အခန်း (၉၁-၉၂)
Vol. 6 Ch. 91-92
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 91
အခန်း ၉၁ ။ အေးစက်လှသော နတ်ဘုရားဘုံ
ပိုင်ဟုန်ထူသည်လည်း ကျန်းလီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
မင်းက လူမှ မဟုတ်တာ။ မင်းက ကောင်းကင်ဘုံရဲ့ သားအကြီးဆုံး ဖြစ်ရမယ်။
အစကတော့ ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုး ပေါ်လာရင် ဘယ်လိုလုပ်မလဲလို့ သူ စိုးရိမ်နေခဲ့တာပါ။ အခုတော့ မင်းက နိုင်အောင် တိုက်နိုင်တယ်ပေါ့လေ။ ကျန်းလီရဲ့မျက်နှာက မှုန်ကုပ်နေတာကို မြင်တော့ သူက တိုက်ပွဲမှာ သေဖို့တောင် ပြင်ဆင်ထားပြီလို့ ပိုင်ဟုန်ထူက ထင်နေခဲ့တာ။
ငါ့ရဲ့ စိုးရိမ်မှုတွေ အလကားပဲ။
ဟက်... ထွီ။
"အကယ်၍ ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးက လွန်ခဲ့တဲ့ နှစ် ၃၈၀ ကတည်းက ကျိုကျိုးကို ရောက်နေပြီး၊ အမှောင်ထဲကနေ လှုပ်ရှားနေခဲ့တယ်ဆိုရင်... ခင်ဗျား ဘယ်လို ထင်လဲ။" ကျန်းလီက ဆက်မေးလိုက်သည်။
"အဲ့ဒီတုန်းက မင်းက ခန္ဓာပေါင်းစည်းခြင်းအဆင့်ပဲ ရှိသေးတာကို... ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးကိုတောင် ခြိမ်းခြောက်နိုင်နေပြီလား။" ချန်ချွန်းရှန်းဝမ် အလွန်အံ့ဩသွားသည် - "... ကောင်းပါပြီ၊ ငါ့ကို အဲ့ဒီလိုကြီး စိုက်မကြည့်ပါနဲ့။ ငါလည်း အကြောင်းရင်းကို မသိပါဘူး။ ငါက မြေနတ်ဘုရားအဆင့် သေးသေးလေး တစ်ပါးပါကွာ၊ အရာအားလုံးကို သိတဲ့သူမှ မဟုတ်တာ။"
ချန်ချွန်းရှန်းဝမ်က တကယ် မသိကြောင်း တွေ့ရသဖြင့်၊ တာအိုဘိုးဘေး အသတ်ခံရခြင်းကို သတိရကာ ကျန်းလီက ထပ်မေးလိုက်သည် - "နတ်ဘုရားဘုံက တကယ်ပဲ ဘာပြဿနာမှ မဖြစ်ခဲ့တာ သေချာရဲ့လား။ နတ်ဆိုးတွေကတောင် ကျိုကျိုးကို ရှာတွေ့နေတာကို၊ နတ်ဘုရားဘုံက ဘာလို့ ရှာမတွေ့ရတာလဲ။ ပြီးတော့ တာအိုဘိုးဘေးကိုယ်တိုင်က ကျောက်စာတိုင်မှာ 'နတ်ဘုရားဘုံမှာ ရုန်းသုန်းကားကြီး ဖြစ်ခဲ့တယ်' လို့ ရေးထားခဲ့တယ်လေ..."
"နတ်ဘုရားဘုံက ကျိုကျိုးကို လာကယ်လိမ့်မယ်လို့ မင်း လုံးဝ မမျှော်လင့်တာ ပိုကောင်းမယ်။" ချန်ချွန်းရှန်းဝမ်၏မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည် - "ငါက နတ်ဘုရားချီတွေ အပြည့်ရှိတဲ့ နတ်ဘုရားဘုံမှာ မနေဘဲ၊ ဘာလို့ ကျိုကျိုးကို ပြန်လာခဲ့တယ်လို့ မင်း ထင်လဲ။"
"နတ်ဘုရားတွေဆိုတာ အရမ်းကို အေးစက်တဲ့ တည်ရှိမှုတွေကွ။ အသက်ရှည်ရှည် နေလာရတော့ လူသားဆန်မှုတွေတောင် ပျောက်ကွယ်ကုန်ကြပြီ။ သူတို့က နတ်ဘုရားဘုံကိုပဲ ဂရုစိုက်ကြတယ်၊ တခြားကမ္ဘာတွေ ဘယ်လိုဖြစ်ဖြစ် သူတို့ စိတ်မဝင်စားကြဘူး။ အဲ့ဒီလို နတ်ဘုရားဘုံမျိုးကို ငါ မုန်းတယ်။"
"ဆရာကြီး ပြောတဲ့ 'နတ်ဘုရားဘုံက မဟာဝရုန်းသုန်းကား' ဆိုတာကလည်း နယ်ပယ်ပြင်ပ နတ်ဆိုးတွေ ဝင်တိုက်တာမျိုး မဟုတ်လောက်ပါဘူး။ ကြည့်လေ... သူ ရေးခဲ့တဲ့ ကျောက်စာထဲမှာတောင် နယ်ပယ်ပြင်ပ နတ်ဆိုးဆိုတဲ့ စကားလုံးမှ မပါတာ။ ငါထင်တာကတော့ နတ်ဘုရားဘုံက ခေါင်းဆောင်တွေ အချင်းချင်း ချကြရင်းနဲ့... ဆရာကြီးက ဘက်ရွေးမှားသွားလို့ နတ်ဘုရားဘုံကနေ နှင်ထုတ်ခံရပြီး၊ အပြင်ရောက်မှ နတ်ဆိုးတွေနဲ့ ပက်ပင်းတိုးသွားတာ ဖြစ်ရမယ်။"
ချန်ချွန်းရှန်းဝမ်သည် ထိုသို့ပြောရင်း ဒေါသထွက်လာသည်။ အကယ်၍ ဆရာကြီးသည်လည်း မိမိကဲ့သို့ ကျိုကျိုးသို့ ပြန်လာပြီး အေးအေးဆေးဆေး နေခဲ့မည်ဆိုလျှင်၊ ဤကဲ့သို့သော ကိစ္စမျိုး ကြုံရမည် မဟုတ်ပေ။
"နတ်ဘုရားဘုံမှာလည်း ပြည်တွင်းစစ်တွေ ရှိတယ်ပေါ့လေ။"
"သေချာတာပေါ့။ နတ်ဘုရားဘုံရဲ့ ပြည်တွင်းစစ် အကြိမ်အရေအတွက်က မင်း ထင်ထားတာထက် အများကြီး ပိုများတယ်။ အဲ့ဒီထဲက အကြောင်းရင်းတစ်ခုကတော့ မင်းလည်း သိပြီးသားဖြစ်တဲ့ ဟုန်ချန်းနတ်သမီးလေးလေ။" ထိုအမည်ကို ကြားလိုက်သည်နှင့် ချန်ချွန်းရှန်းဝမ်မှာ တစ်ခုခုကို လုပ်ချင်စိတ်များ ပေါ်လာသဖြင့်၊ ကျန်းလီက သူ့ကို နေရာမှာတင် ပြန်ဖိချထားလိုက်ရသည်။
"ဒါ့အပြင်... တာအိုလမ်းစဉ် အငြင်းပွားမှုတွေ၊ အာဏာလုပွဲတွေ စသဖြင့် အများကြီး ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နယ်ပယ်ပြင်ပ နတ်ဆိုးတွေက သူတို့ကို ခြိမ်းခြောက်လို့ မရတော့ ပြည်တွင်းစစ် ဖြစ်ရတာကို မကြောက်ကြဘူးလေ။"
"အခုလက်ရှိ ကျိုကျိုးကတော့ တော်တော်လေး စည်းလုံးနေတာပေါ့။" ချန်ချွန်းရှန်းဝမ်က အတိတ်ကို ပြန်တွေးရင်း ဒေါသတကြီးဖြင့် ပြောလိုက်သည် - "နတ်ဘုရားဘုံလှေကား မပျောက်ကွယ်ခင်တုန်းက၊ နတ်ဘုရားဘုံကို ကျောထောက်နောက်ခံပြုထားလို့ ကျိုကျိုးရဲ့ ပြည်တွင်းစစ်က နတ်ဘုရားဘုံလောက် နီးနီးပဲ။ အခုတော့ နယ်ပယ်ပြင်ပ နတ်ဆိုးတွေလည်း ရှိနေတယ်၊ မင်းတို့ရဲ့ လူသားဧကရာဇ်နန်းဆောင်လည်းရှိနေလို့ အားလုံးက ပြည်တွင်းစစ် မလုပ်ရဲကြတော့တာလေ။"
ချန်ချွန်းရှန်းဝမ်က ဆက်ပြောသည် - "တကယ်တော့ ဒါတွေကို မင်းတို့ကို မပြောပြချင်ခဲ့ဘူး။ သိသွားလည်း ဘာအသုံးကျမှာလဲ။ မသိတာကမှ နတ်ဘုရားဘုံက ကျိုကျိုးကို လာကယ်လိမ့်မယ်လို့ မျှော်လင့်ချက်လေး ထားလို့ရသေးတယ်။"
"နယ်ပယ်ပြင်ပ နတ်ဆိုးတွေဆိုတာ တကယ်တော့ ဘာတွေလဲ။ မြေနတ်ဘုရားအဆင့် နတ်ဆိုးတွေက အသိဉာဏ်မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာလဲ။" ကျန်းလီက ထပ်မံ မေးမြန်းလိုက်သည်။
"နတ်ဆိုးတွေရဲ့ ကျင့်ကြံမှုစနစ်က ငါတို့နဲ့ မတူဘူး။ သူတို့က ဝိညာဉ်စွမ်းအား၊ နတ်ဘုရားချီတွေကို အသုံးမပြုဘဲ ဒေါသထွက်တာ၊ ကြောက်လန့်တာ၊ စိတ်ပျက်တာ၊ လောဘဖြစ်တာ စတဲ့ အဆိုးမြင်စိတ်တွေကိုပဲ အစာအဖြစ် သုံးကြတာ။ သေခြင်းတရားဆိုတာ အဲ့ဒီ အဆိုးမြင်စိတ်တွေ အများဆုံး ထွက်ပေါ်လာတဲ့ နေရာပဲ။ ဒါကြောင့် သူတို့က လူသတ်ကြတာပေါ့။ နတ်ဘုရားဘုံက လူတချို့ကတော့ နတ်ဆိုးတွေဟာ သက်ရှိတွေရဲ့ အဆိုးမြင်စိတ်တွေကနေ မွေးဖွားလာတာလို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ အဲ့ဒါက ခန့်မှန်းချက် သက်သက်ပါပဲ။"
"လူသတ်ရုံနဲ့ ကုသိုလ်တော်စွမ်းအား ရနိုင်တယ်လို့ ခင်ဗျား ထင်လား။"
"လူဆိုးတွေကို သတ်လို့လား။"
"ဘယ်သူ့ကို သတ်သတ်။"
"မင်းပြောတာ နားထောင်ရတာ နယ်ပယ်ပြင်ပ နတ်ဆိုးတွေ လုပ်တဲ့ အလုပ်နဲ့ တူနေပါလား။"
"ဘယ်လိုမျိုးလဲ။"
ချန်ချွန်းရှန်းဝမ် ခေါင်းခါလိုက်သည် - "ငါလည်း ကြားဖူးရုံပါပဲ၊ မျက်မြင်ကိုယ်တွေ့တော့ မမြင်ဖူးဘူး။ စစ်မြေပြင်ကနေ ပြန်လာတဲ့ လူတချို့က ငါ့ကို တိတ်တဆိတ် ပြောပြဖူးတယ်။ နယ်ပယ်ပြင်ပ နတ်ဆိုးတွေမှာ သူတို့ပိုင်တဲ့ နတ်ဘုရားတစ်ပါး ရှိတယ်တဲ့။ အဲ့ဒီ နတ်ဘုရားက ကုသိုလ်တော်တွေကို ဝေငှပေးတာတဲ့။ အဲ့ဒီ နတ်ဘုရားကို ယုံကြည်ကိုးကွယ်ပြီး လူသတ်တဲ့သူတိုင်းက ကုသိုလ်တော် ရနိုင်တယ်လို့ ပြောကြတယ်။"
ပိုင်ဟုန်ထူ မျက်လုံးပြူးသွားသည်။ ဤကဲ့သို့သော နတ်ဘုရားမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
"ဒါဆို အဲ့ဒီ နတ်ဘုရားရဲ့ ဘွဲ့နာမည်ကိုကော ခင်ဗျား သိလား။" ကျန်းလီက ချန်ချွန်းရှန်းဝမ်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ကာ မေးလိုက်သည်။
ချန်ချွန်းရှန်းဝမ်က ခေါင်းခါပြသည် - "နတ်ဘုရားဘုံက အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်း တင်းကျပ်တယ်။ ဒါကြောင့် ငါ မသိဘူး။"
ကျန်းလီ ခေါင်းညိတ်ကာ နားလည်ကြောင်း ပြသလိုက်သည်။ ကျိုကျိုးဖြစ်စေ၊ နတ်ဘုရားဘုံဖြစ်စေ လူသတ်ရုံဖြင့် ကုသိုလ်တော်စွမ်းအား ရနိုင်သည်ဆိုသောအချက်က ကျင့်ကြံသူများအတွက် အလွန် ကြီးမားသော ဆွဲဆောင်မှုကြီး ဖြစ်နေသည်။ ၎င်းမှာ တကယ့်ကို တရားဝင်ဖြစ်နေသော မိစ္ဆာလမ်းစဉ်ကြီးပင် ဖြစ်သည်။
သူသည် နတ်ဘုရားသိုက်ဂိုဏ်းနှင့် နတ်ဘုရားသိုက် ဆရာတော်အကြောင်းကို ချန်ချွန်းရှန်းဝမ်အား မပြောပြခဲ့ပေ။ နတ်ဘုရားချီများသာရှိသော ချန်ချွန်းရှန်းဝမ်အနေဖြင့်၊ ရွှေမီတောင် ဘုန်းကြီးအိုကဲ့သို့ပင် ကုသိုလ်တော်စွမ်းအားရရှိရန် လူသတ်မိမည့် အန္တရာယ် ရှိနေသောကြောင့် ဖြစ်သည်။
မြေနတ်ဘုရားတစ်ပါးကို ပြုစုပျိုးထောင်ရန်အတွက် ကုသိုလ်တော်စွမ်းအား မည်မျှ လိုအပ်မည်ဆိုသည်ကို ကျန်းလီ တွက်ချက်၍ပင် မရနိုင်ပေ။
ကျန်းလီ ရှိနေသရွေ့ ချန်ချွန်းရှန်းဝမ်သည် နယ်ပယ်ပြင်ပ နတ်ဆိုးများကို တိုက်ခိုက်ရန် မလိုအပ်သဖြင့် နတ်ဘုရားချီများလည်း ကုန်ခန်းသွားမည် မဟုတ်ပေ။
...
ယဲ့လန်နိုင်ငံသည် အလွန် ဝေးလံခေါင်းပါးသော နိုင်ငံငယ်လေး တစ်ခုဖြစ်သည်။ တောင်သုံးဖက်၊ မြစ်တစ်ဖက် ဝန်းရံလျက်ရှိပြီး သယံဇာတများ ရှားပါးလှသဖြင့်၊ ပြင်ပလောကနှင့် အဆက်အသွယ် နည်းပါးကာ လူသိနည်းသော နိုင်ငံလေး ဖြစ်သည်။
ဤနိုင်ငံငယ်လေးတွင် အထူးခြားဆုံးမှာ သူတို့၏ နိုင်ငံခေါင်းဆောင်ပင် ဖြစ်သည်။ ထိုခေါင်းဆောင်မှာ ပါရမီအလွန်ကောင်းပြီး၊ ရတနာဆေးဖက်ဝင်အပင်များ မရှိသည့်ကြားမှပင် ဆယ်စုနှစ် အနည်းငယ်အတွင်း ချီသန့်စင်ခြင်းအဆင့်မှ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။
ယဲ့လန်နိုင်ငံရှိ ပြည်သူများအားလုံး သိရှိထားသည်မှာ - သူတို့၏ နိုင်ငံခေါင်းဆောင်သည် ထီးနန်းကို ဆက်ခံလာသူမဟုတ်ဘဲ၊ လုယူထားသူ ဖြစ်သည်ဟူ၍ပင်။
ယဲ့လန်နိုင်ငံခေါင်းဆောင် ကျန်းဟန်သည် မူလက ခေါင်းဖြတ်အာဏာပါးကွက်သား တစ်ဦးဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် ကြီးမားပြီး ရုပ်ရည်ကြမ်းကြုတ်သော်လည်း၊ သူ့ကို သိကျွမ်းသူများကတော့ သူ့စိတ်ထားကို ကောင်းစွာ သိရှိကြသည်။ အပြင်ပန်းတွင်သာ ကြမ်းကြုတ်နေခြင်းဖြစ်ပြီး၊ လက်တွေ့တွင်မူ စိတ်ထားကောင်းမွန်ကာ သူတစ်ပါးကို အမြဲကူညီတတ်သဖြင့် ရပ်ကွက်အတွင်း၌ လူချစ်လူခင် ပေါများသည်။
တဖြည်းဖြည်းနှင့် ကျန်းဟန်၏ ကျင့်ကြံမှုအဆင့်များ တိုးတက်လာသည်ကို လူများ သတိထားမိလာကြသည်။ တစ်သက်လုံး မျှော်လင့်ချက် မရှိတော့ဟု ထင်ထားခဲ့သော အခြေခံတည်ဆောက်ခြင်းအဆင့်ကိုပင် သူ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့သည်။
အကြောင်းရင်းကို မေးမြန်းသောအခါ၊ သူက ခေါင်းကုတ်ကာ ပြုံးလျက် "ကံကောင်းလို့ပါ၊ ကံကောင်းလို့ပါ" ဟုသာ ဖြေလေ့ရှိသည်။
လူအများက တကယ်ပဲ ကံကောင်းသည်ဟု ထင်ခဲ့ကြသော်လည်း၊ သူသည် ရုတ်တရက် အသိဉာဏ်ပွင့်သွားသကဲ့သို့ နှစ်အနည်းငယ်အတွင်း အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်အထိ ရောက်ရှိသွားခဲ့သည်။
အထက်အရာရှိက သူ့လက်အောက်တွင် ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ရှိနေသည်ကို သိသောအခါ၊ သူ့ကို ရာထူးတိုးပေးရန်နှင့် မိမိ၏ သမီးကိုပါ ပေးစားရန် စီစဉ်ခဲ့သည်။ သို့သော် သူက ခေါင်းခါကာ ခေါင်းဖြတ်အာဏာပါးကွက်သား လုပ်ရသည်ကသာ အကောင်းဆုံးဖြစ်သည်ဟု ငြင်းပယ်ခဲ့သည်။ အထက်အရာရှိက သူ ဇွတ်လုပ်နေသည်ကို မြင်သောအခါ၊ ဤလူမှာ တိုးတက်လိုစိတ်မရှိသောသူဟု သတ်မှတ်ကာ သမီးပေးစားမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
ကျန်းဟန်၏အကျင့်စရိုက်များ ပြောင်းလဲလာသည်ကို ရပ်ကွက်အတွင်းမှ လူများက သတိထားမိလာကြသည်။ ယခင်က သူသည် ခေါင်းဖြတ်ပြီးတိုင်း ရက်အနည်းငယ်ခန့် စိတ်ဓာတ်ကျနေတတ်သော်လည်း၊ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးကတည်းက အလွန် တက်ကြွလာခဲ့သည်။ ခေါင်းဖြတ်ခြင်းမှာ ကံဆိုးသည့် အလုပ်တစ်ခု မဟုတ်တော့သကဲ့သို့ ဖြစ်လာပြီး၊ သူကိုယ်တိုင်ပင် ထိုအလုပ်ကို သဘောကျလာကြောင်း ပြောဆိုလာခဲ့သည်။
ရပ်ကွက်အတွင်းမှ လူများမှာ ဤကဲ့သို့သော ကျန်းဟန်ကို အနည်းငယ် ကြောက်လန့်လာကြသည်။
တစ်နေ့တွင် မြို့ထဲ၌ 'သူရဲကောင်း' တစ်ဦး ပေါ်လာခဲ့ကြောင်း သတင်းများ ပျံ့နှံ့လာခဲ့သည်။ ထိုသူရဲကောင်းသည် ညဘက်တွင် အကျင့်ပျက် ချမ်းသာသူများကို သတ်ဖြတ်ကာ ဆင်းရဲသားများကို ပစ္စည်းများ ခွဲဝေပေးလေ့ရှိသည်ဟု ဆိုသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းဟန်မှာလည်း ရွှေအမြုတေ အဆင့်သို့ တက်လှမ်းသွားခဲ့ပြီး 'အဆင့်မြင့် ရွှေအမြုတေ' ကိုပါ ရရှိခဲ့သည်။
သူရဲကောင်း၏ဒဏ္ဍာရီမှာ အချိန်အတော်ကြာ တည်ရှိနေခဲ့ပြီး၊ မြို့ထဲရှိ လူဆိုးများလည်း နည်းပါးသွားခဲ့သည်။ ထိုအချိန်တွင် ကျန်းဟန်သည်လည်း ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
သို့သော် ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ပြီးနောက်၊ ကျန်းဟန်၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ အလွန်နှေးကွေးသွားခဲ့သည်။ သူ့အတွက် သတ်စရာ လူမရှိတော့သောကြောင့်ပင်။
ကျန်းဟန် အနည်းငယ် စိတ်ရှုပ်လာချိန်တွင်၊ အထက်အရာရှိက သူ့သမီးကို ပါရမီရှင် လူငယ်တစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်လိုက်သည်။ ကျန်းဟန်သည်လည်း ထိုအထက်အရာရှိ၏ သမီးကို သဘောကျနေသဖြင့် ထိုမင်္ဂလာကိစ္စကို သဘောမတူဘဲ မိမိကိုသာ ပေးစားရန် တောင်းဆိုခဲ့သည်။
အထက်အရာရှိ၏ သမီးကလည်း ကျန်းဟန်ကို သဘောကျသော်လည်း၊ အထက်အရာရှိကမူ ကျန်းဟန်မှာ ပါရမီကောင်းသော်လည်း စိတ်မမှန်သကဲ့သို့ ဖြစ်နေပြီး ခေါင်းဖြတ်အာဏာပါးကွက်သား အလုပ်ကိုသာ လုပ်ချင်နေသဖြင့်၊ လူသတ်ရတာကို စွဲလမ်းနေပြီဟု ယူဆခဲ့သည်။ မိမိ၏ သမီးကို ဤကဲ့သို့သော လူထံ ပေးစားရန်မှာ အလွန် အန္တရာယ်များသဖြင့် ကျန်းဟန်၏တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။
ကျန်းဟန် ဒေါသထွက်သွားပြီး၊ မင်္ဂလာဆောင်သည့်နေ့တွင် သတို့သား၏ မိသားစု တစ်ခုလုံးကို သတ်ဖြတ်ကာ သတို့သမီးကို လုယူသွားခဲ့လေတော့သည်။
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 92
အခန်း ၉၂ ။ အပြစ်ကင်းသူများကို အလဟဿ သတ်ဖြတ်ခြင်း
အထက်အရာရှိ၏ သမီးဖြစ်သူသည် ကျန်းဟန်ကို မည်မျှပင် ချစ်ခင်စေကာမူ၊ အပြစ်ကင်းမဲ့သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းကိုမူ လုံးဝ မနှစ်သက်ပေ။ သူမက ကျန်းဟန်ကို လွှတ်ပေးရန် တောင်းဆိုသော်လည်း၊ ကျန်းဟန်က လျစ်လျူရှုကာ သူမကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
နေပူကျဲကျဲ လူပုံအလယ်တွင် သတို့သားလောင်း၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ကာ သတို့သမီးကို လုယူသွားခြင်းမှာ လုံးဝ ဖုံးကွယ်ခြင်းမရှိသော လုပ်ရပ်ဖြစ်ပြီး၊ ယဲ့လန်နိုင်ငံကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
ကျန်းဟန်၏ အထက်အရာရှိမှာလည်း ဒေါသထွက်လွန်း၍ သွေးအန်ကာ သေလုမတတ် ဖြစ်သွားခဲ့သည်။
ယဲ့လန်နိုင်ငံသည် ကျန်းဟန်ကို အရှင်ဖမ်းဆီးရန် လူများကို စေလွှတ်လိုက်သည်။ သူ့ကို လူပုံအလယ်တွင် ကွပ်မျက်ခြင်း မပြုနိုင်ပါက ယဲ့လန်နိုင်ငံ၏ ဂုဏ်သိက္ခာမှာ ဘယ်မှာ ရှိတော့မလဲ။
သို့သော် ကျန်းဟန်သည် လာသမျှလူများကို အကုန်သတ်ဖြတ်ခဲ့ပြီး၊ တိုက်လေ သန်မာလေ ဖြစ်လာကာ ကျင့်ကြံမှုများလည်း အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ နောက်ဆုံးတွင် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိသွားပြီး ထိုစဉ်က နိုင်ငံခေါင်းဆောင်ကိုပါ သတ်ဖြတ်ကာ ယဲ့လန်နိုင်ငံ၏ ခေါင်းဆောင်သစ် ဖြစ်လာခဲ့တော့သည်။
ခေါင်းဆောင် ဖြစ်လာပြီးနောက် ကျန်းဟန်သည် အထက်အရာရှိ၏ သမီးကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ကာ၊ တစ်နိုင်ငံလုံးရှိ လှပသော မိန်းကလေးများကို စုဆောင်း၍ သူ၏ မောင်းမဆောင်အတွင်းသို့ သွင်းယူခဲ့သည်။
ထိုအချိန်မှစ၍ ကျန်းဟန်သည် အလွန် ကြမ်းကြုတ်ရက်စက်လာပြီး စိတ်သဘောထားလည်း အမြဲ ပြောင်းလဲနေခဲ့သည်။ ဟင်းချိုဖိတ်ကျသော နန်းတွင်းသူ၊ မိဖုရားများနှင့် မျက်လုံးချင်း ဆုံမိသော မိန်းမစိုး၊ သူ့အုပ်ချုပ်မှုကို မကျေနပ်၍ အကြံပေးတင်ပြသော အမတ်များ စသည်ဖြင့်... ထိုလူများအားလုံးသည် ဧကရာဇ်၏ဂုဏ်သိက္ခာကို စော်ကားသည်ဟု ယူဆကာ ခေါင်းဖြတ်သတ်ပစ်ခဲ့သည်။
ထို့ပြင် သူသည် အလွန်ပြင်းထန်သော ဥပဒေများကို ပြဌာန်းခဲ့သည်။ ငွေတစ်မူး ခိုးယူသူကိုပင် သေဒဏ်ပေးသည့် ဥပဒေမျိုး ဖြစ်သည်။ မဟာကျိုးအင်ပါယာတွင် ပညာသင်ကြားခဲ့ဖူးသော အမတ်တစ်ဦးက ထိုကဲ့သို့သော ဥပဒေမျိုးဖြင့် နိုင်ငံကို ရေရှည်အုပ်ချုပ်၍ မရနိုင်ကြောင်း တင်ပြခဲ့သော်လည်း၊ ကျန်းဟန်က နားမထောင်သည့်အပြင် ထိုအမတ်သည် မိမိနှင့် ဆန့်ကျင်ဘက် လုပ်နေသည်ဟု ယူဆကာ ကွပ်မျက်ပစ်ခဲ့သည်။
ထိုအချိန်မှစ၍ ယဲ့လန်နိုင်ငံရှိ လူတိုင်းမှာ အသက်အန္တရာယ်အတွက် အမြဲစိုးရိမ်နေရပြီး၊ အရက်ပင် မသောက်ရဲကြတော့ပေ။ အရက်မူးပြီး ရမ်းကားမိကာ ဆိုင်ပစ္စည်းများ ဖျက်ဆီးမိပါက 'ရည်ရွယ်ချက်ရှိရှိ ဆူပူသောင်းကျန်းမှု' ဖြင့် သေဒဏ်ကျခံရမည်ကို ကြောက်ရွံ့နေကြသောကြောင့်ဖြစ်သည်။
ဆိုင်ရှင်များကလည်း မပျော်ရွှင်နိုင်ကြပေ။ အရက်မူးပြီး ရမ်းကားသူ မရှိတော့သည်မှာ မှန်သော်လည်း၊ စားသောက်ဆိုင်သို့ လာရောက် စားသောက်သူများလည်း မရှိသလောက် နည်းပါးသွားသောကြောင့် ဖြစ်သည်။
အမတ်အချို့သည် ကြောက်လန့်လွန်းသဖြင့် အငြိမ်းစားယူကာ ဇာတိရွာသို့ ပြန်လိုကြသည်။ သို့သော် ကျန်းဟန်က ထိုအမတ်သည် ဝိညာဉ်သန္ဓေအဆင့်ဖြစ်ပြီး ခွန်အားအပြည့်ရှိကာ အိုမင်းဖျားနာခြင်း မရှိပါဘဲနှင့် အငြိမ်းစားယူလိုခြင်းမှာ 'ဧကရာဇ်ကို လှည့်စားခြင်း' ဖြစ်သည်ဟု ဆိုကာ ကွပ်မျက်ပစ်ခဲ့သည်။
ယခင်က အတွင်းဒဏ်ရာ ရထားပြီး အသက်လည်း အတော်ကြီးနေပြီဖြစ်သော အမတ်တစ်ဦးကလည်း အငြိမ်းစားယူရန် တောင်းဆိုခဲ့သည်။ သို့သော် ကျန်းဟန်က 'အမတ်တစ်ဦးအနေဖြင့် အသက်ထွက်သည်အထိ တာဝန်ထမ်းဆောင်ရမည်' ဖြစ်ရာ၊ ယခုလိုလုပ်ရပ်မှာ သစ္စာမရှိခြင်း ဖြစ်သည်ဟုဆိုကာ သူ့ကိုလည်း ကွပ်မျက်ပစ်ခဲ့ပြန်သည်။
ထိုအဖြစ်အပျက် နှစ်ခုကို မြင်ပြီးနောက် မည်သည့်အမတ်ကမျှ အငြိမ်းစားယူမည့်အကြောင်း မဟဝံ့ကြတော့ပေ။ နန်းတော်သို့ အစည်းအဝေးလာတိုင်း မိမိ ယနေ့ သေရမည်ကို စိုးရိမ်သဖြင့် သေတမ်းစာများကိုပင် ကြိုတင်ရေးသားထားကြရသည်။
အမတ်အချို့က ကျန်းဟန်၏ ကျင့်ကြံမှု တိုးတက်လာသည်ကို မြင်သောအခါ၊ မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံနေသည်ဟု သံသယဝင်ကာ မဟာဝေ့အင်ပါယာသို့ တိုင်ကြားခဲ့ကြသည်။
သို့သော် မဟာဝေ့အင်ပါယာမှ လူများ မည်သို့ပင် စုံစမ်းစစ်ဆေးပါစေ၊ ကျန်းဟန်၏ ကိုယ်ပေါ်တွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံထားသော အထောက်အထား အနည်းငယ်မျှ မတွေ့ခဲ့ရပေ။ နောက်ဆုံးတွင် ဤလူမှာ ပါရမီအလွန်ကောင်းပြီး လူသတ်ရတာ ဝါသနာပါသူ တစ်ဦးဖြစ်သည်ဟုသာ ကောက်ချက်ချလိုက်ရသည်။
မိစ္ဆာလမ်းစဉ် ကျင့်ကြံပါက ခန္ဓာကိုယ်တွင် သေဆုံးသူများ၏ နာကြည်းချက်များ ကျန်ရစ်နေမည် ဖြစ်သော်လည်း၊ ကျန်းဟန်၏ ကိုယ်ပေါ်တွင်မူ ထိုအရာများ လုံးဝ မရှိခဲ့ပေ။
ထို့ပြင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် လူကို ကိုယ်တိုင် သတ်ဖြတ်မှသာ ကျင့်ကြံမှု တိုးတက်နိုင်မည် ဖြစ်သည်။ အစောင့်များကို လူသတ်ခိုင်းခြင်း၊ ဥပဒေများကို တင်းကျပ်ကာ သေဒဏ်များ ပိုမို ချမှတ်ခြင်း စသည့် နည်းလမ်းများဖြင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ၏ စွမ်းအားကို တိုးတက်စေမည် မဟုတ်ပေ။
ကျန်းဟန်သည် တစ်စုံတစ်ယောက်က သူ့ကို မိစ္ဆာလမ်းစဉ် ကျင့်ကြံသည်ဟု မဟာဝေ့အင်ပါယာသို့ တိုင်ကြားခဲ့ကြောင်း သိရှိသွားသောအခါ အကြီးအကျယ် ဒေါသထွက်သွားပြီး၊ ထိုအမတ်သည် ပုန်ကန်ရန် ရည်ရွယ်ချက်ရှိသည်ဟု သတ်မှတ်ကာ ဆွေစဉ်မျိုးဆက် (၉) ဆက်တိုင်တိုင် သုတ်သင်ပစ်ခဲ့သည်။
ထိုအချိန်မှစ၍ ကျန်းဟန်ကို မည်သူကမျှ မမေးခွန်းထုတ်ဝံ့ကြတော့ပေ။
...
ကျန်းဟန်သည် အနွေးဆောင်အတွင်း၌ အစီရင်ခံစာများကို ဖတ်ရှုနေပြီး၊ အမတ်များ၏ စာကြောင်းများကြားမှ သေဒဏ်ပေးနိုင်မည့် အကြောင်းပြချက်တစ်ခုခုကို ရှာဖွေနေသည်။ သို့သော် လတ်တလောတွင် အမတ်များအားလုံး ဉာဏ်နီဉာဏ်နက် များလာကြပြီး အလွန်အကျွံ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ ကိစ္စများကို မတင်ပြကြတော့ပေ။ စပါးအထွက်တိုးသည်ဆိုသော အသေးအဖွဲ ဝမ်းသာစရာလေးများ၊ သို့မဟုတ် ရာဇဝတ်မှု ကျဆင်းသွားသည်ဟူသော အသေးအဖွဲ ဝမ်းနည်းစရာလေးများကိုသာ တင်ပြကြသည်။ ထို့ပြင် ဝမ်းသာစရာလည်း မဟုတ်၊ ဝမ်းနည်းစရာလည်း မဟုတ်သော ကိစ္စများ၊ ဥပမာ - ခေါင်းဖြတ်အာဏာပါးကွက်သား အလုပ်သည် လူကြိုက်အများဆုံး အလုပ်အကိုင် ဖြစ်လာကြောင်း စသည်တို့ကိုသာ တင်ပြကြသည်။
ငါ ကိုယ်တိုင် ရုပ်ဖျက်ပြီး ပြည်သူတွေကြားထဲ သွားကြည့်ရမလား... သတ်လို့ရမယ့် လူတွေ ရှိမလားလို့။
"ကလစ်။"
နားထဲသို့ အသံတိုးတိုးလေး ဝင်လာသည်။ နန်းတွင်းသူလေးတစ်ဦး လက်ဖက်ရည်ခွက်ကို အဖုံးအုပ်လိုက်စဉ် လက်တုန်သွားသဖြင့် အသံထွက်သွားခြင်းဖြစ်သည်။
ချက်ချင်းပင် ထိုနန်းတွင်းသူလေး၏ မျက်နှာမှာ ဖြူလျော့သွားပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ခေါင်းကို အကြိမ်ကြိမ် ဆောင့်၍ အရှင်မင်းကြီး ခွင့်လွှတ်ပေးရန် အသနားခံတော့သည်။
ကျန်းဟန်က စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းလိုက်သည် - "ငါ စာဖတ်နေတာကို အနှောင့်အယှက် ဖြစ်အောင် လုပ်တယ်။ အပြင်ဆွဲထုတ်ပြီး ခေါင်းဖြတ်လိုက်။"
သူသည် မိမိကိုယ်မိမိ တရားမျှတစွာ ဆောင်ရွက်နေသည်ဟု ယူဆထားသည်။ ယခင် နန်းတွင်းသူများသည်လည်း ဤကဲ့သို့ အသေးအဖွဲ အမှားလေးများကြောင့် အသတ်ခံခဲ့ရသည် မဟုတ်လား။ ဤတစ်ယောက်ကို မသတ်ဘဲထားလျှင် တရားမျှတမှု မရှိရာ ကျသွားလိမ့်မည်။
"အစောင့်? အစောင့်။"
သူ အမိန့်ပေးလိုက်သော်လည်း အစောင့်များ ချက်ချင်း ဝင်မလာသဖြင့် ဒေါသထွက်သွားပြီး၊ အပြင်ဘက်ရှိ အစောင့်များ တာဝန်ပေါ့လျော့နေသည်ဟု တွေးလိုက်သည်။
တာဝန်ပေါ့လျော့သူများကိုလည်း သေဒဏ်ပေးရမည်။
အနွေးဆောင်၏ တံခါးပွင့်လာပြီး၊ လူငယ်တစ်ဦးက အပြင်ဘက်ရှိ အစောင့်နှစ်ဦးအား ပြောလိုက်သည် - "မင်းတို့ အပြင်မှာပဲ စောင့်နေကြ၊ အထဲ မဝင်လာနဲ့နော်။ ရမလား။"
အစောင့်နှစ်ဦးမှာ 'မရပါဘူး' ဟု လုံးဝ မပြောရဲဘဲ အဆက်မပြတ် ခေါင်းညိတ်ပြကြသည်။
လူငယ်လေး အထဲဝင်လာပြီးနောက် နန်းတွင်းသူလေးအား ထပ်ပြောလိုက်သည် - "မင်း အပြင်သွားစောင့်နေလိုက်။ ငါ မင်းတို့ ခေါင်းဆောင်နဲ့ ရှင်းစရာ ကိစ္စလေးတွေရှိလို့။"
နန်းတွင်းသူလေးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ အနွေးဆောင်ထဲမှ အမြန်ဆုံး ပြေးထွက်သွားတော့သည်။
ကျန်းဟန်သည် အခြားတစ်ယောက်က သူ့လက်အောက်ငယ်သားများကို အမိန့်ပေးနေသည်ကို မြင်သော်လည်း အသံတစ်ချက်မျှ မထွက်ရဲပေ။
သူ့တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေပြီး လက်များပင် တုန်ရီနေသည်။
ကျန်းဟန်သည် တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားရင်း မေးလိုက်သည် - "လူသားဧကရာဇ်... ဘာကိစ္စများရှိလို့ ဒီကို ရောက်လာတာလဲ မသိဘူး။ ကျွန်တော် ကူညီပေးနိုင်တာများ ရှိမလား။"
"ခုနက ပြောလိုက်တယ်လေ... ကိစ္စရှင်းစရာ ရှိလို့ ဆိုတာကို။" ကျန်းလီက ပြုံးလိုက်သည် - "မင်း ကူညီပေးဖို့ လိုတယ်။ တိတိကျကျ ပြောရရင်တော့... မင်းကို ရှင်းပစ်မလို့။"
"ကျွန်တော့်ကို? လူသားဧကရာဇ်ကလည်း နောက်နေပြန်ပါပြီ။ ကျွန်တော်က လူသားဧကရာဇ်နန်းဆောင်ရဲ့ စည်းကမ်းတွေကို ဘာမှ ချိုးဖောက်ထားတာ မရှိပါဘူး။ ဘာလို့ ကျွန်တော့်ကို ရှင်းရမှာလဲ။ ခင်ဗျားက လူသားဧကရာဇ်လေ... အပြစ်မရှိတဲ့ သူတွေကို အလကားသက်သက် လျှောက်သတ်လို့ မရဘူးလေ။"
ကျန်းလီသည် ကျန်းဟန်၏ စကားကြောင့် ရယ်ချင်သွားသည် - "ငါက လူသားဧကရာဇ်မို့လို့ အပြစ်မရှိတဲ့ သူတွေကို မသတ်ရဘူးပေါ့။ မင်းက နိုင်ငံသေးသေးလေးတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေတာနဲ့ပဲ အပြစ်မရှိတဲ့ သူတွေကို လျှောက်သတ်လို့ ရတယ်ပေါ့လေ။ လောကကြီးမှာ အဲ့ဒီလို ယုတ္တိမျိုး ဘယ်မှာရှိလဲ။ ရိုးသားတဲ့သူတွေကို အနိုင်ကျင့်နေတာများလား။"
ထို့နောက် ကျန်းလီက ဆက်ပြောသည် - "ငါ လူသတ်လာတာ လနဲ့ချီနေပြီ။ အခု နတ်ဘုရားသိုက်ဂိုဏ်းရဲ့ ဂိုဏ်းဝင်ဆိုလို့ မင်း တစ်ယောက်တည်းပဲ ကျန်တော့တယ်။ ဂုဏ်ယူပါတယ်... ကံကောင်းလို့ နောက်ဆုံးအထိ အသက်ရှင်ခဲ့တာပဲ။"
ကျန်းလီသည် နတ်ဘုရားသိုက်ဂိုဏ်းဝင်များကို ရှင်းလင်းသည့် ကိစ္စကို လူသားဧကရာဇ်နန်းဆောင်မှ တပ်မှူးများအပါအဝင် မည်သူ့ကိုမျှ တာဝန် မပေးဝံ့ပေ။ နတ်ဘုရားသိုက်ဂိုဏ်းအကြောင်း သိသူ နည်းလေ ပိုကောင်းလေ ဖြစ်သည်။ ဆန္ဒပြည့်ဘူးသီးကိုပင် ဤကိစ္စကို ယွီယင်အား မပြောပြရန် ခြိမ်းခြောက်ထားခဲ့ရသဖြင့်၊ ယခုအချိန်ထိ ယွီယင်သည် ဆွန်းယွမ်ကို မိစ္ဆာလမ်းစဉ်မှ လူတစ်ဦးဟုသာ ထင်မှတ်နေဆဲဖြစ်သည်။
ဤလအနည်းငယ်အတွင်း ကျန်းလီသည် စာရင်းထဲရှိ အစီအစဉ်အတိုင်း ထိုဂိုဏ်းဝင်များကို ရှင်းလင်းခဲ့ရုံသာမက၊ နတ်ဘုရားသိုက်ဂိုဏ်းနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မကျန်ခဲ့စေရန်ပါ သေချာအောင် ဆောင်ရွက်ခဲ့ရသည်။ ယခုမူ အားလုံး အဆုံးသတ်ရန် အချိန်ရောက်လာပြီဖြစ်ပြီး ကျန်းဟန်သည် နောက်ဆုံး တစ်ယောက် ဖြစ်သည်။
ကျန်းဟန်၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်သော်လည်း၊ အဖွဲ့အစည်းအတွင်း သူ့ရာထူးမှာ အလွန်နိမ့်ကျပြီး တရားဟောပြောခွင့်ပင် မရှိပေ။ ထို့ပြင် သူသောက်သုံးခဲ့ရသည်မှာလည်း အတင်းကျပ်ဆုံးဖြစ်သော 'အာရုံခြောက်ပါး ပိတ်လှောင်ကျိန်စာ' ဖြစ်သဖြင့် နတ်ဘုရားသိုက်ဂိုဏ်းနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမျှ လုံးဝ ထုတ်ပြောခွင့်မရှိပေ။
လူသားဧကရာဇ်၏နှုတ်မှ "နတ်ဘုရားသိုက်ဂိုဏ်း" ဟူသော စကားကို ကြားလိုက်ရချိန်တွင်၊ ကျန်းဟန်မှာ ကြက်သီးမွေးညင်းများ ထသွားပြီး စိတ်ထဲရှိ နောက်ဆုံး မျှော်လင့်ချက်လေးပါ ပျောက်ကွယ်သွားရတော့သည်။
ယခုအချိန်အထိ သူသည် မိမိရရှိထားသည်မှာ 'နတ်ဘုရားသိုက် စွမ်းအား' ဟုသာ ထင်မှတ်နေဆဲဖြစ်ပြီး ကုသိုလ်တော်စွမ်းအားမှန်း မသိရှိပေ။ သို့သော် ဤလုပ်ရပ်မှာ မိစ္ဆာလမ်းစဉ်နှင့် အလွန် ဆင်တူနေပြီး၊ ကျိုကျိုးက သတ်မှတ်ထားသော မိစ္ဆာလမ်းစဉ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှ ဟာကွက်ကို အသုံးချထားခြင်းသာ ဖြစ်သည်ဟု သူ ယူဆထားသည်။
"အစတုန်းက မင်းလည်း နတ်ဘုရားသိုက်စွမ်းအား ရလာတဲ့လမ်းကြောင်းက ပြဿနာရှိတယ်ဆိုတာ သိထားတယ်။ မင်းက ခေါင်းဖြတ်အာဏာပါးကွက်သားဖြစ်နေလို့ ဒီစွမ်းအားကို ရလာတာဆိုတော့၊ အဲ့ဒီအတိုင်းပဲ ဆက်နေမယ်ဆိုရင် ငါ မင်းကို လာရှာမှာ မဟုတ်ဘူး။"
ကျန်းလီသည် ကျန်းဟန်၏ ကိုယ်ရေးမှတ်တမ်းများကို ခြေချိတ်ကာ ဖတ်ရှုရင်း ဖြည်းညှင်းစွာ ပြောလိုက်သည် - "နောက်ပိုင်းမှာ မင်းက လူဆိုးတွေကို သတ်ပြီး နတ်ဘုရားသိုက် စွမ်းအားကို ယူခဲ့တယ်။ အဲ့ဒီလိုဆိုရင်လည်း ငါ မင်းကို လာသတ်မှာ မဟုတ်သေးဘူး။"
"ကျွန်တော်..."
ကျန်းဟန်က ဖြေရှင်းချက်ပေးရန် ကြိုးစားသော်လည်း၊ ကျန်းလီက ဂရုမစိုက်ဘဲ ဆက်ပြောသည် - "ဒါပေမဲ့ နောက်ပိုင်းကျတော့ မင်း ပြောင်းလဲသွားတယ်။ နတ်ဘုရားသိုက်စွမ်းအား ရလာတဲ့ ခံစားချက်ကို စွဲလမ်းသွားပြီး ပိုသန်မာချင်လာတယ်။ မင်းသတ်ဖို့ လူမရှိတော့တဲ့အချိန်မှာ ချစ်ရတဲ့ မိန်းကလေးက သူများနောက် ပါသွားတာက မင်းကို လုံးဝ ပြောင်းလဲသွားစေတဲ့ အကြောင်းရင်း ဖြစ်သွားတယ်။ မင်း အပြစ်မရှိတဲ့ သူတွေကို စပြီး သတ်ဖြတ်တော့တာပဲ။"
"နောက်ဆုံးတော့ မင်း နိုင်ငံခေါင်းဆောင် ဖြစ်လာပြီး အာဏာတွေ အများကြီး ရလာတယ်။ အာဏာကို သုံးပြီး လူသတ်တော့ မိစ္ဆာလမ်းစဉ်ဆိုတဲ့ သံသယကိုလည်း ရှင်းပစ်နိုင်ခဲ့တယ်လေ။"
ကျန်းဟန်သည် အလျင်အမြန်ပင် - "ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ စွမ်းအားက မိစ္ဆာလမ်းစဉ် မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စွမ်းအားပါ။"
"အင်း... မင်းရဲ့ နတ်ဘုရားသိုက်စွမ်းအားက မိစ္ဆာလမ်းစဉ် မဟုတ်မှန်း ငါ သိပါတယ်။"
"ဒါဆိုရင်..." ကျန်းဟန် ဝမ်းသာသွားသည်။
"ငါက အပြစ်မရှိတဲ့ သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တယ်လို့ပဲ သဘောထားလိုက်ပါ။" ကျန်းလီက ကျန်းဟန်ကို ရှင်းပြခွင့် ထပ်မပေးတော့ဘဲ လက်ညှိုးကို ခပ်ဖွဖွလေး တောက်လိုက်ရာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိ ကျန်းဟန်မှာ မည်သည့်လက္ခဏာမျှမပြဘဲ ချက်ချင်း သေဆုံးသွားတော့သည်။
ဤအရာမှာ ကုသိုလ်တော်စွမ်းအားဖြစ်ကြောင်းနှင့် သူတို့၏ နတ်ဘုရားသိုက်ဂိုဏ်းသည် ကျိုကျိုးအတွက် အန္တရာယ်ကြီးမားလွန်းသဖြင့် အားလုံးကို ရှင်းလင်းပစ်ရမည်ဖြစ်ကြောင်းကို ကျန်းလီက ကျန်းဟန်အား ရှင်းပြနေမည် မဟုတ်ပေ။
သူ့ကို ရှင်းပြနေစရာလည်း ဘာအကြောင်းမှ မရှိပေ။
***