← Chapters

အခန်း (၈၇-၈၈)

Vol. 7 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 7 Ch. 87-88

အပိုင်း(၈၇)

လင်းတုန်း တစ်ယောက် အတွေးများ အလွန်အမင်း ခရီးရောက်မသွားမီ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းလိုက်သည်။ ဤနေရာတွင် မည်သူမဆို အုပ်ချုပ်သူ နည်းစနစ်များကို သင်ယူနိုင်သည်။ ၎င်းမှာ မွေးဖွားလာမှုနှင့် ဘာမျှ မသက်ဆိုင်ပေ။ လူတိုင်းက အုပ်ချုပ်သူ တစ်ယောက် ဖြစ်နိုင်သလို၊ ဖန်တီးသူ တစ်ယောက်နှင့် အခြားအရာများလည်း ဖြစ်နိုင်ကြသည်။ သို့သော် မည်သူမျှ ဝိညာဉ်မဲ့ တော့ မဟုတ်ကြပေ။ ဖြစ်နိုင်ချေများက မူးဝေဖွယ်ရာပင် ကောင်းလှသည်။

သူသည် အချို့သော အခြေခံ လျှို့ဝှက်ချက်များကို နားမလည်သေးပေ။ သူ၏ မိသားစုက မီး အော်ရာကို မဟုတ်ဘဲ အလင်း အော်ရာကိုသာ ရိတ်သိမ်းကြသော်လည်း၊ ၎င်းတို့ နှစ်ခုကို မည်သို့ ခွဲခြားရမည်ကို မဆိုထားနှင့် မည်သို့ ရှာဖွေရမည်ကိုပင် သူ မသိခဲ့ချေ။ သို့သော် အမှန်တရားမှာကား သူ၏ ပတ်ပတ်လည်တွင် ရှိနေသော အော်ရာများကို သူ မြင်တွေ့နိုင်ပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။ လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် သူက ထိုအော်ရာများကို သူ၏ ကိုယ်ပိုင် မာဒြာ ထဲသို့ ဆွဲယူနိုင်ပြီး၊ ၎င်း၏ သဘာဝကို ပြောင်းလဲကာ စွမ်းအားများကို ပေါင်းထည့်နိုင်မည် ဖြစ်သည်။

စစ်မှန်သော ခွန်အားအတွက် သော့ချက်က သူ၏ ပတ်ပတ်လည်တွင် တည်ရှိနေသည်။ သူသည် အဆုံးမရှိသော ရတနာ သမုဒ္ဒရာကြီးထဲတွင် နစ်မြုပ်နေခြင်းပင် ဖြစ်တော့သည်။

သူ မေ့မသွားမီ သူ၏ ခံစားချက်များကို ရေးမှတ်ထားရန် အဆင်သင့် ဖြစ်၏။ သူ ကျောပိုးအိတ်ကို ကုတ်ခြစ် ရှာဖွေလိုက်သည်။ ထို့နောက်... လျော့ရဲရဲ ချည်နှောင်ထားသည့် ဝါကျင့်ကျင့် စာရွက် အထပ်လိုက်ကို ဆွဲထုတ်လိုက်သည်။ ယခုအခါ ၎င်းမှာ အမြွှာကြယ် လမ်းစဉ် အတွက် သူ၏ လမ်းညွှန်စာအုပ် ဖြစ်လာခဲ့ပြီတည်း။

လမ်းစဉ် တစ်ခုကို စတင် တည်ထောင်သူ တစ်ယောက် အနေဖြင့်၊ သူသည် ခြေလှမ်းတိုင်းတွင် ဂရုတစိုက် မှတ်စုများ ရေးသားထားရမည် ဖြစ်သည်။ ဆူရီရယ် အကြံပြုထားသကဲ့သို့ ဤလမ်းစဉ်အတိုင်း သူသာ ခရီးဆက်နိုင်ခဲ့မည် ဆိုလျှင်၊ သူ၏ လမ်းစဉ် မှတ်တမ်းများသည် နောင်လာနောက်သား လူငယ် ကျင့်ကြံသူ များအတွက် မျိုးဆက်တိုင်အောင် လမ်းညွှန်ပြသပေးနိုင်မည် ဖြစ်သည်။

သူ၏ အတွေးများ၊ သူ အမြုတေကို ဖိညှစ်ခဲ့ရသည့် အကြောင်း၊ ကြယ်ကြာပန်း အဖူးကို လှည့်ပတ်ရန်အတွက် အချိန် မည်မျှ ယူခဲ့ရသည့် အကြောင်း၊ သူ၏ အမြုတေ တစ်ခုတည်းကသာ ကြေးအဆင့်သို့ ရောက်ရှိသွားပြီး ကျန်တစ်ခုကမူ ယခင်အတိုင်းပင် ရှိနေသေးကြောင်း စသည်တို့ကို ရေးမှတ်ပြီးချိန်တွင် စခန်းချရာ နေရာ တစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေကြောင်း သူ သတိထားမိလိုက်သည်။

ယီရင် ထံမှ မည်သည့် အသံကိုမျှ သူ မကြားရတော့ပေ။

လင်းတုန်းသည် စိတ်လှုပ်ရှားနေမှုများကြောင့်ပင် အဆင့်တက်နေစဉ်က သူ ကြားခဲ့ရသော အသံများကို မေ့လျော့နေခဲ့သည်။ ယီရင် သူမ၏ လက်နက်ကို ဆွဲထုတ်လိုက်သည့် အသံ၊ သူ၏ အနီးသို့ တစ်စုံတစ်ရာ ပြင်းထန်စွာ ကျဆင်းလာသည့် အသံများပင်...။

လင်းတုန်းက ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ၊ မြေကြီးထဲတွင် အစိမ်းရောင် မာဒြာ ဆူးချွန် တစ်ခု စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူ၏ လက်ချောင်းထက် ပို၍ ရှည်လျားပြီး၊ သူကြားခဲ့ရသည့် အသံနှင့် မြေကြီးထဲတွင် ပွင့်ထွက်သွားသော ချိုင့်ခွက်ငယ်ကို အကဲခတ်ကြည့်ရလျှင်၊ ၎င်းက ကြီးမားသော အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာခဲ့ခြင်း ဖြစ်မည်မှာ သေချာလှသည်။

သူသည် မူးဝေ အားနည်းမှုဖြင့် ယိမ်းယိုင်နေကာ အအေးဒဏ်ကြောင့် တုန်ရီနေရင်းကပင် ကပျာကယာ မတ်တတ်ရပ်လိုက်သည်။ တစ်စုံတစ်ရာက သူ့ကို တိုက်ခိုက်ခဲ့သော်လည်း သူက သိတောင် မသိခဲ့ပေ။ ထိုအချက်က သူ၏ နှလုံးသားကို ကြောက်ရွံ့မှုများဖြင့် ဖမ်းဆုပ်သွားလိမ့်မည်မှာ သေချာကြောင်း ခဏအကြာတွင် သူ သိလိုက်ရသည်။

လောလောဆယ်တွင်မူ၊ သူ တုံ့ပြန်နိုင်ခြင်း မရှိမီ သူ့ကို သတ်ရန် လက်တစ်ကမ်း အလိုသို့ တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့သည် ဆိုသည့် အချက်ကို တွေးတောနေရန် အချိန်မရှိပေ။ အပြင်ဘက် တစ်နေရာရာတွင် အန္တရာယ် တစ်ခုက ကျရောက်နေလေပြီ။

ထို့ပြင် ယီရင်လည်း ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။

...

ယီရင်၏ အနီရောင် သွေးရိပ်က သူမ၏ ခါးပတ်လည်တွင် ရွေ့လျားသွားသည်။ သူမက ထိုအရာကို ခါးပတ်တစ်ခုကဲ့သို့ ပတ်ထားပြီး ဖဲကြိုးပုံစံ အထုံးကြီးတစ်ခုအဖြစ် ချည်နှောင်ထားခြင်း ဖြစ်သည်။ သူမ၏ ဆရာ ပြသခဲ့သည့် အတိုင်းပင်တည်း။

၎င်းက တရှူးရှူး မြည်နေပြီး သွေး မာဒြာများဖြင့် တဖျပ်ဖျပ် လင်းလက်နေရာ ထွက်ပေါ်လာသော မှိုင်းညို့ညို့ အနီရောင် အလင်းက သူမကို ရန်သူများ မြင်တွေ့သွားစေရန် ခြိမ်းခြောက်နေတော့သည်။ ၎င်းသည် ထိန်းချုပ်၍မရအောင် လောင်ကျွမ်းနေသော သူမ၏ ဒေါသကို တုံ့ပြန်နေခြင်း ဖြစ်သည်။

တိုက်ပွဲအများစုတွင် သူမသည် အေးအေးဆေးဆေးပင် ဝင်ရောက်လေ့ရှိသည်။ တိုက်ပွဲတစ်ခုအတွက် အာရုံစူးစိုက်မှု လိုအပ်ကြောင်း သူမ၏ ဆရာက ခေါင်းထဲစွဲနေအောင် ရိုက်သွင်း သင်ကြားပေးခဲ့ပြီး၊ ထိုအချက်နှင့် ပတ်သက်၍ သူမတွင် ပြဿနာ ရှိခဲလှသည်။

သို့သော် ဤသနားစရာ ကြွက်စုတ်များသည် လင်းတုန်း အဆင့်တက်နေချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ရူးသွပ်နေသော ဝိညာဉ်အကြွင်းအကျန် တစ်ခုထက်ပင် ဂုဏ်သိက္ခာ ကင်းမဲ့ကြောင်း ပြသနေသည်။

ကြေးအဆင့်သို့ အဆင့်တက်နေခြင်းဖြစ်ရာ အိပ်ပျော်နေသော ကလေးငယ် တစ်ဦးကို တိုက်ခိုက်ခြင်းနှင့် မခြားပေ။ သူမသာ ဖန်တီးထားသော မာဒြာ ဆူးချွန်ကို အချိန်မီ ကာကွယ် မဖယ်ရှားနိုင်ခဲ့ပါက၊ ယခုအချိန်တွင် သူမ တစ်ယောက်တည်း ကျန်ရစ်နေခဲ့မည်သာ ဖြစ်သည်။

ယခင်က သူမသည် လမ်းစဉ်ကို တစ်ယောက်တည်း လျှောက်လှမ်းခဲ့ဖူးသည်။ ဂူတစ်ခုထဲတွင် အဖျားတက်ကာ တုန်ယင်နေခဲ့ဖူးပြီး၊ ဟင်းချိုသောက်ရန် သစ်မြစ်ပြုတ်ရန်ပင် အားအင် ကင်းမဲ့နေခဲ့ဖူးသည်။ အပြင်ဘက်တွင် ဝိညာဉ်အကြွင်းအကျန် တစ်ခု ရှိနေစဉ် မည်သူကမျှ လာကယ်မည်မဟုတ်ကြောင်း သိထားလျက်ပင် ဖုန်ထူသော ဂူသင်္ချိုင်း တစ်ခုထဲ၌ သုံးရက်တိုင်တိုင် အိပ်စက်ခဲ့ဖူးသည်။ တစ်ချိန်က သူမ၏ အိမ်ဖြစ်ခဲ့ဖူးသော နေရာ မီးလောင်သွားသည့် ပြာပုံများကြားမှ ဖြတ်သန်း ချီတက်ခဲ့ဖူးပြီး ဦးတည်ရာမဲ့စွာ သွားခဲ့ဖူးသည်။

သူမ၏ ဆရာက အထီးကျန်ခြင်းသည် အာရုံစူးစိုက်မှုနှင့် လေ့ကျင့်ရေးတွင် အထောက်အကူပြုသော ကြီးမြတ်သည့် ရတနာတစ်ပါး၊ ကိရိယာ တစ်ခုအဖြစ် အမြဲတမ်း ပြောဆိုလေ့ရှိသည်။ ဆရာသည် သူမ တွေ့ဖူးသမျှထဲတွင် အသန်မာဆုံး ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း၊ အချို့အရာများကိုမူ သူ နားမလည်ခဲ့ပေ။

ယီရင် ဝတ်ရုံအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး လေးလံသော ရွှေပြားဝိုင်း တစ်ခုပေါ်တွင် လက်ချောင်းများကို တင်ထားလိုက်သည်။ အထွတ်အမြတ် တောင်ကြားတွင် ရင်ထိုးတံဆိပ်များ တပ်ဆင်လေ့ရှိကြပြီး၊ ဒေသခံ ဓလေ့ထုံးစံများနှင့်အညီ ဆရာဖြစ်သူက သူမအတွက် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤအပြင်ဘက်တွင် ထိုအရာကို တပ်ဆင်ထားရန် အကြောင်းပြချက် မရှိပေ။ ဆရာဖြစ်သူက သူမအတွက် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်ဆိုသည့် အချက်မှလွဲ၍ သိမ်းဆည်းထားရန်လည်း အကြောင်းပြချက် မရှိချေ။

ယီရင်သည် ဝေ့ရှီလင်းတုန်း အပေါ် အလွန်အမင်း သံယောဇဉ် တွယ်နေခြင်း မဟုတ်ပေ။ သူမသည် သူ့ကို သိကျွမ်းခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ သူမ၏ စိတ်တစ်စိတ်တစ်ပိုင်းက သူသည် သူမအပေါ် ကောက်ကျစ်သော လှည့်ကွက် တစ်ခုခု သုံးလာမည်လားဟု မျှော်လင့်နေဆဲ ဖြစ်သည်။ သူသာ အန္တရာယ် ပေးလာပါက သတ်ပစ်သင့်သလားဟု တွေးတောရင်း သူမ အချိန်အနည်းငယ်မျှ ကုန်ဆုံးခဲ့ဖူးသည်။

သို့သော် လင်းတုန်း ရှိနေခြင်းက သူမအတွက် စကားပြောဖော် တစ်ယောက်၊ ပတ်တီးစည်းပေးမည့်သူ တစ်ယောက်၊ သွေးထွက်သံယို မှတ်ဉာဏ်များနှင့် အက်စစ်လို စူးရှသော ဝမ်းနည်းပူဆွေးမှုများကို ဖယ်ရှားပေးမည့်သူ တစ်ယောက် ရရှိစေခဲ့သည်။ ထို့အပြင် သူ၏ ကျောပိုးအိတ်ထဲတွင် အသုံးတည့်မည့် ပစ္စည်းပစ္စယ အများအပြား ပါရှိနေသေးသည်။ ထို့အပြင် သူက သူမ၏ စောင့်ရှောက်မှု အောက်တွင် ရှိနေသည်။ တောထဲတွင် သူမ ကောက်ယူ မွေးစားထားသော အကူအညီမဲ့နေသည့် ရှဉ့်ပေါက်လေး တစ်ကောင်ကဲ့သို့ပင်။

ဤသူရဲဘောကြောင်သူများ (တိုက်ခိုက်လာသူများ) မှာ မည်သူပင်ဖြစ်စေကာမူ… သူမကို နောက်တစ်ကြိမ် တစ်ယောက်တည်း ဖြစ်ဖို့ ကြိုးစားခဲ့ကြသည်။ ခွင့်လွှတ်နိုင်စရာ မရှိပေ။

သူမက သစ်ပင်တစ်ပင်၏ အခြေတွင် ဒူးထောက်လိုက်ပြီး မီးပုံဘေးတွင် ယိမ်းယိုင်နေသော လင်းတုန်းကို စောင့်ကြည့်နေလိုက်သည်။ သူ့ထံ ရည်ရွယ်လာသော ပထမဆုံး တိုက်ခိုက်မှုကို သူမ ကာကွယ် ဖယ်ရှားနိုင်ခဲ့သည်။ သို့သော်လည်း… ချုံခိုတိုက်ခိုက်သူများက ဒုတိယအကြိမ် မကြိုးစားခဲ့ကြပေ။ ဆိုလိုသည်က ၎င်းတို့က ပိုကောင်းသော ထောင့်တစ်နေရာ၊ အသာစီးရမည့် နေရာကို ရှာဖွေရင်း တိတ်တဆိတ် တွားသွားနေကြခြင်း ဖြစ်သည်။

၎င်းတို့ အရေအတွက် မည်မျှရှိသည်ကို သူမ မသိပေ။ တစ်ယောက်ထက် ပိုသည်မှာ သေချာသည်။ သို့မဟုတ်ပါက ၎င်းတို့ လုံးဝ တိုက်ခိုက်လာမည် မဟုတ်ပေ။ သို့သော် ၎င်းတို့က သူမကို စက်ဝိုင်းသဏ္ဍာန် ဝိုင်းရံထားရန် ကြိုးစားနေကြမည်သာ ဖြစ်သည်။

ထိုနည်းလမ်း အတိုင်း စဉ်းစားကြည့်ရလျှင် သူတို့ထဲမှ တစ်ယောက်က ယီရင်တို့ အခြေချနေရာ စခန်းအတွက် လေကာသဖွယ် လုပ်ဆောင်ပေးနေသော နံရံအရွယ်အစားရှိ ကျောက်တုံးကြီးများ ပတ်လည်တွင် လမ်းလျှောက်နေလိမ့်မည် ဖြစ်သည်။

သူမက သူတို့ကို လှုပ်ရှားရန် အချိန်အလုံအလောက် ပေးသည့်အနေဖြင့် တစ်ရာအထိ ဖြည်းညင်းစွာ ရေတွက်လိုက်သည်။ ထိုအချိန် တစ်လျှောက်လုံး အသက်ရှူနှုန်းကို မှန်မှန်ထားပြီး သူမ၏ မာဒြာကို အသင့်အနေအထား ဆုပ်ကိုင်ထားလိုက်သည်။

အကယ်၍ သူတို့က လင်းတုန်းကို နောက်ထပ် တိုက်ခိုက်လာပါက ဓား၏ ပဲ့တင်ရိုက်ခတ်မှုဖြင့် ကာကွယ်မည် ဖြစ်သည်။ သို့သော် မည်သည့် တိုက်ခိုက်မှုမျှ ရောက်မလာခဲ့ပေ။

ကိုးဆယ့်ကိုး အထိ ရေတွက်အပြီးတွင်၊ သူမ၏ ဝိညာဉ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူမ မျှော်လင့်ထားသည့် နေရာ၊ အကြီးဆုံး ကျောက်တုံးကြီး၏ အနောက်ဘက်တွင် သံချေးတက်၍ ဆီပေနေသကဲ့သို့ တည်ရှိမှု တစ်ခု၏ ခပ်သဲ့သဲ့ တီးတိုးသံလေး တစ်ခုကို ခံစားလိုက်ရခြင်း ဖြစ်သည်။

ဝှစ်…

သူမ ခြေစုံကန်၍ ထွက်ပြေးလိုက်ချိန်တွင် မာဒြာများက သူမ၏ ခြေထောက်များထဲသို့ ပြည့်လျှံသွားပြီး မျက်တောင်တစ်ခတ် အတွင်း ကျောက်တုံးကြီးဆီသို့ ရောက်ရှိသွားသည်။

ရွှမ်း…

ဆရာဖြစ်သူ၏ ဓား၊ အဖြူရောင် မာဒြာဖြင့် ပြုလုပ်ထားသည့် ဖြောင့်စင်းနေသော ဓားသွားက သူမ၏ ဆုပ်ကိုင်မှုထဲတွင် စိတ်အားထက်သန်စွာ မြည်ဟည်းနေ၏။ သူမ၏ ခါးရှိ သွေးအရိပ်က သွေးနံ့ကို အာရုံခံမိပြီး သူမ၏ ခါးပတ်လည်တွင် လိမ်ကောက်လျက် တရှူးရှူး မြည်နေတော့သည်။

ကျောက်တုံးကြီး အနောက်ဘက်တွင် အမျိုးသမီး တစ်ယောက် ရှိနေ၏။ သူမသည် တောရိုင်းထဲတွင် ရက်သတ္တပတ် အတော်ကြာ နေထိုင်ခဲ့ရသော ယီရင်ထက်ပင် အခြေအနေ ပိုဆိုးနေပုံရသည်။ နောက်ထပ် ရက်အနည်းငယ်မျှ အစားမစားရသည်နှင့် ထိုအမျိုးသမီးသည် အရိုးစု တစ်ခု ဖြစ်သွားတော့မည့် အနေအထားရှိပြီး၊ သူမ၏ အမည်းရောင် ဆံပင်များမှာလည်း ရွှံ့များပေကျံကာ စေးကပ်နေသည်။ လူသေအလောင်းများထံမှ လုယက်ကာ ဝတ်ဆင်ထားသကဲ့သို့ ဆိုဒ်ကြီးလွန်းနေပုံရသော ညစ်ပတ်သည့် သားရေအဝတ်အစားများပေါ်တွင် သွားများဖြင့် ပြုလုပ်ထားသော သားရေဆွဲကြိုး တစ်ကုံးကို ဆွဲထားသည်။

ယီရင်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လေးတို တစ်လက်ကို မြှောက်ကာ ကြိုးကို ဆွဲလိုက်သည်။

အမျိုးသမီး၏ လက်မောင်း ဆန့်ထွက်သွားချိန်တွင် သူမ၏ လက်မောင်း၌ ကပ်တွယ်နေသော အစိမ်းရောင် အလင်း သတ္တဝါကြီး တစ်ကောင် ပေါ်လာခဲ့သည်။

၎င်းက မြွေနှင့် ကင်းခြေများကြားက ကပြား တစ်ကောင်လို ကပ်ပါး ဝိညာဉ်အကြွင်းအကျန် တစ်ခု ဖြစ်သည်။ ၎င်းက ရွှေအဆင့် လက္ခဏာ တစ်ခုပင်။

ဆိုလိုသည်က… သူမသည် ယီရင် ကဲ့သို့ပင် အဆင့်နိမ့် ရွှေအဆင့် တစ်ဦး ဖြစ်လေသည်။ အထွတ်အမြတ် တောင်ကြားကို ကျောခိုင်းလာခဲ့ပြီဖြစ်ရာ ယခုမှစ၍ လွယ်ကူသော တိုက်ပွဲများ ရှိတော့မည် မဟုတ်ပေ။

အမျိုးသမီးက ကြိုးကို ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် အစိမ်းရောင် မြားတစ်စင်းက ကြိုးပေါ်တွင် ထွက်ပေါ်လာ၏။

သို့သော်လည်း… ယီရင် သူမ၏ ဓားကို ဆွဲထုတ်လိုက်သည်နှင့် တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

***

အပိုင်း(၈၈)

ရွှမ်း...

ဓားအော်ရာသည် အခြေခံအားဖြင့် အသွားပါသော မည်သည့်အရာ၏ ပတ်လည်တွင်မဆို စုဝေးတတ်သဖြင့်၊ ယီရင်၏ ဓားသွားက ငွေရောင် အလင်းကွင်း တစ်ခုနှင့် တောက်ပနေသည်။

သူမက 'စီးဆင်းနေသော ဓား' နည်းစနစ်အတိုင်း မာဒြာကို လှည့်ပတ်လိုက်ပြီး၊ လက်နက်ကို သူမ၏ ကိုယ်ပိုင် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကဲ့သို့ 'ကာကွယ်သူ' နည်းစနစ်ဖြင့် အားဖြည့်လိုက်သည်။

အလွန် နက်ရှိုင်းပြီး ကြားရသည်ထက် ခံစားရသည် ဟုပင် ဆိုနိုင်သည့် ခပ်တိုးတိုး ညည်းသံ တစ်ခုက သတ္တုကို ဖြတ်သန်းသွားသည်။ သက်စောင့် အော်ရာများက ထိုပဲ့တင်ရိုက်ခတ်မှုကို တုံ့ပြန်လာပြီး လက်နက်၏ ပတ်လည်တွင် စုရုံးလာကြရာ ငွေရောင် အလင်းက တဖြည်းဖြည်း ပိုမို တောက်ပလာတော့သည်။

ရွှစ်…

ယီရင်၏ ဓားသွားက လေးနှင့် အမျိုးသမီး နှစ်ဦးစလုံးကို ထိုးဖောက် ဖြတ်သန်းသွား၏။ ဓားသွားထက်ရှိ မာဒြာက ရေခဲမြစ်မှ ခွာယူထားသော ဓားသွား တစ်ခုကဲ့သို့ အဆုံးအစမဲ့ ထက်မြက်ကာ အေးစက်နေ၏။

လေး ကျိုးပဲ့သွားသည်ကို မြင်လိုက်ရချိန်တွင် အမျိုးသမီး၏ မေးစေ့က ရင်ဘတ်ပေါ်သို့ ကျသွားကာ လန့်ဖြတ်သွားသော ယုန်တစ်ကောင်ကဲ့သို့ မော့ကြည့်ရန် စက္ကန့်ပိုင်းမျှ အချိန်ရလိုက်သည်။ ထို့နောက်တွင်တော့ သူမ၏ ဝမ်းဗိုက်မှ စိမ့်ထွက်လာသော သွေးအိုင်ကို သူမ သတိထားမိသွားပြီး၊ လက်တစ်ဖက်က မယုံကြည်နိုင်စွာဖြင့် အပေါ်သို့ ရောက်လာခဲ့သည်။

ယီရင်သည် ထက်ပိုင်းပြတ်သွားသော လေးမှ ကျဆင်းလာသည့် အစိမ်းရောင် မြားကို လေထဲတွင် လှမ်း၍ ဖမ်းဆုပ်လိုက်ပြီး၊ အမျိုးသမီး၏ လက်မောင်းထဲသို့ ထိုးစိုက်ထည့်လိုက်သည်။ ထိုအမျိုးသမီးသည် အဆိပ်ပြင်းသော မာဒြာကို အသုံးပြုကြောင်း ကြွက်မြီး တစ်ချောင်းနှင့် သူမ၏ ဝိညာဉ်ကို လောင်းကြေးထပ်ရဲပါသည်။

ထိုကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင် အဆိပ်ကို ခုခံနိုင်သည့် နည်းလမ်းများ အမြဲတမ်း ရှိတတ်သော်လည်း၊ သွေးထွက်လွန်မှုနှင့် ဝမ်းဗိုက် ဒဏ်ရာတို့ ပေါင်းစပ်လိုက်သောအခါ... သူမ သေသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း… ယီရင် အနေဖြင့် ထိုအမျိုးသမီး၏ ဝိညာဉ်အကြွင်းအကျန်ကိုပါ ရင်ဆိုင်ရလောက်အောင် အချိန်မစောလှပေ။

သူမက 'စီးဆင်းနေသော ဓား' နည်းစနစ်ကို ရုပ်သိမ်းလိုက်ရာ၊ ဓား အော်ရာ၏ ငွေရောင် အလင်းက မှေးမှိန်သွားလေသည်။

အမျိုးသမီးက သေလုမြောပါး မြင်းတစ်ကောင်ကဲ့သို့ စူးရှစွာ အော်ဟစ်နေချိန်တွင်၊ ယီရင်သည် ကျောက်တုံးကြီးဆီမှ သစ်ပင်များဆီသို့ လျင်မြန်သော အရိပ်တစ်ခုကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။ ထိုအော်ဟစ်သံက သူမ၏ မဟာမိတ်များကို ချုံပုတ်များထဲမှ ထွက်လာစေသင့်ပြီး၊ ၎င်းတို့ကို စက္ကန့်အနည်းငယ်မျှ တွေဝေသွားစေကောင်း တွေဝေသွားစေလိမ့်မည်။

ဝှစ်…

ရုတ်တရက်… သားမွေးများ ရစ်ပတ်ထားသော အခြား အရိပ်တစ်ခုက ချုံပုတ်များထဲမှ ထွက်ပေါ်လာကာ၊ သံစူး တစ်ချောင်းဖြင့် ယီရင်၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ထိုးစိုက်လာခဲ့သည်။ မျက်လုံးများက မမြင်တွေ့ရသေးခင်မှာပင် သူမ၏ ဝိညာဉ်က သတိပေးချက် တစ်ခုကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်ပြီ ဖြစ်ရာ၊ သူမက ထိုတိုက်ခိုက်မှုကို ဓားပြားဖြင့် ခံယူလိုက်လေသည်။

သံစူး ဆိုသည်မှာ လက်ကိုင်တစ်ခုတွင် တပ်ဆင်ထားသော လေးလံသည့် သံမှိုကြီး တစ်ခုထက် ပိုမို ကောင်းမွန်ခြင်း မရှိပေ။ ၎င်းမှာ ချပ်ဝတ်တန်ဆာများကို ထိုးဖောက်ရန်အတွက် 'ကာကွယ်သူ' တစ်ဦး၏ အပြည့်အဝ အင်အားဖြင့် ထိုးစိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲကို ထိုသံစူးဖြင့် အဆိပ်များ အပြည့်အဝ ထိုးသွင်းရန် ရည်ရွယ်ထားမည်ကို သူမ သံသယ ဝင်မိလေသည်။

ယီရင်သည်လည်း ကျွမ်းကျင်သည့် 'ကာကွယ်သူ' တစ်ဦး ဖြစ်သော်လည်း၊ ဤလူက အသာစီးရမှု အားလုံးနှင့် ပိုမို ကောင်းမွန်သော အနေအထားကို ရရှိထားသည်။

သူမ ပြေးလွှားနေစဉ်မှာပင် သူက ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ၎င်းမှာ အလွန် ကောင်းမွန်သော တိုက်ခိုက်မှု တစ်ခုပင်။

သို့သော်… သူမထံတွင် ပို၍ ကောင်းမွန်သော လက်နက် ရှိနေ၏။

သူမ၏ အဖြူရောင် ဓားသွားက ခြစ်ရာ တစ်ချက်မျှ မထင်ဘဲ ထိုရိုက်ခတ်မှုကို ခံယူလိုက်သော်လည်း၊ ထိုအင်အားက သူမကို နွားတစ်ကောင် ကန်ကျောက်လိုက်သကဲ့သို့ နောက်ဘက်သို့ လွင့်ထွက်သွားစေသည်။

ဟူး… ဟူး…

သူမက မာဒြာများကို ခြေလက်များဆီသို့ လှည့်ပတ်လိုက်ပြီး၊ လေထဲတွင် ကိုယ်ကိုလိမ်ကာ ခြေနှစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလိုက်သည်။

ပထမဆုံး အကြိမ်အဖြစ် သူမသည် ရန်သူကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူသည် ဆီပေနေသော ဆံပင်နှင့် မုတ်ဆိတ်မွေးများ၊ ခေါင်းစွပ်ပါသော သားမွေးအင်္ကျီတို့ဖြင့် စုတ်ပြတ်နေသော ဝက်ဝံတစ်ကောင်၏ အသွင်အပြင်ကို အတတ်နိုင်ဆုံး ပုံဖော်ထားသည်။ ထို့အပြင် ပေဆယ်ချီ အကွာမှပင် ရနိုင်သော စူးရှသည့် အနံ့ဆိုးကြီးလည်း ရှိနေသည်။ ဤသူမှာ ကိုယ်ယောင်ဖျောက် ပုန်းကွယ်ခြင်းတွင် ကျွမ်းကျင်သူ တစ်ဦးတော့ မဟုတ်ပေ။

သူက လက်တစ်ဖက်တွင် သံစူးကို ကိုင်ဆောင်ထားပြီး၊ အခြား လက်တစ်ဖက်တွင်မူ သံမဏိ တစ်ဝက်နှင့် မာဒြာ တစ်ဝက် ပါဝင်ပုံရသည့် ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားသည်။ ၎င်း၏ အသွားက ပထမ အမျိုးသမီး၏ မြားကဲ့သို့ပင် အဆိပ်ပြင်းသော အစိမ်းရောင်ဖြင့် တောက်ပနေ၏။ အစိမ်းရောင် အဆိပ်ကြောများက မြေကြီးထဲသို့ ထိုးဖောက် ဝင်ရောက်နေသော သစ်ပင်၏ အမြစ်များကဲ့သို့ လက်နက်၏ သတ္တုများထဲသို့ ထိုးဖောက် ဝင်ရောက်နေကြသည်။

သူ့ထံတွင်လည်း တူညီသော 'ရွှေအဆင့် လက္ခဏာ' ရှိနေ၏။ သူ၏ လက်မောင်းတွင် အစိမ်းရောင် 'ဝိညာဉ်အကြွင်းအကျန်' တစ်ခုကဲ့သို့ ကင်းခြေများနှင့် မြွေ ကပြား သတ္တဝါ တစ်ကောင်ရှိနေသည်။

သူက အမည်းနှင့် အဝါရောင် သွားများဖြင့် မျက်နှာရှုံ့မဲ့ပြနေချိန်တွင်၊ ယီရင်က ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ သူ့ကို စိုက်ကြည့်နေလိုက်သည်။

သူမသည် ဒဏ်ရာရထားပြီး မျက်လုံးများ၏ ပတ်လည်တွင် သွေးများ စီးကျနေ၏။ ပြန်လည် ပွင့်ထွက်လာသော ဓားရှရာ တစ်ဒါဇင်ခန့်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်နေ၏။ ဒဏ်ရာများက ဆိုးရွားနေပုံ ရသော်လည်း သူမ၏ ဝိညာဉ်က ထိုထက်ပင် ပို၍ ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။

ဤဝက်ဝံနှင့် ရန်ဖြစ်နေရသော မိနစ်တိုင်းသည်၊ သူမ၏ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိရန်အတွက် နောက်ထပ် တစ်ရက် ကြာမြင့်သွားစေမည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

အမြန် တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံး တိုက်ပွဲပင်။

သေလုမြောပါး အမျိုးသမီး၏ အော်ဟစ်သံက လေထုအား နောက်တစ်ကြိမ် ဆုတ်ဖြဲသွားချိန်တွင် ယီရင်က သူမ၏ လက်နက်ကို အောက်ဘက်သို့ စက်ဝိုင်းခြမ်း ပုံသဏ္ဍာန် ခုတ်ချလိုက်သည်။

ရွှမ်း…

သူမက မာဒြာများကို ‘ပဲ့တင်သဲ ဓား' နည်းစနစ်ထဲသို့ စီးဆင်းစေလိုက်ရာ၊ ဓား မာဒြာများက သင်တုန်းဓားကဲ့သို့ ပါးလွှာသော ဖန်သား ဂယက်တစ်ခုသဖွယ် လခြမ်းပုံစံဖြင့် ရှေ့သို့ ပေါက်ကွဲ ထွက်ပေါ်သွားလေသည်။

ထိုအရာက ဘေးနားရှိ သစ်ပင်တစ်ပင်မှ အကိုင်းအခက်များကို ခုတ်ပိုင်းသွားသော်လည်း၊ ဓားပြက ဘေးဘက်သို့ လွယ်ကူစွာ ငုံ့ရှောင်လိုက်သည်။ သူက သံစူးကို ကိုင်ဆောင်ကာ ချဉ်းကပ်လာရင်း တစ်ချိန်တည်း၌ပင် သူ၏ ပုဆိန်ကို ပစ်လွှတ်လိုက်သည်။

အကယ်၍… သူမသာ ထိုပုဆိန်ကို ရိုက်ချလိုက်ပါက ဖြစ်ပေါ်လာသော သက်ရောက်မှုကြောင့် ဟန်ချက်ပျက်သွားလိမ့်မည် ဖြစ်သည်။ ထိုအခါ ဝက်ဝံကောင်၏ နောက်ဆက်တွဲ ဆက်တိုက် တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်းမဲ့စွာ ရင်ဆိုင်ရမည် ဖြစ်သည်။

သူမကို သေသည်အထိ မထိုးစိုက်မီ၊ အဆိပ်မမိမီ အချိန်အထိ သူမကို ခံစစ် အနေအထားတွင်သာ ရှိနေစေရန် သူက ကြိုးစားနေခြင်း ဖြစ်သည်။

အစီအစဉ်များ အတိုင်းဆိုလျှင် ၎င်းမှာ အလွန် ကောင်းမွန်လှသော်လည်း၊ ယီရင်ထံတွင် သူမ၏ ကျင့်စဉ် အဆင့်ထက် ကျော်လွန်သော စွမ်းရည်များ ရှိနေသည်။ ဓားသူတော်စင် သည် တပည့်ကို အလိုလိုက်လေ့ရှိသူဟု နာမည်မကြီးခဲ့ပေ။

ဝက်ဝံကောင် မျှော်လင့်ထားသည့် အတိုင်းပင် ယီရင်က ပုဆိန်ကို သူ့ဆီသို့ ပြန်လည် ရိုက်ပုတ်လိုက်သည်။ ဆူဖြိုးသော ဝက်တစ်ကောင်ကို မြင်တွေ့လိုက်ရသော ကျားတစ်ကောင်ကဲ့သို့ သူ့ မျက်လုံးများက တောက်ပသွားပြီး သံစူးကို ရှေ့သို့ ယူဆောင်လာခဲ့သည်။

တစ်ချိန်တည်း၌ ယီရင်သည် နှစ်ပေါင်းများစွာ နေ့စဉ်ရက်ဆက် လေ့ကျင့်ခဲ့သော စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုနှင့် အတူ ဓားအော်ရာ ဆီသို့ အာရုံစူးစိုက်မှု အလုံးစုံကို ဆန့်ထုတ်လိုက်သည်။

ဟူး… ဟူး…

ဓားအော်ရာက သူမ၏ လက်နက် ပတ်လည်တွင် သိပ်သည်းသွားကာ အဆုံးမရှိသော အလွှာများဖြင့် ဓားသွားကို ဖုံးအုပ်သွား၏။ သူမက ကြေးစည် တစ်ခုကို တီးခတ်လိုက်သကဲ့သို့ ဝိညာဉ်ဖြင့် ထိုအရာကို ရိုက်ခတ်လိုက်လေသည်။

၎င်းကား သူမ၏ လမ်းစဉ်ကို နာမည်တစ်ခု ပေးစွမ်းခဲ့သော 'အုပ်ချုပ်သူ' နည်းစနစ် အဆုံးမဲ့ ဓား ပင်တည်း။

ဘုန်း…

ဓား၏ ပတ်လည်ရှိ အော်ရာများက သူမ၏ ဝိညာဉ် အာရုံထဲတွင် ငွေရောင် မုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲ ထွက်ပေါ်သွားသည်။ ၎င်းတို့က ခြေလှမ်း တစ်ဒါဇင်ခန့် အတွင်းရှိ အရာရာကို ဖြတ်တောက်နိုင်အောင် ပဲ့တင်ထပ်သွားသည်။

ဘုန်း…

ပျံသန်းလာသော ပုဆိန်သည် မမြင်နိုင်သော ဓားသွား ဒါဇင်ပေါင်းများစွာ အဖြစ် ပေါက်ကွဲသွားကာ၊ အနီးရှိ သစ်ပင် တစ်ပင်မှ သစ်ခေါက် အစအနများကို ရိုက်ချိုး လွင့်စဉ်သွားစေပြီး ဝက်ဝံကြီး၏ အရေပြားထဲသို့ နက်ရှိုင်းစွာ ခုတ်ပိုင်း ဝင်ရောက်သွားလေသည်။

သူ ခလုတ်တိုက်ကာ ယိမ်းယိုင်သွားပြီး သူ၏ သံစူးမှာလည်း လမ်းကြောင်း လွဲချော်သွားလေသည်။ ယီရင်က သူမ၏ ပခုံးပေါ်တွင် တွဲလောင်းကျနေသော 'ရွှေအဆင့် လက္ခဏာ' ထဲသို့ ဓား မာဒြာများကို စုစည်းလိုက်သည်။

သတ္တု ဓားသွားက သူမ၏ မာဒြာများကို မြန်ဆန် ချောမွေ့စွာ သယ်ဆောင်သွားသည်။ ထိုအရာက အထက်မြက်ဆုံး လှံတစ်စင်းကဲ့သို့ ဓားပြ၏ ရင်ဘတ်ကို ထိုးဖောက် ဖြတ်သန်းသွားသင့်သည်။

သို့သော် သူမ၏ ဝိညာဉ်က သတိပေးချက် တစ်ခုကို ခံစားလိုက်ရသဖြင့် ယီရင် သူမ၏ တိုက်ခိုက်မှုကို ရပ်တန့်ကာ ဘေးတစ်ဖက်သို့ လိမ့်ထွက်လိုက်ပြီး နောက်ထပ် “ပဲ့တင်ထပ်ဓား ဓား' နည်းစနစ် တစ်ခုဖြင့် ဓားကို လွှဲယမ်းလိုက်သည်။

ထိုလှိုင်းက အနီးဆုံး ကျောက်တုံးကြီးထဲသို့ နစ်ဝင်သွားသော်လည်း၊ မည်သည့် နေရာမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသော ရန်သူသစ်ကိုမူ လွဲချော်သွားခဲ့သည်။

ဤလူက ပို၍ သေးငယ်ကာ ပိန်ပါးပြီး၊ အစာရှာနေသော ဝက်ဝံ တစ်ကောင်ထက်စာလျှင် ဆာလောင်နေသော ကြွက်တစ်ကောင်နှင့် ပိုတူနေသည်။ သူက သစ်သားလှံ တစ်လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။ လှံသွားမှာ အဆိပ်ဟုသာ သူမ ယူဆနိုင်သော အရာများ ပေကျံနေသည့် မြွေစွယ် တစ်ခု ဖြစ်သည်။

ထိုလူ၏ လက်မောင်းတွင်လည်း ကိုယ်ပိုင် လက္ခဏာ တစ်ခု ဖြစ်သည့် မြွေတစ်ကောင် ရှိနေ၏။ ထိုအသေးစား 'ဝိညာဉ်အကြွင်းအကျန်' က ၎င်း၏ ပါးစပ်ထဲမှ အစွယ်တစ်စုံကို ဖော်ပြကာ သူမကို ဟိန်းဟောက်ပြလေသည်။ တူညီသော လမ်းစဉ်မှ နောက်ထပ် 'အဆင့်နိမ့် ရွှေအဆင့်' တစ်ဦးပင်။

တစ်စုံတစ်ယောက်က သူမ၏ နေ့ရက်များကို ဖျက်ဆီးရန် ဂိုဏ်းတစ်ဝက်ခန့်ကို ဤနေရာသို့ စေလွှတ်လိုက်သည့် ပုံပေါ်နေ၏။

***

All Chapters