းအင်မျက်လုံးပင် အက်ကွဲပျောက်ကွယ်သွားကာ သူ၏ စိတ်စွမ်းအင်များအားလုံး ထိုစွမ်းအင်နှလုံးသားထဲသို့ အတင်းအဓမ္မ စုစည်းဝင်ရောက်သွားလေ၏။
သို့တိုင် သူ၏ ဝမ်းဗိုက် ၊ ယခုအခါ သလင်းကျောက်အခေါင်းပေါက်ထဲ၌ ရှိနေဆဲဖြစ်သော တုပိုင်မှာမူ ထိုမြင့်မားလှသည့် အပြင်ဘက်မှ အပူချိန်ကို အနည်းငယ်မျှပင် မခံစားရချေ။ သူ ယခုလေးတင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော မြင်ကွင်းကြောင့် စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားရ၏။
အစောပိုင်းက မသေမျိုးသခင်ကြီး၏ ပုံပန်းသဏ္ဍာန်သည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ဖြစ်ခဲ့သော်ငြား ယခုကဲ့သို့ အမြင့်ဆုံးအဆင့်အထိ လောင်ကျွမ်းသန့်စင်ခံလိုက်ရပြီးနောက် ကျန်ရစ်ခဲ့သော သလင်းကျောက်ခန္ဓာကိုယ်မှာမူ အပြစ်အနာအဆာကင်းစင်ကာ အလွန်တရာ လှပတောက်ပနေလေ၏။
ထို့အပြင် ထိုခန္ဓာကိုယ်သည် အလွန်အစွမ်းထက်လှသဖြင့် ဒီဂရီသောင်းဂဏန်းရှိသော အပူချိန်ကိုပင် အရည်ပျော်မသွားဘဲ ကြံ့ကြံ့ခံနိုင်စွမ်း ရှိနေသည်။
ထိုကဲ့သို့ ငြိမ်သက်သွားပြီဟု ထင်မှတ်ရသော အခိုက်အတန့်တွင် မျှော်စင်၏ အရိပ်အာဝါသထဲမှနေ၍ အလွန်ကြီးမားလှသော ဧရာမဘီလူးကြီးတစ်ကောင် လေးလံသော ခြေလှမ်းများဖြင့် ထွက်ပေါ်လာလေ၏။
မီတာငါးဆယ်ကျော်မြင့်သော ထိုဧရာမဘီလူးကြီး၏ ခန္ဓာကိုယ်ကို မည်သည့် ရှေးဟောင်းသတ္တု သို့မဟုတ် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားမှန်း မသိရသော်လည်း သူ၏ မျက်လုံးများတွင် အသက်ဝိညာဉ်မရှိဘဲ ရုပ်တုကြီးတစ်ခုအလား အေးစက်နေကာ ပတ်ဝန်းကျင်ရှိ မီးတောက်များကိုမူ အနည်းငယ်မျှ ကြောက်ရွံ့ဟန် မပြချေ။
သူက ရှေ့သို့ လှမ်းလာပြီး မသေမျိုးသခင်ကြီး၏ ကျစ်လျစ်သိပ်သည်းနေသော သလင်းကျောက်ခန္ဓာကိုယ်ကို ဧရာမလက်ဝါးကြီးဖြင့် မြေပြင်ပေါ်သို့ အကြင်နာကင်းမဲ့စွာ ဖိချလိုက်၏။
မသေမျိုးသခင်ကြီးက မကျေမနပ်ဖြစ်ကာ အသည်းအသန် ရုန်းကန်လေတော့သည်။ နှစ်မီတာခန့်သာ မြင့်တော့သော်လည်း အတွင်း၌ အောင်းကိန်းဝပ်နေသော ခွန်အားများမှာ အလွန်အစွမ်းထက်လှသဖြင့် ဧရာမဘီလူးကြီးပင်လျှင် လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ဖိမထားနိုင်ခဲ့ချေ။ ကြမ်းပြင်ကြီးတစ်ခုလုံး သူတို့၏ ရုန်းကန်မှုကြောင့် သိမ့်သိမ့်တုန်သွား၏။
ထိုသို့ မနိုင်မနင်းဖြစ်နေသော ခဏ၌ပင် မီးတောက်များကြားမှ အခြားဘီလူးကြီးတစ်ကောင် ထပ်မံထွက်ပေါ်လာကာ သူ၏ ဧရာမလက်ဝါးကြီးဖြင့် မသေမျိုးသခင်ကြီးအား တင်းတင်းကျပ်ကျပ် ဝင်ရောက်ဖိချုပ်ထားလိုက်လေ၏။
နှစ်ကောင်ပေါင်း အင်အားဖြင့် ဖိချထားမှုအောက်တွင် မသေမျိုးသခင်ကြီးမှာ လုံးဝ လှုပ်ရှား၍ မရနိုင်တော့ချေ။ ထို့နောက် လေထုကို ခွင်းသည့်အသံများနှင့်အတူ အလွန်ကြီးမားပြီး အံ့မခန်းဖွယ်ကောင်းလှသော တူကြီးနှစ်လက်က လေထဲသို့ မြင့်တက်သွားကာ အပြင်းအထန် ထုနှက်ချလိုက်လေတော့၏။
ထိုသည်တို့မှာ သာမန် သတ္တုဖြင့် ပြုလုပ်ထားသော တူကြီးများ မဟုတ်ဘဲ ရှေးဟောင်းမှော်စာလုံးများ ရေးထွင်းထားပြီး လျှပ်စီးတန်းများ တလက်လက် တောက်ပနေသော အထူးပြုလုပ်ထားသည့် စွမ်းအင်တူကြီးများ ဖြစ်ကြသည်။
“ဒုန်းးး ဒုန်းးး ဒုန်းးး”
တူထုသံကြီးများက မိုးကြိုးပစ်ချလိုက်သည့်အလား မျှော်စင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေ၏။ တူတစ်ချက်စီတိုင်းတွင် အနည်းဆုံး ကျင်းတစ်သန်းခန့် အလေးချိန်ရှိသော သက်ရှိများ မခံနိုင်သည့် အင်အားများပါဝင်နေပြီး အစွမ်းထက်သော မှော်စွမ်းအင်များနှင့် ပေါင်းစပ်ကာ မသေမျိုးသခင်ကြီး၏ သလင်းကျောက်ခန္ဓာကိုယ်ပေါ်သို့ အညှာအတာကင်းမဲ့စွာ ကျဆင်းလာလေ၏။
ဤဧရာမဘီလူးကြီး နှစ်ကောင်သည် မသေမျိုးသခင်ကြီး၏ ခန္ဓာကိုယ်အား အဖိုးတန်လက်နက်တစ်ခု သွန်းလုပ်ရာတွင် သုံးသည့် အထူးသတ္တုတုံးတစ်တုံးအဖြစ် အမှန်တကယ် သဘောထားကာ ပုံသွင်းနေကြခြင်းပင် ဖြစ်သည်။
“ဘန်းးး ဘန်းးး ဘန်းးး”
တူထုသံတစ်ချက်စီတိုင်းတွင် တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်များနှင့် လေလှိုင်းများ ပါဝင်နေ၏။ ထိုရိုက်ချက် တစ်ချက်စီမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားသည် ထိုက်ခန်အင်ပါယာ မြို့တော်၏ အခိုင်မာဆုံးသော မြို့ရိုးများကိုပင် စက္ကူချပ်များအလား ချက်ချင်း ပြိုကျပျက်စီးသွားစေနိုင်စွမ်း ရှိနေသည်။
တုပိုင် ရင်တထိတ်ထိတ်ဖြင့် တွေးလိုက်မိ၏။ ဤသည်က ဒုတိယအထပ်၏ စမ်းသပ်မှုလော။ ဝင်လာသူတိုင်းသည် ဒီဂရီသောင်းဂဏန်းရှိသော မီးတောက်ကြီးများကို ခံနိုင်ရည်ရှိရမည့်အပြင် အသိဉာဏ်မဲ့နေသော ဤဧရာမဘီလူးကြီးနှစ်ကောင်၏ အသက်ပျောက်စေနိုင်သော တူရိုက်ချက်များကိုပါ အသေခံ ရင်ဆိုင်ရမည်လော။
ယခင်က ဤမျှော်စင်သို့ ဝင်ရောက်ခဲ့ဖူးသော ဧကရာဇ်ထိုက်ခန်နှင့် အခြားပါရမီရှင်များ ဤဒုတိယအထပ် စမ်းသပ်မှုကို မည်သို့သော နည်းလမ်းများဖြင့် ဖြတ်ကျော်ခဲ့ကြမည်ကို တုပိုင် စိတ်ကူးကြည့်၍ပင် မရနိုင်တော့ချေ။
စွမ်းအင်တူကြီးများ၏ ရိုက်ချက်တစ်ချက်သည် ယခုလက်ရှိ တုပိုင်ကဲ့သို့ လူတစ်ထောင်ခန့်ကို မျက်စိတစ်မှိတ်အတွင်း ပြာကျသည်အထိ သုတ်သင်ပစ်ရန် လုံလောက်လွန်းလှသည်။
“ဒုန်းးး ဒုန်းးး ဒိုင်းးးး”
ဘီလူးကြီးများ၏ တူကြီးများက အနားယူခြင်းမရှိဘဲ အဆက်မပြတ် ကျဆင်းနေလေ၏။ ထိုစဉ်မှာပင် အံ့မခန်း အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
တူရိုက်ချက်များအောက်တွင် မသေမျိုးသခင်ကြီး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြေမွလာပြီး ထိုမှထွက်ပေါ်လာသော မရေမတွက်နိုင်သည့် အသက်စွမ်းအင်များနှင့် အနှစ်သာရများက လေထဲသို့ လွင့်စင်မသွားဘဲ အတွင်း၌ရှိနေသော တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပေါင်းစည်းဝင်ရောက်သွားလာတော့သည်။
မသေမျိုးသခင်ကြီး၏ လင်းလက်နေသော စွမ်းအင်နှလုံးသားမှာလည်း တူဒဏ်ကြောင့် အနည်းငယ် ကြေမွသွားပြီး ယင်းနှလုံးသားမှ ယိုစိမ့်ထွက်လာသော အဖိုးတန်စွမ်းအင်များက တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ အပြင်းအထန် ရိုက်သွင်းခံလိုက်ရလေ၏။
အမှန်တကယ်တော့ ဤဧရာမဘီလူးကြီး နှစ်ကောင်သည် မသေမျိုးသခင်ကြီး၏ နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားခဲ့သော အင်အားများ ၊ စိတ်စွမ်းအင်များနှင့် အသက်စွမ်းအင်များကို တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ တူများဖြင့် ရက်ရက်စက်စက် ထုနှက်ရိုက်သွင်းကာ အမွေဆက်ခံစေနေခြင်း ဖြစ်သည်။
တုပိုင်အနေဖြင့် ထိုအရာများကို ကိုယ်တိုင် အားထုတ်၍ ဝါးမျိုချေဖျက်ရန်ပင် မလိုအပ်တော့ချေ။ ဤလုပ်ငန်းစဉ်သည် ပန်းပဲဆရာတစ်ဦးမှ ဓားတစ်လက်ကို မီးပြင်းတိုက်ကာ တူဖြင့်ထု၍ လက်နက်သွန်းလုပ်နေသည်နှင့် အတိအကျပင် တူညီလှသည်။
ဧရာမဘီလူးကြီးများ၏ တူရိုက်ချက်များအောက်တွင် တုပိုင်ကိုယ်တိုင် အကြိမ်ထောင်ပေါင်းများစွာ တိုက်ရိုက် သန့်စင်ခံနေရခြင်း ဖြစ်၏။
“ဘန်းးး ဘန်းးး ဘန်းးး ဘန်းးး”
တူတစ်ချက် လေးလံစွာ ကျဆင်းလာတိုင်း မရေမတွက်နိုင်သော စွမ်းအင်များက မြစ်ရေကြီးသကဲ့သို့ တုပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ တဟုန်ထိုး စီးဝင်သွားရာ သူ၏ သွေးကြောများ ဖောင်းကားလာပြီး ခန္ဓာကိုယ် နေရာအနှံ့အပြား ပေါက်ကွဲထွက်တော့မည့်အလား နာကျင်မှုနှင့်အတူ ခွန်အားများကိုပါ ခံစားနေရ၏။
ထိုအရာများက ယခင်က သူ အပင်ပန်းခံ၍ ဝါးမျိုခဲ့ဖူးသမျှ အင်အားများအားလုံး ပေါင်းစည်းထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍များပြားပြီး တစ်ခါမျှ မကြုံဖူးလောက်အောင် အံ့မခန်းဖွယ်ကောင်းသော စင်ကြယ်သည့် စွမ်းအင်များ ဖြစ်သည်။
တူရိုက်ချက် တစ်ချက်စီတိုင်းတွင် တုပိုင်၏ ကျင့်ကြံခြင်းအဆင့်မှာ ဒုံးပျံတစ်စင်းလို အဟုန်ဖြင့် ထိုးတက်သွားပြီး သူ၏ ကိုယ်ကာယအင်အားနှင့် စိတ်စွမ်းအင်များ အဆမတန် မြင့်တက်လာလေတော့၏။ သူ၏ အသိစိတ်ထဲတွင် ဂဏန်းများ ပြောင်းလဲနေသည်ကို ရှင်းလင်းစွာ ခံစားသိရှိနေရသည်။
ရုပ်ပိုင်ဆိုင်ရာခွန်အားသည် ၆ ၊ ၉ ၊ ၁၁ ၊ ၁၂ ၊ ၁၉ ၊ ၂၂... ၃၁ ၊ ၃၉... ဟူ၍ လျှင်မြန်စွာ မြင့်တတ်နေသလို စိတ်စွမ်းအင်များကလည်း ၉ ၊ ၁၁ ၊ ၁၃ ၊ ၁၅... ၁၉... ၂၅... ဟူ၍လည်းကောင်း ရူးသွပ်ဖွယ်ရာ နှုန်းထားဖြင့် တရိပ်ရိပ် တက်လာသည်။
ထိုသည်သာမက တုပိုင်၏ အရိုးများ ၊ ကြွက်သားများနှင့် အရေပြားများမှာလည်း ကြောက်မက်ဖွယ်ကောင်းသော ၊ ပြောင်းလဲမှုကြီး တစ်ရပ်ကို ကြုံတွေ့နေရသည်။ တုပိုင်၏ ဆဲလ်တစ်ခုချင်းစီက ကွဲအက်ကာ ပြန်လည်ပေါင်းစည်းနေကြ၏။
မူလက သာမန် သွေးသားခန္ဓာကိုယ်သာ ဖြစ်သော်လည်း ယခုအခါ ပြင်းထန်သော စွမ်းအင်ဖိအားများကြောင့် သတ္တုသဏ္ဍာန် ခိုင်မာလာပြီးနောက် တဖြည်းဖြည်း သလင်းကျောက်အသွင်သို့ပါ ကူးပြောင်းလာလေ၏။
ဘီလူးကြီးများ၏ တူရိုက်ချက်များက မသေမျိုးသခင်ကြီး၏ ဂုဏ်ယူဝင့်ကြွားလှသော သလင်းကျောက်ခန္ဓာကိုယ်ကို အမှုန့်ကြိတ်ကာ တုပိုင်၏ ခန္ဓာကိုယ်အဖြစ်သို့ အစားထိုးပြောင်းလဲပေးနေသည်။
တစ်နည်းဆိုရသော် လက်ရှိအချိန်တွင် တုပိုင်၏ ခန္ဓာကိုယ်သည် အလွန်အမင်း သိပ်သည်းမာကျောလာခဲ့ပြီဖြစ်ရာ ဂေါက်စ်ရိုင်ဖယ်ကဲ့သို့သော ခေတ်မီစစ်လက်နက်ကြီးများဖြင့် အနီးကပ် ပစ်ခတ်၍ပင် ဖောက်ထွင်းပစ်နိုင်စွမ်း မရှိတော့ဘဲ ဒီဂရီသောင်းဂဏန်းရှိသော မြင့်မားလှသည့် အပြင်ဘက်မှ ငရဲမီးတောက်များကလည်း သူ့ကို မည်သို့မျှ အန္တရာယ်မပေးနိုင်တော့ချေ။
ဤကဲ့သို့သော လျင်မြန်လှသည့် တိုးတက်မှုမျိုးက သာမန်ကျင့်ကြံသူများအတွက်မူ လုံးဝကို ရူးသွပ်ချင်စရာပင် ဖြစ်လေ၏။
ဧရာမဘီလူးကြီးများက ရုပ်တုများအလား မောပန်းခြင်းမရှိဘဲ ရူးသွပ်စွာ ထုနှက်နေဆဲဖြစ်ပြီး အပြင်ဘက်ရှိ မီးတောက်များကလည်း အဟုန်ပြင်းစွာ လောင်ကျွမ်းနေဆဲ ဖြစ်၏။
မကြာမီမှာပင် မသေမျိုးသခင်ကြီး၏ မာကျောလှပါသည်ဆိုသော သလင်းကျောက်ခန္ဓာကိုယ်မှာ တူဒဏ်ကြောင့် အလုံးစုံ ကြေမွပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ထက်ဝက်ခန့်သာ အရွယ်အစားရှိတော့သော တောက်ပသည့် စွမ်းအင်နှလုံးသားလေးသာ လေထုထဲတွင် လွင့်မျောလျက် ကျန်ရစ်လေတော့သည်။
ထိုအခိုက် ဘီလူးကြီး၏ အံ့မခန်း တူကြီးက လေပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ထိုနှလုံးသားကို အတိအကျ ချိန်ရွယ်ကာ အပြင်းအထန် ထုချလိုက်ပြန်၏။ မျက်စိတစ်မှိတ်အတွင်း ထိုစွမ်းအင်နှလုံးသားမှာ လျှပ်စီးတစ်တန်းအလား ပြေးဝင်လာပြီး တုပိုင်၏ ရင်ဘတ်အတွင်းသို့ အရှင်လတ်လတ် ရိုက်သွင်းခံလိုက်ရကာ သူ၏ မူလနှလုံးသားနေရာ၌ အတိအကျ ဝင်ရောက်နေရာယူကာ အစားထိုးသွားလေတော့၏။
“ဒုန်းးး”
တုပိုင်၏ နှလုံးသားအတွင်း၌ အဖျက်စွမ်းအားကြီးမားသော နျူကလီးယားဗုံးတစ်လုံး ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွား၏။ ပြိုင်ဘက်ကင်း အံ့မခန်းစွမ်းအင်များက ထိုနှလုံးသားသစ်မှ ချက်ချင်း ပေါက်ကွဲထွက်လာကာ သူ၏ ခန္ဓာကိုယ်အနှံ့ သောင်းကျန်းလှုပ်ခတ်သွားလေသည်။
အကယ်၍ ယခင် တုပိုင်၏ ခန္ဓာကိုယ်သာဆိုလျှင် တာ့နင်အင်ပါယာ၏ မျိုးဗီဇပြောင်းလဲမှု အဆင့်တက်ပြီးနောက် ရရှိလာသော ရေနဂါး၏ ကြံ့ခိုင်သော သွေးသားခန္ဓာကိုယ်ပင် ဖြစ်လင့်ကစား ဤမျှများပြားပြီး ကြမ်းတမ်းလှသော စွမ်းအင်များ၏ ပေါက်ကွဲမှုကို လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်မှုန့်အဖြစ် လုံးဝ အစအနမကျန် ပျောက်ကွယ်သွားမည် ဖြစ်၏။
သို့သော် ယခုအခါ တုပိုင်မှာ အကြိမ်ထောင်ပေါင်းများစွာ သန့်စင်ထုနှက်ခံထားရသော သလင်းကျောက်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်နေပြီ ဖြစ်သည်။ မသေမျိုးသခင်ကြီး၏ စွမ်းအင်နှလုံးသား ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှာ အလင်းများ ဖြာထွက်လာကာ ဖောက်ထွင်းမြင်ရမတတ် အမြင့်ဆုံးအဆင့်အထိ လင်းလက်တောက်ပသွားပြီး အဆုံးမဲ့စွမ်းအင်များက ခြေလက်အင်္ဂါများ ၊ သွေးကြောများနှင့် ဆဲလ်များဆီသို့ တဟုန်ထိုး စီးဝင်သွား၏။
သို့တိုင်အောင် စွမ်းအင်ပမာဏက များပြားလွန်းလှသဖြင့် အနည်းငယ်သာ ထပ်လွန်သွားပါက ဤမာကျောလှသော ခန္ဓာကိုယ်သစ်သည်ပင် ထိန်းမနိုင်သိမ်းမရဖြစ်ကာ လုံးဝ ပေါက်ကွဲထွက်သွားတော့မည် ဖြစ်သည်။
ပေါက်ကွဲထွက်တော့မည့် ဆိုးရွားသော အန္တရာယ်နှင့် ကြုံနေရဆဲ အသက်နှင့်သေမင်း လွန်ဆွဲနေရသော အခိုက်အတန့်မှာပင် တုပိုင်၏ ဦးနှောက်ထဲ၌ ကိန်းအောင်းနေသော ရှေးဟောင်းနဂါးဘုရင်၏ စိတ်စွမ်းအင်က ရုတ်တရက် နိုးထလာကာ ရွှေရောင်အလင်းတန်းများအဖြစ် လင်းလက်လာ၏။
ထိုခမ်းနားလှသော စိတ်စွမ်းအင်က ဆာလောင်နေသော သားရဲတစ်ကောင်အလား တုပိုင်၏ ခန္ဓာကိုယ်အတွင်း လှည့်လည်သောင်းကျန်းကာ ပိုလျှံနေသော စွမ်းအင်များကို လောဘတကြီး ဝါးမျိုပေးလိုက်သဖြင့် တုပိုင်တစ်ယောက် ခန္ဓာကိုယ်ကြေမွပျက်စီးမည့် ဘေးမှ သီသီလေး လွတ်မြောက်သွားလေ၏။ တုပိုင်၏ အသက်ရှူသံများသည်လည်း တဖြည်းဖြည်း တည်ငြိမ်လာ၏။
“ဒုန်းးး ဒုန်းးး ဒုန်းးး ဒုန်းးး”
သို့သော် အပြင်ဘက်ရှိ တူရိုက်ချက်များကမူ ရပ်တန့်မသွားသေးချေ။ တုပိုင်၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်ပေါက်ကွဲမှုများ အဆက်မပြတ် ဆက်တိုက်ဖြစ်ပေါ်နေပြီး အစွမ်းထက်စွမ်းအင်များ၏ ဖျက်ဆီးမှုကို အလူးအလဲ ခံနေရသကဲ့သို့ တစ်ပြိုင်နက်တည်းမှာပင် ထိုတူရိုက်ချက်များက ဖျက်ဆီးခံရမှုများကို ပြန်လည်ပြုပြင် သန့်စင်ပေးနေခြင်းလည်း ဖြစ်၏။
ဖျက်ဆီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာသည် သူ၏ ခန္ဓာကိုယ်အတွင်း အကြိမ်ကြိမ် လည်ပတ်နေတော့သည်။
အချိန် မည်မျှကြာသွားသည်ကိုပင် မသိနိုင်တော့ချေ။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားပြီးနောက် တုပိုင်၏ ကိုယ်ပေါ်ရှိ တောက်ပနေသော သလင်းကျောက်ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အရောင်မှေးမှိန်သွားကာ ပျောက်ကွယ်သွားပြီး သာမန်လူသားခန္ဓာကိုယ်အသွင်သို့ ပြန်လည်ရောက်ရှိလာသည်။
သူ၏ မျက်နှာပြင်မှာ သာမန်လူသားတစ်ယောက်၏ အရေပြားနှင့် တူသော်လည်း သေချာကြည့်မည်ဆိုပါက နက်နဲဆန်းကြယ်သော အရောင်အဝါများ တောက်ပနေသည့် အဖိုးတန် ကျောက်စိမ်းတစ်မျိုးနှင့် ပို၍ဆင်တူနေကာ အပြစ်အနာအဆာကင်းစင်နေ၏။
တုပိုင်၏ တစ်ကိုယ်လုံးမှာ ယခင်ကနှင့် လုံးဝမတူညီတော့ဘဲ မြေကြီးနှင့် ကောင်းကင်လို ကွာခြားသွားကာ အလုံးစုံသော အသွင်ပြောင်းလဲမှုကြီး တစ်ရပ်ကို အောင်မြင်စွာ ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုမျက်ဝန်းအိမ်အတွင်းမှ စူးရှသော အလင်းတန်းတစ်ခုက အမှောင်ထုကို ခွင်း၍ ထွက်ပေါ်လာလေ၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၃ + ၈၈၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
အဆင့်တတ်တဲ့အခန်းတွေက ဖတ်ရင်သာ မိုက်တာ ရေးရရင်တော့ အန်ပါအန်ချင်တယ်။ မူရင်းကလည်း တိုက်ရိုက်မရေးထားဘူး။ စကားထာဝှက်သလိုလိုနဲ့ 🤧🤧🤧
အားပေးလို့ ကျေးဇူးပါခ။ ဖရီးအချလွန်ရင်း အကြွေးတင်သွားလို့ ဖရီးချတာတွေ ခဏနားဦးမယ်နော် 😁😁😁