အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း။ ၁၅၅
ရှူးရှူး ရှဲရှဲ...
သည်းထန်စွာရွာသွန်းနေသော မိုးစက်များမှာ ကောင်းကင်ယံမှ လိုက်ကာကြီးတစ်ခုအလား ကျဆင်းနေပြီး ကျောက်စိမ်းပြားပေါ်သို့ ပုလဲလုံးများ ကြွေကျသကဲ့သို့ မြေပြင်ပေါ်တွင် တဖျတ်ဖျတ် မြည်ဟည်းနေသည်။
ကွမ်းဟဲခန်းမဆောင်အတွင်း၌
“သွားကြစို့... ရလဒ်တွေ ထွက်ပေါ်လာမယ့်အချိန် ရောက်ပြီ"
ချင်းထျန်းကျန်းက ဦးစွာထရပ်လိုက်ပြီး ခန်းမအပြင်ဘက်သို့ လှမ်းထွက်သွားသည်။ လီရန်နှင့် ထိုပါးကျန်းယီတို့သည်လည်း အသက်ကို ဝဝရှူလိုက်ကြပြီး နောက်မှ ခပ်သွက်သွက် လိုက်ပါသွားကြတော့သည်။
ခန်းမအပြင်ဘက် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ထက်တွင်မူ ချန်ကျီရှင်းသည် ခန်ရုံထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားနေသည်။ ခန်ရုံသည်လည်း နေရာမှ ထရပ်လိုက်ပြီး ချန်ကျီရှင်းကို စိုက်ကြည့်လိုက်၏။ သည်းထန်သော မိုးရေစက်များသည် သူတို့နှစ်ဦး၏ ပုခုံးပေါ်သို့ ကျရောက်လာသောအခါ မမြင်နိုင်သော အတားအဆီးတစ်ခုနှင့် တွေ့ဆုံသွားသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်သို့ အလိုအလျောက် ကွဲထွက်သွားကြသည်။
“နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူ... တကယ့်ကို ရှားပါးပါပေတယ်"
ခန်ရုံသည် ဤသတင်းကို မည်သည့်နေရာမှ ရခဲ့မှန်းမသိသော်လည်း သူ၏မျက်နှာတွင် အံ့ဩရိပ်များ ဖုံးလွှမ်းသွားသည်။
ချန်ကျီရှင်းက ခန်ရုံကို ကြည့်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
“အစောပိုင်းက မြောက်ဘက်တောင်ထိပ်ရဲ့ ခန္ဓာကိုယ်ကျင့်စဉ်တွေက ငါ့ကို စိတ်ပျက်စေခဲ့တယ်။ မင်းကတော့ ငါ့အတွက် အံ့ဩစရာတစ်ခုခု ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
“ကောင်းပြီလေ”
ခန်ရုံက ခေါင်းညိတ်လိုက်သည်။ သူ၏ ရေပြင်ကဲ့သို့ တည်ငြိမ်နေသော မျက်ဝန်းများအတွင်း၌ တိုက်ခိုက်လိုစိတ်အရိပ်အယောင်များ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
သူသည် အထီးကျန်နေခဲ့သည်မှာ တကယ့်ကို ကြာမြင့်လှပြီ ဖြစ်သည်။ စစ်မှန်သောကိုယ်ပိုင်
နယ်ပယ်သို့ ရောက်ရှိပြီး ပထမအကြိမ် တောင်ထိပ်နှစ်ခုပြိုင်ပွဲတွင် ချန်ပီယံအဖြစ် ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ကတည်းက သူသည် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်း မရှိခဲ့ဖူးပေ။
သို့မဟုတ်ပါကလည်း သူသည် ရှုံးနိမ့်ခြင်း မရှိခဲ့ရုံသာမက မည်သူတစ်ဦးတစ်ယောက်ကမျှ သူ၏စိတ်ကို ပြန်လည်လှုပ်ရှားလာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သို့သော် ယခု ရှောင်ပင်းနှင့် တွေ့ဆုံလိုက်သည့်အခါတွင်မူ... ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်သော သွေးဆူပွက်ရသည့် စိတ်လှုပ်ရှားမှုကို သူ ပြန်လည် ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်မှာပင်…
“ရှောင်ပင်း... မင်းရဲ့ ပြိုင်ဘက်က ငါပဲ”
လေးလံနက်ရှိုင်းသော အသံတစ်သံ ဟိန်းထွက်လာသည်။
ထို့နောက်တွင်မူ နှစ်မီတာခန့် မြင့်မားကာ တစ်ကိုယ်လုံး၌ ကြွက်သားများ ထုံးခဲနေပြီး ခါးအထိ ရှည်လျားလှသော အနက်ရောင် ဆံပင်ရှည်ကြီးများရှိသည့် ဖန်နိုင်သည် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ပေါ်သို့ ခြေချလာသည်ကို တွေ့လိုက်ရတော့သည်။
ရွှမ်း... ရွှမ်း...
ချန်ကျီရှင်းနှင့် ခန်ရုံတို့နှစ်ဦးစလုံးသည် ဖန်နိုင်ထံသို့ တစ်ပြိုင်နက်တည်း အကြည့်လွှဲလိုက်ကြသည်။
“ခင်ဗျားတို့ တောင်ဘက်တောင်ထိပ်က အဘိုးကြီးတွေက တကယ်ကို မတိုက်တတ်ကြဘူးပဲ”
ဖန်နိုင်က ဖြဲကားစွာရယ်မောရင်း ချန်ကျီရှင်းထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ ဖန်နိုင်သည် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ပေါ်သို့ ခြေချလိုက်သည့်အချိန်မှာပင်
ဝတ်ရုံနီနှင့် ပုံရိပ်တစ်ခုသည် လှေကားထစ်များအတိုင်း တက်လှမ်းလာခဲ့ပြန်သည်။
“မောင်လေးရှောင်...”
လီရန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ချန်ကျီရှင်းက သူမထက်စောပြီး ကွင်းပြင်ပေါ်သို့ ရောက်ရှိနေသည်ကို သူမ မမျှော်လင့်ထားခဲ့ပေ။
“အစ်မ"
ချန်ကျီရှင်းက လီရန်ကို ပြုံးပြလိုက်သည်။
လီရန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ ချန်ကျီရှင်းမှာ ရှေ့တွင် ခန်ရုံ၊ နောက်တွင် ဖန်နိုင်တို့ဖြင့် ဝိုင်းရံခံထားရသည်ကို သတိပြုမိသွားပြီး သူမ၏ အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားကာ ချန်ကျီရှင်း၏ဘေးတွင် အမြန်ဆုံး သွားရောက်ရပ်တန့်လိုက်သည်။
“မောင်လေးရှောင်... မင်း အဆင်ပြေရဲ့လား”
လီရန်က စိုးရိမ်တကြီး မေးလိုက်သည်။
“အဆင်ပြေပါတယ်ဗျ"
ချန်ကျီရှင်းက ပြုံး၍ ပြန်ဖြေ၏။
ထိုစကားကြောင့် လီရန် သက်ပြင်းတစ်ချက် ချလိုက်နိုင်သော်လည်း စိုးရိမ်ပူပန်စွာဖြင့် ဆက်ပြောသည်။
“မင်း အဆင်ပြေတာ ကံကောင်းတာပဲ။ ဒါပေမဲ့ အစ်ကိုကြီးကွမ်းကတော့ ဒီတစ်ခါ ပြဿနာတက်နိုင်တယ်"
“ဟင်”
ချန်ကျီရှင်းက နားမလည်နိုင်သလို မျက်ခုံးပင့်ကာ မေးလိုက်သည်။
လီရန်က တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ဒီတစ်ခါ လှေကားထစ်တွေအတိုင်း တက်လာတုန်းက ပထမစမ်းသပ်ချက်မှာ မြောက်
ဘက်တောင်ထိပ်တပည့် တစ်ရာပဲ တွေ့ခဲ့ရသလို ဒုတိယအဆင့်မှာလည်း အကြီးအကဲ တစ်ယောက်တည်းနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒီလိုအခြေအနေအရဆိုရင် မြောက်ဘက်တောင်ထိပ်က သူတို့ရဲ့ တပည့်တွေနဲ့ အကြီးအကဲ အများစုကို အစ်ကိုကြီး ကွမ်းကို တားဆီးဖို့အတွက်ပဲ သုံးလိုက်ပြီ ထင်တယ်"
ဤစကားကို ကြားရမှ ချန်ကျီရှင်းသည် လီရန် ဘာကြောင့် စိုးရိမ်နေသည်ကို နားလည်သွားတော့သည်။
သူက ပြုံး၍ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင်…
“နောက်ဆုံးတော့... ငါ တက်လာနိုင်ခဲ့ပြီဟေ့”
အမောတကော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင်မူ အခြားသော ရှေးဟောင်းလမ်းတစ်ခုမှနေ၍ ဝတ်ရုံနီစုတ်တီးစုတ်ပြတ်များဖြင့် လူတစ်ဦးသည် ခါးကိုကိုင်လျက် လှေကားထစ်များအတိုင်း တက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
“အဲဒီ မြောက်ဘက်တောင်ထိပ်က အကြီးအကဲ ယွမ်ချီဆိုတဲ့လူကတော့ တကယ့်ကို လူပါးဝတာပဲ။ ဘာတဲ့... ကောင်းကင်စွမ်းအင် လျှို့ဝှက်လင်းယုန်ကျင့်စဉ်လား ငါ့တစ်ကိုယ်လုံးကိုလည်း ကုတ်ဖဲ့ထားလိုက်တာ...”
သူသည် တစ်ဦးတည်း ညည်းညူကာ တိုင်တည်နေရင်းမှ ရှေ့သို့ မော့ကြည့်လိုက်သည့်အခါ အံ့ဩတုန်လှုပ်သွားရသည်။
“ညီမလေးလီ... ညီလေးရှောင်...”
“မင်းတို့နှစ်ယောက် ပြိုင်ပွဲကနေ မထွက်သွားရသေးဘူးလား”
ကွမ်းထျန်းယွီသည် မယုံကြည်နိုင်ဟန်ဖြင့် သူတို့ကို စိုက်ကြည့်ကာ မျက်လုံးများကို ပွတ်သပ်ရင်း အနားသို့ အမြန်ပြေးလာခဲ့သည်။
“ကျွန်တော်တို့ ထွက်မသွားရတာက အဲဒီလောက်တောင် ထူးဆန်းနေလို့လားဗျ”
လီရန်က မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်သည်။
“ဒါပေမဲ့ အစ်ကိုကြီးကွမ်း... ရှင်လည်း ပြိုင်ပွဲကနေ ထွက်မသွားရဘူးမလား”
ကွမ်းထျန်းယွီက မျက်လုံးတစ်ချက်ဝေ့ကာ ပြောလိုက်သည်။
“ညီမလေးလီ... အဲဒါက နည်းနည်းတော့ မဟုတ်သေးဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ပဲလေ။ ဒီလောက် တားဆီးမှုအင်အားလေးနဲ့တော့ ငါက အရှုံးပေးမလားကွ”
“နေပါဦး”
လီရန်သည် ကွမ်းထျန်းယွီ ပြောလိုက်သည့် ဒီလောက် တားဆီးမှုအင်အားလေးဆိုသည့် စကားကို ရုတ်တရက် သတိပြုမိသွားပြီး ချက်ချင်းပင် မေးမြန်းလိုက်သည်။
“အစ်ကိုကြီးကွမ်း... ပထမနဲ့ ဒုတိယစမ်းသပ်ချက်တွေမှာ ရှင် ဘယ်လောက်အထိ ပြင်းထန်တဲ့ တားဆီးမှုတွေနဲ့ တွေ့ခဲ့ရတာလဲ”
ကွမ်းထျန်းယွီက ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြန်ဖြေသည်။
“ဒီတစ်ခါတော့ တကယ့်ကို ထူးဆန်းတယ်။ မြောက်ဘက်တောင်ထိပ်ရဲ့ တပည့် ခြောက်ရာကျော်ထဲမှာ ပထမစမ်းသပ်ချက်တုန်းက တစ်ရာပဲ ငါ့ကို တားခဲ့ကြတယ်။ ဒုတိယအဆင့်မှာလည်း မြောက်ဘက်တောင်ထိပ်ရဲ့ အကြီးအကဲကြီး ငါးဦးထဲမှာ အားအနည်းဆုံးဖြစ်တဲ့ ယွမ်ချီ တစ်ယောက်တည်းပဲ ရှိတယ်...”
ခေတ္တမျှ ရပ်နားပြီးနောက် ကွမ်းထျန်းယွီက ဆက်ပြောသည်။
“ငါ့ဘက်မှာ ဒီလောက် လွယ်ကူနေခဲ့ပေမဲ့ မင်းတို့ဘက်မှာတော့ ဖိအားတွေ အများကြီး ရှိနေမှာပဲ မဟုတ်လား”
ကွမ်းထျန်းယွီ စကားပြောနေရင်းမှာပင် သူ၏စကားကို နားထောင်နေသော လီရန်သည် ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး ချန်ကျီရှင်းကို မယုံကြည်နိုင်လောက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ညီမလေးလီ... မင်းက ဘာလို့ ညီလေးရှောင်ကို အဲဒီလိုကြီး စိုက်ကြည့်နေရတာလဲ။ သူ့မျက်နှာမှာ ပန်းတွေ ပွင့်နေလို့လား...”
ကွမ်းထျန်းယွီက ရယ်မောရင်း ပြောလိုက်သည်။
သူ စကားမဆုံးမီမှာပင် လီရန်က အသက်ကို ဝဝရှူလိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“အစ်ကိုကြီးကွမ်း... ကျွန်မဘက်မှာလည်း မြောက်ဘက်တောင်ထိပ်တပည့် တစ်ရာပဲ ရှိခဲ့သလို အကြီးအကဲ ငါးဦးထဲက ယွမ်ကုန်း တစ်ယောက်တည်းပဲ လာတားခဲ့တာ"
နောက်တစ်ခဏ၌ လီရန်၏ အကြည့်သည် ချန်ကျီရှင်းထံ၌သာ အတည်တကျ ရှိနေတော့သည်။ သူမသည် မယုံကြည်နိုင်စွာဖြင့် လည်ချောင်းသံ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။
“မောင်လေးရှောင်... မင်းတစ်ယောက်တည်းကပဲ မြောက်ဘက်တောင်ထိပ်ရဲ့ ကျန်တဲ့တပည့် လေးရာနဲ့ အသန်မာဆုံး အကြီးအကဲ သုံးယောက်စလုံးကို ရင်ဆိုင်ပြီး ဒီကို တစ်ယောက်တည်း တက်လာခဲ့တာလား”
ဤစကား ထွက်ပေါ်လာသည်နှင့် ကွမ်းထျန်းယွီ၏ မျက်လုံးများသည် ကြေးခေါင်းလောင်းကြီးများအလား ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတော့သည်။
တောင်တံခါးဝတွင်မူ တိုက်ရိုက်ထုတ်လွှင့်နေသည့် အလင်းမှန်ချပ်ထဲမှ လီရန်၏ စကားသံများသည် အပြင်ဘက်သို့ ပျံ့လွင့်လာခဲ့သည်။
ချန်ကျီရှင်းကို ဝိုင်းရံတားဆီးရာတွင် ပါဝင်ခဲ့ကြသည့် မြောက်ဘက်တောင်ထိပ် တပည့်များမှာမူ စာမေးပွဲကျထားသူများအလား တစ်ဦးပြီးတစ်ဦး ခေါင်းငိုက်စိုက်ကျနေကြတော့သည်။
တစ်ဖက်တွင်လည်း အလင်းမှန်ချပ်ကို ကြည့်နေကြသည့် တောင်ဘက်တောင်ထိပ် တပည့်အများအပြားမှာမူ ချက်ချင်းပင် ပေါက်ကွဲထွက်မတတ် အော်ဟစ်လိုက်ကြတော့သည်။
“ဘာ”
“စီနီယာရှောင်က အစမှာ လူလေးရာကို ရင်ဆိုင်ခဲ့ပြီးမှ မြောက်ဘက်တောင်ထိပ်ရဲ့ အကြီးအကဲကြီး သုံးဦးစလုံးကို အနိုင်ယူပြီး ရှေးဟောင်းလမ်းကို တက်လာခဲ့တာလား”
“ဘုရားရေ ဒါက ဘယ်လိုမျိုး အောင်မြင်မှုကြီးလဲ”
“မြန်မြန် ငါ့ကို ဆွဲဆိတ်ပေးစမ်းပါဦး။ ငါ ခေါင်းတွေ မူးနေပြီ။ ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှုတွေပဲလား”
“စီနီယာရှောင်”
ခဏချင်းမှာပင် မရေမတွက်နိုင်သော တောင်ဘက်တောင်ထိပ် တပည့်များသည် အံ့ဩတုန်လှုပ်မှုများဖြင့် ချန်ကျီရှင်းကို အလွန်အမင်း စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြတော့သည်။
“ဒီလို အောင်မြင်မှုမျိုးနဲ့ဆိုရင် စီနီယာရှောင်က မြောက်ဘက်တောင်ထိပ် တစ်ခုလုံးကို တစ်ယောက်တည်းနဲ့ သိမ်းကျုံးအနိုင်ယူလိုက်တာပဲ”
“တောင်ထိပ်တစ်ခုလုံးကို တစ်ယောက်တည်းနဲ့ သိမ်းကျုံးပစ်တာ ဒီလိုမျိုး နောက်ဆုံး လုပ်နိုင်ခဲ့တာ မြောက်ဘက်တောင်ထိပ်ရဲ့ သုံးထပ်ကွမ်းချန်ပီယံခန်ရုံပဲ မဟုတ်လား”
“ငါတို့ တောင်ဘက်တောင်ထိပ်မှာလည်း... ရှေးယခင်ကနေ အခုခေတ်အထိ တောက်ပနိုင်လောက်တဲ့ ပါရမီရှင်တစ်ယောက် နောက်ဆုံးတော့ ထွက်ပေါ်လာပြီဟေ့”
တောင်ဘက်တောင်ထိပ်သားများ၏ အောင်ပွဲခံသံများသည် တစ်လောကလုံးကို ဟိန်းထွက်သွားစေသည်။ ချန်ကျီရှင်း၏ ဂုဏ်သတင်းမှာလည်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော တောင်ဘက်တောင်ထိပ်တပည့်များမှာ ပြင်းပြသော မျှော်လင့်ချက်များ၊ အတိုင်းအဆမရှိသော ဝမ်းသာပီတိများဖြင့် ကြည့်ရှုနေကြတော့သည်။
“စီနီယာရှောင်က ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ ကျင့်ကြံတာ အချိန်တိုလေးပဲ ရှိသေးတာတောင် သူ့ရဲ့ ခွန်အားနဲ့ တိုးတက်မှုနှုန်းက တကယ့်ကို ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လွန်းတယ်...”
တာအိုမျိုးစေ့လေးခုအနက်မှ တစ်ဦးဖြစ်သူ လော့ချုံက အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်သည်။
တစ်ခါက ချန်ကျီရှင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသော ဝမ်တုန်းကလည်း အသက်ကို ဝဝရှူလိုက်ရင်း မျက်နှာတွင် အပြုံးတစ်ခုဖြင့် “ငါ သိသားပဲ... အသိစိတ်ခရီးသွားနယ်ပယ်ထဲကို စဝင်ရုံနဲ့ သူ့ရဲ့ အရှိန်အဝါတစ်ခုတည်းနဲ့တင် ငါ့ကို မျှော်လင့်ချက်မဲ့အောင် လုပ်နိုင်တဲ့သူက ဘယ်လိုမှ မရိုးရှင်းနိုင်ဘူးဆိုတာလေ"
တာအိုမျိုးစေ့ ယွီထျန်းရှင်းကမူ ခေတ္တမျှ ကြောင်အသွားပြီးနောက် လော့ချုံနှင့် အခြားသူများကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
“ဖြစ်နိုင်တာက... ဒီတစ်ခါ စီနီယာရှောင်နဲ့ဆိုရင် ငါတို့ တောင်ဘက်တောင်ထိပ်က နှစ်ပေါင်းတစ်ရာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြောက်ဘက်တောင်ထိပ်ကို အနိုင်ယူနိုင်တဲ့ စွမ်းဆောင်ချက်မျိုး တကယ်ကြီး လုပ်နိုင်တော့မှာလားမသိဘူး"
ထိုစကားကို ကြားလိုက်ရသည့်အခါ တောင်ဘက်တောင်ထိပ်တပည့်များမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
“စီနီယာရှောင်က မြောက်ဘက်တောင်ထိပ်ကို အနိုင်ယူနိုင်သည်ဖြစ်စေ မအောင်မြင်သညဖြစ်စေ... ဒီပြိုင်ပွဲကြီးပြီးသွားရင်တော့ စီနီယာရှောင်က နှစ်ပေါင်းတစ်ရာအတွင်း ငါတို့တောင်ဘက်တောင်ထိပ်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်လာမှာ အသေအချာပဲ။ သူ့ရဲ့ ဂုဏ်သတင်းက သန့်စင်သောမိန်းကလေးနဲ့ စီနီယာကွမ်းတို့ကိုတောင် ကျော်လွန်သွားလိမ့်မယ်”
လော့ချုံက အလေးအနက် ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။
...
...
ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ထက်၌ ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည့်အခါ လီရန်နှင့် ကွမ်းထျန်းယွီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အပြန်အလှန် အံ့ဩတုန်လှုပ်သွားကြသည်။
“ညီလေး... မင်းမှာ ဒီလောက်အထိ ခွန်အားရှိနေတာကို အစောကြီးကတည်းက မပြောဘူးနော်။ တကယ့်ကို လျှို့ဝှက်ချက်တွေ များသားပဲ”
ကွမ်းထျန်းယွီက ရယ်မောရင်း ဆဲဆိုကာ ချန်ကျီရှင်း၏ ရင်ဘတ်ကို လက်သီးဖြင့် အသာအယာ ထိုးလိုက်သည်။
လီရန်ကမူ ခါးသီးစွာသာ ပြုံးနိုင်တော့သည်။
“မောင်လေးရှောင်... အခြေအနေတွေက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်လို့ ယုံဖို့တောင် ခက်နေတုန်းပဲ....”
သူတို့ စကားပြောနေစဉ်မှာပင် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော နီရှောင်လုံသည် ကွင်းပြင်ပေါ်သို့ ယိုင်တိုင်တိုင် တက်လှမ်းလာခဲ့သည်။
“စီနီယာခန်... ကျွန်တော် တောင်ဘက်တောင်ထိပ်က အသစ်ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့ တွေ့နေလို့ နောက်ကျသွားတယ်...”
နီရှောင်လုံက ခန်ရုံ၏ဘေးသို့ ရောက်သည်နှင့် အားနာစွာ ဆိုလိုက်သည်။
“ဘာမှမဖြစ်ဘူး... အားလုံး ငါ့လက်ထဲမှာပဲ ရှိတယ်"
ခန်ရုံက သူ့ကို ပြုံး၍ ပြန်ပြော၏။
ဤသို့ဖြင့် မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်တို့၏ စစ်မှန်သောတပည့် ခြောက်ဦးစလုံးမှာ ပထမစမ်းသပ်ချက် နှစ်ခုစလုံးကို အောင်မြင်ခဲ့ကြပြီး ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်၌ ဆုံစည်းမိသွားကြပြီ ဖြစ်သည်။ ချင်းထျန်းကျန်း၊ မုယွဲ့မေနှင့် ထိုပါးကျန်းယီတို့သည်လည်း ကွမ်းဟဲခန်းမဆောင်အတွင်းမှ ထွက်လာကြသည်။ အားလုံးက ရိုသေစွာဖြင့် အရိုအသေပေးလိုက်ကြ၏။
“မင်းတို့အားလုံး တော်ကြပါတယ်"
ချင်းထျန်းကျန်းက အားလုံးကို ကြင်နာစွာ ပြုံးပြလိုက်ပြီးနောက် စကားအများကြီး မပြောတော့ဘဲ လက်ကို မြှောက်ကာ ပြောလိုက်သည်။
“ငါ့လက်ဖဝါးတွင်းမှ ကမ္ဘာလောက... နိုးထစမ်း”
သူ၏ လက်ဖဝါးထဲတွင် လက်ဝါးအရွယ်အစားခန့်ရှိသော တိုက်ပွဲစင်မြင့်သုံးခု ပေါ်ထွက်လာသည်။ သူက ထိုစင်မြင့်များကို အသာအယာ လွှင့်ပစ်လိုက်ရာ စင်မြင့်သုံးခုစလုံးမှာ ကောင်းကင်ယံသို့ ဝဲပျံတက်သွားပြီး နဝမမြောက်ကောင်းကင်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
လေထုထဲတွင် ထိုစင်မြင့်များသည် လေနှင့်အတူ ကြီးထွားလာပြီး အမြင့်သို့ ရောက်သည့်အခါတွင်မူ ကျယ်ပြောလှသော ကောင်းကင်တိုက်ကြီး သုံးခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုတိုက်ကြီးသုံးခုမှာ ဟင်းလင်းပြင်တွင် ပျံဝဲနေပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
တိုက်ကြီးတစ်ခုချင်းစီမှာ ပေတစ်သောင်းခန့် ကျယ်ဝန်းပြီး တစ်ခုနှင့်တစ်ခု ရှုခင်းချင်း မတူညီကြပေ။ ဥပမာအားဖြင့် ပထမတိုက်ကြီးမှာ စည်ကားလှသော ဈေးတန်းများနှင့် လမ်းမများ ဖြစ်နေပြီး ဒုတိယတိုက်ကြီးမှာ ကျယ်ပြောလှသော ရေကန်ကြီးတစ်ခု ဖြစ်နေကာ တတိယတိုက်ကြီးမှာမူ ထူးဆန်းသော ကျောက်ဆောင်များနှင့် မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးများရှိသည့် တောအုပ်တစ်ခု ဖြစ်နေသည်။
“အိုး”
ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်မိသည်။ ဤကဲ့သို့သော အတတ်မျိုးမှာ တကယ်ကို ရှားပါးလွန်းသည်။
“မင်းတို့အားလုံး ကိုယ့်ပြိုင်ဘက်ကိုယ် သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် အချိန်မဆွဲတော့ဘဲ စလိုက်ကြရအောင်"
ချင်းထျန်းကျန်းက ပြုံးလျက် ဆိုသည်။
အားလုံးက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ပြိုင်ဘက်များကို အသီးသီး ကြည့်လိုက်ကြသည်။
“စစ်မှန်သောတပည့်ကွမ်း... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"
ခန်ရုံက ကွမ်းထျန်းယွီကို ပြုံး၍ နှုတ်ဆက်လိုက်ပြီးနောက် ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ကန်ကျောက်ကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်သို့ ပျံတက်သွားပြီး တိုက်ကြီးသုံးခုအနက်မှ တောအုပ်ရှိသော တိုက်ကြီးပေါ်သို့ ဆင်းသက်လိုက်သည်။
“ဒါပေါ့”
ကွမ်းထျန်းယွီ၏ အပြုံးမှာ ပျက်မသွားသော်လည်း ခန်ရုံ ထွက်သွားသည်နှင့် သူ၏ မျက်နှာမှာ ချက်ချင်းပင် လေးနက်သွားတော့သည်။
“ညီမလေးလီ... ညီလေးရှောင်... မင်းတို့ရဲ့ အစ်ကိုကြီး... အရင်သွားနှင့်ပြီနော်”
သူက လီရန်နှင့် ချန်ကျီရှင်းကို လွမ်းဆွတ်တမ်းတဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
“တောင်ဘက်တောင်ထိပ်က သန့်စင်သောမိန်းကလေးမှာ စိတ်ဝိညာဉ် အသိစိတ်ပါရမီရှိတယ်လို့ ကြားဖူးတယ်။ မင်းမှာ ဘာတွေရှိလဲဆိုတာ ငါ့ကို ပြစမ်းပါဦး”
နီရှောင်လုံက မည်သည့်အမူအရာမျှ မပြဘဲ ညာဘက်ခြေထောက်ဖြင့် အသာအယာ နင်းလိုက်ရာ သူ၏ခန္ဓာကိုယ်တွင် ရွှေရောင်နဂါးကြီးတစ်ကောင် ရစ်ပတ်ထွက်ပေါ်လာပြီး ရေကန်ကြီးရှိသော တိုက်ကြီးဆီသို့ ဦးတည်သွားတော့သည်။
လီရန်ကလည်း အသက်ကို ဝဝရှူလိုက်ပြီး လှပသပ်ရပ်သော လှုပ်ရှားမှုများနှင့်အတူ လေထဲ၌ ပုံရိပ်ယောင်များ ချန်ရစ်ထားခဲ့ကာ ရေကန်ကြီးပေါ်သို့ ထပ်ကြပ်မကွာ ဆင်းသက်လိုက်တော့သည်။
အခန်း။ ၁၅၆
သည်းထန်စွာ ရွာသွန်းနေသော မိုးကြီးမှာ တဖြည်းဖြည်း စဲသွားပြီးနောက် မိုးဖွဲဖွဲလေးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖြူဖွေးသော ကျောက်စိမ်းကွင်းပြင်တစ်ခုလုံးတွင် ချန်ကျီရှင်းနှင့် ဖန်နိုင်နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ ဖန်နိုင်၏ ထူထပ်လှသော ဆံပင်ရှည်ကြီးများသည် သူ၏ ကျောပြင်
ထက်သို့ ဖြာကျနေပြီး ကြမ်းတမ်းသော သူ၏မျက်နှာထက်တွင် လွှသွားကဲ့သို့ စူးရှသော သွားများကို ဖော်ပြလျက် ပြုံးလိုက်သည်။
“ဒီအတောအတွင်းမှာ ငါတို့တောင်ထိပ်သခင် အဘိုးကြီးက ငါ့ကို ခဏခဏ လာပြောနေတာ။ တောင်ဘက်တောင်ထိပ်မှာ ငါ့လိုပဲ အကန့်အသတ်ကျော် ပါရမီရှင်တစ်ယောက် ပေါ်နေပြီမို့လို့ သတိထားပါဆိုပြီးတော့လေ။ သူ့ရဲ့ တတွတ်တွတ် နားပူနားဆာ လုပ်နေတာတွေကို ငါ တကယ် စိတ်ပျက်နေပြီ"
“လာစမ်းပါ မင်းရဲ့ ခြေလက်တွေကို ငါ ချိုးပစ်မယ်။ မင်းရဲ့ အသားတွေကို ဆွဲဖြဲပြီး ကျောရိုးကိုပါ အမှုန့်လုပ်ပစ်မယ်”
“အဲဒီအဘိုးကြီးရဲ့ ပါးစပ်ကို လုံးဝ ပိတ်သွားအောင် ငါ လုပ်ပြမယ်”
ဘုန်း
သူက ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို အားကုန်နင်းလိုက်ရာ ပြင်းထန်လှသော အရှိန်ကြောင့် ဖြူဖွေးသော ကျောက်စိမ်းကွင်းပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။ သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး ဈေးတန်းများနှင့် လမ်းမများရှိသည့် ကမ္ဘာငယ်လေးပေါ်သို့ ဆင်းသက်လိုက်ပြီ ဖြစ်သည်။
“ပင်းအာ... သတိထားနော်"
မုယွဲ့မေက မနေနိုင်ဘဲ လှမ်း၍ သတိပေးလိုက်သည်။
“ရပါတယ်ဗျ"
ချန်ကျီရှင်းက မုယွဲ့မေကို တစ်ချက်ကြည့်ကာ အသာအယာ ပြုံးပြလိုက်သည်။
နောက်တစ်ခဏ၌
ဝုန်း
မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သော အသံကြီးနှင့်အတူ ချန်ကျီရှင်းသည် ရှေ့သို့ တိုးဝင်လိုက်ပြီး ဈေးတန်းကမ္ဘာငယ်လေးအတွင်းသို့ ဆင်းသက်လိုက်တော့သည်။
.....
.....
ဂျိန်း
ဖန်နိုင်သည် ထိုကမ္ဘာငယ်လေးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး သူ၏ အရှိန်အဟုန်ကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ တိုက်ရိုက်ပင် ပြိုကျပျက်စီးသွားတော့သည်။ သူက ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်သည်။
ဝတ်ရုံနီနှင့် ချန်ကျီရှင်းသည်လည်း ပင်လယ်ပြင်ကို ရိုက်ခတ်လိုက်သော ဥက္ကာခဲတစ်ခုအလား မြေပြင်ပေါ်သို့ ကျရောက်လာပြီး ကိုက်တစ်ရာခန့် ကျယ်ဝန်းသော ကျင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ဖန်နိုင်က ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ကန်ကျောက်ကာ အသစ်တင် ဆင်းသက်လာသော ချန်ကျီရှင်းထံသို့ တရကြမ်း ပြေးဝင်သွားတော့သည်။
“ပထမပုံစံ... ဖွင့်စမ်း”
လေထဲတွင်ပင် ဖန်နိုင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးထွားလာပြီး ကျယ်ပြန့်လာတော့သည်။
သူ၏ အရေပြားပေါ်တွင် ကြွက်သားများမှာ သစ်မြစ်ကြီးများအလား ဖုထွက်လာပြီး သွေးကြောများမှာလည်း ကြောက်မက်ဖွယ်ကောင်းသော စပါးအုန်းမြွေကြီးများကဲ့သို့ လိမ်ကျစ်ကာ တဒိတ်ဒိတ် ခုန်လှုပ်နေကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ခြောက်မီတာခန့် မြင့်မားသော လူဘီလူးကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းအိမ်များမှာ ပြူးထွက်လျက် မျက်ဖြူသားများပေါ်တွင် သန်ကောင်ကဲ့သို့ သွေးကြောမျှင်များ ယှက်သန်းနေတော့သည်။
“ဒီနေ့ တိုက်ပွဲမှာတော့.....”
ဖန်နိုင်၏ ပါးစပ်မှ နိမ့်ရှိုင်းပြီး ယုတ်မာသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်း သေရမယ်...”
“ငါ ရှင်ရမယ်”
ဝုန်း…
ဖန်နိုင်သည် ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာပြီး သူ၏ လက်ချောင်းငါးချောင်းကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လျက် ချန်ကျီရှင်းထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။ လက်သီးချက် မထိမှီမှာပင် ဟင်းလင်းပြင်တစ်ခုလုံးမှာ ထိုစွမ်းအားကို မခံနိုင်တော့ဘဲ တစ်လက်မချင်း ပြိုကွဲပျက်စီးတော့မည့်အလားပင်။
“လာစမ်း”
ချန်ကျီရှင်း၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူ၏ အကြည့်တွင် တိုက်ခိုက်လိုစိတ် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ငါ တကယ်ကို သိချင်နေခဲ့တာ။ ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင်ကို ချိုးဖျက်ထားပြီး ရှေးဟောင်းလူရိုင်းသွေးအများအပြားကို အစားထိုးထားတဲ့ အကန့်အသတ်ကျော် ပါရမီရှင်
တစ်ယောက်က ဘယ်လောက်အထိ သန်မာနိုင်မလဲဆိုတာကိုပေါ့….
ချန်ကျီရှင်းသည် သူ၏ ညာလက်မောင်းကို လပြည့်ဝန်း လေးကိုင်းတစ်ခုအလား အနောက်သို့ ဆွဲယူလိုက်ပြီး ရှေ့သို့ အားကုန် တွန်းထုတ်လိုက်တော့သည်။
ဝုန်း
လက်သီးချင်း ထိခိုက်မိသည့်အခါ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းများမှာ စက်ဝိုင်းပုံစံဖြင့် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ မဏ္ဍပ်များ၊ အိမ်များနှင့် လမ်းကြားနံရံများမှာ ထိုရိုက်ခတ်မှုအောက်တွင် ခဏချင်းအတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကြေမွကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။
ချန်ကျီရှင်းသည် ပြင်းထန်လှသော စွမ်းအားတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အောက်သို့ နိမ့်ဆင်းသွားကာ ခြေဖဝါးအောက်ရှိ ကျောက်ပြားများမှာ ပေါက်ကွဲထွက်လျက် လူပုံသဏ္ဌာန် ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
“ဒါက ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင်ကို ချိုးဖျက်ထားတဲ့ အကန့်အသတ်ကျော်သူရဲ့ စွမ်းအားလား”
ချန်ကျီရှင်းက မျက်လုံးကို အသာအယာ မှေးလိုက်သည်။ အမှန်ပင် ဖန်နိုင်၏ စွမ်းအားမှာ တကယ့်ကို အထင်ကြီးစရာ ကောင်းလှသည်။ ကြယ်တာရာ အပ်စိုက်မှတ်တွေနဲ့ နွားသိုးမိစ္ဆာ ခွန်အားကို အသုံးမပြုဘဲနဲ့တော့ သူက အနည်းငယ် နိမ့်ပါးနေသေးတာ အမှန်ပင်။
“အားကောင်းတဲ့ ခွန်အားပါပဲ ဒါပေမဲ့ ငါနဲ့ ယှဉ်ရင်တော့...”
ဖန်နိုင်က ခပ်နှိမ်နှိမ် လှောင်ပြုံးပြုံးလိုက်ရင်း နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
“အများကြီးကို လိုသေးတယ်ကွ”
ဖန်နိုင်က သူ၏လက်သီးကို မြှောက်လိုက်သည်နှင့် ဟင်းလင်းပြင်ကြီးမှာ တစ်လက်မချင်း ထပ်မံအက်ကွဲလာပြန်သည်။
ချန်ကျီရှင်း၏ အကြည့်တို့မှာ အေးစက်သွားပြီး စကားတစ်လုံးတည်းကိုသာ ရေရွတ်လိုက်သည်မှာ
“နှိမ်နင်းစမ်း”
ချက်ချင်းဆိုသလိုပင် အလွန်အမင်း ပြင်းထန်လှသော စိတ်ဝိညာဉ်အသိစိတ် စွမ်းအားတစ်ခုမှာ ဖန်နိုင်၏ သန်မာလှသော ခန္ဓာကိုယ်ကို ကျော်ဖြတ်ပြီး သူ၏ အသိစိတ်ပင်လယ်တည့်တည့်ကို ရိုက်ခတ်လိုက်တော့သည်။
ဖန်နိုင်သည် သူ၏ဦးခေါင်းကို ဧရာမတူကြီးဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်စွာ အော်ဟစ်လျက် အမြင်အာရုံများ အမှောင်အတိကျသွားတော့သည်။
ချန်ကျီရှင်းသည် ထိုအခွင့်အရေးကို အရယူကာ သူ၏ခြေထောက်ကို ဧရာမပုဆိန်ကြီးတစ်လက်အလား ဝှေ့ယမ်းလိုက်ပြီး ဖန်နိုင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။ ထိုရိုက်ခတ်မှုကြောင့် ဖန်နိုင်သည် နောက်သို့ ခြေလှမ်းအတော်များများ ယိုင်တိုင်တိုင် ဆုတ်ခွာသွားရပြီး လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာကြီးများ ထင်ကျန်ရစ်ခဲ့သည်။
“တောက် စိတ်ဝိညာဉ်သခင်ဆိုတဲ့ကောင်တွေက ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကိုပဲ အားကိုးတတ်ကြတာလား”
ဖန်နိုင်က သူ၏ဦးခေါင်းကို ခါယမ်းလိုက်ပြီး သတိပြန်လည်လာကာ ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။
“ဒုတိယအဆင့်...”
“စစ်မှန်သော မိစ္ဆာကွေရှန့် အသွင်သဏ္ဌာန်... ပွင့်စေစမ်း”
နောက်တစ်ခဏ၌ ဖန်နိုင်၏ အရေပြားပေါ်တွင် သံမဏိအလား မာကျောနက်မှောင်သော အမွှေးအမျှင်များ တရကြမ်း ထွက်ပေါ်လာတော့သည်။ သူ၏ နဖူးပေါ်မှ အသားများမှာ ကွဲအက်သွားပြီး ထက်မြက်ကာ ကွေးညွတ်နေသော ဦးချိုနှစ်ခု ထွက်ပေါ်လာခဲ့သည်။
ခြေချောင်းများ ပျောက်ကွယ်သွားပြီးနောက် နက်မှောင်သော ခွာများဖြင့် အစားထိုးသွားသည်။ ဖန်နိုင်၏ မျက်လုံးများမှာ လုံးဝဖြူဖွေးသွားပြီး သူ၏ မျက်သူငယ်အိမ်မှာ နှမ်းစေ့ခန့်သာရှိသော အနက်စက်ကလေးများအဖြစ် ကျုံ့ဝင်သွားတော့သည်။
“မင်းက စိတ်ဝိညာဉ် တိုက်ခိုက်မှုတွေကို အရသာတွေ့နေတာလား”
ဖန်နိုင်က ဆံပင်များ ဖရိုဖရဲ လွင့်ပျံနေလျက်နှင့် ရူးသွပ်စွာ ရယ်မောလိုက်သည်။
“ထပ်ပြီး တိုက်ကြသေးတာပေါ့”
ဒိုင်း…
ဖန်နိုင်က မြေပြင်ကို ကန်ကျောက်လိုက်ရာ အသံထက်မြန်သော အရှိန်ကို ချက်ချင်းချိုးဖျက်ပြီး ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သူသည် နက်မှောင်သော အပ်ချည်မျှင်အလား အမွှေးအမျှင်များ ဖုံးလွှမ်းနေသော လက်မောင်းနှစ်ဖက်ကို ဖြန့်လိုက်ပြီး ချန်ကျီရှင်း၏ ဦးခေါင်းကို ဘေးတစ်ဖက်တစ်ချက်မှနေ၍ အားကုန် ရိုက်ပိတ်လိုက်တော့သည်။
...
...
တောင်တံခါး ရင်ပြင်ထက်၌
“အမလေး”
ဖန်နိုင်နှင့် တိုက်ခိုက်ခဲ့ဖူးသော တာအိုမျိုးစေ့ လော့ချုံနှင့် အခြားသူများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်နှာပျက်သွားကြတော့သည်။
စစ်မှန်သော မိစ္ဆာကွေရှန့် သွေးမျိုးဆက်သည် စိတ်ဝိညာဉ်အသိစိတ်တိုက်ခိုက်မှုများကို လုံးဝလျစ်လျူရှုနိုင်စွမ်းရှိသည့် အနည်းငယ်သော ရှေးဟောင်းလူရိုင်းသွေးများထဲမှ တစ်ခုဖြစ်သည်။ ယခင်က လော့ချုံတို့တစ်သိုက်မှာ ဖန်နိုင်၏ ဤမိစ္ဆာကွေရှန့်အသွင်ကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပြီး မည်သည့်အခွင့်အရေးမျှ မရရှိခဲ့ပေ။
ပြောရလျှင် စစ်မှန်သော မိစ္ဆာကွေရှန့်သည် စိတ်ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူများအတွက် ဂျပိုးပင်။ ဤသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ဖန်နိုင်သည် စိတ်ဝိညာဉ်သခင်များအတွက်တော့ အနိုင်မရနိုင်သော ဘီလူးသရဲတစ်ကောင်နှင့် တူသည်။
“အခု ဘာဆက်ဖြစ်ကြမှာလဲ”
“စီနီယာရှောင်ကရော ဘယ်လိုတုံ့ပြန်မှာလဲ”
လော့ချုံနှင့် အခြားသူများမှာ ချန်ကျီရှင်းအတွက် အလွန်အမင်း စိုးရိမ်ပူပန်သော မျက်နှာထားများဖြင့် ကြည့်နေမိကြသည်။
...
...
“လာစမ်း”
ဖန်နိုင်၏ ရူးသွပ်လှသော တိုက်စစ်ကို မြင်လိုက်ရသည့်အခါ ချန်ကျီရှင်း၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
“ဒီလိုဆိုရင်လည်း... ခန္ဓာကိုယ်ခွန်အားချင်းပဲ ယှဉ်ကြည့်ကြတာပေါ့”
စကားအဆုံးတွင် ချန်ကျီရှင်းသည် သူ၏လက်နှစ်ဖက်ကို ဖြန့်ကာ ပြေးဝင်လာသော ဖန်နိုင်၏ လက်သီးများကို အမိအရ ဖမ်းဆုပ်လိုက်တော့သည်။
ဘုန်း…
ဧရာမတောင်ကြီးနှစ်လုံး တိုက်မိသကဲ့သို့ ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းများမှာ သူတို့နှစ်ဦး ထိတွေ့ရာမှ ဟင်းလင်းပြင်အတွင်း ဂယက်ထလျက် ထွက်ပေါ်လာတော့သည်။ ချန်ကျီရှင်းနှင့် ဖန်နိုင်တို့၏ လက်မောင်းချင်း ထိကပ်နေကြပြီး သူတို့နှစ်ဦးမှာ တစ်မီတာခန့်သာ ကွာဝေးတော့သည်။
ချန်ကျီရှင်းသည် ဖန်နိုင်၏ လက်မောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ သူတို့နှစ်ဦးမှာ တစ်ဦး၏ခွန်အားကို တစ်ဦးက အားပြိုင်နေကြပြီ ဖြစ်သည်။
“ငါ ဝန်ခံရမယ်... စိတ်ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလောက်အထိ သန်မာတာက တကယ်ကို ထူးခြားပါတယ်။ မင်းတို့တောင်ဘက်တောင်ထိပ်က အကြီးအကဲတွေထက်တောင် ပိုသန်မာသေးတယ်”
ဖန်နိုင်၏ ပါးစပ်မှာ ဖြည်းဖြည်းချင်း ကွေးညွတ်သွားပြီး ချန်ကျီရှင်းကို အသားပြားဖြစ်သွားအောင် ချေမှုန်းပစ်ရန် သူ၏လက်များတွင် ခွန်အားကို ပို၍တိုးမြှင့်လိုက်သည်။
“ဒါပေမဲ့ ဒီခွန်အားက ငါနဲ့ယှဉ်ရင်တော့...”
“အများကြီး လိုသေးတယ်ကွ”
ဝုန်း..
ဖန်နိုင်၏ လက်မောင်းများမှ ခွန်အားမှာ အဆပေါင်းများစွာ တိုးမြင့်လာခဲ့ကာ ချန်ကျီရှင်းကို ညှစ်သတ်နိုင်တော့မည်ဟု သူထင်လိုက်သည့် ခဏမှာပင် သူ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ချန်ကျီရှင်း၏ ဆုပ်ကိုင်မှုမှာလည်း ပိုမိုပြင်းထန်လာပြီး သူ၏လက်များကို အပြင်ဘက်သို့ ပြန်လည်တွန်းထုတ်နေသည်ကို သတိပြုမိသွားသည်။
“ဟင်”
ဖန်နိုင်က မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။ မည်သည့်အချိန်ကတည်းက စတင်ခဲ့သည်မသိ ချန်ကျီရှင်း၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ ကြယ်တာရာ အပ်စိုက်မှတ်တစ်ခုချင်းစီမှ တောက်ပလှသော ကြယ်အလင်းတန်းများ အမျှင်တန်းကာ ထွက်ပေါ်နေခဲ့သည်။
“ဒါက ဘာကြီးလဲ.....”
ဖန်နိုင်၏ မျက်သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။