ဤသည်မှာလည်း
Vol. 10 Ch. 925
တိကျန်ဗောဓိသကျ၏မျက်နှာက တဖြည်းဖြည်း တည်ကြည်လေးနက်သွားလေသည်။
သူကတိုးတိတ်သည့်လေသံဖြင့်…
"ကြေးမုံမှန်ထဲကပန်းပွင့် ၊ ရေထဲကလရိပ်ဆိုတာ မြင်သာမြင်နိုင်ပြီး ဘယ်တော့မှ ရယူနိုင်ခြင်းမရှိတဲ့ အရာတွေပါ ၊ ဒါပေမဲ့ မင်းပြောတဲ့စကားတွေကတော့ မြင်လည်းမမြင်နိုင် ၊ ရယူလို့လည်းမရနိုင်တဲ့ အရာတွေပါပဲ…"
ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…
"ဒါ အဓိပ္ပါယ်မရှိဘူးဆိုတာ ကျုပ်လည်းသိပါတယ် ၊ တကယ်ဖြစ်အောင်လုပ်မယ်ဆိုရင်တောင်မှ သောက်ရူးလို့အပြောခံရမှာပါပဲ…"
ရဲ့လျိုယွင်မှာ အတိတ်ဘဝတုန်းက လူပြန်ဝင်စားခြင်း နည်းလမ်း (၆)သွယ်ကို အပြည့်အ၀ ပြည့်စုံစေခဲ့သည့် ချင်တိဧကရာဇ်ဖြစ်သည်ကို တိကျန်ဗောဓိသကျ အမှတ်ရလိုက်မိသည်။ ချင်တိဧကရာဇ်သည် ကြီးမြတ်သည့် သူတော်စင်တစ်ပါး ဖြစ်လေသည်။
ယခုတော့ ချင်တိဧကရာဇ်က ထာဝရနယ်မြေကို တည်ထောင်ရန် ဆန္ဒရှိနေခဲ့ပြီ။ ထိုအချက်က သူတော်စင်တစ်ပါး၏လုပ်ရပ်ထက် ရူးသွပ်သည့်လုပ်ရပ်ဟု ပိုပြီးဆိုနိုင်သည်။
လူသားအားလုံး ထာဝရအသက်ရှင်သန်သွားကြမည်ဆိုလျှင် အဘယ်မှာ ပျော်ရွှင်မှု ရှိပါတော့မည်နည်း။
သေခြင်းရှင်ခြင်းဆိုသည်က မိုးနှင့်မြေကို ပြီးပြည့်စုံစေသည့် လမ်းစဉ် ဖြစ်လေသည်။
ရဲ့လျိုယွင်က…
"လောကတစ်ခုလုံးရဲ့အစကိုပြန်သွားမယ်ဆိုရင် ကျုပ်က အရာအားလုံးရဲ့ အရင်ဦးဆုံး ဖြစ်တည်ခဲ့တဲ့သူပါ ၊ ဒီအချက်ကိုတော့ ဆရာတော်သိလိမ့်မယ် ထင်ပါတယ်…"
တိကျန်ဗောဓိသကျက ခေါင်းညိတ်ပြလိုက်သည်။
ချင်တိဧကရာဇ်သည် ရှေးအကျဆုံး ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
အရင်အချိန်များတုန်းက ယီနတ်ဘုရား ၊ ထိုက်ယိ ၊ တာအိုဆရာသခင်ထိုက်ယီ ၊ ချင်တိဧကရာဇ် ၊ တုန်းဟွာတောက်ကျွင်းနှင့် စန့်ချင်တာအိုဆရာသခင်တို့သည် တစ်သားတည်း ဖြစ်လေသည်။ သူတို့အားလုံးသည် အရာအားလုံး၏ အစဦးပိုင်းလည်းဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးတွင် လောကကိုကိုင်လှုပ်နိုင်သည့် အောင်မြင်မှုများကို ရရှိခဲ့ကြခြင်းပင် ဖြစ်သည်။
စန့်ချင်တာအိုဆရာသခင်နှင့် တာအိုဆရာသခင်ထိုက်ယီတို့မှာ သံသရာကိုကျော်လွန်သွားသည့် တာအိုဆရာသခင်ကြီးများ ဖြစ်သွားကြသည့်အတွက် အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်တွင် ထင်ရှား ရှိမနေတော့ပေ။
ရဲ့လျိုယွင်က…
"ကျုပ်မွေးဖွားလာတဲ့အချိန်တုန်းက မိုးကောင်းကင်ဆိုတာမရှိသေးဘူး ၊ သေခြင်းရှင်ခြင်းဆိုတာလဲ ဘာမှန်း ကျုပ်မသိဘူး ၊ သုခဒုက္ခဆိုတာတွေလည်း ကျုပ်မသိဘူး ၊ အဲဒီအချိန်တုန်းက ကျုပ် သိပ်ပြီးအထီးကျန်ခဲ့တာ ၊ အခု အဲဒီအချိန်တွေကို ပြန်စဉ်းစားကြည့်မိတော့ အခုအချိန်ထက်တောင် ပိုပြီး ကောင်းနေပါသေးတယ်…"
တိကျန်ဗောဓိသကျက…
"ကျုပ်လည်း သတ္တဝါတစ်ယောက်အဖြစ် မွေးဖွားလာတာပါပဲ ၊ ချင်တိဧကရာဇ်ဘဝတုန်းက မင်းရဲကခံစားချက် ဘယ်လိုရှိတယ်ဆိုတာ ကျုပ် ဘယ်သိနိုင်မလဲ ၊ အခုတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီပဲ ၊ အတိတ်အချိန်တွေကတောင် ပိုပြီးကောင်းသေးတယ်လို့ မင်း ပြောတာကိုကြည့်ရရင် အတိတ်တစ်ချိန်တုန်းကလည်း မင်းမကြိုက်တာတွေ ရှိကောင်းရှိခဲ့မှာပဲပေါ့ ၊ အဲဒါတွေက အခု မဆိုးလှတော့ဘူး မဟုတ်လား ၊ အဲဒီလိုပဲ အခုအချိန်မှာလည်း ကောင်းတာလေးတွေ ရှိလာတာပဲ မဟုတ်ဘူးလား…"
ရဲ့လျိုယွင်က လက်တစ်ဖက်ကာပြလိုက်ရင်း…
"ဆရာတော်ရဲ့အမြင်က ကျွမ်ကျိုးနဲ့အတော်လေး အမြင်တူတယ် ၊ မမြင်ရတဲ့အရာတွေကို ကျွမ်ကျိုးကတော့ မြင်နိုင်တယ် ၊ ကျုပ်ဟာ တစ်ချိန်တုန်းက စာပေသမား သူတော်စင် (၁၀၀)ထဲက တစ်ယောက်ဖြစ်ခဲ့တယ် ၊ အဲဒီတုန်းက ကျွမ်ကျိုးနဲ့ စကားပြောခဲ့ဖူးတယ် ၊ ကျုပ် သူ့ရဲ့အရည်အချင်းကို တကယ်ပဲ လေးစားခဲ့ရပါတယ်…"
စာပေသမား သူတော်စင် (၁၀၀)၏ ကျမ်းစာများသည် လောကတစ်ခွင်တွင် ပျံ့နှံ့လျှက် ရှိလေသည်။
သူတို့အားလုံးက စကြာဝဠာထဲတွင် တည်ရှိသည့် တာအိုလမ်းစဉ်များကို တစ်ခု (သို့မဟုတ်) တစ်ခုထက်မက ရေးသားခဲ့ကြသူများ ဖြစ်လေသည်။
လူတိုင်းတွင် စိတ်ဆန္ဒကိုယ်စီရှိကြစမြဲပင်။ သို့သော်… တွေးခေါ်ပညာရှင်များ၏ စိတ်ဆန္ဒကတော့ အတ္တကင်းစင်ပြီး မိုးကောင်းကင်လမ်းစဉ်နှင့် နီးစပ်လေသည်။ ထို့ကြောင့် လက်တွေ့တွင် ထိုကျင့်စဉ်များကို လေ့ကျင့်နိုင်ရန်မှာ ခက်ခဲလွန်းလှသည်။
တိကျန်ဗောဓိသကျလည်း ကျွမ်ကျိုးအကြောင်း ကြားဖူးထားလေသည်။ သို့သော်… တစ်ခါမှတော့ တွေ့ဆုံခဲ့ဖူးခြင်း မရှိပေ။
သို့သော်… သူပြောသည့်စကာကတော့ အမှန်တရားဖြစ်လေသည်။
သူက ကျွမ်ကျိုးပြောခဲ့ဖူးသည့်စကားများကိုလည်း ကြားဖူးပြီး သူကိုယ်တိုင်ကလည်း လောကသစ္စာတရားတွင် ထိပ်ဆုံးအဆင့်ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် ဤသို့သောစကားမျိုးကို ပြောဆိုနိုင်ခြင်း ဖြစ်သည်။
ယေဘူယျပြောရမည်ဆိုလျှင် သူသည် သံသရာကိုကျော်လွန်ရန်အတွက် အလှမ်းမဝေးလှတော့ပေ။
တိကျန်ဗောဓိသကျက…
"လက်စသတ်တော့ ချင်တိဧကရာဇ်က သူတော်စင် (၁၀၀)ထဲက တစ်ယောက်ဖြစ်ခဲ့သေးတာကိုး ၊ ဒါကြောင့် ဒီလောက် မြင့်မြတ်သန့်စင်နေတာ မအံ့သြတော့ပါဘူး ၊ အခု လူပြန်ဝင်စားပြီး ရဲ့လျိုယွင် ဘဝရောက်တော့လည်း အသိပညာက ကျယ်ပြန့်တုန်းပါပဲ ၊ မင်းရဲ့ဘေးမှာ ယှဉ်ပြီးရပ်ရဲတဲ့သူတောင် ရှိမယ် မထင်ပါဘူး…"
ရဲ့လျိုယွင်က ဖြည်းညင်းသည့်လေသံဖြင့်…
"အဲဒီအချိန်တုန်းကတော့ ကျုပ်က ပျော်ပျော်နေတတ်တဲ့ လူငယ်လေးတစ်ယောက်ပါပဲ ၊ တံတားပေါ်မှာ ကျွမ်ကျိုးနဲ့အတူတူ လမ်းလျှောက်ရင်း ရေထဲမှာ ခုန်ပေါက်ပျော်မြူးနေတဲ့ ငါးတွေကိုကြည့်ပြီး ကျွမ်ကျိုးက ပြောခဲ့ဖူးတယ် ၊ 'ငါးတွေက ကျေနပ်ရောင့်ရဲတတ်တယ် ၊ ဒါကိုက သူတို့ရဲ့ပျော်ရွှင်မှုပဲ' တဲ့ ၊ ကျုပ်က ပြန်မေးလိုက်တယ် ၊ 'မင်းကငါးတစ်ကောင်မှမဟုတ်တာ ၊ ငါးတွေရဲ့ပျော်ရွှင်မှုကို ဘယ်လိုလုပ်သိတာလဲ' လို့ပေါ့ ၊ ကျွမ်ကျိုးက ပြန်ပြောတယ် ၊ 'မင်းက ကျုပ်မှမဟုတ်တာ ၊ ငါးတွေကို ကျုပ်နားလည်လား မလည်ဘူးလားဆိုတာ မင်း ဘယ်လိုလုပ်သိမှာလဲ' ၊ ကျုပ်ကပြောလိုက်တယ် ၊ 'ကျုပ်က မင်းမဟုတ်လို့ မင်းကို နားမလည်နိုင်သလို မင်းလည်း ငါးမဟုတ်လို့ ငါးတွေရဲ့ပျော်ရွှင်မှုကို နားလည်နိုင်မယ်လို့ တစ်ထစ်ချဘယ်ပြောလို့ရမလဲ' ၊ အဲဒီတော့ ကျွမ်ကျိုးက 'အစပိုင်းစကားတွေကို ပြန်သွားကြရအောင် ၊ မင်းပြောတာ ငါးတွေပျော်တာကို ဘယ်လိုလုပ်သိလဲဆိုတာလေ ၊ ငါးတွေရေထဲကခုန်ထွက်လာတဲ့ ပျော်ရွှင်မှုကို ကျုပ်နားလည်တယ် ၊ ကျုပ်က ဒီတံတားပေါ်ကနေပဲ သူတို့ကိုကြည့်ပြီး သိလိုက်တာပဲ' တဲ့ ၊ ဆိုလိုတာက သူက ငါးတွေရဲ့အထက်မှာ ရှိနေတဲ့ဆိုတဲ့သဘောပဲ…"
တိကျန်ဗောဓိသကျက ရဲ့လျိုယွင်၏စကားများကိုနားထောင်ပြီး အနည်းငယ်ပြုံးလိုက်ရင်း…
"ကျွမ်ကျိုးက တကယ့်ကိုအံ့သြစရာကောင်းတဲ့သူတစ်ယောက်ပါပဲ ၊ သတ္တဝါတိုင်းသာ ငါးတွေဆိုရင် သူတို့အားလုံး ကျေနပ်ရောင့်ရဲမှုရှိကြမှာပါပဲ ၊ ဒါဟာ ရှားပါးတဲ့ ပျော်ရွှင်မှုပါပဲ ၊ တာအိုဝါဒအရဆိုရင် အသက်ရှည်ရင် ပျော်ရွှင်ကြရတယ်လို့ ဆိုတယ် ၊ ဗုဒ္ဓဘာသာအရတော့ စိတ်အေးချမ်းရင် ပျော်ရွှင်ကြတယ်လို့ပြောတယ် ၊ ဘယ်လိုပဲပြောပြာ အဲဒီအဓိပ္ပါယ်ပါပဲ…"
ရဲ့လျိုယွင်က…
"တိကျန်ဗောဓိသကျက ကျွမ်ကျိုးရဲ့ ပထမအဆင့်အဓိပ္ပါယ်ကို နားလည်လိုက်တာပဲ ၊ ပြီးတော့ သူ့မှာ ဒုတိယအဆင့် အဓိပ္ပါယ်ရှိသေးတယ် ၊ အဲဒါက သူက ကိစ္စတစ်ခုကို ရှုထောင့်တစ်ခုကနေကြည့်လိုက်ပြီး အဲဒီမှာ မမြင်ရတဲ့တခြားဘက်ခြမ်းရှိသေးတယ်ဆိုတဲ့အချက်ကို နားလည်တာပဲ…"
စောစောကပင် သူက ထာဝရနယ်မြေတစ်ခု တည်ထောင်လိုသည့်အကြောင်းကို တိကျန်ဗောဓိသကျကို ရှင်းပြခဲ့သည်။
ထိုသို့ပင် ဖြစ်လေသည်။ တိကျန်ဗောဓိသကျက ရဲ့လျိုယွင် မဟုတ်သည့်အတွက် ရဲ့လျိုယွင်၏ စိတ်ထဲတွင်တွေးနေသည့်အရာများကို နားလည်နိုင်မည် မဟုတ်ပေ။ ဤသည်က သဘာဝကျလေသည်။
တိကျန်ဗောဓိသကျက…
"ချင်တိဧကရာဇ်ရဲ့ ထိပ်တန်းအဆင့် အတွေးအခေါ်တွေကို ကျုပ်ဘုန်းကြီး နားလည်နိုင်စွမ်းမရှိပါဘူး ၊ ဒါပေမဲ့ ဒီနေ့ ကျုပ်ရောက်လာရတာကလည်း အဲဒီကိစ္စတွေအတွက် မဟုတ်ပါဘူး ၊ ကျုပ်က ချင်တိဧကရာဇ်ဆီက ပစ္စည်းတစ်ခု လိုချင်လို့ပါ…"
ရဲ့လျိုယွင်က…
"ဘာပစ္စည်းလဲ…"
တိကျန်ဗောဓိသကျက ရဲ့လျိုယွင်ကို စိုက်ကြည့်နေလေသည်။
ထိုခဏအတွင်းမှာပင်… ဝါးရုံတောများ လှုပ်ရှားအော်မြည်နေခြင်း ရပ်တန့်သွားလေသည်။ ဝိညာဉ်မြစ်သည်လည်း ဆက်လက်စီးဆင်းခြင်း မရှိတော့ပေ။
တိကျန်ဗောဓိသကျ၏ ကျင့်ကြံခြင်းအဆင့် မည်မျှမြင့်မားနေသည်ကို ရဲ့လျိုယွင် အသိဆုံး ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… တိကျန်ဗောဓိသကျသည် ရဲ့လျိုယွင်အပါအဝင် နတ်ဆိုးနယ်မြေတစ်ခုလုံးကို သူ့တစ်ယောက်တည်း၏ ဝိညာဉ်စွမ်းအားဖြင့် ဖိနှိပ်ထားလိုက်သောကြောင့် ဖြစ်လေသည်။
ငြိမ်သက်ခြင်းက မြေကြီးထုထည်အလား လှုပ်ရှားမှုကင်းမဲ့ပြီး ဆိတ်ငြိမ်မှုက လျှို့ဝှက်ချက်တစ်ခုပမာ နက်ရှိုင်းလွန်းလှသည်။
တိကျန်ဗောဓိသကျသည် အသူရာချောက်ကိုးထပ်ကိုထိန်းချုပ်နိုင်သည်သာမက လူ့လောကနှင့် ကောင်းကင်ဘုံကိုးထပ်ကိုပါ ထိန်းချုပ်ထားနိုင်စွမ်းရှိသူဖြစ်သည်။
ရဲ့လျိုယွင်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဆရာတော်လိုချင်တာ ထာဝရဓား မဟုတ်လား ၊ ထာဝရဓားက ကျုပ်ဆီမှာ မရှိဘူး…"
တိကျန်ဗောဓိသကျက…
"ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီတို့ဟာ အချိန်ရေစီးကြောင်းတစ်လျှောက် ၊ ကံကြမ္မာလမ်းတစ်လျှောက် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြတယ် ၊ ထာဝရဓားနဲ့ နတ်ဘုရားထောင်ချောက်ဓားတွေဟာ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီတို့ အသုံးပြုခဲ့ကြတဲ့ မြင့်မြတ်တဲ့ရတနာပစ္စည်းတွေပဲ ၊ အဲဒီပစ္စည်းတွေက ထိုက်ချိယင်ယန်ပန်းချီကား ၊ ဖန်ကူအလံ ၊ မိုးကောင်းကင်တံခါးတို့လောက် တန်ခိုးစွမ်းအား မမြင့်မားပေမယ့် နက်ရှိုင်းတဲ့ တာအိုစွမ်းအားတွေ ကိန်းအောင်းနေတာတော့ အမှန်ပါပဲ…"
"ကျုပ် လင်စန်းတောင်ကို ဖျက်စီးပစ်ခဲ့တယ် ၊ ဒါပေမဲ့ ဗုဒ္ဓထားခဲ့တဲ့ အမွေအနှစ်အားလုံးကို မဖျက်စီးနိုင်ခဲ့ဘူး ၊ ဒါကြောင့် ထာဝရဓားနဲ့ သုတ်သင်ပစ်မှသာ ဗုဒ္ဓထားခဲ့တဲ့ အမွေအနှစ်တွေအကုန်လုံး သဲလွန်စတစ်ခုမကျန်အောင် ဖျက်စီးပစ်နိုင်လိမ့်မယ်…"
"ဒီတော့ ချင်တိဧကရာဇ်သာ ကျုပ်ဘုန်းကြီးကို ကူညီမယ်ဆိုရင် ဆန်းလျန် သုခဘုံမှာ ဗောဓိပင်ကိုသွားရှာတဲ့အခါ သူ့ကို ဒုက္ခမပေးဘူးလို့ ကတိပေးပါတယ်…"
တိကျန်ဗောဓိသကျက သူ့စိတ်ထားကို ပွင့်ပွင့်လင်းလင်းဖွင့်ဆိုလာလေသည်။
ထိုသို့ပြောလိုက်ခြင်းအားဖြင့် ရဲ့လျိုယွင်ထံမှ ထာဝရဓားကိုရရှိရန် သေချာလိမ့်မည်ဟု သူက ယူဆထားသည်။
ရဲ့လျိုယွင်က…
"တိကျန်ဗောဓိသကျရဲ့စကားက ရယ်စရာကောင်းလိုက်တာ ၊ ဆန်းလျန်ကိစ္စက ကျုပ်နဲ့ ဘာဆိုင်လို့လဲ…"
တိကျန်ဗောဓိသကျက အေးဆေးသည့်လေသံဖြင့်…
"ကျုပ်ဘုန်းကြီးသာ ချင်တိဧကရာဇ်နဲ့ ဆန်းလျန်တို့ဟာ နှစ်ကိုယ့်တစ်စိတ်ဆိုတာကို နားမလည်ခဲ့ရင် လောကကြီးတစ်ခုလုံးကို ဖိနှိပ်ထားနိုင်တဲ့အထိ ကျင့်ကြံနိုင်ခဲ့မှာတောင် မဟုတ်ပါဘူး…"
တိကျန်ဗောဓိသကျ၏စကားကြောင့် ရဲ့လျိုယွင် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
တိကျန်ဗောဓိသကျ၏ ထိုးထွင်းသိမြင်နိုင်စွမ်းကိုလည်း စိတ်ထဲမှ ကြိတ်ပြီးချီးကျူးလိုက်မိသည်။
ထိုသို့ဆိုလျှင် ဆန်းလျန်နှင့် ရဲ့လျိုယွင်ကြားမှ ပတ်သက်ဆက်နွယ်မှုက ဘာများလဲ…။
ဆန်းလျန်က ချင်တိဧကရာဇ်၏ ကံကောင်းခြင်းများကို ခိုးယူခဲ့လေသည်။ ဆန်းလျန်ထိုသို့ပြုလုပ်ခဲ့သည့်အတွက် ချင်တိဧကရာဇ်လူပြန်ဝင်စားသည့် ရဲ့လျိုယွင်အနေဖြင့် စန့်ချင်တာအိုဆရာသခင်ကြီးနှင့် တာအိုဆရာသခင်ထိုက်ယီတို့၏လွှမ်းမိုးမှုမှ လွတ်မြောက်သွားခဲ့သည်။
ဆန်းလျန်သည် ချင်တိဧကရာဇ်၏ ကံကောင်းခြင်းများကို ခိုးယူသွားခဲ့သည်သာမက ကံဆိုးခြင်းများကိုပါ ရယူသွားခဲ့ခြင်း ဖြစ်လေသည်။
ထို့ပြင် ချင်တိဧကရာဇ်လူပြန်ဝင်စားသည့် ရဲ့လျိုယွင်အနေဖြင့် စန့်ချင်တာအိုဆရာသခင်နှင့် တာအိုဆရာသခင်ထိုက်ယီထံမှ အရေးပေးမှုကို ရရှိသည့်တိုင် နှစ်ပေါင်းတစ်သောင်းမကကျင့်ကြံဦးတော့ ဆန်းလျန်ကဲ့သို့ အောင်မြင်မှုမျိုး ရရှိနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ချင်တိဧကရာဇ်အတွက် ထိုက်စန့်လောင်ကျွင်းနှင့် အခြားသောတာအိုဆရာသခင်ကြီးများကလည်း အစီအစဉ်ရှိနှင့်နေပြီးသားဖြစ်သောကြောင့်ပင်။
အကယ်၍ ရဲ့လျိုယွင်နေဖြင့် မူလကံတရားအတိုင်းလက်ခံပြီး စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းစာအုပ်ကို ကျင့်ကြံကာ စန့်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို အမွေဆက်ခံခဲ့ပါက စန်းချင်တာအိုဆရာသခင်ကြီး (၃)ပါးလုံး၏ အစိတ်အပိုင်းဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် သူ့အနေဖြင့် စန့်ချင်တာအိုဆရာသခင်၏ ကိုယ်ပွားတစ်ခုဖြစ်လာမည်ဖြစ်ပြီး လောကတွင် သီးခြားလူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
ဆန်းလျန်ကတော့ ထိုသို့မဟုတ်ပေ။
သူက စန့်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို ရရှိပြီး ဘေးအန္တရယ်ဆိုးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်တိုင် သူက ဆန်းလျန်ပင် ဖြစ်နေသေးသည်။
ထိုအကြောင်းများကို သိရှိခဲ့သည့်အတွက် ဆန်းလျန်က သူ၏ကံကောင်းခြင်းများကို လုယူခဲ့သည့်တိုင် ရဲ့လျိုယွင်က ဆန်းလျန်ကို တစ်စက်လေးပင် အပြစ်မတင်ခဲ့ခြင်း ဖြစ်လေသည်။
သူသာ မူလကံကြမ္မာအတိုင်း စန့်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို လက်ခံယူခဲ့မည်ဆိုပါက သူ့ဘဝသည် ကံကောင်းခြင်းများစွာကိုရရှိမည်ဖြစ်သည့်တိုင် သူ့ဘဝသည် စန့်ချင်တာအိုဆရာသခင်၏ ကိုယ်ပွားနယ်ရုပ်တစ်ခုထက်ပိုမည် မဟုတ်ပေ။
ထို့ကြောင့် သူ့အနေဖြင့် သတ်မှတ်ထားသည့်ကံတရားအတိုင်းမသွားဘဲ ကံကြမ္မာကို ပြောင်းလဲပစ်လိုက်မှသာ သံသရာကို ကျော်လွန်နိုင်ရန် အခွင့်အရေးရရှိမည် ဖြစ်သည်။
သို့သော်… အတိတ်တစ်ချိန်တုန်းက တာအိုဆရာသခင်ထိုက်ယီကလည်း ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့ဖူးလေသည်။ ထို့ကြောင့် ချင်တိဧကရာဇ်ဖြစ်သည့် ရဲ့လျိုယွင်အနေဖြင့် ထိုသို့ပြုလုပ်ရန် ခက်ခဲသွားရသည်။
အဘယ်ကြောင့်ဆိုသော် စန့်ချင်တာအိုဆရာသခင်ကြီးအနေဖြင့် (၂)ခါတော့ လှည့်စားခံမည် မဟုတ်ပေ။
ထို့ကြောင့် ဆန်းလျန်၏ တည်ရှိမှုသည် ချင်တိဧကရာဇ် လူပြန်ဝင်စားသည့် ရဲ့လျိုယွင်အတွက်တော့ များစွာ အရေးပါလေသည်။
လောကတွင် ဆန်းလျန်သာ မရှိခဲ့လျှင် ချင်တိဧကရာဇ်သည်လည်း တည်ရှိနိုင်တော့မည် မဟုတ်ပေ။ ဆန်းလျန်သာ မရှိခဲ့လျှင် ရဲ့လျိုယွင်၏ဘဝက စန့်ချင်တာအိုဆရာသခင်၏ အသုံးချခံ ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ရပ်တည်သွားရမည် ဖြစ်လေသည်။
***