← Chapters

အခန်း (၉၁-၉၂)

Vol. 7 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 7 Ch. 91-92

အပိုင်း(၉၁)

အထွတ်အမြတ် တောင်ကြားရှိ ဘဝသည် ဝိညာဉ်မဲ့ တစ်ယောက်အနေဖြင့် မလွယ်ကူခဲ့သော်လည်း၊ အနည်းဆုံးတော့ သက်သောင့်သက်သာ ရှိခဲ့ပေသည်။ လင်းတုန်းထံတွင် ကိုယ်ပိုင်အိမ်၊ စားချင်သလောက် စားနိုင်သော အစားအစာများ၊ နွေးထွေးသော ကုတင်တစ်လုံး... နှင့် ဘေးကင်းလုံခြုံစွာ နေထိုင်စရာ နေရာတစ်ခု ရှိခဲ့ဖူးသည်။ တစ်ချိန်က ထိုအရာများကို အလေးအနက် မထားခဲ့မိချေ။ မိမိ၏ အသိဉာဏ် ကင်းမဲ့မှုအတွက် သူ ရှက်ရွံ့မိလေသည်။ တောရိုင်းမြေက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကိုသာ သူ သိခဲ့လျှင်၊ သူ့ကို ခေါင်းမိုးတစ်ခု အောက်တွင် နေထိုင်ခွင့် ပေးခဲ့သော ရှီ မိသားစုကို ညစဉ်ညတိုင်း ဆုတောင်း မေတ္တာပို့နေမိမည်သာ ဖြစ်သည်။

အဆိပ်ပြင်းသော ဝိညာဉ်အကြွင်းအကျန် တစ္ဆေများထံမှ ထွက်ပြေးပြီးနောက်၊ သူသည် မာဒြာ တစ်စက်မျှ မကျန်တော့သည်အထိ မိုင်တစ်ထောင် တိမ်တိုက် ပေါ်တွင် တောင်စောင်းတစ်ခုမှ လျှောဆင်းလာခဲ့သည်။ ဝိညာဉ် စွမ်းအင်များ ခန်းခြောက်သွားမှုက သူ့ခန္ဓာကိုယ်ထဲတွင် တုံးတိတိ နာကျင်မှုနှင့် ဟာလာဟင်းလင်း ဖြစ်နေမှုကို ချန်ရစ်ခဲ့၏။ ၎င်းတို့ မရှိတော့ခြင်းကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင် သူ၏ ခြေလက်များထဲတွင် လှည့်ပတ်ရန် မာဒြာ မရှိတော့လေရာ၊ ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တွင် လွယ်ရင်း ယီရင်ကို အခြား ပခုံးတစ်ဖက်တွင် ထမ်းထားရသဖြင့် သူ၏ အားအင်များကို လျင်မြန်စွာ ကုန်ခမ်းသွားလေသည်။

ပို၍ ဆိုးရွားသည်မှာ… သူတို့ တောင်ကုန်းအောက်ဘက်ရှိ မည်းနက်၍ ခြောက်သွေ့နေသော သစ်ပင်များကြားသို့ ရောက်ရှိသွားချိန်တွင်၊ ဝိညာဉ်အကြွင်းအကျန် များ၏ စူးရှသော လေမှုတ်သံများက နောက်မှ လိုက်ပါလာခြင်းပင်။

ထိုတစ္ဆေများ၏ တည်ရှိမှုက စိတ်ကို ဖိစီးနေပြီး၊ လင်းတုန်းကို ထိတ်လန့် ကြောက်ရွံ့မှု၏ အစွန်းတစ်ဖက်တွင် တွယ်ကပ်နေစေသည်။

လင်းတုန်း တစ်ယောက် အားအင် ကုန်ခမ်းကာ ဆက်လက် မလှုပ်ရှားနိုင်တော့သည့် အချိန်တွင် အောက်ခြေတွင် အဖုအထစ်များ ပါရှိသော အခေါင်းပေါက် ရှိသည့် သစ်ပင်တစ်ပင်ကို သူ ရှာတွေ့လိုက်သည်။

လင်းတုန်း တစ်ယောက် အလွန်အမင်း ပင်ပန်းနေပြီ ဖြစ်သဖြင့် ညင်သာစွာပင် မလုပ်နိုင်တော့ဘဲ ယီရင်ကို ထိုအထဲသို့ ပစ်ချလိုက်သည်။ သူမက မည်သည့် ညည်းညူသံမျှ မပြုဘဲ၊ မျက်စိမှိတ်ကာ မှန်မှန် အသက်ရှူရင်း သစ်မြစ်များကြားတွင် ကွေးကွေးလေး လှဲနေလေသည်။ ဒဏ်ရာများ သက်သာလာစေရန် စွမ်းအင်များကို လှည့်ပတ်နေခြင်း ဖြစ်ကောင်း ဖြစ်ပေမည်။

ယခုမှ ပြန်စဉ်းစားကြည့်လျှင် သူမတွင် သံမဏိလို မာကြောသည့် ခန္ဓာကိုယ် ရှိနေသည် မဟုတ်ပါလော။ ထိုသို့ ပစ်ချလိုက်ခြင်းက သူမကို နာကျင်စေမည်ပင် မဟုတ်ချေ။ သူမ၏ သံမဏိ လက်တံက ပခုံးပေါ်တွင် အားပျော့စွာ တွဲလောင်းကျနေပြီး၊ ဓားသွားမှာ သူမ၏ ပါးပြင်နားတွင် တန်းလန်း ဖြစ်နေ၏။

လင်းတုန်းသည် သူမ၏ ဘေးတွင် ပုံကျသွားချင်စိတ်သာ ရှိတော့သော်လည်း၊ အဝေးမှ လေမှုတ်သံများက ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သူက ခြေထောက်များကို အတင်းအကျပ် တွန်းအားပေး၍ ရှေ့သို့ လျှောက်သွားကာ၊ တုတ်တစ်ချောင်း၏ အဖျားဖြင့် မြေကြီးပေါ်တွင် အစီအရင် များကို ရေးဆွဲလိုက်သည်။

သူသည် အနည်းဆုံး ဆယ့်ငါးပေခန့် ကျယ်ဝန်းသော အစောင့်အရှောက် စက်ဝိုင်း တစ်ခု၏ ဗဟိုတွင် ယီရင် ရောက်ရှိနေသည်အထိ၊ သစ်ပင် ပတ်လည် တစ်လျှောက်လုံး အစီအရင် များကို ဆွဲသားလိုက်သည်။

ထို့နောက်… သူသည် သူမ၏ ဘေးရှိ အခေါင်းပေါက်ထဲသို့ လဲကျသွားပြီး၊ အဆို့ပိတ်ထားသော ရေဘူးတစ်လုံးကို ကျောပိုးအိတ်ထဲမှ နှိုက်ယူလိုက်လေသည်။

ယီရင်သည် ရေသောက်ရန် မျက်လုံးပင် မဖွင့်ခဲ့ဘဲ၊ သူ၏ လက်ထဲမှ ရေဘူးကို ဆွဲယူကာ တစ်ဝက်ခန့်ကို မော့သောက်လိုက်ပြီး ပြန်ပေးလိုက်သည်။

သူတို့ နှစ်ယောက်စလုံး သောက်ပြီးချိန်တွင်တော့၊ ရေဘူး၏ အောက်ခြေ၌ ရေစက် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

ယီရင်၏ တံတောင်ဆစ်က သူ၏ နံရိုးများကို တစ်ဖက်မှ ထိုးမိနေပြီး၊ အခြား တစ်ဖက်တွင် တစ်ဝက်တစ်ပျက် မြှုပ်နေသော ကျောက်တုံး တစ်တုံးက ရှိနေလင့်ကစား၊ သူ၏ ခန္ဓာကိုယ်က ဆက်လက် နိုးကြား မနေနိုင်တော့ပေ။

လင်းတုန်း နိုးလာသောအခါ၊ ပုပ်ပွနေသော ခွေးသုံးကောင်က သူ၏ စက်ဝိုင်း အစွန်းတွင် ဟိန်းဟောက်နေကြသည်။ သူက သစ်ပင်ကို နောက်သို့ မှီလျက် အော်ဟစ်ချင်စိတ်ကို မြိုချလိုက်ရသည်။ သူ အိပ်မက်ဆိုး တစ်ခုထဲတွင် ပိတ်မိနေခြင်း မဟုတ်ကြောင်း သဘောပေါက်ရန် အသက်အနည်းငယ်မျှ ရှူသွင်းလိုက်ရလေသည်။

ထိုခွေးများ၏ အရေပြားများမှာ အသားစိမ်းများနှင့် တူကာ ရောဂါရနေသော အမည်းကွက်များနှင့် သွေးရောင်လွှမ်းသော အနီရောင်များ ရောယှက်နေသည်။ ၎င်းတို့၏ အရေပြားမှာ ထင်ရှားစွာ မြင်နေရသော နံရိုးများပေါ်တွင် တင်းကျပ်စွာ ဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေပြီး၊ ၎င်းတို့၏ အနံ့ဆိုးကြီးက လေထုထဲတွင် လွှမ်းခြုံနေ၏။ ၎င်းတို့၏ မျက်လုံးများကလည်း ရောင်ရမ်းနေသော အရည်ကြည်ဖုများကဲ့သို့ နီရဲနေပြီး၊ စုတ်ပြတ်နေသော နှုတ်ခမ်းများကို ယက်ကာ သွေးများ ကပ်ငြိနေသော သွားများကို ဖော်ပြလျက် ဟိန်းဟောက်နေကြသည်။

မိခင်၏ အကာအကွယ်ကို ရှာဖွေနေသော ကလေးငယ် တစ်ဦးကဲ့သို့ လင်းတုန်းက ယီရင်၏ ပခုံးကို လှုပ်နှိုးလိုက်သည်။ မျက်လုံး တစ်ဖက်က ချက်ချင်း ပွင့်လာသော်လည်း၊ အခြား တစ်ဖက်ရှိ ခြောက်သွေ့နေသော သွေးများကိုမူ လက်သည်းများဖြင့် ကုတ်ဖဲ့ ဖယ်ရှားလိုက်ရသည်။

ယီရင် သေချာစွာ မြင်တွေ့နိုင်သွားသောအခါ ခွေးများကို အကဲခတ်လိုက်သည်။

"ကောင်းကင် ဂုဏ်သရေ ကျောင်းတော်ကို ပုပ်ပွနေတဲ့ ခွေးအုပ်စုလို့ ငါ ခေါ်ခဲ့ဖူးပေမယ့်၊ ဒီလောက်အထိ အရုပ်ဆိုးတဲ့ ခွေးတွေရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး…"

ထိုစော်ကားမှုကို ၎င်းတို့က နားလည်သွားသကဲ့သို့၊ ခွေးများက သွားများကြားမှ တရှူးရှူး မြည်ကာ အစောင့်အရှောက် စက်ဝိုင်း ပေါ်သို့ ခုန်အုပ်လာကြသည်။

ကြောက်ရွံ့မှုက လင်းတုန်း၏ နှလုံးသားကို ထိုးစိုက်သွားပြီး၊ အထောက်အကူ တစ်ခုခု ဖြစ်ကောင်း ဖြစ်နိုင်မည်ဟု တွေးကာ အလိုအလျောက် သိစိတ်ဖြင့် မာဒြာ များကို လှည့်ပတ်လိုက်လေသည်။

သို့သော်လည်း ၎င်းတို့သည် စက်ဝိုင်းပေါ်သို့ ရှေ့ခြေထောင်များ ထိမိရုံဖြင့် ရပ်တန့်သွားကြပြီး၊ အူသံပေးလျက် နောက်သို့ ဆုတ်သွားကြသည်။

ထိုအူသံများက ဒဏ်ရာရထားသော ခွေးတစ်ကောင်၏ တအီအီ ညည်းတွားသံမျိုး မဟုတ်ဘဲ၊ ဖြစ်ပေါ်လာသည့် နာကျင်မှုက ၎င်းတို့ကို ဒေါသထွက်စေသကဲ့သို့ မကျေနပ်မှုများ ပါဝင်နေပုံရသည်။

လင်းတုန်းက တုန်ယင်သွားပြီး ၎င်းတို့၏ ခြေဖဝါးများ အရှေ့ရှိ မြေကြီးကို စိုက်ကြည့်နေလိုက်သည်။ အစီအရင်ကို ဖွာနေသော တောတွင်း မြေကြီးပေါ်တွင် ရေးဆွဲထားခြင်း ဖြစ်သည်။ ခွေးများက အစီအရင် ကို တိုက်ရိုက် မထိတွေ့မိစေရန် ရှောင်ရှားနေကြသော်လည်း ထိုအရာက အချိန်ကြာကြာ ခံမည် မဟုတ်ပေ။

လေကြမ်းကြမ်း တိုက်လျှင်ပင် မြေကြီးများကပင် အစီအရင် ကို ဖုံးကွယ်သွားနိုင်လေသည်။

ထို့အပြင် အစောင့်အရှောက် စက်ဝိုင်း မှာ ဝိညာဉ်အကြွင်းအကျန် များကို ကာကွယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အစီအရင်က ခွေးများအား တားဆီးရာတွင် ခြံစည်းရိုး တစ်ခုထက် မျက်နှာပြင် အကာအကွယ် တစ်ခုကဲ့သို့ ပို၍ သက်ရောက်မှု ရှိနေသောကြောင့် ၎င်းတို့မှာ အထွတ်အမြတ် သားရဲ များသာ ဖြစ်ရပေမည်။

သို့သော် လင်းတုန်း ကြားဖူးသမျှ အထွတ်အမြတ် သားရဲ များနှင့် မတူဘဲ ၎င်းတို့မှာ အကျည်းတန်ကာ ရောဂါရနေပုံ ပေါ်သည်။ သူ သင်ကြားခဲ့ရသမျှ အရာအားလုံး အရဆိုလျှင်၊ အထွတ်အမြတ် သားရဲများသည် ၎င်းတို့၏ ခန္ဓာကိုယ် အတွင်း၌ သက်စောင့် အော်ရာ များကို မာဒြာ အဖြစ် သန့်စင်ကြသည်။ အဆင့်တက်ခြင်း လုပ်ငန်းစဉ် က ၎င်းတို့၏ ခန္ဓာကိုယ်များကို ပြီးပြည့်စုံ သွားစေသည်။ ၎င်းက ၎င်းတို့ကို ပိုမို သန်မာစေပြီး၊ ပိုမို ဉာဏ်ကောင်းစေကာ၊ ပိုမို လှပစေသည်။

ဤသားရဲများ ကျင့်ကြံခဲ့သော အော်ရာ များသည် မည်သည့်အရာပင် ဖြစ်စေကာမူ ၎င်းတို့က သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲသွားမည် ဆိုသည်ကို လင်းတုန်း အနည်းငယ်မျှ သံသယ မရှိခဲ့ပေ။ ဗလာလက်ဝါး ကို အသုံးပြုနိုင်မည် ဆိုလျှင်တောင်မှ၊ ခွေးတစ်ကောင်၏ အမြုတေ သည် မည်သည့် နေရာတွင် တည်ရှိနေသည်ကို သူ လုံးဝ မသိခဲ့ပေ။

"ငါ နင့်ကို အလျင်စလို မဖြစ်စေချင်ပါဘူး…”

လင်းတုန်းက ထိုသတ္တဝါများ၏ စူးရှချွန်ထက်လှသော သွားများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒါပေမယ့် နင် နည်းနည်းလောက်ရော သက်သာသွားပြီလား…”

သူမက မျက်လုံး တစ်ဖက်ကို ဖွင့်ကြည့်လိုက်သည်။

"သွေးထွက်လွန်ပြီး သေတော့မှာ မဟုတ်ပေမယ့်၊ ခွေးပေါက်စ နှစ်ကောင် သုံးကောင်လောက်ကို ရှင်းလင်းရတာက နည်းနည်းတော့... ရှုပ်ထွေးလိမ့်မယ်…”

"ရှုပ်ထွေးမယ်… ဘာကများ အဲဒီလောက် ရှုပ်ထွေးစေမှာမို့လို့လဲ"

သူက တည်ငြိမ်နေရန် ကြိုးစားနေသည်။ ရွှေအဆင့် တစ်ယောက်ကို အနှောင့်အယှက် ဖြစ်စေခြင်းမှာ သူ အလိုမရှိဆုံးသော အရာပင် ဖြစ်သည်။

သို့သော် ထိုပုပ်ပွနေသော ခွေးများက ယခုအခါ သစ်ပင် ပတ်လည်တွင် လှည့်လည် တွားသွားနေကြ၏။ ၎င်းတို့သည် အစီအရင်၏ အားနည်းချက် တစ်ခုကို ရှာဖွေနေကြကြောင်း သူ သေချာပေါက် သိနေသည်။ သူသာ မှော်သင်္ကေတ တစ်ခုကို အကွာအဝေး ကျဲလွန်းစွာ ထားမိခဲ့လျှင်၊ ၎င်းတို့က အတင်း ဝင်ရောက်လာပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြဲကြမည် ဖြစ်သည်။

"နင် ကြောက်နေတဲ့ အချိန်ဆို မျက်မှောင်ကြုတ် တတ်တယ်နော်…”

ယီရင်က သတိထားမိသွားသည်။

"တိုက်ပွဲ တစ်ခုအတွက် ပြင်ဆင်နေတဲ့ ပုံစံမျိုး ပေါက်နေတယ်…”

လင်းတုန်း အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ နှလုံးခုန်နှုန်း နှေးကွေးသွားရန်နှင့် အသံတုန် မသွားစေရန် ကြိုးစားလိုက်သည်။

"ငါသာ တိုက်နိုင်မယ် ဆိုရင် တိုက်မှာပေါ့၊ ဒါပေမယ့် နင်ရော တိုက်နိုင်လို့လား…"

ပြင်ဆင်ထားသည့်တိုင်အောင်၊ လင်းတုန်း၏ အသံက နောက်ဆုံး စကားလုံးတွင် အက်ကွဲသွားခဲ့သည်။

"အင်း... လွန်ခဲ့တဲ့ ရက်ပိုင်းလောက် အတွင်း ဒီနေရာမှာ အထွတ်အမြတ် သားရဲ တွေ နည်းပါးနေတာကို ငါ သတိထားမိတယ်… ဝိညာဉ်အကြွင်းအကျန် နှစ်ခုလောက်ကို တွေ့ရပေမယ့် တခြား ဘာမှ မရှိဘူး… ငါတို့ အားနည်းပြီး ဒဏ်ရာရနေတဲ့ အခြေအနေနဲ့ဆိုရင်၊ တောင်ကြားထဲကနေ ခြေနှစ်လှမ်းတောင် မထွက်ရသေးခင် သားရဲတွေ ကြားထဲမှာ ငါတို့ နစ်မြုပ်နေသင့်တာ"

ခွေးများထဲမှ တစ်ကောင်က မမြင်ရသော အရာတစ်ခုကို ကုတ်ဖဲ့နေသကဲ့သို့ အစီအရင် အပေါ်ရှိ လေထုကို ခြေသည်းဖြင့် ရမ်းခုတ်လိုက်သည်။

ကြေးအဆင့် အမြင်အာရုံ မှတစ်ဆင့်၊ အစီအရင်က စုစည်းထားသော အော်ရာကို လင်းတုန်း မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ပါးလွှာပြီး ရှည်လျားသည့် စတုဂံပုံစံများဖြင့် ဖွဲ့စည်းထားသော စက်ဝိုင်း တစ်ခု ဖြစ်သည်။ ထိုအော်ရာကို ကြည့်လိုက်သောအခါ စွမ်းအား၊ ရိုက်ခတ်မှုနှင့် ခိုင်မာမှုတို့ကို သူ တွေးတောမိသော်လည်း… ကြွပ်ဆတ်ပြီး ပါးလွှာလွန်းသဖြင့် မည်သည့် အချိန်တွင်မဆို ကျိုးပေါက် သွားနိုင်သည့် အသွင်ရှိသည်။ ၎င်းမှာ သားရဲများကို ကာကွယ်ရန် သနားဖွယ်ကောင်းလောက်အောင် ပါးလွှာသော အကာအကွယ် တစ်ခုသာ ဖြစ်လေသည်။

"ဘာလို့ အဲဒီလို မဖြစ်ခဲ့တာလို့ နင် ထင်လဲ…”

အသံကို တည်ငြိမ်အောင် ထိန်းထားရင်း လင်းတုန်းက မေးလိုက်သည်။

"ငါတို့သာ ငါ့ဆရာနဲ့ အတူရှိနေမယ် ဆိုရင်တော့ သူ့ရဲ့ တည်ရှိနေမှုကြောင့် ခြောက်လှန့်ခံလိုက်ရလို့လို့ ငါ ပြောမှာပေါ့… ဒါပေမယ့် ဒီကောင်တွေက ငါ့ကိုတော့ သူတို့ အုပ်စုအတွက် သားကောင်လို့ မြင်ကြလိမ့်မယ်… နင့်ကိုကျတော့ သူတို့ ခွေးပေါက်စလေးတွေကို ကျွေးမယ့် တစ်ကိုက်စာ တစ်လုတ်စာ အနေနဲ့ပဲ မြင်မှာ"

မည်သို့ တုံ့ပြန်ရမည်ကို မသေချာသဖြင့် လင်းတုန်းက လည်ချောင်း ရှင်းလိုက်သည်။

"အဓိက အချက်က၊ သူတို့က ငါတို့ကို ကြောက်သွားတာ မဟုတ်ဘူး… တစ်ခုခုက သူတို့ကို အဝေးကို ဆွဲခေါ်သွားတာပဲ…”

ဘုန်း…

***

အပိုင်း(၉၂)

ဘုန်း…

ထိုအခိုက်တွင်ပင် စွမ်းအင်လှိုင်း တစ်ခု အလား တစ်စုံတစ်ခုက ၎င်းတို့နောက်ရှိ သစ်ပင်ကို ပြင်းထန်စွာ ဝင်တိုက်မိသွားရာ၊ သစ်ပင်ကြီးမှာ ထူထဲသော ဗုံကြီးတစ်လုံးကဲ့သို့ တုန်ခါသွားလေသည်။ ခွေးတစ်ကောင်က အူလိုက်သော်လည်း၊ ၎င်းတို့အပေါ် မည်းနက်နေသော သစ်ရွက်များသာ လွင့်စဉ် ကျဆင်းလာခဲ့သည်။

လင်းတုန်းက ကြောက်မက်ဖွယ် အစွယ်ကြီးများအစား ယီရင်၏ စကားလုံးများအပေါ်တွင်သာ အာရုံစိုက်ရန် ကြိုးစားရင်း ပြန်ပြောလိုက်သည်။

"အဲဒီတော့ နင်က သူတို့ကို မသတ်နိုင်ဘူးလို့ ဆိုလိုတာလား…"

ယီရင်က ဘာမှပြန်မပြောခင် လက်ညှိုးနှင့် ဓားလက်တံ ကို ပေါင်း၍ ညွှန်ပြလိုက်သည်။

"သူတို့တွေ အကုန်လုံး အုပ်စုဖွဲ့ စုဝေးနေကြတယ်လို့ ဆိုလိုတာ…"

လင်းတုန်း သူမ ညွှန်ပြရာနောက် စိုက်ကြည့်လိုက်သည်။ ထိုနေရာ၌ မီးခိုးရောင် မြူခိုးများ ထူထပ်စွာ စုဝေးနေသည်။ သစ်ပင်များ အောက်ရှိ မြူဆိုင်းနေသော အရိပ်များမှလွဲ၍ သူ ဘာကိုမျှ မမြင်ရပေ။

သို့သော် စက္ကန့်အနည်းငယ်မျှ စောင့်ကြည့်ပြီးနောက် တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို သူ မြင်လိုက်ရသည်။ ၎င်းက ရွေ့လျားသွားသည်ဟု ထင်ရရုံမျှသာ အနည်းငယ် လှုပ်ရှားသွားခြင်း ဖြစ်သော်လည်း၊ အိမ်တစ်လုံးစာမျှ အရွယ်အစား ရှိလေသည်။

အလင်းရောင်က နောက်ဆုံးတွင် လုံလောက်စွာ ကောင်းမွန်လာခြင်းလော၊ သို့မဟုတ် သူ၏ မျက်လုံးများက ပုံသဏ္ဍာန်ကို နောက်ဆုံးတွင် ရွေးချယ် မြင်တွေ့သွားခြင်းလော ဆိုသည်ကို သူ သေချာ မသိခဲ့ပေ။

သို့သော် မြူခိုးများထဲသို့ မိနစ်အနည်းငယ်မျှ ထပ်မံ စွေကြည့်ပြီးနောက်တွင်မူ သူ မြင်တွေ့သွားခဲ့လေပြီ။

၎င်းကား… ဧရာမ သားရဲကြီး တစ်ကောင်တည်း မဟုတ်ဘဲ စစ်တပ်ကြီး တစ်ခုပင် ဖြစ်သည်။

အဝေးတစ်နေရာတွင် သတ္တဝါများမှာ မြက်ခင်းထဲရှိ ပုရွက်ဆိတ်များကဲ့သို့ ရှုပ်ယှက်ခတ် ပြေးလွှား လှုပ်ရှားနေကြသည်။ ၎င်းတို့၏ ပုံသဏ္ဍာန်များကိုသာ သူ ခွဲခြား သိမြင်နိုင်သည်။

၎င်းတို့အနက် အများစုမှာ ပုပ်ပွနေသော ခွေးများနှင့် တူသော်လည်း၊ အချို့မှာမူ ဝက်ဝံများ သို့မဟုတ် သစ်ပင်များ အရွယ်အစားမျှ ရှိကြသည်။

အေးစက်စက် ဝန်ထုပ်ဝန်ပိုး တစ်ခုက လင်းတုန်း၏ ဝမ်းဗိုက်ထဲသို့ နေရာယူ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူတို့ကို သားရဲ သုံးကောင်က ဝိုင်းရံထားခြင်း မဟုတ်ဘဲ၊ ရာနှင့်ချီသော သားရဲများက ဝိုင်းရံထားခြင်းပင်။

မဖြစ်နိုင်လောက်အောင် မြင့်မားသော ကျောက်ကမ်းပါးယံ တစ်ခု၏ အစွန်းမှနေ၍ အောက်သို့ ငုံ့ကြည့်နေရသကဲ့သို့ မူးဝေ ထိတ်လန့်ဖွယ် အခိုက်အတန့် အပြီးတွင်၊ လင်းတုန်း၏ စိတ်က ပြန်လည် စုစည်းမိသွားသည်။ အနည်းဆုံးတော့ လောလောဆယ်တွင် သူတို့ ဤနေရာ၌ ဘေးကင်းနေသေးသည်။ သူ့ထံတွင် ကျောပိုးအိတ်နှင့် ကောင်းကင် ဂုဏ်သရေ ကျောင်းတော်မှ ခိုးယူလာခဲ့သော ရတနာများ ရှိနေပြီး၊ သူ၏ ဘက်တွင် ရွှေအဆင့် တစ်ဦးလည်း ရှိနေသည်။ လွတ်မြောက်ရန် နည်းလမ်း တစ်ခုခုတော့ ရှိရမည်သာ ဖြစ်သည်။

ယီရင်သည် အပြင်ဝတ်ရုံ အစွန်းတစ်ဖက်ကို မကာ အမာရွတ်များ ပြည့်နှက်နေသော အရေပြားပေါ်မှ ခြောက်သွေ့နေသည့် သွေးများကို ပွတ်တိုက် ဖယ်ရှားလိုက်သည်။

"အဲဒီအကြောင်း သိပ်ပြီး ဗျာများမနေနဲ့… ငါ့အားတွေ ပြည့်သွားပြီး တိမ်တိုက်ကို သုံးဖို့ အဆင်သင့် ဖြစ်တာနဲ့၊ ထွက်ပေါက် တစ်ခုတော့ ရှိသင့်တာပေါ့… နင်လည်း စွမ်းအင်တွေ လှည့်ပတ် ကျင့်ကြံသင့်တယ်၊ အဲဒါက နင့်အတွက် အကျိုးရှိလိမ့်မယ်… "

မိုင်တစ်ထောင် တိမ်တိုက် မှာ တကယ်တမ်းတွင် အစီအရင် စက်ဝိုင်း ၏ အပြင်ဘက်၌ ရှိနေသည်။ ၎င်းမှာ အနှစ်သာရ အငွေ့အသက်များ လွင့်မျော ထွက်ပေါ်နေသော သိပ်သည်းသည့် အနီရောင် တိမ်တိုက် တစ်ခု ဖြစ်သည်။ ပြုပြင် ထိန်းသိမ်းမှု မရှိပါက ၎င်းသည် ရက်အနည်းငယ် အတွင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ လင်းတုန်းသည် အိမ်တွင် မိခင်ဖြစ်သူ ဖန်တီးထားသော မှော်ပစ္စည်း များကို လုပ်ဆောင်ခဲ့သကဲ့သို့ပင်၊ လွန်ခဲ့သော ရက်သတ္တပတ် တစ်လျှောက်လုံး ၎င်းကို သန့်စင်သော မာဒြာ များဖြင့် ဆက်လက် တည်တံ့စေရန် ထိန်းသိမ်းထားခဲ့ရသည်။

ခွေးများက မိုင်တစ်ထောင် တိမ်တိုက် ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့သည့် အတွက် သူ ကျေးဇူးတင်မိသော်လည်း၊ လက်တွေ့ အခြေအနေက ကျန်ရှိနေဆဲ ဖြစ်သည်။ သူတို့ အနေဖြင့် တိမ်တိုက်ဆီသို့ ရောက်ရန် အစောင့်အရှောက် စက်ဝိုင်း ကို ဖောက်ထွက်ရမည် ဖြစ်သည်။ ဤနေရာမှ ထွက်ခွာရန်အတွက် တိမ်တိုက်ကို လိုအပ်နေပေသည်။

"ဒါဆိုရင် ငါ နင့်ကိုပဲ အားကိုးလိုက်တော့မယ်…"

လင်းတုန်းက ပြောလိုက်သည်။

"ဒါနဲ့… နင် အချိန် ဘယ်လောက်လောက် လိုဦးမလဲ"

ယီရင်က မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး၊ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

"တစ်ရက် ဒါမှမဟုတ် အဲဒီ ဝန်းကျင်လောက်ပေါ့… ငါ့ရဲ့ မာဒြာ က ငါ့ခန္ဓာကိုယ်ထက် ပိုကောင်းတဲ့ အနေအထားမှာ ရှိတယ်… ဒါပေမယ့် မနက်ဖြန် မိုးလင်းတာနဲ့ အရာအားလုံး အဆင်သင့် ဖြစ်သွားမယ် ထင်တယ်”

ခွေးများက နောက်တစ်ကြိမ် တရှူးရှူး မြည်လိုက်ကြပြန်သည်။ ၎င်းတို့ထဲမှ တစ်ကောင်က လှဲအိပ်လိုက်ပြီး၊ အနီရောင် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒအရ၊ လင်းတုန်းက ခွေး၏ အပြင်ပန်း သဏ္ဌာန်ကို ကျော်လွန်ကာ ၎င်း၏ အော်ရာ ကို မြင်တွေ့ရန် ကြိုးစားလိုက်သည်။

သူ လုပ်လေလေ ပို၍ လွယ်ကူလာလေလေ ဖြစ်သော်လည်း၊ ဤသားရဲကြီး၏ ပတ်လည်တွင် စုဝေးနေသော သက်စောင့် အော်ရာ ကို မည်သို့ နားလည်ရမည်ကို သူ မသိခဲ့ပေ။

အခြားသော အော်ရာ အမျိုးအစားများကို ခွဲခြား သိမြင်ရခြင်းမှာ ရိုးရှင်းသော အက္ခရာများကို ဖတ်ရှုရသည်နှင့် တူမည် ဆိုလျှင်… ဤအရာမှာမူ အပိုင်းပိုင်း ဆုတ်ဖြဲခံထားရပြီး စည်းကမ်းမဲ့စွာ ပြန်လည် ကပ်ထားသော စာမျက်နှာ တစ်ခုကို ဖတ်ရှုရန် ကြိုးစားနေရသည်နှင့် တူနေ၏။

သတ္တဝါ၏ ပခုံးပတ်လည်တွင် စုဝေးနေသော အော်ရာ က အရည်ကြည်ဖု တစ်ခုကဲ့သို့ ဖောင်းကြွနေကာ၊ ချောကျိကျိနှင့် အမည်းရောင် ဖြစ်နေသည်။ ဤ အော်ရာ က သေဆုံးခြင်းနှင့် ပုပ်သိုးယိုယွင်းခြင်း ကဲ့သို့၊ လောက်ကောင် တစ်ကောင်၏ အလောင်းကဲ့သို့ ခံစားရစေသည်။

ခွေး၏ နံရိုးများ ပတ်လည်ရှိ ခရမ်းရောင် အော်ရာမှာ အမျှင်များဖြင့် ကြွက်သားများ ထစ်နေကာ၊ ပြင်းထန်သော တင်းအားဖြင့် ဆွဲဆန့်ထားသည့် သံကြိုးများဟူသော ခံစားချက်ကို တစ်နည်းနည်းဖြင့် ပေးစွမ်းနေလေသည်။ ခွေးကြီး၏ ပါးစပ်မှ အနီရောင် အော်ရာများက တစ်စက်စက် ကျဆင်းနေ၏။

သူ မျက်လုံးများကို ကျဉ်းမြောင်းရင်း တွေးတောလိုက်သည်။ သက်ရှိ ခန္ဓာကိုယ်များ အပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား အမျိုးမျိုးကို ပိုင်ဆိုင်စေသည့် သွေး မာဒြာ အကြောင်း သူ ကြားဖူးခဲ့သဖြင့်၊ ခွေး၏ မေးရိုးမှ စီးကျနေသောအရာမှာ ၎င်းပင် ဖြစ်မည်ဟု သူ ယူဆလိုက်သည်။

သို့သော် ကျန်သောအရာများက ဘာတွေနည်း။ သူသာ ပခုံးပေါ်ရှိ အဖုအကျိတ်ကို နာမည်တစ်ခု ပေးရမည် ဆိုလျှင်၊ “သေမင်း အော်ရာ” ဟု ခေါ်ဆိုမိမည် ဖြစ်သော်လည်း၊ ၎င်းမှာ သူ့ကို ပေးစွမ်းသော ခံစားချက်အပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံထားခြင်း ဖြစ်သည်။

သေမင်း မာဒြာ သို့မဟုတ် သေဆုံးခြင်းဆိုင်ရာ မည်သည့် အော်ရာ မျိုးကိုမျှ သူ တစ်ခါမှ မကြားဖူးခဲ့သလို၊ ထိုကဲ့သို့သော စွမ်းအားက မည်သို့ လုပ်ဆောင်မည်ကိုလည်း သူ လုံးဝ သေချာ မသိခဲ့ပေ။

ထိုနည်းတူစွာပင်… သူ၏ မိခင်က ထို တင်းကျပ်နေသော အော်ရာ သံကြိုးများကို မည်သို့ ခေါ်ဆိုမည်နည်း ဟူသည်ကိုလည်း သူ အနည်းငယ်မျှ မသိခဲ့ပေ။ ချိတ်ဆက်ခြင်း အော်ရာလော။ ချည်နှောင်ခြင်း အော်ရာလော။

ခွေး၏ ပတ်လည်တွင် ထိုအရာများသာမက အခြားသော သက်စောင့် အော်ရာ လက္ခဏာများလည်း ရှိနေသေး၏။ ထိုကွဲပြားခြားနားသော စွမ်းအားများ အားလုံး ခန္ဓာကိုယ် တစ်ခုတည်းတွင် ပေါင်းစည်းနေခြင်းက အရေးကြီးသော အရာတစ်ခုကို ဆိုလိုနေပေသည်။ ၎င်းက ဘာလဲဆိုတာကိုသာ သူ သေချာ မသိခြင်း ဖြစ်သည်။

သို့သော် ၎င်းက သူတို့ကို ဤနေရာမှ လွတ်မြောက်စေမည့် သော့ချက် ဖြစ်နိုင်သဖြင့်၊ ထိုအကြောင်းကို သူ တွေးတော ဆင်ခြင်နေလိုက်သည်။

လေထုထဲမှ အော်ရာ များကို ဆွဲယူရန် မလိုအပ်ဘဲ ကိုယ်ပိုင် မာဒြာ အပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်နိုင်သောကြောင့် လှည့်ပတ် ကျင့်ကြံခြင်း က သူ၏ အာရုံစူးစိုက်မှုကို များစွာ မယူခဲ့ပေ။

သူက အိတ်ကပ်ထဲမှ ကပ်ပါး လက်စွပ် ကို ထုတ်ယူလိုက်ပြီး၊ ငွေတစ်ဝက် ဖြင့် ပြုလုပ်ထားသည့် ထိုအစီအရင် စက်ဝိုင်းကို သူ၏ လက်ချောင်းတွင် စွပ်လိုက်လေသည်။

ဟူး… ဟူး…

ချက်ချင်းဆိုသလိုပင် သူ၏ မာဒြာ သွေးကြောများ အားလုံး အကျယ် တစ်ဝက်ခန့် ကျုံ့ဝင်သွားသကဲ့သို့၊ သူ၏ မာဒြာ များမှာ လေးလံ နှေးကွေးသွားတော့သည်။

ကျဉ်းမြောင်းသော ပြွန်တစ်ခုထဲသို့ သကာရည်ကို အတင်း ညှစ်ထည့်ရသကဲ့သို့ အမြွှာကြယ် နှလုံးသား လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသော ပုံစံအတိုင်း သူ၏ မာဒြာ များကို အတင်းအကျပ် လှည့်ပတ် တွန်းပို့လိုက်သည်။

ကပ်ပါး လက်စွပ် ကို စွပ်ထားလျက် လှည့်ပတ် ရခြင်းက နှစ်ဆခန့် ပိုမို ခက်ခဲသော်လည်း၊ ဤ လေ့ကျင့်မှုက သူ၏ ဝိညာဉ်ကို နှစ်ဆ ပိုမို လျင်မြန်စွာ သန်မာလာစေမည်ဟု ယူဆရသည်။

သူသည် ကြေးအဆင့် သို့ ယခုမှ ရောက်ရှိခဲ့ခြင်း ဖြစ်သော်လည်း၊ အနားယူရန် အချိန် မရှိချေ။ သူသည် သူ၏ ကလန်မှ ကျင့်ကြံသူ တိုင်းထက် နှစ်ပေါင်းများစွာ နောက်ကျနေခဲ့ပြီ ဖြစ်သည်။ မှီအောင် လိုက်နိုင်ရန်အတွက် အခြား မည်သူ့ထက်မဆို ပို၍ ကြိုးစားရမည်သာ ဖြစ်လေသည်။

ယခု ပို၍ ခက်ခဲလာသော်လည်း၊ လှည့်ပတ် ကျင့်ကြံခြင်းက သူ၏ အာရုံစူးစိုက်မှုကို များစွာ မယူသေးပေ။ ၎င်းမှာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်သော်လည်း ရှုပ်ထွေးသော အလုပ်တစ်ခုတော့ မဟုတ်ချေ။ သူ၏ စိတ်က လိမ်ယှက်နေသော အော်ရာ များ ရှိသည့် အကျည်းတန်လှသော အထွတ်အမြတ် သားရဲ များ၏ လျှို့ဝှက်ချက်ကို လွတ်လပ်စွာ တွေးတောနိုင်လေသည်။

ခွေးများက မိနစ်အနည်းငယ် ကြာတိုင်း ဟက်ကနဲ ကိုက်ခဲခြင်းနှင့် ဟိန်းဟောက်ခြင်းများ ပြုလုပ်ရင်း နေ့တစ်နေ့ ကုန်လွန်လာခဲ့သည်။ တဖြည်းဖြည်းနှင့် စိုးရိမ်စရာ အသစ်တစ်ခုက ထွက်ပေါ်လာသည်။ ၎င်းမှာ ရေဆာခြင်းပင်။

ညနေစောင်း အချိန်သို့ ရောက်သောအခါ၊ သူနှင့် ယီရင်သည် ရေဘူးထဲတွင် ကျန်ရှိနေသော ရေလက်တစ်ဆုပ်စာခန့်ကို အကုန်သောက်လိုက်ကြပြီ ဖြစ်သည်။ သူ အလွန်ပင် ရေဆာလာတော့သည်။

ထိုအချိန်တွင် သူ အိမ်ကို လွမ်းဆွတ်မိလေသည်။ အထွတ်အမြတ် တောင်ကြား မှ ထွက်ခွာလာကတည်းက တစ်ညတာ အပြည့်အဝ အိပ်စက်ခဲ့ရခြင်း မရှိသေးပေ။ လက်ရှိ၌ သူသည် မခိုင်မာသော အတားအဆီး တစ်ခုမှလွဲ၍ အခြား ဘာမျှမရှိသော အခြေအနေတွင် သားရဲကြီးများနှင့် ပေအနည်းငယ်မျှသာ ကွာဝေးသော နေရာတွင် ရှိနေသည်။

ကျောက်တုံးများနှင့် သစ်မြစ်များ ကြားတွင် လှဲလျောင်းနေရသော ညတစ်ညကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ကြွက်တက် ကိုက်ခဲနေပြီး၊ စိတ်ဖိစီးမှုက သူ၏ စိတ်ကို ပင်ပန်းနွမ်းနယ် စေလေသည်။

အိမ်တွင်ဆိုလျှင် သူ၏ ကလန်မှ အခြား အဖွဲ့ဝင်များက သူ့ကို မည်မျှပင် ဆိုးရွားစွာ တွေးထင်ကြပါစေ၊ အနည်းဆုံးတော့ သူ သောက်ချင်သလောက် ရေ အားလုံးကို ရရှိနိုင်သည်။ ထို့အပြင် လက်ဖက်ရည်လည်း သောက်ရသည်။ မိခင်ဖြစ်သူ ဖျော်သော လက်ဖက်ရည်၏ ပန်းရနံ့ကို သူ အရသာခံနိုင်ပြီး၊ ရေနွေးအိုး၏ လေမှုတ်သံကိုပင် သူ ကြားယောင်နေမိလေတော့သည်။

***

All Chapters