← Chapters

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အပိုင်း(၈၅)

"အဲဒါက ငါတို့ အစောဆုံး ထွက်သွားနိုင်တဲ့ အချိန်လား..."

လင်းတုန်းက မေးလိုက်၏။ ယီရင်က ကိုယ့်ကိုယ်ကိုယ် မီးရှို့ကြရန် အကြံပြုလိုက်သကဲ့သို့ သူ့ကို စိုက်ကြည့်လေသည်။

"နင် သိထားဖို့က၊ သံမဏိအဆင့်ကို အမြန် တက်လို့ ရပေမယ့် နင် သေချာပေါက် အဲဒီလို လုပ်ချင်မှာ မဟုတ်ဘူး... အဆင့်နိမ့် ရွှေအဆင့်ကို ရောက်ဖို့ နင့်ရဲ့ အခွင့်အရေးတွေကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်... ပြီးတော့ ဟိုးအောက်ဘက်မှာ အားအနည်းဆုံး ကျင့်ကြံသူကတောင် အဆင့်နိမ့် ရွှေအဆင့် ရှိလိမ့်မယ်... ဒါကြောင့် သစ်ပင်တွေကြားမှာ လမ်းလျှောက်ရင်း နင် အသက်ရှင်ခဲ့မယ် ဆိုရင်တောင်၊ အကျင့်စရိုက်ဆိုးတဲ့ အခွင့်ထူးခံ သားတစ်ယောက်နဲ့ တွေ့တာနဲ့တင် နင့်အရိုးတွေ သစ်ပင်တွေကြားမှာ ပြန့်ကျဲသွားဖို့ လုံလောက်တယ်..."

"တောင်းပန်ပါတယ်၊ ဒါပေမယ့် အဆင့်နိမ့် ရွှေအဆင့် ဆိုတာက ဘယ်သူလဲ..."

သူမက သူ့ကို ခြိမ်းခြောက်နေသကဲ့သို့ လက်ညှိုးထိုးပြလိုက်သည်။

"ငါ ပြောတာ မှန်တယ်ဆိုတာကို နင့်ဘာသာနင် သက်သေပြနေတာပဲ... အဲဒါက ဘယ်သူလဲ လို့ မေးရမှာ မဟုတ်ဘူး၊ ရွှေအဆင့်ရဲ့ ပထမဆုံး အဆင့်ခွဲကို ခေါ်တဲ့ နာမည်ပဲ..."

"အဆင့်ခွဲ..."

"ရွှေအဆင့်ဆိုတာ ကျယ်ဝန်းတဲ့ မြစ်ကြီး တစ်စင်းလို့ ငါ ပြောခဲ့တယ်လေ... အားအနည်းဆုံး ရွှေအဆင့်တွေက အဆင့်နိမ့် ရွှေအဆင့်၊ အဲဒီနောက်မှာ အဆင့်မြင့် ရွှေအဆင့်၊ အဲဒီထက် ကျော်သွားရင် အစစ်အမှန် ရွှေအဆင့်ပဲ... အဆင့်တစ်ခုနဲ့ တစ်ခုကြားက ကွာဟချက်က ကြေးအဆင့်နဲ့ သံမဏိအဆင့် ကြားက ကွာဟချက်ထက် ဆယ်ဆလောက် ပိုကျယ်တယ်... နင်သာ နည်းနည်းလေး ပိုမြန်မြန် လှုပ်ရှားတတ်ပြီး နှစ်ဆလောက် ပိုဉာဏ်ကောင်းမယ် ဆိုရင်၊ အဆင့်နိမ့် ရွှေအဆင့် ရောက်တဲ့အထိ ဒီနေရာမှာပဲ နှစ်အနည်းငယ်လောက် ပုန်းအောင်းနေသင့်တယ်.."

ယခင်က သူ အံ့ဩခဲ့ရသည်ဟု ထင်ခဲ့လျှင်ပင်၊ ဤတစ်ကြိမ်တွင်မူ သူ၏ အဆုတ်များ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှေအဆင့် ဟုတ်သလော...။

နှစ်အနည်းငယ် ကြာမည်ဆိုလျှင်တောင်မှ၊ သူ့ထံတွင် ဆယ်စုနှစ် သုံးခု အချိန်ရှိသည်ဟု ဆူရီရယ်က ပြောခဲ့သည် မဟုတ်ပါလော။ ရုတ်တရက်ဆိုသလို သူသည် ထိုမျှလောက် အချိန်ကျပ်တည်းနေသော အခြေအနေတွင် ရှိမနေဟု ခံစားလိုက်ရသည်။

သူမက သူ့ကို လက်ရမ်းပြလိုက်သည်။

"အဲဒါက အကောင်းမြင်ဆုံး ရှုထောင့်ကနေ ပြောတာပါ... အဓိက အချက်က ငါတို့က ဒီရေကို မှီအောင် လိုက်နေတာ မဟုတ်ဘူးလေ... တစ်နှစ် နှစ်နှစ်လောက်က သိပ်အများကြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..."

ထိုစကား၏ အစိတ်အပိုင်း တစ်ခုက လင်းတုန်းအတွက် မီးတောက်နေသော ချုံပုတ်တစ်ခုကဲ့သို့ ထင်ရှားစွာ စွဲထင်သွားခဲ့သည်။

‘ငါတို့က ဒီရေကို မှီအောင် လိုက်နေတာ မဟုတ်ဘူး...’

သူမက သူမကိုယ်သူမပါ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်ပြီး၊ သူနှင့်အတူ ဆက်နေရန် ရည်ရွယ်ထားသကဲ့သို့ပင်။

ထိုအချက်က သူ တွေးတောရန် ပြင်ဆင်ထားသည်ထက် ပို၍ အဓိပ္ပာယ်ရှိနေကာ၊ သူ၏ နှလုံးသားထဲသို့ ချိုမြိန်သော နာကျင်မှုတစ်ခုအဖြစ် စွဲထင်သွားစေသည်။ သူ၏ ဘဝ အချိန်အများစုတွင်၊ သူ၏ မိသားစုကပင် သွေးသားတော်စပ်မှု တာဝန်ဝတ္တရား အရသာ သူ၏ဘက်မှ ရပ်တည်ပေးခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်မဲ့ တစ်ယောက်သည် မြေကြီးထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခြင်းမှလွဲ၍ အခြား မည်သည့်နေရာသို့မျှ မသွားနိုင်ပေ။ ထို့အပြင် မည်သူကမျှ ထို ခရီးစဉ်တွင် သူနှင့်အတူ လိုက်ပါသွားလိုမည် မဟုတ်ပေ။

ယီရင်သည် သူမ၏ ကတိသစ္စာကို စောင့်ထိန်းခဲ့ပြီး ဖြစ်သည်။ သူမက သူ့ကို အထွတ်အမြတ် တောင်ကြားထဲမှ ဘေးကင်းစွာ ခေါ်ထုတ်လာခဲ့ပြီးပြီ မဟုတ်ပါလော။ သူမ၏ ဒဏ်ရာများကို သူ ပတ်တီးစည်းပေးပြီးသည်နှင့် တစ်ပြိုင်နက် သူမက သူ့ကို ထားရစ်ကာ ထွက်သွားလိမ့်မည်ဟု သူ တစ်ဝက်ခန့် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ငါးရက်တိုင် ကြာခဲ့ပြီဖြစ်သော်လည်း သူမက ထိုအကြောင်းကို စကားတစ်ခွန်းမျှ မဟသေးချေ။

သူက ဒူးထောက်ထားဆဲ အနေအထားဖြင့်ပင် သူမကို အရိုအသေပေးလိုက်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကာလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

သူက ပြောလိုက်သည်။

သူမ မျက်နှာ ရဲတက်သွားပြီး ဂုတ်ပိုးကို ပွတ်သပ်လိုက်သည်။

"ကဲလေ... လမ်းစဉ်တိုင်းမှာ ပထမဆုံး ခြေလှမ်းဆိုတာ ရှိစမြဲပါ... နင့်ကို ကြေးအဆင့် အရင်ရောက်အောင် လုပ်ရအောင်... အဲဒီ ကြယ်ကြာပန်း ကရော ဘယ်လိုနေလဲ..."

သူ မျက်စိမှိတ်လိုက်ပြီး သူ၏ မာဒြာကို ပုံဖော်ကြည့်လိုက်သည်။ သူ၏ ဝိညာဉ် သွေးကြောများ ထဲမှနေ၍ ဖြည်းညင်းစွာ စီးဆင်းနေသော စွမ်းအင်များကို သူ ခပ်ရေးရေးမျှ ခံစားမိနေသည်။ ထို စွမ်းအင်များကို သွေးကြောများထဲတွင် သွေးများ စီးဆင်းနေသကဲ့သို့ သူ၏ ခန္ဓာကိုယ် တစ်လျှောက် ပြေးလွှားနေသည့် မှိန်ပျပျ ပြာလဲ့လဲ့ အလင်းရောင် တစ်ခုအဖြစ် သူ အမြဲတမ်း စိတ်ကူးယဉ်လေ့ ရှိသည်။ စွမ်းအင်များက သူ၏ အသက်ရှူနှုန်း အတိုင်း စည်းချက်ကျကျ တုန်ခါနေ၏။ သူ၏ အမြုတေထဲမှ လှည့်ပတ် ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အစွန်အဖျားများသို့ ရောက်ရှိပြီးနောက် ပြန်လည် ဝင်ရောက်လာကြသည်။

ဤရက်သတ္တပတ် မတိုင်မီကဆိုလျှင် သူ၏ အမြုတေသည် အခြားသူများ အားလုံးနှင့် တူညီသော နေရာတွင်ပင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ဆွဲငင်အား ဗဟိုချက်ဖြစ်သော ချက်အောက် နားလေးတွင်ဖြစ်ပြီး၊ လူအများက ထိုနေရာတွင် ဝိညာဉ် တည်ရှိသည်ဟု ပြောဆိုကြသည်။ ယခုမူ ထိုအရာက ညာဘက်သို့ တစ်လက်မခန့် ရွေ့သွားခဲ့လေပြီ။

ထို့ပြင် ဘယ်ဘက်တွင်လည်း သူ၏ အမြွှာနောက်တစ်ခု ရှိနေလေသည်။

သူ၏ စိတ်ကူးထဲတွင် အမြုတေ နှစ်ခုစလုံးက တောက်ပနေ၏။ လေထိုးသွင်းထားသော ရေအိတ်များကဲ့သို့ ဖောင်းကားနေကာ သူ၏ လက်သီးဆုပ်ခန့် အရွယ်အစား ရှိနေပုံရသည်။ သူ အလိုရှိပါက မာဒြာများကို အမြုတေ တစ်ခုထဲသို့ ပြန်ရုပ်သိမ်းပြီး၊ ကျန်တစ်ခုကို လှည့်ပတ်နိုင်ပေမည်။ သို့သော် ထိုသို့လုပ်ရန် အကြောင်းပြချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် အမြုတေ နှစ်ခုစလုံးတွင် တူညီသော မာဒြာ ပမာဏ အတူတူ ပါဝင်နေသောကြောင့် ဖြစ်သည်။ သူသည် လွန်ခဲ့သော ငါးရက်တာ ကာလအတွင်း ညစဉ်ညတိုင်း စွမ်းအင်များကို လှည့်ပတ်ခဲ့သည်။ ကောင်းကင် ဂုဏ်သရေ ကျောင်းတော်မှ သူ ခိုးယူလာခဲ့သော ကပ်ပါး လက်စွပ်ကိုပင် အသုံးပြုခဲ့သေး၏။ သို့သော် ကြယ်ကြာပန်း အဖူးကို စားသုံးပြီးကတည်းက စွမ်းအင် တစ်စက်မျှ တိုးတက်လာခြင်း မရှိခဲ့ပေ။

အမြုတေ တစ်ခု၏ အခြေခံကို ခိုင်မာစေရန် ပန်း၏ တစ်ဝက်ကို သူ စားသုံးခဲ့ပြီး၊ ကျန်တစ်ဝက်ကိုမူ အခြား အမြုတေ တစ်ခုအတွက် အသုံးပြုခဲ့သည်။ ယခုမူ ယီရင်၏ အဆိုအရ အမြုတေ နှစ်ခုစလုံးသည် ၎င်းတို့၏ ကန့်သတ်ချက် ပြည့်ဝသွားပြီ ဖြစ်သည်။

သို့ဖြစ်ရာ အဆင့်တက်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

"ပန်းရဲ့ မာဒြာတွေက ငြိမ်သက်သွားပြီ..."

သူက မျက်စိမှိတ်ထားဆဲ အနေအထားဖြင့် အသိပေးလိုက်သည်။ ကြယ်ကြာပန်း၏ မာဒြာများက ချောမွေ့စွာ ဝင်ရောက်သွားခဲ့သော်လည်း၊ သူ၏ အမြုတေများမှာ ရေဝဲနှစ်ခုကဲ့သို့ လည်ပတ်နေခြင်းမှ ရပ်တန့်ရန် ရက်အနည်းငယ် အချိန်ယူခဲ့ရသည်။

"အမြုတေတွေ ငြိမ်သက်သွားပြီ... ငါ ပေးနိုင်သမျှ အရာအားလုံးကိုလည်း စုပ်ယူပြီးသွားပြီ ဆိုတော့ ငါ အဆင်သင့် ဖြစ်နေပြီ..."

သူက စိတ်ငြိမ်သက်နေစေရန် အတင်းအကျပ် ထိန်းချုပ်ထားသော်လည်း သူ၏ ဒူးများပေါ်ရှိ လက်များက တုန်ယင်နေ၏။ ယခုလို အခြေအနေကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရချိန်တွင်တော့ သူ တကယ်ပဲ ကြေးအဆင့်အတွက် အဆင်သင့် ဖြစ်နေပြီလားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိသည်။

ဤအခြေအနေသို့ ရောက်လာချိန်တွင် ကျင့်စဉ်များနှင့် ပတ်သက်၍ သူ ပိုမို သိရှိနားလည်လာပြီး၊ ယုံကြည်မှု အပြည့်ဖြင့် အဆင့်တက်နိုင်လိမ့်မည်ဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့သည်။ လူအများစုက လမ်းစဉ်များတွင် ရေးသားထားသော ရှေးဟောင်း လမ်းညွှန်ချက်များကို လိုက်နာကြခြင်း ဖြစ်သည်။ သူ လိုက်နာနေသော တစ်ခုတည်းသော လမ်းစဉ်မှာကား သူ သွားနေရင်းနှင့် ကိုယ်တိုင် ဖန်တီးနေရသော လမ်းစဉ်သာ ဖြစ်လေသည်။

သို့သော် ထိုသံသယများက သူ့ကို ကိုက်ခဲနေသော အရိုးထဲထိ စိမ့်ဝင်နေသည့် ဆာလောင်မွတ်သိပ်မှုကြီးနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ပေ။ ကြေးအဆင့်ကို သူ လိုချင်ရုံ သက်သက်မဟုတ်၊ အမှန်တကယ် လိုအပ်နေခြင်း ဖြစ်ရာ ခဏတာ တွေဝေမှုများက သူ့ကို မတားဆီးနိုင်ခဲ့ပေ။

ထို့အပြင် သူ၏ အရှေ့တွင် အထွတ်အမြတ် တောင်ကြားရှိ မည်သူ့ထက်မဆို ပို၍ အရည်အချင်းရှိသော ဆရာတစ်ယောက် ရှိနေသည်။ သူမမှာ ဒဏ္ဍာရီလာ ရွှေအဆင့် တစ်ဦးပင် ဖြစ်သည်။

သူက သတိထား၍ အသက်ကို ရှူထုတ်လိုက်ပြီး၊ အခြေခံအဆင့် အသက်ရှူ နည်းစနစ်နှင့်အညီ ပြန်လည် ရှူသွင်းလိုက်သည်။

"ငါ အဆင်သင့် ဖြစ်နေပြီ..."

သူက ထပ်ပြောလိုက်သည်။

"အခု ငါ ဘာဆက်လုပ်ရမလဲ..."

"အင်း... အဲဒါကို အောက်ဘက်ရောက်အောင် နည်းနည်း ညှစ်ချလိုက်... နင့် အဝတ်တွေထဲက ရေကို ညှစ်ထုတ်လိုက်သလိုမျိုးပေါ့... ပြီးရင် ပြီးတဲ့အထိ ဆက်လုပ်နေလိုက်..."

သူ မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်သည်။

"အဲဒါကို ဘယ်လို လုပ်ရမှာလဲ။"

သူမက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"နင်... နင်သိတယ်မလား၊ အဲဒီလိုမျိုး..."

သူမက လက်သီးဆုပ်ပြလိုက်သည်။

"ညှစ်လိုက်လေ..."

သူ မျက်စိပြန်မှိတ်လိုက်ပြီး စိတ်ကူးထဲမှ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ အမြုတေ တစ်ခုကို ညှစ်နေကြောင်း ပုံဖော်ကြည့်လိုက်သည်။ ဘာမှ ဖြစ်မလာခဲ့ပေ။

"အဲဒါ အလုပ်ဖြစ်ပုံ မရဘူး..."

သူက အပြစ်တင်သည့် လေသံ မပါစေရန် သတိထား၍ ပြောလိုက်သည်။

"အင်း... အဲဒါဆိုရင်တော့ နင့်အတွက် အခက်အခဲ တစ်ခုပဲ... အခု နင့်လှေ နင်ထိုးရတော့မှာပဲ..."

သူ သူမကို စိုက်ကြည့်လိုက်သည်။

"ငါ့ကို နင်ပြောပြနိုင်တာ ဒါအကုန်ပဲလား..."

"ငါ ပထမဆုံး အဆင့်တက်ခဲ့တာကို မှတ်မိသလောက်ဆိုရင်၊ ကြေးအဆင့်ကနေ သံမဏိအဆင့်ကို တက်ခဲ့တာပဲ.. အဲဒီတုန်းက ငါ့အသက်က ဆောင်းရာသီ ရှစ်ခါလည်လောက်ပဲ ရှိဦးမယ်... လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက်တောင် မကြီးသေးတဲ့ အရွယ်မှာ ဒါကို ငါ လုပ်နိုင်ခဲ့တယ်ဆိုရင်၊ နင့်အတွက်က လွယ်လွယ်လေး ဖြစ်သင့်တာပေါ့..."

သူမက သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"ပြီးတော့ မျက်လုံးတွေနဲ့ ထိုးဖောက်တော့မလို ငါ့ကို လာမကြည့်နဲ့... အရင်က ကြေးအဆင့်ကို တက်မယ့်လူ တစ်ယောက်ကို တစ်ဆင့်ချင်းစီ လမ်းမညွှန်ပေးဖူးတာ ငါ့အမှား မဟုတ်ဘူး..."

"ခွင့်လွှတ်ပါ၊ ငါ အာရုံစိုက်နေရုံ သက်သက်ပါ.."

ထိုစကားက လုံးဝ အမှန်တော့ မဟုတ်ပေ။ သူမသည် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သင့်သည် မဟုတ်ပါလော။ သူသာ အဆင့်ဘယ်လို တက်ရမည်ကို သိခဲ့လျှင် အစောကြီးကတည်းက လုပ်ပြီးနေလောက်ပြီ ဖြစ်သည်။

***

အပိုင်း(၈၆)

လင်းတုန်း မျက်စိ ထပ်မှိတ်လိုက်ပြီး သူ၏ အမြုတေ နှစ်ခုစလုံးကို ပုံဖော်လိုက်ပြန်သည်။ ပင့်ကူ တစ်ကောင်ထံမှ ထွက်လာသော ပင့်ကူမျှင်များကဲ့သို့ မာဒြာများက အမြုတေ တစ်ခုထဲမှ ထွက်ပေါ်လာရာ၊ သူက အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စွမ်းအင်များကို အမြုတေထဲသို့ ပြန်လည် ဆွဲယူလိုက်သည်။ သူ၏ စွမ်းအင်များကဲ့သို့ မှေးမှိန်နေသော အရာပင် ဖြစ်လင့်ကစား၊ ထိုစွမ်းအင်များ ပျောက်ကွယ်သွားချိန်တွင် သူ သိသိသာသာ ခံစားလိုက်ရသည်။ သူ၏ ခြေလက်များ အားနည်းသွားပြီး၊ နာကျင်မှုများ ပိုမို ပြင်းထန်လာကာ၊ အေးစက်သော လေပြေက ပို၍ ထက်ရှသွားသကဲ့သို့ ရှိလေသည်။

သူက အမြုတေပေါ်သို့ အာရုံစူးစိုက်လိုက်ပြီး သတိကို စုစည်းကာ အသက်ရှူထုတ်လိုက်သည်။ အသက်ရှူခြင်းက မာဒြာများကို လှည့်ပတ်စေပြီး၊ အဆုတ်ထဲမှ လေများ အားလုံးကို အပြင်သို့ တွန်းထုတ်လိုက်သည့် အချိန်တွင် သူ၏ ဝိညာဉ်က ငြိမ်သက်သွားတော့သည်။ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများကို ပိတ်ပင်ထားလိုက်ပြီး၊ ထို အမြုတေ တစ်ခုတည်းအပေါ် အာရုံစိုက်ကာ သူ၏ စိတ်ဆန္ဒ ဖိအားများ အားလုံးဖြင့် ညှစ်ချလိုက်သည်။

သို့ရာတွင် ဘာမျှ ပြောင်းလဲမသွားခဲ့ပေ။

သူ နောက်တစ်ကြိမ် အသက်ရှူသွင်းလိုက်ရာ၊ အမြုတေ နှစ်ခုစလုံးက နောက်တစ်ဖန် ပျင်းရိစွာ လည်ပတ်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူက ညာဘက်ရှိ အမြုတေထဲမှ စွမ်းအင် အနည်းငယ်ကို အပြင်သို့ စီးထွက်ခွင့် ပြုလိုက်သည်။ သို့သော် ထိုစွမ်းအင်များကို မာဒြာ သွေးကြောများထဲသို့ ပို့ဆောင်မည့် အစား၊ အမြုတေ၏ ပတ်လည်တွင် တိမ်လွှာတစ်ခုကဲ့သို့ ရစ်ပတ်ထားလိုက်သည်။

၎င်းမှာ ရိုးရှင်းသော အလိုလို သိစိတ်တစ်ခုသာ ဖြစ်သည်။ မာဒြာများကို အမြုတေ၏ အပြင်ဘက်တွင် ရှိနေသရွေ့ သူက လွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သို့ဖြစ်ရာ သူက ထို မာဒြာများကို လက်သီးဆုပ် တစ်ခုသဖွယ် အသုံးပြုကာ အမြုတေကို ဖိညှစ်လိုက်သည်။

လင်းတုန်းသည် ရလဒ်ကို နာကျင်မှုထက် ဖိအားတစ်ခုအဖြစ် ပို၍ ခံစားလိုက်ရ၏။ ထိုဖိအားက သူ၏ နှလုံးသားကို ညှပ်ကိရိယာ တစ်ခုဖြင့် ညှပ်ထားသကဲ့သို့ ရှိလေသည်။

သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ လက်လျှော့ရန်၊ အသက်ပြင်းပြင်း ရှူသွင်းရန်နှင့် နောက်တစ်ကြိမ် ပြန်ကြိုးစားရန်ပင် ဖြစ်သည်။ သို့သော် သူ အသက်ရှူသွင်းလိုက်ပါက မာဒြာများ လှည့်ပတ်သွားမည်ဖြစ်ပြီး အစမှ ပြန်လည် စတင်ရလိမ့်မည်။ ထို့ကြောင့် ဖိအားကို လျစ်လျူရှုကာ သူက ပို၍ ပြင်းထန်စွာ ညှစ်ချလိုက်သည်။

သူ၏ ဝမ်းဗိုက် ညာဘက်ခြမ်းမှနေ၍ စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွားပြီးနောက်၊ အရေပြားပေါ်တွင် ကခုန်နေသကဲ့သို့ ကျင်စက်စက်နှင့် ခဲလုမတတ် အေးစက်သော ခံစားမှုဆီသို့ ဦးတည်သွားစေသည်။ သို့သော် ယခု သူ၏ အမြုတေ နှစ်ခုကို ပုံဖော်ကြည့်လိုက်သောအခါ၊ ညာဘက်ရှိ အမြုတေက အနည်းငယ် ပိုသေးငယ်သွားပြီး... အနည်းငယ်လည်း ပို၍ တောက်ပနေပုံရသည်။

ယခုမှသာ သူ အသက်ရှူသွင်းလိုက်ပြီး မာဒြာများကို ခန္ဓာကိုယ် တစ်လျှောက် လှည့်ပတ်ခွင့်ပြုကာ သူ၏ အာရုံကြောများကို ငြိမ်သက်စေလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံ ဖိညှစ်လိုက်ပြန်သည်။ ယခုအခါ နာကျင်မှုက ပို၍ စူးရှလာပြီး၊ ကြွက်တက်သကဲ့သို့ နာကျင်မှုကလည်း ပို၍ အချိန်ကြာလာသည်။ အရေပြားပေါ်ရှိ အအေးဓာတ်မှာလည်း စွဲကျန်ရစ်နေ၏။ အပေါက်တစ်ခု ပေါက်သွားသကဲ့သို့ ရေပန်းထွက်လာသော ချွေးများကြောင့် လေပြေက သူ့ကို ပို၍ပင် ထက်ရှစွာ ရိုက်ခတ်နေတော့သည်။

"အခု နင် အဲဒါကို မိသွားပြီ..."

ယီရင်က ပြောလိုက်၏။ သူမ၏ စိတ်လှုပ်ရှားနေသော အသံမှာ သူ၏ နားအနီးသို့ ကပ်နေသည်။ သူ အာရုံစူးစိုက်မှု လွတ်ထွက်သွားလုနီးပါး ဖြစ်သွားရသည်။

"ဆက်ပြီး ထိန်းထား... တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်တဲ့ လူတစ်ယောက်ကို ငါ သိဖူးတယ်၊ သူ့ရဲ့ ကလီစာတွေကလေ..."

သူမ မတ်တတ်ရပ်လိုက်ပြီး လက်နက်ကို ဆွဲထုတ်လိုက်ကြောင်း ဖော်ပြနေသည့် အဝတ်အစား ပွတ်တိုက်သံနှင့် လေသံတိုးတိုး တရှပ်ရှပ် အသံကြားတွင် သူမ စကားရပ်သွားသည်။ လင်းတုန်း၏ မျက်လုံးများ ပွင့်သွားလုနီးပါး ဖြစ်သွားသော်လည်း အတင်းအကျပ် ပြန်မှိတ်ထားလိုက်ရသည်။ သူ ဖိညှစ်ထားသော အမြုတေမှာ ယခုအခါ မတည်မငြိမ် ဖြစ်နေပြီး စည်းချက်မကျသော ရစ်သမ်ဖြင့် တုန်ခါနေသည်။ ထိုအမြုတေ ပတ်လည်တွင် နောက်ထပ် မာဒြာ အလွှာတစ်ခုကို ရစ်ပတ်ရန်အတွက် သူ၏ အာရုံစူးစိုက်မှု အားလုံးကို အသုံးပြုလိုက်ရသည်။

အရေးကြီးသော အပိုင်း မရောက်မီ သူမ စကားရပ်သွားခဲ့သော်လည်း သူမ ပြောသည်မှာ မှန်ကန်ကြောင်း သူ ခံစားသိရှိနိုင်လေသည်။ အန္တရာယ် တစ်ခုခုကို ရင်ဆိုင်ရန်အတွက် သူ၏ ပတ်လည်တွင် ဖွဖွလျှောက်သွားနေသော သူမ၏ ခြေသံများကို နားမထောင်ရန် သူ ကြိုးစားလိုက်သည်။ သူသာ အမြုတေကို ပစ်ထားလိုက်ပါက သူ၏ ခန္ဓာကိုယ်ထဲတွင် အရိုင်းဆန်စွာ သောင်းကျန်းသွားမည် ဖြစ်သည်။ အဆိုးရွားဆုံး အခြေအနေတွင် ထိုအရာက သူ့ကို အတွင်းပိုင်းမှနေ၍ ဆုတ်ဖြဲပစ်လိုက်နိုင်သည်။

သူ မာဒြာများကို နောက်တစ်ကြိမ် ထပ်မံ ကွေးဆန့်လိုက်ရာ အမြုတေ၏ အရွယ်အစားမှာ နောက်ထပ် တစ်လွှာစာ သေးငယ်သွားပြန်သည်။ ရေခဲအပ်များက သူ၏ တစ်ကိုယ်လုံးကို ထိုးဆွလိုက်သကဲ့သို့ သူ တုန်ယင်သွားသည်။ ဤတစ်ကြိမ်တွင် နားပေါက် အနက်ပိုင်း၊ လက်သည်းခွံအောက်နှင့် မျက်လုံး အနောက်ဘက်တို့တွင်ပင် ခံစားလိုက်ရသည်။ သူ ကြက်သီးထသွားသော်လည်း အသက်ရှူနှုန်းကို တည်ငြိမ်နေစေရန် အတင်းထိန်းထားလိုက်သည်။ သူ မည်သည့် လမ်းစဉ်ကိုမျှ မလိုက်ခဲ့ဖူးသော်လည်း လှည့်ပတ်ခြင်း နည်းစနစ်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးသည်။ သူ၏ မာဒြာများ လွတ်ထွက် မသွားခဲ့ပေ။

နားထဲမှ နာကျင်မှုအပြီးတွင် စူးရှသော မြည်ဟည်းသံမှလွဲ၍ ဘာကိုမျှ သူ မကြားရတော့ပေ။ သို့သော် သူ့အနီးရှိ မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ကျဆင်းလာသည့် ရိုက်ခတ်မှုကိုမူ သူ ခံစားလိုက်ရသည်။ နောက်တစ်ကြိမ် သူ၏ အမြုတေပေါ်သို့သာ လုံးလုံးလျားလျား အာရုံစိုက်ထားလိုက်ပြန်သည်။

အမြုတေမှာ ယခင်က သူ၏ လက်သီးဆုပ်ခန့် အရွယ်အစား ရှိခဲ့လျှင်၊ ယခုမူ ဆူရီရယ်၏ စကျင်ကျောက်လုံး အရွယ်အစားမျှသာ ရှိတော့ပြီး ပို၍ တောက်ပနေသည်။ ပိုကြီးသော အမြုတေမှာ နှိုင်းယှဉ်ကြည့်လိုက်လျှင် ပို၍ ဝေဝါးနေပြီး၊ တကယ်မရှိသကဲ့သို့ အိပ်မက်တစ်ပိုင်းသဖွယ် ဖြစ်နေ၏။ ကြေးအဆင့် အမြုတေကမူ ပို၍ တောက်ပကာ ပို၍ ရှင်းလင်းနေသည်။ ကြယ်တစ်ပွင့်ကဲ့သို့ လွင့်မျောနေသော ထိုအရာကို ပုံဖော်ရန်အတွက် သူ အားစိုက်ထုတ်စရာပင် မလိုတော့ချေ။

မာဒြာ လက်သီးဆုပ်ဖြင့် ပိုမို သေချာကျပ်တည်းစွာ ရစ်ပတ်ပြီးနောက်တွင် သူက နောက်ဆုံးတစ်ကြိမ် အနေဖြင့် ညှစ်ချလိုက်တော့သည်။ ထိုအချိန်တွင် ယီရင်၏ အသံကို သူ ကြားလိုက်ရသော်လည်း အလွန် ဝေးကွာနေသကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ စကားလုံးများကို သူ သဲကွဲစွာ မကြားရပေ။

မည်သို့ပင်ဖြစ်စေ သူကလည်း အာရုံလွှဲရန် စိတ်ဝင်စားမနေခဲ့ချေ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ကျင်စက်စက်နှင့် စပ်ဖျင်းဖျင်း ဖြစ်နေကာ၊ ကြွက်သားတိုင်း တုန်ရီလာသည်အထိ ယခင်ကထက် ပို၍ နာကျင်နေတော့သည်။ အခွံမခွာချင်သော အခွံမာသီး တစ်လုံးကဲ့သို့ ဤတစ်ကြိမ်တွင် သူ၏ အမြုတေက ရုန်းကန်ခုခံနေပြီး၊ တွန်းအားပေးရန်အတွက် သူ၏ စိတ်ဆန္ဒ အားလုံးနှင့် မာဒြာ အားလုံးကို အသုံးပြုလိုက်ရလေတော့သည်။

အမြုတေသည် သေးငယ်သော အလင်းစက် ကလေးတစ်ခု အဖြစ်သို့ ရုတ်ချည်း ကျုံ့ဝင်သွားပြီးနောက် သူ ပြင်းထန်စွာ တုန်ရီသွားသည်။ ရေခဲလို အေးစက်စက် လက်တစ်ဖက်က သူ၏ ဦးခေါင်းနောက်ဘက်ကို ရိုက်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ သတိလစ်သွားတော့သည်။

ခဏအကြာတွင် သူ ပြန်လည် နိုးထလာသည်။ အနည်းဆုံးတော့ သူ့အတွက် ထိုမျှလောက်သာ အချိန်ကြာလိုက်သည်ဟု ထင်ရ၏။ မီးပုံလေးမှာ သူ နောက်ဆုံး မြင်တွေ့ခဲ့ရစဉ်ကကဲ့သို့ပင် မှိုင်းညို့သော အနီရောင် အလင်းဖြင့် တဖျပ်ဖျပ် တောက်လောင်နေပြီး၊ ၎င်း၏ အပူရှိန်က သူ့အပေါ်တွင် လေးလံသော စောင်ကြီးတစ်ထည် ဖုံးအုပ်ထားသကဲ့သို့ ဖိစီးနေသည်။ သူက ထိုနေရာမှ ခွာရန် စတင် လှုပ်ရှားလိုက်သော်လည်း အံ့ဩဖွယ်ရာ ရှာဖွေတွေ့ရှိမှု နှစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

ပထမအချက်အနေဖြင့် သူ မြေကြီးပေါ်တွင် ပက်လက်လှန်နေရချိန်၌ သူ၏ ဒဏ်ရာများက သူ့ကို နှိပ်စက်နေသင့်ပေသည်။ သူ၏ ကျောကုန်း၊ နံရိုးများနှင့် ခြေလက်များရှိ နာကျင်မှုများကြောင့် လွန်ခဲ့သော လေးညတာ ကာလအတွင်း သူသည် မကြာခဏဆိုသလို အိပ်ရေးပျက်ခဲ့ရသည်။ ယခုမူ ထိုနာကျင်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာများ အစား အခြားသူ တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသကဲ့သို့ ယိမ်းယိုင်နေသော အားနည်းမှုက နေရာယူလာသည်။ အဆင့်တက်စဉ်က ခံစားခဲ့ရသကဲ့သို့ အရေပြားပေါ်တွင် တစ်ခါတစ်ရံ အေးစက်စက် ကျင်တက်သွားသည့် ခံစားချက်မျိုး ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်က ကျန်းမာပြည့်ဝနေသည်ဟု ခံစားရလေသည်။

ဒုတိယအချက်မှာ မီးပုံ၌ တစ်စုံတစ်ခု မှားယွင်းနေခြင်း ဖြစ်သည်။ မီးတောက်၏ ပတ်လည်တွင် သရဲတစ္ဆေများကဲ့သို့သော အနီရောင် အလင်းတန်းများက ပတ်လမ်းတစ်ခုအဖြစ် လွင့်မျောနေကြ၏။ ဖယောင်းတိုင်များကို စွန့်ခွာလာခဲ့သော မီးတောက်လေးများကဲ့သို့ အပူရှိန်၏ ဗဟိုချက်တွင် အရေအတွက် ပိုမို များပြားလာသည်။ ထို ပုံရိပ်ယောင် မီးပုံကို မြင်တွေ့ရရန်အတွက် သူက ထူးဆန်းစွာ အာရုံစိုက်လိုက်ရသည်။ ထိုအရာက ရုပ်ဝတ္ထု တစ်ခုကို ကြည့်နေရသည်ထက် သူ၏ အမြုတေကို ကြည့်နေရသည်နှင့် ပို၍ တူနေပြီး၊ မျက်လုံးများဖြင့် ကြည့်ရှုနေရခြင်းထက် သူ၏ ဝိညာဉ်ဖြင့် မြင်တွေ့နေရသကဲ့သို့ ရှိလေသည်။

သူ၏ အကြည့်များကို လွှဲဖယ်လိုက်သည့် တိုင်အောင် ကမ္ဘာကြီးသည် အရောင်အသွေးများဖြင့် ပြည့်နှက်နေသည်။ သူ၏ အောက်ဘက်ရှိ မြေကြီးထဲတွင် တောက်ပသော အဝါရောင် သွေးကြောများက သူ မြင်နိုင်သလောက် အနက်ရှိုင်းဆုံးအထိ စီးဆင်းနေကြပြီး၊ တစ်ခုချင်းစီက ဂျယ်လီထဲတွင် ပိတ်မိနေသော လျှပ်စီးတန်းများကဲ့သို့ ဖြည်းညင်းစွာ လူးလွန့်နေကြသည်။ မည်သို့ပင်ဖြစ်စေ သူသည် မြေကြီးကိုပင် ထိုးဖောက် မြင်နေရခြင်း ဖြစ်သည်။ ထိုအရာက အဆုံးမရှိသော သမုဒ္ဒရာကြီး၏ အပြင်ဘက် အမြှေးပါးပေါ်တွင် သူ ပိတ်မိနေပြီး မည်သည့် အချိန်တွင်မဆို ပြုတ်ကျသွားနိုင်သည်ဟူသော မူးဝေဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေ၏။

မီးပုံထဲရှိ သစ်တုံးများမှ အစိမ်းရောင် ပုံရိပ်ယောင် အကိုင်းအခက်များ ထွက်ပေါ်လာပြီး၊ လောင်ကျွမ်းသွားသည်နှင့်အမျှ တဖြည်းဖြည်း မည်းနက်သွားကြသည်။ ထို့အပြင် သူ၏ ကိုယ်ပိုင် အရေပြား အောက်တွင်လည်း ပြင်းထန်သော အနီရောင် ရေစီးကြောင်းတစ်ခု စီးဆင်းနေကာ၊ သူ၏ သွေးများက စတင် တောက်ပလာသကဲ့သို့ ရှိလေသည်။

သူ ထိုင်ရန် ကြိုးစားလိုက်သော်လည်း ရုပ်သေးရုပ် တစ်ရုပ်၏ ကြိုးကို မှားဆွဲမိသကဲ့သို့ ကွေးကောက်သွားသည်။ အချိုးမကျသော ကြိုးစားမှု အနည်းငယ် ပြုလုပ်ပြီးနောက်၊ နောက်ဆုံးတွင် သူ၏ လက်တစ်ဖက်ကို အောက်သို့ ထောက်ကာ တုန်ယင်နေသော ကြွက်သားများဖြင့် အပေါ်သို့ တွန်းတင်လိုက်ရသည်။ ထိုင်လျက် အနေအထားသို့ ရောက်ရန်အတွက် သူ ရုန်းကန်လိုက်ရလေသည်။ သူ၏ ကြွက်သား တစ်ခုချင်းစီကို ပန်းကန်ဆေး အဝတ်စများကဲ့သို့ ညှစ်ထုတ်ခံထားရသည်ဟု သူ ခံစားလိုက်ရသည်။ သို့သော် အဆင့်တက်ခြင်းက ကျင့်ကြံသူ တစ်ယောက်ကို အချိန်အတိုင်းအတာ တစ်ခုအထိ မလှုပ်ရှားနိုင်အောင် ဖြစ်စေတတ်သည် မဟုတ်ပါလော။ သူ မကြာမီ ပြန်လည် ကောင်းမွန်လာမည်သာ ဖြစ်သည်။

ထိုအရာများ အားလုံးထက် ထိုအားနည်းမှုကပင် သူ အောင်မြင်သွားပြီဖြစ်ကြောင်း သက်သေပြနေသည်။ သူ ကြေးအဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။ အကြောင်းပြချက် အားလုံးအရ ကြေးအဆင့်သည် မည်သူ့၏ ခရီးစဉ်တွင်မဆို ထူးခြားမှုမရှိသော ပထမဆုံး ခြေလှမ်းတစ်ခုသာ ဖြစ်သင့်သော်လည်း၊ သူကမူ သူ၏ တစ်ဘဝလုံး တောင်ပေါ်သို့ တက်နေခဲ့ရပြီး ယခုမှသာ တောင်ကမ်းပါးယံ တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားနေရသည်။

ကြေးအဆင့်ဟူသော အတွေးက မှတ်ဉာဏ်တစ်ခုကို လင်းလက်သွားစေသဖြင့် သူ၏ ခေါင်းကို နောက်တစ်ကြိမ် မော့လိုက်ရာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေတော့သည်။ ကြေးအဆင့်၏ အကြီးမားဆုံးသော အားသာချက်မှာ ကောင်းကင်နှင့် မြေကြီးထံမှ သက်စောင့် အော်ရာ များကို လှည့်ပတ်နိုင်စွမ်း ဖြစ်သည်ဆိုလျှင်၊ ၎င်း၏ အဓိပ္ပာယ်မှာ...

သူ၏ ပတ်ဝန်းကျင်ရှိ တောက်ပနေသော တစ္ဆေပုံရိပ်များ ပျောက်ကွယ်သွားခဲ့ပြီ။ သူ အာရုံမစိုက်ထားပါက ၎င်းတို့ကို မျက်ခြည်ပြတ်သွားရန် လွယ်ကူလှသည်။ ၎င်းတို့မှာ သူ၏ မျက်လုံးများကို သတ်မှတ်ထားသော ပုံစံတစ်မျိုးဖြင့် ကြည့်ရှုချိန်တွင်သာ တည်ရှိနေသကဲ့သို့ပင်။ သို့သော် အဝေးသို့ ကြည့်ကာ အာရုံစူးစိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ထင်ရှားသော ပုံရိပ်ယောင်များက ပြန်လည် ရောက်ရှိလာတော့သည်။

မီးပုံထဲနှင့် ပတ်ပတ်လည်တွင် လွင့်မျောနေသော အနီရောင် မီးတောက်များမှာ အပူရှိန်ဟု အဓိပ္ပာယ်ရကြောင်း သူ ခံစားလိုက်ရသည်။ ၎င်းတို့က ယခုမှစ၍ သူ ဖတ်တတ်လာသော ဘာသာစကား တစ်ခုဖြင့် ရေးသားထားသည့် သင်္ကေတများနှင့် တူနေ၏။ သူ ဘာကို ကြည့်နေရသနည်း ဟူသည်ကို သဘောပေါက်သွားချိန်တွင်တော့၊ သူ၏ နှလုံးသားက စစ်မှန်သော ဝမ်းမြောက်မှုဖြင့် ခုန်ပေါက်သွားတော့သည်။

ဤအရာကား မီး အော်ရာပင် ဖြစ်သည်။ ၎င်းက မည်သို့ ပုံပန်းသဏ္ဍာန် ရှိမည်နည်းဟု သူ အမြဲတမ်း တွေးတောနေခဲ့မိသည်။ ဤအရာသည် လူတိုင်း စုပ်ယူကြပြီး အုပ်ချုပ်သူ များက ထိန်းချုပ်ကြသည့် စွမ်းအားပင် ဖြစ်သည်။

***

All Chapters