အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း။ ၁၅၉
“မောင်လေးရှောင်”
ကွမ်းထျန်းယွီက ပြုံးဖြဲဖြဲဖြင့် ချန်ကျီရှင်း၏ ပခုံးကို လှမ်းပုတ်ကာ ပြောလိုက်သည်။
“မင်းကတော့ကွာ... တစ်ချိန်လုံး မင်းရဲ့ခွန်အားတွေကို ဝှက်ထားတာပဲ မဟုတ်လား။ မင်း တကယ်ကို သန်မာတာပဲ။ ဟိုဖန်နိုင်ဆိုတဲ့ကောင်က အကြီးအကဲ ဖူလုံနဲ့ အကြီးအကဲ ဖူယွမ်တို့ကိုတောင် တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တာလေ။ အခုတော့ မင်းလက်ထဲမှာတင် သေလုနီးပါး ဖြစ်သွားရပြီ”
“ကျွန်တော် ကံကောင်းသွားလို့ပါဗျာ"
ချန်ကျီရှင်းက ပြုံးလျက် ပြန်ဖြေလိုက်၏။
“ကံကောင်းတာ ဟုတ်လား”
ကွမ်းထျန်းယွီက မကျေမနပ်ဖြင့် “မင်းကတော့ကွာ... အစ်ကိုကြီးရှေ့မှာတောင် ဟန်ဆောင်နေသေးတယ်။ တောင်ထိပ်သခင်ထိုပါးသာ ဝင်မပါရင် ဖန်နိုင်တစ်ယောက် စင်ပေါ်ကနေ အသက်ရှင်လျက် ဆင်းနိုင်မှာ မဟုတ်ဘူး။ အဲဒါကိုမှ ကံကောင်းလို့ပါလို့ ပြောရသေးတယ်”
ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ရုံသာရှိပြီး ထပ်ပြီး ရှင်းမပြတော့ပေ။
မကြာမီမှာပင် နဝမမြောက်ကောင်းကင်ယံမှ ဝတ်ရုံနီနှင့် လှပကျော့ရှင်းသော ပုံရိပ်တစ်ခုသည် ယိုင်တိုင်တိုင် ဆင်းသက်လာခဲ့သည်။ သူမ၏ ခြေထောက်များမှာ အားမရှိတော့ဘဲ ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
“ညီမလေးလီ”
“အစ်မလီ”
“ရန်အာ”
ချက်ချင်းပင် ကွမ်းထျန်းယွီ၊ မုယွဲ့မေနှင့် ချန်ကျီရှင်းတို့အားလုံး မျက်နှာပျက်သွားကြပြီး လီရန်ကို ကူတွဲရန် အပြေးအလွှား သွားရောက်လိုက်ကြသည်။
“ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်"
လီရန်၏ မျက်နှာမှာ ဖြူလျော်နေပြီး နှုတ်ခမ်းထောင့်များတွင်မူ နှုတ်ခမ်းနီသဖွယ် သွေးစများ စွန်းထင်နေ၏။
“ဆရာ... ကံကောင်းစွာနဲ့ပဲ တပည့်မ မကျရှုံးခဲ့ပါဘူး။ နီရှောင်လုံကို အနိုင်ယူနိုင်ခဲ့ပါတယ်...”
သူမက အားယူကာ တောက်ပစွာ ပြုံးပြရင်း ပြောလိုက်သည်။
မုယွဲ့မေက အပြစ်တင်ဟန်ဖြင့် “ရန်အာရယ်... ဒါက ပြိုင်ပွဲတစ်ခုပဲလေ။ ရှုံးရင်လည်း ရှုံးမှာပေါ့။ ဘာလို့ ဒီလောက်အထိ အသက်နဲ့ရင်းပြီး တိုက်ခဲ့ရတာလဲ ကြည့်စမ်း... မင်းရဲ့ အခြေခံအုတ်မြစ်တွေပါ ထိခိုက်လုနီးပါး ဖြစ်သွားပြီ"
ပါးစပ်ကသာ ဆူပူနေသော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ ကြင်နာမှုနှင့် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။ လီရန်သည် အသိစိတ်ခရီးသွားနယ်ပယ်သို့ ရောက်ရှိသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်သာ ရှိသေးသော်လည်း နီရှောင်လုံမှာမူ စစ်မှန်သောကိုယ်ပိုင် ဒုတိယအဆင့်သို့ ရောက်ရှိနေသည့် စစ်မှန်သောတပည့်ဟောင်းတစ်ဦး ဖြစ်သည်။ လီရန်အနေဖြင့် နယ်ပယ်အဆင့်ကို ကျော်လွန်ကာ အနိုင်ယူနိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။
မုယွဲ့မေအနေဖြင့် တပည့်မလေးအတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်နေမိတော့သည်။
“ရှင်တို့ရော ဘယ်လိုဖြစ်သွားကြလဲ”
လီရန်က ကွမ်းထျန်းယွီနှင့် ချန်ကျီရှင်းတို့ကို ကြည့်ကာ မေးလိုက်တော့သည်။
“ငါကတော့ ပြောဖို့တောင် လိုဦးမလား။ သုံးထပ်ကွမ်းချန်ပီယံခန်ရုံကို ဘယ်သူက ယှဉ်နိုင်မှာလဲ”
ကွမ်းထျန်းယွီက လက်မှိုင်ချရင်း မတတ်သာသလို ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် လီရန်ကို အနားသို့ အမြန်ဆွဲခေါ်ကာ ချန်ကျီရှင်းနှင့် ဖန်နိုင်တို့၏ တိုက်ပွဲအကြောင်းကို အားရပါးရ ပြန်လည်ဖောက်သည်ချတော့သည်။
ကွမ်းထျန်းယွီ၏ ပြောစကားများအဆုံးတွင် လီရန်၏ မျက်ဝန်းများမှာ ချန်ကျီရှင်းအပေါ် အံ့ဩချီးကျူးမှုများဖြင့် ပြည့်နှက်သွားတော့သည်။
ဒီမောင်လေးရှောင်ကတော့ ငါ့ကို အံ့အားသင့်စရာတွေ တစ်ခုပြီးတစ်ခု ပေးနေတာ... တစ်ခါထက်တစ်ခါ ပိုပြီးတော့တောင် ကြီးကျယ်လာနေပြီပဲ။
မကြာမီမှာပင် ဝါကျင့်ကျင့် အလင်းတန်းတစ်ခုသည် နီရှောင်လုံကို ဝန်းရံလျက် နဝမမြောက်ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ထို့နောက် ကောင်းကင်တွင် ပျံဝဲနေသော တိုက်ကြီးသုံးခုမှာလည်း ရှူးကနဲ အသံနှင့်အတူ တစ်ပြိုင်နက် အောက်သို့ ဝဲဆင်းလာပြီး လက်ဝါးအရွယ်အစားခန့်အထိ လျင်မြန်စွာ ကျုံ့ဝင်သွားကာ ချင်းထျန်းကျန်း၏ င်္အကျီဝတ်ရုံလက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ဤသို့ဖြင့် ပြိုင်ပွဲ၏ တတိယအဆင့်မှာ ပြီးဆုံးသွားခဲ့သည်။
“ဆရာ... နောက်ထပ်ပွဲစဉ် ရှိသေးလား ဒါမှမဟုတ် ဒီမှာတင် ပြီးပြီလားဗျ”
ချန်ကျီရှင်းက မုယွဲ့မေကို ကြည့်ကာ မေးလိုက်သည်။
မုယွဲ့မေက ခေတ္တစဉ်းစားပြီးနောက် “ဟင့်အင်း... နောက်ထပ် အဆင့်တစ်ခု ကျန်သေးတယ်။ အဲဒါကတော့ ပင်းအာ... မင်းနဲ့ ရန်အာတို့ နှစ်ယောက်ပေါင်းပြီး ဟိုဘက်က ခန်ရုံကို ရင်ဆိုင်ရမှာပဲ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် အနိုင်ရတဲ့သူက ဒီတောင်ထိပ်နှစ်ခုပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာလိမ့်မယ်"
ခေတ္တရပ်ပြီးနောက် မုယွဲ့မေက ပြုံးလျက် ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့တောင်ဘက်တောင်ထိပ်အနေနဲ့ ဒီအဆင့်အထိ ရောက်လာနိုင်တာတင် တကယ်ကို မလွယ်ကူလှပါဘူး။ ငါကတော့ ဒီအတိုင်းတင် စိတ်ကျေနပ်နေပါပြီ။ နောက်ဆုံးပွဲကိုတော့ ဖျက်သိမ်းလိုက်တာ ပိုကောင်းမယ် ထင်တယ်”
ထိုစကား ထွက်ပေါ်လာသည်နှင့် ချန်ကျီရှင်း ဘာမှမပြောရသေးမီမှာပင် လီရန်က အားယူ၍ မတ်တတ်ရပ်လိုက်ပြီး “ဆရာ... ဆရာမ... ဒီအဆင့်အထိ ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားလာခဲ့ပြီးမှ အခုမှ လက်လျှော့လိုက်ရမှာက နှမြောစရာကြီးပါ။ ကျွန်မ... ကျွန်မ တိုက်နိုင်ပါသေးတယ်...”
လီရန် စကားမဆုံးမီမှာပင် သွယ်လျပြီး အဆစ်အပေါက် ထင်ရှားလှသော လက်တစ်ဖက်က သူမ၏ ပခုံးပေါ်သို့ အသာအယာ ကျရောက်လာခဲ့သည်။
ချန်ကျီရှင်းက ပြုံးလျက် “အစ်မ... အနားယူလိုက်ပါတော့။ ကျန်တာအားလုံးကို ကျွန်တော့်လက်ထဲပဲ အပ်ထားလိုက်ပါ” ဟု ပြောလိုက်၏။
လီရန်သည် ချန်ကျီရှင်း၏ နွေးထွေးလှသော အပြုံးကို ငေးကြည့်ရင်း ခေတ္တမျှ ကြောင်အသွားရသည်။ သူမ စကားပြောရန် ပြင်လိုက်သော်လည်း ချန်ကျီရှင်းကမူ အဝေးမှ ခန်ရုံကို လှမ်းကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ နံပါတ်တစ်လို့ တင်စားကြတဲ့ သုံးထပ်ကွမ်းချန်ပီယံက ဘယ်လောက်အထိ သန်မာမလဲဆိုတာကို ကျွန်တော် တကယ်ကို သိချင်နေမိပြီဗျာ"
တစ်ချိန်တည်းမှာပင် ခန်ရုံသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား သူ၏ခေါင်းကို မော့ကြည့်လိုက်ပြီး ချန်ကျီရှင်းရှိရာသို့ လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံမိသွားချိန်တွင် လေထုထဲ၌ မမြင်နိုင်သော မီးပွားများစွာ တဖျတ်ဖျတ် ပွင့်ထွက်သွားသကဲ့သို့ပင်။
မကြာမီမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာ ဂိုဏ်းချုပ်ကြီး ချင်းထျန်းကျန်းက နောက်ထပ် သုံးရက်အကြာတွင် ရှောင်ပင်းနှင့် ခန်ရုံတို့သည် ဤတောင်ထိပ်နှစ်ခုပြိုင်ပွဲ၏ ချန်ပီယံဘွဲ့အတွက် အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲရမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ဂိုဏ်းချုပ်ကြီးသည် စကားအဆုံးတွင် ချန်ကျီရှင်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် ကွမ်းဟဲခန်းမဆောင်အတွင်းသို့ လှည့်ဝင်သွားတော့သည်။
“ညီလေးရှောင်... သုံးရက်အကြာမှာ ငါ ဒီနေရာကနေ မင်းကို စောင့်နေမယ်"
“ရှေးဟောင်းမှတ်တမ်းတွေမှာတောင် ရှာရခက်တဲ့ နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်
သူဆိုတာ ဘယ်လောက်အထိ အစွမ်းထက်မလဲဆိုတာကို ငါ တကယ်ပဲ သိချင်နေမိပြီ"
ခန်ရုံက ချန်ကျီရှင်းကို လှမ်း၍ ပြုံးပြလိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ တိုက်ခိုက်လိုစိတ် အဟုန်များမှာ တဖြည်းဖြည်း မြင့်တက်လာနေခဲ့သည်။
ဤတောင်ထိပ်နှစ်ခုပြိုင်ပွဲ၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည့် လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း သူ၏စိတ်ဝင်စားမှုကို နှိုးဆွနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။ သို့သော် ယခုမူ
သူ၏ နှလုံးခုန်သံများ မြန်ဆန်လာကာ သွေးများ ဆူပွက်လာပြီး ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော ခံစားချက်တစ်ခုမှာ သူ၏ရင်ထဲ၌ နိုးထလာနေသည်ကို အထင်အရှား ခံစားနေရသည်။
“ကောင်းပါပြီ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်၏။
...
...
ချန်ကျီရှင်းသည် ကွမ်းဟဲခန်းမဆောင်မှ ထွက်ခွာလာပြီး တောင်ပတ်လမ်းအတိုင်း အောက်သို့ ဆင်းလာချိန်တွင် မိုးကြီးမှာ သည်းထန်စွာ ရွာသွန်းနေတော့သည်။
“စီနီယာရှောင်”
တောင်ဘက်တောင်ထိပ် တပည့်ပေါင်း ရာနှင့်ချီ၍ မင်စွန်းစက္ကူထီးအနက်ရောင်များကိုယ်စီကို ကိုင်ဆောင်လျက် တောင်ပတ်လမ်း၏ ရှေ့တည့်တည့်တွင် တညီတညွတ်တည်း ရပ်နေကြသည်။ သူတို့အားလုံးက ရိုသေစွာဖြင့် တပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြခြင်းပင်။
အသံပေါင်း ရာနှင့်ချီ၍ ပေါင်းစပ်သွားသည့်အခါ ဟိန်းဟောက်နေသော တောင်တန်းကြီးနှင့် ပင်လယ်ပြင်ကြီးအလား ပေပေါင်းများစွာအမြင့်အထိ ပဲ့တင်ထပ်သွားတော့သည်။
“ကဲ... အားလုံးပဲ လူစုခွဲလိုက်ကြတော့"
ချန်ကျီရှင်း၏ ဂုဏ်သတင်းမှာ တောင်ဘက်တောင်ထိပ်တွင်သာမက ဂိုဏ်းတစ်ခုလုံး၌ ဟိုးဟိုးကျော်သွားခဲ့ပြီ ဖြစ်သည်။ သုံးရက်အကြာတွင် ယှဉ်ပြိုင်ရမည့် ခန်ရုံနှင့် တိုက်ပွဲမှာ တကယ့်ကို ကမ္ဘာလှုပ်မည့် တိုက်ပွဲကြီး ဖြစ်လာပေလိမည်။
ချန်ကျီရှင်းက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့”
တောင်ဘက်တောင်ထိပ် တပည့်တစ်သိုက်မှာ ချန်ကျီရှင်းကို ကြည့်ရင်း သူတို့၏မျက်ဝန်းများမှာ ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေကြသည်။
မရေမတွက်နိုင်သော နှစ်ကာလများတစ်လျှောက် တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်တို့၏ ဆက်ဆံရေးတွင် တောင်ဘက်တောင်ထိပ်သည် မြောက်ဘက်တောင်ထိပ်၏ ဖိနှိပ်မှုကို အမြဲတမ်း ခံခဲ့ရသည်သာ ဖြစ်သည်။ တပည့်များအားလုံးသည် သူတို့၏ရင်ထဲ၌ မကျေနပ်ချက်များကို အောင့်အည်းထားခဲ့ကြရ၏။ ယခုအခါတွင်မူ ထိုအောင့်သက်သက်ဖြစ်မှုကြီးမှာ အတော်အတန် ပေါက်ကွဲထွက်သွားခဲ့ပြီ ဖြစ်သည်။
တောင်ဘက်တောင်ထိပ် တပည့်များမှာ မလှုပ်မယှက်ဘဲ မပြန်ချင်သေးသည်ကို မြင်လိုက်ရသည့်အခါ ချန်ကျီရှင်းမှာ ခေါင်းကို အသာခါယမ်းလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။
ရှူး... ရှူး... ရှူး...
မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သော တောင်ဘက်တောင်ထိပ် တပည့်များမှာ လှုပ်ရှားလိုက်ကြသည်။ ချန်ကျီရှင်း၏ နောက်ကွယ်တွင် ထီးပေါင်းများစွာမှာ မိုးရေထဲ၌ တပြိုင်နက် ပွင့်သွားကြတော့သည်။
ခန့်ညားစွာ ထွက်ခွာသွားသော ချန်ကျီရှင်းနှင့် တောင်ဘက်တောင်ထိပ် တပည့်တစ်သိုက်ကို ကြည့်ရင်း ကွမ်းထျန်းယွီနှင့် လီရန်တို့မှာ အချင်းချင်း ကြည့်လိုက်မိကြသည်။
“ဒီကောင်လေးက ဂိုဏ်းထဲဝင်တာ လပိုင်းပဲ ရှိသေးတာတောင် သူ့ရဲ့ အဆင့်အတန်းက ငါတို့နှစ်ယောက်စလုံးကို ကျော်ဖြတ်သွားပြီပဲ"
ကွမ်းထျန်းယွီက ပြုံး၍ ဆိုလိုက်သည်။
လီရန်က အပြုံးလေးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“အဲဒါက မောင်လေးရှောင်က ကျွန်မတို့ နှစ်အတော်ကြာအောင် မလုပ်နိုင်ခဲ့တဲ့အရာကို လအနည်းငယ်အတွင်းမှာပဲ အကောင်အထည်ဖော်ပြလိုက်လို့လေ"
“ဟုတ်တာပေါ့"
ကွမ်းထျန်းယွီက ခေါင်းခါယမ်းလိုက်ပြီးနောက် ရယ်မောကာ “သုံးရက်အကြာမှာဆိုရင် ညီလေးရှောင်နဲ့ ခန်ရုံ... ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ”
လီရန်သည် တဖြည်းဖြည်းနှင့် ဝေးရာသို့ လျှောက်လှမ်းသွားရင်း သူမ၏အသံမှာ အဝေးမှ လွင့်ပျံလာခဲ့သည်။
“ကျွန်မကတော့ မောင်လေးရှောင်ကိုပဲ ယုံကြည်တယ်"
...
...
ထိုနေ့ ညနေခင်းတွင်မူ တစ်နေ့လုံး ရွာသွန်းခဲ့သော မိုးမှာ မသိမသာပင် စဲသွားခဲ့ပြီ ဖြစ်သည်။
တောင်ဘက်တောင်ထိပ် တောင်ထိပ်ခန်းမဆောင်အတွင်း၌ ချန်ကျီရှင်းသည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏မျက်နှာချင်းဆိုင်တွင်မူ ခါးအချိုးအစား ပေါ်လွင်လှသော တာအိုဝတ်စုံကို ဆင်ယင်ထားသည့် မုယွဲ့မေ ရှိနေသည်။
“ဆရာ ကျွန်တော့်ကို ခေါ်လိုက်တာ တစ်ခုခု ခိုင်းစရာ ရှိလို့လားဗျ”
ချန်ကျီရှင်းက မေးလိုက်သည်။
မုယွဲ့မေက ချန်ကျီရှင်းကို စိုက်ကြည့်လိုက်ပြီး သူမ၏ပါးစပ်မှာ အကြိမ်ကြိမ် ပွင့်သွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
“ပင်းအာ... ငါ မင်းကို တစ်ခုခုမေးချင်လို့ ခေါ်လိုက်တာပါ။ မင်း ငါ့ကို အမှန်အတိုင်း ဖြေပေးနိုင်မလား”
ဤစကားကို ကြားလိုက်ရသည့်အခါ ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို အသာအယာ မှေးလိုက်မိသည်။ သူ၏စိတ်ထဲတွင်မူ တစ်စုံတစ်ခုကို ခန့်မှန်းမိနေခဲ့ပြီ ဖြစ်သည်။
“ဆရာ... မေးပါဗျ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး အလေးအနက် ပြန်ဖြေလိုက်တော့သည်။
အခန်း။ ၁၆၀
ထိုစဉ်တွင် ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှာ ကြည်လင်နေပြီး မည်သည့်ဟန်ဆောင်မှုမျှမပါဘဲ အလေးအနက်ရှိနေသည်။
“ကောင်းပါပြီ"
မုယွဲ့မေက ချန်ကျီရှင်းကို ကြည့်ကာ မနေနိုင်ဘဲ ကြင်နာစွာ ပြုံးလိုက်မိသည်။
“ဒါဆိုရင်တော့ ဆရာ... ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်နော်"
မုယွဲ့မေသည် အသက်ကို ဝဝရှူလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ဖြည်းညှင်းစွာ မေးလိုက်သည်။
“ပင်းအာ... မင်းက တကယ်တော့ ဘယ်သူလဲ”
စကားအဆုံးတွင် မုယွဲ့မေသည် ချန်ကျီရှင်း၏ မျက်နှာထက်၌ တစ်စုံတစ်ရာသော စိတ်
လှုပ်ရှားမှုများ ရှိမရှိ သိရှိနိုင်ရန် သူ၏မျက်နှာကို အသေအချာ စိုက်ကြည့်နေမိသည်။
ချန်ကျီရှင်းမှာမူ ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားတော့သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်ကို သူ ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။
တောင်ထိပ်နှစ်ခုပြိုင်ပွဲတွင် မုယွဲ့မေကို ပထမရအောင် ကူညီပေးမည်ဟု သူ ဆုံးဖြတ်ခဲ့ကတည်းက သူ၏ စွမ်းဆောင်ရည်များမှာ သံသယဖြစ်စရာ ဖြစ်လာလိမ့်မည်ကို သူ သိထားပြီးဖြစ်သည်။
“ပင်းအာ... အကယ်၍ မင်းရဲ့ အထောက်အထားကို ထုတ်ဖော်ဖို့ အဆင်မပြေဘူးဆိုရင်လည်း ဆရာက အတင်းအကျပ် မတောင်းဆိုပါဘူး။ ဒါပေမဲ့...”
မုယွဲ့မေက အပြုံးတစ်ခုကို အားယူဖန်တီးလိုက်ရင်း “ဆရာ မျှော်လင့်တာက တစ်ခုတည်းပါ။ မင်း ဆရာ့ကို မလိမ်ညာဖို့ပါပဲ...”
မုယွဲ့မေ စကားမဆုံးမီမှာပင်
“ဆရာ... ကျွန်တော့်ရဲ့ အထောက်အထားက ဖုံးကွယ်ထားစရာလည်း မရှိသလို ထုတ်ဖော်ဖို့ အဆင်မပြေတာမျိုးလည်း မဟုတ်ပါဘူး။ ဘယ်ကနေ စပြောရမလဲဆိုတာကိုပဲ စဉ်းစားနေတာပါ”
ချန်ကျီရှင်းက သူ၏အတွေးများကို စုစည်းလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
“ဆရာ... ဇီဝေချန်မျိုးနွယ်စုအကြောင်းကိုရော သိပါသလားဗျ”
“ဇီဝေချန်မျိုးနွယ်စု ဟုတ်လား”
မုယွဲ့မေမှာ အံ့အားသင့်သွားပြီး အလိုအလျောက်ပင် ပြန်ဖြေလိုက်သည်။
“အဲဒါက ယန်ကျိုးမှာရှိတဲ့ တစ်ချိန်က ထာဝရရှင်သန်ခြင်းနယ်ပယ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ထွန်းခဲ့ဖူးတဲ့ ထာဝရရှင်သန်ခြင်းမျိုးနွယ်စုကို ပြောတာလား”
“ဟုတ်ပါတယ် ကျွန်တော် အဲဒီက လာတာပါ"
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။
မုယွဲ့မေ၏ မျက်သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။
ဇီဝေချန်မျိုးနွယ်စုသည် ထာဝရရှင်သန်ခြင်းမျိုးနွယ်စုတစ်ခုဖြစ်ပြီး သူတို့၏ ဘိုးဘေးကြီးမှာ သမိုင်းမြစ်ကြောင်းအတွင်း ကွယ်ပျောက်သွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကျားသေသော်လည်း အရိုးကျန်ဆိုသကဲ့သို့ပင်။ ဇီဝေချန်မျိုးနွယ်စုသည် ယနေ့ခေတ်ကာလတွင် မသေမျိုး တာအိုမျိုးနွယ်စုများမှလွဲလျှင် အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်နေဆဲပင်။
အင်အားချင်း ယှဉ်မည်ဆိုပါက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေထက် များစွာ လျော့နည်းခြင်း မရှိပေ။
အထူးသဖြင့် လက်ရှိ ချန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ချန်တောက်ယန်မှာ ဤခေတ်၏ အထူးချွန်ဆုံး နိဗ္ဗာနနယ်ပယ်ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။ သူ၏ အစွမ်းမှာ အတိုင်းအဆမရှိ နက်ရှိုင်းလှ၏။ မျိုးနွယ်စုခေါင်းဆောင် မဖြစ်လာမီကပင် နိဗ္ဗာနနယ်ပယ် ကျွမ်းကျင်သူ မြောက်မြားစွာမှာ သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရဖူးသည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက ချန်တောက်ယန်ကို အထွတ်အထိပ်နယ်ပယ်၏ အောက်တွင် နံပါတ်တစ်ဟု လူသိများခဲ့ကြသည်။
ပြောရလျှင် မုယွဲ့မေတို့၏ မျိုးဆက်မှာ ချန်တောက်ယန်၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရခြင်းပင်။ ယခုအခါ မုယွဲ့မေနှင့် ချန်တောက်ယန်တို့မှာ နိဗ္ဗာနနယ်ပယ်
ချင်း တူညီနေသော်လည်း ဆုံတွေ့ကြလျှင် သူမအနေဖြင့် မျိုးဆက်သစ်တစ်ဦးကဲ့သို့ ရိုသေမှု ပြသရဆဲပင်။
“ပင်းအာ... မင်းရဲ့ ပါရမီနဲ့ဆိုရင် ဇီဝေ ချန်မျိုးနွယ်စုထဲမှာ တော်တော်လေး အဆင့်အတန်းမြင့်တဲ့သူ ဖြစ်မယ်လို့ ဆရာ ထင်တယ်”
မုယွဲ့မေက ဝေခွဲမရဟန်ဖြင့် မေးမြန်းလိုက်သည်။
ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်ပြသည်။
“အဲဒီလိုပဲ ပြောရမှာပေါ့။ ချန်တောက်ယန်က ကျွန်တော့်ရဲ့ အဘိုးပါဗျ"
“ချန်တောက်ယန်က မင်းရဲ့ အဘိုး ဟုတ်လား။ ဒါဆိုရင် မင်းက ဇီဝေ ချန်မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်ပေါ့”
မုယွဲ့မေမှာ အံ့ဩလွန်းသဖြင့် မျက်ခုံးများ ပင့်တက်သွားရသည်။
“ဇီဝေချန်မျိုးနွယ်စုရဲ့ ဒီမျိုးဆက်မှာ တိုက်ရိုက်မျိုးဆက် နှစ်ယောက်ပဲ ရှိတယ်လို့ ကြားဖူးတယ်။ တစ်ယောက်က ရှေးဟောင်းပုံစံကိုးခုနဲ့ မွေးရာပါ ဘုရင်မြေပုံပိုင်ရှင် ချန်ကျောက်ရှန်းတဲ့။ ဒါပေမဲ့ သူက ပျောက်ဆုံးနေတာ ကြာပြီဖြစ်သလို အပြင်မှာ သေဆုံးသွားပြီလို့လည်း သတင်းတွေ ထွက်နေတာ"
“နောက်တစ်ယောက်ကတော့ ဇီဝေတတိယတောင်ထိပ်ရဲ့ တတိယသခင်လေး... နာမည်က...”
“ချန်ကျီရှင်းပါ"
ချန်ကျီရှင်းက စကားလမ်းကြောင်းကို လွှဲယူကာ သူ၏ အမည်ရင်းကို ဖွင့်ဟလိုက်သည်။
နောက်တစ်ခဏ၌ ဖြူဖွေးသော မီးလျှံအလင်းတစ်ခုမှာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဝင်းလက်သွားသည်။ မကြာမီမှာပင် ချန်ကျီရှင်း၏ ရုပ်သွင်မှာ ဝေဝါးလာပြီး ပုံသဏ္ဌာန် ပြောင်းလဲလာတော့သည်။
အသက်ရှူအကြိမ်အနည်းငယ်မျှ ကြာပြီးနောက် မုယွဲ့မေ၏ ရှေ့မှောက်တွင် အလွန်တရာ ခန့်ညားချောမောပြီး နှိုင်းယှဉ်ဖွယ်မရှိသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ကြည်လင်တောက်ပကာ အဖျားစွန်းလေးများ စောင်းတက်နေသော မျက်ဝန်းတစ်စုံ၊ နားထင်သို့ ထိုးတက်သွားသော ဓားသွားသဏ္ဌာန် မျက်ခုံးတန်းများ၊ ဖြောင့်စင်းသော နှာတံနှင့် ပါးလွှာသော နှုတ်ခမ်းအစုံတို့မှာ နတ်ဘုရားတစ်ပါးအလား တင့်တယ်လှပလွန်းလှသည်။
“မင်း... မင်းက...”
ခဏချင်းမှာပင် မုယွဲ့မေ၏ လှပသောမျက်ဝန်းများမှာ ပြူးကျယ်သွားပြီး သူမ၏ အသက်ရှူသံမှာလည်း အနည်းငယ် တန့်သွားရရှာသည်။
ဘယ်လောက်တောင် ချောမောလိုက်တဲ့ လူငယ်လေးလဲ။
မုယွဲ့မေ၏ အဆင့်အတန်းမျိုးတွင် သာမန်ရုပ်ရည်မျိုးမှာ မည်မျှပင် ဆွဲဆောင်မှုရှိပါစေ သူမ၏နှလုံးသားကို လှုပ်ခတ်နိုင်စွမ်း မရှိတော့ပေ။ ထို့အပြင် သူမသည် လူပေါင်းစုံကို တွေ့မြင်ဖူးခဲ့ပြီး ဖြစ်ရာ ရုပ်ရည်ချောမောသူများမှာလည်း ရေတွက်၍ပင် မကုန်နိုင်တော့ပေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား သူမ၏ရှေ့တွင်ရှိနေသော အသက်အရွယ်အတိအကျကို ခန့်မှန်းရခက်သည့် ချန်ကျီရှင်း ဆိုသူမှာ သူမဘဝတွင် မြင်ဖူးသမျှထဲ၌ အချောမောဆုံး ပုဂ္ဂိုလ်ဖြစ်သည်ကိုတော့ ဝန်ခံရမည်ပင်။
“ပင်... ပင်းအာ... ဒါက မင်းရဲ့ အစစ်အမှန် ရုပ်သွင်လား”
မုယွဲ့မေက သူမ၏ ရင်ခုန်သံကို ထိန်းချုပ်ရင်း မေးမြန်းလိုက်သည်။
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်၏။
မုယွဲ့မေက စပ်စုလိုစိတ်ဖြင့် ဆက်မေးပြန်သည်။
“မင်းရဲ့ ပါရမီနဲ့ နောက်ခံအင်အားအရဆိုရင် ချန်မျိုးနွယ်စုထဲမှာ မင်းက အရမ်းကို အလေးပေးခံရတဲ့သူ ဖြစ်မှာပဲ။ နောင်တစ်ချိန်မှာ ဇီဝေချန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်တောင် ဖြစ်လာနိုင်တာ"
“အဲဒီလို အဆင့်အတန်းမျိုးက ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ စစ်မှန်သောတပည့်ထက်တင်မကဘဲ ငါ့ရဲ့ တောင်ထိပ်သခင်ဆိုတဲ့ ရာထူးထက်တောင် အများကြီး ပိုမြင့်မားသေးတယ်။ ဘာလို့... ဘာလို့ ငါတို့နယ်မြေကို ရောက်လာခဲ့ရတာလဲ...”
ချန်ကျီရှင်းက ပြုံးလျက် “ဆရာ... တောင်ဘက်တောင်ထိပ်က တပည့်ရွှီဖန်ကို မှတ်မိလားဗျ”
“ရွှီဖန် ဟုတ်လား”
မုယွဲ့မေက အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်မိသည်။
“ဆရာ မှတ်မိတာပေါ့။ မင်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ရောက်လာတာက သူနဲ့ ပတ်သက်နေလို့လား”
“ဟုတ်ပါတယ် ဆရာ"
ချန်ကျီရှင်းက ခေါင်းညိတ်လျက် အလေးအနက် ပြောလိုက်သည်။
“အဲဒီ ရွှီဖန်က ကျွန်တော့် ချန်မျိုးနွယ်စုဆီကနေ ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို ခိုးယူသွားခဲ့သလို ကျွန်တော့်မျိုးနွယ်စုဝင် ၁၀ ယောက်ကျော်ကိုလည်း သတ်ဖြတ်သွားခဲ့တယ်။ သူ့ကို လိုက်လံနှိမ်နင်းဖို့အတွက် ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ"
“နောက်ပိုင်းမှာတော့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ စိတ်ဝိညာဉ်နည်းစနစ်နဲ့ ခန္ဓာကိုယ်ကျင့်စဉ်တွေက ကျွန်တော့်ရဲ့ ကျင့်ကြံမှုလမ်းစဉ်နဲ့ ကိုက်ညီနေတာကို သတိထားမိလို့ ဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာပါ”
စကားအဆုံးတွင် ချန်ကျီရှင်းက မုယွဲ့မေကို လေးနက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။
“အကယ်၍ ဆရာက ကျွန်တော့်ရဲ့ အထောက်အထားကို စိုးရိမ်ပူပန်နေမယ်ဆိုရင်တော့ ကျွန်တော် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကနေ ထွက်ခွာသွားပါ့မယ်"
ထိုအခိုက်အတန့်တွင် ချန်ကျီရှင်းသည် သူ၏စိတ်ကို အပြတ်အသတ် ဆုံးဖြတ်ထားပြီးသားပင်။
အကယ်၍ သူ၏ အထောက်အထားက မုယွဲ့မေကို အမှန်တကယ် စိတ်မသက်မသာ ဖြစ်စေပါက သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ရိုးရိုးသားသားပင် ထွက်ခွာသွားမည်ဖြစ်သည်။
ဤဆရာသည် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သလို သူ၏ အထောက်အထားကြောင့် မုယွဲ့မေကို ဒုက္ခမရောက်စေလိုပေ။ သူ မရရှိသေးသည့် ခန္ဓာကိုယ်ကျင့်စဉ်နှင့် မကြာမီ ရောက်ရှိလာတော့မည့် မုန့်ဟဲသုန်းတို့အတွက်မူ နောင်မှသာ နည်းလမ်းရှာရပေလိမ်မည်။
“ပင်... ဆရာကတော့ မင်းကို ပင်းအာလို့ပဲ ဆက်ခေါ်မယ်နော် အကျင့်ဖြစ်နေလို့ပါ”
မုယွဲ့မေ၏ လှပသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြည်းဖြည်းချင်း လင်းလက်လာသည်။ ချန်ကျီရှင်းကို စတင်မေးမြန်းကတည်းက ချန်ကျီရှင်းက သူမကို ယုံကြည်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြသရွေ့ သူမအနေဖြင့် မည်သို့ပင်ဖြစ်စေ သူ့ကို ကာကွယ်ပေးမည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
“ပင်းအာ... မင်းက ဆရာ့ကို ဒီလောက်အထိ ယုံကြည်ပေးတဲ့အတွက် ဆရာ တကယ်ကို စိတ်ကျေနပ်မိပါတယ်”
“ဘာမှ စိတ်မပူပါနဲ့။ မင်းက ဆရာ့ကို အဆက်အသွယ် မဖြတ်သရွေ့တော့ ဘာကိုမှ စိုးရိမ်နေစရာ မလိုဘူး။ မင်းရဲ့ အခြေအနေအားလုံးကို ဆရာကပဲ တာဝန်ယူ စောင့်ရှောက်ပေးသွားမယ်”
“ဟုတ်ကဲ့ပါ”
ချန်ကျီရှင်းမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ထူးဆန်းသည်မှာ သူ၏ အစစ်အမှန် အထောက်အထားကို ဖွင့်ဟလိုက်ရသည့်အခါ သူ၏ ရင်ထဲမှ အလေးခဲကြီးတစ်ခု ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရခြင်းပင်။
မုယွဲ့မေက ချန်ကျီရှင်းကို ကြည့်ကာ စနောက်လိုက်သည်။
“ငါ့တပည့်က ဒီလောက်တောင် ချောမောပြီး ထာဝရရှင်သန်ခြင်းမျိုးနွယ်စုရဲ့ အနာဂတ် အရှင်သခင်ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ တကယ်တော့ ဆရာကမှ ဂုဏ်ယူရမှာပါ”
ချန်ကျီရှင်းက သက်ပြင်းတစ်ချက်ချလျက် “ဆရာ့ရဲ့ ချီးမွမ်းစကားတွေက တပည့်အတွက်တော့ မြှောက်ပင့်လွန်းရာ ရောက်နေပါပြီဗျာ”
...
သုံးရက်တာကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ချန်ကျီရှင်းက မုယွဲ့မေကို အရှိကိုအရှိအတိုင်း ဖွင့်ပြောလိုက်ပြီးနောက် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ဝေးကွာမသွားသည့်အပြင် ပို၍ပင် ရင်းနှီးလာခဲ့ကြသည်။
တစ်ဖက်တွင်လည်း ဤသုံးရက်အတွင်း ချန်ကျီရှင်းနှင့် သုံးထပ်ကွမ်းချန်ပီယံခန်ရုံတို့၏ တိုက်ပွဲမှာ ဂိုဏ်းတစ်ခုလုံးတွင် အပူတပြင်း ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။
တစ်ဦးက ရှေးဟောင်းဒဏ္ဍာရီများတွင်သာ ရှိတတ်သည့် နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူ
နောက်တစ်ဦးကမူ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ဖူးသေးသည့် နံပါတ်တစ်ပုဂ္ဂိုလ်ပင်။
သူတို့နှစ်ဦး၏ တိုက်ပွဲမှာ မစတင်မီကပင် အဆုံးမရှိသော ဆွေးနွေးမှုများနှင့် စိတ်ဝင်စားမှုများကို နှိုးဆွနေခဲ့ပြီ ဖြစ်သည်။ အချို့သော စိတ်အားထက်သန်သည့် တပည့်များကမူ ဤတိုက်ပွဲကို ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ ခေတ်ဟောင်းနှင့် ခေတ်သစ်ထိပ်တိုက်တွေ့ဆုံမှုဟုပင် တင်စားကြတော့သည်။
ဘုရင်ဟောင်းက နန်းဆင်းပြီး ဘုရင်သစ် နန်းတက်မည့် တိုက်ပွဲဟုလည်း ပြောကြ၏။
ထိုနေ့ မနက်မိုးလင်းစအချိန် နေခြည်နုနုနှင့်အတူ မိုးဖွဲဖွဲလေးများ ရွာသွန်းနေစဉ်မှာပင်မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်မှ မရေမတွက်နိုင်သော တပည့်များသည် ကွမ်းဟဲခန်းမဆောင် အပြင်ဘက်ရှိ ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ဆီသို့ စောစီးစွာ ရောက်ရှိလာကြပြီး ရင်ခုန်စွာဖြင့် စောင့်ဆိုင်းနေကြ၏။