← Chapters

အခန်း (၈၈၇-၈၈၈)

Vol. 89 Ch. 887-888

အခန်း (၈၈၇-၈၈၈)

Vol. 89 Ch. 887-888

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၇ + ၈၈၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုပိုင်၏ ပတ်ဝန်းကျင် အနီးအနား၌ မည်သည့်လက်နက်မျှ ရှိမနေခဲ့ချေ။ ထို့ကြောင့် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ၏ ခွန်အားအားလုံးကို ထိုလက်သီးတစ်ဖက်တည်းပေါ်သို့ အကုန်အင် စုစည်းလိုက်လေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်သီးမှာ အရောင်ပြောင်းလဲသွားရပြီး မည်သည့်အရာကမျှ ဖျက်ဆီးနိုင်စွမ်းမရှိသည့် ကျောက်သလင်းတုံးကြီးတစ်ခုအလား အသွင်ပြောင်းသွားလေတော့သည်။

“ဝုန်းးး ဝုန်းးး”

တုပိုင်က သူ၏လက်သီးဖြင့် အားကုန်ရုန်းကာ ထိုးချလိုက်၏။ နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ လေထုတစ်ခုလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားသကဲ့သို့ပင် ဖြစ်သွားရသည်။

ကျင်းသောင်းနှင့်ချီသည့် အတိုင်းအဆမဲ့ ခွန်အားများ ပါဝင်နေသော သူ၏ လက်သီးချက်က လေထုကြီးကို ဘောလုံးတစ်လုံးပမာ ချက်ချင်းပင် ဖိသိပ်ပစ်လိုက်တော့၏။ ထို့အပြင် ထိုလက်သီးချက်ကား အလွန်တရာ လျင်မြန်လွန်းလှသောကြောင့် လေထုကိုပင် ထိုးခွဲသွားပြီး အသံလှိုင်းပေါက်ကွဲသံကြီးများပါ ဆက်တိုက် ထွက်ပေါ်လာလေသည်။

“ဝုန်းးးးးးး”

ထိုပြင်းထန်လှသော လက်သီးချက်သည် လီဝမ်ဝမ်၏ ဝိညာဉ်မိစ္ဆာကိုယ်ပွားကို တည့်တည့်မတ်မတ်ပင် အရှိန်ပြင်းစွာ ထိမှန်သွားလေပြီး သူမ၏ ခန္ဓာကိုယ်အား မီတာရာနှင့်ချီ၍ လွင့်ထွက်သွားစေခဲ့၏။ သို့သော် အလွန်တရာ အံ့ဩဖွယ်ကောင်းလှစွာပင် သူမ၏ ခန္ဓာကိုယ်မျက်နှာပြင်ထက်၌ ရေလှိုင်းငယ်လေးများကဲ့သို့ သိမ်မွေ့စွာ တုန်ခါလှုပ်ခတ်သွားရုံမှလွဲ၍ မည်သည့် ထိခိုက်ဒဏ်ရာမျှ ရရှိသွားခြင်း မရှိခဲ့ချေ။

“ဟားးး ဟားးး ဟားးး။ ငါက ကိုယ်ပွားတစ်ခုပဲလေ။ စွမ်းအင်သက်သက်နဲ့ပဲ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ဖြစ်တာမလို့ မင်းရဲ့ခွန်အားတွေက ငါ့ကို ဘာမှလုပ်လို့မရဘူး...”

တုပိုင်က ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ သူ၏ လက်သီးများဖြင့် ဆက်တိုက်ဆိုသလို အပြင်းအထန် ထိုးကြိတ်လိုက်ပြန်၏။

“ဝုန်းးးးး ဝုန်းးးးး ဝုန်းးးးး”

တုပိုင်၏ လက်သီးချက်များကား မုန်တိုင်းထဲမှ သဲကြီးမဲကြီး ရွာသွန်းနေသော မိုးပေါက်များအလား အဆက်မပြတ် ထွက်ပေါ်နေလျက်ရှိ၏။ သို့သော် ထိမှန်သည့် အကြိမ်တိုင်းတွင်မူ ရေကိုသာ ထိုးကြိတ်နေရသကဲ့သို့ ခံစားနေရသည်။

သူ၏ ခွန်အားမည်မျှပင် ကြီးမားနေပါစေ ပြိုင်ဘက်ဖြစ်သူထံ၌မူ အစအနမျှပင် ထိခိုက်ဒဏ်ရာ ရရှိသွားခြင်း မရှိခဲ့ချေ။ ထိုမျှမကသေး လီဝမ်ဝမ်၏ ဝိညာဉ်မိစ္ဆာကိုယ်ပွားသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားလာနေသဖြင့် သူ၏ လက်သီးချက်များမှာ လုံးဝ ထိမှန်နိုင်ခြင်း မရှိတော့ပေ။

‘ဝိညာဉ်ချုပ်နှောင်ခြင်း နည်းစနစ်’

တုပိုင်က ရုတ်တရက်ဆိုသလိုပင် အလွန်အစွမ်းထက်လှသော စိတ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်လေ၏။ ချက်ချင်းပင် လီဝမ်ဝမ်၏ ဝိညာဉ်မိစ္ဆာကိုယ်ပွားသည် လေဟာပြင်ထဲ၌ ၀.၀၁ စက္ကန့်ခန့်မျှ အေးခဲကာ ရပ်တန့်သွားရသည်။

ထိုအခိုက်အတန့်လေးမှာပင် တုပိုင်က သူမ၏ လည်ပင်းအား ရုတ်တရက် အားကုန်ရိုက်ချလိုက်ပြီး သူ၏ မျက်လုံးများဖြင့် သူမအား စူးစိုက်ကြည့်လိုက်လေ၏။

‘လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်’

ချက်ချင်းပင် လီဝမ်ဝမ် ဝိညာဉ်မိစ္ဆာကိုယ်ပွား၏ မျက်လုံးများကား ကစဉ့်ကလျား ဖြစ်သွားရသည်။

သို့သော်ငြားလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် တုပိုင်၏ လက်ထဲမှ အလွယ်တကူပင် လွတ်မြောက်သွားခဲ့လေ၏။

လီဝမ်ဝမ်၏ ဝိညာဉ်မိစ္ဆာကိုယ်ပွားက အံ့ဩတကြီးဖြင့် ရေရွတ်လာသည်။ “မင်းမှာ ဒီလိုမျိုး ခန္ဓာကိုယ်သိုင်းပညာတွေနဲ့ ဝိညာဉ်သတ်ဖြတ်တဲ့ နည်းစနစ်တွေ ရှိနေသေးတယ်လို့ ငါတကယ်ကို ထင်မထားခဲ့ဘူး...။ ဒီခဏလေးအတွင်းမှာ မင်းငါ့ကို အိပ်မက်ဆိုးဘယ်နှစ်ခုတောင် မက်စေခဲ့လဲဆိုတာ သိရဲ့လား။ အခုလေးတင် မျက်စိတစ်မှိတ်အတွင်းမှာတင် ငါက အိပ်မက်ဆိုးပေါင်း တစ်ရာလောက်ကို မက်သွားတယ်...”

အချိန်...။

လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်သည် အလွန်အမင်း အစွမ်းထက်လှလေပြီး နက်ရှိုင်းလှသော အိပ်မက်များကို လှုံ့ဆော်ပေးကာ ခဏတာအချိန်လေးကိုပင် အလွန်ရှည်လျားသော အချိန်ကာလတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

ဤနည်းစနစ်ဖြင့် တိုက်ခိုက်ခံရသူသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် မျက်နှာကြီးရှုံ့မဲ့သွားကာ ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလာပြီး သေဆုံးသွားသကဲ့သို့ ထင်ရပေလိမ့်မည်။ သို့သော် အမှန်တကယ်တွင်မူ ထိုသူတို့သည် အိပ်မက်ထဲ၌ အချိန်ကြာမြင့်စွာ ဖျက်ဆီးညှဉ်းပန်းနှိပ်စက်ခံရမှုများကို ကြောက်မက်ဖွယ်ကောင်းစွာ ဖြတ်သန်းခဲ့ကြရခြင်းပင် ဖြစ်လေ၏။

လီဝမ်ဝမ် ဝိညာဉ်မိစ္ဆာကိုယ်ပွားက ဆက်ပြောလာ၏။

“မင်းက ငါထင်ထားတာထက်ကို အများကြီး ပိုအားကောင်းနေတယ်။ မင်းဆီမှာ ရွှမ်းချီ အတွင်းအား မရှိပေမဲ့လည်း မင်းရဲ့ ကျင့်ကြံခြင်းက တာ့နင်အင်ပါယာတုန်းကထက် အများကြီး ပိုပြီးတော့ စွမ်းအားကြီးနေတယ်...”

သူမက သရော်လှောင်ပြောင်သည့် အပြုံးဖြင့် ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ အလကားပဲ တုပိုင်...။ ဒါက မင်းရဲ့ ကျရှုံးမှုနဲ့ ပျက်စီးခြင်း အဆုံးသတ်ကိုတော့ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ နည်းလမ်းတွေ အကုန်သုံးလို့ ကုန်သွားပြီလား။ အခုက ငါ့အလှည့် ရောက်ပြီ... ဟားဟားဟား...”

ထို့နောက် လီဝမ်ဝမ်၏ ဝိညာဉ်မိစ္ဆာသည် ရုတ်တရက်ဆိုသလိုပင် အသွင်ပြောင်းသွားလေတော့၏။ သူမသည် လီဝမ်ဝမ်၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်မိစ္ဆာ၏ ခန္ဓာကိုယ်အသွင်အဖြစ် မရှိတော့ဘဲ ဧရာမ မီးလျှံဖီးနစ်ငှက်ကြီးတစ်ကောင်အဖြစ်သို့ အံ့မခန်းအသွင် ပြောင်းလဲသွားသည်။

“ဝုန်းးးးး”

မီးတောက်များဖြင့် ဖွဲ့စည်းထားသော တောင်ပံကြီးနှစ်ဖက် ပွင့်ဖြာသွားပြီးနောက် သူ၏ အရွယ်အစားမှာ မီတာတစ်ရာခန့်အထိပင် ကြီးမားလာ၏။ သူမက ဧရာမ မီးတောက်တောင်ပံကြီးများကို အားကုန်ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသော မီးတောက်ကြီးများက တုပိုင်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် အရှိန်အဟုန်ဖြင့် လွှမ်းခြုံသွားလေတော့၏။

လေထု၏ အပူချိန်က အဆက်မပြတ် မြင့်တက်လာနေသည်။ ဒီဂရီ တစ်သောင်း ၊ နှစ်သောင်း ၊ သုံးသောင်းမှသည် ငါးသောင်းအထိ အဆက်မပြတ် မြင့်တက်လာသည်။

ယခင်က တုပိုင်၏ ခန္ဓာကိုယ်သာဆိုလျှင် ယခုအချိန်၌ ပြာအဖြစ်သို့ပင် ပြောင်းလဲသွားလောက်ပြီ ဖြစ်မည်။ သို့သော် ယခု တုပိုင်သည် မသေမျိုးသခင်ကြီး၏ စွမ်းအင်များအားလုံးဖြင့် ဘီလူးကြီးနှစ်ကောင်၏ အပြင်းအထန် သွန်းလုပ်မှုအပြီးတွင် အလွန်တရာမှ အစွမ်းထက်လှသော ကျောက်သလင်းခန္ဓာကိုယ်ကို ယခုလေးတင် ရရှိထားခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် ၅၀,၀၀၀ ဒီဂရီစင်တီဂရိတ်ရှိသော မြင့်မားလှသည့် အပူချိန်သည်ပင်လျှင် တုပိုင်၏ ခန္ဓာကိုယ်အား လုံးဝ အန္တရာယ်မပေးနိုင်ခဲ့ချေ။ မည်သို့ပင်ဆိုစေ တုပိုင်၏ ခန္ဓာကိုယ်သည် ကြီးမားလှသော အပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသည်။ မူလက ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အရေပြားရှိခဲ့သော်လည်း ယခုအခါတွင်မူ ကျောက်သလင်းခန္ဓာကိုယ်၏ မူလပုံစံအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်လေ၏။

ဤသည်ကို မြင်လိုက်ရသောအခါ လီဝမ်ဝမ်၏ ဝိညာဉ်မိစ္ဆာမှာ လုံးဝကို မယုံကြည်နိုင်ဖြစ်သွားရတော့၏။ တုပိုင် ယခုလောက်အထိ အစွမ်းထက်လာလိမ့်မည်ဟု သူမ အိပ်မက်ထဲတွင်ပင် ထင်မထားခဲ့ပေ။ ဒီဂရီ သောင်းနှင့်ချီသော မီးတောက်ကြီးများကပင် သူ၏ ခန္ဓာကိုယ်ကို ဘာမှမလုပ်နိုင်တော့သည်လော။

“အားးးးးးးးး”

ဝိညာဉ်မိစ္ဆာကိုယ်ပွားက ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်၏။ တစ်ချိန်တည်၌ သူမ၏ ခန္ဓာကိုယ်ကြီးသည်လည် ကျုံ့ဝင်သွားလာသည်။ ထုတ်လွှတ်လိုက်သော မီးတောက်၏ အပူချိန်မှာ သုံးဆ ၊ ငါးဆအထိ အဆက်မပြတ် ဆက်တိုက် မြင့်တက်လာ​လေ၏။

အပူချိန်က ဒီဂရီစင်တီဂရိတ် သိန်းနှင့်ချီ၍ ရောက်ရှိသွားသောအခါ တုပိုင်၏ ခန္ဓာကိုယ်သည်လည်း နောက်ဆုံးတွင်တော့ ခံနိုင်ရည်မရှိတော့ဘဲ မျက်စိဖြင့်အတိုင်သား​မြင်နိုင်သည်အထိ လောင်ကျွမ်းလာကာ စတင် အရည်ပျော်ကျလာတော့၏။ တုပိုင်၏ ခန္ဓာကိုယ်သာ လုံးဝ အရည်ပျော်သွားပါက သူ၏ နှလုံးသားနှင့် ဝိညာဉ်သည် အကာအကွယ်မဲ့သွားမည်ဖြစ်လေပြီး ဝိညာဉ်မိစ္ဆာကိုယ်ပွားအနေဖြင့် သူ့အား အလွယ်တကူပင် သတ်ဖြတ်နိုင်သွားပေလိမ့်မည်။

“ဟားးး ဟားးး ဟားးး။ တုပိုင်... သွားသေလိုက်တော့... သွားသေလိုက်တော့...”

လက်ရှိအချိန်၌ တုပိုင်သည် လီဝမ်ဝမ်၏ ဝိညာဉ်အရိပ်ထံမှ အော်ဟစ်နေသံကို ကြားနေရသလို ခံစားနေရဆဲပင် ဖြစ်၏။

“ယောကျ်ား... ယောကျ်ား... ယောကျ်ား...”

တုပိုင်၏ ခန္ဓာကိုယ်မှာ ပို၍ပို၍ အရည်ပျော်လာပြီ မျက်လုံးများကလည်း ပို၍ မှုန်ဝါးလာခဲ့သော်လည်း သူ၏ စိတ်စွမ်းအင်ကိုမူ အမြင့်ဆုံးအဆင့်အထိ ကျစ်ကျစ်ပါအောင် စုစည်းထားလိုက်၏။

ဝိညာဉ်မိစ္ဆာကိုယ်ပွားက သရော်လှောင်ပြောင်သည့် အပြုံးဖြင့် ဆိုလာ၏။ “တုပိုင်... မင်းသေပြီ။ မင်းတော့ သေပြီ...။ မင်း အသက်ရှင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်... ဟားဟားဟား...”

နောက်ထပ် မည်သည်ကို ဆက်လုပ်ရမည်နည်း...။ ဤဝိညာဉ်မိစ္ဆာကိုယ်ပွား မည်သည်ကို လုပ်ချင်နေသနည်း။ အဘယ်ကြောင့် သူမက နောက်ဆုံးစကားကို ပြောခဲ့ရသည်နည်း။ အဘယ်ကြောင့် အသက်ရှင်ဖို့ နည်းလမ်းတစ်ခုရှိသေးသည်ဟု ပြောရသည်နည်း။

ဟုတ်ပေ၏။ သူမက ထွက်ပြေးချင်နေခြင်းပင် ဖြစ်လေသည်။ သူမသည် မဟာအိပ်မက်ဆိုး၏ ငရဲမျှော်စင်ထဲတွင် အကျဉ်းချခံထားရသောကြောင့် အပြင်သို့ ထွက်ခွာနိုင်စွမ်း ရှိမနေခဲ့ပေ။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ ခန္ဓာကိုယ်တစ်ခုကို လုယူပြီး စမ်းသပ်သူတစ်ဦးအနေဖြင့် အသွင်ပြောင်းကာ ဤနေရာမှ ထွက်ပြေးရန်ပင် ဖြစ်လေ၏။

သူမကို လူ ၉ ယောက် လာရောက် စိန်ခေါ်ခဲ့သည်ဟု ပြောခဲ့ခြင်းမှာလည်း လိမ်ညာမှုသက်သက်သာ ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် ထိုသူတို့၏ ခန္ဓာကိုယ်ကို လုယူ၍ ထွက်ပြေးသွားခဲ့မည်မှာ ကျိန်းသေပေါက်ပင် ဖြစ်၏။ သူမက ရည်ရွယ်ချက်ရှိရှိဖြင့် ပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ လုံးဝ လောင်ကျွမ်းတော့မည် ဖြစ်သောကြောင့် တုပိုင် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ခွဲထုတ်ကာ ထွက်ပြေးရန်ဖြစ်ကြောင်း သူမ အရိပ်ပြနေခြင်းဖြစ်သည်။

ထို့ကြောင့် သူ ထိုသို့ လုပ်သင့်ပါသလော...။ ဝိညာဉ်မိစ္ဆာအား သူ၏ ခန္ဓာကိုယ်ကို လာရောက်လုယူစေရန် မြူဆွယ်သည့်အနေဖြင့် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခွာစေမည်လော...။

သို့သော် ထိုသို့လုပ်မည်ဆိုပါက လီဝမ်ဝမ်၏ ဝိညာဉ်အရိပ်ကို လုံးဝ အကြွင်းမဲ့ ယုံကြည်ရမည်ဖြစ်ပြီး သူ့အပေါ် သူမ၏အချစ်မှာ လုံလောက်မှုရှိသည်ဟု ယုံကြည်ရပေလိမ့်မည်။ သူ့အပေါ်ထားရှိသော လီဝမ်ဝမ်၏ အချစ်က အတုအယောင် ဖြစ်နေမည် သို့မဟုတ် မလုံလောက်ခဲ့လျှင်... သူ၏ နည်းဗျူဟာများအားလုံး ကျရှုံးသွားမည်ဖြစ်လေပြီး ဤအလွန်တရာ အစွမ်းထက်လှသော ခန္ဓာကိုယ်ကြီးကို ဝိညာဉ်မိစ္ဆာက လုယူသွားပေလိမ့်မည်။

ဝိညာဉ်မိစ္ဆာကိုယ်ပွားက ပို၍ ရူးသွပ်စွာ အော်ဟစ်လိုက်တော့၏။ “တုပိုင်... မင်း သေပြီ... သေပြီ... ဟားးး ဟားးး ဟားးး”

ထို့နောက် သူမ ထုတ်လွှတ်လိုက်သော မီးတောက်များမှာလည်း ပို၍ပင် ပြင်းထန်လာလေတော့၏။ တုပိုင်၏ ခန္ဓာကိုယ်သည်လည်း ပိုမိုလျင်မြန်စွာ အရည်ပျော်လာပြီးထူးဆန်းသည့် အရည်များက အောက်သို့ စီးကျလာတော့သည်။

‘ဝိညာဉ် ခန္ဓာကိုယ်ပြင်ပ ထွက်ခွာခြင်း...’

တုပိုင်က သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် စုစည်းထုတ်လွှတ်လိုက်ကာ ထွက်ပြေးဟန်ဆောင်လိုက်လေ၏။ ဤသည်ကား အမှန်တကယ်ပင် ကြီးမားလှသော အန္တရာယ်တစ်ခုပင် ဖြစ်သည်။ တုပိုင် ဤခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အပြီးတိုင် ဆုံးရှုံးသွားနိုင်ခြေ ရှိနေ၏။

“ရွှမ်းးး”

တုပိုင်၏ ဝိညာဉ်အလင်းရောင် အရိပ်က ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ခွဲထွက်သွားလေတော့၏။ တုပိုင်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ဝိညာဉ်ကင်းမဲ့နေသော အခွံလွတ်တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

ချက်ချင်းဆိုသလိုပင် ဝိညာဉ်မိစ္ဆာကိုယ်ပွားသည် မီးလျှံဖီးနစ်ငှက်၏ ခန္ဓာကိုယ်ထဲမှ အမြန်ဆုံး အရှိန်ဖြင့် ခွဲထွက်လာကာ တုပိုင်၏ ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့တော့၏။ သူမသည် တုပိုင်၏ ခန္ဓာကိုယ်ကို အမှန်တကယ်ပင် လုယူချင်နေခဲ့ခြင်း ဖြစ်သည်။

ယခင်က တုပိုင်၏ စိတ်စွမ်းအင်မှာ အလွန်အားကောင်းလွန်းနေသဖြင့် ခန္ဓာကိုယ်ကို အတင်းအဓမ္မ လုယူနိုင်စွမ်း မရှိခဲ့ပေ။ ထို့ကြောင့် သူမက တုပိုင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တော့မည့် ဟန်ဆောင်ကာ သူ၏ ဝိညာဉ်ကို ထွက်ပြေးစေခဲ့ခြင်းသာ ဖြစ်လေ၏။

ဝိညာဉ်မိစ္ဆာကိုယ်ပွား၏ အမြန်နှုန်းမှာ အဆုံးစွန်ထိ လျင်မြန်လွန်းလှပေသည်။ ၀.၁ စက္ကန့်မျှပင် မပြည့်မီအချိန်ကလေးအတွင်းမှာပင် သူမသည် တုပိုင်၏ ခန္ဓာကိုယ်ဆီသို့ ပြေးဝင်ရောက်ရှိလာခဲ့ပြီး ခန္ဓာကိုယ်ကို လုယူရန်အတွက် အတွင်းသို့ အတင်းတိုးဝင်ရန် ပြင်လိုက်လေ၏။

သို့သော်လည်း ထိုအချိန်မှာပင် မီးလျှံဖီးနစ်ငှက်က ပို၍ပင် မြန်ဆန်နေခဲ့ပြီး စွမ်းအင်အလင်းရောင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်မိစ္ဆာ၏ ခန္ဓာကိုယ်ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်လေတော့သည်။

“ဟင့်အင်း... မလုပ်နဲ့... မလုပ်နဲ့...”

ဝိညာဉ်မိစ္ဆာကိုယ်ပွားက အလွန်တရာ စူးရှလှသော အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်ရလေ၏။ သူမ လုံးဝ မကျေနပ်နိုင်ချေ။ လုံးဝကို လက်မခံနိုင်ပေ။ အောင်မြင်မှုနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည် မဟုတ်ပါလော။

ထို့နောက် သူမ၏ ရင်ဘတ်ပေါ်တွင် မီးတောက်တစ်ခုကို မြင်လိုက်ရပြီး ခဏအကြာတွင်မူ... “ဝုန်းးး” သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ပျက်သုဉ်းသွားရကာ ချက်ချင်းဆိုသလိုပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားလေတော့၏။

တစ်ချိန်တည်းမှာပင်... မိစ္ဆာမီးလျှံဖီးနစ်ငှက်သည် လေထုထဲတွင် လွင့်မျောနေလျက်ရှိကာ လီဝမ်ဝမ်၏ မျက်နှာအား တလက်လက် တောက်ပနေစေ၏။

“ယောကျ်ား... ကျွန်မဆီကို လာဖို့ မှတ်ထားပါ...။ ကျွန်မဆီကို လာဖို့ မှတ်ထားပါနော်...”

ထို့နောက် ဤမိစ္ဆာမီးလျှံဖီးနစ်ငှက်၏ ခန္ဓာကိုယ်သည် စတင် ကျုံ့ဝင်လာပြီး ထပ်မံ၍ ကျုံ့ဝင်သွားပြန်လေ၏။ နောက်ဆုံးတွင်တော့ မိစ္ဆာမီးလျှံဖီးနစ်ငှက်၏ ခန္ဓာကိုယ်သည် သန့်စင်လှသော စွမ်းအင်ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ စုစည်းသွားလေတော့၏။

“ရွှမ်းးးး”

ထိုစွမ်းအင်ခန္ဓာကိုယ်က ကြယ်ပျံတစ်စင်းကဲ့သို့ပင် တုပိုင်၏ နှလုံးသားထဲသို့ အရှိန်အဟုန်ဖြင့် ပျံသန်းဝင်ရောက်သွားလေတော့၏။

“ဝုန်းးးးး”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၇ + ၈၈၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters