အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း ၂၅၇ အသက်နှစ်ဆယ်မှာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်
ဟွန်တွန်း လျှို့ဝှက်နယ်မြေ၏ ထုံးကျောက်ဂူထဲတွင် ရှောင်မိုက ဟွန်တွန်းကို မိဘအဖြစ် အသိအမှတ်ပြုခွင့် စွန့်လွှတ်လိုက်သည်ကို လူတိုင်းက စောင့်ကြည့်နေကြပြီး သူတို့အားလုံးက ရှောင်မိုကို ရူးသွပ်နေပြီဟု တွေးကာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်အောင် ဖြစ်နေကြသည်။
ဒါက ဟွန်တွန်းလေ။
ရှေးခေတ် ကြီးမြတ်သော သားရဲဆိုးကြီး လေးကောင်ထဲက တစ်ကောင်လေ။
၎င်းက အဆင်ပြေချောမွေ့စွာ ကြီးပြင်းလာသရွေ့ ဟွန်တွန်းက အနည်းဆုံး ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအား ရှိလာမည်ဖြစ်ပြီး ထို့ထက်ပင် ပိုမို မြင့်မားနိုင်သေးသည်။
ထို့အပြင် ဟွန်တွန်းက သင့်အပေါ် သစ္စာရှိမည်ဖြစ်ပြီး ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ပေ။
သူတို့က ရှောင်မိုကို ကြည့်ကာ သူ့နေရာတွင် ဝင်နေချင်စိတ်များ ပေါက်နေကြသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဝမ်ရှင်း၏ မျက်နှာအမူအရာက အလွန် တည်ငြိမ်နေခဲ့သည်။
ရှောင်မို ဒီလိုလုပ်မည်ကို ဝမ်ရှင်းက အချိန်အတော်ကြာကတည်းက ခန့်မှန်းမိထားသည့်အလားပင်။
သို့သော် စစ်လီကမူ ရှောင်မိုအတွက် ရင်ထဲတွင် နှမြောတသ ဖြစ်နေဆဲဖြစ်ပြီး သခင်လေးအနေဖြင့် ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်မလွှတ်သင့်ဟု တွေးတောနေခဲ့သည်။
သို့သော် စစ်လီက ရှောင်မိုနှင့် ထိုဟွန်တွန်းလေးကို ကြည့်လိုက်သောအခါ ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုနှင့်အတူ ရင်ထဲတွင် နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။
ရှောင်မိုက တကယ်ကို ခြားနားပြီး လောကရှိ အခြား မည်သည့်ယောကျ်ားနှင့်မှ မတူဟု သူမ ခံစားလိုက်ရသည်။
သို့တိုင်အောင် ဤတစ်မူထူးခြားသော ယောကျ်ားသည် စာအုပ်တစ်အုပ်ကဲ့သို့ပင် သူမကို စာမျက်နှာ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်လှောကာ သူ့ကို နားလည်ချင်စိတ်များ ဖြစ်ပေါ်လာစေခဲ့သည်။
ဟွန်တွန်းလေးက ၎င်း၏မိခင်ကို အဆက်မပြတ် သွားရောက် ပွတ်သပ်နေစဉ် သေဆုံးသွားသော ဟွန်တွန်းကြီး၏ အလောင်းက အနက်ရောင် ဝိညာဉ်အလင်းတန်း အစက်အပြောက်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပြီး လေထဲတွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကာ ကောင်းကင်ယံအနှံ့ ကခုန်နေသော ပိုးစုန်းကြူးများကဲ့သို့ ဤကမ္ဘာမြေဆီသို့ ပြန်လည် ရောက်ရှိသွားသည့်အလားပင်။
"မိကူ... မိကူ မိကူ... မိကူ..."
ထုံးကျောက်ဂူထဲတွင် ဟွန်တွန်းမိခင်၏ အသံက သူမ၏ ဝိညာဉ် ထွက်ခွာသွားစဉ် ကလေးဖြစ်သူအတွက် နောက်ဆုံး သေတမ်းစာတစ်ခုကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။
"မိကူ... မိကူ..." ဟွန်တွန်းလေးက ဤအလင်းတန်း အစက်အပြောက်လေးများကို ဖမ်းဆုပ်ရန် အဆက်မပြတ် ခုန်ပေါက်နေခဲ့သော်လည်း ၎င်းက တစ်ခုကိုမျှ မဖမ်းဆုပ်နိုင်ခဲ့ပေ။
"မိကူ"
ဟွန်တွန်းမိခင်၏ နောက်ဆုံးအသံလေး ပျောက်ကွယ်သွားသည်နှင့်အမျှ အနက်ရောင် အလင်းတန်း အစက်အပြောက်များ အားလုံးလည်း လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
"ဝုန်း"
လူတိုင်း၏ အတွေးများ ကွဲပြားနေချိန်လေးမှာပင် ထုံးကျောက်ဂူ တစ်ခုလုံးက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ကြက်ဥအခွံတစ်ခုကဲ့သို့ အက်ကွဲသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"မိကူ... မိကူ..." ဟွန်တွန်းလေးက လန့်သွားပြီး ဘယ်ညာ လိုက်ကြည့်နေခဲ့သည်။ ၎င်းက ယခုမှ မွေးဖွားလာပြီး ဘာမှနားမလည်သေးသော်လည်း အန္တရာယ်ကိုတော့ အာရုံခံမိနေခဲ့သည်။
အချိန်ခဏအကြာတွင် ရှောင်မိုက ဟွန်တွန်း လျှို့ဝှက်နယ်မြေ၏ ပျံသန်းခြင်းကို တားမြစ်သော ဥပဒေသ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
ထုံးကျောက်ဂူ၏ အထက်တွင် သူတို့ ဝင်လာခဲ့သော အပေါက်နှင့် တစ်ထပ်တည်းတူညီသည့် ပုံပျက်နေသော အပြာရောင် အပေါက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက ဟွန်တွန်းလေးကို နှမြောတသစွာဖြင့် တစ်ချက် ကြည့်လိုက်ကြသော်လည်း သူတို့က ၎င်းကို ရှောင်မို၏ လက်ထဲမှ လုယူ၍မရနိုင်ကြောင်းကိုလည်း သိထားကြသည်။
မည်သည့် တွေဝေမှုမျှမရှိဘဲ လူတိုင်းက ထွက်ပေါက်ဆီသို့ ပျံသန်းသွားကြသည်။
"သခင်လေး... ဟွန်တွန်း လျှို့ဝှက်နယ်မြေက ပြိုကျတော့မယ်။ ကျွန်မတို့လည်း သွားကြရအောင်။"
စစ်လီက ရှောင်မို၏ အနားသို့ အလျင်အမြန် ပျံသန်းလာပြီး သူမ၏ မျက်နှာအမူအရာက အလွန် စိုးရိမ်နေခဲ့သည်။
ရှောင်မိုက ခေါင်းညိတ်လိုက်ပြီးနောက် ဟွန်တွန်းလေးထံသို့ လက်ကမ်းပေးကာ "မင်း လိုက်မလား" ဟု မေးလိုက်သည်။
"မိကူ..." ဟွန်တွန်းလေးက ရှောင်မိုထံသို့ လျှောက်လာပြီး ၎င်း၏ နူးညံ့သော ပန်းနုရောင် ခန္ဓာကိုယ်လေးက ရှောင်မို၏ လက်ဖဝါးကို လာရောက် ပွတ်သပ်နေခဲ့သည်။
"ဒါပေမဲ့ မင်းကို အရင်ပြောထားမယ်... မင်းအမေက ငါ့ကို သတ်ချင်လို့ ငါ သူမနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတယ်၊ ပြီးတော့ နောက်ဆုံးမှာ မင်းအမေက ငါ့လက်ချက်နဲ့ သေသွားတာပဲ။" ရှောင်မိုက ၎င်း နားလည်နိုင်မည်၊ မလည်နိုင်မည်ကို မသိဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။
"မိကူ... မိကူ မိကူ..." ဟွန်တွန်းလေးက အသံအနည်းငယ် ပြုလိုက်သည်။
"အဲဒါ ဘာအဓိပ္ပာယ်လဲ။"
ရှောင်မိုက မျက်မှောင်ကြုတ်လိုက်သည်။
၎င်းက သူ၏ စကားများကို နားလည်နိုင်သော်လည်း သူက ၎င်း၏ အဓိပ္ပာယ်ကို နားမလည်နိုင်ပေ။
"အင်း... ဟွန်တွန်းလေး ပြောတာက သူမ မထွက်သွားခင်က နင် ရှောင်မိုက လူဆိုးမဟုတ်ဘူးလို့ သူ့အမေက သူ့ကို ပြောခဲ့တယ်တဲ့၊ ပြီးတော့ အခုကစပြီး နင်က သူ့အဖေပဲ၊ နင့်စကားကို သေချာနားထောင်ရမယ်လို့ ပြောခဲ့တယ်တဲ့။"
ဝမ်ရှင်းက ဘေးမှနေ၍ ဘာသာပြန်ပေးလိုက်သည်။
"နင် နားလည်တာလား။" ရှောင်မိုက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"အင်း။" ဝမ်ရှင်းက ခေါင်းညိတ်လိုက်သည်။ "ရွှေအမြူတေအဆင့်ကို ရောက်ပြီးတဲ့နောက် အဆင့်မြင့် မိစ္ဆာသားရဲ တချို့ရဲ့ စကားတွေကို ငါလည်း နားလည်နိုင်လာတယ်။"
"ဟုတ်လို့လား။"
ရှောင်မိုက အတည်ပြုသည့်အနေဖြင့် ဟွန်တွန်းကို မေးလိုက်သည်။
"မိကူ။" ဟွန်တွန်းက ခေါင်းညိတ်ပြသည့်အလား ပြုမူလိုက်ပြီးနောက် ရှောင်မို၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားခဲ့သည်။
"ဒါဆို သွားကြစို့။"
ရှောင်မိုက မတ်တတ်ရပ်ကာ ဟွန်တွန်းလေးနှင့် ဝမ်ရှင်းကို ခေါ်ဆောင်ပြီး ထွက်ပေါက်ဆီသို့ ပျံသန်းသွားခဲ့သည်။
ရှောင်မိုနှင့် အခြားနှစ်ဦး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ထုံးကျောက်ဂူ တစ်ခုလုံး ပြိုကျသွားပြီး ဟွန်တွန်းကို မြေမြှုပ်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟွန်တွန်း လျှို့ဝှက်နယ်မြေ၏ နေရာအသီးသီးတွင်လည်း တဖြည်းဖြည်း ပြိုကျလာခဲ့သည်။
လျှို့ဝှက်နယ်မြေအတွင်းရှိ ကျင့်ကြံသူများက ဘာတွေဖြစ်နေမှန်း မသိကြသော်လည်း ဤနေရာတွင် ဆက်နေရန် မသင့်တော်ကြောင်းကို သူတို့ သိထားကြသည်။ သူတို့က ကောင်းကင်ယံတွင် ထွက်ပေါ်လာသော အပြာရောင် အပေါက်ကြီးကို ဖြတ်သန်းကာ လျှို့ဝှက်နယ်မြေထဲမှ အလျင်အမြန် ထွက်ခွာသွားကြသည်။
ခဏတာ လမ်းမှားသွားသလို ခံစားလိုက်ရပြီးနောက် ရှောင်မိုနှင့် အခြားသူများက ချိုင့်ဝှမ်းလေးဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
လှည့်ကြည့်လိုက်ရာ လေထဲတွင် ပေါလောပေါ်နေသော စာလိပ်က တဖြည်းဖြည်း မီးလောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အချိန်မီ ထွက်မလာနိုင်ခဲ့သော ကျင့်ကြံသူ အချို့က လျှို့ဝှက်နယ်မြေနှင့်အတူ သေဆုံးသွားခဲ့ကြသည်။
ဂိုဏ်းအကြီးအကဲများက သူတို့၏ တပည့်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ အားလုံး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြပြီး သူတို့၏ တပည့်များ ဒဏ်ရာရထားခြင်း ရှိ၊ မရှိ စစ်ဆေးရန် အလျင်အမြန် ရှေ့သို့ တိုးလာကြသည်။
သူတို့၏ တပည့်များက အခွင့်အလမ်းများ ရရှိခဲ့ကြောင်း သိလိုက်ရသောအခါ သူတို့ အလွန် ဝမ်းသာသွားကြသည်။
သို့သော် ဂိုဏ်းအကြီးအကဲ အများအပြားကမူ မျက်နှာပျက်နေကြသည်။ သူတို့နှင့်အတူ ခေါ်လာခဲ့သော တပည့်အားလုံး ဟွန်တွန်း လျှို့ဝှက်နယ်မြေထဲတွင် ကျန်ရစ်ခဲ့ပြီး လုံးဝ သေဆုံးသွားခဲ့ကြသည်။ သို့သော် အာရုံအဖမ်းစားနိုင်ဆုံးသူမှာ ရှောင်မိုသာ ဖြစ်နေဆဲပင်။
အခြား မည်သူမျှ မဟုတ်ပေ။
ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ပန်းနုရောင် အမွေးလုံးလေး တစ်လုံးက ရှောင်မို၏ ခေါင်းပေါ်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။
၎င်းက ဒဏ္ဍာရီလာ ဟွန်တွန်း ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းက ကလေးလေးတစ်ကောင် ဖြစ်နေကြောင်း သူတို့ အလျင်အမြန် မှတ်မိသွားကြသည်။
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်... သွေးမိစ္ဆာရဲ့ တပည့် ပီသပါပေတယ်။ ရှောင်မို... မင်းမှာ ကြီးမားတဲ့ ဘုန်းကံ ရှိတယ်ဆိုတာ ဒီအဘိုးကြီး သိပြီးသားပါ။ ပြီးတော့ မင်းက ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။"
နဂါးနက်ဂိုဏ်းချုပ် လော့ကျဲက ရှေ့သို့ထွက်လာပြီး သူ၏ မုတ်ဆိတ်မွေးကို ကျေနပ်စွာ ပွတ်သပ်ရင်း သူ၏ မျက်နှာအမူအရာက အလွန် ပျော်ရွှင်နေခဲ့သည်။
သူ အကြောက်ဆုံးအရာမှာ ဟွန်တွန်းက ဧကရာဇ်သားရဲဂိုဏ်း၏ လက်ထဲသို့ ကျရောက်သွားမည်ကိုပင်။
ဟွန်တွန်းက ဧကရာဇ်သားရဲဂိုဏ်းကို ရှောင်ရှားသွားရုံသာမက ရှောင်မို၏ လက်ထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဒါပေမဲ့ အဲဒီအကြောင်းပြောရရင် ဒီဟွန်တွန်းက ဘာလို့ ဒီလောက် သေးငယ်နေရတာလဲ။ ယခုလေးတင် မွေးဖွားလာသည့်အလားပင်... ထိုအချိန်မှာပင် လူအများအပြား၏ အကြည့်များက ရှောင်မို၏ ခေါင်းပေါ်သို့ ရောက်ရှိလာပြီး ကောင်းကင်ယံမှ အလင်းတန်း အနည်းငယ် ဆင်းသက်လာခဲ့သည်။
ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်ဖိအားက လူတိုင်းအပေါ်သို့ ဖိနှိပ်လာခဲ့သည်။
အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့်အမျှ ဧကရာဇ်သားရဲဂိုဏ်းချုပ် ထန်ပေဖုန်းက ရှောင်မို၏ ခေါင်းပေါ်ရှိ ဟွန်တွန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သူ၏ မျက်မှောင်များ ကြုတ်သွားခဲ့သည်။
"ကျွီ ကျွီ ကျွီ"
တစ်ဖက်လူ၏ ရန်လိုမှုကို အာရုံခံမိပြီး ဟွန်တွန်းက ထန်ပေဖုန်းကို သွားဖြဲပြလိုက်သည်။
"ဒီဟွန်တွန်းက ငါ့ရဲ့ ဧကရာဇ်သားရဲဂိုဏ်းအတွက် အလွန် အရေးကြီးတယ်။ တကယ်လို့ ညီငယ်ကသာ ဒါကို စွန့်လွှတ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ့ရဲ့ ဧကရာဇ်သားရဲဂိုဏ်းက ဘယ်လို အခြေအနေမျိုးကိုမဆို လက်ခံဖို့ ဆန္ဒရှိပါတယ်။" ထန်ပေဖုန်းက ရှောင်မိုကို ပြောလိုက်သည်။
"တကယ်လို့ ကျွန်တော်က မပေးဘူးဆိုရင်ကော။" ရှောင်မိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"..." ထန်ပေဖုန်းနှင့် ရှောင်မိုတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး ရှောင်မိုက မည်သည့် ကြောက်ရွံ့မှုမျှ မပြသခဲ့ပေ။
နောက်ဆုံးတွင် ထန်ပေဖုန်းက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ သူ၏ ဂိုဏ်းတပည့်များကို "သွားကြစို့" ဟု ပြောလိုက်သည်။
ထန်ပေဖုန်းက အလွန်အမင်း ဆန္ဒမရှိသော်လည်း အထူးသဖြင့် သူ အလိုချင်ဆုံးဖြစ်သော ဟွန်တွန်းက သူ၏ မျက်စိရှေ့တွင် ရှိနေချိန်တွင်ပင်။
သို့သော် ထန်ပေဖုန်းက သူ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်တွင် ရှိနေသော်လည်း ဂိုဏ်းအကြီးအကဲများစွာ ရှိနေပြီး ဂိုဏ်းချုပ်များစွာကလည်း တိတ်တဆိတ် စောင့်ကြည့်နေကြသောကြောင့် သူ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန် တကယ်ကို အဆင်မပြေကြောင်းကိုလည်း သိထားသည်။
ထို့အပြင် ဤဟွန်တွန်းက ရှောင်မိုကို သခင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်ပုံရသည်။
တကယ်လို့ ရှောင်မိုက ၎င်းကို မပေးဘဲ သူက အတင်းအဓမ္မ လုယူမည်ဆိုပါက သူက ဟွန်တွန်းကို ရရှိမည် မဟုတ်ဘဲ ၎င်း၏ အမုန်းကိုသာ ရရှိလိမ့်မည်ဖြစ်သည်။
ကြီးမြတ်သော သားရဲဆိုးကြီး လေးကောင်လုံးက အလွန် ခေါင်းမာကြသည်။ တကယ်လို့ ဟွန်တွန်းကသာ ရန်ငြိုးဖွဲ့သွားပါက ၎င်းက တစ်သက်လုံး မှတ်ထားလိမ့်မည်ဖြစ်သည်။
"ဧကရာဇ်သားရဲဂိုဏ်းက ထွက်သွားပြီပဲ... မင်းက ဘာလို့ ထွက်သွားမှာလဲ။"
ဧကရာဇ်သားရဲဂိုဏ်း၏ တပည့်များက ထန်ပေဖုန်းနောက်သို့ လိုက်ကာ ထွက်သွားတော့မည့် အချိန်လေးမှာပင် ရှောင်မိုက သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ကြက်သွေးရောင် ဓားချီတစ်ခုက ဝူချင်းဖုန်းဆီသို့ ခုတ်ပိုင်းသွားခဲ့သည်။
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။"
ထန်ပေဖုန်းက အဖြူရောင် ငှက်မွေးတစ်ခုကို ပစ်ထုတ်လိုက်ပြီး ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
သို့သော် လော့ကျဲက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ထိုငှက်မွေးကို ချက်ချင်း ကြေမွသွားစေခဲ့သည်။
ကြေမွသွားသော ငှက်မွေးနှင့်အတူ ဝူချင်းဖုန်းသည်လည်း သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထန်ပေဖုန်းက ရှောင်မိုကို စိုက်ကြည့်လိုက်သည်။
"ငါ့ရှေ့မှာတင် လူတစ်ယောက်ကို သတ်ရဲတယ်... ရှောင်မို... မင်းက တကယ်ကို ရဲတင်းလွန်းတယ်။"
"ကျွန်တော်က အနန္တတာအိုဂိုဏ်းက လူတစ်ယောက်ကို သတ်တာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။" ရှောင်မိုက အနည်းငယ်မျှပင် နောက်မတွန့်ခဲ့ပေ။ အမှန်တော့ သူ၏ မိစ္ဆာချီများက ပိုမို သိပ်သည်းလာပြီး သူက ရူးသွပ်သွားသည့်အလား ထန်ပေဖုန်းကိုပင် သူ၏ ဓားဖြင့် ခုတ်ပိုင်းချင်နေသေးသည်။
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်... ဒီနေ့ မင်းပြောခဲ့တဲ့စကားကို မှတ်ထားလိုက်။"
ထန်ပေဖုန်းက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ အခြား ဧကရာဇ်သားရဲဂိုဏ်း တပည့်များကလည်း သူတို့၏ ဂိုဏ်းချုပ် ထွက်သွားသည်ကို မြင်သောအခါ ရှောင်မို၏ နောက်တစ်ချက် ခုတ်ချက်က သူတို့ဆီ ဦးတည်လာမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ပျံသန်းထွက်ပြေးသွားကြသည်။
"ရှောင်မို... ငါတို့လည်း သွားကြစို့။"
လော့ကျဲက ရှောင်မိုနှင့် နဂါးနက်ဂိုဏ်း တပည့်များကို ခေါ်ဆောင်ကာ အဓိက တောင်ထွတ်ဆီသို့ ပြန်သွားခဲ့သည်။
အခြား ဂိုဏ်းအကြီးအကဲများကလည်း သဘာဝကျကျပင် ထွက်ခွာသွားကြသည်။
ဤဟွန်တွန်း မဟာအခမ်းအနားအတွင်း အချို့က အခွင့်အလမ်းများ ရရှိခဲ့ကြပြီး သူတို့၏ တပည့်များကလည်း စမ်းသပ်မှုများကို ဖြတ်သန်းနိုင်ခဲ့ကြသည်။
အချို့က ဘာတစ်ခုမှ မရရှိခဲ့သည့်အပြင် သူတို့ဂိုဏ်းမှ ထူးချွန်သော တပည့်တစ်စုကိုပါ ဆုံးရှုံးခဲ့ရပြီး လုံးဝ ရှုံးနိမ့်သွားခဲ့ကြသည်။ သို့တိုင်အောင် မည်သူမျှ ပြောစရာ စကားမရှိခဲ့ကြပေ။
မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ မွေးရာပါ အသက်နှင့် သေဆုံးခြင်းများ ပြည့်နှက်နေသည် မဟုတ်ပါလား။
နဂါးနက်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ရှောင်မိုက ဟွန်တွန်း လျှို့ဝှက်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လော့ကျဲအား အမှန်အတိုင်း ပြောပြခဲ့သည်။
ယင်းကို ကြားသောအခါ လော့ကျဲက အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
လော့ကျဲက ဟွန်တွန်းလေး မွေးဖွားလာခြင်းအတွက် အံ့အားသင့်သွားရုံသာ မဟုတ်ပေ။
သူက ရှောင်မို၏ အင်အားကြောင့် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
ရှောင်မိုက ဟွန်တွန်း၏ အငွေ့အသက် အားနည်းနေပြီး ၎င်း၏ သက်စောင့် မူလဇစ်မြစ်က ဆိုးရွားစွာ ပျက်စီးနေကာ ရက်အနည်းငယ်သာ အသက်ရှင်နိုင်တော့မည်ဟု ပြောခဲ့သော်လည်း။
သို့သော် ရှောင်မိုက လျှို့ဝှက်နယ်မြေထဲတွင် ရွှေအမြူတေအဆင့်မှာပဲ ရှိသေးတာလေ။ သူက ရှေးဟောင်း သားရဲဆိုးကြီး တစ်ကောင်နဲ့ တိုက်ခိုက်ပြီး ကြီးမားတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တယ်ပေါ့။ ဒါက တကယ်ကို အံ့မခန်းပဲ။
လော့ကျဲက ရေနွေးကြမ်း တစ်ခွက် ငှဲ့လိုက်ပြီး ရှောင်မို၏ ခေါင်းပေါ်တွင် ထိုင်ကာ ရှောင်မို၏ ဆံပင်များဖြင့် ဆော့ကစားနေသော အမွေးလုံးလေးကို ကြည့်ရင်း ရင်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"နောက်ဆုံးအချိန်လေးမှာ ဟွန်တွန်းမိခင်က မင်းလို လူသားတစ်ယောက်ကို ယုံကြည်ဖို့ ရွေးချယ်ပြီး သူမကို မင်းဆီ အပ်နှံသွားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဒါက အရင်က တစ်ခါမှ မဖြစ်ဖူးတဲ့ ကိစ္စပဲ။ ဒါပေမဲ့ မင်းကလည်း သူမအမေရဲ့ ယုံကြည်မှုကို သစ္စာမဖောက်ခဲ့ပါဘူး။ ဒီဟွန်တွန်းလေး ကြီးလာတဲ့အခါ ၎င်းက မင်းရဲ့ အကြီးမားဆုံး အကူအညီ ဖြစ်လာလိမ့်မယ်။"
"ဒါက အရေးမကြီးပါဘူး။" ရှောင်မိုက သူ၏ ခေါင်းပေါ်မှ ဟွန်တွန်းလေးကို ပွေ့ဖက်လိုက်သည်။ "ကျွန်တော့် လက်ထဲက ဓားက အရာအားလုံးကို ဖြေရှင်းပေးလိမ့်မယ်။ တခြားသူတွေရဲ့ အကူအညီ မလိုပါဘူး။ သူ့အတွက်တော့ သူ့ကောင်းကောင်း အသက်ရှင်နေဖို့ပဲ လိုပါတယ်။"
"ဟားဟားဟား... ဘယ်လို စိတ်ဓာတ်မျိုးလဲ။" လော့ကျဲက ပြုံးလိုက်သည်။ "ကောင်းပြီ... ရှောင်မို။ သွားပြီး သေချာ အနားယူလိုက်ပါဦး။ စိတ်မပူပါနဲ့။ မင်း နဂါးနက်ဂိုဏ်းမှာ ရှိနေသရွေ့ ဘာ မတော်တဆမှုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။"
ဤအချိန်တွင် လော့ကျဲက ရှောင်မိုကို ကာကွယ်ပေးရန် တကယ်ကို ယုံကြည်မှု ရှိနေခဲ့သည်။
မည်သို့ပင်ဆိုစေ ဟွန်တွန်းက ယခုအခါ ရှောင်မိုကို သခင်အဖြစ် အသိအမှတ်ပြုပြီးဖြစ်ကာ ဧကရာဇ်သားရဲဂိုဏ်းကလည်း သူတို့ ရှောင်မိုကို သတ်လျှင်တောင်မှ ဟွန်တွန်းကို ရရှိမည် မဟုတ်ကြောင်း သိထားကြသဖြင့် နဂါးနက်ဂိုဏ်းကို နောက်ထပ် ပြဿနာရှာတော့မည် မဟုတ်ပေ။
"ဒါဆိုရင် ဒီဂျူနီယာ ခွင့်ပြုပါဦး။ ဒီဂျူနီယာက နဂါးနက်ဂိုဏ်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ဒုက္ခပေးရဦးမှာပါ။" ရှောင်မိုက မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်သည်။
"ကိစ္စမရှိပါဘူး။ မင်း ကြိုက်သလောက် နေလို့ရပါတယ်။ ဒါနဲ့ မင်းကို လာခေါ်ဖို့ မင်းရဲ့ဆရာကို ငါ အကြောင်းကြားပေးရမလား။ ဘာပဲဖြစ်ဖြစ် မင်းက ထန်ပေဖုန်းကို လူသိရှင်ကြား အရှက်ခွဲခဲ့တာဆိုတော့ သူက မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ သူ ဟွန်တွန်းကို မရနိုင်ရင်တောင်မှ ကွေးတာထက် ကျိုးတာကို ရွေးချယ်ပြီး မင်းနဲ့ ဟွန်တွန်း နှစ်ယောက်စလုံးကို သတ်ပစ်နိုင်တယ်။"
လော့ကျဲက ရှောင်မိုကို အကြံပြုလိုက်သည်။
"အဲဒီလို လုပ်စရာမလိုပါဘူး။ ဒီဂျူနီယာ ဘာသာပဲ ကိုင်တွယ်လိုက်ပါ့မယ်။" ထိုဘိုးတော်မှာ သူ၏ ဆရာကို တွေ့ရန် တမင်သက်သက် အကြောင်းပြချက် လုပ်နေသလားဟု ရှောင်မိုက သံသယဝင်သွားခဲ့သည်။
သို့သော် ရှောင်မိုက သွေးမိစ္ဆာ လာဖို့ တကယ် မလိုအပ်ပေ။ သူ ကိုယ်တိုင် ကိုင်တွယ်နိုင်သည်ဟု ခံစားခဲ့ရသည်။
"ကောင်းပြီလေ။ မင်း တစ်ခုခု လိုအပ်ရင် ငါ့ကိုသာ ပြောပါ။" လော့ကျဲ၏ လေသံတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ။"
ရှောင်မိုက နှုတ်ဆက်ပြီးနောက် ဟွန်တွန်းကို ခေါ်ကာ ဧည့်သည်တော် တောင်ထွတ် ခြံဝင်းဆီသို့ ပျံသန်းသွားခဲ့သည်။
ဤတစ်ကြိမ် ဟွန်တွန်း လျှို့ဝှက်နယ်မြေမှ ပြန်လာပြီးနောက် အထူးသဖြင့် ဟွန်တွန်းနှင့် ကြီးမားသော တိုက်ပွဲကြီးအပြီးတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်ရန် ယခု ကြိုးစားနိုင်ပြီဟု ရှောင်မို ခံစားလိုက်ရသည်။
ထို့ကြောင့် ရှောင်မိုက မထွက်ခွာမီ နဂါးနက်ဂိုဏ်းတွင် ကောင်းကင်ဘေးဒဏ်ကို ခံယူကာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ရန် စီစဉ်လိုက်သည်။
ခြံဝင်းသို့ ပြန်ရောက်သောအခါ ဝမ်ရှင်းနှင့် စစ်လီတို့က ရှောင်မိုကို စောင့်နေကြပြီဖြစ်သည်။
ရှောင်မိုက သူတို့ကို ဟွန်တွန်းကို ပွေ့ဖက်ခွင့် ပေးလိုက်သည်။
မိန်းကလေးများက ဤကဲ့သို့ နူးညံ့ပြီး အိစက်နေသော ကလေးလေးများကို လုံးဝ တွန်းလှန်နိုင်စွမ်း မရှိပုံရသည်။
စစ်လီကပင် ဟွန်တွန်းလေးကို ချစ်စရာကောင်းသည်ဟု ထင်နေခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် ၎င်းက ဘယ်နားမှာ ချစ်စရာကောင်းနေသလဲဆိုတာကို ရှောင်မို မမြင်နိုင်ခဲ့ပေ...
ဟွန်တွန်းကလည်း သူတို့ထံမှ မည်သည့် မကောင်းသော အကြံအစည်ကိုမျှ မခံစားရသဖြင့် သူတို့နှင့် အလျင်အမြန် ရင်းနှီးသွားခဲ့သည်။
"နောက်လာမယ့် တစ်လ၊ နှစ်လလောက် ငါက တရားထိုင်ပြီး တာအိုကို လေ့လာဆင်ခြင်နေလိမ့်မယ်။ ဟွန်တွန်းလေးကို သေချာ ဂရုစိုက်ပေးပါဦး ဝမ်ရှင်း" ဟု ရှောင်မိုက ဝမ်ရှင်းကို ပြောလိုက်ပြီးနောက် စားပွဲပေါ်ရှိ ဟွန်တွန်းကို ကြည့်ကာ "မင်း သူ့စကားကို နားထောင်ရမယ်... နားလည်လား။" ဟု ပြောလိုက်သည်။
"မိကူ" ဟွန်တွန်းလေးက အကြောင်းပြန်လိုက်ပြီးနောက် ဝမ်ရှင်း၏ ပခုံးပေါ်သို့ ပျော်ရွှင်စွာ ပျံသန်းသွားကာ ဝမ်ရှင်း၏ ပါးပြင်ကို သွားရောက် ပွတ်သပ်နေခဲ့သည်။
ဤဟွန်တွန်းလေးက ဝမ်ရှင်းအပေါ် အလွန် ချစ်ခင်တွယ်တာပုံရပြီး သူ့ထက်ပင် ပို၍ တွယ်တာနေသလားဟု ရှောင်မို ခံစားလိုက်ရသည်။
ဟွန်တွန်းကို ဝမ်ရှင်းထံ အပ်နှံပြီးနောက် ရှောင်မိုက နောက်နေ့တွင် သူ၏ တာအို လေ့လာဆင်ခြင်မှုကို စတင်ခဲ့သည်။
သူက ခြံဝင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေပြီး ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်နေခဲ့သည်။
တစ်ခါတစ်ရံတွင် ဟွန်တွန်းလေးက ရှောင်မို၏ အပေါ်တွင် လိမ့်လှိမ့်ဆော့ကစားနေတတ်ပြီး တစ်ခါတစ်ရံတွင် ရှောင်မို၏ ခေါင်းနှင့် ပခုံးများပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်သည်။
ဟွန်တွန်းလေး နိုးလာသောအခါ ရှောင်မို၏ ခေါင်းတစ်ခုလုံး သွားရည်များ ပေကျံနေတတ်သည်။
ဝမ်ရှင်းကမူ ခြံဝင်းထဲတွင် ဗုဒ္ဓဘာသာ ကျမ်းစာများကို ရွတ်ဖတ်ရင်း ဟွန်တွန်းလေးကို စောင့်ရှောက်ပေးနေခဲ့သည်။
စစ်လီအတွက်တော့...
စစ်လီက မူလက အနန္တတာအိုဂိုဏ်းသို့ ပြန်ရန် စီစဉ်ထားသော်လည်း ယခုအခါ ရှောင်မို တာအို လေ့လာဆင်ခြင်မှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းရန် သူမက ရည်ရွယ်ထားခဲ့သည်။
ထို့အပြင် စစ်လီက ဤဟွန်တွန်းကို အတော်လေး ရယ်စရာကောင်းသည်ဟု ခံစားနေရသည်။
၎င်း၏ ဝမ်းဗိုက်က နူးညံ့နေပြီး စစ်လီက သူမ၏ လက်ချောင်းထိပ်များဖြင့် ၎င်းကို ထိုးဆွရသည်ကို နှစ်သက်သည်။ လွှတ်လိုက်ပြီးနောက် ၎င်းက ပြန်ကန်ထွက်လာတတ်သည်။
ဟွန်တွန်းလေးက မကြာခဏဆိုသလို သူမ၏ ထိုးဆွမှုများကြောင့် ယားယံကာ စားပွဲပေါ်တွင် လိမ့်လှိမ့်နေတတ်သည်။
စစ်လီ သယ်ဆောင်လာသော ဟွန်တွန်းပုလဲကိုတော့ မူလက ဟွန်တွန်း လျှို့ဝှက်နယ်မြေထဲတွင် ဟွန်တွန်းကို မျှားခေါ်ရန် ငါးစာအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ဤဟွန်တွန်းပုလဲသည် ဟွန်တွန်းလေးအတွက် သရေစာ တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
မသိမသာဖြင့် နှစ်လ ကုန်လွန်သွားခဲ့သည်။
တစ်မနက်တွင် ဧည့်သည်တော် တောင်ထွတ်၏ ထိပ်ရှိ ဝိညာဉ်ချီများက ပြင်းထန်စွာ လှိုင်းထလာပြီး အဆက်မပြတ် စုစည်းလာခဲ့ကြသည်။
မူလက ကြည်လင်နေသော ကောင်းကင်ယံက အလျင်အမြန် တိမ်မည်းများ ဖုံးလွှမ်းသွားပြီး လေထုက ရုတ်တရက် အသက်ရှူကျပ်လာခဲ့သည်။
နဂါးနက်ဂိုဏ်းအတွင်းရှိ ကျင့်ကြံသူအားလုံးက ဧည့်သည်တော် တောင်ထွတ်ဆီသို့ အလိုအလျောက် မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အံ့သြမှုနှင့် သံသယများ ပြည့်နှက်နေခဲ့သည်။
"မိကူ မိကူ—"
ဟွန်တွန်းလေးက ခေါင်းစောင်းကာ ရှောင်မိုကို အပြစ်ကင်းစင်သော အမူအရာဖြင့် ကြည့်နေပြီး သူ ဘာလုပ်နေသလဲ ဆိုတာကို ခန့်မှန်းနေသည့်အလားပင်။
ပြီးတော့ ၎င်းက ရှောင်မို၏ ခေါင်းကို ၎င်း၏ အတောင်ပံဖြင့် ညင်သာစွာ ပုတ်လိုက်ချိန်လေးမှာပင် ရှောင်မိုက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
"ဘုန်း"
ရုတ်တရက် မိုးကြိုးပစ်သံတစ်ခု ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေခဲ့သည်။
ဟွန်တွန်းလေးက လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားကာ ဝမ်ရှင်း၏ ရင်ခွင်ထဲသို့ အလျင်အမြန် ကျုံ့ဝင်သွားခဲ့သည်။
"ငါ ခဏလောက် သွားလိုက်ဦးမယ်။"
ရှောင်မိုက မတ်တတ်ရပ်ကာ ဝမ်ရှင်းနှင့် အခြားသူများကို တည်ငြိမ်စွာ ပြောလိုက်သည်။
"နင်... နင် သတိထားနော်—"
ဝမ်ရှင်းက ရှောင်မိုကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး သူမ၏ အသံတွင် ဖုံးကွယ်၍မရသော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။
ရှောင်မိုက ကျောက်စိမ်းသန့်စင်ခြင်းအဆင့် မိုးကြိုးဘေးဒဏ်ကို ရင်ဆိုင်ရတော့မည်ကို သူမ ရှင်းလင်းစွာ သိထားခဲ့သည်။
"စိတ်မပူပါနဲ့။" ရှောင်မိုက ခပ်ဖျော့ဖျော့ ပြန်ဖြေလိုက်ပြီးနောက် လျင်မြန်စွာ ရွေ့လျားသွားကာ နဂါးနက်ဂိုဏ်းရှိ လူသူကင်းမဲ့သော တောင်တစ်တောင်ဆီသို့ ပျံသန်းသွားခဲ့သည်။
"ဘုန်း"
လူသူကင်းမဲ့သော တောင်ပေါ်သို့ သူ ဆင်းသက်လိုက်သည့် အချိန်လေးမှာပင် အထက်ကောင်းကင်ယံမှ မိုးကြိုးများက တဟုန်ထိုး ဆင်းသက်လာခဲ့သည်။
တစ်ခု၊ နှစ်ခု၊ သုံးခု။ မိုးကြိုး၏ ကြမ်းတမ်းမှုနှင့် ကောင်းကင်ဘုံအင်အား၏ အေးစက်မှုတို့က နဂါးနက်ဂိုဏ်း တပည့်များ တစ်ခါမှ မမြင်တွေ့ဖူးခဲ့သော ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။
နောက်ဆုံး မိုးကြိုးဘေးဒဏ် ကျဆင်းလာသည့် အချိန်လေးမှာပင် ကမ္ဘာကြီးတစ်ခုလုံး အရောင်အဆင်းများ ဆုံးရှုံးသွားပုံရပြီး အရာအားလုံးက အဖြူအမည်း ရောယှက်နေသော ဟင်းလင်းပြင်ကြီးတစ်ခုထဲသို့ ကျဆင်းသွားကာ ကမ္ဘာပျက်မည့်အချိန် ရောက်ရှိလာသည့်အလားပင်။
လော့ကျဲက အဓိက တောင်ထွတ်ပေါ်တွင် ရပ်နေပြီး သူ၏ အင်္ကျီလက်စများကို မသိမသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူ၏ မျက်နှာအမူအရာက လေးနက်နေခဲ့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ကျင့်ကြံသူတစ်ဦး၏ ပါရမီ ပိုမြင့်မားလေလေ၊ သူတို့၏ အခြေခံအုတ်မြစ်က ပိုမို ခိုင်မာလေလေဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့် အရည်အသွေးက ပိုမို မြင့်မားလေလေဖြစ်ကာ သူတို့ လှုံ့ဆော်မည့် မိုးကြိုးဘေးဒဏ်ကလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်သည်။
ပြီးတော့ ရှောင်မို ယခု ရင်ဆိုင်နေရသည်က ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ဘေးဒဏ်သက်သက်သာ ဖြစ်သော်လည်း ၎င်း၏ အင်အားက အဲဒီတုန်းက သူ ခံစားခဲ့ရတဲ့ မသေမျိုး ကောင်းကင်ဘေးဒဏ်နဲ့ နှိုင်းယှဉ်လို့ရနေပြီလေ။
လော့ကျဲက ရှောင်မိုအတွက် စိုးရိမ်နေချိန်လေးမှာပင် ထိုအဖြူအမည်းနှင့် သေမတတ် တိတ်ဆိတ်နေသော ကမ္ဘာကြီးကို တောက်ပသော ကြက်သွေးရောင် အလင်းတန်းတစ်ခုက ရုတ်တရက် လင်းထိန်သွားစေခဲ့သည်—၎င်းက ကောင်းကင်ယံသို့ ထိုးတက်သွားသော အလွန်တရာ ထက်မြက်သည့် ကြက်သွေးရောင် ဓားချီတစ်ခု ဖြစ်သည်။ ဤဓားချက်က မိုးကြိုးဘေးဒဏ်ကို ထက်ပိုင်းခွဲပစ်လိုက်ပြီး ကောင်းကင်ယံကို ဆုတ်ဖြဲသွားကာ ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော အဖြူနှင့် အမည်း အရောင်များကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး အရာအားလုံးကို မူလအရောင်အဆင်းအတိုင်း ပြန်လည် ထားရှိပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြည်လင်ပြီး သာယာငြိမ့်ညောင်းသော မသေမျိုး အသံများက ကောင်းကင်ယံမှ လွင့်ပျံလာပြီး တာအိုတေးသံက နဂါးနက်ဂိုဏ်း တစ်ခုလုံးကို လေပြေလေးတစ်ခုကဲ့သို့ ဖြတ်သန်းတိုက်ခတ်သွားကာ လူတိုင်း၏ စိတ်နှလုံးများကို တည်ငြိမ်သွားစေခဲ့သည်။
လော့ကျဲက ရှောင်မိုရှိရာသို့ အဝေးမှ လှမ်းကြည့်လိုက်ပြီးနောက် ခါးသီးစွာ ရယ်မောလိုက်ကာ ခေါင်းခါယမ်း၍ တိုးတိုးလေး ရေရွတ်လိုက်သည်။
"အသက်နှစ်ဆယ်မှာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်။"
"ဒါ ဘယ်လို မိစ္ဆာကောင်မျိုးလဲ—"
ကောင်းကင်ယံအောက်တွင် အဝတ်အစားများ စုတ်ပြတ်သတ်နေသော ရှောင်မိုက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီများကို ထိန်းညှိနေပြီး သူ၏ အတွင်းရှိ ကျယ်ပြန့်လှသော ဝိညာဉ်ချီများကို ခံစားကာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်သာ ဝင်ရောက်အသုံးပြုနိုင်သော ကမ္ဘာကြီး၏ ဥပဒေသများကို ခံစားနေခဲ့သည်။
"ဟူး..." အချိန်အတော်ကြာပြီးနောက် ရှောင်မိုက လေကို အားပါးတရ မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
"ငါ ဒီလောကကြီးထဲ ရောက်နေတာ ဆယ့်နှစ်နှစ်ရှိသွားပြီ။ အရာအားလုံးကို အဆုံးသတ်ဖို့ အချိန်နီးလာပြီပဲ။"
အခန်း ၂၅၈ မသိဘူး... အဲဒီလိုနေ့မျိုးကို ငါ စိတ်ကူးတောင် မယဉ်ကြည့်တတ်ဘူး
ရှောင်မိုက ကျောက်စိမ်းသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်သွားပြီးနောက် နဂါးနက်ဂိုဏ်းချုပ် လော့ကျဲက ဧည့်သည်တော် တောင်ထွတ်သို့ ချက်ချင်းလာရောက်ကာ သူ့ကို ဂုဏ်ပြုစကားဆိုခဲ့သည်။
ကျန်းရှန်းဟန်နှင့် လိုထိုက်တို့လည်း မကြာမီ ရောက်ရှိလာကြသည်။ သူတို့၏ ညီငါးအတွက် သူတို့ တကယ်ကို ဝမ်းသာနေခဲ့ကြသည်။
အသက်နှစ်ဆယ်အရွယ် ကျောက်စိမ်းသန့်စင်ခြင်းအဆင့်... အရင်က ကြားဖူးသည်၊ မကြားဖူးသည်ကို ထားလိုက်ပါတော့၊ သူတို့ စိတ်ကူးတောင် မယဉ်ကြည့်ဝံ့ခဲ့ပေ။
ရှောင်မို အထက်သုံးဆင့်သို့ ဝင်ရောက်သွားခြင်းကို အထိမ်းအမှတ်ပြုရန်အတွက် လော့ကျဲက အားလုံးကို အနီးအနားရှိ မြို့လေးမှ စားသောက်ဆိုင်တစ်ဆိုင်သို့ ဖိတ်ခေါ်ကာ သေရည်တိုက်ခဲ့သည်။
ဟွန်တွန်းလေးလည်း လိုက်ပါသွားခဲ့သည်။ သေရည် ပန်းကန်အနည်းငယ် သောက်ပြီးနောက် ဟွန်တွန်းလေး၏ မျက်နှာက ရဲတွတ်သွားပြီး လမ်းလျှောက်ရာတွင် ယိုင်တိယိုင်တိုင် ဖြစ်နေခဲ့သည်။
သုံးရက်ကြာပြီးနောက် ရှောင်မိုက သူ၏ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်ကို လုံးဝ တည်ငြိမ်အောင် ပြုလုပ်ပြီးသွားသောအခါ သူက နဂါးနက်ဂိုဏ်း၏ အဓိက တောင်ထွတ်ဆီသို့ သွားရောက်ကာ ဂိုဏ်းချုပ်ကို နှုတ်ဆက်ခဲ့သည်။
ရှောင်မို ထွက်ခွာတော့မည်ကို ကြားသောအခါ နဂါးနက်ဂိုဏ်းချုပ်က အံ့အားသင့်မသွားခဲ့ပေ။
"အခု မင်းက ကျောက်စိမ်းသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်သွားပြီဆိုတော့ မင်းရဲ့ အဆင့်အရည်အသွေးက ဒီအဘိုးကြီးတောင် ပထမဆုံးအကြိမ် မြင်ဖူးတာမျိုး ဖြစ်နေပြီ။ မင်း ထွက်သွားချင်သရွေ့ ဘယ်သူမှ မင်းကို သတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင်မှ ရန်သူကို အထင်မသေးပါနဲ့။" လော့ကျဲက ရှောင်မို၏ ပခုံးကို ပုတ်ကာ လေးနက်စွာ အကြံပေးလိုက်သည်။ "လူအများစုက ပေါ့ဆမှုကြောင့် သေဆုံးရတာပဲ။"
ရှောင်မိုက အရိုအသေပေးလျက် "ဒီဂျူနီယာ နားလည်ပါပြီ။" ဟု ပြန်ဖြေလိုက်သည်။
"သိရင် ကောင်းတာပေါ့။" လော့ကျဲက ခေါင်းညိတ်လိုက်သည်။ "လမ်းမှာ သတိထားသွားပါ၊ ပြီးတော့ မင်းရဲ့ဆရာကို ငါ့ကိုယ်စား နှုတ်ဆက်ပေးပါဦး။"
"ဒီအချိန်အတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ ဒီဂျူနီယာ ခွင့်ပြုပါဦး။"
"ဘေးကင်းကင်းနဲ့ သွားနိုင်ပါစေ။"
လော့ကျဲကို နှုတ်ဆက်ပြီးနောက် ရှောင်မိုက နဂါးနက်ဂိုဏ်းမှ တိုက်ရိုက် ပျံသန်းမထွက်ခွာသွားခဲ့ပေ။ ထို့အစား သူက သူ၏ အစ်ကိုနှစ်ယောက်ကို နှုတ်ဆက်ရန် သူတို့၏ ခြံဝင်းဆီသို့ သွားခဲ့သည်။
သူတို့၏ ညီငါး ထွက်ခွာတော့မည်ကို ကြားသောအခါ ကျန်းရှန်းဟန်နှင့် လိုထိုက်တို့မှာ အနည်းငယ် အထီးကျန်နေသည့်ပုံ ပေါက်နေခဲ့သည်။
"ညီငါး... မင်း မသွားခင် ဒုတိယအစ်ကိုနဲ့ ငါ မင်းကို နေရာတစ်ခုကို ခေါ်သွားပေးရမလား။" ကျန်းရှန်းဟန်က ရှောင်မိုကို ပြောလိုက်သည်။
"ကောင်းပြီလေ" ရှောင်မိုက သဘောတူလိုက်သည်။
နံ့သာတိုင်တစ်ဝက်ခန့် ကြာပြီးနောက် ရှောင်မိုက သူ၏ အစ်ကိုနှစ်ယောက်၏ လမ်းပြမှုဖြင့် လူသူကင်းမဲ့သော တောင်တစ်တောင်ဆီသို့ ရောက်ရှိလာခဲ့သည်။
လူသူကင်းမဲ့သော တောင်ပေါ်တွင် အုတ်ဂူမှတ်တိုင် နှစ်ခု ရှိနေခဲ့သည်။
"အစ်ကိုသုံး၏ အုတ်ဂူ - ထန်ခွမ်း"
"အစ်ကိုလေး၏ အုတ်ဂူ - ချန်ကျိန်းဟောင်"
သို့သော် "ချန်ကျိန်းဟောင်၏ အုတ်ဂူ" ဟု ရေးသားထားသော အုတ်ဂူမှတ်တိုင်က မတ်တတ်ရပ်မနေဘဲ မြေကြီးပေါ်တွင် လဲလျောင်းနေခဲ့သည်။
"မူလက ငါက အစ်ကိုသုံးအတွက်ပဲ အုတ်ဂူအတုတစ်ခု တည်ဆောက်ပေးချင်ခဲ့တာ။ ဒါပေမဲ့ အစ်ကိုကြီးက လူတစ်ယောက် သေသွားရင် သူတို့ရဲ့ မီးအိမ်က ငြိမ်းသွားပြီး အရာအားလုံးက အဆုံးသတ်သွားပြီတဲ့။ သူက အစ်ကိုလေးအတွက်ပါ အုတ်ဂူမှတ်တိုင်တစ်ခု တည်ဆောက်ပေးသင့်တယ်လို့ ပြောတယ်။"
လိုထိုက်က ရှောင်မိုကို ကြည့်လိုက်သည်။
"နောက်ဆုံးတော့ အစ်ကိုကြီးနဲ့ ငါ တိုင်ပင်ပြီး ညီငါး မင်းကိုပဲ ဆုံးဖြတ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာ။"
ကျန်းရှန်းဟန်နှင့် လိုထိုက်တို့ နှစ်ဦးစလုံးက ဖုန်းယဲ့မြို့တော်တွင် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို သိထားကြသည်။ အစ်ကိုလေးက ညီငါးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပြီး ညီငါးက အစ်ကိုသုံးအတွက် ကလဲ့စားချေပေးခဲ့တယ် ဆိုတာကို သူတို့ သိထားကြသည်။
ထို့ကြောင့် ဤဆုံးဖြတ်ချက်ကို ချရန်အတွက် ညီငါးက အသင့်တော်ဆုံး ပုဂ္ဂိုလ်ပင် ဖြစ်သည်။
လဲကျနေသော အုတ်ဂူမှတ်တိုင်ကို ကြည့်ရင်း ရှောင်မိုက ရှေ့သို့ တစ်လှမ်းတိုးကာ ၎င်းကို မတ်တတ်ထောင်ပေးလိုက်သည်။ "အစ်ကိုကြီး ပြောတာမှန်တယ်။ လူတစ်ယောက် သေသွားရင် သူတို့ရဲ့ မီးအိမ်က ငြိမ်းသွားတာပဲ။ အစ်ကိုလေးလည်း တန်ဖိုးပေးဆပ်ခဲ့ရပြီးပြီပဲ။ သူ့အတွက် ဒီအုတ်ဂူမှတ်တိုင်ကို တည်ဆောက်ပေးလိုက်ကြတာပေါ့။"
"ကောင်းပြီ။"
ကျန်းရှန်းဟန်က ခေါင်းညိတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ သေရည်တစ်အိုးကို ထုတ်ယူလိုက်သည်။
ကျန်းရှန်းဟန်က ခေါင်းမော့ကာ သေရည်တစ်ငုံ သောက်လိုက်ပြီးနောက် ဒုတိယအစ်ကိုနှင့် ညီငါးထံသို့ ကမ်းပေးလိုက်သည်။
ညီအစ်ကိုသုံးယောက်စလုံး တစ်ငုံစီ သောက်ပြီးနောက် ကျန်းရှန်းဟန်က ကျန်နေသော သေရည်များကို အုတ်ဂူမှတ်တိုင်များရှေ့တွင် လောင်းချလိုက်သည်။
"အစ်ကိုသုံး... ညီငါးက မင်းအတွက် ကလဲ့စားချေပေးခဲ့ပြီးပြီ။ သွားပြီးတော့ ကောင်းမွန်တဲ့ သံသရာထဲ ပြန်လည် ဝင်စားလိုက်ပါတော့။ နောက်ဘဝကျရင် ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားပြီး ကြွယ်ဝချမ်းသာပြီး အေးအေးချမ်းချမ်း နေရမလားဆိုတာ ကြည့်လိုက်ဦး။ ထပ်ပြီး ဒုက္ခမခံရစေနဲ့တော့။"
"အစ်ကိုလေး... ဝိညာဉ်လွင့်စင်ပျက်စီးသွားတာက မင်းနဲ့ ထိုက်တန်ပါတယ်။ မင်းရဲ့ ဝိညာဉ်က ကောင်းကင်ယံမှာ ကျန်ရှိနေသေးသလားဆိုတာကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ ငါတို့က မင်းအတွက် ဒီအုတ်ဂူမှတ်တိုင်ကို တည်ဆောက်ပေးထားတယ်။ မင်း ဒီလောကကြီးထဲမှာ တစ်ခါက ဖြတ်သန်းသွားခဲ့ဖူးတယ်ဆိုတဲ့ အမှတ်အသားတစ်ခုအနေနဲ့ သဘောထားလိုက်ပါ။"
စကားပြောနေရင်း ကျန်းရှန်းဟန်က မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ "မင်းတို့နှစ်ယောက်... ဘေးကင်းကင်းနဲ့ သွားကြပါတော့။"
အရိုအသေပေးပြီးနောက် ကျန်းရှန်းဟန်နှင့် လိုထိုက်တို့က နဂါးနက်ဂိုဏ်းမှ ထွက်ခွာသွားသော ရှောင်မိုကို လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
နဂါးနက်ဂိုဏ်း၏ တောင်ခြေတွင် စစ်လီက ဘေးဘက်၌ စောင့်ဆိုင်းနေခဲ့ပြီဖြစ်သည်။
ဟွန်တွန်းလေးက ရှောင်မိုကို မြင်သည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်စွာ ပျံသန်းလာပြီး သူ၏ ပခုံးပေါ်တွင် ဆင်းသက်ကာ သူ၏ လည်ပင်းကို အဆက်မပြတ် ပွတ်သပ်နေခဲ့သည်။
"အစ်ကိုကြီး၊ ဒုတိယအစ်ကို... ဒီမှာပဲ နေခဲ့ကြပါ။" ရှောင်မိုက ရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။ "ဆက်ပြီး လိုက်ပို့ဖို့ မလိုတော့ပါဘူး။"
သူတို့၏ အငယ်ဆုံးဖြစ်သော်လည်း အအောင်မြင်ဆုံးဖြစ်သော ညီငါးကို ကြည့်ရင်း ကျန်းရှန်းဟန်နှင့် လိုထိုက်တို့၏ မျက်လုံးများတွင် တွယ်တာမှုများ ပေါ်လွင်နေခဲ့သည်။ ဤတစ်ကြိမ် ခွဲခွာပြီးနောက် ဘယ်တော့ပြန်ဆုံရမည်ကို သူတို့ မသိခဲ့ကြပေ။
"ညီငါး... ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်နော်။ ဘာပဲဖြစ်ဖြစ် ဟီးရိုးလုပ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ကိုယ့်အသက်ကို ကယ်တင်ဖို့က အရေးကြီးဆုံးပဲ။ တောင်စိမ်းတွေ ရှိနေသရွေ့ ထင်းအတွက် ပူစရာ မလိုပါဘူး။"
"ကျွန်တော် သိပါတယ်။" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။ "အစ်ကိုတို့ နှစ်ယောက်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါဦး။"
"ဟားဟားဟား... ဒုတိယအစ်ကိုနဲ့ ငါကတော့ တစ်နေ့ပြီးတစ်နေ့ ဒီလိုပဲ ဖြတ်သန်းသွားမှာပါ။ ဒါပေမဲ့ တကယ်လို့ တစ်နေ့ကျရင် ငါတို့မရှိတော့ဘူးဆိုရင် အစ်ကိုသုံးနဲ့ အစ်ကိုလေးရဲ့ ဘေးမှာပဲ ငါတို့နှစ်ယောက်အတွက် အုတ်ဂူအတုတစ်ခု တည်ဆောက်ပေးလိုက်ပါ။" ကျန်းရှန်းဟန်က အားရပါးရ ပြောလိုက်သည်။
"သေချာတာပေါ့... ပြဿနာမရှိပါဘူး။" ရှောင်မိုက ပြုံးလိုက်သည်။ "ဒါပေမဲ့ တကယ်လို့ ကျွန်တော်ကသာ အရင် မရှိတော့ဘူးဆိုရင် အဲဒီနေရာမှာ ကျွန်တော့်အတွက် အုတ်ဂူမှတ်တိုင်တစ်ခု တည်ဆောက်ပေးဖို့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကို ဒုက္ခပေးရလိမ့်မယ်။"
"ဖွဟ် ဖွဟ် ဖွဟ်... ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။" ကျန်းရှန်းဟန်က ရှောင်မို၏ ပခုံးကို ပုတ်လိုက်သည်။ "ဒီလို နိမိတ်မရှိတဲ့ စကားတွေ မပြောရဘူးလေ။ ဒုတိယအစ်ကိုနဲ့ ငါက မင်း အနောက်ဘက်ဒေသမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်လာမယ့်အချိန်ကို စောင့်နေတာ။"
"ကောင်းပါပြီ။" ရှောင်မိုက လေးနက်စွာ အရိုအသေပေးလိုက်သည်။ "ဒါဆိုရင် ဒီညီငါးကို သွားခွင့်ပြုပါဦး။"
ရှောင်မိုက လှည့်ကာ အဝေးသို့ လျှောက်သွားခဲ့သည်။
စစ်လီက သူမ၏ စကတ်ကို ကိုင်ကာ အပြေးကလေး လိုက်သွားပြီး သူ၏ ဘေးတွင် ယှဉ်လျှောက်သွားခဲ့သည်။
သူတို့နှစ်ဦး မိုင်ငါးမိုင်ခန့် လမ်းလျှောက်ပြီးနောက် စစ်လီက မအောင့်နိုင်တော့ဘဲ ရှောင်မိုကို မေးလိုက်သည်။ "သခင်လေးက ညီမလေးဝမ်ရှင်း ဘယ်မှာလဲလို့ မမေးတော့ဘူးလား။"
"မေးစရာမလိုပါဘူး။" ရှောင်မိုက တည်ငြိမ်စွာ ပြောလိုက်သည်။
"သခင်လေးက ညီမလေးဝမ်ရှင်းကို တကယ် စိတ်ချတာပဲ။" စစ်လီက သက်ပြင်းချလိုက်သည်။ "ခုန်းနျန်ကျောင်းတော်က ဘုန်းကြီးတချို့ ညီမလေးဝမ်ရှင်းကို လာရှာနေကြတယ်လို့ ဒီအစေခံမလေး ကြားတယ်။ သူမကို ပြန်ခေါ်သွားဖို့ ဖြစ်လိမ့်မယ်။"
"တကယ်လို့ သူမ ပြန်သွားရင် အဲဒါက အကောင်းဆုံးပဲလေ။"
ရှောင်မိုက ဂရုမစိုက်တော့ဘဲ ရှေ့သို့သာ ဆက်ကြည့်နေခဲ့သည်။
"မိကူ..."
ဟွန်တွန်းလေးက ခေါင်းလှည့်ကာ နောက်သို့ ကြည့်လိုက်ပြီး ၎င်း၏ စကားကို နားလည်နိုင်သော ထိုအစ်မကြီးကို ရှာဖွေနေသည့်အလားပင်။
တစ်ချိန်တည်းမှာပင် နဂါးနက်ဂိုဏ်း၏ ဧည့်သည်တော် တောင်ထွတ်တွင် ခုန်းနျန်ကျောင်းတော်မှ ဘုန်းကြီးအချို့က ခြံဝင်းထဲရှိ မိန်းကလေးငယ်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
"ဝမ်ရှင်းက ဦးလေးတော်ဟွေ့ယွင်နဲ့ ဂိုဏ်းတူအစ်ကိုတွေ အားလုံးကို ဂါရဝပြုပါတယ်။" သူတို့ကို မြင်သောအခါ ဝမ်ရှင်းက လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
ခုန်းနျန်ကျောင်းတော်၏ အကြီးအကဲ ဟွေ့ယွင်နှင့် အခြားတပည့်များကလည်း လက်အုပ်ချီကာ ပြန်လည် နှုတ်ဆက်လိုက်ကြသည်။
"ဝမ်ရှင်း... တောင်ပေါ်က ဆင်းပြီး လှည့်လည်သွားလာနေရတဲ့ ဒီနှစ်တွေအတွင်း ဘယ်လိုနေလဲ။" ဟွေ့ယွင်က ပြုံးကာ မေးလိုက်သည်။
"ဦးလေးတော်ကို အစီရင်ခံပါတယ်။ ဝမ်ရှင်းက အရမ်းကောင်းပါတယ်။" ဝမ်ရှင်းက အမှန်အတိုင်း ပြောလိုက်သည်။
"အဲဒါ ကောင်းတာပေါ့။" ဟွေ့ယွင်က ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ဝမ်ရှင်း... ငါတို့ရဲ့ ဗုဒ္ဓဘာသာဂိုဏ်းက လူငယ်မျိုးဆက်တွေထဲကနေ ခေါင်းဆောင်တစ်ယောက် ရွေးချယ်ဖို့ ဗုဒ္ဓတာအို စကားရည်လုပွဲ တစ်ခု ကျင်းပတော့မယ်။ မင်း ငါတို့နဲ့အတူ ပြန်လိုက်ခဲ့မလား။"
ဝမ်ရှင်းက ခေါင်းငုံ့ကာ ခဏတာ လေးလေးနက်နက် စဉ်းစားလိုက်ပြီးနောက် ဟွေ့ယွင်ကို မော့ကြည့်လိုက်သည်။ "ဦးလေးတော်ဟွေ့ယွင်... သမီး မပြန်ဘဲနေလို့ မရဘူးလား။"
"ဝမ်ရှင်း"
ကျွယ်နင် အမည်ရှိ ဘုန်းကြီးတစ်ပါးက ရှေ့သို့ ထွက်လာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"အဲဒီ ရှောင်မိုက မိစ္ဆာကောင်ပဲ။ သူ ရပ်နေရုံနဲ့တင် သူ့ကိုယ်ပေါ်က သွေးချီတွေက လွှမ်းမိုးနေတာ။ တကယ်လို့ မင်းက သူ့အနားမှာ ဆက်နေမယ်ဆိုရင် မင်းလည်း အဲဒီ ကြက်သွေးရောင် မိစ္ဆာချီတွေ စွန်းထင်းသွားလိမ့်မယ်။ အဲဒါက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။"
"ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုရယ်... တကယ်လို့ သမီးက သူ့ရဲ့ အရောင်တွေ စွန်းထင်းသွားမယ်ဆိုရင်တောင်..."
ဝမ်ရှင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကျွယ်နင်ကို ကြည့်လိုက်သည်။
"သမီးကတော့ ကိစ္စမရှိပါဘူး။"
နာရီဝက် ကြာပြီးနောက်။
ရှောင်မိုနှင့် စစ်လီတို့က မိုင်သုံးဆယ်ခန့် လျှောက်လာခဲ့ကြပြီဖြစ်သည်။
ထိုစဉ် ရှောင်မို၏ ခေါင်းပေါ်တွင် အိပ်နေသော ဟွန်တွန်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အဝေးဆီသို့ "မိကူ" ဟု ပျော်ရွှင်စွာ အော်ဟစ်လိုက်ကာ ၎င်း၏ အတောင်ပံများက ရှောင်မို၏ ခေါင်းကို ပျော်ရွှင်စွာ ရိုက်ခတ်နေခဲ့သည်။
ထို့နောက် ဟွန်တွန်းက ပျံတက်သွားပြီး သူတို့၏ အရှေ့ရှိ အမျိုးသမီးထံသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။
ဝမ်ရှင်းက ဟွန်တွန်းကို ပွေ့ဖက်လိုက်ပြီး ၎င်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးကာ ရှောင်မိုထံသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
နောက်ဆုံးတွင် မိန်းကလေးက ရှောင်မို၏ အရှေ့တွင် ရပ်တန့်လိုက်ပြီး ခေါင်းမော့ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။
"ခုန်းနျန်ကျောင်းတော်ကို မပြန်ဘူးလား။" သူမ၏ ကြည်လင်သော မျက်လုံးလေးများကို ကြည့်ရင်း ရှောင်မိုက မေးလိုက်သည်။
ဝမ်ရှင်းက ခေါင်းခါလိုက်သည်။ "မပြန်ဘူး။"
"သူတို့က နင့်ကို ပြန်ခေါ်တာ မဟုတ်ဘူးလား။" ရှောင်မိုက ဆက်မေးလိုက်သည်။
"ခေါ်ပါတယ်..."
"ဒါဆို ဘာလို့ မပြန်တာလဲ။"
"ငါ နင့်အနားမှာပဲ နေချင်လို့။"
"နင် ငါ့အနားမှာ ထာဝရ နေလို့မရသလို ငါလည်း နင့်အနားမှာ ထာဝရ နေပေးနိုင်မှာ မဟုတ်ဘူး။" ရှောင်မိုက တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "တကယ်လို့ တစ်နေ့ကျရင် ငါမရှိတော့ဘူးဆိုရင် နင် ဘယ်လိုလုပ်မလဲ။"
ရှောင်မို၏ စကားများကို ကြားသောအခါ ဝမ်ရှင်းက ခေါင်းငုံ့သွားပြီး အချိန်အတော်ကြာ လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
"ငါ မသိဘူး..." နောက်ဆုံးတွင် ဝမ်ရှင်းက မော့ကြည့်လိုက်သည်။
"အဲဒီလိုနေ့မျိုးကို ငါ စိတ်ကူးတောင် မယဉ်ကြည့်တတ်ဘူး။"
နဂါးနက်ဂိုဏ်း၏ အဓိက တောင်ထွတ်ထိပ်တွင် နဂါးနက်ဂိုဏ်းချုပ် လော့ကျဲက သူ၏ ဧည့်သည်အတွက် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးလိုက်သည်။
သူ၏ဘေးရှိ ထိပ်ပြောင်ပြောင် ဘုန်းကြီးအိုကြီးကို ကြည့်ရင်း လော့ကျဲက ပြုံးလိုက်သည်။ "ခုန်းနျန်ကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်ကြီးက ငါ့ရဲ့ နဂါးနက်ဂိုဏ်းလေးဆီကို တကယ်ကြီး ရောက်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။"
"ဂိုဏ်းချုပ်လော့ကျဲက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ တကယ်လို့ နဂါးနက်ဂိုဏ်းက သေးငယ်တယ်လို့ သတ်မှတ်မယ်ဆိုရင် ဒီလောကကြီးထဲမှာ ဂိုဏ်းကြီးတွေ သိပ်မကျန်တော့လောက်ဘူး။"
ကျောင်းထိုင်ဆရာတော်ကြီးက ပြုံးလိုက်ပြီး ရေနွေးကြမ်းခွက်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။
"ထပ်ပြောရရင် ဂိုဏ်းချုပ်လော့ကျဲက ဒီဘုန်းကြီးအိုကြီး အကြောင်းကြားခြင်း မရှိဘဲ ရောက်လာတာကို အပြစ်မတင်တဲ့အပြင် ရေနွေးကြမ်းသောက်ဖို့တောင် ဖိတ်ခေါ်သေးတယ်။ ဒီရေနွေးကြမ်းက တကယ်ကို အရမ်းကောင်းတာပဲ..."
"ဟားဟားဟား... တကယ်လို့ ကျောင်းထိုင်ဆရာတော်ကြီး သဘောကျတယ်ဆိုရင် ပြန်သွားတဲ့အခါ ပေါင်အနည်းငယ်လောက် ယူသွားလိုက်ပါ။" လော့ကျဲက သဘောထားကြီးစွာ ပြောလိုက်သည်။
"ဟီးဟီးဟီး... ငါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရဲတင်းရဲမှာလဲ..." ကျောင်းထိုင်ဆရာတော်ကြီးက ပြုံးကာ လက်များကို ပွတ်သပ်လိုက်သော်လည်း သူက ငြင်းဆန်ခြင်း မရှိခဲ့ပေ။
ဒါက တကယ်တော့ လော့ကျဲကို အနည်းငယ် ရှုပ်ထွေးသွားစေခဲ့သည်။
ဒီလောကတစ်ခွင် နာမည်ကျော်ကြားတဲ့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးက တကယ်ကြီး ဒီတိုင်း လက်ခံလိုက်တာလား။
သူ မတတ်နိုင်လို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့... ခင်ဗျားက နည်းနည်းလောက်တော့ ယဉ်ကျေးသင့်တယ် မဟုတ်ဘူးလား။
"ကျောင်းထိုင်ဆရာတော်ကြီး... ကျွန်တော်တို့ ပြန်ရောက်ပါပြီ။"
လော့ကျဲက ဤဆရာတော်ကြီးကို မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောနေချိန်လေးမှာပင် ဟွေ့ယွင်က ခုန်းနျန်ကျောင်းတော်မှ တပည့်များကို ခြံဝင်းထဲသို့ ဦးဆောင်ခေါ်လာခဲ့သည်။
ကျောင်းထိုင်ဆရာတော်ကြီးက မတ်တတ်ရပ်လိုက်ပြီး လော့ကျဲကို လက်အုပ်ချီကာ အရိုအသေပေးလိုက်သည်။ "အမိတာဘ။ ဂိုဏ်းချုပ်လော့ကျဲ... ဒီရက်ပိုင်းအတွင်း ငါ့ရဲ့ ခုန်းနျန်ကျောင်းတော်က တပည့်တွေကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ ကျောင်းတော်ကို ပြန်တော့မယ်။
တကယ်လို့ အနာဂတ်မှာ အကူအညီ တစ်ခုခု လိုအပ်လာရင် ဂိုဏ်းချုပ်လော့ကျဲက ခုန်းနျန်ကျောင်းတော်ကို သတင်းပို့လို့ ရပါတယ်။ တကယ်လို့ ငါတို့ ကူညီပေးနိုင်မယ်ဆိုရင် ခုန်းနျန်ကျောင်းတော်က တတ်နိုင်သလောက် အင်အားလေးနဲ့ သေချာပေါက် ကူညီပေးမှာပါ။"
လော့ကျဲက အလျင်အမြန် မတ်တတ်ရပ်ကာ ပြန်လည် အရိုအသေပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ် ကျောင်းထိုင်ဆရာတော်ကြီး။"
"အားနာစရာတွေပါ... အားနာစရာတွေပါ..." ကျောင်းထိုင်ဆရာတော်ကြီးက ပြုံးလိုက်သော်လည်း သူက ချက်ချင်း ထွက်မသွားသေးပေ။
"တခြား ဘာကိစ္စ ရှိသေးလို့လဲ ကျောင်းထိုင်ဆရာတော်ကြီး။" လော့ကျဲက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"အင်း..." ကျောင်းထိုင်ဆရာတော်ကြီးက စားပွဲပေါ်ရှိ ရေနွေးကြမ်းကို မျက်စပစ်ကာကြည့်လိုက်သည်။
လော့ကျဲ - "..."
နံ့သာတိုင်တစ်ဝက်ခန့် ကြာပြီးနောက် ကျောင်းထိုင်ဆရာတော်ကြီးက လက်ထဲတွင် လက်ဖက်ခြောက် ခုနစ်ပေါင်၊ ရှစ်ပေါင်ခန့်ကို ကိုင်ဆောင်ကာ သူ၏ တပည့်များနှင့်အတူ ကျေနပ်စွာ ပျံသန်းထွက်ခွာသွားခဲ့သည်။
ဘုန်းကြီးများက လေထဲတွင် လမ်းလျှောက်နေကြပြီး အဖြူရောင် တိမ်တိုက်များက သူတို့၏ ဘေးမှ ဖြတ်သန်းသွားကြသည်။ သူတို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်အနည်းငယ်ခန့် ရှေ့သို့ ရောက်ရှိသွားကြသည်။
"အဲဒီကောင်မလေး မင်းတို့နဲ့အတူ ပြန်မလာခဲ့ဘူး ထင်တယ်။" ကျောင်းထိုင်ဆရာတော်ကြီးက ဟွေ့ယွင်နှင့် အခြားသူများကို ကြည့်လိုက်သည်။
ဟွေ့ယွင်ကလည်း ပြုံးကာ ခေါင်းခါလိုက်သည်။ "သူမ ပြန်မလာပါဘူး။ အဲဒီကောင်မလေးက ရှောင်မိုရဲ့ အနားမှာပဲ နေပြီး ဘယ်လိုပဲဖြစ်ဖြစ် ပြန်မလာချင်ဘူးတဲ့။"
"ငါ ထင်သားပဲ။" ကျောင်းထိုင်ဆရာတော်ကြီးက ခေါင်းညိတ်လိုက်သည်။
"ကျောင်းထိုင်ဆရာတော်ကြီး..." ဘုန်းကြီးတစ်ပါးက ရှေ့သို့ ထွက်လာပြီး "ကျွန်တော်တို့ ဂိုဏ်းတူညီမ ဝမ်ရှင်းကို ကျောင်းတော်ဆီ တကယ် ပြန်မခေါ်လာသင့်ဘူးလား။" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ် ကျောင်းထိုင်ဆရာတော်ကြီး။ ဝမ်ရှင်းက မိစ္ဆာလမ်းစဉ် တပည့်တစ်ယောက် နောက်ကို လိုက်နေတာ။ ဒါက ဘယ်လို အပြုအမူမျိုးလဲ။"
"ပြီးတော့ ဆရာ... ညီမလေးက အဲဒီ ရှောင်မိုနောက်ကို လိုက်နေတာ။ ဗုဒ္ဓဘာသာ စကားရည်လုပွဲ အခမ်းအနားကို လွတ်သွားတာ နှမြောစရာကောင်းတာကို ထားလိုက်ပါတော့၊ သူမက သူ့ရဲ့ နေ့စဉ်ဘဝကို အမြဲတမ်း ဂရုစိုက်ပေးနေရတာ။ အဲဒီလိုနဲ့ သူမက ဘယ်လိုလုပ်ပြီး ဗုဒ္ဓတရားတော်တွေကို ဆက်လက် ကျင့်ကြံနိုင်ပါတော့မလဲ။"
ဘုန်းကြီးများက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလာကြသည်။
သူတို့က ဝမ်ရှင်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ကြပြီး သူမကို သူတို့၏ ညီမအရင်းတစ်ယောက်လို ဆက်ဆံခဲ့ကြသည်။
သို့သော် ယခုအခါ သူတို့၏ ညီမလေးက ယောကျ်ားတစ်ယောက်နောက်ကို လိုက်ပြေးသွားခဲ့ပြီ... ပြီးတော့ ပိုဆိုးတာက အဲဒီယောကျ်ားက မိစ္ဆာလမ်းစဉ်က ဖြစ်နေတာကိုပဲ။
ဝမ်ရှင်း တစ်ခုခု ဖြစ်သွားမည်ကို သူတို့ တကယ်ကို စိုးရိမ်နေကြသည်။
"ဟားဟားဟား" ကျောင်းထိုင်ဆရာတော်ကြီးက ရယ်မောလိုက်သည်။
"ဝမ်ရှင်းအတွက် မင်းတို့ စိုးရိမ်နေကြတယ်ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ သူမက အရင်ကလို ကိုးနှစ်အရွယ် ကောင်မလေး မဟုတ်တော့ပါဘူး။
သူမက ကြီးပြင်းလာပြီဖြစ်ပြီး သူမ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။
ဒါ့အပြင်။
ဝမ်ရှင်းက ဗုဒ္ဓတရားတော်တွေကို မကျင့်ကြံဘူးလို့ ဘယ်သူပြောလဲ။"
ကျောင်းထိုင်ဆရာတော်ကြီးက လှည့်ကာ နောက်သို့ ကြည့်လိုက်သည်။
သူ၏ အမြင်အာရုံထဲတွင် မိုင်တစ်ရာ အကွာအဝေး၌ ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်က အမျိုးသားတစ်ဦး၏ နောက်သို့ လိုက်ကာ တစ်လှမ်းချင်း ရှေ့သို့ လျှောက်လှမ်းနေခဲ့သည်။
ကျောင်းထိုင်ဆရာတော်ကြီးက လက်အုပ်ချီလိုက်ပြီး အလွန် ကျေနပ်ဂုဏ်ယူသလို ခံစားလိုက်ရသည်။
"သူမက လက်ရှိ ဗုဒ္ဓဘာသာလမ်းစဉ်ပေါ်မှာ လျှောက်လှမ်းနေတာ မဟုတ်ဘူးလား။"
"ဒေါင်"
"ဒေါင်"
"ဒေါင်"
အနန္တတာအိုဂိုဏ်း၏ ဝိညာဉ်ရတနာ စံအိမ်တော်အောက် ပေတစ်ရာ အကွာအဝေးရှိ ထုံးကျောက်ဂူတစ်ခုမှ လက်နက်တစ်ခုကို ထုနှက်နေသည့်အသံက အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
တစ်လှမ်းချင်း အောက်သို့ လျှောက်ဆင်းလာရာ သွေးမိစ္ဆာက နောက်ဆုံးတွင် ထုံးကျောက်ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ရောက်ရှိလာခဲ့သည်။
ရှေ့သို့ ကြည့်လိုက်ရာ သွေးမိစ္ဆာ၏ အရှေ့တွင် ဧရာမ လက်နက်သွန်းလုပ်ရေး ကန်ကြီးတစ်ခု ရှိနေပြီး ကန်ထဲတွင် ဧကရာဇ်နှလုံးသား သတ္တုရည်များ စီးဆင်းနေခဲ့သည်။
သာမန် ချော်ရည်များနှင့် မတူဘဲ ဧကရာဇ်နှလုံးသား သတ္တုရည်၏ အပူချိန်က ဆယ်ဆ ပိုမို မြင့်မားပြီး ရေစက်တိုင်းတွင် သန့်စင်သော မီးစွမ်းအင်ပါဝင်သည့် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။
ပန်းပဲဆရာများကြားတွင် စကားတစ်ခွန်း ရှိသည်။ ဧကရာဇ်နှလုံးသား သတ္တုရည်က မသေမျိုးလက်နက်တစ်ခုကို မဖြစ်မနေ သွန်းလုပ်နိုင်မည်ဟု မဆိုလိုသော်လည်း မသေမျိုးလက်နက်များ အားလုံးကို ဧကရာဇ်နှလုံးသား သတ္တုရည်ဖြင့်သာ သွန်းလုပ်ရမည်ဖြစ်သည်။
အမျိုးမျိုးသော လက်နက်များကို လက်နက်သွန်းလုပ်ရေး ကန်ထဲတွင် ထည့်သွင်းထားခဲ့သည်။
လက်နက်သွန်းလုပ်ရေး ကန်၏ အလယ်ဗဟိုတည့်တည့်တွင် နလင်ဓား တစ်လက် ရှိနေခဲ့သည်။ ၎င်း၏ ဓားသွားက သွယ်လျပြီး ၎င်း၏ ပုံသဏ္ဌာန်က ရိုးရှင်းကာ လုံးဝ အနက်ရောင် ဖြစ်နေသည်။ သို့တိုင်အောင် ၎င်းက ဧကရာဇ်တစ်ပါးကဲ့သို့ လက်နက်သွန်းလုပ်ရေး ကန်၏ ပလ္လင်ပေါ်တွင် ထိုင်နေပြီး အခြား လက်နက်များကမူ အရိုအသေပေးကာ ဦးညွှတ်နေကြရုံသာ တတ်နိုင်ကြသည်။
ဤ နလင်ဓား ကို လွန်ခဲ့သော နှစ်နှစ်က နာမည်တစ်ခု ပေးထားခဲ့သည်။ ၎င်းမှာ "မင်စွန်း" ပင် ဖြစ်သည်။
ဤအချိန်တွင် ချင်ယွမ် အမည်ရှိ အမျိုးသမီးက အဝေးမှနေ၍ ဧကရာဇ်နှလုံးသား သတ္တုရည်ကို ထိန်းချုပ်ကာ ၎င်းကို ထပ်ခါတလဲလဲ သန့်စင်နေခဲ့သည်။
"ဘယ်လောက်ကြာဦးမလဲ။" သွေးမိစ္ဆာက သူမ၏ အချစ်ဆုံးသူငယ်ချင်းကို မေးလိုက်သည်။
"အဆုံးသတ်ဖို့ဆိုရင် နောက်ထပ် သုံးနှစ်လောက် အများဆုံး ကြာဦးမယ်။" ချင်ယွမ်က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ သွေးမိစ္ဆာ... မသေမျိုးလက်နက် တစ်ခုကို မသေမျိုးလက်နက်လို့ ခေါ်ရတဲ့ အကြောင်းရင်းက အရေးကြီးတဲ့ အရာတစ်ခုကြောင့်ဆိုတာကို နင် သိတယ်မလား။ အဲဒါက မှော်လက်နက်ဝိညာဉ်ပဲ။
မသေမျိုးလက်နက် တစ်ခုက မှော်လက်နက်ဝိညာဉ် တစ်ခုကို သဘာဝအတိုင်း မွေးဖွားဖို့အတွက် အနည်းဆုံး နှစ်တစ်ထောင် ကြာတယ်။
မဟုတ်ရင် ဒီ မင်စွန်း က မပြည့်စုံဘဲ ဖြစ်နေလိမ့်မယ်။"
"ငါ သိပါတယ်။" သွေးမိစ္ဆာက ဤဓားရှည်ကို ကြည့်လိုက်ရာ ပိုကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေခဲ့သည်။ "မှော်လက်နက်ဝိညာဉ် အတွက် နင် စိတ်ပူစရာ မလိုပါဘူး။ မင်စွန်းကို သွန်းလုပ်ဖို့ပဲ နင် တာဝန်ယူလိုက်ပါ။ ပင်ပန်းသွားပြီ။ ကျေးဇူးပဲ။"
"ဟွန့်... နင်က ငါ့ကို အလုပ်မခိုင်းသလိုပဲ။" ချင်ယွမ်က စိတ်တိုတိုဖြင့် ပြောလိုက်သည်။ "ကောင်းပါပြီ... ကောင်းပါပြီ... နင် ဓားကို မြင်ပြီးပြီပဲ။ အခု ထွက်သွားတော့။ ငါ သန့်စင်တော့မလို့။"
"အိုကေ။" သွေးမိစ္ဆာက သူမ၏ ပြည့်ဖြိုးသော တင်ပါးကို ရိုက်လိုက်သည်။ "တင်ပါးကြီးတဲ့မိန်းမက တကယ်ကို အားကိုးရတာပဲ။"
"ထွက်သွားစမ်း။" ချင်ယွမ်၏ ပါးပြင်များ အနည်းငယ် ရဲတွတ်သွားပြီး သွေးမိစ္ဆာကို ကန်ထုတ်လိုက်သည်။
နံ့သာတိုင်တစ်ဝက်ခန့် ကြာပြီးနောက် သွေးမိစ္ဆာက ထုံးကျောက်ဂူထဲမှ ထွက်လာပြီး ကြည်လင်နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
သွေးမိစ္ဆာက ရဲ့ရွှယ်တောင်ထွတ်ဆီသို့ ပြန်တော့မည့် အချိန်လေးမှာပင် သူမ၏ ရင်ဘတ်က တင်းကျပ်သွားခဲ့သည်။
"အဟွတ် အဟွတ် အဟွတ်..." သွေးမိစ္ဆာက သူမ၏ ချယ်ရီသီးလို နှုတ်ခမ်းလေးကို အုပ်ကာ အဆက်မပြတ် ချောင်းဆိုးနေခဲ့သည်။
နောက်ဆုံးတွင် သွေးမိစ္ဆာက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရာမှ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
"မှော်လက်နက်ဝိညာဉ်လား။"
သူမ၏ လက်ဖဝါးထဲရှိ သွေးများကို ကြည့်ရင်း သွေးမိစ္ဆာ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ကွေးတက်လာခဲ့သည်။
"ဒီမှာ အသင့်သုံးလို့ရတာ တစ်ခု ရှိနေတယ် မဟုတ်ဘူးလား..."