ထာဝရနယ်မြေ
Vol. 10 Ch. 924
စစ်စခန်းအုပ်ချုပ်သူ၏မျက်ဝန်းများက သာမန်လူများနှင့်မတူဘဲ အပြာရောင်တောက်နေလေသည်။ အရောင်တင်ထားသည့် ကျောက်မျက်ရတာနတစ်ခုနှင့်ပင် ဆင်တူသည်။
ထိုမျက်လုံးများထဲတွင် ခံစားချက်လုံးဝမရှိပေ။ ဆန်းလျန်အနေဖြင့် အခြားသူများ၏မျက်ဝန်းများမှတစ်ဆင့် အတွေးများကို သိရှိနိုင်သော်လည်း စစ်စခန်းအုပ်ချုပ်သူ၏အတွေးများကိုတော့ လုံး၀ ဖမ်းဆုပ်မရနိုင်ခဲ့ပေ။
ထိုသို့သောအဖြစ်အပျက်မျိုး မကြုံရသည်မှာ ဆန်းလျန်အတွက် အလွန်ပင် အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။
စစ်စခန်းအုပ်ချုပ်သူက…
"မင်းလို ထိပ်တန်းအဆင့်နတ်ဘုရားတစ်ပါးက မေးတယ်ဆိုတော့လည်း မဖြေဘဲ မနေရဲပါဘူး ၊ ဒါပေမဲ့ အဲဒီမေးခွန်းရဲ့ အဖြေကိုကျုပ်လိုအဆင့်နိမ့်တဲ့သူတစ်ယောက်က ဘယ်လိုလုပ်သိနိုင်မှာလဲ…"
သူက စကားဆုံးသွားသည်နှင့် ရင်ပတ်ထက်တွင် လက်တစ်ဖက်ကိုတင်ကာ ဆန်းလျန်ကို ကိုယ်ကိုကိုင်းညွှတ်အရိုအသေပေးရင်း ပြောလိုက်သည်။
သူ့ပုံစံက အလွန်နှိမ့်ချဟန်ရှိနေသော်လည်း ပြောနေသည့်စကားများကတော့ တစ်လုံးမှ အမှန်တရား မဟုတ်ခဲ့ပေ။
ရုတ်တရက်… မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်စခန်းကြီးအတွင်းရှိ စစ်စခန်းအုပ်ချုပ်ရေးမှူးထိုင်သည့် ပလ္လင်ထက်တွင် ဆန်းလျန်တစ်ယောက် ထိုင်လျှက်သား ပေါ်လာလေသည်။
သို့သော်… ဆန်းလျန်က သိမ်မွေ့သူဖြစ်သည့်တိုင် ပလ္လင်ထက်မှဆန်းလျန်ကတော့ ယဉ်ကျေးဟန် မရှိပေ။
ဆန်းလျန်က လောကီရေးရာများနှင့်ကင်းဝေးပြီးသန့်စင်သူတစ်ယောက်ဖြစ်သော်လည်း ပလ္လင်ထက်မှ ဆန်းလျန်ကတော့ အလွန်တရာ မာနကြီးဟန် ထင်ဟပ်နေလေသည်။
အခြားသူများသာ စစ်စခန်းအတွင်းသို့ ရောက်လာလျှင် စစ်စခန်းရှေ့တွင် ဆန်းလျန်တစ်ယောက် စစ်စခန်းအတွင်းရှိ ပလ္လင်ထက်တွင်ဆန်းလျန်တစ်ယောက် ရှိနေသည်ဟု ထင်စရာရှိသည်။
သို့သော်… ဆန်းလျန်ကတော့ စိတ်ထဲတွင် ရှင်းလင်းလျှက်ရှိသည်။
လူသားတိုင်းတွင် ဘက်စုံတော်သည့် ကိုယ်ရည်ကိုယ်သွေးရှိကြစမြဲပင်။ သို့သော်… အဆုံး၌ထင်ရှားသည့် ကိုယ်ရေကိုယ်သွေးက လွှမ်းမိုးသွားပြီး ပေါ်လွှင်လာလေ့ရှိသည်။
သို့သော်… ဆန်းလျန်ကတော့ မတူညီပေ။ သူက ကိုယ်ရေကိုယ်သွေးအားလုံးကို အသုံးချနိုင်သူဖြစ်လေသည်။ ထို့ပြင်… ဤသို့သောအရည်အချင်းမျိုးက ရုတ်တရက်ပေါ်လာသည့် အရည်အချင်းမျိုးလည်း မဟုတ်ပေ။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အိပ်မက်လိပ်ပြာကျင့်စဉ်ကို ကျင့်ကြံခဲ့သည့်အတွက် ထိုသို့သော အရည်အချင်းမျိုးကို ဆန်းလျန် ရရှိခဲ့ခြင်းဖြစ်သည်။
အစပိုင်းတွင် စစ်စခန်းအုပ်ချုပ်သူက ဆန်းလျန်ကို အနည်းငယ်သာ ကြောက်ရွံ့လေသည်။ သို့သော်… ယခုတော့ အလွန်ပင်ကြောက်ရွံ့သွားလေတော့သည်။
သူ အဘယ့်ကြောင့် ကြောက်ရွံ့ရပါသနည်းဆိုသော်… ဆန်းလျန်၏ လွှမ်းမိုးနိုင်သည့် စိတ်စွမ်းအားကို သိမြင်လိုက်ရသောကြောင့် ဖြစ်သည်။ သူက ကံကြမ္မာလမ်းခွဲများဆီမှ ဆန်းလျန်၏ ကံကြမ္မာအကြောင်းကို စဉ်းစားလိုက်မိသည်။
ဆန်းလျန်ဆိုသည်က… ကြယ်စင်များအားလုံး၏အထက်တွင်ရှိသည့် နတ်ဘုရားတစ်ပါးဆိုသည်ကို သူသိလိုက်သည်။
ဆန်းလျန်သည် အမြင့်ဆုံးသောနတ်ဘုရားတစ်ပါးဖြစ်ပြီး အခြားသောနတ်ဘုရားများသည် သူ၏ပလ္လင်အောက်တွင် ဝပ်တွားလျှက်ရှိကြသည်။
ပလ္လင်ထက်မှဆန်းလျန်သည် စစ်စခန်းအပြင်ဘက်မှ ဆန်းလျန်ထက်ပင် ပိုမိုလွှမ်းမိုးမှုအားကောင်းနေလေသည်။
ဆန်းလျန်က အစကတည်းကပင် စိတ်ဝင်စားစရာကောင်းသူတစ်ယောက် ဖြစ်သည်။
"လူသားများအားလုံးသည် တန်းတူပင်ဖြစ်သည်" ဟု ဗုဒ္ဓက ဟောကြားခဲ့သည်။ ထိုသို့ဟောကြားခဲ့သည့်အတွက်ပင် ဗုဒ္ဓသည် လူသားအားလုံး၏အထက်သို့ ရောက်ရှိခဲ့လေသည်။ သူဟောပြောသည့်တရားသည် အမှန်တရားဖြစ်သည့် အတွက် သူသည် သတ္တဝါအားလုံးထက် မြင့်မြတ်သူတစ်ယောက် ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုသို့သော မြင့်မြတ်သူများ၏မျက်လုံးထဲတွင်တော့ စွမ်းအားကြီးမားသူဖြစ်စေ ၊ အနိမ့်ကျဆုံးသတ္တဝါပင်ဖြစ်စေ ခြားနားချက်မရှိ အတူတူပင်ဖြစ်လေသည်။
ပလ္လင်ထက်မှ ဆန်းလျန်က သူ့ကို ပြုံးပြီးကြည့်နေသည့်အခါ စစ်စခန်းအုပ်ချုပ်သူ ကျောရိုးထဲပင် စိမ့်သွားမိသည်။
စစ်စခန်းအုပ်ချုပ်သူဘေးနားတွင် ရပ်နေသည့်ဆန်းလျန်က စစ်စခန်းအုပ်ချုပ်သူ၏ အတွေးများကို သိရှိလိုက်ပြီး စကားစပြောလိုက်သည်။
"သူက ကျုပ် မဟုတ်ဘူး…"
စစ်စခန်းအုပ်ချုပ်ရေးမှူးက အံ့အားသင့်သွားပြီး…
"ကျုပ် အမြင်မှားတယ်လို့ မင်းပြောချင်တာလား…"
ဆန်းလျန်က…
"လူတိုင်းက ကြိုးစားရင် ဘုရားဖြစ်နိုင်တာပဲ ၊ အဲဒီလိုဖြစ်ဖို့ အမှန်တရားကို နားလည်ဖို့လိုတယ်…"
ဆန်းလျန်ပြောလိုက်သည့်စကားက စစ်စခန်းအုပ်ချုပ်သူ၏အမြင်ကို နက်ရှိုင်းစွာမှန်ကန်လာစေလေသည်။ ထို့ပြင်… ပလ္လင်ထက်တွင်ထိုင်နေသည့် ဆန်းလျန်မှာ တကယ်တမ်းတွင် ဆန်းလျန် မဟုတ်ခဲ့ပေ။
ထူးဆန်းဟန်ရှိလေသည်။ သို့သော်… တကယ်တမ်းတော့ မဟုတ်ခဲ့ပေ။
အမှန်တော့ စစ်စခန်းအုပ်ချုပ်သူ တွေ့မြင်ခဲ့သည့်ဆန်းလျန်မှာ အခြားတူညီသည့်လောကတစ်ခုတွင် ကျင့်ကြံနေခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။
ထို့ပြင် ပလ္လင်ထက်မှဆန်းလျန် မည်သည့်နေရာက ရောက်လာသည်ကို ဆန်းလျန် အတိအကျ သိပြီးသား ဖြစ်သည်။
ကျောက်ဖုန်းထံမှသာ သဲလွန်စမရခဲ့လျှင် သူသည်လည်း ခေတ္တခဏမျှ အာရုံထွေပြားသွားမည် ဖြစ်သည်။ သို့သော်… ယခုတော့ သူ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ထိုသူတစ်ခါက ပြောခဲ့ဖူးသည်မှာ…
"ကျွမ်ကျိုး လိပ်ပြာတစ်ကောင်ဖြစ်သွားသည်ဟု အိပ်မက်မက်လေသည် ၊ လိပ်ပြာက အလွန်ထင်ရှားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသည် ၊ ကျွမ်ကျိုးကိုလည်း မှတ်မိသိရှိခြင်း မရှိပေ…"
"ရုတ်တရက် ကျွမ်ကျိုး ထူးဆန်းသည်ဟု ခံစားလိုက်မိသည် ၊ ကျွမ်ကျိုးက လိပ်ပြာလေးဖြစ်သွားသည်ဟု အိပ်မက်မက်သည်လား ၊ လိပ်ပြာလေးက ကျွမ်ကျိုးဖြစ်သွားသည်ဟု အိမ်မက်မက်သည်လား ၊ သို့သော်… ကျွမ်ကျိုးနှင့် လိပ်ပြာလေးက မတူညီသည်ကတော့ အမှန်ပင်…"
နောက်ဆုံးတော့ ဆန်းလျန် ကိစ္စတစ်ခုကို အတည်ပြုနိုင်ခဲ့သည်။
ကျွမ်ကျိုးသည် တာအိုဝါဒတွင် ပါရမီရှင်တစ်ယောက်ဖြစ်လေသည်။ သူ၏တန်ခိုးစွမ်းအားက တာအိုဆရာသခင်ကြီးများနည်းတူ မြင့်မားလွန်းသည်။ သို့တိုင်အောင် သူသည် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်မလာခဲ့ပေ။
သူ မတော်သောကြောင့် မဟုတ်ပေ။ သူက အတော်လွန်နေသောကြောင့် ဖြစ်လေသည်။
လောကကြီးတစ်ခုလုံးက အိပ်မက်မျှသာ ဖြစ်သည်။ "လိပ်ပြာ" နှင့် "ငါ" ဆိုသည်တို့က ပညာတ်ချက်များသာ ဖြစ်ကြသည်။ အိပ်မက်လိပ်ပြာကျင်စဉ်တွင် ဆန်းလျန် တွေးပင်မတွေးမိသည့် ထိပ်တန်းလျှို့ဝှက်ချက်များ ပါဝင်လေသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွမ်ကျိုးက ကျင့်ကြံခဲ့ခြင်း မရှိခဲ့ပေ။
သို့သော်… သူက ဆန်းလျန်အဖြစ် အိပ်မက်မက်နိုင်လေသည်။ တာအိုဆရာသခင်ထိုက်ယီအဖြစ်လည်း အိပ်မက်မက်နိုင်လေသည်။ ထို့ကြောင့် သူက တာအိုဆရာသခင်ကြီးတစ်ပါးမဟုတ်သည့်တိုင် လောကကို ကျော်လွန်သည့်အနေအထားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။
သို့သော်… တာအိုဆရာသခင်ထိုက်ယီက သံသရာကိုကျော်လွန်သွားပြီး သဲလွန်စပင်မကျန် ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် ကျွမ်ကျိုးက ဆန်းလျန်ကို စိတ်ဝင်စားလာခဲ့လေသည်။
ကျွမ်ကျိုးသည် ဆန်းလျန်အကြောင်း အိပ်မက်မက်ရုံသာမက ဆန်းလျန် ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် သူသည်လည်း ဟွင့်ယွမ်ဝူကျီအဆင့် ဖြစ်လေ၏။
ဆန်းလျန်က ရဲ့လျိုယွင်ကို အစားထိုးခဲ့သလို ကျွမ်ကျိုးကလည်း အခြားသောကျင့်ကြံသူလောကတွင် ဆန်းလျန်အဖြစ် အစားထိုးခဲ့လေသည်။
ကျွမ်ကျိုးဆိုသည့် တာအိုဆရာ၏ အရည်အချင်းက ရှားပါးလွန်းပြီး ခေတ်အဆက်ဆက်တွင် ထိုသို့သော ကျင့်ကြံသူမျိုး မရှိနိုင်ဆိုသည့်အချက်ကတော့ အမှန်ပင်ဖြစ်သည်။
သို့သော်… ကျွမ်ကျိုးသည် ဆန်းလျန်ကို အနုစိတ်တော့ တုပနိုင်ခြင်း မရှိသည်ကို ဆန်းလျန် နားလည်လိုက်သည်။
ကံကြမ္မလမ်းသွယ်တစ်ခုတွင် ကျွမ်ကျိုးသည် ကြီးမားသည့် အဆုံးသတ်ဓမ္မတစ်ခုကို ဖြစ်ပေါ်စေခဲ့သူ ဖြစ်သည်။ သူက လောကကိုကျော်လွန်ရန်အတွက် အခြားသောနည်းလမ်းတစ်ခုဖြင့် ကြိုးစားမည်မှာ ထင်ရှားလှသည်။
ကျင့်ကြံခြင်းလမ်းစဉ်မရှိဘဲ ဖြစ်တည်မှုတစ်ခုအဖြစ် ပြောင်းလဲကာ လောကကိုကျော်လွန်ရန် နည်းလမ်းတစ်ခု တီထွင်နိုင်ခဲ့ခြင်းလည်းဖြစ်နိုင်သည်။ ထိုနည်းလမ်းမှာလည်း မည်သို့သောနည်းလမ်းပင်ဖြစ်ပါစေ ကိုယ်ပိုင်လမ်းကြောင်းတစ်ခုဟုပင် ဆိုနိုင်သည်။
ထိုနည်းလမ်းကို ကျွမ်ကျိုး မအောင်မြင်ခဲ့လျှင် သူသည် ဆန်းလျန်၏ ရန်သူဖြစ်လာပေလိမ့်မည်။
သို့သော်… ဆန်းလျန် ပျော်ရွှင်နေခဲ့လေသည်။
ကျွမ်ကျိုးသည် တိကျန်ဗောဓိသကျနှင့် ရွှမ်တုတောက်ကျွင်းအဖြစ် မပြောင်းလဲခဲ့ဘဲ ဆန်းလျန်အဖြစ် ပြောင်းလဲခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူက ထိုနှစ်ယောက်ထက် ပိုမိုသာလွန်သည်ကို ဖော်ပြနေလေသည်။
အမှန်တော့ တိကျန်ဗောဓိသကျနှင့် ရွှမ်တုတောက်ကျွင်းတို့မှာ ကိုယ်စီအားနည်းချက်များရှိကြသည့်အတွက် ကျင့်စဉ်လမ်းတွင် လမ်းဆုံးပန်းတိုင်အထိလျှောက်လှမ်းရန် အခက်အခဲရှိနိုင်လေသည်။
ကျွမ်ကျိုးက ကံကြမ္မာလမ်းကို ဖြတ်သန်းလာခဲ့သူဖြစ်သည့်အတွက် ထိုကိစ္စနှင့်ပတ်သက်ပြီး တွေးဆနိုင်စွမ်း ရှိလေသည်။
ထိုကိစ္စက ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီကြားမှ ယှဉ်ပြိုင်မှုနှင့် အနည်းငယ်ဆင်တူလေ၏။
***
တောင်များက ပိန်းပိတ်အောင် မှောင်မိုက်နေလေသည်။
ထိုတောင်များသည် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းပိုက်နက်အတွင်းမှ တောင်များဖြစ်ပြီး မည်သည့်အခါမှ နေရောင်မြင်တွေ့ရသည်ဟူ၍ မရှိပေ။
လေအနည်းငယ်တိုက်ခတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက အေးစိမ့်လို့နေသည်။
ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းတွင် ယင်စွမ်းအားများ ပြည့်နက်လျှက်ရှိသည့်အတွက် သီးပင်စားပင်များ ဖြစ်ထွန်းနိုင်ခြင်း မရှိပေ။ သို့သော်… ထိုနေရာတွင် ပေါက်ရောက်နေသည့် တစ်ခုတည်းသောသစ်ပင်မှာ ဝါးရုံတောများသာ ဖြစ်လေသည်။
တောင်ခြေတွင် ဝိညာဉ်မြစ်က အဆက်မပြတ်စီးဆင်းနေပြီး မြစ်ရေစီးဆင်းသံက လူအများကို ဝမ်းနည်းခံစားစေလေသည်။
မြစ်ရေစီးသံသည် ယိမ်းထိုးနေသည့် ဝါးရုံတောများနှင့် ပေါင်းစပ်လိုက်သည့်အခါ ဝမ်းနည်းမှုကို ပိုမိုမြင့်တက်လာစေသည်။
ဝိညာဉ်မြစ်ကမ်းနံဘေးတွင် အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ရှိနေလေသည်။ ထိုသူကား… ရဲ့လျိုယွင်ပင် ဖြစ်ပေ၏။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မှိုင်းနေပြီး ရဲ့လျိုယွင်ကတော့ မြင့်မြတ်သန့်စင်လျှက်ရှိလေသည်။ ထို့ကြောင့်… သူ၏ပုံစံက ပတ်ဝန်းကျင်နှင့် သိပ်ပြီးလိုက်လျောညီထွေ မရှိလှပေ။
ထိုအချိန်မှာပင်….
သာမန်ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ သင်္ကန်းရုံထားသည့် ဘုန်းတော်ကြီးတစ်ပါး မြစ်ကမ်းတစ်လျှောက် အဝေးတစ်နေရာဆီမှ လမ်းလျှောက်လာလေသည်။
ထိုဘုန်းတော်ကြီးသည်ကား တိကျန်ဗောဓိသကျဖြစ်ပေ၏။
တိကျန်ဗောဓိသကျရောက်လာမည်ကို ရဲ့လျိုယွင်က ကြိုတင်သိနှင့်ပြီးသား ဖြစ်ဟန်တူလေသည်။ တစ်ချက်လေးပင် အံ့သြခြင်း မရှိပေ။
တိကျန်ဗောဓိသကျက…
"ချင်တိဧကရာဇ်…"
ဟု နှုတ်ဆက်လိုက်လေသည်။
ရဲ့လျိုယွင်က…
"ဆရာတော်က တိကျန်ဗောဓိသကျလား ၊ တိကျန်တထာဂတဿလား…"
ရဲ့လျိုယွင်က ခန့်မှန်းနိုင်ခြင်းမရှိဟန်ဖြင့် ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
တိကျန်ဗောဓိသကျက ယိမ်းလှုပ်နေသည့် ဝါးရုံတောများကို လက်ညှိုးတစ်ချက်ညွှန်ပြလိုက်ပြီး…
"ဒီအစိမ်းရောင်ဝါးပင်တွေအားလုံးက ဓမ္မဖြစ်တယ် ၊ စီးဆင်းနေတဲ့ ဝိညာဉ်မြစ်ကတော့ ပညာပဲ ၊ ချင်တိဧကရာဇ်က ကျုပ် ဘုန်းကြီးကို ဘယ်လိုများထင်မြင်နေပါသလဲ…"
ရဲ့လျိုယွင်က တစ်ချက်ပြုံးလိုက်ရင်း အေးဆေးသည့်လေသံဖြင့်…
"တထာဂတဿ…"
ဟု ပြောလိုက်လေသည်။
တိကျန်ဗောဓိသကျက…
"ချင်တိဧကရာဇ်က သနားစရာပဲ ၊ ဆန်းလျန်ထျန်းကျွင်းသာ ခင်ဗျားရဲ့ ထိပ်တန်းအဆင့်ကံတရားနဲ့ အရည်အချင်းတွေကို ယူဆောင်မသွားရင် ခုလောက်ဆို ခင်ဗျား သံသရာကိုကျော်လွန်သွားလောက်ပြီနော်…"
ရဲ့လျိုယွင်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ကျုပ် အဲဒီကိစ္စတွေကို သိခဲ့တာ ကြာပါပြီ ၊ ဒီလိုဖြစ်ရတာ ဆန်းလျန်က ကျုပ်ထက်ပိုတော်လို့လည်း မဟုတ်သလို ကျုပ်ကိုယ်တိုင်ကလည်း သံသရာကို မကျော်လွန်ချင်ပါဘူး ၊ လောကမှာ တာအိုဆရာသခင်ကြီး တစ်ပါးပဲပွင့်တော့မယ်ဆိုတဲ့စကားသာ အမှန်ဆိုရင်တော့ အတော်လေး ရက်စက်ရာကျတာပဲ ၊ ဒါပေမဲ့ ကျုပ်က အဲဒီလို ရက်စက်တဲ့အဖြစ်မျိုး မဖြစ်စေချင်ဘူး ၊ ပြီးတော့ လူတစ်ယောက် သံသရာကိုကျော်လွန်အောင် ကျင့်ကြံနေတာကိုလည်း ကျုပ်က ဆွဲမထားချင်ပါဘူးဗျာ ၊ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ကိစ္စတွေပဲ မဟုတ်လား…"
တိကျန်ဗောဓိသကျက ပြုံးလိုက်ရင်း…
"အော်မီတော်ဖူဗုဒ္ဓက ပြောခဲ့ဖူးတယ် ၊ သူက လူသားတိုင်းကို တရားဟောချင်တယ် ၊ ဒါပေမဲ့ လူသားတိုင်း တရားရမယ်ဆိုတာက မသေချာဘူး ၊ အခုပြောနေတာ ချင်တိဧကရာဇ်က လူသားတိုင်းကို တရားရစေချင်နေတာလား…"
ရဲ့လျိုယွင်က…
"ကျယ်ပြောလှတဲ့လူ့လောကမှာ သေခြင်းရှင်ခြင်း ၊ သုခဒုက္ခတရားတွေက အမြဲတမ်း ရှိနေမှာပါပဲ ၊ ကျုပ်က ထာဝရတည်ရှိတဲ့ နယ်မြေတစ်ခု တည်ဆောက်ပြီး အဲဒီအခြေအနေတွေအားလုံးကို ပြောင်းလဲပစ်ချင်တာပါ…"
***