← Chapters

အခန်း (၉၅-၉၆)

Vol. 7 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 7 Ch. 95-96

အပိုင်း(၉၅)

ကမ္ဘာစဉ် (၂၁၇) - ဟာရိုး

ပထမဆုံး တိုက်ခိုက်မှုမှာပင်၊ သူမသည် လူသားမျိုးနွယ် တစ်ခုလုံးကို မျိုးဖြုတ် သတ်ဖြတ်ပစ်လိုက်သည်။

ဆူရီရယ်က သူမ၏ လက်နက်ကို အောက်သို့ ရမ်းခုတ်လိုက်ချိန်တွင် ၎င်းက အသက်ဝင်လာခဲ့သည်။ မိုက်ခရိုစက္ကန့် အတွင်းမှာပင် ထိုလက်နက်က ကြီးထွားလာခဲ့၏။ တစ်မီတာခန့် ရှည်လျားသော အပြာရောင် သံမဏိတုံး တစ်ခုမှနေ၍ အလင်းကွန်ရက်များ ပါဝင်သော အပြာရောင် သတ္တု အရိုးစုကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ၎င်းသည် အရွက်ကင်းစင်နေသော သစ်ပင်တစ်ပင်နှင့် တူနေပြီး၊ အကိုင်းအခက် တစ်ခုချင်းစီတွင် စွမ်းအားများက တဖျပ်ဖျပ် လင်းလက်နေကြသည်။

ချိတ်ပိတ်ထားစဉ် အချိန်က ဆူရီရယ် သည် သူမ၏ လက်နက်ကို ဓားတစ်လက်ဟု ခေါ်ဆိုခဲ့သည်။ ယခု လွတ်မြောက်သွားချိန်တွင်မူ၊ ထိုလက်နက်သည် ဆူရီရယ်၏ သင်တုန်းဓား ဟူသော ၎င်း၏ မူလ အမည်နာမကို ပြန်လည် ရရှိသွားခဲ့လေပြီ။

ထိုလက်နက်ကို သူမ၏ ယခင် စီနီယာ ထံမှ လက်ဆင့်ကမ်း ရရှိခဲ့ခြင်း ဖြစ်သည်။ အဘီဒန် တရားရုံး ၏ ဆဋ္ဌမမြောက် တရားသူကြီး ဖြစ်သော ဆူရီရယ် ဟူသည့် အမည်နာမ နှင့်အတူ ပေးအပ်ခံခဲ့ရခြင်းပင်။ ထို သင်တုန်းဓားသည် ဖျက်ဆီးခြင်းအတွက် ကိရိယာ တစ်ခု ထက်၊ ကုသခြင်းအတွက် ရည်ရွယ်ထားသော ကိရိယာ တစ်ခု ဖြစ်လေသည်။ အဆုံးမရှိ ရှုပ်ထွေးနက်နဲကာ၊ တွက်ချက်၍ မရနိုင်လောက်အောင် စွမ်းအားကြီးမားသော ခွဲစိတ်ဓား တစ်လက်ပင်တည်း။

သူမ တိုက်ခိုက်နေစဉ်မှာပင်၊ သူမ၏ စိတ်က ရင်းနှီးကျွမ်းဝင်နေသော လမ်းကြောင်းများ တစ်လျှောက် ပြေးလွှားသွားခဲ့သည်။ ပထမဆုံး အနေဖြင့် သူမ ပစ်မှတ်ထားလိုသော သွေးဆက် မျိုးနွယ်ကို သီးခြား ခွဲထုတ်လိုက်သည်။ ထို လုပ်ဆောင်ချက်သည် အိမ်တစ်အိမ်ရှိ ပိုးမွှားများကို ဖယ်ရှားရန် သို့မဟုတ် ခန္ဓာကိုယ် အတွင်းရှိ ဗိုင်းရပ်စ် မျိုးကွဲ တစ်ခုကို ဖယ်ရှားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သူမ၏ ပစ်မှတ်က လူသားမျိုးနွယ်ပင်...။ ယခုအခါ ၎င်းတို့သည် ပျက်စီး ယိုယွင်းနေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ ကမ္ဘာကို ဖျက်ဆီးခဲ့သော တူညီသည့် ဖရိုဖရဲ စွမ်းအားကြီးနှင့် ပေါင်းစပ်သွားကာ ပြောင်းလဲခံလိုက်ရပြီ ဖြစ်သည်။

ပစ်မှတ်ကို ရွေးချယ်ပြီးသည်နှင့်၊ သူမက စွမ်းအင် ပေးလိုက်ရုံသာ ဖြစ်ပြီး ကျန်တာကို သင်တုန်းဓားက ဆက်လက် လုပ်ဆောင်သွားလေသည်။ သူမ၏ ကျောဘက်တွင် ဝတ်ရုံ တစ်ခုကဲ့သို့ တွဲလောင်းကျနေပြီး၊ ဒေါသတကြီး လောင်ကျွမ်းနေသည့် အဖြူရောင် မီးတောက် မြစ်တစ်စင်း အလား ဆူရီရယ်၏ ဂုဏ်ကျက်သရေ ဝတ်ရုံသည်၊ မဟာလမ်းစဉ်ထံမှ စွမ်းအားများကို ဆွဲယူလိုက်ချိန်တွင် အင်အားများဖြင့် လိမ့်ဆင်းလာခဲ့သည်။ သူမက ထိုစွမ်းအားများကို သူမ၏ လက်နက်ထဲသို့ စီးဝင်စေလိုက်သည်။ ထိုလက်နက်က အလွန် တောက်ပစွာ လင်းလက်သွားရာ၊ သူမ၏ အောက်ဘက် ကီလိုမီတာပေါင်းများစွာ အကွာရှိ မီးလောင်နေသော ဂြိုဟ်၏ မျက်နှာပြင်ပေါ်မှပင် ၎င်းကို မြင်တွေ့နိုင်မည် ဖြစ်သည်။

လေထု တစ်လျှောက်လုံးတွင် သန်းပေါင်းများစွာသော အလင်းရောင်များက တဖျပ်ဖျပ် လင်းလက် ထွက်ပေါ်လာကြသည်။ သေးငယ်သော ကြယ်လေးများ၏ စောင်တစ်ထည် ကဲ့သို့ပင်။ အလင်းရောင် တစ်ခုချင်းစီက တောက်ပသွားပြီး၊ မျက်နှာပြင်ပေါ်သို့ လှံများကဲ့သို့ ထိုးဆင်းသွားကာ ပျောက်ကွယ်သွားကြတော့သည်။

မဟာလမ်းစဉ် နှင့် သူမ၏ ချိတ်ဆက်မှုက ချက်ချင်းပင် လျော့ရဲသွားခဲ့သည်။ သူမ၏ ဝမ်းဗိုက် ဗဟိုချက်တွင် ရုတ်တရက် အလေးချိန်မဲ့ သွားသကဲ့သို့ ခံစားလိုက်ရ၏။ လူသားများသည် ကမ္ဘာတစ်ခုကို ကျောက်ချ ထိန်းသိမ်းပေးထားကြသည်။ ၎င်းတို့၏ အသက်ဝိညာဉ်များနှင့် စိတ်များက ကမ္ဘာကို မဟာလမ်းစဉ် နှင့် ချည်နှောင်ပေးထားပြီး၊ ၎င်းတို့ ပျောက်ကွယ်သွားသော အခါတွင်မူ... ဖရိုဖရဲ အခြေအနေက ကြီးစိုးသွားတော့သည်။ သူမသည် ဤကမ္ဘာကို လမ်းလွဲ လွင့်မျောသွားစေရန် ဖြတ်တောက်လိုက်ခြင်းပင်။

[ပစ်မှတ်များ ရှင်းလင်းပြီးပါပြီ]

အကူ ယန္တရားက သူမကို အသိပေးလိုက်သည်။ သူမ၏ စိတ်ထဲတွင် ကြားလိုက်ရသော အသံမှာ အမျိုးသမီး အသံဖြစ်သော်လည်း စိတ်ခံစားချက် ကင်းမဲ့နေလေသည်။

[လူဦးရေ ကိုးဆယ့်ကိုး ဒသမ ရှစ် ရာခိုင်နှုန်း လျှော့ချပြီးပါပြီ... ကိုယ်တိုင် ရှင်းလင်းမှုကို ဆက်လက် လုပ်ဆောင်ရမည်လား...]

သူမ၏ မြင်ကွင်းထဲတွင်၊ ဟာရိုး ဂြိုဟ် တစ်လျှောက်လုံး အစိမ်းရောင် အမှတ်အသားများ လင်းလက်လာခဲ့သည်။ ၎င်းမှာ သူမ၏ သုတ်သင်မှုမှ အသက်ရှင် ကျန်ရစ်ခဲ့သူများကို ညွှန်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့မှာ ကမ္ဘာကြီး ပျက်စီး ယိုယွင်းသွားသည့်တိုင်အောင် သန့်စင်နေဆဲ ဖြစ်သော အကြွင်းအကျန်များ ဖြစ်ကြသည်။ ဟာရိုး ၏ လူဦးရေထဲမှ နောက်ဆုံး ကျန်ရစ်သူများပင်။

ဖရိုဖရဲ စွမ်းအားကြီးက အသက်ရှင် ကျန်ရစ်သူများကို မည်သည့်အချိန်တွင်မဆို ကူးစက်သွားနိုင်သဖြင့် သူမ အနေဖြင့် ရှင်းလင်းမှုကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အဘီဒန် စည်းမျဉ်းများက ပြဋ္ဌာန်းထားသည်။ သို့သော် သူမက ဆူရီရယ် ဖြစ်လေသည်။ ကယ်တင်၍ မရနိုင်သော အသက်များကို ကယ်တင်နိုင်ရန် အတွက်၊ သူမသည် တည်ရှိမှု အားလုံးထဲတွင် အမြင့်မားဆုံးသော ရာထူး တစ်ခုသို့ ရောက်ရှိရန် ရုန်းကန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သူမက အကူ ယန္တရား၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။

စုစုပေါင်း အားဖြင့် ဆိုရလျှင်... သေဆုံးနေသော ဂြိုဟ်ကြီး တစ်လျှောက်လုံးတွင် ပြန့်ကျဲနေသည့် အသက်ရှင် ကျန်ရစ်သူ နှစ်ဆယ့် တစ်သိန်း ခြောက်ထောင် သုံးရာ လေးဆယ့်လေး ဦး ရှိလေသည်။ အသက်ပေါင်း များစွာ ဆိုသော်လည်း၊ သူမ ယခုလေးတင် သတ်ဖြတ်လိုက်သော အရေအတွက်နှင့် ယှဉ်လျှင် ဖုန်မှုန့် တစ်စက်မျှသာ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဤဂြိုဟ်ပေါ်တွင် လူဦးရေ သန်း ငါးထောင် ရှိခဲ့လေသည်။ လစ်မစ် နှင့် ဟာရိုး တို့ ပြင်းထန်စွာ ပေါင်းစပ်သွားပြီးနောက်၊ လူဦးရေ၏ နှစ်ဆယ် ရာခိုင်နှုန်းခန့်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ယခုမူ အလွန် နည်းပါးသော အစိတ်အပိုင်း တစ်ခု၊ လွယ်ကူစွာ တံမြက်စည်း လှဲထုတ်ခံရနိုင်သည့် သဲတစ်ဆုပ်စာမျှသာ ကျန်ရှိတော့သည်။

သူမ၏ ဝိညာဉ်ပေါ်သို့ ဝန်ထုပ်ဝန်ပိုး တစ်ခု ကျရောက်လာသည်။ ထိန်းချုပ်ရန် ခက်ခဲလောက်အောင် မြင့်မားလာနေသော မျှော်စင်ကြီး တစ်ခုထဲသို့ နောက်ထပ် ခဲပြား တစ်ပြား ထပ်မံ ပေါင်းထည့်လိုက်သကဲ့သို့ပင်။ ရှင်းလင်းရန် လိုအပ်ကြောင်း သူမ သိထားသော်လည်း၊ သူမသည် အသက်များစွာကို နုတ်ယူခဲ့ပြီး ဖြစ်သည်။ ယခုဆိုလျှင် သူမ လူဘယ်လောက်ကို သတ်ဖြတ်ခဲ့ပြီးပြီနည်း။ အကူ ယန္တရားက သူမကို ပြောပြနိုင်သော်လည်း၊ သူမ မမေးခဲ့ပေ။

သူမ၏ စီနီယာ ဖြစ်သော ယခင် ဆူရီရယ် သည် တာဝန် ထမ်းဆောင်ရင်း သေဆုံးသွားခဲ့ခြင်း မဟုတ်ပေ။ ဂုဏ်ကျက်သရေ ဝတ်ရုံ နှင့် သင်တုန်းဓား တို့က သူ့ အပေါ်တွင် လေးလံလွန်းလာသော အခါ၊ ၎င်းတို့ကို သူမထံ လက်ဆင့်ကမ်း ပေးအပ်ခဲ့ပြီးနောက် သူ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် သေမျိုး တစ်ဦး၏ ဘဝဖြင့် နေထိုင်နေပြီး သူ၏ စွမ်းအားများကို အတင်းအကျပ် ဖုံးကွယ်ထားခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ သူ့ထံမှ မည်သည့် သတင်းမျှ သူမ မကြားခဲ့ရပေ။

သူ၏ ရာထူး၊ အမည်နာမဖြင့် သူ လုပ်ဆောင်ခဲ့သော အရာများက သူ့အပေါ် ဝန်ပိစေခဲ့ပြီး၊ သူ့ကို ကျိုးပဲ့ ပျက်စီးသွားစေခဲ့သည်။ ၎င်းမှာ သူသည် ဖီးနစ် ဖြစ်နေသောကြောင့်ပင်။ သူ၏ အလုပ်မှာ အသက်များကို ကယ်တင်ရန်သာ ဖြစ်ပြီး၊ နုတ်ယူရန် မဟုတ်ချေ။ သို့ဆိုလျှင် ဝံပုလွေ ဖြစ်သော ရာဇီရယ် ထမ်းဆောင်ရသည့် ဝန်ထုပ်ဝန်ပိုးက မည်မျှ ပို၍ လေးလံနေမည်နည်း။

သို့မဟုတ် ရိတ်သိမ်းသူ အော့ဇရီရယ်လော။

လူသားမျိုးနွယ် ဖျက်ဆီးခံရခြင်းနှင့် အတူ ကမ္ဘာကြီး၏ ပြဿနာများက ပြီးဆုံးသွားခဲ့ခြင်း မဟုတ်ပေ။ ထိုသို့သာ ပြီးဆုံးသွားခဲ့ပါက၊ ရိတ်သိမ်းသူ၏ အလုပ်သည် လိုအပ်မည် မဟုတ်ချေ။ အဘီဒန် တရားသူကြီး တစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားသူ မည်သူမဆိုသည် ဂြိုဟ်တစ်လုံးစာမျှရှိသော လူများကို သုတ်သင် ရှင်းလင်းနိုင်စွမ်း ရှိကြပြီး၊ ကမ္ဘာစဉ် အများစုတွင် လူနေထိုင်သော ဂြိုဟ် တစ်လုံးတည်းသာ ရှိတတ်ကြသည်။

လေထု အပြင်လွှာ အမြင့်ပိုင်း သူမ လွင့်မျောနေသော နေရာ၏ အောက်ဘက်တွင်၊ ဂြိုဟ်ကြီးက ထင်ရှားစွာ လှုပ်ခတ် ဖရိုဖရဲ ဖြစ်နေသည်။ ပင်လယ်များက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး၊ လစ်မစ် နှင့် ဟာရိုး တို့ ကြားတွင် ပိတ်မိနေကြသည်။ တိုက်ကြီးများက ပုံသဏ္ဍာန် တစ်ခုကို ဆုံးဖြတ်ရန် ကြိုးစားနေသကဲ့သို့ တဖျပ်ဖျပ် လင်းလက်ကာ ဆူပွက်နေကြပြီး၊ မြို့ကြီးများက ဖုန်မှုန့်များ အဖြစ် ပြိုကျသွားကာ စက္ကန့်ပိုင်း အတွင်း ပြန်လည် တည်ဆောက်ခံရသည်။ တိမ်တိုက်များက ဖရိုဖရဲ လေပြင်းများ၏ တိုက်ခိုက်မှုကြောင့် အလျင်အမြန် စက်ဝိုင်းပုံ လည်ပတ်နေကြပြီး၊ အာကာသထဲမှပင် မြင်တွေ့နိုင်လောက်အောင် ကျယ်ဝန်းလှသော နယ်မြေ တစ်လျှောက်လုံး မီးများ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေလေသည်။

ယခုအခါ သူမ၏ တာဝန်များထဲမှ ခက်ခဲပြီး သတိထား ရမည့် အပိုင်း စတင်ပြီ ဖြစ်သည်။

ဆံပင်အစား ဦးချိုများ ပါရှိပြီး၊ မှိုင်းညို့သော အပြာရောင် အသားအရေနှင့် တောင့်တင်းသော ကြွက်သားများ ရှိသည့် ဂါဒရယ်က အနီးတွင် လွင့်မျောနေသည်။

ဂါဒရယယ် ဒိုင်းလွှား ဟုခေါ်သော လက်ဖျံပေါ်ရှိ အမည်းရောင် စက်ဝိုင်းကို အပြင်ဘက်သို့ မျက်နှာမူထားစေရန် သူက လက်များကို ပိုက်ထားလေသည်။

သူသည်လည်း သူမ ကဲ့သို့ပင် ရေအလား ချောမွေ့သော အဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ တရားသူကြီး၏ ဂုဏ်ကျက်သရေ ဝတ်ရုံ က သူ၏ ကျောဘက်တွင်လည်း တောက်လောင်နေသည်။

သူသည် အောက်ဘက်ရှိ ကမ္ဘာကြီး သေဆုံးသွားသည်ကို မျက်နှာ အမူအရာ အနည်းငယ်မျှပင် မပျက်ယွင်းဘဲ သူ စောင့်ကြည့်နေခဲ့သည်။

"သီးသန့်ခွဲခြားခြင်း လုပ်ထုံးလုပ်နည်းတွေက ဟာရိုး ရဲ့ အချိန်နဲ့ တွက်ရင် ခြောက်လလောက် အသက်ဝင်နေဦးမယ်... အဲဒီနောက်မှာ ငါ့ရဲ့ အတားအဆီးတွေက အကြွင်းအကျန် အပိုင်းအစ အားလုံးကို ဟင်းလင်းပြင် ထဲ စွန့်ထုတ်လိုက်ပြီး ပျောက်ကွယ်သွားလိမ့်မယ်..."

ရိတ်သိမ်းသူ၏ အခန်းကဏ္ဍမှာ တည်ရှိမှု အားလုံးထဲတွင် အန္တရာယ် အများဆုံးသော အရာများကို မွေးဖွားပေးနိုင်သည့် ထိုကဲ့သို့သော အပိုင်းအစများကို နောက်တွင် မချန်ထားရစ်ဘဲ ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ သူမ လုပ်နိုင်သမျှ အကောင်းဆုံး အရာမှာ ရှုပ်ထွေးသော ခန့်မှန်းခြေ တစ်ခုမျှသာ ဖြစ်လေသည်။

"မှတ်သားထားပါတယ်..."

သူမက ထွက်မသွားသေးပေ။ မညစ်ညမ်းသေးသော အသက်များကို တတ်နိုင်သမျှ ကယ်တင်ရန် သူမတွင် အချိန် ခြောက်လ ရှိလေသည်။

သေချာသည်က ၎င်းမှာ မတည်ငြိမ်မှု ဟူသော နာမည်ဆိုးနှင့် ကျော်ကြားနေသော ဟာရိုး ၏ အချိန်သာ ဖြစ်သည်။ ဤကမ္ဘာသည် အချိန်၏ မှန်ကန်သော စီးဆင်းမှုကို အုပ်ချုပ်သည့် မဟာလမ်းစဉ် ထံမှ လမ်းလွဲ လွင့်မျောသွားခဲ့ပြီ ဖြစ်သည်။ သူမ ဤနေရာတွင် မိနစ်အနည်းငယ်မျှသာ ရှိနေသေးသည်ဟု ခံစားရသော်လည်း၊ အခြား ကမ္ဘာတစ်ခုတွင်မူ ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

အော့ဇရီရယ် သာ ဆိုလျှင် ဤအရာကို အခိုက်အတန့်လေး အတွင်း လုပ်ဆောင်နိုင်ခဲ့မည် ဖြစ်သော်လည်း သူ ထွက်သွားခဲ့လေပြီ။ ပထမဆုံး အကြိမ်အဖြစ်၊ ထိုအချက်အတွက် သူမ၏ စိတ်ထဲတွင် ကိုယ်ပိုင် မကျေနပ်မှု အရိပ်အယောင်လေး တစ်ခုကို ခံစားလိုက်ရသည်။

"ဒီ ဆိုင်းငံ့ချိန် အပြီးမှာ၊ နင့်အနေနဲ့ အော့ဇရီရယ် ကို ရှာဖွေတဲ့ နေရာမှာ အင်အား အပြည့်အဝ အသုံးပြုဖို့ မာကီရယ် က မျှော်လင့်ထားတယ်... စံသတ်မှတ်ချက် ဆယ်စုနှစ် တစ်ခု အတွင်း ရလဒ်ထွက်ဖို့ သူ လိုချင်နေတယ်..."

ဆူရီရယ်သည် ဒေါသတကြီးဖြင့် သူ့ဘက်သို့ လှည့်လိုက်သည်။ မဟာလမ်းစဉ် ၏ စွမ်းအားကို ခေါ်ယူခြင်းက လူသားဆန်မှု ကင်းမဲ့သော ကိုယ်ပိုင် ထိန်းချုပ်နိုင်စွမ်းကို တောင်းဆိုသလို ထုတ်လုပ်ပေးလေ့ရှိသော်လည်း၊ ဂါဒရယ်ကမူ သူမ၏ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်နေလေသည်။ သူမ၏ သင်တုန်းဓားက လက်ထဲတွင် ပူပြင်း တောက်လောင်ကာ တဖျပ်ဖျပ် လင်းလက်လျက် တုန်ခါနေ၏။

"ဒီကိစ္စမှာ ငါ့အတွက် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိရဲ့လား..."

သူမက အေးစက်စွာ မေးလိုက်သည်။

သူမ ဘာလုပ်နေသနည်း ဆိုသည်ကို သူ မြင်တွေ့နေရသော်လည်း သူက တစ်ချက် ခေါင်းညိတ်ပြလိုက်သည်။

"ရှိပါတယ်..."

စွမ်းအားများကို ထုတ်ဖော်လိုက်ချိန်တွင် ဆူရီယယ်၏ အရာအားလုံးက တောက်လောင်သွားသည်။

မြစိမ်းရောင် ဆံပင်၊ ခရမ်းရောင် မျက်လုံး၊ အဖြူရောင် ဂုဏ်ကျက်သရေ ဝတ်ရုံ နှင့် ချပ်ဝတ်တန်ဆာ၊ တဖျပ်ဖျပ် လင်းလက်နေသော အပြာရောင် သင်တုန်းဓား...

အားလုံးပင်။

ဆူရီယယ်သည် ကောင်းကင်ဘုံ ရေခဲမြစ် တစ်ခု၏ အရောင်အသွေးများဖြင့် တောက်လောင်နေရာ၊ ဂါဒရယ်ပင်လျှင် သူ၏ မျက်လုံးများပေါ်တွင် အတားအဆီးများ ဖန်တီး ကာကွယ်လိုက်ရလေသည်။

"ဒါဆိုရင် ဒီကိစ္စက ဒုတိယ ဌာနခွဲ မဟုတ်ဘဲ၊ ဆဋ္ဌမ ဌာနခွဲရဲ့ လုပ်ပိုင်ခွင့် အောက်မှာပဲ ရှိတယ်... ငါ့ရဲ့ စစ်ဆင်ရေး မပြီးဆုံးခင် နင် ဝင်စွက်ဖက်မယ် ဆိုရင်တော့၊ နင့်ကို သဘောတူစာချုပ် ချိုးဖောက်သူအဖြစ် သတ်မှတ်ပြီး ထိုက်တန်သလို အရေးယူရလိမ့်မယ်... ဒါကို မဟာလမ်းစဉ် အောက်မှာ သက်သေပြုပါစေ..."

သူသည် တည်ရှိမှု အားလုံးထဲတွင် အမှန်တကယ် ဖျက်ဆီးပစ်ရန် အခက်ခဲဆုံးသော လူတစ်ယောက် ဖြစ်နေနိုင်သဖြင့် သူ့ကို သူမ မသတ်နိုင်ခဲ့ပေ။ သို့သော် တရားသူကြီး တစ်ဦးအနေဖြင့် အခြား တစ်ဦး၏ ဘဝကို ခက်ခဲသွားစေနိုင်သည့် နည်းလမ်းပေါင်း များစွာ ရှိနေလေသည်။ အဘီဒန် တရားရုံး ၏ တရားသူကြီး ခုနစ်ပါး အဖွဲ့ ကြားတွင် သဘောထား ကွဲလွဲမှုများမှာ အဖြစ်နည်းသော်လည်း၊ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ကြောင်း လူသိများလေသည်။ ဆူရီရယ်သည် ကိုယ်ရေးကိုယ်တာ ရန်ငြိုးတစ်ခုအတွက် အဘီဒန်၏ တည်ငြိမ်မှုကို စွန့်စားမည် မဟုတ်သော်လည်း၊ ဂါဒရယ်နှင့် ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆိုရလျှင် မာကီရယ် တို့က သူမ၏ အာဏာကို ခြိမ်းခြောက်နေကြသည်။

ထိုသို့ ဖြစ်ခွင့်ပြုလိုက်ပါက သူမသည် ဆူရီရယ် အဖြစ် ဆက်လက် ရပ်တည်ရန် ထိုက်တန်တော့မည် မဟုတ်ပေ။

ဝှစ်...

ဂါဒရယ်၏ အနောက်ဘက်ရှိ ကြယ်များ ပြည့်နှက်နေသော နောက်ခံတွင် ကြွယ်ဝပြီး အလွှာများ ပါဝင်သော အပြာရောင် ကန့်လန့်ကာ တစ်ခုက ပွင့်ထွက်သွား၏။ သူက လက်ပိုက်ထားလျက်ပင် ထိုအထဲသို့ နောက်ဆုတ် ဝင်ရောက်သွားလေသည်။

"ခြောက်လပဲ..."

သူက ပြောသည်။

"အဲဒီနောက်မှာ နင် ရိတ်သိမ်းသူကို ရှာရမယ်... နင့်ရဲ့ ကူးစက်ခံထားရသူတွေ အတွက် သီးသန့်ခွဲခြားထားတဲ့ ဇုန်တစ်ခု အနေနဲ့ ကမ္ဘာစဉ် နှစ်ရာ့တစ်ဆယ့်သုံး ကို ငါတို့ ဖယ်ချန်ပေးထားတယ်... ဒါကြောင့် ကဏ္ဍ ထိန်းချုပ်ရေး ကို ကျော်ဖြတ်သွားလိုက်... နင့်အတွက် လမ်းကြောင်း တစ်ခု ဖွင့်ပေးထားလိမ့်မယ်..."

သူမအနေဖြင့် အသက်ရှင် ကျန်ရစ်သူများကို ဘယ်တော့မှ ထားခဲ့မည် မဟုတ်ကြောင်း မာကီယယ်က သိထားခဲ့ပြီး၊ ထိုအတိုင်း ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သူမ ဤနေရာသို့ မလာရောက်မီ ကတည်းက သူ သိနှင့်ပြီး ဖြစ်လေသည်။

မဟာလမ်းစဉ်က ဇစ်ဆွဲပိတ်လိုက်သကဲ့သို့ ပိတ်သွားပြီး ဂါဒရယ်လည်း ပျောက်ကွယ်သွားတော့သည်။

[အဆင့် ခြောက် သာမန်မဟုတ်သော အရာ လေးရာ့ ခြောက်ဆယ့်နှစ် ခု ရှိပြီး ဆက်လက် တိုးပွားနေပါတယ်]

အကူ ယန္တရားက ပြောလိုက်သည်။

[ကြီးထွားမှု ကန့်သတ်ချက်သို့ မရောက်မီ လိုက်လံ နှိမ်နင်းရန် အကြံပြုအပ်ပါတယ်။]

ဆူရီရယ်သည် ဂါဒရယ်နှင့် ပတ်သက်သော အတွေးများကို ဘေးဖယ်ထားလိုက်သည်။ သူသည် လည်ပတ် တပ်ဆင်ခံထားရပြီး ကြိုးဆွဲခံထားရသော သစ္စာရှိ ခွေးတစ်ကောင်မျှသာ ဖြစ်သည်။ သူနှင့် ပဋိပက္ခ ဖြစ်ပွားခြင်းဖြင့် သူမ ဘာမျှ အကျိုးအမြတ် ရရှိမည် မဟုတ်ပေ။ ဇာတ်ညွှန်းကို ရေးသားနေသူမှာ မာကီရယ် သာဖြစ်ပြီး၊ သူ၏ အစီအစဉ်များက ကမ္ဘာတည်သရွေ့ ကြာမြင့်နိုင်လေသည်။ သူ့ကို မျက်နှာချင်းဆိုင် တွေ့ဆုံရန် လိုအပ်ပေသည်။

သို့သော် ပထမဆုံးအနေဖြင့် သူမ လုပ်ရမည့် အလုပ်တစ်ခု ရှိနေသေးသည်။

မဟာလမ်းစဉ် နှင့် ကင်းကွာသွားသော ကမ္ဘာတစ်ခုသည် ဖရိုဖရဲ ပုံပျက်မှုများကို မွေးဖွားပေးလေ့ရှိသည်။ ၎င်းတို့မှာ အိပ်မက်ဆိုး မာရ်နတ်များ ဖြစ်ကြပြီး၊ တည်ရှိမှု စည်းမျဉ်းများကို ဖောက်ဖျက်သော သက်ရှိများ ဖြစ်ကြသည်။ အကယ်၍ ဟာရိုး ကို လာမည့် နှစ်ဝက်အတွင်း ဆက်လက် ပုပ်သိုး ယိုယွင်းခွင့် ပြုထားပါက၊ ထိုကဲ့သို့သော ရွံရှာဖွယ် သတ္တဝါ ထောင်ပေါင်းများစွာကို မွေးဖွားပေးလာနိုင်လေသည်။ ၎င်းတို့ ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်သွားပါက၊ မာကီရယ် ပင်လျှင် ၎င်းတို့ မည်သည့်နေရာမှ ထွက်ပေါ်လာမည်ကို မခန့်မှန်းနိုင်တော့သည်အထိ လွင့်မျောသွားကြမည် ဖြစ်သည်။

သူမက ၎င်းတို့ကို ယခုပင် ဖျက်ဆီးပစ်ရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ အသက်ရှင် ကျန်ရစ်သူ နှစ်သန်း အနက်မှ တတ်နိုင်သမျှ များများထံသို့ သူမ ရောက်ရှိအောင် သွားရမည် ဖြစ်ပြီး၊ ၎င်းတို့ကို ကမ္ဘာစဉ် ၂၁၃ ဆီသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။ ထိုကမ္ဘာကို စကော ဟု ခေါ်ဆိုပြီး၊ ဌာနေ လူဦးရေ ရှိနေသည့် နေရာများထဲတွင် သူမ မြင်ဖူးသမျှ အကြမ်းတမ်းဆုံးနှင့် နေထိုင်ရန် အခက်ခဲဆုံး နေရာတစ်ခု ဖြစ်သော်လည်း၊ ၎င်းတို့ကိုတော့ အသက်ရှင်သန်ခွင့် ပေးနိုင်မည်သာ ဖြစ်သည်။

မြောက်ဝန်ရိုးစွန်းတွင် အမည်းရောင် ချွန်ထက်သော တိုင်လုံးကြီး တစ်ခုက ရေခဲများကို ခွဲထွက်ကာ အာကာသထဲသို့ ကီလိုမီတာ ထောင်ပေါင်းများစွာ အထိ ထိုးထွက်နေပြီး၊ ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် တောင့်တင်းနေသော ဆံပင်တစ်ပင်ကဲ့သို့ ထင်ရှားစွာ ရပ်တည်နေသည်။

အင်္ဂါရပ် ကင်းမဲ့နေသော အမည်းရောင် မျှော်စင်ကြီး တစ်ခု၊ ရုပ်ပိုင်းဆိုင်ရာ အရ မိမိကိုယ်ကိုပင် မထောက်ပံ့နိုင်လောက်အောင် မြင့်မားစွာ ရပ်တည်နေသော ကျောက်တိုင်ကြီး တစ်ခု၊ သာမန်မဟုတ်သော အရာ တစ်ခုပင်။

ဆူရီရယ်သည် သင်တုန်းဓားကို ဆုပ်ကိုင်ကာ ရှေ့သို့ တဟုန်ထိုး ထွက်ခွာသွားတော့သည်။

သေလုမြောပါး သတ္တဝါ တစ်ကောင်ကဲ့သို့ပင်၊ ကမ္ဘာတစ်ခုသည် ၎င်း၏ အဆုံးသတ်တွင် အကြမ်းတမ်းဆုံး ဖြစ်နေတတ်လေသည်။

***

အပိုင်း(၉၆)

လင်းတုန်းသည် မည်းနက်နေသော တောအုပ်ကို ဖြတ်သန်းကာ မိုင်တစ်ထောင် တိမ်တိုက် ပေါ်မှနေ၍ သားရဲ စစ်တပ်ကြီး၏ နောက်သို့ အပြေးအလွှား လိုက်ပါသွားစဉ်၊ သူတို့၏ အကြီးမားဆုံးသော အန္တရာယ် ဖြစ်သည့် ရေဆာခြင်း အကြောင်းကို စဉ်းစား တွေးတောနေမိလေသည်။

သူတို့သည် ပထမနေ့၏ ကျန်ရှိနေသော အချိန် တစ်လျှောက်လုံးနှင့် ဒုတိယနေ့ မိုးသောက်ချိန် အလွန်အထိ ပျံသန်းခဲ့ကြသည်။ ယီရင်က လမ်း၌ ကြုံတွေ့ရသော ဝိညာဉ်အကြွင်းအကျန် သို့မဟုတ် သားရဲတိုင်းကို ကွေ့ဝိုက် ရှောင်ကွင်းသွားခဲ့သည်။ သူတို့သည် ရေကန် သို့မဟုတ် ချောင်းငယ်လေး ဖြစ်နိုင်သော နေရာအချို့တွင် ရပ်နားခဲ့ကြသော်လည်း၊ ရေပြင်မှာ အနံ့ဆိုးများ ထွက်ကာ ညစ်ညမ်းနေသည်ကိုသာ တွေ့ရှိခဲ့ကြရသည်။

မည်းနက် ပုပ်သိုးနေသော သစ်ပင်များနှင့် ပုံပျက်နေသော ခွေးများကို ဖြစ်ပေါ်စေသည့် ကျိန်စာ တစ်ခုခုသည်၊ ရေများဆီသို့ပါ ကူးစက် ပြန့်နှံ့နေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အဆိပ်ဖြစ်ကြောင်း သိရှိရန် မြည်းစမ်းကြည့်ဖို့ပင် မလိုတော့ချေ။

မကြာမီမှာပင် လင်းတုန်း၏ ခေါင်းက ကိုက်ခဲလာပြီး လည်ချောင်းများ ပူလောင်လာသဖြင့် သူ စကားပင် မပြောနိုင်လုနီးပါး ဖြစ်လာသည်။ ရေမရှိဘဲ မည်မျှ လျင်မြန်စွာ အားနည်းသွားသနည်း ဆိုသည်က သူ့ကို ထိတ်လန့်သွားစေသည်။

ထို့ကြောင့်ပင် သစ်ပင်များ ကျဲပါးသွားပြီး အဝေးမှ ပိရမစ် ကြီး တစ်ခုကို မြင်တွေ့လိုက်ရချိန်တွင်၊ လင်းတုန်း၏ ပထမဆုံး ခံစားချက်မှာ စွန့်စားခန်းဆီသို့ ခေါ်ဆောင်မှု သို့မဟုတ် အန္တရာယ် အငွေ့အသက် မဟုတ်ဘဲ၊ ကြီးမားသော သက်သာရာရမှု တစ်ခုသာ ဖြစ်လေသည်။ အဆောက်အအုံ တစ်ခု ဆိုသည်မှာ လူများ ရှိနေခြင်းကို ဆိုလိုပြီး၊ လူများ ရှိပါက ရေ ရှိလိမ့်မည် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်ပြီး ယီရင်က တိမ်တိုက်ကို အရှိန် လျှော့ချလိုက်သောအခါ၊ လင်းတုန်းသည် သူမကို လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွားလေသည်။

“အဲ့တာ...”

ယီရင်က စကားတစ်ခွန်းကို မနည်း ညှစ်ထုတ်လိုက်ပြီးနောက် တံတွေးမျိုချကာ နောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်သည်။ သူမ၏ စကားလုံးများမှာ ရိုးရှင်းပြီး တိုးညှင်းနေကာ၊ တတ်နိုင်သမျှ စကားနည်းနည်း ပြောခြင်းဖြင့် ရေကို ချွေတာရန် ရည်ရွယ်ထားပုံရသည်။

"အဲ့တာပဲ... အဲဒီကို သွားနေတာ..."

ရေဆာခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် လွန်ခဲ့သော ရက်အနည်းငယ်၏ စိတ်ဖိစီးမှုများ ကြားတွင်၊ လင်းတုန်းသည် အစားအစာ၊ ရေနှင့် ခိုလှုံရာ ရှိနိုင်မည့် ဖြစ်နိုင်ချေများထက် ကျော်လွန်၍ တွေးတောနိုင်ရန် အခက်အခဲ ရှိနေလေသည်။ သူက "ဘာလဲ..." ဟု အသံထွက်လာလောက်သော ညည်းညူသံ တစ်ခုကို ပြုလုပ်လိုက်သည်။

ယီရင်က ပိရမစ် ကြီးဆီသို့ လက်ညှိုးဖြင့် ထိုးပြလိုက်သည်။

"အော်ရာ..."

မျက်လုံးနှစ်ဖက်ကို အားစိုက်ထုတ်ကာ လင်းတုန်းက ပိရမစ် ပတ်လည်ရှိ အော်ရာ အပေါ်သို့ အာရုံစိုက်လိုက်သည်။ ထိုဧရာမ အဆောက်အအုံကြီးသည် အထွတ်အမြတ် တောင်ကြား ရှိ အကြီးအကဲ ဝှစ်စပါ၏ မျှော်စင်လောက် မြင့်မားပြီး အောက်ခြေတွင် အဆပေါင်း တစ်ထောင်ခန့် ပိုမို ကျယ်ဝန်းသော်လည်း၊ ၎င်းကို အိမ်အရွယ်အစားခန့်ရှိသော ကျောက်တုံးကြီးများကို အလွှာလိုက် စီထပ်၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

၎င်းမှာ ရွှံ့ကဲ့သို့ အညိုရောင် ရှိနေသည်။ ၎င်း၏ အောက်ခြေ အလွှာအချို့ကို မည်းနက်သော သစ်ပင်များက ဖုံးကွယ်ထားသော်လည်း၊ မြင်တွေ့ရသော အစိတ်အပိုင်းကပင် လွင်ပြင်ထဲမှ ထိုးထွက်နေသော တောင်တစ်လုံးကဲ့သို့ ရှုခင်း တစ်ခုလုံးကို လွှမ်းမိုးထားရန် လုံလောက်နေလေသည်။

သက်စောင့် အော်ရာ၏ သက်တံရောင် အလင်းတန်း တစ်ခုက ၎င်း၏ အပေါ်တွင် ထွက်ပေါ်နေပြီး၊ ကျဉ်းမြောင်းသော ဆိုင်ကလုန်း မုန်တိုင်း တစ်ခုကဲ့သို့ အဆောက်အအုံ အတွင်းသို့ လိမ်ခွေ ဝင်ရောက်နေလေသည်။ မိုင်ပေါင်းများစွာ ပတ်လည်မှ အော်ရာ များကို ဤနေရာသို့ ဆွဲယူထားခြင်း ဖြစ်ရာ၊ ၎င်း၏ အဓိပ္ပာယ်မှာ...

နောက်ဆုံးတွင် ယီရင်၏ အကဲခတ်မှုကို သူ နားလည်သွားခဲ့လေပြီ။ အကယ်၍ အော်ရာ များကို ဤနေရာသို့ ဆွဲယူထားခြင်း ဖြစ်ပါက၊ ပိရမစ် ၏ အောက်ခြေရှိ ထိုသစ်ပင်များကြားတွင် ဝိညာဉ်အကြွင်းအကျန် များနှင့် ပုံပျက်နေသော သားရဲများ ပြည့်နှက်နေမည်သာ ဖြစ်လေတော့သည်။

သူမက တိမ်တိုက်ကို အနည်းငယ် ပို၍ အမြင့်သို့ တက်လိုက်စဉ်မှာပင်၊ သူက နားလည်ကြောင်း ပြသရန် ခေါင်းညိတ်ပြလိုက်သည်။ ထိုတိမ်တိုက်သည် ပျံသန်းရန်ထက် မြေပြင်ပေါ်မှ ကပ်၍ လွင့်မျောသွားရန် ရည်ရွယ်ထားခြင်း ဖြစ်ရာ၊ မြေကြီးထက် ဆယ်ပေခန့် အမြင့်တွင် ရုန်းကန်လာရလေသည်။ ဆယ့်ငါးပေ အမြင့်သို့ ရောက်သောအခါ လုံးဝ ရပ်တန့်သွား၏။ ထိုနေရာ၌ ထိန်းထားရန် အတွက်ပင် ယီရင်၏ မျက်နှာက အာရုံစူးစိုက်မှုဖြင့် မာကြောလာလေသည်။

သူတို့သည် အပေါ်စီး မြင်ကွင်းသစ်မှနေ၍ အရှေ့ဘက်ရှိ မြေပြင်ကို အကဲခတ် ကြည့်ရှုလိုက်ကြသည်။ အချက်နှစ်ချက်က ချက်ချင်းပင် ထင်ရှားစွာ ထွက်ပေါ်လာသည်။

ပထမအချက်အနေဖြင့်၊ သစ်ရွက်ဖုံးလွှမ်းနေသော မျက်နှာကျက်များ ကြားမှနေ၍ မည်သည့် အထွတ်အမြတ် သားရဲ များကိုမျှ မမြင်ရသော်လည်း၊ ပိရမစ် ပတ်လည်တွင် တစ်စုံတစ်ခုက အုံခဲနေလေသည်။ လူများပင် ဖြစ်သည်။ တဲအချို့၏ အမိုးများနှင့် ကွက်လပ်တစ်ခုကို ဖြတ်သန်း မောင်းနှင်သွားသော လှည်းတစ်စီးကိုပင် လင်းတုန်း ခပ်ရေးရေး မြင်လိုက်ရသည်။ ဤလူများသည် ဝိညာဉ်အကြွင်းအကျန် များနှင့် အထွတ်အမြတ် သားရဲ များရန်မှ ထိုအဆောက်အအုံကို ကာကွယ်ထားခြင်း ဖြစ်ရပေမည်။ ပိရမစ်သည် သူတို့၏ အိမ် ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ရည်ရွယ်ချက် တစ်ခုခုအတွက် အော်ရာ များကို ဆွဲယူနေခြင်းလည်း ဖြစ်နိုင်လေသည်။

သို့သော်လည်း... လင်းတုန်းသည် ထိုအကြောင်းကို အချိန်ကြာကြာ မစဉ်းစားနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှုခင်း၏ ဒုတိယမြောက် အင်္ဂါရပ်က သူ၏ အာရုံကို ဖမ်းစားသွားသောကြောင့် ဖြစ်သည်။ ပိရမစ် ၏ တောင်ဘက်တည့်တည့်တွင် နီလာများကဲ့သို့ တောက်ပနေသော ကျယ်ဝန်းသည့် ရေကန်ကြီး တစ်ခု ရှိနေ၏။ သစ်ပင်များ ကြားမှနေ၍ ၎င်း၏ ထောင့်တစ်နေရာကိုသာ သူ မြင်တွေ့နိုင်သော်လည်း၊ ပတ်ဝန်းကျင်ရှိ အခြား ရေများကဲ့သို့ ညစ်ညမ်းနေခြင်း မရှိသည်မှာ သေချာလှသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ၏ လည်ချောင်းက အလိုအလျောက် တံတွေးမျိုချမိသွားတော့သည်။

"ငါတို့ အဲဒီကို သွားရမယ်..."

လင်းတုန်းက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ ယီရင်က သဘောတူကြောင်း မည်သည့်စကားမျှ မဆိုဘဲ၊ တိမ်တိုက်ကို အမြင့်ဆုံး အရှိန်သို့ မြှင့်တင်ကာ မြေပြင်ဆီသို့ ပြန်ဆင်းလိုက်ပြီး၊ သစ်ပင်များ ကြားတွင် အရှိန်ဖြင့် တဟုန်ထိုး မောင်းနှင်သွားလေသည်။

ဤတစ်ကြိမ်တွင်မူ မှော်ပစ္စည်း ၏ အနောက်ဘက်မှ လွင့်ထွက်သွားလုနီးပါး ဖြစ်သွားခြင်းကို လင်းတုန်း ဂရုမစိုက်ခဲ့ပေ။ သူက သူ၏ ကိုယ်ပိုင် မာဒြာ အနည်းငယ်ကို တိမ်တိုက်ထဲသို့ ပေါင်းထည့်လိုက်ပြီး၊ ယာဉ်ထံမှ အပို အရှိန်အနည်းငယ် ထွက်ပေါ်လာစေရန် မျှော်လင့်နေမိသည်။

သူတို့ တောင်ကုန်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် သတ်ဖြတ်ပွဲ မြင်ကွင်း တစ်ခုကို တွေ့မြင်လိုက်ရလေသည်။ လင်းတုန်းသည် ဤတောင်ကုန်းသို့ မရောက်မီ ကတည်းက ပြင်းထန်သော သွေးနံ့ကို ရရှိနေခဲ့သည်။ ထို့ကြောင့်ပင် သူ စစ်မြေပြင် တစ်ခုကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အင်္ဂါအစိတ်အပိုင်းများ၊ အပိုင်းပိုင်း ခုတ်ထစ်ခံထားရသည့် သတ္တဝါများဖြင့် ပြည့်နှက်နေသော မြင်ကွင်းကျယ်ကြီး အတွက်မူ သူ ပြင်ဆင်ထားနိုင်ခြင်း မရှိသေးပေ။

တစ်မိုင်ခန့် အလျားနှင့် မိုင်ပေါင်းများစွာ အနံ ကျယ်ဝန်းမည်ဟု ယူဆရသော မည်းနက်သည့် တောအုပ် ဧရိယာကြီးမှာ ရှင်းလင်းခံထားရသည်။ သစ်ငုတ်တိုများက မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ရှိနေ၏။ တိုက်ပွဲတစ်ခုက မြေကြီးကို မွှေနှောက် မဖျက်ဆီးမီ အထိ မြက်ခင်းများမှာ စိမ်းလန်း စိုပြေနေခဲ့မည်သာ ဖြစ်သည်။

ကြည့်ရသည်က... ပိရမစ် ၏ အောက်ခြေတွင် စခန်းချနေသော လူများသည် ရှင်းလင်းသည့် အနားသတ် နယ်မြေ တစ်ခုကို လိုချင်ခဲ့ကြမည် ဖြစ်ရာ၊ ၎င်းတို့ထံ ချဉ်းကပ်လာမည့် မည်သည့် အရာကိုမဆို မြင်တွေ့နိုင်စေရန် သစ်ပင်များကို ခုတ်ထွင် ရှင်းလင်းခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ ဝိညာဉ်အကြွင်းအကျန် များနှင့် အထွတ်အမြတ် သားရဲ များ၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းရင်း အစောင့်များကို ချထားခဲ့သည်မှာ သေချာလှသည်။

သတ္တဝါ အုပ်စုကြီးက ပြေးဝင်လာသော အခါ၊ အစောင့်များက ဤကွင်းပြင်ကို သားသတ်ရုံ တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြခြင်း ဖြစ်လေသည်။

ဝက်ဝံအရွယ်အစား သားရဲ တစ်ကောင်၏ တစ်ဝက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည့် မာဒြာ လှံတစ်လက်တွင် ချိတ်ဆွဲခံထားရသည်။ ပုပ်ပွနေသော ခွေးခြောက်ကောင် ပါဝင်သည့် အုပ်စု တစ်ခုမှာ ပေါက်ကွဲလွင့်စဉ်သွားပြီး၊ အသစ်စက်စက် ချိုင့်ခွက် တစ်ခု၏ ပတ်လည်တွင် ခန္ဓာကိုယ် အပိုင်းအစများ ပြန့်ကျဲနေ၏။

လင်းတုန်းနှင့် ယီရင်တို့ကို ချောင်းမြောင်း လိုက်ပါလာခဲ့သော အင်းဆက်နှင့် မြွေ ကပြား သတ္တဝါ တစ်ကောင်၏ သေဆုံးရာ နေရာကို တောက်ပနေသော အစိမ်းရောင် အကြွင်းအကျန် ပုံကြီး တစ်ခုက မှတ်သား ပြသနေသည်။ ၎င်းထံမှ အစိမ်းရောင် အမတေ အမှုန်အမွှားများ လွင့်မျော ထွက်ခွာနေသည့်တိုင်၊ ကင်းခြေများ ခြေထောက် တစ်ဖက်က သွေးစွန်းနေသော ရွှံ့နွံများကို ကုတ်ခြစ်နေဆဲ ဖြစ်သည်။ အလားတူ ပျက်စီးခြင်း မြင်ကွင်းများက တစ်မိုင်ခန့် အကွာအဝေး အထိ ခြေလှမ်းတိုင်းတွင် အကျည်းတန်စွာ ပြည့်နှက်နေလေသည်။

ကွင်းပြင်၏ တစ်ဖက်ခြမ်း ချွန်ထက်သော သစ်လုံးများဖြင့် ပြုလုပ်ထားသည့် နံရံပုပု တစ်ခု၏ အရှေ့၌ ကျင့်ကြံသူ တစ်တန်း ရပ်နေကြသည်။ အဝေးမှပင် ဖြစ်လင့်ကစား၊ သူတို့မှာ စွမ်းအား ကြီးမားကြောင်း လင်းတုန်း သိမြင်နိုင်လေသည်။

***

All Chapters