လွတ်မြောက်ခြင်း
Vol. 10 Ch. 929
ရှေးခေတ်အချိန်ကတည်းကပင် သူတော်စင်များစွာ ရှိခဲ့ဖူးလေသည်။
သစ်ရွက်တစ်ရွက်ကြွေလွင့်လျှင်ပင် ဆောင်းဦးရောက်ပြီကို သိရှိနိုင်သည်။ အရိုးရှင်းဆုံးသောနည်းလမ်းများဖြင့် အရာအားလုံးကို ကြိုတင်သိမြင်နိုင်စွမ်း ရှိကြသည်။
ဆန်းလျန်၏ မဟာစည်းတံဆိပ်ကလည်း ထိုသို့သော သိမြင်နိုင်စွမ်းကို ပိုင်ဆိုင်လေသည်။ ပတ်ဝန်းကျင်ကိုသာမက အားလော်ဟယ်၏ ကံကြမ္မာလမ်းကိုပါ သိမြင်နိုင်စွမ်း ရှိသည်။
အရာအားလုံးက ကံကြမ္မာအတိုင်းသာဖြစ်လေသည်။ အရာအားလုံးက ကံကြမ္မာအတိုင်းသာ ဖြစ်ရပေမည်။
အားလော်ဟယ်က ဆုတောင်းစာတစ်ပုဒ်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်လေသည်။ သူ၏တီးတိုးရွတ်ဆိုသံက ပျံသန်းနေသည့် အခိုးအငွေ့များအလား ဖြစ်သည်။ သူ၏ရွတ်ဆိုသံက ပျံလွှားငှက်တေးသံသာနှင့်ဆင်တူသလို နွေဦးစမ်းချောင်းလေးနှင့်လည်း ဆင်တူသည်။
ကံကြမ္မာလမ်းမှတစ်ဆင့် ကံကြမ္မာမြစ်၏စီးဆင်းသံသည် မိုးနှင်မြေတွင် လွင့်မျောလျှက် ရှိလေသည်။
ဟွမ်ချွမ်နတ်ဆိုးစစ်သည်တော်များ ၊ ကောင်းကင်တမန်များနှင့် အခြားသောသက်ရှိသတ္တဝါများအားလုံးသည် ကံကြမ္မာလမ်း၏ခြေရင်းတွင် ဖြည်းညင်းစွာ ဒူးထောက်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များဆီမှ အလင်းရောင်ပျပျလေးထွက်ပေါ်လျှက်ရှိသည်။
တန်ဖိုးရှိသည့် ဝိညာဉ်စွမ်းအားတောက်ပမှုပင် ဖြစ်လေ၏။
ကံကြမ္မာ၏တန်ခိုးစွမ်းအားအောက်တွင် အရာအားလုံးသည် မြေမှုံ့အဖြစ်လည်း ပြောင်းလဲသွားနိုင်စွမ်းရှိသည်။
ဤတန်ခိုးစွမ်းအားသည် လက်ရှိအချိန်တွင် ဆန်းလျန် မထိန်းချုပ်နိုင်သည့် တန်ခိုးစွမ်းအားဖြစ်ပြီး အရိပ်အမြွက်ပင် ကြောက်ရွံ့ခြင်းကို ဖော်ပြရမည်ဖြစ်သည်။
ဖန်ဆင်းရှင်၏လမ်းစဉ်သည် ကောင်းကင်ဘုံနှင့် သတ္တဝါအနန္တတို့၏အထက်တွင်ရှိသည်။ ထိုအချက်က အလွန်သိမ်မွေ့သော လက္ခဏာရှိသည့် တာအိုမဟာလမ်းစဉ်နှင့်အတူတူပင် ဖြစ်သည်။
အားလော်ဟယ်သည် ကံကြမ္မာဆိုသည့်အရာ ပြန်လည်ဝင်စားလာခြင်းနှင့် ဆင်တူသည်။
သူက လောကရှိထိပ်တန်းအဆင့်တန်ခိုးစွမ်းအား အတော်များများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ သူ၏သြဇာအာဏာရှိမှုကို စကားလုံးများဖြင့် ဖော်ပြခြင်းငှာပင် မစွမ်းသာပေ။ သို့သော်… လောကတွင် သူ့ကို အနိုင်ယူမည့်သူမရှိဟုတော့ မဆိုနိုင်ပေ။
သူ၏ဆန္ဒက မိုးကောင်းကင်၏ဆန္ဒ ဖြစ်သည်။
ရှေးခေတ်အချိန်များကတည်းက ဖန်ဆင်းရှင်၏ ဆန္ဒသဘောထားက မြင့်မားပြီး သိရှိရန် ခက်ခဲလွန်းသည်။ ခန့်မှန်းရန်လည်းခက်ခဲလှသလို ရန်သူအပေါင်းသည်ပင် ဖန်ဆင်းရှင်ကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ခံစားချက်ကင်းမဲ့ပြီး တန်ခိုးစွမ်းအားကလည်း မည်သူမှ တွန်းလှန်နိုင်ခြင်းမရှိလောက်အောင် မြင့်မားလွန်းသည်။
ပီလျဲ့ကတော့ တိုက်ပွဲတွင် ဆန်းလျန် ရှုံးနိမ့်တော့မည်ဟု ခံစားနေရသည်။
သို့သော်… ကံကြမ္မာလမ်းစဉ်သည် မည်မျှ တန်ခိုးစွမ်းအား မြင့်မားပါစေ ထုတ်ဖော်အသုံးပြုတော့မည်ဆိုလျှင် ပြင်ဆင်ချိန်လိုအပ်သည်။
ထို့ကြောင့်… အားလော်ဟယ်သာ ကံကြမ္မာလမ်းစဉ်ကို အေးအေးဆေးဆေးထုတ်ဖော်ရန် အချိန်မရခဲ့လျှင် ဤလမ်းစဉ်သည် မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားပါစေ ထိုစွမ်းအားကို အသုံးပြု၍ ရနိုင်လိမ့်မည် မဟုတ်ပေ။
တန်ခိုးစွမ်းအားမြင့်မားသူများအတွက် ခဏတာမျှသောအချိန်လေးသည်လည်း အောင်မြင်မှုနှင့် ရှုံးနိမ့်မှု အခြေအနေကို ပြောင်းလဲပစ်ရန် လုံလောက်သည်။
ထို့ကြောင့် အခြားသူများက အားလော်ဟယ်နှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည့်အခါ ထိုတန်ခိုးစွမ်းအား ထုတ်ဖော်နိုင်ခြင်း မရှိအောင် ကြိုးစားလေ့ရှိကြသည်။
သို့သော်… ဆန်းလျန်ကတော့ တန်ခိုးစွမ်းအားကြီးမားသူဖြစ်သည့်အတွက် သူက အားလော်ဟယ် ကံကြမ္မာတန်ခိုးစွမ်းအားကို အေးအေးဆေးဆေးဖော်ထုတ်နိုင်ရန် တမင်တကာ အချိန်ပေးခဲ့ခြင်း ဖြစ်၏။
အားလော်ဟယ်ကိုယ်တိုင်ကလည်း သူ၏ ကံကြမ္မာလမ်းစဉ်သည် မည်မျှ တန်ခိုးစွမ်းအားမြင့်မားကြောင်း မသိရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်… တစ်ခါမှ အသုံးပြုခွင့် မရခဲ့သောကြောင့် ဖြစ်သည်။
ယခုတော့ အခြေအနေကို သိရှိသွားပြီဖြစ်သည်။
သူသည် အဆုံးမရှိသည့် အနန္တတန်ခိုးရှင်တစ်ပါးဖြစ်ပြီး သူ၏ခြေနှင့်လက်များသည် အလိုတော်နှင့် ပြည့်နက်လျှက် ရှိလေသည်။
ဤအခြေအနေကို ထာဝရထိန်းသိမ်းထားနိုင်ပါရန် အားလော်ဟယ် မျှော်လင့်မိသည်။
ထိုသို့ဆိုလျှင် သူသည် ထာဝရ ဖန်ဆင်းရှင် ဖြစ်နေပေလိမ့်မည်။ သက်ရှိသတ္တဝါအားလုံး၏ မူလအရင်းအမြစ် ၊ လောကကို ဖန်ဆင်းသူ ဖြစ်ပေလိမ့်မည်။
မဟာတံဆိပ်တော်မှ အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြီးမားသည့် အသိပညာ ၊ သိမ်မွေ့သည့်တာအိုတရားများအားလုံး နိဂုံးချုပ်သွားသည်။ မဟာတံဆိပ်တော်သည် မိုးနှင့်မြေကြားတွင် ပိတ်မိနေပြီ ဖြစ်သည်။
ဆန်းလျန်ကတော့ လေထုထဲတွင် လှုပ်ရှားမှုမရှိ ရပ်တန့်လျှက် ရှိ၏။
သို့သော်… ရုတ်တရက်… မခန့်မှန်းနိုင်သည့် ပြောင်းလဲမှုများ ဆန်းလျန်၏ပတ်ဝန်းကျင်တွင် ပီလျဲ့ ခံစားလိုက်မိသည်။ ထိုပြောင်းလဲမှုက ရှင်းလင်းကြည်လင်သည့် အသိဉာဏ်ပညာပင် ဖြစ်သည်။
တိုက်ပွဲက အလွန်ရှုတ်ထွေးသည့် ကစားပွဲတစ်ခုနှင့် ဆင်တူသည်။
နောက်ထပ်ခြေတစ်လှမ်းအတွက် မခန့်မှန်းနိုင်ခြင်းများဖြင့် ပြည့်နက်နေပြီး ခြေလှမ်းတိုင်းက ဖြစ်နိုင်ချေများနှင့်လည်း ပြည့်နက်လျှက် ရှိသည်။
ကံကြမ္မာလမ်းစဉ်တန်ခိုးစွမ်းအားများက ဆန်းလျန်၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ သို့သော်… ဆန်းလျန်ကို ထိခိုက်နိုင်ခြင်းမရှိပေ။
လှည့်ကွက်များနှင့် အလှည့်အပြောင်းများကြောင့် ကံကြမ္မာလမ်းစဉ်သည် ခဏတာမျှ မမောနိုင်မပန်းနိုင် လှည့်ပတ်လျှက် ရှိသည်။
အားလော်ဟယ် မစောင့်နိုင်တော့ဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လောကတစ်ခွင်တွင် နတ်ဘုရားများ၏ ထူးဆန်းသည့်အသံများ ထွက်ပေါ်လာပြီး ဖန်သားကောင်းကင်ဘုံတွင် ပန်းရိုင်းများ ပွင့်လန်းလာသည်။ ပျားများက ပန်းပွင့်များပေါ်တွင် ဝတ်မှုံကူးနေကြပြီး ဖန်သားအလားကြည်လင်သည့် သစ်သီးများ ချက်ချင်းပင် သီးပွင့်လာသည်။
ထို့နောက် ဆောင်းဦးလေပြေလေးတိုက်ခတ်လာပြီး အရာအားလုံးက ခြောက်သွေ့ဝါရော်သွားပြန်သည်။ သေခြင်းရှင်ခြင်းသံသရာ ၊ ကံကြမ္မာ ၊ နတ်ဘုရားများ ၊ အင်အားအတိမ်အနက်များအားလုံးကို ဖော်ပြသည့် မြင်ကွင်းဖြစ်သည်။
ဤအရာက တာအို ၊ ဤအရာက ဓမ္မ ၊ ဤအရာက မိုးကောင်းကင်လမ်းစဉ် စသည်ဖြင့် ပိုင်းခြားသိမြင်စေသည်။
အားလော်ဟယ် ထိုမြင်ကွင်းကို မလေးစားဘဲ မနေနိုင်တော့ပေ။ ထိုမြင်ကွင်းက စစ်မှန်သည့်တန်ခိုးစွမ်းအားဖြစ်သည်။ သို့သော် အခြားသူများကတော့ ဘာမှသိမြင်နိုင်ခြင်း မရှိပေ။
အားလော်ဟယ်၏ လက်ဝါးရိုက်ချက်က စွမ်းအားပြင်းထန်လွန်းလှသည်။ လေထုထဲတွင် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွား၏။
တာအိုဆိုသည့် စကားလုံးကပင် နဂါးခေါင်းဖြစ်သည်။ နဂါးဆိုသည်က တာအိုနှင့် အနီးစပ်ဆုံးသတ္တဝါဖြစ်သည်။
နဂါးပုံသဏ္ဍန် တန်ခိုးစွမ်းအားအခိုးအငွေ့များထွက်ပေါ်လာသည်နှင့် ဆန်းလျန်၏ခန္ဓာကိုယ်မှ လေးနက်သည့် တာအိုစွမ်းအားကို ချက်ချင်းပင် ချိုးဖျက်ပစ်လိုက်သည်။ အပြောင်းအလဲများအားလုံးကို ပျက်စီးစေသကဲ့သို့ ဖျက်စီးပစ်လိုက်သည်။
နဂါး၏အထက်တွင် ကောင်းကင်ကမြင့်မားစွာတည်ရှိနေပြီး နဂါး၏အောက်တွင် မြေပြင်က ထူထဲစွာ တည်ရှိနေသည်။
အရာအားလုံး အသစ်တဖန် ပြန်လည်စတင်ရန်အတွက် အရာအားလုံး အဆုံးသတ်ပေးရမည် ဖြစ်သည်။
မိုးကောင်းကင်က တုန်လှုပ်နေပြီး နေနှင့်လက ပြိုကျလာလေသည်။
ဆန်းလျန်သည် လေထဲတွင် ပျံသန်းနေသည့်နဂါးကြီးကို စိုက်ကြည့်ပြီး ထိုနဂါးကြီးအတွင်းတွင် ကံကြမ္မာလမ်းစဉ်နှင့် တာအိုမဟာလမ်းစဉ်၏ တန်ခိုးစွမ်းအားများကို ခံစားလိုက်ရသည်။
ဆန်းလျန်က လက်ကို ဖြည်းဖြည်းချင်း ရှေ့သို့ အသာတွန်းထုတ်လိုက်ပြီး သူ့စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။
ရှေးခေတ်အချိန်အခါကပင် မိုးကောင်းကင်၏အလိုကို သိရှိနိုင်ရန် ဉာဏ်မီရန် ခဲယဉ်းလွန်းသည်။ သို့သော်… ဆန်းလျန်ဆိုသည်က နားလည်ရခက်သည့်မိုးကောင်းကင်ထက်ပင် မြင့်မားသူဖြစ်သည်။
ဆန်းလျန်က လက်တစ်ဖက်ဖြင့် နဂါးခေါင်းကို ခပ်ဖွဖွဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် မဟာတံဆိပ်တော်ကို ကိုင်ဆောင်ထားသည်။
မဟာတံဆိပ်တော်က တောက်ပလင်းလျှက်လျှင်ရှိပြီး နောက်ဆုံး နဂါးခေါင်းသည် ဆန်းလျန်၏ လက်ဖဝါးထက်တွင် ငြိမ်သက်လျှက် ရှိလေတော့သည်။
ကြီးမားသည့်အသိဉာဏ်ပညာက နဂါးကြီး၏ ဖွဲ့စည်းပုံတစ်ခုလုံးကို နားလည်သဘောပေါက်သွားသည်။ နက်ရှိုင်းသည့် နတ်ဘုရားတန်ခိုးစွမ်းအားများ၏ရည်ရွယ်ချက်ကို ဆုပ်ကိုင်မိသွားသည်။ ကံကြမ္မာလမ်းစဉ်၏ အနှစ်သာရက ဆန်းလျန်၏နှလုံးသားထဲတွင် ထင်ဟပ်လာသည်။
နောက်ဆုံးတော့ လေထုထဲတွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး ထိုတုန်ခါမှုက အံ့သြစရာ ကာရန်ညီလျှက် ရှိသည်။
ထို့နောက် … မြက်ခင်းလွင်ပြင်ထက်မှ သတ္တဝါများအားလုံး၏စိတ်ထဲတွင် ဖော်မပြနိုင်လောက်အောင် စိတ်သက်သာရာ ရမှုကို ခံစားလိုက်ကြရသည်။
သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသည့် အကျဉ်းသားတစ်ယောက် လွတ်မြောက်သွားသကဲ့သို့ အလွန်မှ ပေါ့ပါးလွန်းသည့် ခံစားချက်ဖြစ်သည်။
ဤကဲ့သို့သော လွတ်မြောက်မှုနှင့် အလှတရား၏အရသာကို ခံစားရခြင်းသည် တစ်ကြိမ်တည်းဖြစ်သည့်တိုင် မမေ့နိုင်လောက်စရာ ဖြစ်သည်။
ဆန်းလျန်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဒီပညာကို 'မြူခိုးကောင်းကင်မှ အရာအားလုံးလွတ်မြောက်ခြင်း' လို့ခေါ်တယ်…"
အားလော်ဟယ်မှာ ထိတ်လန့်တုန်လှုပ်ပြီး ကြောက်ရွံ့သွားလေသည်။
မိုးကောင်းကင်ထက်မှ ခမ်းနားပြင်းထန်သည့် စွမ်းအားကြီးတစ်ခု ကျရောက်လာသည်ဟု ခံစားလိုက်ရပြီး အားလောဟယ် လုံး၀ မခုခံနိုင်တော့ပေ။
အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အားလော်ဟယ်၏ ခိုင်ခန့်သည့် နတ်ဘုရားခန္ဓာမှာ အပြင်းအထန် ထိုးနှက်ခံလိုက်ရသည်။
အကြိမ်ပေါင်းထောင်နှင့်ချီပြီး တိုက်ပွဲများအတွင်းတွင် တစ်ချက်ပင် မတုန်လှုပ်ခဲ့သည့် သူ၏ ဝိညာဉ်မီးတောက်သည် စတင်ပြီး မတည်မငြိမ်ဖြစ်လာသည်။
သဘာဝတရား၏ ဝိညာဉ်အလင်းနက်ရှိုင်းမှုအားလုံး စတင်တုန်လှုပ်လာကြသည်။
ဆန်းလျန်၏ "မြူခိုးကောင်းကင်မှ အရာအားလုံးလွတ်မြောက်ခြင်း" ပညာမှာ တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှပြီး အံ့သြဖွယ် ၊ ဆန်းကျယ်ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။
ဆန်းလျန်သည် လေထုထဲတွင်ရှိနေပြီး မျက်ဝန်းများက တောက်ပလျှက်ရှိသည်။ သူ့ပုံစံက ပျံသန်းနေသည့် ပန်းပွင့်တစ်ပွင့်အလားဖြစ်ပြီး မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြီးပြည့်စုံလွန်းလှသည်။
ဆန်းလျန်၏ပုံစံက မြစ်ကမ်းနံဘေးတွင် လမ်းလျှောက်နေသည့် ကလေးငယ်အလား ဖြစ်သည်။ သေခြင်းတရားသည်လည်း ထိုသို့ပင်ဖြစ်သည်ဟု ခံစားရစေသည်။
ဆန်းလျန်၏ပုံစံက နွားရိုင်းစိမ်းကြီးကို တင်းကျပ်စွာဖမ်းကိုင်ထားသည့် ထိုက်စန့်လောင်ကျွင်းနှင့်လည်း ဆင်တူသည်။
အရှေ့ဘက် လီပေါင်းသုံးသောင်းမှ ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ရွှံ့နွံကိုဖြတ်ကျော်ကာ လမ်းလျှောက်ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။
(လီ里 = တရုတ်အတိုင်းအတာပါ ၊ တစ်လီ = 500 meter - ဘာသာပြန်သူ)
ရွှံ့ထဲတွင် ခြေလှမ်းတိုင်းကို ကြာပန်းများခံထားပေးသည်။ ထို့ကြောင့် သူ၏ ခြေဖဝါးများကို ရွှံ့နွံများပေကျံခြင်း အလျဉ်းမရှိပေ။
နက်ရှိုင်းသည့် တန်ခိုးစွမ်းအားက အားလော်ဟယ်ကို ရိုက်ချလိုက်ပြီး အဆုံးမရှိသော နေရာတစ်ခုဆီသို့ လွင့်ထွက်သွားစေလေသည်။ သူ သေသည်လား ရှင်သည်လားပင် မသိနိုင်ပေ။
ဆန်းလျန် လက် (၂)ဖက်ကို နောက်သို့ ပစ်လိုက်သည်။
သူ့ကိုကြည့်ရသည်မှာ ပျော်ရွှင်နေဟန် ရှိသည်။ သူ့မျက်ဝန်းများထဲမှ ပျော်ရွှင်မှုက တစ်စုံတစ်ခုကို လှစ်ဖော်ပြသနေသည့်အလား ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်ကြီးထွက်ပေါ်လာပြီး မရေမတွက်နိုင်သည့် အံ့သြဖွယ်ရာ ပန်းပွင့်အစစ်အမှန်များ ကောင်းကင်ထက်မှ ကျဆင်းလာသည်။
မြေကြီးလည်း အက်ကွဲလာပြီး ချိုမြသည့် စမ်းချောင်းလေးများ စီးဆင်းထွက်ပေါ်လာကြသည်။
ဤသည်မှာ ရွှမ်ဟွမ်မိုးနတ်မင်း၏ အောင်ပွဲခံခြင်းနှင့် တိကျန်ဗောဓိသကျ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းပင် ဖြစ်သည်။
သူတို့က ဆန်းလျန်နှင့် ပြိုင်ဘက်များ ဖြစ်ကြသည့်တိုင် ကံကြမ္မာလမ်းစဉ်ကို အောင်နိုင်ခဲ့သည့်အတွက် အောင်ပွဲခံရန် ထိုက်တန်သည်ဟု ယူဆခဲ့ကြသည်။
ကံကြမ္မာလမ်းသည် သက်ရှိသတ္တဝါတိုင်း၏ ဘုံရန်သူဖြစ်ပြီး သက်ရှိသတ္တဝါတိုင်း မှီခိုနေရသည့် အခြေခံအချက်တစ်ချက်လည်း ဖြစ်သည်။
ကောင်းကင်ထက်မှ ပန်းပွင့်များ ပျောက်ကွယ်သွားပြီး မြေပြင်ထက်မှ စမ်းချောင်းလေးများလည်း ခမ်းချောက်သွားကြသည်။
ထို့နောက်… ကောင်းကင်ထက်မှ သွေးမိုးများရွာသွန်းလာလေတော့သည်။ ထိုအရာက ကံကြမ္မာလမ်း၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် မိုးကောင်းကင်မှ ငိုကြွေးခြင်းပင် ဖြစ်သည်။
မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာအတွင်း ကံကြမ္မာလမ်းစဉ်ကို စိန်ခေါ်ရဲသူတစ်ယောက် နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ပြီး အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်… ဤသည်က အစသာဖြစ်ပြီး အဆုံးသတ်နိုင်ဦးမည် မဟုတ်ပေ။
သွေးမိုးများ မြက်ခင်းလွင်ပြင်ထက်သို့ ကျဆင်းသွားသည့်အခါ သက်ရှိသတ္တဝါများ စတင် ညည်းတွားမြည်တမ်းကြသည်။
ထိုသက်ရှိသတ္တဝါများအားလုံးသည် မိုးကောင်းကင်လမ်းစဉ်မှ ငြင်းပယ်ခံရသည့် သတ္တဝါများအဖြစ် ပြောင်းလဲကုန်ကြပြီ ဖြစ်သည်။ သူတို့သည် လောကအပြင်ဘက်ထွက်နေသည့် သတ္တဝါများအဖြစ် မည်သည့်အခါမှ သံသရာလည်ကာ လူပြန်ဝင်စားခွင့် ရကြမည် မဟုတ်ပေ။
ဤသည်က ကောင်းသည့်အချက်လည်းဖြစ်သလို ဆိုးသည့်အချက်လည်း ဖြစ်သည်။
ကုသို ၊ အကုသိုလ်ဆိုသည့် အကြောင်းအကျိုးတရားများက ဆန်းလျန်ခန့်မှန်းနိုင်သည့် အရာများ မဟုတ်ပေ။
မိုးနှင့်မြေမှ တန်ခိုးစွမ်းအားများသည် ထိုနယ်မြေဆိုးတွင် စတင်စုစည်းလာလေသည်။
ထို့နောက်… နတ်ဘုရားများပင် ဖြတ်သန်းသွားလာရဲခြင်းမရှိသည့် သဲကန္တာရအတွင်းမှ ယင်စွမ်းအားများနှင့် ပေါင်းစပ်သွားသည်။
ရှေးယခင်အချိန်များကတည်းက သွေးနီရောင်ပင်လယ်သည် စကြာဝဠာတစ်ခုလုံးတွင် အညစ်ပေဆုံးပင်လယ်တစ်ခု ဖြစ်လေသည်။ သို့သော်… ယခုရွာသွန်းသည့် သွေးမိုးနှင့်ယှဉ်လျှင် သွေးနီရောင်ပင်လယ်ကပင် သိပ်ပြီး မညစ်နွမ်းတော့ပေ။
ကံကြမ္မာလမ်းစဉ်မှ လွတ်မြောက်သွားကြသည့် မြက်ခင်းထက်မှ သက်ရှိသတ္တဝါများသည် လွတ်မြောက်ခြင်းနှင့်အတူ ဝမ်းနည်းခြင်းကိုပါ ခံစားကြရသည်။
အဘယ်ကြောင့်ဆိုသော်… မိုးနှင့်မြေမှ သူတို့ကို မနှစ်သက်ခြင်းကို ခံစားရသောကြောင့် ဖြစ်လေတော့သည်။
***