← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း။ ၁၅၇

ဆယ်ခု….

တစ်ရာ….

နှစ်ရာ….

သုံးရာ….

ငါးရာ….

ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် ၅၁၃ ခုစလုံးမှ ကြယ်တာရာအလင်းတန်းများ တစ်ပြိုင်နက် ထိန်လင်းလာသောအခါ သူ၏ ခွန်အားမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် တရဟော မြင့်တက်လာတော့သည်။ ဖန်နိုင်၏ နက်မှောင်သော အပ်ချည်မျှင်အမွှေးများ ဖုံးလွှမ်းနေသော လက်မောင်းများကို ချန်ကျီရှင်း၏ ဧရာမလက်ဝါးကြီးများက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဘေးတစ်ဖက်တစ်ချက်စီသို့ ဖြည်းဖြည်းချင်း ဆွဲဖြဲလိုက်တော့သည်။

ဘေးသို့ ဆွဲဖြဲလိုက်ကာ ပို၍ ကျယ်အောင် ဆွဲဖြဲလိုက်သည်။

ခဏချင်းမှာပင် ဖန်နိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချန်ကျီရှင်း၏ ဆွဲဖြဲမှုကြောင့် Xပုံသဏ္ဌာန်ကြီး ဖြစ်သွားတော့သည်။ ချန်ကျီရှင်း၏ လက်များမှ ထွက်ပေါ်နေသော ခွန်အားမှာလည်း ရပ်တန့်မသွားဘဲ ဆက်လက် မြင့်တက်နေဆဲပင်။

ရှူး... ရှူး...

ဖန်နိုင်၏ လက်မောင်းရင်းရှိ ပခုံးရိုးဆုံများမှ ဂျွတ်ကနဲ အသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ပြင်းထန်လှသော ဤခွန်အားအောက်တွင် သူ၏ အသားများမှာ တစ်စစီ ပြတ်တောက်

လုနီးပါး ဖြစ်နေပြီး အရေပြားများမှာလည်း အလွန်အမင်း အကြောဆွဲခံထားရသော သားရေကွင်းအလား အက်ကွဲလာတော့သည်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဖန်နိုင်၏ မျက်သူငယ်အိမ်များမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျုံ့ဝင်သွားတော့သည်။ ဤမျှကြီးမားသော ခွန်အားအောက်တွင် သူသည် လူတစ်ယောက်၏ လက်ထဲ၌ အရှင်လတ်လတ် ဆွဲဖြဲခံရတော့မည့် ကြက်ကလေးတစ်ကောင်နှယ် ခံစားနေရ၏။

“ပျော့ညံ့တဲ့ ခန္ဓာကိုယ်..... အားအင်မရှိတဲ့ ခွန်အား”

ချန်ကျီရှင်း၏ လည်ချောင်းထဲမှ မည်သည့်ခံစားချက်မျှ မပါသော အသံတစ်သံ ထွက်ပေါ်လာပြီး သူ၏ လက်နှစ်ဖက်ကို ရုတ်တရက် အားကုန် ဆွဲပစ်လိုက်တော့သည်။

ဝုန်း

ကောင်းကင်ယံမှ သွေးမိုးများ တရစပ် ရွာသွန်းကျလာခဲ့ကာ ဖန်နိုင်၏ လက်မောင်းနှစ်ဖက်မှာ ချန်ကျီရှင်း၏ လက်ထဲတွင် အရှင်လတ်လတ် ဆွဲဖြဲခြင်း ခံလိုက်ရတော့သည်။

ဘုန်း…

ဖန်နိုင်၏ မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားပြီး သူ၏ ညာဘက်ခြေထောက်ဖြင့် ချန်ကျီရှင်း၏ ရင်ဘတ်ကို ကန်ကျောက်ကာ ထိုအရှိန်ကို အသုံးချလျက် ပေရာပေါင်းများစွာ အကွာသို့ နောက်ပြန် ဆုတ်ခွာသွားတော့သည်။

“တောက် သေစမ်း”

သူသည် မတင်မကျဖြစ်နေသော အမူအရာဖြင့် ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။ သူ၏ ပခုံးနှစ်ဖက်မှ သွေးနှင့် အသားစများမှာ လျင်မြန်စွာ ပြန်လည်ဖြစ်တည်လာပြီး လက်မောင်းအသစ် နှစ်ဖက်မှာလည်း ချက်ချင်းပင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ဖြတ်တောက်ခံလိုက်ရသော ခြေလက်အင်္ဂါများကို ပြန်လည်ဖြစ်တည်စေသည့် ဤနည်းလမ်းမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများအတွက်တော့ သာမန်အတတ်ပညာလေးတစ်ခုမျှသာ ဖြစ်သည်။

“မင်းမှာ ဒီထက်ပိုပြီး သန်မာတဲ့ ခွန်အားတွေ ရှိသေးလား”

ချန်ကျီရှင်းက သူဆုပ်ကိုင်ထားသော ပြတ်တောက်နေသည့် လက်မောင်းနှစ်ဖက်ကို ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်ပြီး ဖန်နိုင်ကို မည်သည့်အမူအရာမျှမရှိဘဲ စိုက်ကြည့်လိုက်သည်။

ဖန်နိုင်က အသက်ကို ဝဝရှူလိုက်ပြီး သူ၏မျက်ဝန်းထဲမှ တုန်လှုပ်မှုများကို အမြန်ဆုံး ဖျောက်ဖျက်လိုက်၏။ သူ၏ မျက်လုံးအိမ်ထဲတွင် ထူးဆန်းသော မီးလျှံနှစ်ခုမှာ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီ။

“မျိုးနွယ်စုကနေ ထွက်လာခဲ့ကတည်းက.....”

“နောက်ဆုံးတော့ ငါ့ရဲ့ အချိန်တွေကို ပေးရကျိုးနပ်မယ့် ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့ပြီပဲ.....”

သူက ခေါင်းကို အသာငုံ့လိုက်ရာ သူ၏လည်ချောင်းထဲမှ နိမ့်ရှိုင်းပြီး ယုတ်မာလှသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“ငါ့ရဲ့ အသန်မာဆုံး အသွင်သဏ္ဌာန်ကို မြင်တွေ့ခွင့်ရတဲ့အတွက် မင်း ကျေးဇူးတင်သင့်တယ်နော်"

အလွန်အမင်း ဖရိုဖရဲနိုင်လှသော စွမ်းအားတစ်ခုမှာ ဖန်နိုင်၏ ခန္ဓာကိုယ်အတွင်းမှ မြင့်တက်လာတော့သည်။ သူ၏ ခန္ဓာကိုယ်မှ နက်မှောင်သော မိစ္ဆာချီစွမ်းအင်များ တလိပ်လိပ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုသွားတော့၏။

“တတိယအဆင့်.....”

“အတောင်ပံနှစ်ဖက်ပါ ကျဆုံးသွားသော ကောင်းကင်မိစ္ဆာ”

ဝုန်း…

ဖန်နိုင်က ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်သည်။

ခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ နက်မှောင်သော အပ်ချည်မျှင်အမွှေးများအားလုံးမှာ ချွေးပေါက်များအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ သူ၏နဖူးပေါ်မှ ဦးချိုများမှာလည်း လျင်မြန်စွာပင် ပြန်လည်ကျုံ့ဝင်သွားခဲ့ကာ ထိုအရာများ၏ အစားထိုးမှုအဖြစ် ကြောက်မက်ဖွယ်ကောင်းလှသော သူ၏ ခြောက်မီတာအရွယ် ခန္ဓာကိုယ်မှာ ထပ်မံ၍ တရဟော ကြီးထွားလာပြန်တော့သည်။

ခုနစ်မီတာ…

ရှစ်မီတာ…

ကိုးမီတာ…

ဆယ်မီတာ…

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် သုံးထပ်တိုက်အမြင့်ခန့်ရှိသော လူပုံသဏ္ဌာန် မိစ္ဆာကောင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ လျင်မြန်စွာ လိမ်ကျစ်ကာ ဖောင်းကြွလာပြီး နက်မှောင်သော သံမဏိတုံးကြီးများအလား ဖြစ်သွားတော့၏။

သူ၏ သွားများမှာ စူးရှထက်မြက်သော အစွယ်များအဖြစ် ပြောင်းလဲသွားပြီး သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကြီးအတွင်းမှ ထိုးထွက်နေကြသည်။ သူ၏ ပါးစပ်ထောင့်များမှာလည်း မေးရိုးအထိ ပြဲအက်သွားကာ ဖရိုဖရဲ စီတန်းနေသော သွားချွန်များဖြင့် ပြည့်နှက်နေပြီးအပေါ်အောက် မေးရိုးများမှ ထူထဲလှသော အစွယ်ကြီးလေးခုမှာ နှုတ်ခမ်းပြင်ပသို့ ထိုးထွက်နေတော့သည်။

သူ၏ ကျောရိုးတစ်လျှောက်တွင်လည်း နက်မှောင်သော အမွှေးအမျှင်များမှာ ကျောပြင်မှတစ်ဆင့် အောက်သို့ တွဲလောင်းကျနေ၏။ အရေပြားမှာမူ လျင်မြန်စွာပင် ပြောင်လက်မှုမရှိသော အနက်ရောင်ရင့်ရင့်သို့ ပြောင်းလဲသွားပြီး သူ၏ကျောပြင်မှ ကျယ်ပြောလှသော နက်မှောင်သည့် အတောင်ပံတစ်စုံမှာ ရုတ်တရက် ဖြန့်ထွက်လာတော့သည်။

“ရှောင်ပင်း”

ဖန်နိုင်၏ လည်ချောင်းအတွင်းမှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ မိန်းမပျိုနှင့် အမျိုးသားပေါင်း ထောင်သောင်းချီတို့၏ အသံများကို ထပ်ဆင့်ထားသကဲ့သို့ပင်။ လူသားတစ်ဦးထံမှ ထွက်ပေါ်လာနိုင်သော အသံမျိုး မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းလှသော မိစ္ဆာလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

“မင်းရဲ့ အရိုးတွေကို ငါ အမှုန့်လုပ်ပစ်မယ်”

သူ၏ကျောပြင်မှ နက်မှောင်သော အတောင်ပံများမှာ အသာအယာ ခတ်ခတ်လိုက်ရုံမျှဖြင့်

ဝုန်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် နက်မှောင်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ဖန်နိုင်သည် ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာသည်။ လူ့ဦးခေါင်းထက်ပင် ကြီးမားလှသော နက်မှောင်သည့် လက်သီးကြီးမှာ ချန်ကျီရှင်းထံသို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။

ဤလက်သီးချက်အောက်တွင် ဟင်းလင်းပြင်ကြီးမှာ တိုက်ရိုက်ပင် ပြိုကွဲပျက်စီးသွားတော့သည်။ ရူးသွပ်လှသော နက်မှောင်သည့် မိစ္ဆာချီစွမ်းအင်များမှာ ဤကမ္ဘာငယ်လေးအတွင်းရှိ အဆောက်အအုံအားလုံးကို ဖျက်ဆီးပစ်လိုက်တော့၏။

“ဒါက မင်းရဲ့ နောက်ဆုံးဝှက်ဖဲလား”

ချန်ကျီရှင်း၏ နက်မှောင်သော ဆံပင်ရှည်ကြီးများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေသည်။ သူက မော့ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကာ ရှေ့သို့ လှမ်း၍ ခုခံလိုက်သည်။

ဘုန်း

လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့ဆုံသွားကြကာ ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းများကြောင့် ချန်ကျီရှင်း၏ ဆံပင်များနှင့် ဝတ်ရုံများမှာ အနောက်သို့ လွင့်စင်သွားပြီး တဖတ်ဖတ် မြည်ဟည်းနေတော့သည်။ ဖန်နိုင်သည် မမြင်နိုင်သော တံတိုင်းကြီးတစ်ခုကို တိုက်မိသွားသကဲ့သို့ သူ၏လက်သီးချက်မှာ ရပ်တန့်သွားပြီး ရှေ့သို့ တစ်လက်မမျှပင် တိုးမရတော့ပေ။

ဖန်နိုင်က ငုံ့ကြည့်လိုက်သည်။

ပုရွက်ဆိတ်တစ်ကောင်မျှသာ ရှိသော ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှာ လုံးဝ မယိုင်မလဲဘဲ မတ်မတ်ရပ်နေပြီး သူ၏ လက်သီးချက်ကို လက်ချောင်းထိပ်ခန့်သာရှိသော လက်ဝါးလေးဖြင့် အားလုံးကို တားဆီးထားသည်ကို တွေ့လိုက်ရ၏။

နောက်တစ်ခဏတွင်မူ

“လာစမ်း တကယ့်ခွန်အားဆိုတာ ဘာလဲဆိုတာကို သေချာကြည့်ထားစမ်း”

ချန်ကျီရှင်း၏ မျက်ဝန်းများအတွင်း၌ နတ်ဘုရားအလင်းတန်းများ ရုတ်တရက် ဝင်းလက်လာသည်။

“အခု အားလုံး အဆုံးသတ်ပြီ”

“ဘာ”

ဖန်နိုင် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ကျီရှင်းသည် မုန်တိုင်းတစ်ခုအလား သူ့ထံသို့ တိုးဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ၏အရှိန်မှာ အစောပိုင်းကထက် ဆယ်ဆမက ပိုမိုမြန်ဆန်နေခဲ့ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းသည် ဖန်နိုင်၏ ရင်ဘတ်ရှေ့သို့ ရောက်ရှိလာပြီး လက်သီးတစ်ချက်ကို ထိုးနှက်လိုက်တော့သည်။

ဤလက်သီးချက်မှာ ကြယ်တာရာပေါင်း ထောင်သောင်းချီကို သယ်ဆောင်လာသကဲ့သို့ပင်။ ဖန်နိုင်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။ သူ၏ နိုးထလာသော တတိယအဆင့်ခန္ဓာကိုယ်ကြီးမှာပင် ဤလက်သီးတစ်ချက်ကြောင့် အက်ကြောင်းများဖြင့် ဖုံးလွှမ်းသွားရရှာသည်။

“သူ့ရဲ့ ခွန်အားက အဆပေါင်းများစွာ တိုးလာတာပဲ”

ဖန်နိုင်၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားတော့သည်။

သူ ပြန်လည်ခုခံရန် မပြင်နိုင်မီမှာပင် ချန်ကျီရှင်း၏ လက်သီးချက်များမှာ လျှပ်စီးအလား တစ်စက္ကန့်အတွင်း ရာနှင့်ချီသော တိုက်ခိုက်မှုများအဖြစ် ကျရောက်လာတော့သည်။

ဒိုင်း ဒိုင်း ဒိုင်း……

ဘုန်း ဘုန်း ဘုန်း…..

သည်းထန်လှသော မုန်တိုင်းတစ်ခုအလား ချန်ကျီရှင်း၏ လက်သီးချက်တိုင်းမှာ ပြင်းထန်လှသော အရှိန်အဟုန်များကို သယ်ဆောင်လာပြီး ဖန်နိုင်၏ ရင်ဘတ်ကို တရကြမ်း ထုနှက်တော့သည်။ လက်သီးတစ်ချက်ချင်းစီတိုင်းမှာ အပ်စိုက်မှတ် ၅၁၃ ခုစလုံး၏ စွမ်းအားကို နှိုးဆွထားပြီး ချိန်တစ်သောင်းမကသော အလေးချိန်ကို သယ်ဆောင်ထားသည်။

“ပြောစမ်း... ဘယ်သူသေပြီး ဘယ်သူရှင်မလဲဆိုတာကို”

ချန်ကျီရှင်း၏ မျက်ဝန်းများအတွင်းမှ နတ်ဘုရားအလင်းတန်းများမှာ ပိုမိုတောက်ပလာပြီး သူ၏မျက်နှာထက်တွင်လည်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းလာခဲ့ပြီ။ သူသည် အစွမ်းကုန် တိုက်ခိုက်နေပြီး လက်သီးချက်များမှာ ဖန်နိုင်၏ ရင်ဘတ်ထက်သို့ မိုးကြိုးများအလား ကျရောက်နေတော့သည်။

အစပိုင်းတွင် ဖန်နိုင်အနေဖြင့် အနည်းငယ် ခုခံနိုင်ခဲ့သော်လည်း မကြာမီမှာပင် သူ၏ခွန်အားများ ယုတ်လျော့လာပြီး တုံ့ပြန်နိုင်စွမ်း လုံးဝ ပျောက်ကွယ်သွားရရှာသည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာလည်း လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားပြီး တတိယအဆင့်ကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ ပုံမှန်အရွယ်အစားသို့ ပြန်ရောက်သွားတော့၏။

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း…

မနားတမ်း တိုက်ခိုက်မှုများကြားတွင် ဖန်နိုင်၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သူသည် နောက်သို့ ယိုင်ထွက်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ခါနေတော့သည်။ သွေးများကိုလည်း တစ်လုတ်ပြီးတစ်လုတ် အန်ထုတ်နေရ၏။ သူ၏ မျက်နှာထက်မှ သွေးရောင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ချန်ကျီရှင်း၏ မညှာမတာ တိုက်စစ်အောက်တွင် ပျက်စီးနေသော အရုပ်တစ်ရုပ်အလား ဖြစ်သွားရရှာသည်။

လေပြင်းများနှင့်အတူ လွင့်စင်လာသော သွေးစက်များမှာ သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်နှင့် ခြေဖဝါးအောက်ရှိ မြေပြင်ကိုပါ နီရဲသွားစေတော့သည်။ မြေပြင်တစ်ခုလုံးမှာလည်း အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့၏။

“ရှောင်ပင်း... မင်းမှာ သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်းပါ... ဟားဟားဟား....”

ဖန်နိုင်မှာ သွေးများ အဆက်မပြတ် အန်နေရသော်လည်း အညံ့ခံမည့် အရိပ်အယောင် လုံးဝမပြဘဲ ရူးသွပ်စွာ ဟိန်းဟောက်နေဆဲပင်။ သူ၏ သွေးချင်းချင်းနီနေသော မျက်နှာမှာ ရက်စက်မှုများဖြင့် ပြည့်နှက်နေပြီး ချန်ကျီရှင်းကို စိုက်ကြည့်နေသည်။

“လာစမ်း ငါ့ကို သတ်လိုက်စမ်း”

“အခုထိ မသေသေးဘူးလား တော်တော်လေး ဇွဲကောင်းတာပဲ”

ချန်ကျီရှင်းက လက်ကို ပြန်ရုပ်လိုက်ပြီး မျက်လုံးကို အသာအယာ မှေးလိုက်သည်။

“ဒီလိုဆိုရင်လည်း... ငါကပဲ...”

“မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်စေရတာပေါ့"

ဝုန်း…

ချန်ကျီရှင်း၏ ညာလက်ဝါးမှာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဖောက်ကနဲ အသံနှင့်အတူ ဖန်နိုင်၏ ရင်ဘတ်ကို ထိုးဖောက်ကာ အသားများကို ခွင်းလျက် တဒိတ်ဒိတ် ခုန်နေသော နှလုံးသားကို ဆုပ်ကိုင်လိုက်တော့သည်။

“ရပ်လိုက်စမ်း”

ထိုအခိုက်အတန့်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခု စူးရှစွာ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ဖြူဖွေးသော ကျောက်စိမ်းကွင်းပြင်ထက်မှ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုမှာ လျှပ်စီးအလား ပြေးဝင်လာတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိလာပြီး ချန်ကျီရှင်းထံသို့ လက်လှမ်းကာ တားဆီးလိုက်တော့သည်။ ဤဒေါသတကြီး လှုပ်ရှားမှုကြောင့် စင်မြင့်တစ်ခုလုံးမှာ ထိုဖိအားကို မခံနိုင်တော့ဘဲ နှစ်ပိုင်းပြတ်ကာ ပြိုလဲသွားတော့၏။

“မြောက်ဘက်တောင်ထိပ်သခင် ထိုပါးကျန်းယီလား”

ချန်ကျီရှင်းက မျက်လုံးများကို အသာအယာ မှေးလိုက်တော့သည်။

အခန်း။ ၁၅၈

ဘုန်း ဘုန်း ဘုန်း….

ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြိုကွဲပျက်စီးသွားပြီး ကောင်းကင်နှင့် မြေကြီးမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့မည့်အလားပင်။

ရွှေနီရောင် ဝတ်ရုံကြီးကို လွှားခနဲ ခြုံထားသည့် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုမှာ လျှပ်စီးအလား ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ထိုပါးကျန်းယီ၏ မျက်ဝန်းများမှာ ဒေါသမာန်ဟုန်ဖြင့် တောက်လောင်နေပြီး ချန်ကျီရှင်း၏ သတ်ကွက်ကို တားဆီးရန် ကြိုးပမ်းလိုက်တော့သည်။

“ထိုပါးကျန်းယီ...”

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အကြိမ်ကြိမ် ဝင်းလက်သွားသည်။ ထိုပါးကျန်းယီသည် နိဗ္ဗာနနယ်ပယ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူ သိရှိထားသဖြင့် ယခုအချိန်တွင် ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သေးပေ။

ထို့အပြင် အကယ်၍ ဖန်နိုင်သာ အမှန်တကယ် သေဆုံးသွားပါက ဤတောင်ထိပ်နှစ်ခု ပြိုင်ပွဲ၏ သဘောသဘာဝမှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

ဤသည်ကို တွေးတောမိလိုက်သည်နှင့် ချန်ကျီရှင်းမှာ တွန့်ဆုတ်မနေတော့ဘဲ ဖန်နိုင်၏ ပါးကို အားကုန်လွှဲ၍ ရိုက်ချလိုက်ရာ ဖန်နိုင်မှာ လွင့်ထွက်သွားပြီး သတိလစ်မေ့မြောသွားတော့သည်။ တစ်ချိန်တည်းမှာပင် မီးပွားတစ်ခုအလား ပြင်းထန်လှသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ဖန်

နိုင်၏ အသိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ တိတ်တဆိတ် ထည့်သွင်းလိုက်သည်။

နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် ဖန်နိုင်ကို တစ်ချက်ကြည့်ကာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ ဖန်နိုင်ကို သတ်၍ရသော်လည်း အခုလို လူအများရှေ့တွင်တော့ မဟုတ်ပေ။

ထိုပါးကျန်းယီသည် ချန်ကျီရှင်းကို နောက်သို့ ဆုတ်သွားအောင် ဖိအားပေးလိုက်ပြီးနောက် အသက်ငင်နေသော ဖန်နိုင်ကို လက်တစ်ဖက်ဖြင့် ဖမ်းထိန်းလိုက်သည်။ အခြေအနေကို အမြန်စစ်ဆေးကြည့်ရာ ဖန်နိုင်မှာ သေဆုံးခြင်းမရှိသော်လည်း ဤဒဏ်ရာများမှ ပြန်လည်သက်သာရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရမည်ကို သူ သိလိုက်ရ၏။

ထို့အပြင် ပြန်လည်သက်သာလာလျှင်ပင် အနာဂတ် ကျင့်ကြံမှုလမ်းစဉ်အပေါ် ထိခိုက်မှု ရှိမရှိမှာ မသေချာတော့ပေ။

“မင်း ဒါက တပည့်အချင်းချင်း လက်ရည်စမ်းတဲ့ ပြိုင်ပွဲတစ်ခုပဲလေ... မင်းက ဘယ်လိုတောင် ဒီလောက်အထိ ရက်စက်ရတာလဲ”

သူက ချန်ကျီရှင်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချန်ကျီရှင်းကမူ မည်သည့်အမူအရာမျှမပြဘဲ သူ၏လက်ရှိ သွေးစွန်းမှုများကို အေးအေးဆေးဆေးပင် သုတ်လိုက်ရင်း….

“ဘာလဲ... တပည့်ချင်း မနိုင်တော့လို့ ဆရာကပဲ ကိုယ်တိုင် ဝင်ပါတော့မလို့လား”

“ဝင်ပါမယ် ဟုတ်လား ငါက မင်းကို တကယ် လက်ဖျားနဲ့ မထိရဲဘူးလို့ ထင်နေတာလား”

ထိုပါးကျန်းယီ၏ လေသံမှာ အလွန်အမင်း ခက်ထန်သွားပြီး သူသည် ဒေါသအထွတ်အထိပ်သို့ ရောက်ရှိနေသည်။

“ဒီလောက်အထိ မောက်မာတဲ့သူက ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း နောင်တစ်ချိန်မှာတော့ ဘေးဒုက္ခကြီးတစ်ခုကို ယူဆောင်လာမှာပဲ”

“ဒါဆိုရင်တော့... ဒီနေ့ မင်းရဲ့ ဆရာ့ကိုယ်စား ငါကပဲ မင်းကို သင်ခန်းစာတစ်ခု ပေးရတော့မှာပေါ့”

သူသည် ဖန်နိုင်ကို အောက်သို့ ချလိုက်ပြီး ချန်ကျီရှင်းကို တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

သို့သော် ထိုစဉ်မှာပင် ချန်ကျီရှင်း၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်အတွင်းမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် လက်ထဲတွင် သားမြီးယပ်ကို ကိုင်ဆောင်ထားပြီး တာအိုဝတ်စုံကို ဆင်ယင်ထားကာ အေးစက်လှသော မျက်ဝန်းအစုံ ရှိသည်။ သူမကား အခြေအနေကို ဘေးမှ စောင့်

ကြည့်နေခဲ့သည့် မုယွဲ့မေပင်။

“ငါ့တပည့်ကို ဆုံးမဖို့က ဘယ်တုန်းက မင်းအလှည့် ဖြစ်သွားတာလဲ”

မုယွဲ့မေက အေးစက်စွာ ဆိုလိုက်သည်။

သူမသည် လက်ထဲမှ သားမြီးယပ်ကို တစ်ချက် ခါယမ်းလိုက်ပြီး ချန်ကျီရှင်း၏ ရှေ့တွင် ကာကွယ်ရပ်တန့်လိုက်၏။

“ကိုယ့်ထက် အားနည်းတဲ့သူကို အနိုင်ကျင့်ရတာက ဘာစွမ်းရည်မို့လို့လဲ တိုက်ချင်တာလား... လာလေ ငါကိုယ်တိုင် မင်းနဲ့ အဖော်လုပ်ပေးမယ်”

ထိုခဏ၌ ကောင်းကင်ယံထက်မှ မြင်ကွင်းတစ်ခုလုံးမှာ အလွန်အမင်း တင်းမာသွားတော့သည်။ ချန်ကျီရှင်းမှာမူ မုယွဲ့မေ၏ နောက်ကွယ်တွင် ရပ်နေရင်း အသာအယာ ပြုံးလျက် ထိုပါးကျန်းယီကို ကြည့်ကာ လက်မ ထောင်ပြလိုက်၏။

ထို့နောက်... ထိုလက်မမှာ ဖြည်းညှင်းစွာပင် အောက်သို့ စိုက်ဆင်းသွားတော့သည်။

“တောက် မင်း... ဒီကောင်လေး”

ထိုပါးကျန်းယီ၏ မျက်နှာထက်တွင် ပြင်းထန်သော ဒေါသရိပ်များ ဖုံးလွှမ်းသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ဒီကောင်စုတ် ရှောင်ပင်းက မုယွဲ့မေကို အားကိုးပြီး ငါ့ကို တမင်သက်သက် ရန်စနေတာပဲ။

ဖျက်ဆီးလိုသော အရှိန်အဝါများမှာ ထိုပါးကျန်းယီ၏ ခန္ဓာကိုယ်အတွင်းမှ တရဟော ထွက်ပေါ်လာတော့သည်။ ဤကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါအောက်တွင် ကောင်းကင်တစ်ခုလုံးမှာ ကမ္ဘာဦးအစ ဖရိုဖရဲကာလသို့ ပြန်လည်ရောက်ရှိတော့မည့်အလား တုန်ခါနေတော့၏။

အလင်းမှန်ချပ်မှတစ်ဆင့် ဤမြင်ကွင်းကို ကြည့်နေကြသည့် မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ် တပည့်အများအပြားမှာ မျက်နှာများ ဖြူလျော်သွားကြသည်။

“မဖြစ်နိုင်တာ... တကယ်ကြီး တိုက်ကြတော့မှာလား”

တပည့်တစ်ဦးမှာ နှုတ်ခမ်းများ တုန်ရီလျက် ကြောင်အကာ ရပ်နေမိသည်။

တောင်ထိပ်နှစ်ခု ပြိုင်ပွဲကနေ တောင်ထိပ်သခင် အချင်းချင်း တိုက်ခိုက်တဲ့အဆင့်အထိ ရောက်သွားတော့မှာလား။

နဝမမြောက် ကောင်းကင်ယံထက်တွင်မူ

“လာစမ်း မင်းသာ ရှောင်ပင်းရဲ့ ဆံပင်တစ်ပင်ကို ထိကြည့်လိုက်... ဒီနေ့တော့ တစ်ယောက်သေ တစ်ယောက်ရှင် တိုက်ပွဲဖြစ်မှာပဲ”

မုယွဲ့မေ၏ မျက်ဝန်းများတွင် ရက်စက်သော အရိပ်အယောင်များ ဝင်းလက်သွားပြီး နိဗ္ဗာနနယ်ပယ်အရှိန်အဝါများလည်း တရဟော ထွက်ပေါ်လာတော့သည်။

ဝုန်း... ဝုန်း

ကောင်းကင်ယံတွင် နိမ့်ရှိုင်းသော မြည်ဟည်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး မိုးကြိုးများ ပေါက်ကွဲထွက်လျက် ကြည်လင်နေသော ကောင်းကင်ကြီးမှာလည်း ရုတ်ချည်းပင် အုံ့မှိုင်းသွားတော့သည်။

ကောင်းကင်ယံကြီးမှာ ကမ္ဘာပျက်ကပ်ဘေးတစ်ခုကို ကျရောက်စေတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော နိမိတ်လက္ခဏာအမျိုးမျိုးကို ပြသနေတော့သည်။

အရှိန်အဝါနှစ်ခုမှာ အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံနေကြသည်။ မုယွဲ့မေ၏ အရှိန်အဝါမှာ ထိုပါးကျန်းယီထက်ပင် ပိုမိုအားကောင်းနေခဲ့ကာ “ပင်းအာ... တကယ်လို့ တိုက်ပွဲဖြစ်လာခဲ့ရင် ငါ့နောက်မှာပဲ နေပါ။ မင်းကို ငါ ကာကွယ်ပေးမယ်” ဟု မုယွဲ့မေက လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ။ ဆရာ့ကို အလုပ်ရှုပ်စေမိပြီ”

ချန်ကျီရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။

“ဘာမှ အလုပ်မရှုပ်ပါဘူး။ ပြောရရင် ဒီတစ်ခါ မင်း တကယ်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တာပဲ။ ဆရာ တကယ့်ကို စိတ်ကျေနပ်မိသလို ဂုဏ်လည်း ယူတယ်”

မုယွဲ့မေက ပြုံးလိုက်ပြီးနောက် ထိုပါးကျန်းယီကို ဆက်လက် စိုက်ကြည့်နေသည်။ ထိုပါးကျန်းယီသာ အနည်းငယ်မျှ လှုပ်ရှားဖို့ ကြိုးစားလိုက်သည်နှင့် သူမအနေဖြင့် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်ပစ်ရပါစေဦးတော့... သူ့ကို ဒီနေရာမှာတင် အသေသတ်ပစ်မည်ဟု ဆုံးဖြတ်ထားပြီးသားပင်

ချန်ကျီရှင်းသည် သူ၏စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက် ထိုပါးကျန်းယီထက်ကို ကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။

မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်တို့မှာ ခေတ်အဆက်ဆက် ရန်သူများ ဖြစ်ခဲ့ကြသော်လည်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းမှာတော့ မျက်နှာပျက်ရမည့် အခြေအနေအထိ မရောက်သေးပေ။ ထို့အပြင် အထက်တွင် ကောင်းကင်လှိုင်းသန့်စင်ရာ ဂိုဏ်းချုပ်ကြီးလည်း ရှိနေသေးသည်။ ထို့ကြောင့် ဤတိုက်ပွဲမှာ ယနေ့တွင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

“မုယွဲ့မေ...”

ထိုပါးကျန်းယီက မုယွဲ့မေကို စူးစိုက်ကြည့်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား အသက်ကို ဝဝရှူလိုက်ရာ သူ၏ အရှိန်အဝါများမှာ ပြန်လည် ဆုတ်ခွာသွားတော့သည်။

သူ၏မျက်နှာမှာ အုံ့မှိုင်းနေလျက်ကပင်

“တောင်ထိပ်သခင်မု... ကြည့်ရတာ မင်းရဲ့တပည့်ကမှ တပည့် ငါ့တပည့်ကျတော့ ပေါင်းပင်တစ်ပင်လို ဖြစ်နေတာပေါ့ ဟုတ်လား”

“ဒါက တောင်ထိပ်နှစ်ခုကြားက ပြိုင်ပွဲတစ်ခုပဲလေ။ တမင်သက်သက် မသတ်ကြဖို့လည်း သဘောတူထားပြီးသား။ ဒါပေမဲ့ မင်းရဲ့တပည့် ရှောင်ပင်းက ဖန်နိုင်ကို အနိုင်ရပြီးသားဖြစ်နေတာတောင် အခုလို အလွန်အကျွံ လုပ်ခဲ့တာက စည်းကမ်းဖောက်ဖျက်တာ မဟုတ်ဘူးလား”

မုယွဲ့မေသည်လည်း ဤသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ အရှိန်အဝါများကို တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး အေးအေးဆေးဆေးပင် ပြန်လည်တုံ့ပြန်လိုက်သည်မှာ

“မင်းရဲ့တပည့် ဖန်နိုင်ကိုယ်တိုင်ကပဲ သူ့ကို သတ်ပါလို့ ပင်းအာကို တောင်းဆိုခဲ့တာ မဟုတ်ဘူးလား။ ပင်းအာက သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရုံတင်ပါ ဒါက ဘယ်နေရာမှာ စည်းကမ်းဖောက်ဖျက်တာ ဖြစ်သွားလို့လဲ”

ထိုစကားကိုကြားလိုက်ရသည့်အခါ ထိုပါးကျန်းယီ၏ မျက်နှာမှာ ပို၍ပင် သွေးပျက်မတတ် ခက်ထန်သွားပြီး အံကြိတ်လျက် ပြောလိုက်သည်။

“မုယွဲ့မေ... မင်းက ရှောင်ပင်းကိုပဲ အတင်းကာကွယ်ပြီး တရားမျှတမှုကို ငြင်းပယ်နေမယ်ဆိုရင်တော့ ဒါက မကောင်းတော့ဘူးနော်”

“စကားကတော့ အပြောပဲ။ ဒါပေမဲ့ သူက တကယ်ကြီး အသက်အန္တရာယ်ဖြစ်အောင် လုပ်တော့မလို့လေ”

မုယွဲ့မေက မျက်ခုံးတစ်ချက်ပင့်ပြီး ပြန်လည်ချေပလိုက်သည်။

“တောင်ထိပ်သခင်ထိုပါး... ငါက ငါ့တပည့်ကို ငါမကာကွယ်ရင် တခြားသူကို သွားကာကွယ်ရမှာလား”

ခေတ္တရပ်နားပြီးနောက် မုယွဲ့မေက ဆက်ပြီး လှောင်ပြောင်လိုက်သေးသည်။

“ပြီးတော့... မင်းတပည့်ကကျတော့ သတ်ပါလို့ပြောခွင့်ရှိပြီး ငါ့တပည့်ကျတော့ လုပ်ခွင့်မရှိဘူးလား။ ဒါက ဘယ်လို ယုတ္တိဗေဒလဲ”

ဤသည်ကို ကြားရသည့်အခါ ထိုပါးကျန်းယီမှာ ဒေါသအလွန်ထွက်နေသော်လည်း ရယ်မောလိုက်ပြီး “ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ မင်းနဲ့ ငါ အခြေအတင် မပြောတော့ဘူး။ ဒါပေမဲ့ ဒီနေ့ကိစ္စကိုတော့ ငါ သေချာမှတ်ထားမယ်” ဟု ထပ်ခါတလဲလဲ ပြောလိုက်သည်။

“တောင်ထိပ်သခင်မု... မင်း ဒီလူကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

မုယွဲ့မေ၏ စိတ်ထဲတွင်မူ အေးစက်စပြုလာကာ သူမ စကားပြောရန် ပြင်ဆင်လိုက်စဉ်မှာပင် ထိုပါးကျန်းယီသည် အပြင်းအထန် ဒဏ်ရာရရှိပြီး သတိလစ်နေသော ဖန်နိုင်ကို ပွေ့ချီကာ လှည့်ထွက်သွားခဲ့သည်။

“ဆရာ... ဘယ်လောက်အထိ ကာကွယ်နိုင်မလဲ ကြည့်မယ်ဆိုတာ ထိုပါးကျန်းယီက ဘာကို ဆိုလိုတာလဲ”

ချန်ကျီရှင်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး"

မုယွဲ့မေက ချန်ကျီရှင်းကို ကြည့်ကာ ပြုံးပြရင်း ကြင်နာစွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့... ငါ ဒီမှာရှိနေသရွေ့တော့ မင်းကို တစ်နေ့တာလုံး ကာကွယ်ပေးသွားမှာပါ။ တကယ်လို့... ငါ မရှိတော့ရင်တောင် မင်းရဲ့ အနာဂတ်လုံခြုံရေးအတွက် ငါ နည်းလမ်းရှာပေးသွားမှာပါ”

စကားအဆုံးတွင်မူ မုယွဲ့မေက အကြောင်းအရာကို ပြောင်းလဲလိုက်တော့သည်။

“သွားကြစို့... အောက်ကို ဆင်းကြမယ်"

...

ခဏအကြာတွင် ချန်ကျီရှင်းနှင့် မုယွဲ့မေတို့သည် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။ သူနှင့် ဖန်နိုင်တို့၏ တိုက်ပွဲတင် ပြီးဆုံးသွားခြင်း မဟုတ်ပေ။ ကွမ်းထျန်းယွီနှင့် မြောက်ဘက်တောင်ထိပ်၏ သုံးထပ်ကွမ်းချန်ပီယံ ခန်ရုံတို့၏ တိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့သည်။

အတိအကျ ပြောရလျှင် ကွမ်းထျန်းယွီနှင့် ခန်ရုံတို့၏ တိုက်ပွဲမှာ အသက်ရှူအကြိမ် တစ်

ဆယ်စာခန့်သာ ကြာမြင့်ခဲ့ခြင်းပင်။ သူတို့၏ တိုက်ပွဲ စတင်ချိန်မှာပင် ကြည့်ရှုနေကြသည့် တပည့်များသည် မြင်ကွင်းများ ဝေဝါးသွားခြင်းကိုသာ မြင်တွေ့လိုက်ရပြီး ပြန်လည်

ကြည်လင်လာချိန်တွင်မူ ကွမ်းထျန်းယွီမှာ ရှုံးနိမ့်သွားခဲ့ပြီး တိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့သည်။

“ညီလေးရှောင်”

ဒဏ်ရာအများကြီး မရရှိထားသော ကွမ်းထျန်းယွီမှာ ချန်ကျီရှင်းနှင့် မုယွဲ့မေတို့ အတူတူ ဆင်းလာသည်ကို မြင်တွေ့ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် အနားသို့ အပြေးလေး ရောက်လာခဲ့သည်။

All Chapters