← Chapters

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

အပိုင်း(၉၇)

အဆင့်မြင့်မားသော ကျင့်ကြံသူများတွင် ထူးခြားသော ယုံကြည်မှု၊ မာနကြီးမှုတို့ ရှိတတ်ကြသည်။ ဝေ့ ကလန် ၏ ခေါင်းဆောင်ကြီး သည် ကြောင်များကြားရှိ ခြင်္သေ့ တစ်ကောင်ကဲ့သို့ နေထိုင် ပြုမူလေ့ရှိပြီး၊ ယီရင်ကလည်း သူမသည် အနိုင်ရရန် ဖန်တီးခံထားရသူ ဖြစ်ကာ သူမ၏ ရန်သူများမှာ အစကတည်းက ရှုံးနိမ့်ပြီးသား ဖြစ်သကဲ့သို့ စကားပြောဆိုလေ့ ရှိသည်။

နံရံကို မှီထားသော စစ်သည်များသည်လည်း မိမိတို့၏ အသာစီးရမှုကို သိရှိနားလည်ထားသည့် ထိုတူညီသော အသိစိတ်ဖြင့် လှုပ်ရှားနေကြသည်။ ဧရာမ တူကြီး တစ်လက်ကို ကျောတွင် လွယ်ထားသော ပုံသဏ္ဍာန် တစ်ခုက အထွတ်အမြတ် သားရဲ များထံတွင် တန်ဖိုးရှိသော အရာ တစ်ခုခု ပါလာနိုင်သကဲ့သို့ အလောင်းများကို ဒူးထောက်ကာ မွှေနှောက် ရှာဖွေနေသည်။ ချိတ်ကဲ့သို့ ကွေးကောက်နေသော တံစဉ်များကို ကိုင်ဆောင်ထားသည့် လူတစ်စုက၊ ပုပ်ပွနေသော ခွေးတစ်ကောင်ကို အချင်းချင်း အလှည့်ကျ ကန်ထုတ်နေကြသည်။ ၎င်းမှာ အရွယ်ရောက်ပြီးသော ဝံပုလွေ တစ်ကောင် အရွယ်အစား ရှိသော်လည်း၊ ကျင့်ကြံသူ များက ၎င်းကို သားရေဘောလုံး တစ်လုံးထက် ပိုမို အလေးချိန် မရှိသကဲ့သို့ လေထဲတွင်ပင် ရှိနေစေရန် ကစားနေကြသည်။ ပုံပျက်နေသော ခွေးကြီးက လေထဲတွင် လှည့်ပတ်ကာ လူအသစ် တစ်ယောက်ချင်းစီကို ကိုက်ရန် ကြိုးစားသော်လည်း၊ ခြေထောက် တစ်ဖက်က ၎င်း၏ ဘေးဘက်ကို အမြဲတမ်း ဝင်ကန်မိပြီး လွင့်ထွက်သွားစေလေသည်။

အပြာနှင့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသူ တစ်ဦးက လက်တစ်ဖက်တွင် ပုလင်းဟု ယူဆရသော အရာတစ်ခုကို ဆုပ်ကိုင်ကာ အေးအေးဆေးဆေး အနားယူနေ၏။ အဝါရောင် ဆံပင် (ဆံပင်တုလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်) က ဖားယားကျနေသည်။

အပြာရင့်ရောင် ဝတ်ဆင်ထားသူ တစ်ဦးကမူ လှံတစ်လက်ကို ရှုပ်ထွေးသော စက်ဝိုင်းများ အဖြစ် ပေါ့ပေါ့ပါးပါး လှည့်ကစားနေ၏။ လှံသွားက သံမဏိ တစ်ခု ထင်ဟပ်သင့်သည်ထက် ပိုမို တောက်ပစွာ အလင်းပြန်နေလေသည်။

ဝှစ်...

ရုတ်တရက်... သူက လှံကို လင်းတုန်းတို့ ရှိရာဘက်သို့ ရမ်းခုတ်လိုက်လေသည်။ ချက်ချင်းပင် အဖြူရောင် အလင်းတန်းက သူတို့ထံသို့ ဦးတည်၍ ပျံသန်းလာသည်။

'တိုက်ခိုက်သူ' နည်းစနစ် တစ်ခုဖြစ်ကြောင်း လင်းတုန်း ချက်ချင်း သဘောပေါက်လိုက်သော်လည်း၊ တစ်ခုခု လုပ်ဆောင်ရန် သူ့အတွက် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

ဝှစ်...

လက်ချောင်း တစ်ချောင်းစာ အကျယ်ရှိသော ငွေဖြူရောင် အလင်းတန်း တစ်ခုက လေထုကို ဆုတ်ဖြဲကာ၊ မိုင်တစ်ထောင် တိမ်တိုက် ဆီသို့ တဟုန်ထိုး ပေါက်ကွဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်လေသည်။

နောက်ဘက်သို့ လန်ကျသွားပုံကို ထောက်ရှုရလျှင် ယီရင်ကိုယ်တိုင်ပင်လျှင် သတိလက်လွတ် ဖြစ်သွားခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း... ရွှေအဆင့် တစ်ဦးနှင့် ထိုက်တန်စွာ သူမက တုံ့ပြန်နိုင်ခဲ့သည်။ သူမ၏ ပခုံးပေါ်တွင် တွဲလောင်းကျနေသော ဓားလက်တံက အရှေ့သို့ တဖျပ်ဖျပ် ရွေ့လျားသွားပြီး အလင်းတန်းကို ဆီးကြိုလိုက်သည်။

ထန်...

ကောင်းကင် ဂုဏ်သရေ ကျောင်းတော်၏ မာဒြာ အလင်းတန်း များအား ကာကွယ်ခဲ့တုန်းကလိုပင်... တိုက်ခိုက်မှုက သူမ၏ ဓားပြားပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ဘေးဘက်သို့ အနည်းငယ် လမ်းကြောင်း လွဲသွားစေသည်။

သို့သော် ကောင်းကင် ဂုဏ်သရေ နှင့် တိုက်ခိုက်စဉ်ကမူ၊ ဘေးထွက်ရလဒ် အနေဖြင့် အပူရှိန်များ ရှိခဲ့သည်။ ထိုအရာက သူ့ကို လောင်ကျွမ်းသွားစေမည် ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ၊ အနီးမှ ဖြတ်သန်းသွားသော အလင်းတန်း ထံမှ မည်သည့် အနွေးဓာတ်ကိုမျှ သူ မခံစားလိုက်ရပေ... သို့သော် တစ်စုံတစ်ယောက်က သူ၏ လက်မောင်းကို သင်တုန်းဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး အရေပြားကို ကပ်လွဲသွားသကဲ့သို့၊ သူ၏ အပြင်ဝတ်ရုံ လက်မောင်းတွင် အပေါက် တစ်ခု ထွက်ပေါ်လာလေသည်။

"သေစမ်း...”

ယီရင်က အော်ဟစ်လိုက်၏။ သံမဏိ အဆုတ်များဖြင့် တွန်းအားပေးလိုက်သော ထို ပြင်းထန်လှသည့် အသံပမာဏက လင်းတုန်း၏ ဦးခေါင်းခွံကိုပင် ရိုက်ခတ်သွားလေသည်။ ယီရင် နောက်ထပ် စကားမပြောမီ သူ မျက်နှာရှုံ့မဲ့ကာ နားပေါက်ထဲသို့ လက်ချောင်းများကို ထိုးထည့်ထားလိုက်သည်။

"ငါနဲ့ ရန်ငြိုးရှိရင် အပြင်ထွက်ခဲ့ပြီး ကျင့်ကြံသူ တစ်ယောက်လို ဓားဆွဲထုတ်ပြီး တိုက်စမ်း…”

ဝှစ်...

လှံကို လှည့်ကစားနေသော ပုံသဏ္ဍာန်က ရပ်တန့်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ ၎င်း ပြန်လည် ထွက်ပေါ်လာချိန်တွင် လင်းတုန်း အသေးစိတ် မြင်တွေ့နိုင်လောက်အောင် နီးကပ်စွာ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အပြာရောင် ဝတ်ရုံနှင့် လှံ ကျင့်ကြံသူမှာ သူ့ အရပ်ထက်ပင် ပို၍ ရှည်လျားသော လှံတစ်လက်ကို ကိုင်ဆောင်ထားသည့် လူတစ်ယောက် ဖြစ်သည်။ သူကိုယ်တိုင်ကလည်း အရပ် အလွန် ရှည်သည်။ သူ၏ ဆံပင်များက လှိုင်းတံပိုးများအဖြစ် အေးခဲထားသကဲ့သို့ အပေါ်သို့ ထောင်မတ်နေပြီး၊ အားလပ်နေသော လက်တစ်ဖက်ဖြင့် သူ၏ ဂုတ်ပိုးကို ပွတ်သပ်နေလေသည်။

"မိတ်ဆွေသစ်တို့... ငါ တောင်းပန်ပါတယ်..."

"အနောက်ဘက်က လာတာဆိုလို့ မိစ္ဆာကောင်တွေကလွဲပြီး ဘယ်သူ့ကိုမှ ငါတို့ မတွေ့ခဲ့ရလို့ပါ..."

သူက ခဏတာ ရပ်တန့်သွားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

"အဝေးကနေ ကြည့်ရင် ဘယ်သူမဆို မင်းတို့ရဲ့ တိမ်တိုက်ကို ဝိညာဉ်အကြွင်းအကျန် တစ်ခုလို့ ထင်မိမှာပဲ... အဲဒီအချက်ကို ထည့်သွင်း စဉ်းစားပြီး ငါ့ကို ခွင့်လွှတ်ပေးပါလား..."

သူက လှံကို လက်ဖဝါး နှစ်ဖက်ကြားတွင် ညှပ်ထားဆဲ ဖြစ်သော်လည်း၊ တောင်းပန်သည့် အနေဖြင့် လက်နှစ်ဖက်ကို ပူးကာ အရိုအသေ ပေးလိုက်သည်ဟု လင်းတုန်း မှတ်ယူလိုက်သည်။

ယီရင်က တိမ်တိုက်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လင်းတုန်းကို လက်ဟန်ပြလိုက်သည်။

"ငါက ကြေးအဆင့် တစ်ယောက်ကို ခေါ်လာတာ..."

သူမက ပြောလိုက်သည်။ ရေဆာနေသဖြင့် သူမ၏ အသံက အက်ကွဲနေဆဲ ဖြစ်သော်လည်း၊ ဒေါသက သူမ၏ စကားလုံးများကို ခွန်အား ဖြစ်စေခဲ့သည်။

"နင့်ရဲ့ လှံနဲ့ ငါ့ကို ရှမိရင် ငါ အသက်ရှင်နိုင်သေးတယ်၊ ဒါပေမယ့် မျိုးဆက်သစ် တစ်ယောက်ရဲ့ ဗိုက်ကို ဖောက်မိသွားရင် နင် ဘယ်လို တောင်းပန်မလဲ..."

လှံကိုင်သမားက ပို၍ နီးကပ်စွာ လျှောက်လာခဲ့၏။ ယခုအခါ သူ၏ မျက်နှာပေါ်ရှိ ထင်ရှားသော အံ့အားသင့်မှုကို လင်းတုန်း မြင်တွေ့နိုင်ပြီ ဖြစ်သည်။

"ဒီလောက် အကောင်ကြီးတဲ့ ကြေးအဆင့် ကို တစ်ခါမှ မမြင်ဖူးဘူး..."

လူစိမ်းက လင်းတုန်းကို ပွင့်လင်းစွာ အကဲခတ်လိုက်ပြီးနောက် ယီရင်ဘက်သို့ ပြန်လှည့်သွားသည်။

"သူကလေ၊ အင်း..."

သူက သူ၏ ဦးခေါင်းခွံ ဘေးဘက်ကို ပုတ်ပြလိုက်သည်။

"..."

ယီရင်က မတ်မတ် ရပ်နေပြီး၊ သံမဏိ လက်တံက ကင်းမြီးကောက် အမြီးတစ်ခုကဲ့သို့ သူမ၏ ခေါင်းပေါ်တွင် အသင့်အနေအထား ရှိနေ၏။ သူမ၏ လက်တစ်ဖက်က ဓားကို ကိုင်ထားပြီး စုတ်ပြဲနေသော ဝတ်ရုံစများက လေပြေထဲတွင် လွင့်ခါနေလေသည်။

"နင့်ကို ဘယ်လို ခေါ်ကြလဲ..."

သူမက မေးလိုက်သည်။ အပြာရောင် ဝတ်စုံရှင်က သူ၏ လှံကို ကျွမ်းကျင်သော လှုပ်ရှားမှုဖြင့် လက်မောင်းအောက်သို့ ညှပ်လိုက်ပြီး ခါးညွတ်ကာ အရိုအသေ ပေးလိုက်သည်။

"ငါက ကျင်းဆန် ပါ၊ ငါတို့ ကျင်း ကလန် ရဲ့ ဂုဏ်ကျက်သရေက မီးတောက်နက် အင်ပါယာ ရဲ့ နေရာအနှံ့မှာ ပဲ့တင်ထပ်နေပါတယ်... မင်းနဲ့ မင်းရဲ့ မျိုးဆက်သစ် အပေါ် ငါ ပြုမူမိတဲ့ စော်ကားမှု အတွက် ပြန်လည် ပေးဆပ်တဲ့ အနေနဲ့၊ ငါတို့ ဂိုဏ်းငါးခု မဟာမိတ် စခန်း တစ်လျှောက် မင်းတို့ကို လမ်းညွှန်ပေးဖို့ တာဝန်ယူပါရစေ..."

"ဂိုဏ်းငါးခု ဟုတ်လား..."

ယီရင်က မေးလိုက်၏။ ထိုအချိန်တွင် လင်းတုန်းက ကျောပိုးအိတ်ကို လွယ်ကာ မိုင်တစ်ထောင် တိမ်တိုက် ကို အနောက်မှ လွင့်မျောစေလျက် သူမ၏ အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ရေ..."

သူက ပြောလိုက်ရာ၊ ယီရင်က သူ့ကို လက်ညှိုးထိုးပြလိုက်သည်။

"သူပြောတာ မှန်တယ်..."

သူမက ပြောသည်။

"ရေ..."

ကျင်းဆန်က သူ၏ ခါးတွင် ပတ်ထားသော အဝတ်စကို ပုတ်လိုက်သည်။

"အာ၊ ငါ့ကို ခွင့်လွှတ်ပါ... သန့်စင် ရေကန် ရဲ့ အပြင်ဘက် မိုင်ဒါဇင်ချီတဲ့ အထိ သောက်သုံးလို့ရတဲ့ ရေ မရှိဘူး... နင်တို့ မင်းတို့ ရေဆာနေလိမ့်မယ် ဆိုတာကို ငါ ထည့်စဉ်းစားသင့်တာ..."

သူက အဆို့ပိတ်ထားသော ရေဘူး တစ်ဘူးကို သူ၏ ခါးပတ်ထဲမှ ဆွဲထုတ်လိုက်ပြီး ရယ်မောလိုက်သည်။

"ငါတို့ သိကျွမ်းတာ တစ်မိနစ်တောင် မပြည့်သေးဘူး၊ ငါက အိမ်ရှင်ဆိုး တစ်ယောက် ဖြစ်နေပြီပဲ... ခွင့်လွှတ်ပါ..."

ယီရင်က သူ၏ လက်ထဲမှ ရေဘူးကို ဆွဲယူလိုက်ပြီး ဖြစ်သည်။ သူမက မေးစေ့ပေါ်မှ ရေများ ယိုဖိတ်ကျသည်အထိ မော့သောက်လိုက်၏။ လင်းတုန်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း သူမထံသို့ ခုန်အုပ်ပြီး ရေဘူးကို လုယူလိုသည့် ရူးကြောင်ကြောင် အတွေးများပင် ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုလုပ်ရပ်က ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် မခြားနားကြောင်း သူ သိပေသည်။

ကံကောသ်ထောက်မစွာပင် ယီရင်က အသက်ပြင်းပြင်း ရှူလျက် တစ်ဝက်ခန့် ကျန်သေးသော ရေဘူးကို သူ့ထံ ပစ်ပေးလိုက်သည်။ သူ ဖမ်းမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း မော့ကာ သောက်လေတော့သည်။ ရေစိုနေသော ခွေးတစ်ကောင်၏ အမွေးများထဲမှ ညှစ်ယူထားသည့် ရေကဲ့သို့ အနံ့အသက် မကောင်းဘဲ မှိုနံ့ရနေသော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ သဲကန္တာရကဲ့သို့ ခြောက်သွေ့နေသော သူ၏ လည်ချောင်းကို ရေက ဖြတ်သန်းသွားချိန်တွင် ရရှိသော သက်သာရာရမှုမှာ၊ ပူပြင်းသော နေ့တစ်နေ့တွင် အရိပ်အာဝါသ တစ်ခု ရရှိလိုက်သကဲ့သို့ပင်။

“အဟွတ်... အဟွတ်...”

လင်းတုန်း တစ်ငုံမျှသာ မျိုချရသေးမီ သီးသွားပြီး၊ ခါးကိုင်းကာ ချောင်းဆိုးနေရသဖြင့် ဆက်လက် သောက်နိုင်ရန် အသက်ရှူမှန်သည်အထိ စောင့်ဆိုင်းလိုက်ရသည်။ သူက ရေဘူးထဲရှိ ရေအားလုံးကို စက္ကန့်ပိုင်း အတွင်း သောက်လိုက်ပြီးနောက် ခါးညွတ်ကာ အလွတ်ဖြစ်သွားသော ရေဘူးကို ကျင်းဆန်ထံ ပြန်ပေးလိုက်သည်။ သူ ထိုလူကို ကျေးဇူးတင်စကား ပြောချင်သော်လည်း၊ သူ၏ ကိုယ်ပိုင် အသံကို သူ ယုံကြည်မှု မရှိခဲ့ပေ။

ကျင်းဆန်က သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

"ကြည့်ရတာ မင်းတို့တွေ အဝေးကို ရောက်နေတာ အတော်ကြာပြီပဲ... မင်းတို့ ဘယ်ကနေ လာကြတာလဲလို့ ငါ သိချင်မိတယ်..."

"ငါတို့ရဲ့ အိမ်က အနောက်ဘက်မှာ ရှိတယ်..."

လင်းတုန်းက စတင် ပြောလိုက်ရာ သူ၏ အသံမှာ အက်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း... သူ့စကား မဆုံးမီမှာပင် ယီရင်က သူ၏ စကားကို ဖြတ်ပြောလိုက်သည်။

"ငါတို့က တောရိုင်းမြေ ရဲ့ တစ်ဖက်ကနေ လာတာ... နင့်ရဲ့ ရန်သူတွေနဲ့ ငါတို့မှာ ဘာသွေးသား ပတ်သက်မှုမှ မရှိဘူး..."

***

အပိုင်း(၉၈)

ကျင်းဆန်က သူ၏ ဆိုလိုရင်းမှာ ယီရင် ပြောလိုက်သည့် အဓိပ္ပာယ် လုံးဝ မဟုတ်သကဲ့သို့ လက်ကာပြလိုက်သော်လည်း၊ စိတ်သက်သာရာ ရသွားပုံလည်း ပေါ်လေသည်။

"အဲဒီအတွက် စိတ်ပူစရာ မရှိပါဘူး၊ လုံးဝ မရှိပါဘူး... ငါတို့ ကျင်း ကလန် ရဲ့ တစ်ဦးတည်းသော ရန်သူက မိစ္ဆာကောင်တွေနဲ့ အာဏာရှင်တွေပဲ... မျက်မမြင် တစ်ယောက်တောင်မှ မင်းတို့က အပြစ်ကင်းစင်ပြီး ရဲရင့်တဲ့ စွန့်စားသူတွေ ဆိုတာ မြင်နိုင်ပါတယ်..."

သူ၏ အပြုံးက သူတို့ နှစ်ယောက်စလုံးကို ရည်ရွယ်သော်လည်း၊ သူ၏ စကားလုံးများက နှစ်ယောက်စလုံးကို မဆိုလိုကြောင်း လင်းတုန်း သတိထားမိလိုက်သည်။

ဤသူစိမ်း၏ မျက်လုံးထဲတွင် သူ၏ ပုံရိပ်ကို ကောင်းမွန်လာစေရန် လင်းတုန်းက ပြောလိုက်သည်။

"ခင်ဗျားရဲ့ ရက်ရောမှု အတွက် ကျေးဇူးတင်ပါတယ် ကျင်းဆန်... ဒီလောက်များပြားတဲ့ သားရဲ စစ်တပ်ကြီး ရဲ့ ရန်ကနေ အိမ်ကို ကာကွယ်နိုင်တယ် ဆိုတော့ ကျင်း ကလန် က တကယ်ကို ကြီးမြတ်မှာပဲ..."

ဆန်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ကိုယ်ကို မတ်ကာ သူ၏ လှံကို မြေကြီးထဲသို့ စိုက်ထားလိုက်သည်။

"မင်းက အကဲခတ် တော်တာပဲ ညီငယ်... ကျင်း ကလန် က မဟာမိတ် စခန်းမှာ တစ်ခုတည်းသော ဂိုဏ်းတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီနယ်မြေကို ငါတို့ရဲ့ ကိုယ်ပိုင် နယ်မြေ တစ်ခုလို သဘောထားပြီး နှစ်ရာပေါင်းများစွာ ကာကွယ်လာခဲ့တာ... ထူးကဲတဲ့ ရှေးဟောင်း အပျက်အစီး တွေ ပေါ်လာပြီး ကြောက်စရာ သားရဲကောင်တွေက ပင်လယ်လှိုင်းတွေလို နေ့တိုင်း ဝင်တိုက်နေတဲ့ အချိန်ကစလို့၊ ကျင်း ကလန် က တခြား ဘယ်သူ့ထက်မဆို ပိုပြီး သတ်ဖြတ်နိုင်ခဲ့တယ်..."

ယီရင်က သူမ၏ သွေးရောင် ကြိုးခါးပတ်ကို နေရာ ရွှေ့လိုက်သည်။

"ငါတို့က နယ်စပ်ကို အခုလေးတင် ဖြတ်လာတာ၊ ဆန်... ဒီ ရှေးဟောင်း အပျက်အစီး တွေ အကြောင်း တစ်သံမှ မကြားဖူးသလို ဘယ်သူကမှ ပြောတာလည်း မကြားဖူးဘူး၊ ဒါပေမယ့် နင်တို့ ပြောတဲ့ သားရဲ တွေနဲ့တော့ ငါတို့ ဆုံခဲ့တယ်လို့ ထင်တယ်..."

သူမက ဘေးနားတွင် ပြတ်ကျနေသော ခွေးခေါင်း တစ်ခေါင်းကို တောင်ကုန်း တစ်ခုကို ကျော်သွားသည်အထိ အဝေးသို့ ကန်ထုတ်လိုက်သည်။ ဆန်က သတိထားမိပုံ မရသော်လည်း လင်းတုန်းက မျက်နှာရှုံ့မဲ့ကာ အခြားသို့ မျက်နှာလွှဲလိုက်သည်။

"ကျေးဇူးပြုပြီး ကျင်းဆန် လို့ပဲ ခေါ်ပါ..."

သူက ပြောလိုက်သည်။

"ငါက ကလန် ရဲ့ သွေးရင်း အဖွဲ့ဝင် တစ်ယောက်ပါ... ထူးကဲတဲ့ ရှေးဟောင်း အပျက်အစီး တွေရဲ့ သမိုင်းကြောင်းကို မင်းတို့ကို ရှင်းပြရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ..."

"ယီရင်..."

သူမက ရိုးရှင်းစွာ ပြောလိုက်သည်။

"မင်းကရော၊ ညီငယ်..."

"ဝေ့ရှီလင်းတုန်း ပါ..."

လင်းတုန်းက လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးရင်း သူက ပြောလိုက်သည်။

"သူစိမ်းတွေ အပေါ် ထားရှိတဲ့ ကျင်းဆန် ရဲ့ ကြင်နာမှုက မိသားစု အတွက် ဂုဏ်ယူစရာ ဖြစ်သလို၊ ကလန် အတွက်လည်း ကျေးဇူးတင်စရာပါပဲ..."

အပြာရောင် ဝတ်စုံရှင် လှံကိုင်သမားက အသံထွက် ရယ်မောလိုက်ပြီး လင်းတုန်း၏ ကျောကို ပုတ်လိုက်သည်။

"မင်းက အဲဒီလိုမျိုး ဆက်ပြောနေမယ် ဆိုရင်တော့ ညီငယ် ဝေ့ရှီလင်းတုန်း၊ မင်းကို ငါ့အနားမှာ ခေါ်ထားရတော့မယ်..."

"ခင်ဗျား သဘောကျမယ် ဆိုရင်တော့၊ ကျွန်တော့်ရဲ့ မိသားစုက ခေါ်သလိုမျိုး ကျွန်တော့်ကို လင်းတုန်း လို့ပဲ ခေါ်နိုင်ပါတယ်..."

ကျင်းဆန်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက်၊ သနားကြင်နာသည့် အသွင် ပေါ်လာသည်။ သူက လင်းတုန်း၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"တစ်နေ့ကျရင် သူတို့ မင်းကို ဝေ့ရှီလင်းတုန်းလို့ ပြန်ခေါ်ကြမှာပါ၊ ညီငယ်..."

ထိုလူသည် အနေရခက်ဖွယ် ကောက်ချက်ချမှု တစ်ခုကို ပြုလုပ်လိုက်ပုံ ရသော်လည်း၊ လင်းတုန်း ရှင်းပြခွင့် မရမီမှာပင် ကျောပေါ်ရှိ လက်တစ်ဖက်က သူ့ကို ရှေ့သို့ တွန်းထုတ်လိုက်လေသည်။

"ခပ်သွက်သွက် လျှောက်..."

ယီရင်က ကျင်းဆန်ကိုပါ တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီနေရာက ငါတို့ အနားယူချင်တဲ့ နေရာ မဟုတ်ဘူး..."

ယီရင်ပြောမှပဲ သတိထားမိတော့သည်။ သွေးနံ့များနှင့် ထိုထက် ပိုဆိုးသော အနံ့များက လင်းတုန်းကို စတင် အသက်ရှူကျပ် လာစေပြီး၊ ပျက်စီး ယိုယွင်းနေသော ဝိညာဉ်အကြွင်းအကျန်များ၏ အနံ့များကလည်း ပိုမို အားဖြည့်ပေးနေသည်။

လင်းတုန်း သူမကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်ရန် လှည့်လိုက်သော်လည်း၊ ယီရင်က သူ့ကို ကြည့်မနေခဲ့ပေ။ သူမ၏ မျက်လုံးများက အခြား ကျင့်ကြံသူ များအပေါ်သို့ ကျရောက်နေလေသည်။

လူစိမ်း အများစုက သူတို့ဘက်သို့ စိတ်ဝင်တစား လှမ်းကြည့်နေကြပြီး... အချို့က သူတို့အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

သူတို့ မည်မျှ စွမ်းအားကြီးကြောင်းကို သတိရလိုက်သောအခါ လင်းတုန်း၏ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်း ထသွားသော်လည်း... သတ္တိကြောင်သူ တစ်ယောက် မဖြစ်စေရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။ ဤအဆင့်ရှိ လူများကို သူ့ကို ခြိမ်းခြောက်ခွင့် မပေးနိုင်ပေ။ သူ၏ ပန်းတိုင်က အများကြီး ပိုဝေးကွာနေသေးသည်။ ဤအရာများသည် သူ့ကို စိတ်ဓာတ်ကျစေလောက်အောင် ကြောက်စရာ မကောင်းသင့်ပေ။

သို့သော် ယီရင်၏ အကြည့်ကို အကဲခတ်ကြည့်ရလျှင်... သူမက သူ့ထက်ပင် ထိပ်တိုက် တွေ့ဆုံခြင်းကို ရှောင်ရှားချင်နေပုံရသည်။

ကျင်းဆန်က သူမ၏ သတိထားနေမှုကို သတိမထားမိသလို သို့မဟုတ် ဟန်ဆောင်လျက် ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

"လူသူကင်းမဲ့တဲ့ ရှေးဟောင်း အပျက်အစီး တွေ အကြောင်း မင်းတို့ ဘာမှ မသိဘူးလို့ ငါ ယူဆမိရင် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့..."

တုံးတိတိ ပိရမစ် ကြီးက သူတို့အပေါ်တွင် မိုးနေ၏။ ၎င်းက အလင်းရောင်ကို ကွယ်ဝှက်ထားကာ လင်းတုန်း၏ ကြေးအဆင့် အမြင်အာရုံ ထဲတွင် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။

"ကျွန်တော်တို့ စိတ်မဆိုးပါဘူးဗျာ..."

လင်းတုန်းက ပြောလိုက်သည်။

"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ဒီနေရာဟာ သန့်စင် ရေကန် ဘုရားကျောင်း ရဲ့ သာမန် ကင်းစခန်းလေး တစ်ခုပဲ ရှိသေးတာ... ဟိုစကားပုံလိုပေါ့... ကိုယ့်မျက်လုံးကို မယုံနဲ့ တဲ့”

သစ်သားနံရံများနှင့် အတွင်းဘက်ရှိ လင်းတုန်း မြင်တွေ့နေရသော လူအုပ်ကြီးကို လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းပြရင်း သူက ပြောလိုက်သည်။

"မင်းတို့ အရှေ့မှာ မြင်တွေ့နေရသမျှ အားလုံးကို တောရိုင်းမြေမှာ ရှိတဲ့ ရဲရင့်တဲ့ ကျင့်ကြံသူ တွေက ချက်ချင်း တည်ဆောက်ခဲ့ကြတာ... ငါတို့ ကလန် ရဲ့ ခေါင်းဆောင်ကြီး တစ်ချိန်က ယုံကြည်ခဲ့သလိုပဲ၊ ငါတို့ စည်းလုံးသွားရင် ဘာတွေ လုပ်နိုင်လဲ ဆိုတာ အံ့ဩစရာပဲ..."

ယီရင်က ပိရမစ် ဆီသို့ လက်ညှိုးဖြင့် ထိုးပြလိုက်သည်။

"အဲဒါကို နင်တို့ တည်ဆောက်ခဲ့တာလား..."

ကျင်းဆန်က ရှက်ရွံ့စွာ ရယ်မောလိုက်သည်။

"ဟင့်အင်း... မဟုတ်ပါဘူး... အဲဒါတွေက ရှေးဟောင်းခေတ်ထက်တောင် ပိုရှေးကျတဲ့ ဆရာကြီးတွေ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း အပျက်အစီး တွေပါ... ဒီခေတ်မှာ ဘယ်သက်ရှိ ကျင့်ကြံသူ ကမှ အဲဒီလိုမျိုး တည်ဆောက်နိုင်မှာ မဟုတ်ဘူး... ဒါပေမယ့် သာမန် မျက်စိနဲ့ ကြည့်ရင် အထင်ကြီးစရာ ကောင်းသလိုပဲ၊ အမှန်တရားကလည်း မင်းတို့ရဲ့ စိတ်ကို မီးဟုန်းဟုန်း တောက်သွားစေလိမ့်မယ်..."

သူက အနောက်သို့ လှည့်လျှောက်ရန် ကိုယ်ကို ကိုင်းလိုက်ရာ ယီရင်၏ မျက်လုံးအမြင့်နှင့် တစ်တန်းတည်း ဖြစ်သွားသည်။ လင်းတုန်းက ထိုလူ၏ ဆူးချွန် ဆံပင်များ မျက်လုံးထဲ မထိုးမိစေရန် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရ၏။ ထိုမျှ နီးကပ်စွာ ကြည့်လိုက်သောအခါ ဆံပင်များက အမှန်တကယ် သတ္တုကဲ့သို့ ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ယီရင်၏ အပို လက်တံကဲ့သို့ပင် ရွှေအဆင့် သို့ တက်လှမ်းသွားချိန်တွင် ကျင့်ကြံသူ များအပေါ် ကျရောက်လာသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ရပေမည်။

"လွန်ခဲ့တဲ့ ခုနစ်ရက် ရှစ်ရက်လောက်က၊ တံငါသည် အဖွဲ့ တစ်ဖွဲ့ မနက်စောစော မီးခိုးရောင် အလင်းရောင်ရဲ့ အောက်မှာပေါ့... သူတို့ သန့်စင် ရေကန် မှာ အလုပ်လုပ်နေကြတယ်... အရုဏ်တက်လာတာနဲ့အမျှ ရေကန်ကြီးက မငြိမ်သက်တဲ့ လက်ထဲက ပန်းကန်လုံး တစ်လုံးလို စတင် တုန်ခါလာတယ်... လှိုင်းတံပိုးတွေက တံငါသည် လှေကို ပစ်ပေါက်နိုင်တဲ့ အထိ ကြီးထွားလာပြီး၊ လှေကို ကမ်းစပ်ကို ပြန်ခေါ်လာဖို့ အတွက် အနိမ့်ပိုင်း ရွှေအဆင့် နဲ့ အမြင့်ပိုင်း ရွှေအဆင့် တစ်ယောက်တို့ ပူးပေါင်းပြီး အားအင် အကုန်ထုတ် သုံးခဲ့ရတယ်...”

"ဒါပေမယ့် သူတို့ ခြေထောက်တွေ မြေကြီးနဲ့ ထိတဲ့အချိန်မှာတော့ သူတို့ရဲ့ ပြဿနာတွေ မပြီးသေးဘူး ဆိုတာ သိလိုက်ရတယ်... မြေကြီးက တုန်ခါပြီး ရေထက်တောင် ပိုပြင်းပြင်းထန်ထန် ယိမ်းထိုးနေတယ်... တံငါသည် တွေ ထုံးစံအတိုင်း အကူအညီ တောင်းဖို့ ပြေးသွားကြတဲ့ အချိန်မှာပဲ၊ သစ်ပင်တွေ ကွဲအက်သွားပြီး ရှေးဟောင်း အပျက်အစီး တွေက ကောင်းကင်ပေါ်ကို ပေါက်ကွဲ ထွက်ပေါ်လာတော့တာပဲ..."

သူက ခန္ဓာကိုယ်ကို လှည့်ကာ အဆောက်အအုံ၏ ထိပ်ပိုင်းကို သူကိုယ်တိုင် ဖန်တီးခဲ့သကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်သည်။

"လွန်ခဲ့တဲ့ အပတ်က မိုးကုပ်စက်ဝိုင်းက ရှင်းလင်းနေခဲ့တယ်... အခုတော့ ရှေးဟောင်း အပျက်အစီး တွေရဲ့ စွမ်းအားနဲ့ နာမည်သတင်းက တောရိုင်းမြေ တစ်လျှောက်လုံးက ကျင့်ကြံသူ တွေကို ခေါ်ယူနေပြီ..."

လင်းတုန်း အသေအချာ ကြည့်လိုက်သောအခါ၊ အထပ်ထပ် ဖြစ်နေသော ပိရမစ် ပေါ်တွင် မြေကြီးတုံးများ တွယ်ကပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ အများစုတွင် မြက်များ တွယ်ကပ်နေဆဲ ဖြစ်ပြီး၊ အမြစ်ကျွတ်နေသော သစ်ပင်တစ်ပင်၏ အောက်ခြေကိုပင် သူ မြင်လိုက်ရသည်ဟု ထင်မှတ်မိသည်။

ဤအကွာအဝေးမှနေ၍ ၎င်းတို့မှာ မည်သည့်အရာ ဖြစ်ကြောင်း သူ သိနိုင်သည်ဆိုလျှင်၊ ထိုအပိုင်းအစများမှာ ဧရာမ အရွယ်အစား ရှိရပေမည်။ လူသစ်များကို လှည့်စားရန် တစ်စုံတစ်ယောက်က မြေကြီးများ အပြည့်ပါသော လှည်းများကို မောင်းနှင်လာခဲ့ခြင်း ဖြစ်နိုင်သလို၊ ကျင်းဆန် ပြောသည်မှာ အမှန်လည်း ဖြစ်နိုင်လေသည်။

လမ်းပြ အဖြစ် တာဝန်ယူထားသူ တစ်ဖြစ်လည်း ကျင်းဆန်သည် ယီရင်၏ တုံ့ပြန်မှု အရိပ်အယောင်များကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး... သူမ၏ မျက်လုံးများက ရှေးဟောင်း အပျက်အစီး တွေဆီသို့ စူးစိုက်ကြည့်ကာ ခြေတစ်လှမ်း နောက်ဆုတ်သွားချိန်တွင် သူ၏ အပြုံးက ပိုမို ကျယ်ပြန့်လာသည်။ သူမ၏ ဟန်ဆောင်နိုင်စွမ်းကို လင်းတုန်း အထင်ကြီးသွားမိသည်။ သူ၏ ကိုယ်ပိုင် မျက်လုံးများမှာမူ လက်ဖက်ရည် ပန်းကန်လုံးများထက်ပင် ပိုမို ပြူးကျယ်နေမည်ကို သူ စိုးရိမ်မိလေသည်။

"အခုမတိုင်ခင် ခုနစ်ရက်ကလို့ နင် ပြောလိုက်တာလား..."

ရုတ်တရက်... ယီရင်က မေးလိုက်သည်။ ကျင်းဆန်က ရယ်မောလိုက်ပြီး ရှေ့သို့ မျက်နှာမူကာ လမ်းလျှောက်ရင်း လှံကို ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားလိုက်သည်။

"တချို့က ခုနစ်ရက်လို့ ပြောကြပြီး၊ တချို့က ရှစ်ရက်လို့ ပြောကြတယ်... ငါကိုယ်တိုင်က လွန်ခဲ့တဲ့ သုံးရက် အရုဏ်တက်ချိန်ကမှ ရောက်လာတာ ဆိုတော့ အချိန်အတိအကျကို ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ အာမ မခံနိုင်ဘူး... ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ ဆီကနေ ဒီပုံပြင်ကို ငါ ကြားခဲ့ရတာမို့ ဒါဟာ အမှန်ပဲ ဖြစ်ရမယ်..."

ဤအချိန်တွင် သူတို့သည် ချွန်ထက်သော သစ်လုံးများဖြင့် ပြုလုပ်ထားသည့် နံရံဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤမျှ နီးကပ်စွာ ကြည့်လိုက်သောအခါ ပင်စည် တစ်ခုချင်းစီမှာ မည်မျှ ကြီးမားကြောင်း လင်းတုန်း သိရှိနားလည်သွားသည်။ သစ်လုံး တစ်လုံးကို ပတ်၍ ဖက်ထားရန် သူ့အရွယ်အစားရှိ လူနှစ်ယောက် လက်ချင်းချိတ်ရန် လိုအပ်ပေမည်။ ထို့အပြင် ဤအရာများကို လွန်ခဲ့သော ရက်သတ္တပတ် အတွင်းကမှ ခုတ်ထစ်၊ တိုင်းတာ၊ ချွန်ထက်စေပြီး နေရာချထားခဲ့ခြင်း ဖြစ်သည်။

ရွှေအဆင့် များ ပါဝင်သော စစ်တပ်တစ်ခုက မည်သည့်အရာများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သနည်း ဆိုသည်ကို သူ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ အကယ်၍ အထွတ်အမြတ် တောင်ကြား တွင်သာ ထိုကဲ့သို့သော အလုပ်သမား အင်အား ရှိခဲ့ပါက၊ သူတို့ ဘာတွေများ တည်ဆောက်နိုင်ခဲ့မည်နည်း။

***

All Chapters