မွေးရာပါမိစ္ဆာခန္ဓာ
Vol. 10 Ch. 930
ဆန်းလျန်က လေထုထဲတွင် မတ်တတ်ရပ်နေပြီး အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
ဤနေရာမှ တောင်တန်းများ ၊ မြစ်များ ၊ သစ်ပင်များ အားလုံးသည် ပြင်ပလောကနှင့် အလွန်ပင် ခြားနားသွားခဲ့ပြီ ဖြစ်သည်။
သေးငယ်သည့်သစ်ရွက်လေးသည်ပင် အနီရင့်ရောင်လွှမ်းလျှက်ရှိပြီး ဤသည်မှာ အထီးကျန်ခြင်း ၊ မှောင်မိုက်ခြင်း ၊ မိုးမြေမှ မုန်းတီးခြင်း သင်္ကေတများပင် ဖြစ်သည်။
လောကနိယာမတရားများက ကွဲပြားသွားပြီး ရက်စက်ကြမ်းတမ်းသည့် နေရာတစ်ခု ဖြစ်လာသည်။ ဤသည်မှာ မိုးနှင့်မြေမှ ကောင်းချီးမင်္ဂလာကို ဆုံးရှုံးသွားပြီးသည့်နောက် ဖြစ်ပေါ်လာသည့် ရလဒ်ပင်ဖြစ်သည်။
သို့သော် ဤနေရာတွင် ကံကြမ္မာလမ်းစဉ် မရှိတော့ပေ။ မသိမှုတရားဖြင့်သာ ပြည့်နက်နေသည်။ ထိုသို့ဖြစ်ခြင်းက ကောင်းလည်းကောင်းလာနိုင်သလို ပို၍လည်း ဆိုးသွားနိုင်သည်။
ဟွမ်ချွမ်နတ်ဆိုးစစ်သည်တော်များက အစကတည်းက စည်းကမ်းတင်းကျပ်စွာ လိုက်နာကြသူများဖြစ်ကြသည်။ သို့သော်… သူတို့က ဦးနှောက်မရှိသည့် ရက်စက်တတ်သူများသာဖြစ်သည်။
အားလော်ဟယ်မရှိသည့်နောက် သူတို့က စစ်ပွဲကို ဆက်လက်တိုက်ခိုက်နေဆဲပင် ဖြစ်သည်။
အားလော်ဟယ် မရှိတော့ပေ။
သို့သော်… စစ်ပွဲက ဆက်ဖြစ်နေဆဲ ဖြစ်သည်။
ကြည့်ရသည်မှာ ထိုသက်ရှိသတ္တဝါများသည် လောက၏စွန့်ပယ်ခြင်းကိုခံရပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် လွတ်လပ်မှုကို ယူဆောင်လာကြသူများဖြစ်သည်။
ဤနေရာကို အစပျိုးပေးလိုက်သူက ဆန်းလျန်ပင် ဖြစ်သည်။ ထို့ကြောင့်… ဆန်းလျန် အနည်းငယ် အပြစ်မကင်းသလို ခံစားနေရသည်။
ကံကြမ္မာလမ်းစဉ်ကို ဖျက်စီးလိုက်ပြီးသည့်နောက်…
ရလာသည့် ရလဒ်က ယခုလိုမျိုးတဲ့လား။
မထိန်းချုပ်နိုင်သည့် လွတ်လပ်မှုတဲ့လား။
ဆန်းလျန်အနေဖြင့် ဤကဲ့သို့သော ရလဒ်မျိုး ထွ်ကပေါ်လာမည်ကို အစကတည်းကပင် မျှော်လင့်ထားခဲ့မိသည် မဟုတ်ပါလား။
ဆန်းလျန်မှာ အတွေးလွန်နေလေရာ ကလေးငိုသံတစ်သံ ထွက်ပေါ်လာသည့်အတွက် အသိပြန်ဝင်လာသည်။
ဤနေရာက စစ်မြေပြင်တစ်ခု ဖြစ်လေသည်။
နတ်ဆိုးတစ်ဝက် ၊ လူသားတစ်ဝက်မျိုးနွယ် မိန်းကလေးတစ်ယောက်က ကလေးတစ်ယောက်ကို မွေးဖွားလိုက်ခြင်း ဖြစ်လေသည်။
မိခင်ဖြစ်သူက အင်အားမရှိတော့သည့်တိုင် ကလေးငယ်ကိုတော့ ပင်ကိုယ်အသိစိတ်ဖြင့် စစ်ပွဲကြီးမှ ကာကွယ်ပေးလိုစိတ်ရှိနေဆဲ ဖြစ်သည်။
မိခင်ဖြစ်သူ၏ ကာကွယ်ပေးမှုက ကျယ်ပြန့်သည့်ပင်လယ်ထဲတွင် ရွက်လှေငယ်လေးအလား ဖြစ်လေသည်။ မည်သည့်အချိန်တွင် လှေငယ်လေးတိမ်းမှောက်ကာ ပင်လယ်ပြင်ထဲ နစ်မြုပ်သွားမည်ကို မည်သူမှ မသိရှိနိုင်ပေ။
စစ်မြေပြင်ထဲသို့ ဆန်းလျန် ဆင်းသက်လာလေသည်။
အနီရောင်မျက်ဝန်းများနှင့်လူများ ၊ နတ်ဆိုးများနှင့် အခြားအမည်မဖော်နိုင်သော မည်သည့်သက်ရှိသတ္တဝါမဆို ဆန်းလျန်အနားသို့ မကပ်နိုင်ကြပေ။
နောက်ဆုံး ဆန်းလျန်သည် ကလေးငယ်ရှေ့သို့ ရောက်ရှိလာသည်။
ကလေးငယ်က မိန်းကလေး ဖြစ်လေ၏။
သို့သော်… သာမန်လူသားမိန်းကလေးများနှင့်မတူညီပေ။ သူမ၏ခန္ဓာကိုယ်ကို ထူးဆန်းသည့် အနီရင့်ရောင်သွေးကြောများဖြင့် ဖုံးလွှမ်းနေပြီး အလွန်မှ ကြောက်စရာကောင်းလွန်းလှသည်။
ဆန်းလျန်ကတော့ ကြောက်တတ်သူတစ်ယောက် မဟုတ်ပေ။ ကလေးက မွေးကင်းစသာ ရှိသေးပြီး အန္တရယ်မပြုနိုင်သည်ကို သူသိလေသည်။
သူမ၏ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအားများသည် သဘာဝပတ်ဝန်းကျင်၏ ညစ်ညမ်းသည့် သက်ရောက်မှုများကြောင့် ပုံမှန်မဟုတ်ဘဲ ထိုသို့ ပြောင်းလဲသွားရခြင်း ဖြစ်သည်။
ထိုအနီရင့်ရောင်သွေးကြောများသည် သဘာဝတရားမှ ရေးထွင်းပေးထားသည့် ပန်းပုလက်ရာအလား ဖြစ်သည်။
အချို့တာအိုကျင့်ကြံသူများတွင် မွေးရာပါ တာအိုခန္ဓာရှိကြသကဲ့သို့ ဤမိန်းကလေးငယ်ကတော့ မွေးရာပါ မိစ္ဆာခန္ဓာပိုင်ဆိုင်သူဟု ဆိုနိုင်သည်။
သို့သော်… သူမက ကလေးငယ်တစ်ယောက်မျှသာ ဖြစ်လေသည်။ သူမ၏မိခင်မှာ အားအင်ကုန်ခန်းနေပြီး ဆန်းလျန်ကို အသနားခံသည့်မျက်ဝန်းများဖြင့် နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်သည်။
သူမကိုကြည့်ရသည်မှာ ကြီးမြတ်သည့်နတ်ဘုရားတစ်ပါးက သူမ၏သမီးငယ်ကို ကယ်တင်ပေးပါရန် ၊ သူမ၏ သွေးသားရင်းချာသမီးငယ်ကို ဤလောကမှ ကယ်တင်ပါရန် တောင်းပန်နေသည့်အလား ဖြစ်သည်။
ဆန်းလျန်က ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ မိခင်ဖြစ်သူသည် နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ပြီး အသက်ပျောက်သွားလေတော့သည်။ သူမအနေဖြင့် မိုးနှင့်မြေ၏ စွန့်ပစ်ခြင်းကိုခံခဲ့ရသူဖြစ်သည့်အတွက် လူပြန်ဝင်စားနိုင်မည် မဟုတ်တော့ပေ။
ဤဒေသမှ သတ္တဝါများသည် အခြားသောနေရာဒေသမှသတ္တဝါများ၏ မနာလိုခြင်းကို ခံကြရလေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့က မသေနိုင်ကြသည့်အတွက်ဖြစ်သည်။
သို့သော်… ပြန်ပေးဆပ်ရမည့်တန်ဖိုးက လူပြန်ဝင်စားနိုင်ခြင်း မရှိခြင်းပင်ဖြစ်သည်။ ထိုအချက်ကို များစွာသောသက်ရှိသတ္တဝါများက လက်ခံနိုင်စွမ်း ရှိကြမည် မဟုတ်ပေ။
ဆန်းလျန်ထံမှ တာအိုစကားသံ ထွက်ပေါ်လာလေသည်။
"ဒီနတ်ဆိုးနယ်မြေမှာ မင်းဆက်လက်ရှင်သန်နိုင်ပါတယ် ၊ ဒီနတ်ဆိုးနယ်မြေက ထွက်ခွာသွားမယ်ဆိုရင်တော့ မင်း အန္တရယ်ကြုံရနိုင်တယ်…"
နောက်တော့ ဆန်းလျန် မည်သည့်စကားမှ မဆိုတော့ပေ။
ဆန်းလျန်က ကယ်တင်ရှင်မဟုတ်ပါ။ သူတတ်နိုင်သည့်အရာကိုသာ လုပ်ပေးခြင်း ဖြစ်သည်။
ဤနတ်ဆိုးနယ်မြေသည် ယွမ်ကျိုးနယ်၏ အစိတ်အပိုင်းသေးသေးလေးတွင်သာ တည်ရှိခြင်းဖြစ်သော်လည်း အခြားဒေသမှလူသားများ ၊ နတ်ဘုရားများအားလုံး ကြောက်ရွံ့ကြရသည့် နယ်မြေတစ်ခု ယနေ့မှစပြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဆန်းလျန်က ဤနယ်မြေတွင် အထိမ်းအမှတ်ကျောက်တိုင်တစ်ခု စိုက်ထူခဲ့သည်။
ကျောက်တိုင်ထက်တွင် မည်သည့်ကဗျည်းစာလုံးမှ ရေးသားထားခြင်း မရှိပေ။ သို့သော်… သမိုင်းတွင်ရစ်မည် ဖြစ်လေသည်။
တစ်စုံတစ်ယောက်က ထိုကျောက်တိုင်စိုက်ထူရသည့်အကြောင်းရင်းကို သိရှိနားလည်သွားပါက သူ၏ကံကြမ္မာကို ဆန့်ကျင်နိုင်ပြီး ကြီးမြတ်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သမိုင်းဆိုသည်က တဖြည်းဖြည်းနှင့် ေ၀ဝါးပျောက်ကွယ်သွားမည်ဖြစ်သည့်တိုင် လူသားတိုင်း၏နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိသည်။
ထို့ကြောင့်… နောက်ပိုင်းတွင် ပြင်ပလောကမှ လူများသည် ဤနယ်မြေသို့ အဆက်မပြတ်ရောက်ရှိလာကြပြီး အထိမ်းအမှတ်ကျောက်တိုင်၏ ထူးဆန်းအံ့သြဖွယ်ရာကောင်းမှုကို လာရောက်ရှာဖွေကာ နားလည်နိုင်ရန် ကြိုးစားကြသည်။
မလွှဲမရှောင်သာ သွေးထက်သံယိုတိုက်ပွဲများဖြစ်ခဲ့ရသည့်တိုင် ဤအထိမ်းအမှတ်ကျောက်တိုင်သည် ဇာတ်လမ်းတစ်ပုဒ်အလား ရာဇဝင်တွင် ကျန်ရစ်ခဲ့ရမည် ဖြစ်လေသည်။
***
ပီလျဲ့သည် ကလေးထိန်းသည့်အလုပ်ကို လုပ်ရလိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့ဖူးပေ။
သို့သော်… သူ့ရှေ့တွင်ရပ်နေသည့်ဆန်းလျန်ကိုတွေ့လိုက်ရသည့်အခါ မငြင်းဆန်နိုင်ခဲ့ပေ။ သူက ဂုဏ်သိက္ခာရှိသည့် အမှောင်နတ်ဆိုးတစ်ယောက်ဖြစ်ပြီး ဆန်းလျန်က သူ့ကို သေရည်အတူသောက်ရန် ဖိတ်ကြားခဲ့သည်။
သူ ဆန်းလျန်နှင့်အတူ သေရည်သောက်ရန် တစ်ခါမှ စိတ်မကူးခဲ့ပေ။
သို့သော်… ထိုနေ့က အားလော်ဟယ် ရှုံးနိမ့်သွားသည်ကို ပြန်တွေးမိသည့်အခါ အခြေအနေများကို ကောင်းစွာနားလည်ခဲ့ပြီး ဆန်းလျန်ကို ကလန်ကဆန်မလုပ်ရန် တွေးလိုက်မိသည်။
အမြင့်ဆုံးသောနတ်ဘုရားများကို သွားပြီး ရန်မစသင့်ပေ။
ရုတ်တရက် ဆန်းလျန်က ပြောလိုက်လေသည်။
"အမှန်တော့ မင်း ကျုပ်နဲ့ ဝေးဝေးကို ပြေးချင်နေတာမလား ၊ ဒါပေမဲ့ အခွင့်အရေးမရှိနိုင်ဘူးနော်…"
ပီလျဲ့က…
"လူကြီးမင်း ၊ ကျွန်တော် ထွက်ပြေးဖို့ မစဉ်းစားရဲပါဘူး ၊ ကျွန်တော့်ကို အထင်မလွဲပါနဲ့…"
ပီလျဲ့က ဆန်းလျန်ခါးတွင်ချိတ်ထားသည့် ခေါင်းလောင်းငယ်ကို တစ်ချက်ခိုးကြည့်လိုက်သည်။
ထိုခေါင်းလောင်းငယ်က ဒဏ္ဍာရီထဲမှ မိုးကောင်းကင်တံခါးပင် ဖြစ်လေသည်။
သူ၏ပြင်းထန်သည့် စိတ်စွမ်းအားက ခေါင်းလောင်းငယ်အတွင်းမှ နက်ရှိုင်းပြင်းထန်သည့် တန်ခိုးစွမ်းအားများကို ခံစားနိုင်ခဲ့သည်။
ထိုသို့သော ရတနာပစ္စည်းမျိုးက လောကတွင် နောက်ထပ် (၂)မျိုးသာရှိသည်ဟု ဆိုကြသည်။ အချိန်နှင့်နေရာတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံး ရတနာပစ္စည်းများ ဖြစ်ကြသည်။
"ဦးလေး…. ကျွန်မကိုယ်တိုင်လမ်းလျှောက်ချင်တယ်…"
ရုတ်တရက် ပီလျဲ့ချီထားသည့် ကလေးမလေးက စကားပြောလိုက်ခြင်း ဖြစ်သည်။
ကလေးငယ်က ဆန်းလျန်ကိုကြည့်ကာ စကားလှမ်းပြောလိုက်ခြင်း ဖြစ်သည်။
ဆန်းလျန်က…
"မင်း ဘယ်တုန်းက စကားပြောတတ်နေတာလဲ…"
ကလေးမလေးက…
"မွေးကတည်းကပြောတတ်တာ…"
ပီလျဲ့က…
"ဒီမိစ္ဆာသေးသေးလေးက စကားပြောနိုင်မယ်လို့ ထင်မထားဘူး ၊ အဲဒီလိုမှန်းသိရင် စောစောက သူ့ရှေ့မှာ ကျုပ် စကားတွေပြောမနေပါဘူး…"
သာမန်လူများဆိုလျှင်တော့ မွေးကင်းစကလေးငယ်လေးက စကားပြောတတ်သည့်အတွက် ထူးဆန်းနေကြပေလိမ့်မည်။
သို့သော်… ပီလျဲ့ကတော့ သာမန်လူတစ်ယောက်မဟုတ်ပေ။
ဆန်းလျန်နှင့်ယှဉ်လျှင်သာ နိမ့်ကျသွားသော်လည်း အခြားသူများနှင့်ဆိုလျှင် သူက ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ပါးပင်ဖြစ်လေသည်။
ဆန်းလျန်က…
"ဒါဖြင့် သူ့ကို အောက်ချလိုက်ပြီး လမ်းလျှောက်ခိုင်းလိုက်…"
ကလေးမလေးက ပထမဆုံးအကြိမ် လမ်းလျှောက်ဖူးခြင်း ဖြစ်သည်။
သို့သော်… ပထမဆုံးခြေလှမ်း တစ်လှမ်းနှစ်လှမ်းခန့်သာ ယိုင်နဲ့သွားပြီး နောက်ပိုင်းတွင်ပုံမှန်အတိုင်း ချောမွေ့စွာ လမ်းလျှောက်နိုင်သွားသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမသည် သင်ယူမှုမြင့်မားသည့် အရည်အချင်းရှိသူတစ်ဦးဖြစ်ပြီး ဝိညာဉ်စွမ်းအားလည်း ကောင်းမွန်ကြောင်း သိရှိနိုင်သည်။
သူမ၏မွေးဆံပင်လေးများက ပါးလျသော်လည်း မျက်ဝန်းများကတော့ နက်ရှိုင်းလေသည်။ သူမခန္ဓာကိုယ်ပေါ်မှ အနီရောင်သွေးကြောလိုင်းများသာမရှိလျှင် အလွန်ပင် ချောမောလှပသူလေး ဖြစ်ပေလိမ့်မည်။
သို့သော်… ဆန်းလျန်၏မျက်လုံးထဲတွင်တော့ ထိုအနီရောင်သွေးကြောလိုင်းများက ကြောက်မက်ဖွယ်မကောင်းပေ။ ထိုအနီရောင်သွေးကြောများအတွင်းတွင် မိုးနှင့်မြေမှ အသက်ဓာတ်စွမ်းအားများ စီးဆင်းနေလေသည်။ ထိုစီးဆင်းနေသည့် အသက်ဓာတ်စွမ်းအားများသည် အသန့်စင်ဆုံးသော အသွေးအသားစွမ်းအားများပင် ဖြစ်သည်။
ထိုသွေးကြောများက သူမကို တစ်နေ့တခြား သန်မာပြီးတန်ခိုးစွမ်းအားမြင့်မားလာစေပေလိမ့်မည်။
"သဘာဝတရားရဲ့လက်ဆောင်ပဲ…"
ဆန်းလျန် အကြောင်းမရှိပါပဲ ထိုစကားလုံးများကို စိတ်ထဲမှ တွေးလိုက်မိသည်။
သူမ တာအိုကျင့်စဉ်များကို မသင်ယူခဲ့လျှင်တောင်မှ သူမကြီးပြင်းလာသည့်အခါ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအား မြင့်မားလာပေလိမ့်မည်။
ထို့ပြင် သူမတွင် နောက်ထပ်ထူးခြားချက်တစ်ခုရှိသေးသည်။ သူမတွင် ကံတရားမရှိပေ။ ထို့ကြောင့် အနာဂတ်တွင် သူမ မည်သို့ဖြစ်လာမည်ကိုမည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
ကလေးမလေးက ဆန်းလျန်ရှေ့သို့ ရောက်လာပြီး ရပ်တန့်လိုက်သည်။
သူမက ခေါင်းကိုမော့လိုက်ပြီး ဆန်းလျန်ကို စပ်စုလိုစိတ်ဖြင့်ကြည့်လိုက်သည်။
သူမ၏မျက်ဝန်းများက အကြောက်တရားကင်းမဲ့ပြီး သဘာဝကျကာ စင်ကြယ်လေသည်။
ဆန်းလျန်က…
"မင်းကို လူတစ်ယောက်နဲ့တွေ့ဖို့ ခေါ်သွားမယ် ၊ သူက မင်းကို မွေးစားချင်တယ်ဆိုရင် မင်း သူ့နောက်ကိုသာလိုက်ပေတော့ ၊ သူက မမွေးစားချင်ဘူးဆိုရင်တော့ မင်းရဲ့မွေးရပ်မြေကို ပြန်ရလိမ့်မယ် ၊ အဲဒီအချိန်ကျရင် ကျုပ်က မင်းကို ကျင့်စဉ် (၂)ခု သင်ပြပေးမယ်…"
ကလေးမလေးက ဆန်းလျန်ကို စကားပြန်ပြောခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော်… သူမ၏အနာဂတ်နှင့်ပတ်သက်ပြီး ကလေးမလေးက သိပ်ပြီးတွေးတောထားခြင်း မရှိသည့်အတွက် ဖြစ်သည်။
သဘာဝအတိုင်းဖြစ်တည်လာသည့် နတ်ဘုရားများ ၊ နတ်ဆိုးများသည် ထူးခြားသည့်အသိပညာကို ကိုယ်တိုင်တည်ဆောက်တတ်ကြစမြဲပင် ဖြစ်လေသည်။
ပီလျဲ့က ပြုံးလိုက်ရင်း…
"ရဲ့လျိုယွင် သူ့ကို မမွေးစားပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်…"
ဆန်းလျန်က သူ့ကို ပေါ့ပေါ့ပါးပါးပင် လှမ်းကြည့်လိုက်သည်။
အမှောင်မိစ္ဆာနတ်ဆိုး၏ ယုတ်ညံ့မှုများက အရိုးထဲထိ ပြည့်နက်နေတော့သည်။
ရဲ့လျိုယွင် ကလေးငယ်ကို မမွေးစားသည့်အတွက် သူမသာ ဤနယ်မြေသို့ ပြန်ရောက်လာပါက အနာဂတ်တွင် စွမ်းအားအမြင့်မားဆုံး နတ်ဆိုးတစ်ယောက်ဖြစ်လာပြီး အောင်မြင်မှုများလည်း ရရှိပေလိမ့်မည်။
ထိုသို့ဖြစ်လာပါကလည်း ဆန်းလျန်က တားဆီးစရာ အကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော်… သူက ထိုသို့သော လုပ်ရပ်များကို မလုပ်တတ်သောကြောင့် ဖြစ်သည်။
အထီးကျန်ခြင်းဟု ဆိုကြရာဝယ် ရွေးခြယ်စရာသာရှိမည်ဆိုလျှင်တောင်မှ သူသည် ယနေ့ဖြစ်တည်လာသည့် ဆန်းလျန်အဖြစ် တည်ရှိနေဦးမည်သာ ဖြစ်သည်။
***
ချင်တိဧကရာဇ်ဘဝက မှတ်ဉာဏ်များကို ရဲ့လျိုယွင် ပြန်လည်မှတ်မိနေခဲ့ပြီ ဖြစ်သည်။
ချင်တိဧကရာဇ်သည်လည်း လူပြန်ဝင်စားခြင်းလမ်းစဉ် (၆)ခု၏ အစိတ်အပိုင်းဖြစ်လေရာ ဝိညာဉ်မြစ်ရေများ များစွာလျော့နည်းသွားသည်ကို ခံစားမိလေသည်။
တိကျန်ဗောဓိသကျကို ရဲ့လျိုယွင် စိုက်ကြည့်နေသည်။ သူ့မျက်ဝန်းများက စိတ်ရှုတ်ထွေးမှုများဖြင့် ပြည့်နက်နေ၏။
တိကျန်ဗောဓိသကျ၏ ဇွဲနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကတော့ မယုံကြည်နိုင်စရာကောင်းလှသည်ဟု ရဲ့လျိုယွင် တွေးနေမိလေတော့သည်။
***