← Chapters

အခန်း (၈၈၅-၈၈၆)

Vol. 89 Ch. 885-886

အခန်း (၈၈၅-၈၈၆)

Vol. 89 Ch. 885-886

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၅ + ၈၈၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ငရဲမီးတောက်များ ဟုန်းဟုန်းတောက်လောင်နေသည့်ကြားမှ မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေသော ဧရာမဘီလူးကြီးများ၏ တူရိုက်ချက်များသည် အချည်းနှီးသာ ဖြစ်သွားခဲ့၏။ မသေမျိုးသခင်ကြီးထံမှ ထွက်ပေါ်လာသော ခွန်အား ၊ စွမ်းအင်နှင့် စိတ်စွမ်းအင် အမြောက်အမြားသည် လေလွင့်သွားခြင်းမရှိဘဲ တုပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ အငမ်းမရ စီးဝင်ပေါင်းစပ်သွားတော့သည်။

မိနစ်အနည်းငယ်ကြာသောအခါ ပြင်းထန်လှသော မီးတောက်ကြီးများမှာ အစအနပင် မကျန်တော့ဘဲ လုံးဝ ငြိမ်းသက်သွားတော့၏။

ဘီလူးကြီးနှစ်ကောင်သည် မြေပြင်ပေါ်ရှိ တုပိုင်၏ ခန္ဓာကိုယ်အား အပေါ်သို့ ဆွဲမကာ လေထဲတွင် မြှောက်ကိုင်လိုက်ကြ၏။ ထို့နောက် သူတို့၏ ကြီးမားလှသော လက်ဝါးကြီးများဖြင့် အားကုန်ညှစ်ကြည့်လိုက်ကြသည်။

ဘီလူးကြီးတစ်ကောင်က တွေဝေသွားသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။ “ဒါက ဘာကြီးလဲဟ…”

အခြားဘီလူးကြီးကလည်း နားမလည်နိုင်သည့်ဟန်ဖြင့် ခေါင်းကုတ်ကာ ပြန်ဖြေသည်။ “ငါလည်း မသိဘူးလေကွာ…”

အစွမ်းထက်လှသော ပြိုင်ဘက်ကင်း လက်နက်တစ်ခုအား သွန်းလုပ်နေခြင်းဖြစ်ပါလျက် သေးကွေးလှသော လူသားတစ်ယောက်သာ ထွက်ပေါ်လာခဲ့ခြင်းက သူတို့အတွက်တော့ နားလည်ရခက်လှသော ပဟေဠိတစ်ခုပင် ဖြစ်နေ၏။

“ဓားတစ်လက်တော့ မဟုတ်တာတော့ သေချာတယ်…” ဘီလူးကြီးက မကျေမနပ်ဖြင့် ရေရွတ်သည်။

အခြားတစ်ကောင်ကလည်း ချက်ချင်းပင် ခေါင်းညိတ်ထောက်ခံလိုက်၏။ “အင်း… ဘယ်လိုကြည့်ကြည့် ဓားတော့ မဟုတ်ဘူး…”

ထိုသို့ပြောရင်းဖြင့် ဘီလူးကြီးက သူ၏ ဧရာမပါးစပ်ကြီးကို ဟကာ တုပိုင်၏ ခန္ဓာကိုယ်အား အတွင်းသို့ ပစ်ထည့်လိုက်၏။ “ဒီလူက လက်နက်လုပ်လို့လည်း သုံးမရဘူး။ စားပဲစားလိုက်ရအောင်…”

“အားးး”

ရုတ်တရက်ဆိုသလိုပင် ဘီလူးကြီးထံမှ နားကွဲမတတ် ကျယ်လောင်လှသော အော်ဟစ်သံကြီးက လေထုကို ခွင်း၍ ထွက်ပေါ်လာ၏။ အားကုန် ကိုက်ချလိုက်မှုကြောင့် သူ၏ အစွယ်တစ်ချောင်းမှာ ကျိုးပဲ့သွားရ၏။

“ဒီလူက လုံးဝ သုံးမရဘူး။ လွှင့်ပစ်… အဝေးကြီးကို လွှင့်ပစ်လိုက်စမ်း…”

ဒေါသထွက်သွားသော ဘီလူးကြီးသည် တုပိုင်အား အဝေးသို့ အားကုန်လွှင့်ပစ်လိုက်တော့၏။ ထို့နောက် သူတို့၏ ဧရာမတူကြီးများကို ပခုံးထက်၌ ထမ်းကာ စိတ်ပျက်လက်ပျက်ဖြင့် ထိုနေရာမှ ထွက်ခွာသွားကြလေတော့သည်။

သူတို့အတွက်တော့ ယနေ့သည် ကံအဆိုးဆုံးနေ့တစ်နေ့ဟု မှတ်ချက်ချနိုင်လေသည်။ လက်နက်ကောင်းတစ်ခု ရရှိရန် ရည်ရွယ်ထားသော်လည်း အသုံးမဝင်သည့် သေးကွေးသော လူသားတစ်ယောက်သာ ထွက်ပေါ်လာခဲ့၏။ လူသားတစ်ယောက်ဖြစ်နေခြင်းက ပြဿနာမဟုတ်သော်လည်း သွားကျိုးမတတ် မာကျောလွန်းနေကာ လုံးဝ ဝါးစား၍ မရခြင်းက သူတို့အတွက်တော့ အတော်လေး ဒေါသထွက်စရာပင် ဖြစ်နေတော့၏။

--------------

မှောင်မိုက်နေသော အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မှန်းဆ၍ မရနိုင်တော့ချေ။ မိနစ်အနည်းငယ် ကြာပြီးနောက် တုပိုင်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာကာ သူ သတိပြန်လည်လာလေ၏။

အသိစိတ်ဝင်လာသည်နှင့် တစ်ပြိုင်နက် ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသေးသော အံ့မခန်း ပြိုင်ဘက်ကင်း ခွန်အားများနှင့် စိတ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်တွင်း၌ လှည့်ပတ်စီးဆင်းနေကြောင်းကို ထင်ရှားစွာ ခံစားလိုက်ရသည်။ သူ၏ လက်နှစ်ဖက်ကို အကဲခတ်ကြည့်လိုက်ရာ အပြစ်အနာအဆာဟူ၍ အရိပ်အယောင်မျှပင် မရှိတော့ဘဲ ကျောက်စိမ်းတစ်ခုအလား ချောမွေ့ပြောင်လက်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူ၏ ခန္ဓာကိုယ်တွင်း၌ စိတ်စွမ်းအင်များ အလွန်အမင်း ပြည့်လျှံနေမှုကြောင့် တုပိုင်၏ တတိယမျက်လုံးသည် လေထုထဲ၌ လွင့်မျောနေကာ သူ၏ ခန္ဓာကိုယ်အသစ်ကို အပေါ်စီးမှ ငုံ့ကြည့်နေရသကဲ့သို့ ထူးဆန်းစွာ ခံစားနေရသည်။ ယခုအခါတွင် သူ၏ ခန္ဓာကိုယ်သည် သာမန်လူသားတစ်ယောက်၏ သွေးသားခန္ဓာကိုယ်နှင့် လုံးဝ မတူညီတော့ဘဲ အလွန်တရာ ခန့်ညားထည်ဝါလှသော နတ်ဘုရားရုပ်တုတစ်ခုနှင့်သာ ပို၍ ဆင်တူနေတော့၏။

မကြာမီကမှ ကြုံတွေ့ခဲ့ရသော ငရဲခန်းအလား အဖြစ်အပျက်များသည် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလွန်းလှသည်။ သို့သော် ထိုအရာများကို ကျော်ဖြတ်ပြီးနောက် ငရဲမျှော်စင်၏ အလွန်အန္တရာယ်များလှသော ဒုတိယအထပ် စမ်းသပ်မှုကို သူ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။

မသေမျိုးသခင်ကြီး၏ ခွန်အားများ ၊ မိုးထိမတတ် တောက်လောင်ခဲ့သော ငရဲမီးတောက်များ၏ စွမ်းအင်များနှင့် ဧရာမဘီလူးကြီးများ၏ တူရိုက်ချက်များ... ဤစွမ်းအင်အားလုံးသည် တုပိုင်၏ သွေးကြောများအတွင်းသို့ စီးဝင်သွားကာ သူ၏ ရုပ်ပိုင်းဆိုင်ရာအား အလုံးစုံ အသွင်ပြောင်းလဲပေးလိုက်ခြင်းပင် ဖြစ်လေ၏။

တုပိုင်က သူ၏ မျက်စံများအား ကျဉ်းမြောင်းလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။ “ငါ့ရဲ့ အခု ခန္ဓာကိုယ်က ဂေါက်စ် ရိုင်ဖယ်ပစ်ခတ်မှုကို ခံနိုင်ရည်ရှိလောက်မလား…”

စက်ပစ္စည်းဆန်ဆန် အေးစက်တည်ငြိမ်လှသော စနစ်၏ အသံက သူ၏ ခေါင်းထဲ၌ ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာသည်။ “အားအကောင်းဆုံး သံချပ်ကာဖောက်ကျည်တွေကိုတောင် အေးဆေး ခံနိုင်ရည်ရှိပါတယ်…”

စနစ်၏ တိကျပြတ်သားသော အဖြေကြောင့် တုပိုင် အတော်လေး အံ့အားသင့်သွားရသည်။

“ဒါဆို… ငါ့ရဲ့ ခွန်အားကရော အခြေအနေ ဘယ်လိုရှိလဲ…”

စနစ်၏ ရှင်းပြသံ ထွက်ပေါ်လာသည့်အခါ တုပိုင်၏ နှလုံးခုန်သံများပင် မြန်ဆန်လာရတော့၏။

“မြို့စားမင်း လျန်ကျင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အဆင့် ၁၅ မှာရှိပါတယ်။ သခင်ကတော့… အမြင့်ဆုံးအဆင့်ကို တိုက်ရိုက် ရောက်ရှိသွားပါပြီ…”

“အမြင့်အဆုံးအဆင့်လား…။ ဘာကို ပြောချင်တာလဲ…”

စနစ်က စိတ်ခံစားမှု ကင်းမဲ့စွာဖြင့် ဆက်လက်ရှင်းပြလေ၏။ “ဒီကမ္ဘာပျက်ကပ်ကာလမှာ သာမန်လူသားတွေအတွက် သတ်မှတ်ထားတဲ့ ခွန်အားကန့်သတ်ချက်က အဆင့် ၉၉ အထိပဲ ရှိပါတယ်။ သခင်က မသေမျိုးသခင်ကြီးရဲ့ ခွန်အားတွေကို အလုံးစုံ ဝါးမျိုလိုက်တဲ့အတွက် ကန့်သတ်ချက်ကိုပြည့်သွားရုံတင်မကဘူး။ ကန့်သတ်ချက်ထက်ကို လျှံကျနေပါပြီ…”

“ဒါဆို ငါ့ရဲ့ စိတ်စွမ်းအင်ကရော…”

“စိတ်စွမ်းအင်ကတော့ အဆင့် ၃၉ မှာပါ။ မပြည့်သေးပါဘူး…”

“ရွှမ်းချီ အတွင်းအားကရော…”

“တောင်းပန်ပါတယ်။ ဒီမသေမျိုးသခင်ကြီးမှာ ဒန်တျန်မရှိသလို ရွှမ်းချီ အတွင်းအားလည်း မရှိတဲ့အတွက် မရရှိခဲ့ပါဘူး…”

တုပိုင် တွေဝေသွားရကာ ထပ်မေးလိုက်၏။ “ဒါဆို… လက်ရှိ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ…”

စနစ်က ဉာဏ်ရည်တုတစ်ခုပီပီ အသေးစိတ် တွက်ချက်ကာ ရှင်းပြသည်။ “အတွင်းအားက အားနည်းနေသေးပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အကန့်အသတ်ပြည့်နေပြီး စိတ်စွမ်းအင်ကလည်း အတော်လေး အားကောင်းနေပါတယ်။ ဒါကြောင့် သိုင်းပညာအဆင့် သတ်မှတ်ချက်အရ ခွန်အားနဲ့ စိတ်စွမ်းအင်အပေါ် အခြေခံတဲ့ သခင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဝူဇွန်းအဆင့်ကို ကျော်လွန်ပြီး ဝူဇွန်းအဆင့် ၇ ကို ရောက်ရှိနေပါပြီ…”

“ဒါဆိုရင်… နင်တောက်ရွှမ်ကို ကျော်သွားပြီပေါ့…”

စနစ်က တိုတိုတုတ်တုတ် အတည်ပြုလေ၏။ “ကျော်လွန်သွားပါပြီ…”

ငရဲမျှော်စင်၏ ဒုတိယအထပ် စမ်းသပ်မှုတစ်ခုတည်းကို ဖြတ်ကျော်လိုက်ရုံဖြင့် နင်တောက်ရွှမ်၏ ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူ ကျော်လွန်သွားခဲ့ပြီလော။ ဤသည်ကား ယုံကြည်နိုင်စရာမရှိလောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ငရဲမျှော်စင်ကြီး၏ အစွမ်းက ကြောက်စရာကောင်းသလို တစ်ဖက်ကမ္ဘာ၏ လျှို့ဝှက်ချက်များကလည်း အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းနေတော့၏။

စနစ်က သူ၏ ပြောင်းလဲသွားသော ခွန်အားကို ကိန်းဂဏန်းများဖြင့် ဆက်လက်ရှင်းပြလာ၏။ “သခင့်ရဲ့ လက်ရှိ စိတ်စွမ်းအင်နဲ့ဆိုရင် အခု လူထောင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း အလွယ်တကူ ချုပ်နှောင်နိုင်နေပါပြီ။ လီဝိညာဉ်သတ်ဖြတ်ခြင်း နည်းစနစ်တွေနဲ့ဆိုရင် လူရာပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်စွမ်းရှိပါတယ်။ သခင့်ရဲ့ ခွန်အားသက်သက်နဲ့ဆိုရင်တောင် ထိုက်ခန်အင်ပါယာရဲ့ မြို့ရိုးကြီးတွေကို တစ်ယောက်တည်း ထိုးဖောက်ဖျက်ဆီးနိုင်စွမ်း ရှိနေပါပြီ…”

ပထမအထပ်နှင့် ဒုတိယအထပ် စမ်းသပ်မှုများကား အသက်အန္တရာယ်နှင့် နီးစပ်လွန်းလှသော်လည်း မထင်မှတ်ထားလောက်အောင်ပင် ထူးခြားဆန်းပြားလှသည်။ သို့သော်ငြားလည်း ထိုအရာအားလုံးသည် ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး နာရီအနည်းငယ်မျှသာ အချိန်ယူလိုက်ရ၏။

ယခုအခါတွင်တော့... ငရဲမျှော်စင်၏ တတိယအထပ် စမ်းသပ်မှုကို စတင်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

တုပိုင်က ယုံကြည်ချက်အပြည့်ဖြင့် တတိယအထပ်သို့ ခိုင်မာသော ခြေလှမ်းများဖြင့် လှမ်းဝင်သွားရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ဘယ်လောက်ပဲ ထူးဆန်းပြီး ကြောက်စရာကောင်းနေပါစေ… ငါ အသင့်ပြင်ထားပြီးပြီ…”

အမှောင်ထုဖုံးလွှမ်းနေသော လှေကားထစ်များ၏ အဆုံးသို့ ရောက်သောအခါ တုပိုင်က ခြေလှမ်းများကို ခေတ္တရပ်တန့်လိုက်သည်။ ထို့နောက် အေးစက်နေသော လေကို အဆုတ်ထဲသို့ ခပ်မှန်မှန်နှင့် ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။

အစောပိုင်း စမ်းသပ်မှုနှစ်ခုမှာ အချိန်တိုတောင်းခဲ့သည် မှန်သော်လည်း သူ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကတော့ သာမန်လူတစ်ယောက်ဆိုလျှင် ရူးသွပ်သွားလောက်အောင်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသည်။ ဤတတိယအထပ်တွင်ရော မည်သို့သော ငရဲခန်းများနှင့် ကြုံတွေ့ရဦးမည်နည်း။

တုပိုင်အနေဖြင့် သံမဏိကဲ့သို့ ကြံ့ခိုင်သော စိတ်ဓာတ်နှင့် အမြင့်မားဆုံးသော သတိထားမှုတို့ မဖြစ်မနေ လိုအပ်သည်။ သတိလက်လွတ်ဖြစ်သွားပြီး​ သေပါက ပြန်ရှင်လာမည် မဟုတ်ချေ။

--------------

ငရဲမျှော်စင်၏ တတိယအထပ်သည် ကျယ်ဝန်းလှသော်လည်း ဟာလာဟင်းလင်းဖြစ်နေကာ သင်္ချိုင်းကုန်းတစ်ခုအလား တိတ်ဆိတ်နေ၏။

ဤနေရာရှိ လေထုသည်ပင် ထူးဆန်းစွာဖြင့် ငြိမ်းချမ်းနေသည်။ ဒုတိယအထပ်ကဲ့သို့ ရုပ်ဆိုးအကျည်းတန်သော မိစ္ဆာများလည်း မရှိသလို အရာရာကို ပြာကျသွားစေမည့် ငရဲမီးတောက်များလည်း မရှိချေ။

သို့သော် မိနစ်အနည်းငယ် ကြာသောအခါတွင်တော့ တိတ်ဆိတ်နေသော လေဟာပြင်ထဲမှ လူရိပ်တစ်ခုက ရုတ်တရက် လင်းလက်ကာ ထွက်ပေါ်လာလေ၏။

ထိုသူကား အခြားသူမဟုတ်ပေ။ တိုင်းပြည်တစ်ခုလုံးကိုပင် ဆွဲဆောင်ညှို့ယူနိုင်စွမ်းရှိသည့် ပြိုင်ဘက်ကင်း အလှပိုင်ရှင် မိန်းမချောလေးတစ်ဦးပင် ဖြစ်သည်။ သို့သော် သူမ၏ ဆွဲဆောင်မှုရှိလှသော မျက်ဝန်းအိမ်များထဲတွင်မူ ပြင်းထန်သော အထိတ်တလန့်ဖြစ်မှု ၊ နာကျင်စွာ ရုန်းကန်နေရမှု ၊ ရူးသွပ်သော စွဲလမ်းမှုနှင့် သေမင်းကို ကြောက်ရွံ့နေသည့် တုန်လှုပ်မှုများက အထင်းသား ရောယှက်နေလျက်ရှိ၏။

“ယောကျ်ား… ကျွန်မကို ကယ်ပါ… ကျေးဇူးပြုပြီး ကယ်ပါဦး…”

ကြောက်လန့်တကြား အော်ဟစ်လိုက်သော ထိုသူကား မိစ္ဆာမလေး လီဝမ်ဝမ် ဖြစ်နေ၏။

ငရဲမျှော်စင်၏ အလွှာတိုင်းရှိ စမ်းသပ်မှုများတွင် ပေါ်ထွက်လာတတ်သော မိစ္ဆာများသည် ဝင်ရောက်လာသူ တစ်ဦးနှင့်တစ်ဦးအပေါ် မူတည်၍ လုံးဝ တူညီမည်မဟုတ်ချေ။ ဥပမာပြရလျှင် တုပိုင်၏ လက်ရှိစမ်းသပ်မှုသည် ဧကရာဇ်ထိုက်ခန် အတိတ်က ဖြတ်သန်းခဲ့ရသည့် စမ်းသပ်မှုများနှင့် လုံးဝကွဲပြားနေမည် ဖြစ်သည်။

ထို့ကြောင့်ပင် ဧကရာဇ်သည် သူ၏ စမ်းသပ်မှုအတွေ့အကြုံများနှင့် ပတ်သက်၍ တစ်ခွန်းမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။ အကြောင်းမှာ ရှင်းပြနေလျှင်လည်း အလကားသာ ဖြစ်မည့်အပြင် ဝင်ရောက်မည့်သူအတွက် ကြိုတင်မှန်းဆမှုများကြောင့် ဆိုးကျိုးများကိုပင် ဖြစ်ပေါ်စေနိုင်သောကြောင့်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤတတိယအထပ်၌ ရင်ဆိုင်ရမည့် မိစ္ဆာများသည် အခြားသူများ ရင်ဆိုင်ခဲ့ရသည်များနှင့် လုံးဝကို ကွဲပြားခြားနားနေမည်သာ ဖြစ်ကြောင်း ကျိန်းသေပေါက်ပင် ဖြစ်လေ၏။

တုပိုင် သူ၏ အရှေ့မှ ကြောက်လန့်တကြား ငိုယိုနေသော လီဝမ်ဝမ်ကို စူးရှသော မျက်လုံးများဖြင့် အကဲခတ်ကြည့်ရင်း ခေတ္တမျှ မှင်သက်သွားမိသည်။

သူမ၏ မျက်နှာသွင်ပြင် ၊ လှုပ်ရှားသွားလာသည့် ကိုယ်ဟန်အမူအရာမှအစ မျက်လုံးများအဆုံး အရာအားလုံးသည် တကယ့် လီဝမ်ဝမ်နှင့် တစ်ထေရာတည်း တူညီနေလေ၏။ တုပိုင် အတော်လေး အံ့အားသင့်သွားရသည်။ ဤသည်ကား မည်ကဲ့သို့သော လှည့်ကွက်မျိုးနည်း။

စမ်းသပ်သူ၏ အတွင်းစိတ်၌ ကိန်းအောင်းနေသော နတ်ဆိုးများအပေါ် အခြေခံကာ ဖန်တီးထားသည့် ပုံရိပ်ယောင်တစ်ခုလော။ သို့သော် ရင်ဘတ်ထဲသို့ လက်တင်ပြီး တွေးကြည့်ပါက လီဝမ်ဝမ်သည် သူ၏ အတွင်းစိတ်နတ်ဆိုး တစ်ကောင်ဖြစ်လာလောက်သည်အထိ လွှမ်းမိုးနိုင်စွမ်း ရှိမနေသေးချေ။ တုရှောင်သို့မဟုတ် ကလေမ၏ အမေတို့ကသာ လုံလောက်သည့် လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

လီဝမ်ဝမ်က မျက်ရည်များ စီးကျနေလျက် ဆက်တိုက် ငိုယိုအော်ဟစ်နေပြီး တုပိုင်ဆီသို့ သနားဖွယ်ကောင်းစွာ လက်လှမ်းလာလေ၏။

“ယောကျ်ား… ကျွန်မကို ကယ်ပါ… ကျေးဇူးပြုပြီး ကယ်ပါဦး…”

တုပိုင်က မျက်နှာသေကြီးဖြင့် အေးစက်စွာ မေးလိုက်၏။ “မင်းက ဘယ်သူလဲ…”

“ကျွန်မ ဝမ်ဝမ်လေ… ရှင် တကယ်ပဲ မေ့သွားတာလား။ အဲဒီတုန်းက ရှင်က ကျွန်မရဲ့ လက်ကို ငရဲမီးတောက်တွေနဲ့ မီးလောင်တိုက်သွင်းပြစ်လို့ ကျွန်မက မီးနတ်ဘုရားဂိုဏ်းချုပ်ကြီးဆီကို အသည်းအသန် သွားပြီး အခြားလူတစ်ယောက်ရဲ့ လက်နဲ့ အစားထိုးခဲ့ရတာလေ…”

“ယောကျ်ား… ကျွန်မလေ နေ့တိုင်း ရှင့်ကို အိပ်မက်မက်တယ်။ အိပ်မက်နှစ်မျိုး မက်ခဲ့တာ။ တစ်ခုက ကျွန်မတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ အချစ်အိပ်မက်ဖြစ်ပြီးတော့ နောက်တစ်ခုက… ရှင် ကျွန်မကို သတ်လိုက်တဲ့ အိပ်မက်ဆိုးကြီးပါပဲ…”

မှန်ပေ၏။ ဤအကြောင်းအရာများသည် လီဝမ်ဝမ် တစ်ဦးတည်းသာ အတိအကျ သိနိုင်မည့် သူမ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များသာ ဖြစ်ကြသည်။

သို့သော် သူ၏ ရှေ့မှ မိစ္ဆာသည် မြင့်မားသော စိတ်ဖတ်နိုင်စွမ်းရှိကာ ဤလျှို့ဝှက်ချက်များကို တုပိုင်၏ ဦးနှောက်တွေးတောမှုများထဲမှတစ်ဆင့် ထောက်လှမ်းသိရှိသွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဉာဏ်ကြီးရှင် စုံထောက်တစ်ဦးလိုပင် တုပိုင်က ဖြစ်နိုင်ချေများကို စဉ်းစားတွက်ချက်နေ၏။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်၏ ရှေ့မှ ငိုယိုနေသော လီဝမ်ဝမ်၏ ပုံစံမှာ လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများနေရာ၌ သွေးအေးရက်စက်မှုနှင့် ကောက်ကျစ်စဉ်းလဲမှုများက အစားထိုး လွှမ်းခြုံသွားလေတော့၏။

ဆက်လက်၍ ထွက်ပေါ်လာသည့် အသံကား တုပိုင်အတွက် တစ်ချိန်က အတော်လေး ရင်းနှီးခဲ့ပြီးသားဖြစ်သော ရက်စက်သည့် ဝိညာဉ်မိစ္ဆာ၏ အသံကြီးပင် ဖြစ်တော့သည်။

“ဟား…ဟား…ဟား…။ မတွေ့ရတာ တော်တော်လေး ကြာပြီနော် တုပိုင်…”

တုပိုင်က သူ၏ မျက်စံများကို ကျုံ့ကာ အေးစက်စူးရှသော အသံဖြင့် ပြတ်သားစွာ မေးလိုက်သည်။ “မင်းက ဘယ်သူလဲ…”

“ယောကျ်ား… ကျွန်မ ဝမ်ဝမ်ပါ… ကျွန်မကို ကယ်ပါဦး…” လီဝမ်ဝမ်၏ အသံနှင့် ဝိညာဉ်မိစ္ဆာ၏ အသံတို့က တစ်လှည့်စီ ထွက်ပေါ်နေ၏။

ထို့နောက် ဝိညာဉ်မိစ္ဆာက ကြက်သီးထဖွယ် စူးရှစွာ ရယ်မောလိုက်သည်။ “ဟား…ဟား…။ ငါက… ဝိညာဉ်မိစ္ဆာပေါ့…”

“လီဝမ်ဝမ်ရဲ့ ခန္ဓာကိုယ်ကို အတင်းအဓမ္မ လုယူခဲ့တဲ့ ဝိညာဉ်မိစ္ဆာလား…”

“မှန်တာပေါ့… အဲဒါ ငါပဲလေ…”

“မင်းက ဘာအကြောင်းကြောင့် ဒီနေရာကို ရောက်နေရတာလဲ…” တုပိုင်က စုံစမ်းသည့်လေသံဖြင့် ဆက်မေး၏။

ဝိညာဉ်မိစ္ဆာက အေးစက်စက် အသံဖြင့် သရော်လှောင်ပြောင်ကာ ပြောလိုက်သည်။ “မဟာအိပ်မက်ဆိုး မိစ္ဆာအိုကြီးကြောင့်ပေါ့။ ငါ့ရဲ့ ကိုယ်ပွားက အိပ်မက်ဆိုးအင်ပါယာကို သွားပြီး ရတနာကျမ်းကို ခိုးယူဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ဒီငရဲမျှော်စင်ရဲ့ တတိယအထပ်မှာ သနားစရာကောင်းလောက်အောင် အကျဉ်းချခံထားရတာ ၅ နှစ်တောင် ရှိနေပြီ…”

ဤစကားသည် တုပိုင်အတွက်တော့ အလွန်ကြီးမားသော သတင်းအချက်အလက်တစ်ခုပင် ဖြစ်လေ၏။

လီဝမ်ဝမ်၏ ခန္ဓာကိုယ်ကို လုယူခဲ့သော ဝိညာဉ်မိစ္ဆာတွင် အစွမ်းထက်သည့် ကိုယ်ပွားတစ်ခုရှိနေပြီး ၊ ထိုကိုယ်ပွားသည် အိပ်မက်ဆိုးဧကရာဇ်ထံမှ ရတနာကျမ်းကို ခိုးယူရန် ကြိုးစားခဲ့ခြင်းလော။ မည်သူကမျှ အလွယ်တကူ မချဉ်းကပ်ဝံ့သော ထိုကျမ်းမှာ မည်ကဲ့သို့သော အရာနည်း။

“လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ငါ့ကို လာရောက် စိန်ခေါ်တဲ့သူ ၉ ယောက် ရှိခဲ့တယ်။ ပြီးတော့ အားလုံးက သွေးအိုင်ထဲမှာပဲ သေကုန်ကြပြီ။ မင်းက ပထမဆုံး ငါနဲ့ ယှဉ်ဖို့ အဆင့်မီတဲ့ ပြိုင်ဘက်ပဲ…”

တုပိုင်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ “ငါ ဝိညာဉ်မိစ္ဆာတွေကို အရင်က မြင်ဖူးတယ်။ ကမ္ဘာ့ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးထဲမှာ တွေ့ခဲ့ဖူးတာ။ သူတို့က အစွမ်းထက်တယ်ဆိုပေမဲ့ နင်တောက်ရွှမ်လောက်တော့ စွမ်းအားမကြီးပါဘူး…”

ထိုအခါ ဝိညာဉ်မိစ္ဆာကိုယ်ပွားက တုပိုင်အား အထင်အသေးပြုံးကာ လှောင်ပြောင် ပြန်လည်ချေပ၏။ “အဲဒီ ဝိညာဉ်မိစ္ဆာတွေက ကမ္ဘာ့အက်ကွဲကြောင်းထဲကနေ အပြင်ကို ဘယ်တော့မှ မထွက်ခွာဖူးတဲ့ အသုံးမကျတဲ့ အငယ်တန်း ဝိညာဉ်မိစ္ဆာတွေလေ။ ငါတို့ ဝိညာဉ်မိစ္ဆာလေးကောင်က နှစ်ထောင်ပေါင်းများစွာ အချိန်ယူပြီးတော့ ကျင့်ကြံလာခဲ့တာ။ မင်းပြောတဲ့ နင်တောက်ရွှမ်ဆိုတဲ့ကောင်က ငါ့ရဲ့ လက်ချောင်းတစ်ချောင်းလောက်တောင် အစွမ်းမထက်ဘူး…”

“လာစမ်းပါ… ငါ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းကိုယ်တိုင် မြည်းစမ်းကြည့်လိုက်စမ်းပါ။ ကမ္ဘာမြေရဲ့ ပွားလာတဲ့ ဟင်းလင်းပြင်ခွဲက နောက်ထပ် ကယ်တင်ရှင်တစ်ယောက် ငါ့လက်ထဲမှာ သွေးသံရဲရဲနဲ့ သေရတော့မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး… ဟားးး ဟားးး ဟားးး”

ဝိညာဉ်မိစ္ဆာ၏ မျက်နှာသည် လေထုထဲ၌ အဆက်မပြတ် ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေ၏။ လီဝမ်ဝမ်၏ လှပသောမျက်နှာနှင့် ဝိညာဉ်မိစ္ဆာ၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာတို့မှာ တစ်လှည့်စီ အဆက်မပြတ် ပြောင်းလဲနေပြီး မြင်လိုက်ရသူတိုင်း မျက်နှာသွေးဆုတ်ကာ ရူးသွပ်သွားလောက်အောင်ပင် ရက်စက်ကြောက်မက်ဖွယ်ကောင်းလှသည့် မြင်ကွင်းတစ်ခုပင် ဖြစ်၏။

ဝိညာဉ်မိစ္ဆာကိုယ်ပွားက သေမင်းတမန်ကဲ့သို့ သွေးဆာနေသည့် အသံဖြင့် သားကောင်အား ဆွဲဆောင်လိုက်သည်။

“လာစမ်း…။ မင်း သတ္တိရှိရင် လာခဲ့လိုက်စမ်းပါ… ဟားးး ဟားး ဟားးး”

​

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၅ + ၈၈၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters