အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း။ ၁၅၁
ဘုန်း... ဘုန်း... ဘုန်း...
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်တံခါးရင်ပြင်တွင် နူးညံ့သော အလင်းတန်းများ ရုတ်တရက် ဝင်းလက်လာသည်။ ထို့နောက် တောင်တံခါးရင်ပြင်ထက်တွင် ပုံရိပ်များစွာ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာတော့သည်။
ထိုနူးညံ့သော အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည့်အခါ မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်တို့မှ သတိလစ်မေ့မြောနေသော တပည့်ပေါင်းများစွာကို တွေ့ရှိလိုက်ရသည်။
ခေတ္တမျှကြာသောအခါ
“ပြီးသွားပြီလား...”
တောင်ထိပ်နှစ်ခုလုံးမှ တပည့်အချို့မှာ မျက်လုံးများကို ပွတ်သပ်ရင်း နိုးထလာကြသည်။ ၎င်းတို့၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာများ ပေါ်ပေါက်နေသော်လည်း မကြာမီမှာပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရှေးဟောင်းတောင်ပတ်လမ်း၏ အထက်ဘက်ဆီသို့ အပြေးအလွှား မော့ကြည့်လိုက်ကြသည်။
တောင်တံခါးရင်ပြင်တွင် ဧရာမ နက်မှောင်သောအလင်းမှန်ချပ်ကြီးတစ်ခုကို စိုက်ထူထားသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ ဤမှန်ချပ်သည် ကွမ်းဟဲခန်းမဆောင်အတွင်းရှိ မှနချပ်ကဲ့သို့ အသေးစိတ်ပုံရိပ်များကို မပြသနိုင်သော်လည်း ဝါကျင့်ကျင့် အလင်းစက် ခြောက်စက်ကိုမူ ထင်ထင်ရှားရှား ပြသနေသည်။
ထိုအလင်းစက် ခြောက်စက်မှာ ချန်ကျီရှင်းနှင့် အခြားစစ်မှန်သောတပည့်ငါးဦးတို့၏ လက်ရှိတည်နေရာများကို ဖော်ပြနေခြင်းပင်။
ထိုအလင်းမှန်ချပ်ပေါ်တွင် မြောက်ဘက်တောင်ထိပ်၏ အကြီးတန်းစစ်မှန်သောတပည့် ခန်ရုံ၏ အလင်းစက်မှာ အားလုံး၏ ရှေ့ဆုံးမှ အရှိန်အဟုန်နှင့် ပြေးထွက်နေပြီး တောင်ထိပ်သို့ ပထမဆုံး ရောက်ရှိတော့မည့်အခြေအနေတွင် ရှိနေသည်။
တောင်ဘက်တောင်ထိပ်တပည့်များမှာ ထိုမြင်ကွင်းကိုကြည့်ကာ အသာအယာ ခေါင်းညိတ်လိုက်ကြသည်။ ဤပြိုင်ပွဲကြီးတွင် တောင်ဘက်တောင်ထိပ်၏ ဗျူဟာမှာ ခန်ရုံကို အဟန့်အတားမရှိ ပေးဖြတ်လိုက်ရန်နှင့် ကျန်ရှိသော လူအင်အားအားလုံးကို အသုံးပြု၍ ဖန်နိုင်နှင့် နီရှောင်လုံတို့ကို တားဆီးရန်ပင်။
မြောက်ဘက်တောင်ထိပ်တပည့်များမှာလည်း အံ့ဩခြင်းမရှိပေ။ သုံးထပ်ကွမ်းချန်ပီယံခန်ရုံအတွက် ပထမမရခြင်းကမှ ထူးဆန်းနေဦးမည်ဖြစ်သည်။
မကြာမီမှာပင် သူတို့သည် အောက်ဘက်သို့ ထပ်မံကြည့်ရှုလိုက်ကြပြန်သည်။
ချန်ကျီရှင်းနှင့် ဖန်နိုင်တို့၏ အလင်းစက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု မရှေးမနှောင်း အရှိန်အဟုန်ချင်း တူညီစွာဖြင့် တောင်ထိပ်ဆီသို့ ပြိုင်တူ ဦးတည်နေကြသည်။ သူတို့၏ အနောက်တွင်မူ ပထမတံခါးကို ချိုးဖောက်ကျော်ဖြတ်လာနိုင်သည့် ကွမ်းထျန်းယွီနှင့် လီရန်တို့ ရှိနေပြီး သူတို့နှစ်ဦး၏ အနောက် မီတာတစ်ရာခန့်အကွာတွင်မှ နီရှောင်လုံ လိုက်ပါလာနေခြင်းပင်။
“ဟင် ဒုတိယနေရာမှာ ရှိနေတာက တကယ်ပဲ စီနီယာအစ်ကိုရှောင်လား”
ချက်ချင်းပင် တောင်ဘက်တောင်ထိပ်တပည့်များမှာ အံ့အားသင့်သွားကြသည်။ စီနီယာအစ်ကိုရှောင်က ဒုတိယနေရာအထိ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။ မြောက်ဘက်တောင်ထိပ်တပည့်များမှာမူ မျက်ဝန်းအစုံ ကျဉ်းမြောင်းသွားကြပြီး ထိတ်လန့်သွားကြတော့သည်။
.....
.....
ဝုန်း... ဝုန်း... ဝုန်း
ချန်ကျီရှင်း၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ မြေပြင်ကို ကျုံ့စေသောအတတ်ကို အသုံးမပြုနိုင်လျှင်ပင် သူ၏ သန်မာလှသော ခန္ဓာကိုယ်စွမ်းအားသက်သက်ဖြင့်ပင် တစ်လှမ်းချင်းစီ၌ ပေတစ်ထောင်ခန့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်သည်။
ချန်ကျီရှင်း အရှိန်အဟုန်နှင့် တက်လှမ်းလာသည်နှင့်အမျှ ရှေးဟောင်းတောင်ပတ်လမ်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ခမ်းနားသော ပြဿာဒ်များ၊ မျှော်စင်များနှင့် နန်းဆောင်များ ပေါ်ထွက်လာတော့သည်။
“အိုး...”
ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ရေတံခွန်ကြီး၏ အောက်ဘက်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ဖုံးကွယ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ရုတ်တရက် ချန်ကျီရှင်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ရှေ့မှောက်ရှိ ရှေးဟောင်းလမ်းမပေါ်တွင် ပေ ၃၀ ကျော်ကျယ်ဝန်းသော ရေကန်ကြီးတစ်ခု ပေါ်ပေါက်လာပြီး လမ်းတစ်ခုလုံးကို ဖြတ်တောက်ထားသည်။ ထိုရေကန်၏ အလယ်တည့်တည့်တွင်မူ ရှစ်မြှောင့်ပုံစံရှိသော မဏ္ဍပ်ဆောင်တစ်ခုကို တည်ဆောက်ထားသည်။
ရေမျက်နှာပြင်သည် လှိုင်းကလေးများထလျက် တောက်ပနေပြီး တောင်လေညင်းက အေးမြစွာ တိုက်ခတ်နေသည်။
မဏ္ဍပ်ဆောင်အတွင်း၌မူ သံမဏိဖြင့် သွန်းလုပ်ထားသည့်အလား တောင့်တင်းခိုင်မာလှသော ကြွက်သားများရှိသည့် ထွားကျိုင်းသော လူသန်ကြီးသုံးဦးသည် တိတ်ဆိတ်စွာ တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့ သုံးဦး၏ ကိုယ်ဟန်မှာပင် မလှုပ်မယှက် တည်ရှိနေသည့် တောင်ကြီးတစ်လုံးအလား ဖိအားပေးနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။
ခြေသံကို ကြားလိုက်ရသည့်အခါ ထိုသူသုံးဦးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ချန်ကျီရှင်းကို စိုက်ကြည့်လိုက်ကြ၏။
“မြောက်ဘက်တောင်ထိပ် အကြီးအကဲ ယွမ်ကျန်း”
“ယွမ်ကျင့်”
“ယွမ်သောက်”
“စစ်မှန်သောတပည့်ရှောင်ကို နှုတ်ဆက်ပါတယ်”
ထိုသူသုံးဦး၏ စကားအဆုံးတွင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများသည် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေကာ စကြဝဠာကြီးပင် ပြိုလဲတော့မည့်အလား ခံစားလိုက်ရသည်။
“စစ်မှန်သောကိုယ်ပိုင်နယ်ပယ် သုံးယောက်လား”
ချန်ကျီရှင်းက မျက်မှောင်ကြုတ်လျက် ကြည့်လိုက်မိသည်။
သူ့အတွက် ပြင်ဆင်ထားမှုမှာ တကယ့်ကို ကြီးမားလှသည်။ ဦးစွာပထမ မြောက်ဘက်တောင်ထိပ်တပည့် လေးရာ၊ ယခုမူ အကြီးအကဲကြီး သုံးပါး မြောက်ဘက်တောင်ထိပ်သည် သူ၏ အင်အားထက်ဝက်ကျော်ကို ချန်ကျီရှင်းတစ်ယောက်တည်းအပေါ်မှာတင် ပုံအောထားခြင်းပင်။
“စစ်မှန်သောတပည့်ရှောင်... ငါတို့က လူကြီးက လူငယ်ကို နှိပ်စက်တယ်လို့ အပြောမခံချင်ပါဘူး။ မင်း ဒီမှာ ငါတို့နဲ့အတူ ထိုင်ပြီး လက်ဖက်ရည်သောက်ရင်း တာအိုတရားတွေကို ဆွေးနွေးနေလို့ ရပါတယ်"
“တစ်နာရီကြာပြီးတဲ့နောက်မှာတော့ ငါတို့သုံးယောက် မင်းကို လွှတ်ပေးပါ့မယ်"
“ဘယ်လိုလဲ... သဘောတူရဲ့လား”
ဦးဆောင်သူ ယွမ်ကျန်းက ပြုံးလျက် မေးလိုက်သည်။
“တစ်နာရီ ဟုတ်လား”
ချန်ကျီရှင်းက ရယ်မောလိုက်သည်။
အကယ်၍ သူသာ ဤနေရာတွင် တစ်နာရီကြာအောင် တကယ်နေလိုက်ပါက တောင်ထိပ်နှစ်ခုပြိုင်ပွဲမှာ ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ မုယွဲ့မေအနေဖြင့် ကောင်းကင်လှည့်စား ကံကြမ္မာပြောင်းကျင့်စဉ်ကို အသုံးပြုပြီး သူ့ကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲသို့ အတင်းအဓမ္မ ပို့ဆောင်ပေးခဲ့ခြင်းမှာ အခြားသူများနှင့် အေးအေးဆေးဆေး လက်ဖက်ရည်သောက်ရန်အတွက် မဟုတ်ပေ။
ထို့ပြင် ဤပြိုင်ပွဲတွင် ချန်ကျီရှင်းသည် သူ၏ စွမ်းအင်နှင့် ပါရမီများကို အစွမ်းကုန် ထုတ်ဖော်ပြသရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် ပိုမိုမြင့်မားသော ရာထူးအဆင့်အတန်းကို ရရှိနိုင်မည်ပင်။
ဒီလိုအခွင့်အရေးမျိုးကို ငါ ဘယ်လိုလုပ် အလဟဿ အဖြစ်ခံနိုင်မှာလဲ။
“ဘာလဲ... စစ်မှန်သောတပည့်ရှောင်က သဘောမတူဘူးလား”
ယွမ်ကျန်းက အေးစက်စွာ ပြုံးလိုက်သည်။
“ရှောင်ပင်း... ခေါင်းမမာစမ်းပါနဲ့။ ဒီပြိုင်ပွဲက ငါတို့မြောက်ဘက်တောင်ထိပ်ရဲ့ အကြီးတန်းစစ်မှန်သောတပည့် ခန်ရုံစိုးမိုးအုပ်ချုပ်မယ့် နောက်ဆုံးခေတ်ပဲ။ မင်းရဲ့ခေတ်က နောက်မှ လာမှာပါ”
ယွမ်ကျင့်က မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထား၊ လေးလံသောလေသံဖြင့် ပြောလိုက်သည်။
“အနောက်ကို ဆုတ်လိုက်စမ်း”
ယွမ်သောက်ကမူ စကားအများကြီး မပြောချင်တော့ဘဲ စကားလုံးနှစ်လုံးကိုသာ အေးစက်စွာ ထွေးထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူတို့သုံးဦး၏ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဖိအားများက ကမ်းခြေကို ရိုက်ခတ်သည့် ဒီရေလှိုင်းကြီးများအလား ချန်ကျီရှင်းထံသို့ အရှိန်အဟုန်နှင့် ပြေးဝင်လာတော့သည်။
ဝုန်း…
ဤဖိအားမှာ အစွန်းကုန် ကြောက်မက်ဖွယ်ကောင်းလှပြီး ကောင်းကင်ဘုံကြီး အမျက်ထွက်နေသကဲ့သို့ပင် ချန်ကျီရှင်းကို အနောက်သို့ အတင်းအဓမ္မ တွန်းပို့နေတော့သည်။
“မြေကြီးထဲ ခြေတစ်ဖက် နစ်နေပြီဖြစ်တဲ့ အဘိုးကြီး သုံးယောက်ကများ.....”
ချန်ကျီရှင်း၏ ဆံနွယ်နက်များမှာ လေထဲသို့ လွင့်ပျံသွားပြီး သူ၏မျက်ဝန်းများတွင် ရက်စက်သော အလင်းတန်းများ ဝင်းလက်လာသည်။ သူသည် တဖြည်းဖြည်းနှင့် ပြုံးလိုက်မိသည်။
ဤအခိုက်အတန့်တွင် သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ မဟာတာအိုမျိုးစေ့သုံးခုစလုံးအပေါ်တွင် တားဆီးထားသော ချိပ်ပိတ်မှုများမှာ လုံးဝဥဿုံ ကင်းစင်သွားခဲ့သည်။
“ငါ့ကို တားချင်သေးတယ်ပေါ့ ဟုတ်လား”
“လာလေ မင်းတို့မှာ အဲဒီလို အရည်အချင်းရှိမရှိ ကြည့်ကြတာပေါ့”
ဝုန်း…
စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ အရှိန်အဝါတစ်ခုမှာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းမှလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ အရေပြားပေါ်ရှိ အပေါက်ငယ်လေးတိုင်းမှ တောက်ပသော ကြယ်စင်အလင်းတန်းများမှာ တဖြည်းဖြည်းနှင့် စိမ့်ထွက်လာတော့သည်။
“ဒီအချိန်ကစပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ငါ့ရဲ့ခေတ်ဖြစ်သွားပြီ”
ဝုန်း…
ချန်ကျီရှင်း၏ ဆံနွယ်နက်များမှာ လေယူရာ ဝေ့ယမ်းနေတော့သည်။ သူသည် ရှေ့သို့တစ်လှမ်းတိုးကာ စတင်တိုက်ခိုက်လိုက်ပြီး အကြီးအကဲ သုံးဦးထံသို့ ပြင်းထန်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်တော့သည်။
“အဘိုးကြီးတို့... ငရဲကိုသာ သွားကြပေတော့”
ဝုန်း
ဖန်နိုင်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သူနင်းထားသော ရှေးဟောင်းလမ်း၏ ကျောက်လှေကားထစ်များမှာ အက်ကွဲကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။ သူက ခေါင်းကိုမော့ကာ ရှေ့သို့ ကြည့်လိုက်သည်။
ရှေးဟောင်းလမ်း၏ အထက်ပိုင်းလှေကားထစ်များမှာ ဝါးတောတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ မီးတောက်ကဲ့သို့ နီရဲသော ဆံပင်များရှိပြီး ခြေဗလာဖြင့် လျှောက်လှမ်းလာသော အကြီးအကဲတစ်ဦးသည် ဝါးတော၏ အရိပ်အောက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
“စစ်မှန်သောတပည့်ဖန်က တကယ့်ကို အချုပ်အနှောင်တွေကို ချိုးဖျက်နိုင်တဲ့ ခန္ဓာကိုယ်စွမ်းအားရှိတဲ့ အကန့်အသတ်ကျော် ပါရမီရှင်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်။ တောင်ဘက်တောင်ထိပ်တပည့် သုံးရာတောင် မင်းကို မတားနိုင်ခဲ့ဘူးဆိုတော့ အံ့ဩစရာပဲ"
အကြီးအကဲ ဖူလုံ၏ မျက်နှာတွင် အံ့ဩရိပ်များ ရှိနေသော်လည်း သူ၏မျက်ဝန်းများမှာမူ အလွန်ပင် အေးစက်နေသည်။
“ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဒီနေ့ မင်းရဲ့ခြေလှမ်းတွေက ဒီနေရာမှာပဲ ရပ်တန့်သွားဖို့ ကံပါလာတာပဲ"
“တောင်ဘက်တောင်ထိပ်က အကြီးအကဲ ဖူလုံလား”
ဖန်နိုင်၏ ပါးစပ်မှာ နားရွက်အထိ ဖြဲကားသွားပြီး စူးရှသော သွားများကို ဖော်ပြလိုက်သည်။
“အပြင်မှာဆိုရင်တော့ ခင်ဗျားရဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ပဉ္စမအဆင့် ကျင့်ကြံမှုနဲ့ဆိုရင် ကျွန်တော် ခင်ဗျားကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီရှေးဟောင်းလမ်းပေါ်မှာတော့ ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက အတူတူပဲလေ။ ခင်ဗျားတစ်ယောက်တည်းနဲ့ ကျွန်တော့်ကို တားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”
သူ၏စကားအဆုံးတွင် ဝါးတောအတွင်းမှ ဝါးရွက်များ လှုပ်ခတ်သွားသော အသံတစ်ခု ထွက်ပေါ်လာသည်။
“တကယ်လို့ ငါပါ ထပ်ပေါင်းလိုက်ရင်ရော”
အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် မျက်ခုံးပြာနှင့် ဆံပင်မီးခိုးရောင်ရှိပြီး တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦးမှာ ဝါးတောအတွင်းမှ တစ်လှမ်းချင်း ထွက်လာခဲ့သည်။
“ဟင် စိတ်အာရုံ မဟာဆရာကြီး ဖူယွမ်လား”
ဖန်နိုင် မျက်မှောင်ကြုတ်သွားပြီး သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ဤသူနှစ်ဦးမှာ တောင်ဘက်တောင်ထိပ်၏ အကြီးအကဲကြီး ငါးပါးထဲတွင် ထိပ်တန်း တိုက်ခိုက်ရေးစွမ်းရည်ရှိသူများပင်။
ဖူလုံနှင့် ဖူယွမ်တို့သည် ဘေးချင်းယှဉ်ရပ်လျက် ဖန်နိုင်ကို အထက်မှ ငုံ့ကြည့်လိုက်ကြသည်။
“ဖန်နိုင်... အေးအေးဆေးဆေးပဲ အရှုံးပေးလိုက်စမ်း”
ထိုသူနှစ်ဦးမှာ တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ရာ သူတို့၏ အသံများမှာ ထပ်တူကျသွားပြီး လူသားမဟုတ်သော ကြောက်မက်ဖွယ်ကောင်းသည့် အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ဤအသံလှိုင်း၏ ဒဏ်ကြောင့် ဖန်နိုင်သည် စစ်မှန်သောမိစ္ဆာ ခွေရှန်းသွေးမျိုးဆက်ကို အသုံးပြုကာ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို လျှော့ချထားလျှင်ပင် ဦးခေါင်းတစ်ခုလုံး ကွဲအက်တော့မည့်အလား ခံစားရကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရ၏။
“ဒါပဲလား... မင်းမှာရှိတဲ့ အရည်အချင်းက"
အကြီးအကဲ ဖူလုံနှင့် ဖူယွမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ကြသည်။
“တစ်ခါတည်းနဲ့ပဲ အပြတ်အသတ် ရှင်းပစ်လိုက်ရအောင်”
နောက်တစ်ခဏ၌ ထိုသူနှစ်ဦးမှာ လက်ဝါးတံဆိပ်များကို တစ်ပြိုင်နက် ရိုက်နှိပ်လိုက်ပြီး ဖန်နိုင်ကို ပြိုင်ပွဲမှ ထုတ်ပယ်ရန် အစွမ်းထက်လှသော ကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်ကြတော့သည်။
“နတ်ဘုရားလှံ... လာစမ်း”
ထိုစကားအဆုံးတွင် အသိစိတ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လှံရှည်ကြီးတစ်စင်းမှာ အကြီးအကဲ ဖူလုံ၏ လက်ထဲတွင် ပေါ်ထွက်လာပြီး ဖန်နိုင်ထံသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ ဖူယွမ်ကမူ မျက်လုံးများကို အသာအယာ မှိတ်လိုက်ပြီး သူ၏မျက်ဝန်းအတွင်းမှ မှိန်ပြပြအလင်းတန်းများ ဝင်းလက်လာကာ စကားလုံး ငါးလုံးကို ရေရွတ်လိုက်သည်။
“စိတ်ဝိညာဉ်ကျင့်စဉ် စီရင်ရာစင်မြင့်”
ဖြတ်….
ခဏချင်းမှာပင် ဖန်နိုင်၏ မျက်ဝန်းအစုံ၌ ဇဝေဇဝါဖြစ်မှုများ ဖုံးလွှမ်းသွားသည်။ သူ၏ရှေ့မှောက်ရှိ ကမ္ဘာလောကကြီးမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ကာ ယခုအခါ သူသည် ကြေးညိုတိုင်ကြီးတစ်ခုတွင် အကျဉ်းချခံထားရပြီး ဝတ်ရုံနက်ဝတ်ဆင်ထားသူ အများအပြားက ဓားများကိုယ်စီကိုင်ကာ သူ့ကို အပိုင်းပိုင်းခုတ်ထစ်ရန် ချဉ်းကပ်လာနေကြသည်။ ဓားချက်တစ်ခုချင်းစီ၏ နာကျင်မှုမှာ အစစ်အမှန်အတိုင်း ခံစားနေရပြီး ဓားဖြင့် မွှန်းလိုက်တိုင်း သူ၏ အသိစိတ်ပင်လယ်ထဲတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့သည်။
သူ သတိမမူမိခင်မှာပင်
“နတ်ဘုရားလှံ”
အကြီးအကဲ ဖူလုံ၏လက်ထဲတွင် ရွှေရောင်နတ်ဘုရားလှံတစ်စင်း ရုတ်တရက် ပေါ်ထွက်လာပြီး ဖန်နိုင်ထံသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
“အား”
ဖန်နိုင်သည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်လျက် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ဤလှံချက်အောက်တွင် သူ၏ အသိစိတ်ပင်လယ်မှာ အပိုင်းပိုင်း ကွဲအက်တော့မည့်အလား ခံစားရပြီး ပြင်းထန်လှသော ဝေဒနာကြောင့် သူသည် ခေတ္တမျှ ခုခံနိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။
“ပျံသန်းခြင်း မိုးကြိုးနတ်ဘုရားကျင့်စဉ်”
ဖူလုံ၏ မျက်ဝန်းများတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ပေါ်လာပြီး ဝန်လေးခြင်းမရှိဘဲ နောက်ထပ် လက်ဝါးတံဆိပ်တစ်ခုကို ရိုက်နှိပ်ကာ မဟာနတ်ဘုရားကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။ ကောင်းကင်ယံမှ မိုးကြိုးကိုးသွယ်သည် ဖန်နိုင်၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာတော့သည်။
ဝုန်း
ချက်ချင်းဆိုသလိုပင် ရှေးဟောင်းလမ်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရ၏။ ကျောက်တုံးများ လွင့်စင်ကာ မြေပြင်များ အက်ကွဲကုန်သည်။ တောက်ပလှသော မိုးကြိုးအလင်းတန်းများသည် တောင်ပတ်လမ်းတစ်ခုလုံးကို မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ဖန်နိုင်ကို ဝါးမြိုသွားကာ လျှပ်စစ်စီးသံများမှာလည်း တဂျိဂျိနှင့် မြည်ဟည်းနေတော့သည်။
“အရည်အချင်းကတော့ လိုသေးတာပဲ"
ဖူလုံနှင့် ဖူယွမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်အေးသွားသည့် အပြုံးများဖြင့် ပြုံးလိုက်ကြသည်။ တောင်ဘက်တောင်ထိပ်၏ အသန်မာဆုံး အကြီးအကဲများဖြစ်သည့် သူတို့အတွက် ဤတိုက်ခိုက်မှုအတွဲလိုက်မှာ အနိုင်ရရှိရန် သေချာသွားပြီဟု ယူဆထားကြသည်။
ထိုအခိုက်အတန့်တွင်မူ
“ခင်ဗျားတို့ နှစ်ယောက်က... ဒါနဲ့တင် ပြီးသွားပြီလို့ တကယ်ကြီး ထင်နေတာလား”
ဖြတ်….
ရှည်လျားပြီး အနက်ရောင် စူးရှသော လက်သည်းများရှိကာ အရေပြားပေါ်တွင် သံကြိုးကဲ့သို့ ပုံစံများရှိသည့် ဧရာမလက်ကြီးတစ်ဖက်သည် မိုးကြိုးပင်လယ်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ဗြီး….
မိုးကြိုးပင်လယ်ကြီးတစ်ခုလုံးမှာ နှစ်ပိုင်းကွဲအက်သွားတော့သည်။ ၎င်းနောက်တွင် ဆယ်မီတာခန့် မြင့်မားသော မိစ္ဆာကောင်ကြီးတစ်ကောင်သည် မိုးကြိုးများကြားမှ တစ်လှမ်းချင်း ထွက်ပေါ်လာခဲ့သည်။
ဖန်နိုင်၏ ကြွက်သားများမှာ လိမ်ကျစ်လျက် လျင်မြန်စွာ ပွပွထလာပြီး သူ၏ သွားများမှာလည်း သွေးရောင်လွှမ်းသော ပါးစပ်အတွင်းမှ စူးရှသော အစွယ်များအဖြစ် ပြောင်းလဲသွားသည်။ မျက်တောင်များမှာ နားထင်အထိ ပြဲထွက်သွားပြီး မျက်လုံးအတွင်းရှိ သွေးကြောများမှာ သန်ကောင်ငယ်လေးများအလား ပျံ့နှံ့နေတော့သည်။
သူ၏ နှုတ်ခမ်းများမှာလည်း မေးရိုးအထိ ပြဲထွက်သွားကာ ရှုပ်ထွေးနေသော သွားချွန်များကြားမှ အစွယ်ကြီး လေးချောင်းမှာ ထိုးထွက်နေ၏။ ကျောရိုးတစ်လျှောက်တွင်လည်း အနက်ရောင် အမွေးအမျှင်များ ပေါက်လာပြီး၊ အရေပြားမှာလည်း အနက်ရောင်သို့ ပြောင်းလဲသွားကာ ကျောကုန်းမှ ဧရာမ အတောင်ပံနက်ကြီးများ ထွက်ပေါ်လာတော့သည်။
“ဒါ... ဒါက ဘာကြီးလဲ”
ဤမြင်ကွင်းကို ကြည့်ပြီး ဖူလုံနှင့် ဖူယွမ်တို့နှစ်ဦးစလုံး ရင်ထဲတွင် အေးစိမ့်သွားရသည်။
“ငါ့ကို တတိယပုံစံထိ ရောက်အောင် တွန်းပို့နိုင်ခဲ့တဲ့အတွက် ခင်ဗျားတို့ ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်သွားတယ်လို့ မှတ်လိုက်ပါတော့"
ဖန်နိုင်၏ မျက်လုံးများမှာ လည်ပတ်နေပြီး မျက်ဖြူသားအတွင်း၌ သန်ကောင်ကဲ့သို့ ပုံစံရှိသော အမည်းရောင် အညစ်အကြေးများ စီးဆင်းနေသည်။
ဝုန်း….
ဖန်နိုင်က သူ၏ ညာခြေဖြင့် မြေပြင်ကို အသာအယာ နင်းခြေလိုက်သည်။
ဒိုင်း….
တောင်ပြိုသည့်အလား အသံကြီးနှင့်အတူ သူ၏ခြေထောက်အောက်မှ ပေါက်ကွဲအားတစ်ခု ထွက်ပေါ်လာသည်။ ဤနင်းချက်ကြောင့် ရှေးဟောင်းလမ်းတစ်ခုလုံး ဆယ်လက်မခန့် နိမ့်ဆင်းသွားရ၏။ ဖူလုံနှင့် ဖူယွမ်တို့မှာ ပုံရိပ်တစ်ခု ဝေဝါးသွားသည်ကိုသာ မြင်လိုက်ရပြီး ဖန်နိုင်မှာ သူတို့၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေသည်။
“လာလေ ဆက်ပြီး အော်ဟစ်ကြဦးလေ”
ဖန်နိုင်သည် ရက်စက်သော အပြုံးနှင့်အတူ သူ၏ ဧရာမလက်ကြီးများကို ဆန့်ထုတ်ကာ ဖူလုံနှင့် ဖူယွမ်တို့၏ လည်ပင်းများကို လှမ်း၍ ဆုပ်ကိုင်လိုက်တော့သည်။
အခန်း။ ၁၅၂
ဝုန်း
ချန်ကျီရှင်းသည် ပေါက်ကွဲသံနှင့်အတူ ရုတ်တရက် ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ရှေ့သို့ ထိုးထွက်သွားသည်။ လေထုထဲတွင်ပင် သူ၏ ဧရာမလက်ဝါးကြီးကို အားကုန်လွှဲကာ ရိုက်ချလိုက်တော့သည်။
ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအင်များမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး အကြီးအကဲ ယွမ်ကျန်းအပါအဝင် သုံးဦးစလုံး၏ အသိစိတ်ပင်လယ်ကို အမြစ်ပြတ်ချေမှုန်းရန် ဦးတည်သွားခဲ့သည်။
“ဟွန့်... စိတ်ဝိညာဉ်လမ်းစဉ်မှာ အကန့်အသတ်ကျော် ပါရမီရှင်ဖြစ်နေလို့ ငါတို့က ကြိုတင်ပြင်ဆင်မထားဘူးလို့ မင်းထင်နေတာလား”
အကြီးအကဲ ယွမ်ကျန်း၊ ယွမ်ကျင့်နှင့် ယွမ်သောက်တို့သည် တစ်ပြိုင်နက်တည်း လက်ဝါးတံဆိပ်တစ်ခုကို ဖော်ဆောင်လိုက်ကြသည်။
“ကောင်းကင်တိုက်ပွဲ အစီရင်ခံကွက်... ထစေ”
အေးစက်သော ရယ်သံနှင့်အတူ ချန်ကျီရှင်း၏ ကြီးမားလှသော စိတ်ဝိညာဉ်အသိစိတ်များသည် အကြီးအကဲသုံးဦး၏ အသိစိတ်ပင်လယ်ထဲသို့ ကျရောက်မည့်အစား အမည်မသိနေရာတစ်ခုသို့ ချက်ချင်းဆိုသလို လွှဲပြောင်းပေးပို့ခြင်း ခံလိုက်ရသည်။
နောက်တစ်ခဏ၌ ထိုသူသုံးဦးစလုံးသည် ရှေ့သို့ တစ်ပြိုင်နက်တည်း လက်သီးဖြင့် ထိုးနှက်လိုက်ကြသည်။
“ဝဇီရလက်သီးဖြင့် မိစ္ဆာများကို နှိမ်နှင်းခြင်း”
လက်သီးရိပ်များမှာ တစ်ခုနှင့်တစ်ခု ထပ်ဆင့်သွားပြီး တားဆီး၍မရသော ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်ခွန်အားများအဖြစ် ပြောင်းလဲကာ ရူးသွပ်စွာ စီးဆင်းသွားတော့သည်။
ဝုန်း
ချက်ချင်းဆိုသလိုပင် လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ရှေးဟောင်းလမ်းတစ်ခုလုံးတွင် ပေါက်ကွဲသံများ ဟိန်းထွက်သွားပြီး ဖြူဖွေးသော လေစီးကြောင်းများမှာလည်း တရစပ် ထွက်ပေါ်လာသည်။
မထင်မှတ်ထားသော တိုက်ခိုက်မှုကြောင့် ချန်ကျီရှင်းမှာ တောင်ပေါင်းတစ်ရာက သူ့အပေါ် ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏ပုံရိပ်မှာ အနောက်သို့ လွင့်စင်သွားကာ ရှေးဟောင်းလမ်း၏ ကျောက်လှေကားထစ်များပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
အကြီးအကဲ သုံးဦးမှာ လက်သီးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လှေကားထစ်များပေါ်တွင် လဲကျနေသော ချန်ကျီရှင်းကို အေးစက်စွာ ကြည့်လိုက်ကြသည်။ လမ်း၏ဘေးတစ်ဖက်တစ်ချက်မှ ထူထပ်သောမြူများ ထွက်ပေါ်လာပြီး ချန်ကျီရှင်း၏ ပုံရိပ်ကို တဖြည်းဖြည်း ဖုံးလွှမ်းသွားတော့သည်။
“ဒီလောကမှာ အောင်မြင်မှုအနည်းငယ်ရရုံနဲ့ မောက်မာဝင့်ကြွားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိအောင် အတ္တကြီးနေတဲ့သူတွေ အမြဲရှိတတ်တာပဲ။ ရှောင်ပင်း... ဒီနေ့ ငါတို့ရဲ့ လက်သီးချက်က မင်းကို နိုးထလာစေဖို့ မျှော်လင့်ပါတယ်”
ယွမ်ကျန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
ယွမ်ကျင့်ကမူ အထီးကျန်ဆန်သော အကြည့်ဖြင့် ခေါင်းကိုအသာအယာ ခါယမ်းကာ “ငါ မင်းကို အစက ကောင်းကောင်းမွန်မွန် ပြောခဲ့သားပဲ။ မင်းကမှ နားမထောင်ဘဲ ပြဿနာရှာနေတာ။ တကယ်ပဲ သေမယ့်သူကို စကားကောင်းနဲ့ ဖျောင်းဖျဖို့ ခက်တယ်”
ယွမ်သောက်ကမူ လက်ပိုက်လျက် လှောင်ပြုံး ပြုံးနေခဲ့သည်။ သူက ချန်ကျီရှင်းကို လုံးဝ အထင်မကြီးခဲ့ပေ။
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ရောက်လာတာ လပိုင်းပဲ ရှိသေးတဲ့ အသစ်အဆန်းတစ်ယောက်က ဘာတွေများ တတ်နိုင်မှာမို့လို့လဲ။
ထိုသူသုံးဦးမှာ တိုက်ပွဲပြီးဆုံးသွားပြီဟု ထင်မှတ်ကာ လှည့်ထွက်သွားမည်အပြုတွင်
“ခန္ဓာကိုယ်ချင်း တိုက်ခိုက်ရတဲ့ ခံစားချက်က... တကယ့်ကို ကြာလှပြီပဲ။ မေ့တောင် မေ့ချင်နေပြီ”
လွမ်းဆွတ်တမ်းတနေသော အသံတစ်ခုမှာ ထူထပ်လှသော မြူထုအတွင်းမှ ထွက်ပေါ်လာသည်။
“ဟင်”
အကြီးအကဲ ယွမ်ကျန်းအပါအဝင် သုံးဦးစလုံး၏ ခြေလှမ်းများ တန့်သွားပြီး ကျောက်လှေကားထစ်များဆီသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ မျက်မှောင်များ အနည်းငယ် ကြုတ်သွားကြသည်။
ထူထပ်ဖြူဖွေးလှသော မြူထုကြီး၏ အလယ်ဗဟိုတွင် မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်များ တဖျတ်ဖျတ် လွင့်မြောနေပြီး ဝတ်ရုံနီကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် လှေကားထစ်များအတိုင်း တစ်လှမ်းချင်း တက်လှမ်းလာနေသည်။
ထိုပုံရိပ်တွင် မည်သည့်ဒဏ်ရာအနာတရမျှ မရှိရုံသာမက သူ၏ အရေပြားနှင့် အရိုးအဆစ်များသည် ပိုမိုတောက်ပကာ တစ်ကိုယ်လုံးမှာ နတ်ဘုရားတစ်ပါး၏ ရောင်ဝါများဖြင့် ဖုံးလွှမ်းနေသယောင် ရှိနေသည်။ အထူးသဖြင့် သူ၏မျက်ဝန်းများသည် တောက်ပသော ဂလက်ဆီစကြဝဠာကြီးကို ထည့်သွင်းထားသည့်အလား တစ်ချက်ကြည့်ရုံနှင့်ပင် လူသားထက် နတ်ဘုရားနှင့် ပိုတူနေသည်။
“ဒဏ်ရာမရဘူး ဟုတ်လား”
ချက်ချင်းပင် အကြီးအကဲ သုံးဦးစလုံး၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားရသည်။ သူတို့၏ ပူးပေါင်းလက်သီးချက်မှာ ရှောင်ပင်း၏ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်ကို သူတို့ သေချာပေါက် သိနေသည်။ သေလောက်အောင် ပြင်းထန်သော အားဖြင့် မထိုးခဲ့လျှင်ပင် ရှောင်ပင်းအနေဖြင့် မည်သည့်ဒဏ်ရာမျှမရဘဲ ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“စိတ်ဝိညာဉ်အသိစိတ်က အသုံးမဝင်ဘူးပေါ့... ဟုတ်လား...”
ချန်ကျီရှင်းက အကြီးအကဲ သုံးဦးကို ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် အနည်းငယ် ပြုံးယောင်သန်းသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
“ကိုယ့်ခန္ဓာကိုယ်ကို ဒီလောက်အထိ အကြောဆန့်မပေးဖြစ်တာ တကယ်ကို ကြာခဲ့ပြီပဲ"
“လာလေ အရှေ့ဘက်လျှို့ဝှက်နယ်မြေမှာ နာမည်ကြီးတဲ့ ကောင်းကင်လှိုင်း ခန္ဓာကိုယ်ကျင့်စဉ်က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါ့ကို ပြစမ်းပါဦး”
သူ၏ နောက်ဆုံးစကားလုံး အဆုံးတွင်
ဝုန်း
ချန်ကျီရှင်း၏ ပုံရိပ်မှာ ပေါက်ကွဲသံနှင့်အတူ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားပြီး သူရှိနေခဲ့သော နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူရပ်နေခဲ့သော နေရာရှိ ဟင်းလင်းပြင်မှာ တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့ကာ အကြီးအကဲ သုံးဦးမှာ သူတို့၏ မျက်စိရှေ့တွင် ပုံရိပ်တစ်ခု ဝေဝါးသွားသည်ကိုသာ မြင်လိုက်ရပြီး ခဏချင်းမှာပင် နီရဲသော အရောင်အဝါများမှာ မြင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
“ဒီလောက် မြန်လှချည်လား”
အကြီးအကဲ သုံးဦးစလုံး၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားသော်လည်း မကြာမီမှာပင် ဝမ်းသာအားရ ဖြစ်သွားကြပြန်သည်။
“အရူးပဲ ငါတို့ကို ခန္ဓာကိုယ်ချင်း အနီးကပ် တိုက်ခိုက်မလို့လား”
“မင်းကတော့ သေတွင်းကို ကိုယ်တိုင်တူးနေတာပဲ”
ခဏချင်းမှာပင် အကြီးအကဲ သုံးဦးစလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
“နဂါးရဲ့ အသက်ရှူသံ”
ယွမ်ကျန်းက ရှေ့သို့ လက်သီးတစ်ချက် ထိုးလိုက်ရာ သူ၏ ညာဘက်လက်မောင်း တစ်ခုလုံးမှာ ရုတ်တရက် ဖောင်းပွကြီးထွားလာပြီး ဟိန်းဟောက်နေသော စိမ်းပြာရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ နဂါးဟိန်းသံကြီးမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့လွင့်သွားခဲ့လေပြီ။
“ဘေးတိုက် ဓားချက်”
ယွမ်ကျင့်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး သူသည် ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာသည်။ သူ၏ လက်မောင်းများကို ဓားသွားများကဲ့သို့ ဘေးတိုက်လွှဲကာ ချန်ကျီရှင်း၏ ဝမ်းဗိုက်ဆီသို့ အားကုန် ခုတ်ပိုင်းလိုက်တော့သည်။
ဤရိုးရှင်းလှသည်ဟု ထင်ရသော လှုပ်ရှားမှုသည် အမှန်စင်စစ်တွင် တောင်တန်းကြီးတစ်ခုလုံးကိုပင် ခဏချင်းအတွင်း နှစ်ပိုင်းပိုင်းဖြတ်နိုင်လောက်သော စွမ်းအားရှိသည်။
“အရိပ်အသက်ရှူသံ”
ယွမ်သောက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ချန်ကျီရှင်း၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်လာသည်။ သူ၏လက်ထဲတွင် စူးရှသော လခြမ်းပုံစံ ဓားမြှောင်တိုနှစ်စင်း ပေါ်ထွက်လာပြီး ချန်ကျီရှင်း၏ ကျောပြင်ဆီသို့ တရစပ် ထိုးစိုက်လိုက်တော့သည်။
ထိုသူသုံးဦးစလုံးသည် အလွန်အမင်း မြန်ဆန်လှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ခိုက်မှုအားလုံးကို အပြီးသတ်လိုက်ကြခြင်းပင်။
ချန်ကျီရှင်း၏ အရေပြားပေါ်မှ မှိန်ပြပြ ရွှေရောင်ရောင်ဝါမှာ ပိုမိုတောက်ပလာပြီး သူက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။
ဗုန်း... ဗုန်း
လေးလံသော ပေါက်ကွဲသံ နှစ်သံ ထွက်ပေါ်လာသည်။
ချန်ကျီရှင်း၏ ဧရာမ လက်ဝါးကြီးများသည် ယွမ်ကျန်း ပစ်လွှတ်လိုက်သော လက်သီးနှင့် ယွမ်ကျင့် ခုတ်ပိုင်းလိုက်သော ဓားသွားလက်မောင်းတို့ကို အမိအရ ဖမ်းဆုပ်လိုက်သည်။
ဂလန်း... ဂလန်း... ဂလန်း... ဂလန်း
ချန်ကျီရှင်း၏ ကျောပြင်ထက်တွင်မူ သတ္တုချင်း ထိခိုက်သံများ တရစပ် မြည်ဟည်းသွားသည်။ ဖန်သားစေ့ မြောက်မြားစွာ သံထည်ပေါ်သို့ ကျရောက်သွားသကဲ့သို့ပင်။
“မင်းတို့မှာရှိတဲ့ အားက ဒါပဲလား”
ချန်ကျီရှင်းက ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာ အပ်စိုက်
မှတ် ၅၁၃ ခုစလုံးမှာ တစ်ပြိုင်နက်တည်း လင်းထိန်သွားတော့သည်။
ဝုန်း…
သူ၏လက်များကို အားဖြင့် တစ်ချက်လှည့်လိုက်ရာ ယွမ်ကျန်းနှင့် ယွမ်ကျင့်တို့၏ လက်မောင်းများသည် ကျစ်ဆံမြီးတစ်ခုအလား တိုက်ရိုက်ပင် လိမ်ကျစ်သွားတော့သည်။
“အား”
ယွမ်ကျန်းနှင့် ယွမ်ကျင့်တို့၏ အော်ဟစ်သံများနှင့်အတူ ချန်ကျီရှင်းက သူ၏လက်ကို ဝှေ့ယမ်းကာ သူတို့ကို လွင့်စင်အောင် ပစ်ထုတ်လိုက်သည်။
ထို့နောက် ချန်ကျီရှင်းသည် သူ၏ မျက်လုံးထောင့်မှနေ၍ သူ၏ကျောပြင်ကို ဓားဖြင့် အတင်းအဓမ္မ ထိုးစိုက်နေသော ယွမ်သောက်ကို မြင်လိုက်ရသည်။
“အား... ပျက်စီးစမ်း”
ယွမ်သောက်၏ မျက်နှာမှာ ပိုမိုရူးသွပ်လာပြီး သူ၏မျက်ဝန်း အနက်ရှိုင်းဆုံးနေရာမှ ထိန်းချုပ်၍မရသော ထိတ်လန့်တုန်လှုပ်မှုများ မြင့်တက်လာသည်။
ဘာလို့လဲ.....
ဘာလို့ ငါ အားကုန်သုံးပြီး တိုက်ခိုက်နေတာတောင် ရှောင်ပင်းရဲ့ အရေပြားလေးကိုတောင် မဖောက်နိုင်ရတာလဲ။
“ခြစ်မနေနဲ့တော့"
လေးလံသော အသံတစ်ခု ထွက်ပေါ်လာသည်။
ယွမ်သောက်၏ ဝေဝါးလာသော အကြည့်များကြားတွင် ချန်ကျီရှင်းက သူ၏ ညာဘက်လက်မောင်းကို မြှောက်လိုက်ပြီး တံတောင်ဆစ်ဖြင့် ယွမ်သောက်၏ မျက်နှာတည့်တည့်သို့ ရက်စက်စွာ ဆောင့်တိုက်လိုက်တော့သည်။
ဝုန်း
ယွမ်သောက်သည် ချန်ကျီရှင်း၏ တံတောင်ဆစ်မှတစ်ဆင့် ထိုက်တောင်တောင်ကြီးကဲ့သို့ လေးလံပြီး ဖော်ပြ၍မရနိုင်သော စွမ်းအားကြီးတစ်ခု သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် ပြင်းထန်သော တုန်ခါမှုတစ်ခုကိုသာ ခံစားလိုက်ရပြီး သူသည် လေထဲမှနေ၍ မြေပြင်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရတော့သည်။
ဂုန်း...
သူ၏ ကျောပြင်မှာ ရှစ်မြှောင့်မဏ္ဍပ်ဆောင်ကြီးနှင့် တိုက်မိသွားပြီး မဏ္ဍပ်၏ အမိုးမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ ထို့နောက် ထိုပြင်းထန်လှသော စွမ်းအားအောက်တွင် ယွမ်သောက်သည် မဏ္ဍပ်၏ အောက်ခြေကိုပါ ထိုးဖောက်သွားကာ ရေကန်ထဲသို့ ကျရောက်သွားပြီး ကောင်းကင်အထိ မြင့်တက်သွားသော ရေမှုန်ရေမွှားများကို ဖြစ်ပေါ်စေခဲ့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“စိတ်ဝိညာဉ်ကျင့်စဉ်ကို ကျင့်ကြံတဲ့ တောင်ဘက်တောင်ထိပ်တပည့်လေး တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ခွန်အားကို ပိုင်ဆိုင်ထားရတာလဲ”
ယွမ်ကျန်းနှင့် ယွမ်ကျင့်တို့၏ အမူအရာများ လုံးဝ ပြောင်းလဲသွားပြီး ချန်ကျီရှင်းကို ထိတ်လန့်အံ့ဩစွာဖြင့် စိုက်ကြည့်နေမိကြသည်။
“လာလေ အဘိုးကြီးတို့... ဆက်ပြီး ငါ့ကို တားကြည့်ကြစမ်းပါဦး”
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အလင်းတန်းများ စတင် ဝင်းလက်လာသည်။
"ဘာမှစဉ်းစားမနေဘဲ ချရတဲ့ခံစားချက်ကို မခံစားရတာကြာပြီ"
ဝုန်း
ချန်ကျီရှင်းက သူ၏ခြေထောက်ဖြင့် မြေပြင်ကို နင်းခြေလိုက်ရာ သူ၏အောက်မှ ဟင်းလင်းပြင်မှာ နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။ ထိုအရှိန်ကို အသုံးပြုကာ သူသည် နောက်ထပ်တစ်ကြိမ် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး ယွမ်ကျင့်နှင့် ယွမ်ကျန်းထံသို့ တရကြမ်း ပြေးဝင်သွားတော့သည်။
ဝုန်း ဝုန်း ဝုန်း
သူ၏နောက်ကျောတွင် သွေးနှင့်ချီစွမ်းအင် မီးဖိုဆောင်များစွာ ပေါ်ထွက်လာပြီး ကောင်းကင်ယံအထိ ပျံ့လွင့်နေသော မီးခိုးတန်းကြီးများအလား တောက်ပနေတော့သည်။ ဤအခိုက်အတန့်တွင် ချန်ကျီရှင်းသည် သူ၏ ခန္ဓာကိုယ်ခွန်အားများကို မည်သည့်အထိန်းအကွပ်မျှမရှိဘဲ ထုတ်ဖော်ပြသနေခဲ့သည်။
ယခုတစ်ကြိမ် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ လာရခြင်းမှာ သတ်ဖြတ်ရန်သာမကဘဲ နောက်ထပ် ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ဤနေရာမှ ခန္ဓာကိုယ်ကျင့်စဉ်၏ အဓိကကျင့်စဉ်ကို ရယူရန်ပင်။
ထိုကျင့်စဉ်ကို ရရှိရန် အကောင်းဆုံးနည်းလမ်းမှာ ခန္ဓာကိုယ်လမ်းစဉ်တွင် သူ၏ ထူးကဲလှသော ပါရမီကို ထင်ထင်ရှားရှား ထုတ်ဖော်ပြသရန်သာ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်မှာ အကောင်းဆုံး အခွင့်အရေးပင်။