အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း။ ၁၅၃
ဂျိန်း
ချန်ကျီရှင်း၏ နောက်ကျောဘက်တွင် သွေးနှင့်ချီစွမ်းအင် မီးဖိုဆောင်ကိုးခုစလုံးသည် တစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် တောက်လောင်လာပြီး နီရဲထူထပ်သော မီးခိုးငွေ့များသည် ကောင်းကင်ယံ၌ နေကိုးစင်း ပေါ်ထွက်လာသကဲ့သို့ တစ်လောကလုံးကို နီရဲတောက်ပသွားစေသည်။ ဤအရာမှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီစွမ်းအင်များမှာ အလွန်အမင်း များပြားလွန်းလှသဖြင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကပင် မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်မိသွားခြင်းပင်။
ဝေါ….
ရေကန်အတွင်းမှ ပုံရိပ်သုံးခုသည် ရေမှုန်ရေမွှားများနှင့်အတူ ရုတ်တရက် ခုန်ထွက်လာကြသည်။ သူတို့၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေပြီး ချန်ကျီရှင်းကို ကြောက်လန့်တကြား စိုက်ကြည့်နေကြ၏။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ပါလား”
“ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကိုပဲ ပြောမယ်ဆိုရင် ရှောင်ပင်းရဲ့ ခန္ဓာကိုယ်က ငါတို့အားလုံးထက်တောင် အများကြီး သာလွန်နေပြီ”
“သူက တောင်ဘက်တောင်ထိပ်တပည့် မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်က ဒီလောက်အထိ သန်မာနေရတာလဲ”
ယွမ်ကျန်းနှင့် အခြားသူများမှာမူ သူတို့၏ သန်မာလှသော ခန္ဓာကိုယ်ကျင့်စဉ်ကြောင့် ဒဏ်ရာများမှာ ပြန်လည်သက်သာသွားပြီ ဖြစ်သော်လည်း မျက်နှာထက်တွင်မူ စိတ်အေးသွားသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ တစ်ဖက်လူ၏ မျက်ဝန်းထဲ၌ ဇဝေဇဝါဖြစ်မှု၊ နားမလည်နိုင်မှု၊ လေးလံထိုင်းမှိုင်းမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်လေးများကို အထင်အရှား မြင်တွေ့နေရသည်။
နောက်တစ်ခဏတွင်မူ ယွမ်ကျန်းက အံကိုတင်းတင်းကြိတ်ကာ ပထမဆုံး စကားပြောလိုက်သည်။
“ရှောင်ပင်းက သာမန်လူ မဟုတ်ဘူး။ ငါတို့ သူ့ကို ဒီနေရာမှာတင် အပြတ်တားထားမှဖြစ်မယ်။ မဟုတ်ရင် သူသာ တတိယအဆင့်အထိ ပါသွားခဲ့ရင် ငါတို့ မြောက်ဘက်တောင်ထိပ်အတွက် ပြဿနာကြီး ဖြစ်လာလိမ့်မယ်”
“ယွမ်ကျင့်၊ ယွမ်သောက်... လက်တွန့်မနေကြနဲ့တော့။ ငါတို့ သုံးယောက်စလုံး ပူးပေါင်းနေတာတောင် တောင်ဘက်တောင်ထိပ်က ဒီလို အသစ်အဆန်း တပည့်လေးတစ်ယောက်ကို ရှုံးသွားခဲ့ရင် ငါတို့အတွက်တော့ ကမ္ဘာပျက်မတတ် ဟာသကြီး ဖြစ်သွားလိမ့်မယ်”
သူ၏ စကားအဆုံးတွင် ယွမ်ကျန်းက အသက်ကို ဝဝရှူလိုက်ပြီး အော်ပြောလိုက်သည်။
“ခန္ဓာကိုယ်ကျင့်စဉ်”
“နဂါးရှစ်ကောင် နိုးထစေစမ်း”
ဝုန်း
ချက်ချင်းဆိုသလိုပင် ယွမ်ကျန်း၏ ကျောပြင်ပေါ်ရှိ ကြွက်သားပေါင်းများစွာမှာ လိမ်ကျစ်လာပြီး ဘောလုံးအရွယ်အစားရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အဖုအကျိတ်ကြီး ရှစ်ခုအဖြစ် ဖောင်းပွလာတော့သည်။
ဖောက်
ထိုအဖုအကျိတ်ကြီးများမှာ ပေါက်ထွက်သွားပြီး အတွင်းမှ သွေးများနှင့် ပြည်ပုပ်များ ပန်းထွက်လာသည်။ မကြာမီမှာပင် အဖုအကျိတ်များအတွင်းမှ ရွံရှာဖွယ်ကောင်းလှသော နဂါးခေါင်း ရှစ်လုံး ထွက်ပေါ်လာတော့သည်။ ထိုနဂါးခေါင်းများမှာ ဥခွံကို ခွဲထွက်လာသကဲ့သို့ ဟိန်းဟောက်ရင်း အဖုအကျိတ်များထဲမှ အပြင်သို့ ထိုးထွက်လာကြပြီး ကြောက်မက်ဖွယ်ကောင်းသော စိမ်းပြာရောင် မျက်လုံးများရှိသည့် နဂါးကြီး ရှစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုနဂါးရှစ်ကောင်မှာ ယွမ်ကျန်း၏ ခန္ဓာကိုယ်နှင့် တဆက်တည်း ဖြစ်နေပြီး သူတို့၏ ဦးခေါင်းနှင့် ရှည်လျားသော ကိုယ်ထည်များမှာ လေထဲ၌ လှပသပ်ရပ်စွာ ဝေ့ယမ်းနေကာ နက်မှောင်သော ရွှေရောင်မျက်ဝန်းများဖြင့် ချန်ကျီရှင်းကို စူးစိုက်ကြည့်နေကြသည်။
“ဝေါင်း”
နဂါးရှစ်ကောင်စလုံးမှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ရာ ပြင်းထန်လှသော အသံလှိုင်းများမှာ ဂယက်ထလျက် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။
“အပြည့်အဝ ပိုင်းဖြတ်ခြင်း... ထစေ”
ယွမ်ကျင့်က သူ၏လက်များကို ယှက်ကာ ကျင့်စဉ်တစ်ခုကို ဖော်ဆောင်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သတ္တုဖြင့် သွန်းလုပ်ထားသည့်အလား တောက်ပသော ငွေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားသည်။ နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ် အဆစ်အမြစ်တိုင်းမှ စူးရှတောက်ပလှသော အဖြူရောင် အရိုးစူးများ ထိုးထွက်လာတော့သည်။ ထိုအရိုးစူး တစ်ခုချင်းစီမှာ ကွေးညွတ်ကာ အလွန်ပင် ထက်မြက်လှပြီး အေးစိမ့်သော ရောင်ဝါများကို ထုတ်လွှတ်နေသည်။
နောက်ဆုံးတစ်ဦးဖြစ်သော ယွမ်သောက်၏ မျက်နှာမှာလည်း တည်ကြည်လေးနက်သွားပြီး သူ၏လက်ထဲတွင် နက်မှောင်သော ရွှေရောင်ဓားရှည်ကြီးတစ်စင်း ပေါ်ထွက်လာတော့သည်။
သူ၏ အရေပြားပေါ်တွင် ကြွက်သားအကြောပေါင်းများစွာမှာ နွယ်ပင်များအလား ရစ်ပတ်ထွက်ပေါ်လာပြီး သူ၏ လက်ဖဝါးနှင့် ဓားရိုးကိုပါ တစ်ဆက်တည်းဖြစ်အောင် စည်းနှောင်လိုက်တော့သည်။
“ဝဇီရ နတ်ဆိုးနှိမ်နင်းရေး အစီအရင်ကွက်”
ယွမ်ကျန်းက နိမ့်ရှိုင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
ခဏချင်းမှာပင် ထိုသူသုံးဦးမှာ ချန်ကျီရှင်းကို အလယ်တွင်ထား၍ တြိဂံပုံစံဖြင့် ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
“အိုး”
ချန်ကျီရှင်းက မျက်ခုံးကို အသာအယာပင့်ကာ သူတို့သုံးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာတွင် စိတ်ပျက်ရိပ်များ ယှက်သန်းသွားသည်။ ခန္ဓာကိုယ်လမ်းစဉ်သည် စိတ်ဝိညာဉ်အသိစိတ် သို့မဟုတ် ဓားလမ်းစဉ်တို့နှင့် မတူညီပေ။
တောင်ဘက်တောင်ထိပ်၏ ဒဿနအတိုင်းဆိုလျှင် လူသား၏ခွန်အားမှာ အကန့်အသတ်ရှိသော်လည်း စိတ်နှလုံး၏စွမ်းအားမှာမူ အဆုံးအစမရှိပေ။ ဤနေရာတွင် လူသား၏ခွန်အားဆိုသည်မှာ များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆိုလိုခြင်းပင်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ရှေ့ဆက်တိုးတက်ရန် အလွန်ခက်ခဲသွားတတ်သည်။
ထိုအခြေအနေသို့ ရောက်သောအခါ ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံသူအများစုမှာ အသွင်ပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ကြတော့သည်။ ဥပမာအားဖြင့် ယွမ်ကျန်းတို့ သုံးဦးမှာ ခန္ဓာကိုယ်ခွန်အား တိုးမြှင့်ရန်အတွက် လူသားပုံစံမှ နဂါးအသွင်သို့ ပြောင်းလဲရန် ကြိုးပမ်းနေကြခြင်းပင်။
ဤကဲ့သို့သော ကျင့်စဉ်မျိုးမှာ ချန်ကျီရှင်းထံတွင် အလျှံပယ်ရှိသော်လည်း သူသည် လူလည်းမဟုတ် တစ္ဆေလည်းမဟုတ်သော မိစ္ဆာကောင်ကြီးအဖြစ်သို့ မပြောင်းလဲလိုသဖြင့် ထိုလမ်းစဉ်ကို မရွေးချယ်ခဲ့ခြင်းပင်။
“တိုက်ကြစမ်း”
“ဝဇီရ နတ်ဆိုးနှိမ်နင်းရေး”
သူတို့၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သုံးဦးစလုံးမှာ ချန်ကျီရှင်းထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။ မမြင်နိုင်သော စွမ်းအားတစ်ခုက ချန်ကျီရှင်းကို လှုပ်ရှားမရအောင် ချုပ်နှောင်ထား၏။
“တိုက်ကွက်ထုတ်စမ်း”
ယွမ်ကျန်းက စတင်လှုပ်ရှားလိုက်ပြီး ရွံရှာဖွယ်ကောင်းသော နဂါးခေါင်းရှစ်လုံးမှာ သွေးဆာနေသော ပါးစပ်ကြီးများကို ဖွင့်ကာ ချန်ကျီရှင်းကို တစ်ပြိုင်နက် ခဲစားရန် ကြိုးပမ်းတော့သည်။ ထိုအချိန်မှာပင် ယွမ်ကျင့်က ဘေးတိုက်မှနေ၍ သူ၏အရိုးစူးလက်မောင်းဖြင့် ချန်ကျီရှင်း၏ မျက်နှာတည့်တည့်သို့ ထိုးစိုက်လိုက်သည်။
ထိုအခိုက်အတန့်၌ ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ အပေါက်ငယ် ၅၁၃ ခုစလုံးမှ ကြယ်တာရာအလင်းတန်းများ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
“ပျင်းစရာကောင်းလိုက်တာ"
စက္ကန့်ပိုင်းအတွင်းမှာပင် ချန်ကျီရှင်းက သူ၏ညာလက်သီးဖြင့် အကြိမ်ပေါင်းများစွာ ထိုးနှက်လိုက်ရာ နဂါးခေါင်းရှစ်လုံးမှာ အပိုင်းပိုင်းအပြတ်ပြတ် ကြေမွသွားတော့သည်။ နောက်ဆုံးလက်သီးချက်တွင် ချန်ကျီရှင်းက သူ၏ညာလက်မောင်းကို လပြည့်ဝန်းအလား နောက်သို့ဆွဲကာ ယွမ်ကျန်း၏ ရင်ဘတ်တည့်တည့်သို့ အားကုန်ထိုးနှက်လိုက်သည်။
ဝုန်း
နံရိုးများမှာ တစ်ပြိုင်နက်တည်း ကြေမွသွားပြီး ရင်ဘတ်မှာလည်း အတွင်းသို့ ချိုင့်ဝင်သွားတော့သည်။ ယွမ်ကျန်း၏ ကျောပြင်ဘက်တွင်မူ လက်သီးရာကြီးတစ်ခုမှာ အထင်အရှား ပေါ်ထွက်လာခဲ့သည်။
“မဖြစ်နိုင်တာ.....”
ယွမ်ကျန်း၏ ပါးစပ်မှ သွေးများ တရစပ်ပန်းထွက်လာကာ သူသည် အနောက်သို့ လွင့်စင်သွားပြီး ရေကန်ထဲသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ ရေကန်အတွင်း သွေးလှိုင်းများ ထွက်ပေါ်လာပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ပေ။
ချန်ကျီရှင်း၏ လှုပ်ရှားမှုမှာ ရပ်တန့်မသွားဘဲ လျှပ်စီးကဲ့သို့ စူးရှသော အကြည့်ဖြင့် ယွမ်ကျင့်ကို စိုက်ကြည့်လိုက်သည်။
“ပျော့ညံ့လိုက်တာ”
သူ၏ ညာဘက်ခြေထောက်မှာ ကိုးဆင့်ပါ ကြိမ်လုံးတစ်ချောင်းအလား ပြောင်းလဲသွားပြီး ဘေးတိုက်ဝှေ့ယမ်းလိုက်ရာ ယွမ်ကျင့်၏ အဆစ်အမြစ်များမှ ထိုးထွက်နေသော စူးရှလှသည့် အရိုးစူးများကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။
ထို့နောက် ချန်ကျီရှင်းသည် သူ၏ ဧရာမလက်ကြီးကို ဆန့်ထုတ်ကာ ယွမ်ကျင့်၏ ဦးခေါင်းကို အမိအရ ဖမ်းဆုပ်လိုက်သည်။ ချန်ကျီရှင်းက လက်ဝါးဖြင့် အောက်သို့ ဖိချလိုက်ရာ ယွမကျင့်မှာ ခါးညွတ်သွားရပြီး ထိုအချိန်မှာပင် ချန်ကျီရှင်းက ကျန်လက်တစ်ဖက်ကို အထက်သို့ မြှောက်လိုက်၏။
“မလုပ်နဲ့”
ယွမ်ကျင့်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ချန်ကျီရှင်းက သူ၏တံတောင်ဆစ်ဖြင့် ယွမ်ကျင့်၏ ကျောရိုးတည့်တည့်သို့ ပြင်းထန်စွာ ထုနှက်လိုက်တော့သည်။
ဂျွတ်..
သူ၏ ကျောရိုးမှာ နှစ်ပိုင်းကျိုးသွားခဲ့ကာ တစ်ကိုယ်လုံးရှိ အရိုးများမှာ ပေါက်ကွဲတော့မည့်အလား အသံများမြည်ဟည်းသွားပြီး ကိုယ်တွင်းအင်္ဂါများမှ သွေးများ ပန်းထွက်လာတော့သည်။ သူ၏ အမြင်အာရုံများမှာလည်း တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။
“အကန့်အသတ်ကျော် ပါရမီရှင်..... ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင်တွေကို ဖျက်ဆီးနိုင်တဲ့သူ.....”
ယွမ်ကျင့်သည် ချန်ကျီရှင်းကို အလွန်ခက်ခဲစွာ မော့ကြည့်လိုက်သည်။ သူ စကားမဆုံးမီမှာပင် အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။
ဘုန်း..
ချန်ကျီရှင်းက သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာထက်တွင် မှိန်ပြပြအပြုံးတစ်ခုနှင့်အတူ ဓားရှည်ကို ကိုင်စွဲကာ ပြေးဝင်လာသော ယွမ်သောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်း...”
ယွမ်သောက်၏ ဦးနှောက်မှာ ဗလာကျင်းသွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားရသည်။ သူသည် ဓားကို အသင့်ပြင်ထားဆဲ အနေအထားဖြင့် ချန်ကျီရှင်းကို ကြောင်စီစီ စိုက်ကြည့်နေမိ၏။ သူ၏ လည်ချောင်းမှာ တစ်ချက် တုန်တက်သွားပြီး နဖူးထက်တွင်လည်း ချွေးစေးများ စတင်ထွက်ပေါ်လာတော့သည်။
“တိုက်ကွက် မထုတ်တော့ဘူးလား”
ချန်ကျီရှင်းက သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။
ယွမ်သောက်၏ လက်ရိုးပေါ်တွင် နွယ်ပင်များအလား ရစ်ပတ်နေသော ကြွက်သားအကြောများမှာ လက်မောင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ ချက်ချင်းဆိုသလိုပင် ယွမ်သောက်၏ လက်ထဲမှ နက်မှောင်သော ရွှေရောင်ဓားရှည်ကြီးမှာ လက်ထဲမှ လွတ်ကျသွားပြီး မြေပြင်ပေါ်သို့ ဂလန်းခနဲ အသံနှင့်အတူ ကျရောက်သွားတော့သည်။
“စစ်မှန်သောတပည့်ရှောင်... ကျေးဇူးပြုပြီး ဖြတ်သွားပါခင်ဗျာ”
ယွမ်သောက်က မျက်နှာတွင် အပြုံးတစ်ခုကို အတင်းအဓမ္မ ဖန်တီးလိုက်ပြီး လမ်းဖယ်ပေးလိုက်သည်။
“ကောင်းပြီလေ"
ချန်ကျီရှင်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ပြုံးပြကာ သူ့ဘေးမှ ဖြတ်၍ လှေကားထစ်များအတိုင်း တက်လှမ်းသွားတော့သည်။
တောင်လေကြောင့် ချန်ကျီရှင်း၏ ဝတ်ရုံမှာ မေပယ်ရွက်တစ်ရွက်အလား လွင့်မြောနေပြီး မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်များမှာလည်း တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ ချန်ကျီရှင်း၏ ကျောပြင်ကို ကြည့်ရင်း ယွမ်သောက်သည် သူ၏နဖူးမှ ချွေးစေးများကို သုတ်ကာ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိတော့သည်။
“စိတ်ဝိညာဉ် အချုပ်အနှောင်ကိုလည်း ချိုးဖျက်နိုင်တယ်... ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင်ကိုလည်း ချိုးဖျက်နိုင်တယ်... နှစ်ထပ်ကွမ်း အကန့်အသတ်ကျော် ပါရမီရှင်လား။ ဒါက ဘယ်လို မိစ္ဆာကောင်မျိုးလဲကွာ”
ယွမ်သောက်၏ နှုတ်ခမ်းထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ အစောပိုင်းက ရှိခဲ့သော အထင်အမြင်သေးမှုများမှာလည်း လုံးဝ ကွယ်ပျောက်သွားပြီးနောက် သူသည် သတိလစ်နေသော ယွမ်ကျန်းနှင့် ယွမ်ကျင့်တို့ကို ငုံ့ကြည့်ကာ စိတ်သက်သာရာရသွားဟန် ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူကိုယ်တိုင် တိုက်ကွက်မထုတ်ခဲ့မိ၍သာ သို့မဟုတ်ပါက ရှေးဟောင်းလမ်း၏ အသက်ဘေးအန္တရာယ် ကာကွယ်ရေးစနစ်ကြောင့် အသက်မသေလျှင်ပင် အောက်ပိုင်းသေဘဝ ရောက်သွားလောက်သည်။
ထူးခြားဆန်းပြားသော စွမ်းအင်ဂယက်များမှာ ထိုအကြီးအကဲ သုံးဦးကို တဖြည်းဖြည်း လွှမ်းခြုံသွားသည်။ နောက်တစ်ခဏ၌ သူတို့၏ ပုံရိပ်များမှာ ဝေဝါးသွားပြီး ရှေးဟောင်းလမ်းပေါ်မှ ပျောက်ကွယ်သွားတော့သည်။
ကွမ်းဟဲခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းက စိုးမိုးထားသည်။
ခန်းမအတွင်းရှိ တောင်ဘက်တောင်ထိပ်သခင် မုယွဲ့မေ၊ မြောက်ဘက်တောင်ထိပ်သခင် ထိုပါးကျန်းယီနှင့် အထက်တွင် ထိုင်နေသော သန့်စင်ရာနယ်မြေအရှင် ချင်းထျန်းကျန်းတို့အားလုံးသည် အလင်းမှန်ချပ်ပေါ်ရှိ ပုံရိပ်ကိုသာ စကားမပြောနိုင်ဘဲ စိုက်ကြည့်နေမိကြသည်။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ပါလား”
ထိုပါးကျန်းယီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။ ချန်ကျီရှင်း၏ တိုက်ပွဲပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများက ဖုံးလွှမ်းနေဆဲပင်။
“ခန္ဓာကိုယ်ခွန်အား သက်သက်ကိုပဲ သုံးပြီး ငါတို့မြောက်ဘက်တောင်ထိပ်ရဲ့ အကြီးအကဲ သုံးယောက်စလုံးကို တစ်ယောက်တည်းနဲ့ ဖိနှိပ်ထားနိုင်တာလား။ ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင်ကို ချိုးဖျက်နိုင်တဲ့ အကန့်အသတ်ကျော် ပါရမီရှင်တစ်ယောက်အတွက်တောင်မှ ရှောင်ပင်းလိုမျိုး အေးအေးဆေးဆေး အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
“ဒီရှောင်ပင်းဆိုတဲ့ ကောင်လေးက လောကမှာရှိတဲ့ ထိပ်တန်း ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံထားတာ သေချာတယ်"
“ပြီးတော့ အဲဒီလို ကျင့်စဉ်မျိုးဟာ အစေခံတစ်ယောက်ရဲ့ သားသမီးလောက်က သင်ယူခွင့်ရမယ့် အရာမျိုး မဟုတ်ဘူး”
နောက်တစ်ခဏတွင်မူ ထိုပါးကျန်းယီသည် သူ၏နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး အထက်ရှိ ချင်းထျန်းကျန်းဘက်သို့ လှည့်ကာ ရိုသေစွာဖြင့် တင်ပြလိုက်သည်။
“ဂိုဏ်းချုပ်... ရှောင်ပင်းရဲ့ နောက်ကြောင်းက ဘယ်လိုမှ မရိုးရှင်းနိုင်ပါဘူး။ သူက အစေခံတစ်ယောက်ရဲ့ သားသမီးဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး”
“ဒါကြောင့် ရှောင်ပင်းရဲ့ ပြိုင်ပွဲဝင်ခွင့်ကို ချက်ချင်း ပယ်ဖျက်ပေးဖို့နဲ့ သူ့ရဲ့ ဝိညာဉ်ကို ရှာဖွေတဲ့အတတ်အသုံးပြုပြီး သူ့ရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို သေချာစုံစမ်းပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်”
သူ၏ စကားအဆုံးတွင်
“ဘာအကြောင်းပြချက်နဲ့လဲ”
မုယွဲ့မေက ရုတ်တရက် ထရပ်လိုက်ပြီး ခက်ထန်သော မျက်ဝန်းများဖြင့် ထိုပါးကျန်းယီကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။
“ရှင်တို့ မြောက်ဘက်တောင်ထိပ်က တပည့် ဖန်နိုင်မှာလည်း ကျင့်ကြံမှုတွေ ရှိတယ်။ ထိပ်တန်း ခန္ဓာကိုယ်ကျင့်စဉ်တွေကို ကျင့်ထားတယ်။ နောက်ပြီး ရှေးဟောင်းလူရိုင်းသွေးတွေကိုတောင် အစားထိုးထားသေးတာပဲ”
“ဒီလိုလူမျိုးကျတော့ရော... နောက်ကွယ်မှာ ပံ့ပိုးပေးမယ့် အင်အားကြီးအဖွဲ့အစည်းတွေ မရှိဘဲနဲ့ ဒီအဆင့်အထိ ဘယ်လိုရောက်လာနိုင်မှာလဲ”
“စုံစမ်းစစ်ဆေးမယ်ဆိုရင် ဖန်နိုင်ကနေ အရင်စလိုက်ပါလား”
ထိုပါးကျန်းယီက အလင်းမှန်ချပ်ကို တစ်ချက်ကြည့်ကာ “ဖန်နိုင်ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းက ရှင်းလင်းပြီးသားပါ။ သူက မြောက်ဘက်တောရိုင်းဒေသက ဝူကုမျိုးနွယ်စုက လာတာ။ ဒါပေမဲ့ ရှောင်ပင်းကတော့ လုံးဝမတူဘူး။ ဒီကောင်က မဟုတ်မမှန်တဲ့ အထောက်အထားတွေနဲ့ ဒီကို ရောက်လာတာ သိသာနေတာပဲ။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်”
“ဒီလိုလူမျိုးကို စိတ်ချရအောင် ဝိညာဉ်ရှာဖွေတဲ့အတတ်နဲ့ သေချာစစ်ဆေးဖို့ လိုအပ်တယ်”
“ထိုပါးကျန်းယီ... ရှင် လုပ်ရဲရင် လုပ်ကြည့်လိုက်လေ”
မုယွဲ့မေက ဒေါသတကြီးဖြင့် လှောင်ပြုံးပြုံးလိုက်ရာ သူမ၏ ရေပြင်ကဲ့သို့ လှပသော မျက်ဝန်းများတွင် အေးစက်ခါးသီးသော အရိပ်အယောင်များ မြင့်တက်လာသည်။
“ဝိညာဉ်ရှာဖွေတဲ့အတတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှင်သိမှာပါ။ အပေါ့စားဆိုရင် အသိစိတ်ပင်လယ်ကို ထိခိုက်ပြီး မဟာတာအို အခြေခံပျက်စီးသွားလိမ့်မယ်။ အပြင်းအထန်ဆိုရင်တော့ အသိဉာဏ်မဲ့တဲ့ လူအအတစ်ယောက် ဖြစ်သွားလိမ့်မယ်”
“တကယ်လို့ ရှင်က ငါ့တပည့် ရှောင်ပင်းအပေါ်မှာ အဲဒီအတတ်ကို သုံးဖို့ ကြိုးစားမယ်ဆိုရင်တော့... ငါ့ဘက်ကလည်း လုပ်ဖော်ကိုင်ဖက် သံယောဇဉ်တွေကို ထည့်တွက်နေမှာ မဟုတ်ဘူး။ ရှင်တို့ မြောက်ဘက်တောင်ထိပ်တစ်ခုလုံး ပြာပုံဖြစ်သွားအောင် ငါလုပ်ပစ်မယ်”
ဤစကားကို ကြားသောအခါ ထိုပါးကျန်းယီ၏ မျက်နှာပျက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မုယွဲ့မေ... မင်း ရူးသွားပြီလား မင်းဟာ ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ တောင်ဘက်တောင်ထိပ်သခင် ဖြစ်တယ်ဆိုတာကို မမေ့နဲ့ဦး။ အဲဒီနောက်မှ ရှောင်ပင်းရဲ့ ဆရာဖြစ်တာ။ ဒီလို သစ္စာဖောက်တဲ့ စကားမျိုးကို မင်း ဘယ်လို ပြောထွက်ရတာလဲ”
မုယွဲ့မေက မလျှော့စတမ်း လှောင်ရယ်လိုက်ပြီး
“ရှင့်ကို ရှင်သိမှာပါ ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူးဆိုတာ။ ငါ ဒါတွေကို ဂရုစိုက်နေဦးမယ်လို့ ထင်နေတာလား။ ဒီနေ့ ငါ့ရဲ့ သဘောထားကို အပြတ်ပြောထားမယ်။ ရှောင်ပင်းကို ထိဖို့ ကြိုးစားရင်တော့ ရှင့်ကို နောင်တရစေရမယ်”
“မင်း.....”
ထိုပါးကျန်းယီ၏ မျက်နှာမှာ ဒေါသကြောင့် တုန်ရီနေတော့သည်။
အထက်ခုံရှိနေရာတွင်မူ ရိုးရှင်းသော တောင်သူကြီးတစ်ဦးနှင့် တူလှသော သန့်စင်ရာနယ်မြေအရှင် ချင်းထျန်းကျန်းသည် မုယွဲ့မေနှင့် ထိုပါးကျန်းယီတို့၏ အငြင်းပွားမှုကို ဂရုမစိုက်ဘဲ မှန်ချပ်ပေါ်ရှိ ချန်ကျီရှင်းကိုသာ စိတ်ဝင်တစား ကြည့်နေသည်။
“ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင်ရော၊ စိတ်ဝိညာဉ် အချုပ်အနှောင်ကိုပါ ချိုးဖျက်နိုင်တဲ့ နှစ်ထပ်ကွမ်း အကန့်အသတ်ကျော် ပါရမီရှင်... တကယ့်ကို ရှားပါးလွန်းတယ်”
သူသည် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ ဤကဲ့သို့သော ပါရမီရှင်မျိုးသည် ယနေ့ခေတ် အရှေ့ဘက်လျှို့ဝှက်နယ်မြေတွင်သာမက ရှေးဟောင်းသမိုင်းတစ်လျှောက်မှာပင် ရှာဖွေရန် ခက်ခဲလှသည်။
သူသိထားသရွေ့ ဤကဲ့သို့သော ပါရမီမျိုးကို ပိုင်ဆိုင်ခဲ့သူမှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို တည်ထောင်ခဲ့သည့် အရှင်သခင်ကြီးသာ ရှိခဲ့ဖူးသည်။ ထိုအရှင်သခင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဉ် နှစ်မျိုးစလုံးတွင် အကန့်အသတ်ကို ကျော်လွန်နိုင်ခဲ့ပြီး ထိုပညာရပ်နှစ်မျိုးလုံးကို အခြေခံကာ အရှေ့ဘက်လျှို့ဝှက်နယ်မြေတွင် နှစ်ပေါင်းများစွာ ခိုင်မြဲနေမည့် ဤသန့်စင်ရာနယ်မြေကို တည်ထောင်ခဲ့ခြင်းပင်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ချင်းထျန်းကျန်းက အကြည့်ကို လွှဲလိုက်သည်။ အစောပိုင်းက သာမန်တပည့်လေးတစ်
ယောက်ဟုသာ ထင်ထားခဲ့သော်လည်း ယခုမူ သူ့ကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။
“ဒီလို ထူးကဲတဲ့ ပါရမီရှင်တစ်ယောက်က ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအပေါ်မှာ ရန်လိုတဲ့စိတ်မရှိသရွေ့ ငါတို့ရဲ့ ရန်သူမဟုတ်သရွေ့တော့... သူ့ရဲ့ နောက်ကြောင်း မရှင်းလင်းတာက ဘာအရေးကြီးလို့လဲ”
ချင်းထျန်းကျန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ၏နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့သည်။
အခန်း။ ၁၅၄
“တောင်ထိပ်သခင်မု မင်းမျက်လုံးထဲမှာ မင်းတပည့် ရှောင်ပင်းက ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ လုံခြုံရေးထက် ပိုအရေးကြီးနေတာလား”
“ပင်းအာနဲ့ သန့်စင်ရာနယ်မြေရဲ့ လုံခြုံရေးက ဘာဆိုင်လို့လဲ တောင်ထိပ်သခင်ထိုပါး... ပင်းအာဆိုတာ ခေတ်အဆက်ဆက်မှာ မပေါ်ဖူးသေးတဲ့ ထူးကဲ ပါရမီရှင်တစ်ယောက် ရှေးဟောင်းဒဏ္ဍာရီတွေထဲမှာပဲ ရှိခဲ့တဲ့ နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူမျိုးပဲ။ ဒီလို ပါရမီရှင်မျိုး ငါတို့နယ်မြေမှာ ပေါ်ထွန်းလာတာကို ရှင်က ဝမ်းမသာတဲ့အပြင် သူ့ကိုပဲ နည်းမျိုးစုံနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေတာလား”
“ငါ မေးပါရစေဦး တောင်ထိပ်သခင်ထိုပါး... ရှင့်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ”
ကွမ်းဟဲခန်းမဆောင်ကြီးအတွင်း၌ မုယွဲ့မေနှင့် ထိုပါးကျန်းယီတို့၏ အငြင်းပွားမှုမှာ ပိုမိုပြင်းထန်လာပြီး တစ်ဦးနှင့်တစ်ဦး လက်ပါတော့မည့် အခြေအနေသို့ပင် ရောက်ရှိနေ၏။
ချင်းထျန်းကျန်းသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပြီး လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တော်ကြစမ်း... မင်းတို့နှစ်ယောက်စလုံးက ကောင်းကင်လှိုင်းတောင်ထိပ်ရဲ့ ခေါင်းဆောင်တွေပဲ။ ဒီလို ပြည်တွင်းစစ်ဖြစ်နေတာက သူတစ်ပါးအတွက် ဟာသဖြစ်စရာပဲ ရှိမယ်"
ဤစကားကြောင့် မုယွဲ့မေနှင့် ထိုပါးကျန်းယီတို့ စကားပြောရပ်သွားကြပြီး ချင်းထျန်းကျန်းထံသို့ ကြည့်လိုက်ကြကာ သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။
ဤအခိုက်အတန့်တွင် မုယွဲ့မေသည် သူမ၏လက်သီးကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်မိ၏။ သူမ စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်သည်။ အကယ်၍ ချင်းထျန်းကျန်းသာ အမှားအမှန်ကို မခွဲခြားဘဲ ထိုပါးကျန်းယီ ပြောသကဲ့သို့ ပင်းအာအပေါ် ဝိညာဉ်ရှာဖွေတဲ့အတတ်ကို အတင်းအဓမ္မ အသုံးပြုရန် ဆုံးဖြတ်ခဲ့လျှင် သူမသည် ရှောင်ပင်းကို ခေါ်ဆောင်ကာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ အဝေးဆုံးသို့ ထွက်ခွါသွားတော့မည်ပင်။
“ဂိုဏ်းချုပ်... ဒီရှောင်ပင်းဆိုတဲ့ လူက အနာဂတ်မှာ အခြေခံအုတ်မြစ်ကြီးတစ်ခု ဖြစ်လာမှာပါ။ သူ့ရဲ့ နောက်ကြောင်းကလည်း တကယ့်ကို ထူးခြားဆန်းပြားလွန်းတယ်။ ဒီလိုလူမျိုးကို နယ်မြေထဲမှာ ထားထားတာက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးကို ထားထားတာနဲ့ မတူဘူးလား”
ထိုပါးကျန်းယီက လေးလံသော လေသံဖြင့် ဆိုလိုက်သည်။
ချင်းထျန်းကျန်းက ထိုစကားကို ကြားသည့်အခါ ထိုပါးကျန်းယီကို ကြည့်ကာ ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
“မင်း ပြောတာလည်း မမှားဘူး"
ဤစကားကြောင့် ချက်ချင်းပင် မုယွဲ့မေ၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားရတော့သည်။
ထိုအချိန်တွင် ထိုပါးကျန်းယီ၏ မျက်နှာထက်၌ အောင်နိုင်သူတစ်ဦး၏ အပြုံးမျိုး ပေါ်ပေါက်လာသည်။ သူ စကားစရန် ပြင်လိုက်စဉ်မှာပင် ချင်းထျန်းကျန်းက လေသံကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“ဒါပေမဲ့... အဲဒါက ဘာဖြစ်လဲ ငါတို့ရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ဘယ်တုန်းကမဆို အရပ်ရပ်က ပါရမီရှင်တွေအတွက် တံခါးဖွင့်ပေးထားတာပဲ။ ဘယ်နေရာကလာတဲ့ ပါရမီရှင်မျိုးမဆို ငါတို့နယ်မြေကို လာရောက်ပူးပေါင်းနိုင်တာပဲ မဟုတ်လား"
“အခု လက်ရှိ မြောက်ဘက်နဲ့ တောင်ဘက်တောင်ထိပ်တွေကိုပဲ ကြည့်လိုက်လေ။ တခြားနေရာတွေမှာ ကျင့်ကြံမှု အခြေခံတွေပါလာပြီးမှ ငါတို့ဆီဝင်လာတဲ့ တပည့်တွေက ငါးဆယ်ရာခိုင်နှုန်းလောက် ရှိနေတာပဲ မဟုတ်လား”
“အဲဒီလူတွေကိုတောင် ငါတို့က လက်ခံနိုင်သေးရင်... သမိုင်းတစ်လျှောက်မှာတောင် ရှာရခက်တဲ့ ဒီလို ထိပ်တန်းပါရမီရှင်မျိုးကိုကျမှ ဘာလို့ တံခါးပိတ်ထားရမှာလဲ”
ဤစကားကို ကြားသောအခါ ထိုပါးကျန်းယီ မျက်မှောင်ကြုတ်သွားပြီး “ဒါပေမဲ့ ဂိုဏ်းချုပ်... ဒီလူရဲ့ ပါရမီက အလွန်အမင်း ထူးကဲလွန်းနေလို့ပဲ ကျွန်တော်တို့က...”
“တောင်ထိပ်သခင်ထိုပါး... မင်းရဲ့ အမြင်ကို နည်းနည်းလောက် ကျယ်ကျယ်ပြန့်ပြန့် ထားစမ်းပါ”
ချင်းထျန်းကျန်းက ပြုံးလျက် ဖြတ်ပြောလိုက်သည်။
“ဒီရှောင်ပင်းဆိုတဲ့ လူက တခြားအင်အားစုတစ်ခုက လာတာပဲထားဦး... ဘာဖြစ်လဲ သူ့ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်ဖို့ ကြိုးစားကြည့်လို့ မရဘူးလို့ ဆိုလိုတာလား”
“တကယ်လို့ သူ့ကို ငါတို့ဘက်ပါအောင် မဆွဲဆောင်နိုင်ရင်ရော”
ထိုပါးကျန်းယီက ပါးစပ်ဟကာ မေးလိုက်သည်။
“ဒါဆိုရင်လည်း အခုရှိနေတဲ့ အခြေအနေအတိုင်းပဲ ဆက်သွားပေါ့"
ချင်းထျန်းကျန်းက ပြုံးလျက် ပြောလိုက်သည်။
“ဒီလို အလားအလာ အကန့်အသတ်မရှိတဲ့ လူမျိုးက ပုံမှန်ဆိုရင် ငါတို့ရှေ့ကို ရောက်လာဖို့တောင် မလွယ်လှဘူး။ အခု သူက ငါတို့နယ်မြေကို သူ့အလိုအလျောက် ရောက်လာပြီပဲ... ငါတို့အနေနဲ့ သူနဲ့ မိတ်ဆွေကောင်းဖြစ်အောင် ဘာလို့ မကြိုးစားနိုင်ရမှာလဲ”
“အကယ်၍ သူက အနာဂတ်မှာ ငါတို့နယ်မြေကနေ ထွက်သွားခဲ့ရင်တောင်... ဒီလို မိတ်ဆွေရင်းချာ ဆက်ဆံရေးမျိုး ရှိနေမယ်ဆိုရင် နောင်တစ်ချိန် ငါတို့နယ်မြေ တကယ့်အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ သူက ဒီမှာကုန်ဆုံးခဲ့တဲ့ နှစ်တွေကို ပြန်သတိရပြီး ငါတို့ကို ကူညီပေးလိမ့်မယ်လို့ ငါယုံကြည်တယ်။ မဟုတ်ဘူးလား”
“တစ်လှမ်း ဆုတ်ပြီး စဉ်းစားကြည့်ရင်တောင်... သူက အတိတ်ကို လုံးဝ မမှတ်မိတော့ဘူးဆိုရင်တောင် ငါတို့အတွက် ဘာမှ ဆုံးရှုံးသွားတာမှ မရှိတာပဲ။ ဟုတ်တယ်မလား”
“ဒါကတော့...”
ထိုပါးကျန်းယီ၏ မျက်ဝန်းများတွင် စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။ သူသည် ချင်းထျန်းကျန်း၏ စကားများကို သေချာစွာ ပြန်လည်သုံးသပ်ကြည့်ပြီးနောက် မတတ်သာဘဲ အသာအယာ ခေါင်းညိတ်လိုက်ရတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှ မုယွဲ့မေ၏ ရင်ထဲတွင် စိတ်အေးသွားရတော့သည်။
“ဂိုဏ်းချုပ်က တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ်”
သူမက ချင်းထျန်းကျန်းကို ကျေးဇူးတင်စွာဖြင့် အရိုအသေပေးလိုက်သည်။
“တောင်ထိပ်သခင်မု... ကျေးဇူးတင်ဖို့ မလောပါနဲ့ဦး။ မင်းကို ငါ အပ်နှံစရာ ကိစ္စတစ်ခု ရှိသေးတယ်"
ချင်းထျန်းကျန်းက ပြုံးလျက် ပြောလိုက်သည်။
“ငါတို့နယ်မြေက ရှောင်ပင်းကို လက်ခံနိုင်တာက တစ်ပိုင်းပေါ့... ဒါပေမဲ့ ဒီလူရဲ့ နောက်ကြောင်းကို သိထားဖို့ကလည်း နောက်တစ်ပိုင်းပဲ"
“အနည်းဆုံးတော့ ဒီလူက ငါတို့နယ်မြေနဲ့ ရန်ဘက်ဖြစ်နေတဲ့ အင်အားစုတွေက လာတာမဟုတ်ဘူးဆိုတာကိုတော့ ငါတို့ အတည်ပြုနိုင်ဖို့ လိုတယ်"
ချင်းထျန်းကျန်းက စကားကို ခေတ္တရပ်လိုက်သည်။ သူ၏ မျက်နှာထက်မှ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဒါကြောင့် တောင်ထိပ်သခင်မု... မင်းအနေနဲ့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီလူရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းပေးဖို့ ငါ လိုအပ်တယ်”
မုယွဲ့မေသည် နှုတ်ခမ်းကို အသာအယာဟလျက် စကားပြောရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ချင်းထျန်းကျန်း၏ ပြတ်သားလှသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူမအနေဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုအသေပေးလျက် “ကျွန်တော်မျိုးမ နားလည်ပါပြီ” ဟုသာ ပြောလိုက်ရတော့သည်။
စကားအဆုံးတွင် မုယွဲ့မေသည် အလင်းမှန်ချပ်ပေါ်ရှိ ချန်ကျီရှင်းကို ကြည့်လိုက်ရာ သူမ၏မျက်ဝန်းများတွင် ခိုင်မာသော ယုံကြည်ချက်များ ဝင်းလက်လာသည်။
“ပင်းအာ... မင်း ငါ့ကို ယုံကြည်သလိုမျိုး ငါလည်း မင်းကို ယုံကြည်ပါတယ်"
“မင်းဟာ ငါ့အပေါ်မှာရော ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအပေါ်မှာပါ ဘာရန်လိုတဲ့စိတ်မှ ရှိမှာမဟုတ်ဘူး... ဟုတ်တယ်မလား”
မုယွဲ့မေသည် သူမ၏စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးတောနေမိ၏။
...
...
ရှေးဟောင်းလမ်းမထက်တွင် ချန်ကျီရှင်းသည် လှေကားထစ်များအတိုင်း တစ်လှမ်းချင်း တက်လှမ်းလာခဲ့သည်။
ရှေးဟောင်းလမ်း၏ ကျောက်လှေကားထစ်များ ဘေးတွင် နတ်ဘုရားပုံစံများ ဖုံးလွှမ်းနေသော ဖြူဖွေးသည့် အသီးတစ်လုံး ပေါ်ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။
“ဝိညာဉ်သီးလား”
ချန်ကျီရှင်းက မျက်ခုံးကို ပင့်လိုက်ရင်း ထိုဝိညာဉ်သီးကို လှမ်း၍ ခူးယူလိုက်သည်။ ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီးသည့်နောက်တွင် သန့်စင်ရာနယ်မြေမှနေ၍ ကုန်ဆုံးသွားသော စစ်
မှန်သောစွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် နတ်ဘုရားပေးသော ရတနာများနှင့် ဆေးဖက်ဝင်ပစ္စည်းအချို့ကို လှေကားထစ်များပေါ်တွင် ချထားပေးတတ်ကြောင်း ကွမ်းထျန်းယွီ ပြောပြခဲ့သည်ကို သူ သတိရလိုက်သည်။
ဤသို့ဖြင့် စမ်းသပ်မှုကို အောင်မြင်သူများသည် တတိယအဆင့်ဖြစ်သော နောက်ဆုံးတိုက်ပွဲသို့ အကောင်းဆုံး အခြေအနေဖြင့် တက်လှမ်းနိုင်မည် ဖြစ်သည်။
ဂျွတ်...
ချန်ကျီရှင်းသည် ဝိညာဉ်သီးကို တစ်ကိုက် ကိုက်လိုက်ရာ ပါးစပ်ထဲသို့ ရောက်သည်နှင့် အရည်ပျော်သွားပြီး နွေးထွေးသော စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုနွေးထွေးသော စီးကြောင်းသည် သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များအတွင်းသို့ စီးဝင်သွားပြီး ထူးခြားသော သွေးကြောမကြီး ရှစ်သွယ်တစ်လျှောက် ပျံ့နှံ့သွားတော့သည်။
နောက်ဆုံးတွင် ထိုစွမ်းအင်များသည် သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ စုစည်းသွားပြီး အစင်ကြယ်ဆုံးသော စစ်မှန်သောစွမ်းအင်များအဖြစ် ပြောင်းလဲသွားတော့သည်။
ချန်ကျီရှင်းက သူ၏လည်ပင်းကို တစ်ချက်နှစ်ချက် လှုပ်ရှားလိုက်ရာ စိတ်ကြည်လင်လန်းဆန်းသွားသလို ခံစားလိုက်ရ၏။ လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့ရသဖြင့် ဖြစ်ပေါ်နေသော အနည်းငယ်သော ပင်ပန်းနွမ်းနယ်မှုများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“နောက်တစ်ဆင့်ကတော့... နောက်ဆုံးစမ်းသပ်ချက်ပဲ"
“ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ"
ချန်ကျီရှင်း မော့ကြည့်လိုက်သည့်အခါ ရှေးဟောင်းလမ်းပေါ်ရှိ ထူထပ်လေးလံသော မြူထုကြီးမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ မြင်ကွင်းမှာလည်း တစ်စထက်တစ်စ ပိုမိုကြည်လင်လာခဲ့သည်။
ကျောက်လှေကားထစ်များ၏ အဆုံးတွင် ကွမ်းဟဲခန်းမဆောင်၏ ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ရှိနေသည်ကို သူ မြင်တွေ့နေရပြီ ဖြစ်သည်။
တွန့်ဆုတ်နေခြင်းမရှိဘဲ…
ဒိုင်း…
ချန်ကျီရှင်းသည် ရှေ့သို့ တစ်ဟုန်ထိုး ခုန်တက်လိုက်ပြီး လှေကားထစ်များစွာကို လျင်မြန်စွာ ကျော်ဖြတ်ကာ အထက်သို့ တက်လှမ်းသွားတော့သည်။ အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်
တွင် ချန်ကျီရှင်းသည် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ပေါ်သို့ ခြေချနိုင်ခဲ့သည်။
နံနက်စောစောပိုင်းက လူအများဖြင့် စည်ကားနေခဲ့သော ကွင်းပြင်ကြီးမှာ ယခုအခါ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်ယံမှာမူ အုံ့မှိုင်းနေဆဲဖြစ်ပြီး မိုးများ တရစပ် ရွာသွန်းနေဆဲပင်။
ကွင်းပြင်၏ အလယ်ဗဟိုတွင် တစ်ကိုယ်လုံး၌ ဗုဒ္ဓကျမ်းစာများနှင့် သင်္ကေတအက္ခရာများ ဖုံးလွှမ်းနေသော ပိန်ပါးသည့် လူတစ်ဦးက တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် ရေဝပ်နေသော နေရာများ၏ အလယ်တွင် ထိုနေရာ၌ ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေပုံပင်။
ချန်ကျီရှင်း ကွင်းပြင်ပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် ထိုပုံရိပ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ရောက်လာပြီလား... စစ်မှန်သောတပည့်ရှောင်"
ထိုပိန်ပါးသောလူက ချန်ကျီရှင်းကို ကြည့်ကာ မျက်နှာတွင် မှိန်ပြပြအပြုံးတစ်ခုနှင့် ပြောလိုက်သည်။
ချန်ကျီရှင်းကို မြင်လိုက်ရသည့်အခါ သူ၏ အမူအရာတွင် အံ့ဩရိပ် အနည်းငယ်မျှပင် မရှိပေ။ ချန်ကျီရှင်းသည် ဤကွင်းပြင်သို့ ဒုတိယမြောက် ရောက်ရှိလာမည့်သူ ဖြစ်လိမ့်မည်ဟု သူက ကြိုတင်မျှော်လင့်ထားသည့်အလားပင်။
“စစ်မှန်သောတပည့်ခန်... စောင့်ခိုင်းထားမိတဲ့အတွက် တောင်းပန်ပါတယ်"
ချန်ကျီရှင်းကလည်း ပြုံးလိုက်သည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် သူသည် ခန်ရုံထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။