← Chapters

အခန်း (၈၈၉-၈၉၀)

Vol. 89 Ch. 889-890

အခန်း (၈၈၉-၈၉၀)

Vol. 89 Ch. 889-890

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၉ + ၈၉၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ရုတ်တရက်ဆိုသလိုပင် တုပိုင်၏ ခန္ဓာကိုယ်ထဲမှ အလွန်တရာ အစွမ်းထက်လှသော စွမ်းအင်လှိုင်းကြီးတစ်ခုက ထပ်မံပေါက်ကွဲထွက်ပေါ်လာပြန်လေ၏။ ဤတစ်ကြိမ်တွင်မူ ထိုစွမ်းအင်များသည် အလွန်တရာ သန့်စင်လှသော ရွှမ်းချီအတွင်းအားများ ဖြစ်နေသည်။

ကြီးမားများပြားလှသော ရွှမ်းချီအတွင်းအားများက တုပိုင်၏ ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲစီးဆင်းသွားကာ သူ၏ ဒန်တျန်အတွင်းသို့ အဟုန်ပြင်းပြင်း ရိုက်ခတ်ဝင်ရောက်သွားလေတော့၏။

“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး”

တုပိုင်၏ စိတ်အာရုံများ ထပ်မံ၍ ဗလာကျင်းသွားရပြန်၏။ ငရဲမျှော်စင် တတိယအထပ်၏ စမ်းသပ်မှု တရားဝင် ပြီးဆုံးသွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တုပိုင်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ရူးသွပ်ဖွယ်ကောင်းလောက်အောင် တစ်ဟုန်ထိုး တက်လှမ်းလာ၏။ သတ္တမအဆင့် ဝူဇွန် ၊ အဋ္ဌမအဆင့် ဝူဇွန် ၊ နဝမအဆင့် ဝူဇွန် ၊ အထွတ်အထိပ်အဆင့် ဝူဇွန်...။

ထိုမှတစ်ဆင့် ပထမအဆင့် တစ်ပိုင်းသူတော်စင် ၊ ဒုတိယအဆင့် တစ်ပိုင်းသူတော်စင်... မှ ပဉ္စမအဆင့် တစ်ပိုင်းသူတော်စင်အထိ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားလေတော့၏။

တုပိုင် ပြန်လည်သတိရလာချိန်တွင် လီဝမ်ဝမ်၏ အသံလေးကို နားထဲ၌ ကြားယောင်နေဆဲပင်။ သူ၏ မှန်းဆချက်များ မှန်ကန်နေသည်။ အရေးကြီးဆုံး အခိုက်အတန့်၌ လီဝမ်ဝမ် ထိန်းချုပ်ထားသော မိစ္ဆာမီးလျှံဖီးနစ်ငှက် ကိုယ်ပွားသည် ဝိညာဉ်မိစ္ဆာကိုယ်ပွားအား ဖျက်ဆီးပစ်ရန် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ စတေးသွားခဲ့ခြင်းပင် ဖြစ်လေသည်။

ထို့ပြင် နောက်ဆုံးအချိန်၌ စွမ်းအင်များ လွင့်စင်ပျောက်ကွယ်သွားမည်ကို တားဆီးရန် သူမသည် မိစ္ဆာမီးလျှံဖီးနစ်ငှက် ကိုယ်ပွား၏ စွမ်းအင်အားလုံးကို သူ့ထံသို့ လွှဲပြောင်းပေးအပ်သွားခဲ့လေ၏။

စနစ်က ဆိုလာ၏။ “သခင်... သခင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ပဉ္စမအဆင့် တစ်ပိုင်းသူတော်စင်ကို ချိုးဖျက်ကျော်လွန်သွားခဲ့ပြီ...”

တုပိုင်က မေးလိုက်၏။ “ဒါက လီဝမ်ဝမ်ရဲ့ ကိုယ်ပွားလေးတစ်ခုပဲ မဟုတ်ဘူးလား...”

စနစ်က ပြန်ဖြေလာ၏။ “ဟုတ်တယ်ဗျ။ ဒါက ကိုယ်ပွားသက်သက်ပဲ ရှိသေးတာ။ ဒါကြောင့် အခုအချိန်မှာ လီဝမ်ဝမ်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ယုံကြည်နိုင်စွမ်းမရှိလောက်အောင်ကို အစွမ်းထက်နေလောက်ပြီ။ ကျွန်တော့်ရဲ့ အချက်အလက်တွေအရဆို မိစ္ဆာမီးလျှံဖီးနစ်ငှက်ဆိုတာ တခြားကမ္ဘာမှာ အစွမ်းအထက်ဆုံး သက်ရှိမျိုးစိတ်တွေထဲက တစ်ခုပဲ။ လီဝမ်ဝမ်က အဲဒီသွေးကြောကို နိုးထခွင့် ရခဲ့တာပေါ့။ တကယ့် အစစ်အမှန် မိစ္ဆာမီးလျှံဖီးနစ်ငှက်လောက် အစွမ်းမထက်ဘူးဆိုရင်တောင် သာမန်ရေနဂါးကျောင်းတစ်ကောင်ထက်တော့ အများကြီးကို ပိုပြီး စွမ်းအားကြီးနေတုန်းပဲ...”

တုပိုင်က ဆက်မေးလိုက်၏။ “ဒါဆို ဘာလို့များ မိစ္ဆာမီးလျှံဖီးနစ်ငှက်ရဲ့ သွေးကြောက တာ့နင်အင်ပါယာရဲ့ ကမ္ဘာနယ်ပယ်ပေါ်မှာ ပေါ်လာရတာလဲ...”

စနစ်က ဖြေ၏။ “ကျွန်တော်လည်း မသိဘူးဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်ခြောက်ရာတုန်းက ကပ်ဘေးကြီးဖြစ်ချိန်မှာ တာ့နင်အင်ပါယာရဲ့ ကမ္ဘာနယ်ပယ်ထဲကို ဝင်ရောက်လာတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာမျိုးပေါ့...”

လီဝမ်ဝမ်မှာ ထိုမျှအထိ အစွမ်းထက်လာခဲ့သော်ငြား ယခုအချိန်ထိ ဝိညာဉ်မိစ္ဆာ၏ ထိန်းချုပ်ခံထားရဆဲ ဖြစ်ခြင်းက အလွန်ပင် နှမြောစရာကောင်းလှ၏။ အကယ်၍ တုပိုင်သာ သူမ၏ ဝိညာဉ်အား လွတ်မြောက်အောင် ကယ်တင်ပေးနိုင်ခဲ့ပါက ဤမိစ္ဆာမီးလျှံဖီးနစ်ငှက်သည် သူ၏ ကြီးမားလှသော အထောက်အပံ့တစ်ခု ဖြစ်လာပေလိမ့်မည်။

**--**--**--**--**--**--**--**

တုပိုင်က သူ၏ စိတ်အခြေအနေကို တည်ငြိမ်သွားစေရန် ထိန်းချုပ်လိုက်ပြီးနောက် ငရဲမျှော်စင် စတုတ္ထအထပ်၏ စမ်းသပ်မှုကို စတင်လိုက်၏။

ပထမသုံးထပ်ပင်လျှင် ဤမျှအထိ ခက်ခဲကြမ်းတမ်းခဲ့လေရာ စတုတ္ထအထပ်တွင် မည်မျှအထိ အစွမ်းထက်သည့်အရာနှင့် ရင်ဆိုင်ရမည်ကို သူ မှန်းဆ၍ပင် မရနိုင်တော့ချေ။

ဤလောက၌ ငရဲမျှော်စင်၏ စတုတ္ထအထပ် စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူမှာ လက်ချိုးရေတွက်၍ရလောက်အောင်ပင် နည်းပါးလွန်းလှသည် မဟုတ်ပါလော။

တုပိုင် လှေကားထစ်များအတိုင်း အပေါ်သို့ လျှောက်တက်သွားလိုက်၏။ လှေကားထစ်များ၏ အဆုံးသို့ ရောက်ရှိသွားသောအခါ ရှေ့တွင် အမှောင်ထုကြီးတစ်ခုကို တွေ့လိုက်ရ၏။ ထိုအမှောင်ထုကြီးကို ဖြတ်သန်းသွားပါက ငရဲမျှော်စင်၏ စတုတ္ထအထပ်သို့ ရောက်ရှိမည် ဖြစ်သည်။

တုပိုင် ခြေလှမ်းကို ရဲဝံ့စွာ လှမ်းကာ စတုတ္ထအထပ်သို့ ဝင်ရောက်သွားလိုက်တော့၏။

သူ ခြေလှမ်းလိုက်သည့် အခိုက်အတန့်မှာပင် ဤစတုတ္ထအထပ်၌ မည်သို့သော မိစ္ဆာမျိုးနှင့် ရင်ဆိုင်ရမည်နည်းဟု သူ၏ စိတ်ထဲတွင် ပြင်းပြစွာ သိချင်နေမိသည်။

**--**--**--**--**--**--**--**

ငရဲမျှော်စင်၏ စတုတ္ထအထပ်။

တုပိုင်၏ အရှေ့၌ ပေါ်လာသောအရာကား အရပ်တစ်ပေခန့်သာရှိသည့် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအိုပုလေးတစ်ဦး ဖြစ်၏။

ဤမျှ သေးငယ်လွန်းလှသော လူတစ်ယောက်ကို တုပိုင် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။

သူက စတုတ္ထအထပ်၏ ခေါင်းဆောင်လော...။

“လာခဲ့လေ... လာခဲ့...။ မင်းနဲ့ ငါ့ကြားမှာ ငါးလှမ်းပဲ ကွာဝေးတော့တယ်။ မင်း ငါ့ရှေ့ကို လျှောက်လာနိုင်တာနဲ့ ငါ့ကို အလွယ်တကူ သတ်ပစ်လို့ရပြီ...” သဘောကောင်းပုံရသော အဘိုးအိုက ပြုံးလျက် ပြောလာ၏။

“အရမ်းကို ရိုးရှင်းပါတယ်။ မင်းက ရှေ့ကို ငါးလှမ်းလောက် လျှောက်လှမ်းလိုက်ရုံနဲ့တင် ငါ့ကိုသတ်ပြီး ကြီးမားတဲ့စွမ်းအားတွေကို ရနိုင်သလို စတုတ္ထအထပ် စမ်းသပ်မှုကိုလည်း ပြီးမြောက်သွားစေလိမ့်မယ်...” လူပုလေးက တုပိုင်ရှိရာသို့ လက်ယပ်ခေါ်ကာ ဆက်တိုက် ပြောဆိုနေလေ၏။

တုပိုင်က ပထမဆုံး ခြေတစ်လှမ်းကို လှမ်းလိုက်၏။

ရုတ်တရက် သူ၏ ခန္ဓာကိုယ်ကြီးသည် အောက်သို့ ပြုတ်ကျမတတ် လေးလံသွားရ၏။

မြေဆွဲအားသည် ဆယ်ဆခန့် တိုးသွားသည်။ တုပိုင်၏ ခန္ဓာကိုယ်အလေးချိန်မှာ မူလက ကျင်းငါးရာခန့်သာ ရှိသော်လည်း ယခုအခါ၌မူ ကျင်းငါးထောင်အထိ ဖြစ်သွားရလေတော့၏။

ထို့နောက် တုပိုင်က ဒုတိယခြေတစ်လှမ်းကို ထပ်မံလှမ်းလိုက်ပြန်၏။

မြေဆွဲအားက နောက်ထပ် ဆယ်ဆ ထပ်တိုးလာပြန်ရာ သူ၏ ခန္ဓာကိုယ်အလေးချိန်သည် ကျင်းငါးသောင်း ဖြစ်သွားရလေသည်။

တတိယမြောက် ခြေတစ်လှမ်း...။

တုပိုင်၏ ခန္ဓာကိုယ်အလေးချိန်ကား ကျင်းငါးသိန်းအထိ ဖြစ်သွားလေတော့၏။

အဘိုးအိုပုလေးက တုပိုင်အား လက်ယပ်ခေါ်ကာ ဆက်ပြောလာ၏။ “လာခဲ့လေ... လာခဲ့ပါဦး။ ရှေ့ကို နောက်ထပ် ခြေနှစ်လှမ်းလောက် ထပ်လှမ်းလိုက်ရင်တင် ငါ့ကို အလွယ်တကူ သတ်ပစ်လို့ရပြီ။ ပြီးရင် ငါ့ရဲ့ စွမ်းအင်တွေကို ရယူပြီး ဒီစတုတ္ထအထပ်ရဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မယ်။ လာခဲ့စမ်းပါ...”

ကျင်းငါးသိန်းရှိသော အလေးချိန်မှာ တုပိုင်ခန္ဓာကိုယ်၏ အဆုံးစွန် ကန့်သတ်ချက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သူ၏ ကျောက်သလင်းခန္ဓာကိုယ်မှာ မည်မျှပင် အစွမ်းထက်နေပါစေ ယခုအချိန်၌မူ လုံးဝ ခံနိုင်ရည် မရှိတော့လောက်အောင်ပင် ဖြစ်သွားတော့၏။

ဤငရဲမျှော်စင်ကြီးကား အလွန်တရာ ထူးဆန်းလွန်းလှပေသည်။

ပထမအထပ်နှင့် ဒုတိယအထပ်ရှိ ခေါင်းဆောင်များမှာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးများ ရှိကြသော်လည်း ယခုခေါင်းဆောင်မှာမူ သေးငယ်လွန်းလှသလို ပို၍လည်း အစွမ်းထက်ကာ ဆန်းကြယ်နေလေ၏။

သူ့အရှေ့မှ အရပ်တစ်ပေသာရှိသော ဤလူပုလေးသည် အမှန်တကယ်ပင် ကောင်းကင်ကို အန်တုနိုင်စွမ်းရှိသော မြေဆွဲအားတိုက်ခိုက်ခြင်းနည်းစနစ်ကို ပိုင်ဆိုင်ထားလေသည်။

သူ့အနားသို့ ချဉ်းကပ်သွားလေလေ ခံစားရမည့် အလေးချိန်က ဆယ်ဆစီ တိုးလာလေလေပင် ဖြစ်၏။

ဤနည်းစန်ကား အမှန်တကယ်ကို ပြိုင်ဘက်ကင်းလွန်းလှပေသည်။ ယခုအချိန်၌ တုပိုင်နှင့် သူ၏ကြားတွင် ခြေနှစ်လှမ်းသာ ကွာဝေးတော့၏။

တုပိုင်က စတုတ္ထမြောက် ခြေတစ်လှမ်းကို လှမ်းလိုက်လေသည်...။

ရုတ်တရက် သူခံစားလိုက်ရသော အလေးချိန်မှာ နောက်ထပ် ဆယ်ဆ ထပ်တိုးလာပြန်ရာ သူ၏ ခန္ဓာကိုယ်အလေးချိန်ကား အံ့မခန်းဖွယ်ကောင်းလောက်အောင်ပင် ကျင်း ၅ သန်းအထိ ရောက်ရှိသွားလေတော့၏။

ဤသည်ကား သူ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကို လုံးဝ ကျော်လွန်သွားပြီဖြစ်သည်။

သူ၏ အလွန်တရာ အစွမ်းထက်လှသော ကျောက်သလင်းခန္ဓာကိုယ်ကြီးမှာ စတင် ပြိုကျပျက်စီးလာကာ ကျုံ့ဝင်လာတော့၏။ သူ၏ အရပ်မှာလည်း တဖြည်းဖြည်း ပို၍ တိုဝင်လာ၏။

၁.၉ မီတာမှသည် ၁.၅ မီတာ ၊ ၁.၃ မီတာ ၊ ၁ မီတာ ၊ နောက်ဆုံးတွင်တော့ ၁ ပေခန့်အထိ...။

“လာပါ... လာခဲ့ပါ...။ ခြေတစ်လှမ်းပဲ လိုတော့တယ်။ မင်း ငါ့ကို အလွယ်တကူ သတ်ပစ်လို့ရပြီ...” အဘိုးအိုပုလေးက ဆက်လက် လက်ယပ်ခေါ်နေဆဲပင်။

ထို့နောက် သူက သရော်လှောင်ပြောင်သည့် မျက်နှာထားဖြင့် ဆက်ပြောလာ၏။ “ဒါပေမဲ့ မင်း လုပ်နိုင်မှာ မဟုတ်ဘူးလေ။ ဒီနောက်ဆုံးခြေလှမ်းကို မင်း လုံးဝ လှမ်းနိုင်မှာ မဟုတ်ဘူး...။ မင်း သေပြီ... မင်းတော့ သေပြီ...”

တုပိုင်၏ ခန္ဓာကိုယ်မှာ ဆက်တိုက် ပြိုကျကျုံ့ဝင်နေလျက်ရှိ၏။

အဆုံးစွန်အထိ ပြိုကျသွားမည်ဆိုပါက သူ၏ ဝိညာဉ်ကိုပါ လုံးဝ ဖိချေပစ်လိုက်မည်ဖြစ်လေပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကျောက်သလင်းများနှင့် ဒန်တျန်ကိုပါ အကြွင်းမဲ့ ဖိသိပ်ဖျက်ဆီးပစ်လိုက်မည် ဖြစ်လေ၏။

ထိုအချိန်ရောက်လျှင်မူ သူ၏ အလောင်းကို မြှုပ်နှံစရာ နေရာလေးပင် ကျန်ရစ်တော့မည် မဟုတ်ချေ။

သေမင်းက တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်၏။

ဤသည်ကား အမှန်တကယ်ပင် ငရဲဆီသို့ သွားရာလမ်းခရီးစဉ်တစ်ခုပင် ဖြစ်လေသည်။

ဧကရာဇ် လီထိုက်ခန်နှင့် အခြားသူများ ဤစတုတ္ထအထပ် စမ်းသပ်မှုကို မည်သို့မည်ပုံ ဖြတ်ကျော်ခဲ့ကြသနည်းဆိုသည်ကို တုပိုင် လုံးဝ စဉ်းစား၍ပင် မရနိုင်တော့ချေ။

ဤအရပ်တစ်ပေခန့်သာရှိသော လူပုလေးကား လုံးဝ နားလည်နိုင်စွမ်းမရှိလောက်အောင်ပင် ဆန်းကြယ်လွန်းလှ၏။

သေချာပေါက် ပုံမှန်ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင်...။

ဤအချိန်တွင် တုပိုင်သည် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ပြီး ထိုအဘိုးအိုပုလေးအား သူ၏ စိတ်စွမ်းအင်သိုင်းပညာများဖြင့် သတ်ဖြတ်ပစ်ရမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တွင် ရုပ်ဝတ္ထုဒြပ်သား မရှိဘဲ စွမ်းအင်တစ်ခုသာ ဖြစ်နေသောကြောင့်ပင်။

သို့သော် တုပိုင် ထိုသို့လုပ်၍ မရခဲ့ချေ။

တတိယအထပ်၌ ဝိညာဉ်မိစ္ဆာကိုယ်ပွားသည် သူ၏ ခန္ဓာကိုယ်ကို လုယူချင်ခဲ့လေသည်။

ထို့ကြောင့် ယခု သူ့အရှေ့မှ လူပုလေးသည်လည်း တုပိုင်၏ ဝိညာဉ်ကို လုယူချင်နေသော ဝိညာဉ်တစ်ခုများ ဖြစ်နေမည်လား...။

ဝိညာဉ်မိစ္ဆာ ကိုယ်ပွားကဲ့သို့ပင် သူ့ကိုလည်း အိပ်မက်ဆိုး မိစ္ဆာဘုရင်က ဤနေရာ၌ အကျဉ်းချထားခဲ့ခြင်း ဖြစ်မည်။

သို့သော် အလွန်တရာ အစွမ်းထက်လှသော မြေဆွဲအားကြောင့် သူ၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ ထိုနေရာမှာပင် ထာဝရ ရပ်တန့်နေရခြင်း ဖြစ်လေ၏။ သူ၏ ဝိညာဉ်သည်ပင်လျှင် အကျဉ်းချခံထားရပြီး ထွက်ပြေးနိုင်စွမ်း မရှိခဲ့ချေ။

ထို့ကြောင့် သူက တုပိုင်၏ ဝိညာဉ်ကို အသုံးချကာ လွင့်မျောထွက်ပြေးချင်နေခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

သူ အမှန်တကယ် လိုချင်နေသောအရာမှာ တုပိုင်၏ ဝိညာဉ်သာ ဖြစ်လေ၏။

ယခုအချိန်၌ တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆက်တိုက်ဆိုသလို ပြိုကျပျက်စီးနေလေရာ တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ပြီး သူ၏ စိတ်စွမ်းအင်ဖြင့် ထိုလူပုလေးကို တိုက်ခိုက်ရန်သာ ရှိတော့သည်ဟု ထင်ရ၏။

သို့သော် မည်သည့် စိတ်စွမ်းအင် တိုက်ခိုက်မှုကိုမဆို ထိုလူပုလေးက အသုံးချသွားမည်ဖြစ်လေပြီး သူ၏ ဝိညာဉ်ကို အခွင့်ကောင်းယူကာ တုပိုင်၏ စိတ်စွမ်းအင်များနှင့်အတူ လွင့်မျောထွက်ပြေးသွားစေလိမ့်မည် ဖြစ်၏။

ဘာလုပ်ရမည်နည်း...။ မည်သည်ကို ဆက်လုပ်ရမည်နည်း...။ မည်သည့် ဖြေရှင်းနည်းမှ ရှိမနေချေ။ လုံးဝကို အဖြေမရှိပေ။

ဤအရပ်တစ်ပေသာရှိသော လူပုလေးသည် လုံးဝ လှုပ်ရှား၍မရဘဲ ရပ်နေရသော်လည်း အဆုံးစွန်အထိ အလွန်တရာ အစွမ်းထက်နေ၏။

မည်သူမဆို သူ့အနားသို့ ခြေတစ်လှမ်းအကွာအထိ ချဉ်းကပ်သွားရန် လုံးဝ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းသန်းနှင့်ချီသော မြေဆွဲအားကို မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်သောကြောင့်ပင်။

တုပိုင်၏ ခန္ဓာကိုယ်မှာ ဆက်တိုက်ဆိုသလို ပြိုကျပျက်စီးလာနေ၏။ သူ၏ အသက်ရှင်သန်ချိန်မှာ နောက်ပြန်ရေတွက်ရမည့် အချိန်သို့ ရောက်ရှိနေလေပြီဖြစ်သည်။

၅ ၊ ၄ ၊ ၃ ၊ ၂ ၊ ၁ ...။

ရုတ်တရက် တုပိုင်၏ ဦးနှောက်ထဲ၌ အလင်းရောင်တစ်ခု လက်ခနဲ လင်းလက်သွားရ၏။

နည်းလမ်းတစ်ခု ရှိသည်။ ထိုနည်းလမ်းကား အလွန်ကို ရိုးရှင်းလွန်းလှပြီး အဆုံးစွန်အထိပင် ရိုးရှင်းနေသည်။

ဤအဘိုးအိုအား တိုက်ခိုက်ရန် မည်သည့် စိတ်စွမ်းအင် သိုင်းပညာကိုမျှ အသုံးပြု၍ မရနိုင်ချေ။ သို့သော် သူ့အနားသို့ ချဉ်းကပ်သွားပြီး သူ့အား အသာအယာလေး ထိလိုက်ရုံဖြင့်ပင် သူ သေဆုံးသွားပေလိမ့်မည်။

ဤသည်ကား ငရဲမျှော်စင်၏ စတုတ္ထအထပ်အတွက် အိပ်မက်ဆိုး မိစ္ဆာဘုရင် သတ်မှတ်ပေးထားသော စည်းမျဉ်းတစ်ခုပင် ဖြစ်လေ၏။

စိတ်စွမ်းအင်နှင့် ဝိညာဉ်မှလွဲ၍ တုပိုင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုက သူ့အနား ခြေတစ်လှမ်းအကွာအထိ ရောက်ရှိသွားပြီး သူ့ကို ထိမိသွားပါက တုပိုင် အနိုင်ရမည်ပင် ဖြစ်၏။

ထိုသို့ဆိုလျှင် ကိုယ်ပွားနည်းစနစ်ကို သုံးလျှင် အဆင်ပြေနိုင်သည် မဟုတ်ပါလော။

ကိုယ်ပွားနည်းစနစ်မှ ထုတ်လွှတ်လိုက်သောအရာမှာ ပုံရိပ်ယောင်တစ်ခု ၊ စွမ်းအင်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်လေပြီး ဒြပ်သားလည်း မရှိပေ။ ထို့ကြောင့် ယင်းသည် မြေဆွဲအား၏ သက်ရောက်မှုကိုလည်း မခံရသလို ဝိညာဉ်နှင့် စိတ်စွမ်းအင်လည်း မဟုတ်ချေ။

ဤလူပုလေးသည်လည်း အခွင့်အရေးယူကာ ထွက်ပြေးနိုင်မည် မဟုတ်ချေ။

“ကိုယ်ပွားနည်းစနစ်...” နောက်ဆုံး အခိုက်အတန့်လေးမှာပင်... တုပိုင်က ကိုယ်ပွားနည်းစနစ်ကို ထုတ်ဖော်လိုက်၏။

“ရွှမ်းးး”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၈၉ + ၈၉၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters