ချိ (စွန့်ပစ်ခံရသူ)
Vol. 10 Ch. 931
"ဝိညာဉ်မြစ်ဟာ သေခြင်းနဲ့ရှင်သန်ခြင်းတရားကို သယ်ဆောင်ထားတယ် ၊ လောကမှာ သေခြင်းနဲ့ရှင်ခြင်းရှိနေတာဟာ ဝိညာဉ်မြစ်ကြောင့်ပဲ ၊ ဆရာတော် ဒီလိုမျိုး နှစ်ပေါင်းတစ်သောင်း ၊ နှစ်ပေါင်းတစ်သိန်း ၊ နှစ်ပေါင်းအသင်္ချေ ကြိုးစားနေလည်း ဝိညာဉ်မြစ်ကို ခမ်းခြောက်သွားအောင်လုပ်နိုင်မယ့် နည်းလမ်း မရှိပါဘူး…"
ဝါးရုံတောမှ ဝါးရွက်များရိုက်ခတ်သံနှင့်အတူ တီးတိုးစကားသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံသည် ကြည်လင်သည့် ခေါင်းလောင်းမြည်သံကဲ့သို့ပင် သာယာလှသည်။
ရဲ့လျိုယွင် အသံလာရာသို့ အာရုံစိုက်ကြည့်လိုက်သည်။
ထိုအခါ… ဆန်းလျန် ၊ ပီလျဲ့နှင့် ကလေးမလေးတစ်ယောက် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ကလေးမလေးက ပိန်ပိန်ပါးပါးသေးသေးလေးဖြစ်ပြီး ယခုမှ မွေးဖွားပြီးကာစ ဖွံ့ဖြိုးဆဲအရွယ်လေး ဖြစ်သည်။ သို့သော်… သူမသည် ဓားတစ်လက်အလား တည့်မတ်စွာ မတ်တတ်ရပ်လျှက် ရှိသည်။
တိကျန်ဗောဓိသကျက သူတို့ကိုအရေးမစိုက်ပေ။ သူ၏သမာဓိကို အပျက်စီးမခံဘဲ ဝိညာဉ်မြစ်ရေများကိုသာ အဆက်မပြတ်စုပ်ယူနေသည်။
စကြာဝဠာတစ်ခုလုံးအဆုံးသတ်သွားလျှင်တောင် ပြောင်းလဲမည်မဟုတ်သည့် သူ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို ပြသလျှက် ရှိသည်။ ထို့ပြင် သူက သေခြင်းရှင်ခြင်းဒုက္ခများကို ခံစားနေကြရသည့် လောကတစ်ခုလုံးကို လူတစ်ယောက်တည်း၏ တန်ခိုးစွမ်းအားဖြင့် ကယ်တင်လိုခြင်းလည်း ဖြစ်သည်။
တိကျန်ဗောဓိသကျက လုပ်ပါမည်ဟု ကျိန်ဆိုသစ္စာပြုထားခြင်းမရှိသော်လည်း မည်သူမှ နားမလည်နိုင်သည့် လုပ်ရပ်ကြီးတစ်ခုကို ယခု ပြုလုပ်လျှက် ရှိသည်။
ဆန်းလျန်ကတော့ တိကျန်ဗောဓိသကျထံတွင် မယုံကြည်နိုင်စရာကောင်းလောက်သည့် သည်းခံခြင်းတရားကို တွေ့မြင်လိုက်ရသည်။ သူသာဆိုလျှင် ဆက်မလုပ်တော့ဘဲ ကိုယ့်လမ်းကိုယ် လျှောက်မည် ဖြစ်သည်။
ထိုအချိန်… ရဲ့လျိုယွင်က သူတို့ (၃)ယောက်ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာသည်။
သူက ကလေးမလေးကိုကြည့်လိုက်ပြီးနောက် ဆန်းလျန်ကို နက်ရှိုင်းသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရင်း…
"မင်းလာမယ်ဆိုတာ ကျုပ်သိသားပဲ ၊ ဒါပေမဲ့ ဒီလိုမိစ္ဆာလေးခေါ်လာမယ်လို့တော့ ထင်မထားမိဘူး…"
မိန်းကလေးမှာ ကြီးထွားမှုမြန်ဆန်လှပြီး ချက်ချင်းပင် အသက် (၂)နှစ် (၃)နှစ်အရွယ် ကလေးမလေးတစ်ယောက် ဖြစ်နေပြီဖြစ်သည်။
"ကျွန်မက မိစ္ဆာလေးမဟုတ်ဘူး ၊ ကျွန်မမှာ နာမည်ရှိတယ်…"
ရဲ့လျိုယွင်က ရယ်မောလိုက်ရင်း…
"ဟုတ်လား… ဒါဖြင့် မင်းနာမည် ဘယ်လိုခေါ်လဲ…"
"ဦးလေးကပြောတယ် ၊ ကျွန်မက မိုးနဲ့မြေက မလိုချင်တဲ့လူတစ်ယောက်ဖြစ်လို့ ကျွန်မနာမည်က 'ချိ' တဲ့…"
("ချိ" ဆိုသည်မှာ = စွန့်ပစ်ခံရသူ ဟု အဓိပ္ပါယ်ရပါသည် - ဘာသာပြန်သူ)
ကလေးမလေးက ထိုစကားကို အလေးအနက် ပြောနေခြင်း ဖြစ်သည်။
ဆန်းလျန်က…
"ဘယ်လိုလဲ ၊ ဒီကလေးက စိတ်ဝင်စားစရာ မကောင်းဘူးလား ၊ မင်း သူ့ကို မွေးစားနိုင်မလား…"
ရဲ့လျိုယွင်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဒီကလေးက ရှေးဟောင်းတာအိုလမ်းစဉ်ကို ဆန့်ကျင်တဲ့သူဆိုတာ သူ့နဖူးထက်မှာဖော်ပြနေတယ် ၊ သူ့နဖူးက မျဉ်း (၃)ကြောင်းကို ကြည့်လိုက်ရင် ပထမတစ်ကြောင်းက ဆိတ်သတ္တဝါ ၊ ဒုတိယတစ်ကြောင်းက ရေ ၊ တတိယတစ်ကြောင်းမှာ ပုန်ကန်မှုကို ဖော်ပြတယ် ၊ အလယ်က ဖြတ်သွားတဲ့ မျဉ်းကြောင်းကတော့ စုတ်တံပဲ ၊ အောက်ပိုင်းမျက်နှာဘက်ကို ခွဲထွက်သွားတဲ့ မျဉ်း(၂)ကြောင်းက လက်နှစ်ဖက် ဖြစ်တယ် ၊ ဒါတွေအားလုံးကို ပေါင်းလိုက်ရင်… ကံမကောင်းတဲ့ကလေး ၊ စွန့်ပစ်ခံရတဲ့ကလေးလို့ အဓိပ္ပါယ်ရတယ် ၊ ဒါကြောင့် ဒီလိုမိစ္ဆာလေးကို ကျုပ်ကတော့ မမွေးစားနိုင်ဘူး…"
ဆန်းလျန်က အနည်းငယ်နောင်တရသွားသည့်ဟန်ဖြင့်…
"သူက မင်းကို မမွေးစားဘူးဆိုတော့ မင်းရဲ့မွေးရပ်မြေကိုပဲ ပြန်သွားရလိမ့်မယ်ကွာ…"
ကလေးမလေးက လက်ချောင်းလေးများကို ကိုက်နေပြီး မည်သည့်စကားမှ မပြောဘဲ ရဲ့လျိုယွင်ကို ငေးကြည့်နေလေသည်။
ပြီးမှ သူမက ဆန်းလျန်ကို လှည့်ကြည့်လိုက်ပြီး…
"ဒါပေမဲ့ ဦးလေးလည်း ကျွန်မကို ကျင့်စဉ်တွေသင်ပေးမယ်လို့ ကတိပေးထားတယ်လေ…"
ဆန်းလျန်က လက်ကာပြလိုက်ပြီး…
"ကျုပ် ပေးထားတဲ့ကတိကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ပါဘူး…"
ကလေးမလေးက မည်သည့်စကားမှ မပြောတော့ပေ။
သူမရင်ထဲတွင် တစ်စုံတစ်ခုကို ခံစားနေရပြီး ထိုခံစားချက်မှာ ဝမ်းနည်းနာကျင်ခြင်းဖြစ်သည်ကို နောက်ပိုင်းကျမှ သူမ သဘောပေါက်ခဲ့ရသည်။
ခံစားချက် (၇)ပါးနှင့် ဆန္ဒ (၆)သွယ်ကို သူမ နားလည်ခဲ့ပြီးသည့်နောက် ထိုအရာများ၏ လွှမ်းမိုးမှုကို မည်သည့်အခါမှ မခံရစေရန် သူမ သစ္စာဆိုခဲ့လေသည်။
ပီလျဲ့က နှစ်သိမ့်သလိုဖြင့် ကလေးမလေး၏ ပခုံးကိုအသာပုတ်လိုက်သည်။ သူက ထိုသို့ဖြစ်လာမည်ဟု ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော်… သူ၏မျက်လုံးများတွင် အနည်းငယ်ပျော်ရွှင်သည့် အရိပ်အယောင်များ ယှက်သန်းနေသည်။
သူကတော့ ဤလောကတွင် ကောင်းမွန်သည့်ဘဝတစ်ခုဖြင့် နေထိုင်ရန် သစ္စာဆိုလိုက်လေသည်။
သို့သော်… သူက လောကကြီး လှိုင်းလေထန်ပြီး မငြိမ်းချမ်းခြင်းကို နှစ်သက်သူ ဖြစ်သည်။ လောကကြီး အစဉ်အမြဲငြိမ်းချမ်းနေပါက အသက်ရှင်နေထိုင်ရသည်မှာ အရသာမရှိဘူး မဟုတ်ပါလား။
ပီလျဲ့ စိတ်ထဲက ရေရွတ်လိုက်သည်။
"ချိ ရေ… မင်း မြန်မြန်ကြီးပြင်းလာပြီး လောကကြီးတစ်ခုလုံးကို မွှေနှောက်ပစ်လိုက်စမ်းပါ…"
ရဲ့လျိုယွင်က…
"ကျုပ်ကို မိုးကောင်းကင်တံခါးပေးခဲ့ ၊ ပြီးရင် မင်းပြန်လို့ရပြီ…"
ဆန်းလျန်က ပြုံးလိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသည့် ခေါင်းလောင်းငယ်လေးကို ရဲ့လျိုယွင်ထံသို့ ပေးလိုက်သည်။
ပီလျဲ့၏ မျက်ဝန်းများကတော့ မီးဝင်းဝင်းတောက်လျှက် ရှိလေသည်။
ထိုခေါင်းလောင်းငယ်လေးကို ရမည်ဆိုပါက လောကတစ်ခုလုံးမှ အမြင့်ဆုံးသောနတ်ဘုရားကိုပင် နိုင်အောင် တိုက်ခိုက်နိုင်မည်ဟု သူ ကျိန်ဆိုဝံ့ပါသည်။
ယခု ဆန်းလျန်က ရဲ့လျိုယွင်ကို ထိုခေါင်းလောင်းငယ်လေးကို ပေးလိုက်သည့်အခါ သူ မနာလိုအားကျခြင်းကို ခံစားလိုက်ရပြီး မုန်းတီးစိတ်များပင် ဖြစ်ပေါ်လာမိသည်။
သို့သော်… ဆန်းလျန်ရှေ့တွင်ဖြစ်သည့်အတွက် ရင်ထဲမှစိတ်ထားကို ထုတ်ဖော်ပြသရဲခြင်း မရှိပါချေ။
ရဲ့လျိုယွင်ကလည်း အနည်းငယ် အံ့အားသင့်သွားပြီး…
"မင်းက တကယ်ပဲ ကျုပ်ကို ပေးတာလား ၊ မင်းသိရဲ့လား… ၊ မိုးကောင်းကင်တံခါးသာ ကျုပ်လက်ထဲမှာ ရှိနေရင် တန်ခိုးစွမ်းအား ၆၀ ရာခိုုင်နှုန်း ၊ ၇၀ ရာခိုင်နှုန်းလောက်ကို ကျုပ်အသုံးပြုနိုင်မှာ ၊ အဲဒါ မင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်လေ…"
ဆန်းလျန်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ကျုပ်က ဘယ်တုန်းကမှ အခက်အခဲတွေကို မကြောက်ခဲ့ဘူး…"
ရဲ့လျိုယွင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ဆန်းလျန်သည် အခက်အခဲ ဒုက္ခများကို နှစ်သက်သူတစ်ယောက် မဟုတ်လင့်ကစား အခက်အခဲဒုက္ခများကို ကြောက်ရွံ့တတ်သူတစ်ယောက်လည်း မဟုတ်ပေ။ ယနေ့အချိန် သူရရှိခဲ့သည့် အောင်မြင်မှုများသည် အလကားသက်သက်ရခဲ့သည့် အရာများ မဟုတ်သည်ကိုကြည့်ပြီး သိရှိနိုင်သည်။
ရဲ့လျိုယွင်က…
"ကျုပ် မင်းကိုပေးထားတဲ့ ကတိတွေကို ချင်တိဧကရာဇ်နာမည်နဲ့ ပြုလုုပ်ပေးပါ့မယ်.."
ဆန်းလျန်က လေသံခပ်အေးအေးဖြင့်…
"မိုးကောင်းကင်တံခါး ၊ ဖန်ကူအလံနဲ့ ထိုက်ချိယင်ယန်ပန်းချီကားတွေရဲ့ တန်ခိုးစွမ်းအားတွေကို တွေ့မြင်ရဖို့ ကျုပ်စောင့်နေခဲ့တာ ကြာလှပါပြီဗျာ…"
ဆန်းလျန် ဗောဓိပင်ရှိရာသို့သွားရောက်သည့်အချိန်တွင် ရွှမ်တုတောက်ကျွင်းနှင့် တာအိုဆရာယွိတင်က မနှောက်ယှက်နိုင်အောင် ရဲ့လျိုယွင်က တားဆီးပေးမည်ဟု ကတိပေးထားခဲ့ဖူးသည် မဟုတ်ပါလား။
ထို့ကြောင့် ဆန်းလျန်က ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တုန်းက… ဆန်းလျန်က တိကျန်ဗောဓိသကျအကြောင်းကို မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်… တိကျန်ဗောဓိသကျက ယနေ့ဖြစ်လာမည့်အကြောင်းအရာများကို ကြိုတင်သိမြင်နေမည်ဟု ယူဆခဲ့သောကြောင့် ဖြစ်သည်။
ရဲ့လျိုယွင် ဆန်းလျန်ကိုပိုပြီး နားမလည်နိုင်ဖြစ်လာသည်။
ဆန်းလျန်၏ အချုပ်အနှောင်မရှိ ၊ လွတ်လပ်ပေါ့ပါးသည့် ပုံစံက တာအိုဆရာသခင်ထိုက်ယီကို သတိမရဘဲ မနေနိုင်ပေ။
ဆန်းလျန် လျှင်မြန်ပေါ့ပါးစွာပင် ထွက်ခွာသွားသည်။ ပီလျဲ့က ဆန်းလျန်နောက်သို့ လိုက်သွားရန် အချိန်မီသော်လည်း မလိုက်ဘဲ တမင်တကာနေရစ်ခဲ့သည်။
ဆန်းလျန်အဝေးသို့ ရောက်ရှိသွားမှ ရဲ့လျိုယွင်က ပီလျဲ့ကို အေးစက်သည့်လေ့သံဖြင့် စကားပြောလိုက်သည်။
"ကျုပ်က မင်းအတွက် နတ်ဆိုးစစ်သည်တော်တွေ အများကြီး ထောက်ပံ့ပေးခဲ့တယ် ၊ မင်းကတော့ ကျုပ်ကိစ္စ အကုန်လုံးကို ဖျက်စီးပစ်လိုက်တယ်…"
ပီလျဲ့က…
"မြင့်မြတ်လှတဲ့ဂိုဏ်းချုပ် ၊ ကျုပ်က ဂိုဏ်းချုပ်ကိုကူညီပြီး အားလော်ဟယ်ကို ဒီလောက်အကြာကြီးတိုက်ခိုက်ပေးခဲ့တာ ကျုပ်ကို ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား ၊ သေဆုံးသွားတဲ့ နတ်ဆိုးစစ်သည်တော်တွေနေရာမှာ အချိန်ခဏလေး လေ့ကျင့်ပေးလိုက်တာ နောက်ထပ်အစားထိုးပြန်ရမှာပဲလေ…"
ရဲ့လျိုယွင်က…
"ကျုပ်က အဲဒီနတ်ဆိုးစစ်သည်တော်တွေကို နှစ်ပေါင်းသောင်းချီကြာအောင် အချိန်တွေပေးပြီး လေ့ကျင့်ပေးခဲ့ရတာ ၊ မင်းက ဘာမဟုတ်တဲ့ ပေါင်းပင်တွေလို့ ထင်နေတာလား…"
ပီလျဲ့က…
"နှစ်ပေါင်းသောင်းချီတယ်ဆိုတာ ဘယ်မှာ ကြာလို့လဲ ၊ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာပဲ မဟုတ်ဘူးလား..."
ရဲ့လျိုယွင်က အေးစက်စွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"မင်းနဲ့ ဒီကိစ္စပြိုင်မငြင်းချင်တော့ဘူး ၊ ဒါပေမဲ့ တစ်ခုတော့ မင်းကိုရှင်းရှင်းလင်းလင်းသိအောင် ပြောထားမယ် ၊ အဲဒီ မိစ္ဆာကလေးမလေးအနားကို ကပ်ဖို့တော့ မစဉ်းစားလေနဲ့…"
ပီလျဲ့က အံ့သြသွားဟန်ဆောင်လိုက်ပြီး…
"ဂိုဏ်းချုပ်က အဲဒီကလေးမလေးကို အထင်မသေးဘူးပဲ ၊ သူ့ကို ဂရုစိုက်နေသေးတာလား…"
ရဲ့လျိုယွင်က…
"မင်းသိချင်တာတွေကို ကျုပ်က ရှင်းပြမနေနိုင်ဘူး ၊ အခု ကျုပ်က မင်းကို သတိပေးနေတာ…"
ပီလျဲ့ ဒေါသထွက်သွားသည်။
သူက ဆန်းလျန်ကိုတော့ ကြောက်ရွံ့သော်လည်း ရဲ့လျိုယွင်ကိုတော့ မကြောက်ရွံ့ပေ။ သို့သော်… သူက စတင်မတိုက်ခိုက်ခင်မှာပင် ရဲ့လျိုယွင်က စတင်တိုက်ခိုက်လိုက်သည်။
ရဲ့လျိုယွင်၏ နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားပြီး ရိုးရှင်းသော်လည်း မပီပြင်သည့် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ ထိုအခါ ကျောက်တုံးလေးများကြားတွင် ဖြတ်သန်းစီးဆင်းသွားသည့် စမ်းချောင်းလေးအလား သာယာလွန်းသည့် ခေါင်းလောင်းသံများ ထွက်ပေါ်လာလေသည်။
ရဲ့လျိုယွင်၏ ခန္ဓာကိုယ်တွင် ထူးဆန်းသည့် အဝါရောင်တိမ်တိုက်များ ဖုံးလွှမ်းနေပြီး သူ၏ ဦးခေါင်းထက်တွင် ကြီးမားသည့် ခေါင်းလောင်းကြီးတစ်လုံး တည်ရှိနေလေ၏။
ခေါင်းလောင်းကြီး၏အရောင်က ခဲရောင်ဖြစ်ပြီး မည်သည့်လက်နက်မှ ထိုခေါင်းလောင်းကြီးကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သာယာသည့်ခေါင်းလောင်းသံများက ထိုခေါင်းလောင်းကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုခေါင်းလောင်းသံများကို ကြားသည့်အခါ ပီလျဲ့ ကျိန်စာမိသည့်အလား ခံစားလိုက်ရပြီး သူ၏တန်ခိုးစွမ်းအားများ လုံး၀ ထိန်းချုပ်ခံလိုက်ရသည်။ သူ့တစ်ကိုယ်လုံး အေးခဲနေသည့်ရေခဲအလား ဖြစ်သွားသည်။
အတွေးများကိုပင် ခက်ခက်ခဲခဲတွေးနေရသည်။
ရုတ်တရက်… မီးပွားတစ်ချက်ပွင့်သွားသည်ကို သူ့မျက်လုံးထဲတွင် တွေ့မြင်လိုက်ရပြီး ထိုမီးပွားလေးက ချက်ချင်းပြန်လည် ငြိမ်းသက်သွားသည်။
ပီလျဲ့၏ အမြင်အာရုံတစ်ခုလုံး အမှောင်ထဲသို့ ကျရောက်သွားပြီး ပြန်မြင်ရသည့်အချိန်တွင် သူ့မျက်လုံးများ အလွန်နာကျင်နေလေ၏။
အမှန်တော့ ဓားဝိညာဉ်တစ်ခုက သူ့ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဓားဝိညာဉ်က သူ့အရိုးထဲထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာပြီး သူနာကျင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
သူ အတောင်ပံများကို ဖြန့်လိုက်ပြီး ဦးတည်ရာမဲ့ ပျံသန်းထွက်ခွာလာခဲ့သည်။ သူ့နှလုံးသားက ကြောက်ရွံ့တုန်လှုပ်နေပြီး ရဲ့လျိုယွင်က အဘယ့်ကြောင့် မိုးကောင်းကင်တံခါးကို လျှင်လျှင်မြန်မြန်နှင့် လွယ်လွယ်ကူကူ ထိန်းချုပ်အသုံးပြုနိုင်သည်ကို သူနားမလည်နိုင် ဖြစ်နေသည်။
ရဲ့လျိုယွင်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီးသည့်နောက် ပီလျဲ့မှာ ပြန်လည်တိုက်ခိုက်ရန်လည်း မဝံ့ရဲတော့ပေ။
မိုးကောင်းကင်တံခါးဆိုသည်က အလွန်ထူးဆန်းသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။ ထိုသို့သော မှော်ဝင်ပစ္စည်းမျိုးနှင့် သူ့ဘဝတွင် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးပေ။
သူ၏နှလုံးသားကိုလည်း ဓားဝိညာဉ် ထိခိုက်မိသည့်အတွက် ထိုဒဏ်ရာ ပြန်လည်ကောင်းမွန်ရန် အပြင်းအထန် ကြိုးစားရဦးမည် ဖြစ်သည်။
သို့သော်… သူက ဤရန်ကြွေးကို လျှို့ဝှက်မှတ်တမ်းတင်ထားမည်ဖြစ်ပြီး အခွင့်အရေးရလျှင်ရသည်နှင့် လက်စားချေမည် ဖြစ်သည်။
ရဲ့လျိုယွင်ကတော့ ပီလျဲ့ကို သင်ခန်းစာပေးခြင်းသာဖြစ်ပြီး လိုက်လံတိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ပေ။ ထိုမိစ္ဆာနတ်ဘုရားက အလွန်တော်သည့်အတွက် သတ်ဖြတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
ယခု သူ့တွင် မိုးကောင်းကင်တံခါးရရှိနေပြီဖြစ်သည်။
သူ့အနေဖြင့် မိုးကောင်းကင်တံခါးကို အပြည့်အဝမသန့်စင်နိုင်လျှင်တောင်မှ မိုးကောင်းကင်တံခါးအတွင်းမှ ဓမ္မကို နားလည်နိုင်စွမ်း ရှိသည်။ သို့သော်… အချိန်အနည်းငယ်တော့ယူရပေလိမ့်မည်။
***