တိုက်ဆိုင်မှု ဆိုတာ မရှိဘူး
Vol. 39 Ch. 389
လူသားများ၏ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများမှာ တူညီကြခြင်း မရှိချေ။
လျှူယွင်က ကျယ်ပြန့်သော လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတွင် သူမ၏ မျက်စိကျစရာ လူတစ်ယောက်မျှ မရှိကြောင်း ညည်းတွားနေချိန်တွင် ကျုံးချင်ကမူ သူ၏တပည့်သစ်ကို ရှာဖွေရမည့် ကိစ္စနှင့် ပတ်သက်၍ ခေါင်းကိုက်နေခဲ့သည်။
ဤအချိန်တွင် သူသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတွင် အချိန်အတော်ကြာ ရှိနေခဲ့သော်လည်း သူ့တပည့်၏ တည်နေရာနှင့် ပတ်သက်၍ မည်သည့်သဲလွန်စမျှ မရှိသေးချေ။
လင်းထိန်နေသော သတ္တုတွင်း ဥမင်လိုဏ်ခေါင်းအတွင်းတွင် ကျုံးချင်သည် ဝိုင်အရက်ကို အားရပါးရ သောက်လိုက်၏။
သူ တစ်ငုံသောက်လိုက်ပြီးနောက် ဝိုင်အရက်အိုးသည် ဗလာကျင်းသွားခဲ့လေပြီ။
"ငါ အပြင်ထွက်ပြီး ဝိုင်အရက် ထပ်ရှာရတော့မယ့်ပုံပဲ..."
သူက တီးတိုးရေရွတ်လိုက်သည်။
သူသည် အနီးအနားတွင် ပြေးလွှား ဆော့ကစားနေသော ချီလင်နှင့်ရှောင်ကာကို တစ်ချက်ကြည့်လိုက်၏။
"မင်းတို့ နှစ်ယောက် ဒီမှာပဲ နေ... ဟိုဟိုဒီဒီ မပြေးနဲ့... ငါ အပြင်ခဏ သွားလိုက်အုံးမယ်..."
"နားလည်ပါပြီ သခင်.."
နှစ်ကောင်က လိမ္မာရို့ကျိုးစွာ ခေါင်းညိတ်လိုက်ကြသည်။
ကျုံးချင်သည် အပြင်သို့ ထွက်လာခဲ့ပြီး သတ္တုတွင်း ဥမင်လိုဏ်ခေါင်းမှ တိုက်ရိုက် ထွက်လာခဲ့သည်။
သူ့ကို အံ့အားသင့်စေခဲ့သောအရာမှာ ယနေ့တွင် ကာကွယ်ရေးများသည် သူ ရောက်ရှိလာချိန်ကနှင့် နှိုင်းယှဉ်ပါက များစွာလျော့ရဲနေခြင်းပင်။
မူလက ကင်းလှည့်အဖွဲ့များသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းကို စဥ်ဆက်မပြတ် ဖြတ်သန်းသွားလေ့ရှိသည်။
သို့သော် ယနေ့တွင် ကျယ်ပြန့်သော လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတွင် လူအနည်းငယ်ကိုသာ မြင်တွေ့နိုင်ပေ၏။
သေချာသည်မှာ ကာကွယ်ရေးများ လျော့ရဲနေလျှင်ပင် ဤသည်မှာ သာမန်လူ တစ်ယောက် လွတ်မြောက်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။
အကြောင်းအရင်းမှာ အဝေးရှိ ကောင်းကင်ယံတွင် အလင်းအကာအကွယ်တစ်ခုက ပတ်ဝန်းကျင်ရှိ အရပ်လေးမျက်နှာကို လွှမ်းခြုံထားသောကြောင့်ပင်။
ထိုအရာမှာ ကြီးမားသော ဝင်္ကပါတစ်ခု ဖြစ်သည်။
ဤဝင်္ကပါသည် အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ် အလင်းဝင်္ကပါပင်။
ထိုအရာသည် တိုက်ခိုက်ရေးနှင့်ကာကွယ်ရေး နှစ်ခုလုံးကို ပေါင်းစပ်ထားပြီး ကောင်းကင်ကို ထောင်ချောက်ဆင်ကာ မြေကြီးကို ချိတ်ပိတ်ထားသဖြင့် အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသည်။
ဤ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းသည် ဖုန်းယွီဂိုဏ်းအတွက်ပင် အလွန်အရေးကြီးသည်။
ဤဝင်္ကပါမှာ တစ်ဖက်တွင် သတ္တုတွင်း ကျွန်များ ထွက်ပြေးခြင်းကို တားဆီးနိုင်ပြီး တခြား တစ်ဖက်တွင် ထိုဝင်္ကပါသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းကို ကာကွယ်ပေးသော အရေးကြီးသည့် အတားအဆီး တစ်ခု ဖြစ်သည်။
မည်သူမည်ဝါဖြစ်စေကာမူ ဤနေရာသို့ ဝင်ရောက်ရန် သို့မဟုတ် ထွက်ခွာရန်အတွက် သူတို့သည် ဝင်္ကပါ၏ဝင်ပေါက်မှသာ ဖြတ်သန်းသွားနိုင်ပေ၏။
သို့သော် ဝင်္ကပါ၏ ဝင်ပေါက်တွင် ကာကွယ်ရေးမှာ တင်းကြပ်ပြီး အစွမ်းထက်သော ပုဂ္ဂိုလ်များလည်း ထိုနေရာတွင် စောင့်ကြပ်နေကြသည်။
ထွက်ပြေးချင်သော သတ္တုတွင်းကျွန် အမြောက်အများသည် ကင်းလှည့်အဖွဲ့များကို ရှောင်ရှားနိုင်လျှင်ပင် ဤကြီးမားသောဝင်္ကပါ၏ တည်ရှိမှုက သူတို့ကို စိတ်ပျက်အားငယ်သွားစေမည့် အတားအဆီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေမည်။
သေချာသည်မှာ ဤအရာများ အားလုံးသည် ကျုံးချင်အတွက် ဘာမှ မဟုတ်ချေ။
ကောင်းကင်ဘုံချောက်နက်ရှိ သတ်ဖြတ်ခြင်း ဝင်္ကပါပင်လျှင် သူ့ကို ကိုင်တွယ်ရန် နည်းလမ်း မရှိခဲ့ချေ။ ဤလျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ဝင်္ကပါသည် သာမန်ထက် သာလွန်ထူးကဲနိုင်သော်လည်း သူ့ကို လုံးလုံးလျားလျား မတားဆီးနိုင်ချေ။
ကျုံးချင်၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။
သူသည် ပုံရိပ်အမြောက်အများကို ရှောင်ရှားကာ ကြီးမားသောဝင်္ကပါ၏ အစွန်းသို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့သည်။
သူသည် မရပ်တန့်ခဲ့ဘဲ ရှေ့သို့ ခုန်တက်ကာ ဝင်္ကပါ အတားအဆီးကို တိုက်ရိုက်ဖြတ်သန်းလိုက်သည်။
ဤလုပ်ငန်းစဉ် တစ်ခုလုံးသည် အလွန်အဆင်ပြေချောမွေ့ပြီး မည်သည့် အနှောင့်အယှက်ကိုမျှ မဖြစ်ပေါ်စေခဲ့ချေ။
လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းမှ ထွက်ခွာပြီးနောက် ကျုံးချင်သည် အရပ်မျက်နှာအဘက်ဘက်ရှိ လောကကြီးကို ကြည့်ရှုလိုက်၏။
အဝေးတွင် တောင်တန်းများ မြင့်ချည်နိမ့်ချည် တည်ရှိနေပြီး စိမ်းလန်းစိုပြည်သော ရှေးဟောင်း သစ်ပင်များ မားမားမတ်မတ် ပေါက်ရောက်နေကြသည်။
အလယ်ပိုင်းဒေသသည် အမှန်တကယ်ကို သာမန်ထက် သာလွန်ထူးကဲကြောင်း ဆိုရပေမည်။
ကျပန်းထွက်ပေါ်လာသော တောင်ကုန်းငယ်လေး တစ်ခုတွင်ပင် စိတ်ဝိညာဉ်ချီ အလင်းတန်းများ ထွက်ပေါ်နေပေလိမ့်မည်။
အကယ်၍ ထိုကဲ့သို့သော နေရာမျိုးသာ အရှေ့ပိုင်းဒေသ သို့မဟုတ် မြောက်ပိုင်းဒေသတွင် ရှိနေမည်ဆိုပါက မရေမတွက်နိုင်သော အင်အားစုများက ထိုနေရာအတွက် သေသည်အထိ တိုက်ခိုက်ကြပေမည်။
တောင်ထိပ် တစ်ခုပေါ်တွင် ရစ်ခွေနေသော ပေတစ်ရာ ရှည်လျားသည့် အရောင်အသွေး စုံလင်သော ဧရာမ စပါးအုံးမြွေ တစ်ကောင်ကို ဝိုးတဝါး မြင်တွေ့နိုင်သည်။
ထိုမြွေသည် အေးအေးလူလူ နေပူဆာလှုံ နေပေ၏။
ဧရာမ စပါးအုံးမြွေ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ချီ အလင်းတန်းများ ဖြာထွက်နေခဲ့သည်။
မြွေ၏အကြေးခွံများမှာ နေရောင်ခြည် အောက်တွင် တလက်လက် တောက်ပနေပြီး အံ့အားသင့်ဖွယ်ကောင်းအောင် လှပနေပုံရသည်။
သေချာသည်မှာ ထိုသားရဲ၏ရက်စက်ကြမ်းတမ်းမှုမှာလည်း ထပ်တူထပ်မျှ အံ့အားသင့်စရာ ကောင်းလှသည်။
ထိုသားရဲ၏ကျင့်ကြံတင့်မှာ အမှန်တကယ်ကို ယန်သုံးပါးနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေလေပြီ။
ထိုမြွေသည် ဓမ္မသောင်းချီနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
ကျုံးချင်၏ အကြည့်က ပေတစ်ရာ ရှည်လျားသော ဧရာမ စပါးအုံးမြွေ အပေါ်တွင် တခဏမျှ ရပ်တန့်သွားပြီးနောက် သူသည် ဦးတည်ချက် တစ်ခုကို ရွေးချယ်ကာ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားခဲ့သည်။
ဤတောင်တန်းကြီးသည် အလွန်ရှည်လျားပြီး အဆုံးမရှိ ဆန့်တန်းနေသည်။
တောင်တန်းတလျှောက်လုံးတွင် အစွမ်းထက်သော ထူးဆန်းသည့် သားရဲ အမြောက်အများ နေထိုင်ကြ၏။
ထိုသားရဲများအနက် ရှေးခေတ်ကတည်းက အသက်ရှင် ကျန်ရစ်ခဲ့သော ထူးဆန်းသည့် မျိုးစိတ်တချို့လည်း ရှိနေခဲ့သည်။
ထိုသားရဲတစ်ကောင်စီတိုင်းက အံ့အားသင့်စရာ ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားကြသည်။
တောင်ပံနှစ်ဖက်ပါသော ခရမ်းတောင်ပံ ခြင်္သေ့ ဘုရင်များ ရှိနေကာ ခေါင်းနှစ်လုံး ပါသော ရွှေရောင် ဧရာမသားရဲများလည်း ရှိပြီး တောင်များအလား ကြီးမားလှသည်။
နက်ရှိုင်းသော တောင်များထဲတွင် ပျံဝဲနေသော ရွှေတောင်ပံလင်းယုန်ကြီးများလည်း ရှိပြီး ထိုလင်းယုန်များ၏တောင်ပံများကို ဖြန့်ကျက်ထားချိန်တွင် ကောင်းကင်နှင့်နေရောင်ကို ဖုံးကွယ်ထားနိုင်ပေ၏။
အကယ်၍ ဤသားရဲများသာ အရှေ့ပိုင်းဒေသတွင် ရှိနေမည်ဆိုပါက ထိုသားရဲတစ်ကောင်စီတိုင်းသည် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ဤနေရာတွင် ထိုသားရဲများသည် ထူးခြားခြင်း မရှိတော့ချေ။
သာမန် ရက်စက်ကြမ်းကြုတ်သားရဲများအလား ထိုသားရဲများသည် အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်နေကြ၏။
ဤသည်မှာ အစွမ်းထက်သူများက အားနည်းသူများကို အမြတ်ထုတ်သည့် တောတွင်း၏ ရှေးအကျဆုံးနှင့် အကြမ်းတမ်းဆုံး ဥပဒေသကို လိုက်နာခြင်း ပင်။
အချိန်တခဏအတွင်း ကျုံးချင်သည် သမိုင်းမတင်မီ ယဉ်ကျေးမှုခေတ်ကာလတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်သည်။
သို့သော် အမှန်တရားကမူ ဤသည်မှာ အလယ်ပိုင်းဒေသရှိ သာမန် တောင်တန်းတစ်ခုမျှသာ ဖြစ်ပေ၏။
ကျုံးချင်သည် ရှေ့သို့ ဆက်လက်၍လျှောက်လှမ်းသွားကာ နေ့ဝက်ခန့် ခရီးသွားပြီးနောက် မြို့ငယ်လေးတစ်မြို့က ရုတ်တရက် သူ၏ အမြင်အာရုံထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုမြို့ငယ်လေးသည် ကြီးမားခြင်းမရှိဘဲ အလယ်အလတ်မှ အနိမ့်ဆုံး အတိုင်းအတာတစ်ခုသာ ဖြစ်သည်။
သို့သော် မြို့ငယ်လေးသည် မငြိမ်းချမ်းခဲ့ချေ။
မြို့ငယ်လေး၏ အထက်တွင် ပြင်းထန်သော နတ်ဘုရားအလင်းတန်းများ ပွင့်အံ့ထွက်နေပေ၏။ မိုးကောင်းကင်ယံမှ အဆုံးမဲ့စွမ်းအားလှိုင်းဂယက်များ ပေါက်ကွဲထွက်လာခဲ့သည်။
ဤသည်ကြောင့် ကောင်းကင်နှင့်မြေကြီး၏ လေနှင့်တိမ်များကို လှုပ်ခတ်စေပြီး တောင်များနှင့် မြစ်များကို တုန်ခါသွားစေခဲ့သည်။
"ဒါက... ဓမ္မသောင်းချီနယ်ပယ်က အစွမ်းထက်ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာပဲ..."
ကျုံးချင်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
သူ အဝေးသို့ ကြည့်လိုက်ချိန်၌ သူ မြင်လိုက်ရသည်မှာ ဤအခိုက်အတန့်တွင် မြို့ငယ်လေးသည် ပျက်စီးယိုယွင်းနေခြင်းပင်။
မရေမတွက်နိုင်သော လူများက အိမ်များနှင့် ထောင့်များတွင် ပုန်းအောင်းကာ တုန်ရီနေကြ၏။
သူတို့က မိုးကောင်းကင်ယံသို့ ထိတ်လန့်တကြား မော့ကြည့်နေခဲ့ကြသည်။
မိုးကောင်းကင်ယံတွင်....
ရှုပ်ပွနေသော ဆံပင်များနှင့် သွေးကဲ့သို့နီရဲနေသော မျက်လုံးများ ရှိသည့် ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသား တစ်ဦးက နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ကောင်အလား သူ့ကို အဆက်မပြတ် တိုက်ခိုက်နေသော လူသုံးဦးကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ငါက အာဏာရှင် ကျီမန်... ဖုန်းယွီဂိုဏ်းရဲ့ အာဏာရှင် ပဲ... မင်းတို့က ငါ့ကို လက်ပါဖို့ ဘယ်လိုတောင် အတင့်ရဲရတာလဲ... ဖုန်းယွီဂိုဏ်း ရဲ့ဒေါသကို မကြောက်ဘူးလား..."
တခြားလူသုံးဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှု တချို့ ရှိနေခဲ့သည်။
"ဖုန်းယွီဂိုဏ်း" ဟူသော စကားလုံးများက သူတို့အတွက် ကြီးမားသော တားဆီးနိုင်မှု စွမ်းအားကို သယ်ဆောင်ထားကြောင်း သိသာထင်ရှားသည်။
သူတို့ထဲတွင် အနည်းငယ် တည်ငြိမ်ပုံရသော အပြာရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"ဒါက မြို့ တစ်မြို့လုံးကို မင်း သတ်ဖြတ်ဖို့ အကြောင်းပြချက် မဟုတ်ဘူး..."
"ဟားဟား..."
အာဏာရှင် ကျီမန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
"အစွမ်းထက်သူတွေက အားနည်းသူတွေကို အမြတ်ထုတ်တာက ကျင့်ကြံခြင်း လောကရဲ့ ထာဝရ ဥပဒေသ ပဲလေ... ပုရွက်ဆိတ်တစ်အုပ်ပဲ... သူတို့ သေသွားရင်တောင် ဘာဖြစ်လာမှာ မလို့လဲ... သူတို့ရဲ့ အနှစ်သာရသွေးတွေနဲ့ နတ်ဘုရား စိတ်ဝိညာဉ် တွေက ဒီအရှင်ရဲ့စွမ်းအားကို ပိုပြီးတိုးတက်စေနိုင်တယ်... ဒါကြောင့် သူတို့က ကောင်းတဲ့ အကြောင်းပြချက် တစ်ခုအတွက် သေဆုံးသွားတယ်လို့ သတ်မှတ်လို့ ရတယ်... ဓမ္မသောင်းချီနယ်ပယ်အထိ ကျင့်ကြံဖို့က မင်းတို့အတွက် မလွယ်ဘူး... ဒီ အောက်တန်းစား သာမန်လူတွေအတွက် မင်းတို့က တကယ်ပဲ ရပ်တည်ပေးချင်တာ သေချာလား... ပြီးတော့ ငါ့ရဲ့ ဖုန်းယွီဂိုဏ်းကို စော်ကားပြီး သေမင်းတမန် ဘေးအန္တရာယ်ကို ဖိတ်ခေါ်ချင်တာလား..."
ထိုစကားကို ကြားချိန်တွင် လူသုံးဦးသည် ဒေါသထွက်သွားကြ၏။
တည်ငြိမ်သော အမျိုးသားက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"ဘယ်လိုတောင် 'အစွမ်းထက်သူတွေက အားနည်းသူတွေကို အမြတ်ထုတ်တာ' လဲ... ငါတို့ ကျင့်ကြံသူတွေက ကောင်းကင်နဲ့ မြေပြင် ကနေ မွေးဖွားလာတာ... ကိုယ့်ကိုယ်ကိုယ် စွမ်းအားဖြည့်တင်းဖို့ ကောင်းကင်နဲ့ မြေကြီး ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ယူတာက မမှားဘူး... ဒါပေမဲ့ တခြားသူတွေရဲ့ အသက် တွေကို သတ်ဖြတ်ဖို့ ကိုယ့်ရဲ့စွမ်းအားကို အားကိုးမယ် ဆိုရင် ဒီလုပ်ရပ်က နတ်ဆိုးတစ်ကောင် နဲ့ ဘာကွာလဲ... လူတွေ လူဖြစ်ရတဲ့ အကြောင်းရင်းက လူတွေက သူတို့ရဲ့လောဘကို ဘယ်လို ဖိနှိပ်ရမလဲဆိုတာ သိပြီး အခြေခံစည်းမျဉ်းနဲ့ ကိုယ်ကျင့်တရားကို လိုက်နာတတ်လို့ပဲ... မင်းရဲ့ သွေးဆာနေပြီး ရက်စက်တဲ့ သဘာဝကို ကြည့်ရင် ဒီနေ့ မင်းကို ငါတို့ လွှတ်ပေးလိုက်ရင် အနာဂတ်မှာ မင်းရဲ့ လက်ချက်ကြောင့် သက်ရှိ ဘယ်လောက်များများ ဒုက္ခရောက်ရမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ... သတ်..."
ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာကာ လူသုံးဦးက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။
အချိန်တခဏအတွင်းတွင် ကောင်းကင်နှင့် မြေပြင်ကြား၌ သတ်ဖြတ်လိုခြင်း အရှိန်အဝါများ တလိမ့်လိမ့်ထလာပေ၏။
ထိတ်လန့်တုန်လှုပ်ဖွယ် ဥပဒေသစွမ်းအားများ ထကြွသောင်းကျန်းနေပြီး တိုက်ပွဲမြေပြင်တွင် လေနှင့်မိုးကြိုးများ တလိမ့်လိမ့်ထလာကာ ကောင်းကင်မီးတောက်များက လေထဲတွင် ပြည့်နှက်နေပြီး လေဟာနယ်ပင် တွန့်လိမ်နေခဲ့သည်။
ဤသည်မှာ အမှန်တကယ်ကို လောကကြီးပျက်သုန်းတော့မည့်အလား မြင်ကွင်းတစ်ခုပင်။
ထိုလူသုံးဦး၏ အဆက်မပြတ် တိုက်ခိုက်မှုများ အောက်တွင် အာဏာရှင်ကျီမန်သည် ခုခံနိုင်စွမ်း မရှိတော့ဘဲ သွေးများ အဆက်မပြတ် အန်ထွက်လာခဲ့သည်။
"သေစမ်း..."
အာဏာရှင်ကျီမန်သည် ရူးသွပ်လုမတတ် ဒေါသထွက်နေပေ၏။
စွမ်းအားတစ်ခုတည်းအရဆိုလျှင် သူတို့ သုံးဦးလုံးသည် သူ၏ ပြိုင်ဘက် မဟုတ်ချေ။
သို့သော် သူတို့ သုံးဦး အတူတကွ ပူးပေါင်းလိုက်ချိန်၌ သူတို့၏အလုံးစုံစွမ်းအားက သူ့ကို ခုခံနိုင်စွမ်း မရှိအောင် ဖြစ်စေခဲ့သည်။
ထိုလူသုံးဦး၏ တိုက်ခိုက်မှုများ ပို၍ပင် ပြင်းထန်လာသည်ကို မြင်တွေ့ချိန်၌...
"မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားရင် ဒီနေ့ ငါ ဒီမှာပဲ သေသွားနိုင်တယ်..."
အာဏာရှင်ကျီမန်သည် နက်ရှိုင်းသော အမုန်းတရားများကို ခံစားရင်း ဆုတ်ခွာရန် ဆန္ဒ တစ်ခု သူ၏စိတ်နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် သူသည် သူ၏နတ်ဘုရား စိတ်ဝိညာဉ်ကို လောင်ကျွမ်းရန် မတွန့်ဆုတ်တော့ဘဲ သူတို့သုံးဦးထံမှ တိုက်ခိုက်မှုလှိုင်းတစ်ခုကို တောင့်ခံကာ သွေးအလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲပြီး ထွက်ပြေးသွားခဲ့သည်။
"မင်းတို့ အားလုံး မှတ်ထား... ဒီနေ့ရဲ့ အမုန်းတရားကို အနာဂတ်ကျရင် ဒီအဘိုးကြီး က သေချာပေါက် နှစ်ဆ ပြန်ဆပ်မယ်..."
သူ ထွက်ပြေးသွားစဉ် အာဏာရှင် ကျီမန်သည် ပြင်းထန်သော ခြိမ်းခြောက်မှု တစ်ခုကို ပြုလုပ်ခဲ့ပြီး ကြမ်းတမ်းသော သတိပေးချက်တစ်ခုကို ချန်ထားခဲ့ရန် မမေ့ခဲ့ချေ။
"လိုက်..."
သူ့ကို ဤအတိုင်း ထွက်သွားခွင့် မည်သို့ ပေးနိုင်မည်နည်း။ သူတို့သုံးဦးသည် ချက်ချင်းဆိုသလိုပင် လိုက်လံဖမ်းဆီးခဲ့ကြ၏။
သာမန်လောကကြီးတွင် တိုက်ဆိုင်မှုဟူသည် အမြဲတစေ ရှိနေတတ်သည်။
သွေးအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသော အာဏာရှင် ကျီမန်သည် ကျုံးချင် လာရာလမ်းကြောင်း အတိုင်း အတိအကျ ထွက်ပြေးလာခဲ့သည်။
ကျုံးချင်ကို မြင်ချိန်တွင် သူ လုံးလုံးလျားလျား အားနည်းနေပြီဟု ခံစားရသော အာဏာရှင် ကျီမန်၏မျက်လုံးများ တောက်ပလာခဲ့သည်။
"ကောင်လေး... မင်းဆီက စိတ်ဝိညာဉ်ဆေးလုံး တွေနဲ့ အဖိုးတန် ဆေးဝါးတွေကို ပေးစမ်း..."
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လူအများကို အမြတ်ထုတ်နေသော နတ်ဆိုး တစ်ပါးအလား ခြိမ်းခြောက်လိုက်၏။