အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ၈၁ - သတ္တဝါလေး၏ ရတနာသိုက်။
ပတ္တမြားများမှာ နေရာအနှံ့ ရှိနေပြီး အများစုမှာ ကျောက်ခွံပင် မရှိကြဘဲ ချော်ရည်များကြားတွင် တဖိတ်ဖိတ် တောက်ပနေကြသည်။ ချော်ရည်များ စီးဆင်းသွားချိန်တွင် မြေပြင်ပေါ်၌ တောက်ပပြောင်လက်နေသော ပတ္တမြားများ ကျန်ရစ်ခဲ့သည်။
'အိတ်ထဲထည့် အကုန်ယူ။'
အောက်ခြေမရှိသောတွင်း ထဲတွင် မြွေဟောက်နက်ကြီးသည် ခေါင်းကိုစောင်းကာ မီးဝိညာဉ်သီးများ အပြည့်ထည့်ထားသော သားရေအိတ်ကြီး နှစ်အိတ်ကို ကြောင်ကြည့်နေသည်။နီနီလေးမှာလည်း အိတ်အနားတွင် အသည်းအသန် ပတ်ချာလည်နေသော်လည်း လုပေါင်၏ အမိန့်မရှိဘဲ မစားရဲပေ။မြွေဟောက်နက်ကြီးမှာလည်း မီးဝိညာဉ်သီးကို စိတ်ဝင်စားနေသည်မှာ သိသာလှသည်။
နှစ်တစ်ထောင် မီးဝိညာဉ်သီးများ မှည့်ရန် အချိန်အတော်လိုသေးသော်လည်း လုပေါင်၏ ယခုရလဒ်မှာ အံ့မခန်းပင်။သူသည် ကြွေကျသမျှ မီးဝိညာဉ်သီးများနှင့် ပတ္တမြား အမြောက်အမြားကို အိတ်ထဲ ထည့်နိုင်ခဲ့ပြီဖြစ်သည်။အရေးကြီးဆုံးမှာ သတ္တဝါလေးက သူ့ကို အလွန်ခင်မင်သွားပြီး ချော်ရည်ထဲမှ ပတ္တမြားသိုက်များကို ပန်းထုတ်ပေးကာ ကူညီနေခြင်းပင်ဖြစ်သည်။
မိုးချုပ်သည်အထိ သူ အလုပ်ရှုပ်နေခဲ့ပြီး သတ္တဝါလေးမှာမူ ချော်ရည်ထဲ၌ အိပ်ပျော်သွားသည်။လုပေါင်သည် Live ကို ပိတ်ထားသည်မှာ ကြာပြီဖြစ်ကာ ပတ္တမြားအိတ်များကို တွင်းထဲ ထည့်လိုက်သည်။ယင်းတို့၏ တန်ဖိုးကိုတော့ နောက်မှ နားလည်သူတစ်ယောက်ယောက်နှင့် သေချာ တန်ဖိုးဖြတ်ခိုင်းရမည်။
"သိုလှောင်အိတ် လား။"
ဖြူကြီးက လုပေါင်၏ လျှို့ဝှက်ချက်ကို သိသွားခဲ့သည်။ပေါင်ရှင်းကျီ ပင်လျှင် သိုလှောင်အိတ် မရှိပေ။ဤပစ္စည်းမှာ အလွန်ရှားပါးပြီး သူ ကြားဖူးရုံသာ ရှိသည်။
"ဟုတ်တယ်။"
လုပေါင်သည်တိမ်ထူသော ညအမှောင်ကို ကြည့်ကာ အသွင်ပြောင်းကျားပေါ် ခုန်တက်လိုက်ပြီး
"အရင်ပြန်ကြစို့။ နောက်ရက်အနည်းငယ်ကြာလို့ နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်တဲ့အခါမှ ပြန်လာမယ်။"
သူသည် နှစ်တစ်ထောင် မီးဝိညာဉ်သီးကို ရရန် ဆုံးဖြတ်ထားသည်။ဒီလောက်ခက်ခဲတဲ့ မစ်ရှင်အတွက် ဆုလာဘ်က ဘာဖြစ်မလဲဆိုတာ သူ သိချင်နေမိသည်။
ဖြူဖွေးသော သတ္တဝါအချို့မှာ အမှောင်ထဲတွင် လျင်မြန်စွာ ခုန်ပျံထွက်ခွာသွားကြသည်။ဤနေရာတွင်မူ ချော်ရည်များမှာ ဖြည်းဖြည်းချင်း စီးဆင်းနေဆဲဖြစ်ကာ ပတ်ဝန်းကျင်ရှိ သက်ရှိမှန်သမျှကို ဝါးမြိုနေတော့သည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ။"
"ဘာကိုလဲ။"
"ချီလင်သားရဲ က မင်းကို ဘာလို့ ဒီလောက် ခင်သွားတာလဲ။"
"ခြေကုပ်ပညာရပ်ကြောင့်လေ။"
"..."
လုပေါင်သည် နှစ်တစ်ရာ မီးဝိညာဉ်သီး ၄၃၃ လုံးနှင့် အကြီးအသေး ပတ္တမြားပေါင်း တစ်ထောင်ကျော်ကို ရရှိခဲ့သည်။ထို့အပြင် ချီလင်လေး နှင့်လည်း သူငယ်ချင်းဖြစ်ခဲ့ပြီး နှစ်တစ်ထောင် မီးဝိညာဉ်သီးကို ခွဲဝေယူရန် သဘောတူညီမှု ရရှိခဲ့သည်။သူသည် အကြီးမားဆုံး အနိုင်ရရှိသူပင်ဖြစ်သည်။
အင်တာနက်ပေါ်တွင်လည်း ပေါက်ကွဲကုန်ပြီ ဖြစ်သည်။Live ထဲမှ အကြောင်းအရာများမှာ ပြည်ပအထိ ပျံ့နှံ့သွားသည်။ ချော်ရည်ထဲတွင် နေထိုင်သော ချီလင် မရေတွက်နိုင်သော ထိပ်တန်းပတ္တမြားများ၊ ထူးဆန်းသော သတ္တဝါများ... ရတနာရှာဖွေရေး ကျွမ်းကျင်သူ အမြောက်အမြားမှာ တရုတ်ပြည် သို့ အပြေးအလွှား လာနေကြပြီ ဖြစ်သည်။
ယခုရက်ပိုင်းတွင် လုပေါင်သည် ပြင်းပြင်းထန်ထန် ကျင့်ကြံနေခဲ့ပြီး အမုန့်ကမူ နေ့စဉ် မျောက်ဖြူများ၏ နေထိုင်မှုဘဝကို Live လွှင့်ပေးနေသည်။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက်...
"ကျစ် ကျစ်..."
ယုန်ပျံ ရောက်လာပြီး ပတ်ချာလည်နေကာ ဖြူကြီး ပစ်လိုက်သော ကျောက်ခဲကြောင့် ထွက်ပြေးသွားရသည်။၎င်းမှာ တစ်စုံတစ်ယောက်ကို ခေါ်နေသကဲ့သို့ ထူးဆန်းသောအသံများ ပြုလုပ်နေသည်။
"ဖြူကြီး... ဘာဖြစ်လို့လဲ။"
လုပေါင်သည် တောအုပ်ထဲမှ ပြေးလာပြီး စစ်သူကြီးလေးယောက်က နောက်မှ ကပ်လိုက်လာသည်။ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြူကြီး၏ ညွှန်ကြားမှုဖြင့် သူတို့က လုပေါင်ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ နှစ်တစ်ရာ မီးဝိညာဉ်သီး အချို့၏ အာနိသင်နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။
သူ၏ ချီစွမ်းအင် မှာ နှစ်ဆခန့် ပိုမို ကောင်းမွန်လာသည်။ ထွက်ခွာသွားသော ယုန်ပျံကို ကြည့်ရင်း လုပေါင်က ဖြူကြီးဘက် လှည့်လိုက်သည်။
ဖြူကြီးသည် ယုန်ပျံ ပျောက်ကွယ်သွားရာကို ကြည့်ရင်း မတ်တပ်ရပ်ကာ
"ငါတို့ သွားဖို့ အချိန်တန်ပြီ။ လူသား ပညာရှငအချို့ ရောက်နေပြီ။ ဒီကောင်က ငါတို့ကို လာပူးပေါင်းဖို့ ခေါ်တာ။"
"လူသားတွေလား။"
လုပေါင်ကအံ့သြစွာ မေးသည်။
"ဖြူကြီး... ချင်းပိုင်လျဲ့ တို့ ပေါင်ရှင်းကျီ တို့များလား။"
ချင်းပိုင်လျဲ့က ဒီအချိန်ကိုလာကြည့်ဖူးသလို ပေါင်ရှင်းကျီကလည်း နှစ်ပေါင်းများစွာ စောင့်နေခဲ့ခြင်း ဖြစ်သည်။ နှစ်တစ်ထောင် မီးဝိညာဉ်သီးက နှစ်တစ်ရာသီးနှင့် မတူပေ။ နှစ်တစ်ရာသီးက ကျင့်စဉ်ကို သိသိသာသာ တိုးစေသော်လည်း နှစ်တစ်ထောင်သီးကမူ...
"မဟုတ်ဘူး။ တစ်စုံတစ်ရာကြောင့် ခန့်မှန်းထားထက် အချိန်က ဆယ်နှစ်လောက် စောသွားတယ်။ လူသားပညာရှင်တွေ... ဒါက တော်တော် ဒုက္ခများမှာပဲ။"
ဖြူကြီး၏ အမူအရာမှာ ရှုပ်ထွေးနေသော်လည်း သူသည် ပေါင်ရှင်းကျီအတွက် နှစ်တစ်ထောင် မီးဝိညာဉ်သီးကို ရအောင်ယူပေးချင်နေသည်။
'ဆယ်နှစ် စောသွားတယ်... ငါ့ရဲ့ စနစ် ကြောင့်များလား...'
"ဒါဆို သွားကြည့်ကြမလား။"
လုပေါင်မှာ စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသည်။မီးဝိညာဉ်သီး မှည့်သည့်အခါ ချီလင်လေး က သူ့ကို ကူညီလိမ့်မည်ဖြစ်သည်။ဖြူကြီးတို့ကလည်း ကူညီမည်။သူ၏ အောက်ခြေမရှိသောတွင်း ထဲတွင် မြွေဟောက်နက်ကြီးလည်း ရှိနေသေးသည်။ သူ မည်သူ့ကိုမျှ မကြောက်ပေ။
အမုန့်ကတော့ အနောက်မှာ ကျန်ရစ်ခဲ့သည်။ သူ နောက်ထပ် နှစ်ရက်လောက် စောင့်ရဦးမည်။ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အမုန့်မှာ Live လောကတွင် အခြေကျသွားပြီ ဖြစ်သည်။ သူ အကောင့်ဖွင့်ပြီး Live လွှင့်နိုင်သည်နှင့် နောင်အနာဂတ် စားဝတ်နေရေးအတွက် စိုးရိမ်စရာ မရှိတော့ပေ။
မီးတောင်သို့ ရောက်သောအခါ။
ပျစ်ချွဲသော ချော်ရည်များမှာ တလဟော စီးဆင်းနေဆဲ ဖြစ်သည်။နှေးကွေးသော်လည်း ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နောက်ထပ် ဧရိယာတစ်ခုကို ဖျက်ဆီးခဲ့ပြီး အရာအားလုံးကို ဝါးမြိုနေတော့သည်။နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်ခါနီး ဆူညံမှုမှာ အတော်လေး သိသာလှသည်။
ယုန်ပျံမှာ ပတ်ချာလည်နေပြီး ကင်းခြများကြီးမှာလည်း ကျောက်နံရံတွင် ပုန်းနေလေသည်။ဒီလောဘကြီးတဲ့ ကောင်နှစ်ကောင်ဟာ အခုထိ ရှိနေတုန်းဖြစ်သည်။အရင်တစ်ခါက နဂါးပတ်ကြီးသာ မြန်မြန်မပြေးရင် လုပေါင်သည် သူ့ဆီက လုယူခဲ့တာ ကြာပြီဖြစ်သည်။
'နှစ်တစ်ရာမီးဝိညာဉ်သီးတွေကို အချိုသီးသီသလို သီရဲတယ် ဒါတွေအားလုံးက ငါ့ဟာတွေဆိုတာ မသိဘူးလား။'
မျက်လုံးတစ်ဖက်တည်းရှိသော ဝံပုလွေကြီးတစ်ကောင်မှာ ကျောက်တုံးပေါ်တွင် ခန့်ညားစွာ ရပ်နေသည်။၎င်းမှာ အသွင်ပြောင်းကျားထက် မနည်းသော ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်း၏အောက်တွင် အစိမ်းရောင် ဝတ်စုံဝတ်ထားသော တာအိုဆရာတစ်ဦး ရှိနေသည်။
"အနန္တကောင်းကင်ဘုံ... ဖြူကြီးမတွေ့တာ ကြာပြီနော်။"
အသွင်ပြောင်းကျားကိုစီးပြီးရောက်လာသော လုပေါင်ကို မြင်သည့်အခါ တာအိုဆရာ၏ မျက်နှာတွင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာသည်။ဖြူကြီးနှင့် စစ်သူကြီးလေးယောက်ကို မြင်သောအခါ သူက ထူးဆန်းသော အမူအရာဖြင့် နှုတ်ဆက်သည်။
"ပေါင်ရှင်းကျီ လား။"
လုပေါင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကာ စပ်စုချင်စိတ်များ ထကြွလာသည်။သူက ဖြူကြီးကို ကြည့်လိုက် တာအိုဆရာကို ကြည့်လိုက် လုပ်နေသည်။ .
'ဘုရားရေ.. မင်းက ဖြူကြီးနဲ့ မတွေ့ချင်လို့ ဘုန်းကြီးဝတ်သွားတာလား။'
'ဒါပေမဲ့ ဖြူကြီးက ဘာလို့ စိတ်မလှုပ်ရှားတာလဲ။'
"တျန်ချန်း"
ဖြူကြီးကတစ်ချက်သာ ကြည့်ပြီး အခြားတစ်ဖက်သို့ လှည့်သွားသည်။
'တျန်းချန်း...ပေါင်ရှင်းကျီ မဟုတ်ဘူးလား။'
လုပေါင်မှာ အနည်းငယ် စိတ်ပျက်သွားသည်။
'ထားလိုက်ပါတော့ မတွေ့သေးတာပဲ ကောင်းပါတယ်။အချိန်တန်ရင် ဖြူကြီးကို ခေါ်ပြီး ပေါင်ရှင်းကျီကို အံ့အားသင့်အောင် လုပ်ပေးမယ် နှစ်ပေါင်းတစ်ရာကျော်ကြာမှ ပြန်ဆုံရတဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးမယ်။အချစ်စစ်ဆိုတာ ဘာလဲဆိုတာကို ကြည့်ရတာပေါ့။'
နောက်ထပ် လူနှစ်ယောက်လည်း ရှိနေသေးသည်။တစ်ယောက်က မျက်နှာဖုံးစွပ်ထားသော မိန်းကလေးငယ်ဖြစ်ပြီး နှင်းကဲ့သို့ ဖြူစင်သော အဝတ်အစားများကို ဝတ်ထားသည်။နောက်တစ်ယောက်ကတော့ ချင်မင်းဆက်နှောင်းပိုင်းက စစ်ဗိုလ်ချုပ်ဝတ်စုံသားရေဖိနပ်နှင့် ဝတ်ရုံအရှည်ကြီးကို ဝတ်ထားပြီး ကင်းခြေများကြီးနှင့် ရင်ဆိုင်နေသည်။
"တျန်ချန်း နဲ့ လေချန် တို့က လူသား ဂုဏ်ထူးဆောင် သိုင်းဆရာကြီး တွေပဲ။ မင်းက ငယ်သေးတော့ သူတို့ သိမှာ မဟုတ်ဘူး နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်တဲ့အခါ အခွင့်အရေးကို စောင့်ကြည့်ပါ။"
ဖြူကြီး၏ အသံက လုပေါင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
'လူသား ဆရာကြီးတွေရယ် စိတ်ချင်း ဆက်သွယ်တဲ့ အသံရယ်... အကယ်၍ သူသာ စနစ် မရှိရင် ဒါတွေက တကယ်လို့ ဘယ်လို ယုံနိုင်ပါ့မလဲ။'
"ဝုန်းးးး"
ကင်းခြေများကြီးမှာ ရုတ်တရက် ပျံတက်သွားပြီး စစ်ဗိုလ်ချုပ်ဝတ်စုံနှင့် လေချန်ထံမှ အဝေးသို့ ပြေးသွားသည်။တစ်ချိန်တည်းမှာပင် တျန်းချန်းနှင့် ရင်ဆိုင်နေသော မျက်လုံးတစ်ဖက်တည်း ဝံပုလွေဘုရင်မှာလည်း ခုန်တက်သွားသည်။
"လောလောဆယ် ပူးပေါင်းကြရအောင်။နှစ်တစ်ရာ မီးဝိညာဉ်သီး အချို့ကို အရင်ယူကြမယ် နှစ်တစ်ထောင်သီး မှည့်လာတဲ့အခါမှ ကိုယ့်အရည်အချင်းနဲ့ကိုယ် လုကြတာပေါ့။"
လေချန်က သြဇာညောင်းသော အသံဖြင့် ပြောလိုက်သည်။သူ၏ ခန့်ညားသော မျက်နှာမှာ သာမန်မိန်းကလေးများကို ရူးသွပ်သွားစေနိုင်လောက်သည်။
"ဖြူကြီးနဲ့ အားလုံးကော... ငါတို့ရဲ့ အကြံပြုချက်ကို ဘယ်လိုသဘောရလဲ။"
တျန်ချန်းကအနည်းငယ် ပြုံးကာ သူ၏ မက်မွန်သားဓားကို ကျောနောက်တွင် ထည့်လိုက်သည်။
'နှစ်တစ်ရာ မီးဝိညာဉ်သီးတွေကို ယူမယ်။'
ဖြူကြီးက လုပေါင်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။အပင်ပေါ်က ခူးဖို့ ကြိုးစားတဲ့သူကတော့ ကံဆိုးလိမ့်မည်။မြေပေါ်မှာ ကြွေနေတာတွေကတော့ အခုဆို အများကြီး ကျန်မှာ မဟုတ်တော့ဘူး မဟုတ်ပေ။အကုန်လုံး လုပေါင် အိတ်ထဲရောက်ကုန်သောကြောင့်ပင်။
"ကောင်းပြီ။"
ယာယီ မဟာမိတ်အဖွဲ့ ဖွဲ့လိုက်ကြသည်။ အားလုံးက လူဟောင်းတွေ ဖြစ်ကြသဖြင့် ထင်ထားသလောက် သတိထားစရာ မလိုပေ။လေချန်က ဦးဆောင်ပြီး မီးတောင်အက်ကြောင်းထဲသို့ အရင်ဝင်သွားသည်။နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်တော့မည် ဖြစ်သဖြင့် ဤနေရာရှိ လေထုကို ရှူလိုက်ရုံဖြင့် ကျင့်စဉ် တိုးတက်နေသကဲ့သို့ ခံစားရသည်။
ပူပြင်းလှသော လေထုကြီး တိုးဝှေ့လာပြီးနောက် မြင်ကွင်းမှာ ရုတ်တရက် ရှင်းလင်းသွားသည်။
ဒါပေမဲ့... လေချန်မှာ ပတ်ဝန်းကျင်ကို ကြောင်ကြည့်နေပြီး တျန်ချန်းမှာလည်း မှင်သက်သွားသည်။
"ဘာလို့အရင်ကနဲ့ မတူတာလဲ။"
မီးဝိညာဉ်သီးတွေပြည့်နေရမည့် မြေပြင်မှာ အခုတော့ ပြောင်သလင်းခါနေပြီး အသီးအနည်းငယ်သာ ဟိုတစ်လုံး ဒီတစ်လုံး ကျန်တော့သည်။
"ကျောက်နံရံပေါ်က ပတ္တမြားတွေလည်း ဘာလို့ ခွာယူခံထားရတာလဲ ဘယ်သူက ဒီနေရာမှာ ဒီလိုလုပ်ရဲတာလဲ။"
သတ္တဝါတစ်ကောင် ခုန်ဆင်းလာသည်။လုပေါင်သည် ရှေ့သို့ ပြေးသွားပြီး မြေပေါ်က မီးဝိညာဉ်သီးများကို တစ်လုံးချင်း လိုက်ကောက်သည်။ အမှန်ပင် သူ မရှိတဲ့ ရက်ပိုင်းအတွင်း အသီးအချို့ ထပ်ကြွေနေသည်။
"ငါ အသီး တွေ့ပြီ။"
လုပေါင်ကသူကောက်ရတဲ့ အသီးလေးလုံးကို ထောင်ပြလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လုပေါင်၏ ခေါင်းပေါ်တွင် မီးဝိညာဉ်သီးတစ်လုံးမှာ ကြွေတော့မည့်အလား တွဲလောင်းကျနေသည်။လုပေါင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ချီလင်လေး မရှိပေ။သူ အမြန်ပင် အသီးကို ဆွဲယူလိုက်တော့သည်။
"မလုပ်နဲ့။"
လေချန်၏ မျက်လုံးများ ပြူးသွားကာ သူ၏ သမီးကို ဆွဲပြီး အပြင်သို့ အပြေးအလွှား ထွက်သွားသည်။တျန်ချန်းကလည်း ချက်ချင်းပင် လှည့်ထွက်သွားသည်။ဖြူကြီးကလည်း ဝေခွဲမနေဘဲ ထိုနည်းတူ လုပ်သည်။အသွင်ပြောင်းကျားပင်လျှင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လုပေါင်ကို ကြည့်ကာ အမြီးကုပ်ပြီး ထွက်ပြေးသွားတော့သည်။
လုပေါင်မှာ ဘာဖြစ်မှန်း မသိဘဲ ကြောင်ကျန်ရစ်သည်။
'ဒါကအဲဒီလောက်တောင် အခြေအနေ ဆိုးလို့လား။'
"ပလုံ ပလုံ"
ချော်ရည်ထဲမှ ချစ်စရာ ခေါင်းလေး တစ်လုံး ပြူထွက်လာသည်။ဒေါသထွက်နေသော မျက်လုံးကြီးများမှာ ဖြည်းဖြည်းချင်း ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော အသွင်သို့ ပြောင်းလဲသွားသည်။
"အူးဝူး"
အခန်းး ၈၂ - မင်းက ဘယ်လိုအရောင်ရှိတဲ့ ဂုံနီအိတ်မျိုးကို ကြိုက်တာလဲ။
သတ္တဝါလေးသည် တလှုပ်လှုပ်ဖြင့် လျှောက်လာပြီး သူ၏ကိုယ်ပေါ်ရှိ ချော်ရည်များကို ခါထုတ်လိုက်သည်။ထို့နောက် မီးဝိညာဉ်သီးပင်ကို တစ်ချက်ကြည့်ကာ လုပေါင်ကို မော့ကြည့်လာသည်။လုပေါင်သည်လည်း သူ ခုနက ဆွဲခူးထားသော မီးဝိညာဉ်သီးကို အမြန်ပင် ကမ်းပေးလိုက်သည်။
“စားမလား။”
“အူးဝူး”
ချီလင် လေးသည် ပါးစပ်ကို အကျယ်ကြီးဟကာ မီးဝိညာဉ်သီးကို တစ်လုပ်တည်းဖြင့် မျိုချလိုက်သည်။
အပင်ပေါ်က အသီးတွေကို ဘာလို့ ထိလို့မရတာလဲဆိုတာ အံ့သြစရာမရှိတော့ပေ။အသီးကို လှုပ်လိုက်သည်နှင့် ဤသတ္တဝါလေးက ချက်ချင်း သိရှိသွားခြင်းပင်။မိမိကို မော့ကြည့်နေသော ချစ်စရာသတ္တဝါလေးကို ကြည့်ရင်း လုပေါင် တစ်စုံတစ်ရာကို နက်နက်နဲနဲ စဉ်းစားမိသွားသည်။
‘ငါဒီကောင်လေးကို ဘယ်လိုအရောင်ရှိတဲ့ ဂုံနီအိတ်မျိုးကို ကြိုက်သလဲလို့ မေးသင့်သလား။’
နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာလျှင် လက်တစ်ချက်ဝှေ့ယမ်းပြီး ချီလင်ပေါက်လေးကို ထုတ်ပစ်လိုက်ရုံပင်။မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ချီလင်လေး၏ နှာခေါင်းလေးမှာ တရှုံ့ရှုံ့ဖြင့် လုပေါင်၏ ကျောပိုးအိတ်ကို လိုက်နမ်းနေသည်။ထို့နောက် သူ၏ ချစ်စရာ ခွာလေးဖြင့် တစ်ခုခုကို လိုချင်နေသည့် အမူအရာပြကာ လုပေါင်ကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လာသည်။၎င်းအမူအရာမှာ နှလုံးသားကို အရည်ပျော်သွားစေလောက်အောင် ချစ်စရာကောင်းလှသည်။
“ဥက္ကာခဲလား...”
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုပေါင်သည် အောက်ခြေမရှိသောတွင်းနက်ကြီး ထဲမှ ဥက္ကာခဲအသေးလေးအချို့ကို ယူခဲ့ဖူးသည်။ ဖြူကြီး တို့ကို အချို့ပေးခဲ့ပြီး ကျန်တာကိုတော့ အိတ်ထဲ ထည့်ထားခဲ့ခြင်းဖြစ်သည်။
ချီလင်လေး၏ အမူအရာကို မြင်သည်နှင့် လုပေါင် ချက်ချင်း နားလည်သွားတော့သည်။သူ၏ ကျောပိုးအိတ်ထဲမှ လက်မအရွယ် ဥက္ကာခဲလေးတစ်တုံးကို ထုတ်ပေးလိုက်သည်။အမှန်ပင် ချီလင်လေး၏ ရွှေရောင်မျက်လုံးအစုံမှာ ချက်ချင်း တောက်ပသွားတော့သည်။၎င်းသည် ဥက္ကာခဲကို ကိုက်ကာ ချော်ရည်ထဲသို့ ခုန်ဆင်းသွားပြီး ခေါင်းလေးပြူကာ လုပေါင်ကို တစ်ချက်ကြည့်ပြီးနောက် ချော်ရည်အောက်ထဲ ပျောက်ကွယ်သွားတော့သည်။
‘ဒီကောင်လေးမှာ ရတနာတွေ စုဆောင်းတတ်တဲ့ အကျင့်ရှိတာလား။ဒါမှမဟုတ် အောက်ဆင်းပြီး စားတာလား။’
ပွက်ပွက်ဆူနေသော ချော်ရည်များကို ကြည့်ရင်း လုပေါင် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေမိသည်။
‘ဒီနေရာကနှစ်တစ်ရာ နှစ်တစ်ထောင် မီးဝိညာဉ်သီးပင်တွေကို အကုန်သယ်ထုတ်သွားရင် ကောင်းမလား။ပြီးတော့ ဒီချီလင်လေးကိုပါ အောက်ခြေမရှိသော တွင်းနက်ကြီး ထဲ ထည့်သွားရမလား။’
အောက်ခြေမရှိသော တွင်းနက်ကြီး က ချော်ရည်တွေထက် ပိုကောင်းနိုင်သည်။၎င်းက သားရဲတွေ ဆင့်ကဲပြောင်းလဲဖို့အတွက် သီးသန့်နေရာလည်းဖြစ်သည်။။ ဒီကောင်လေးက ဘယ်လိုအရောင်ရှိတဲ့ ဂုံနီအိတ်ကို ကြိုက်မှန်း သူ မသိသေးသဖြင့် ပြန်သွားပြီး တစ်အိတ်လောက် အရင်ပြင်ဆင်ထားရမည်။
ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် လုပေါင် အပြင်သို့ ထွက်လာခဲ့သည်။ဤအချိန်တွင် အပြင်ဘက်၌ လူအချို့မှာ သတိကြီးစွာဖြင့် အတွင်းသို့ အကဲခတ်နေကြသည်။တျန်ချန်း ဖြစ်စေ လေချန် ဖြစ်စေ ချီလင်သားရဲ၏ ကြောက်မက်ဖွယ်အစွမ်းကို ကိုယ်တိုင်မြင်ဖူးကြသဖြင့် အကြောင်းမရှိဘဲ သွားရောက် မနှောင့်ယှက်ရဲကြပေ။
“အဖေ... ဘာလို့ ဘာသံမှ မကြားရတာလဲ။”
မိန်းကလေးငယ်ကတိုးတိုးလေး မေးသည်။
“အဲဒီအရာက သတ်ဖြတ်တဲ့အခါ ဘာအသံမှ လုပ်နေဖို့တောင် မလိုဘူး။”
လေချန်ကဖြူကြီးကို တစ်ချက်ကြည့်ကာ
“ဒီကောင်လေးက ဘယ်သူလဲ။”
အသွင်ပြောင်းကျား ကို စီးပြီး မျောက်ဘုရင်နောက် လိုက်လာသည့် လုပေါင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို လေချန်နှင့် တျန်ချန်းတို့က သိချင်နေကြသည်။ဖြူကြီးကမူ ဘာမှမပြောဘဲ အက်ကြောင်းကြီး၏ ထွက်ပေါက်ကိုသာ စိုက်ကြည့်နေသည်။
“ဟင်...”
တျန်ချန်းအံ့သြသွားသလို လေချန်လည်း လှည့်ကြည့်လိုက်သည်။အက်ကြောင်းထဲမှ လူတစ်ယောက် ထွက်လာသည်။၎င်းမှာ ခုနက မီးဝိညာဉ်သီးကို ဆွဲခူးပြီး ချီလင်ကို နှိုးလိုက်သည့် လူငယ်ပင်ဖြစ်သည်။သူတို့ ဆုတ်ခွာစဉ်က ချီလင်ခေါင်းပြူထွက်လာတာကို မြင်ခဲ့ကြသည်။
‘သူကဘယ်လိုလုပ်ဘာမှမဖြစ်ဘဲ ပြန်ထွက်လာနိုင်ရတာလဲ။’
“သူ ဘာမှမဖြစ်ဘူးလား။”
လေချန်ဝေခွဲမရ ဖြစ်သွားသည်။
‘အပင်ပေါ်ကအသီးကို ထိတဲ့သူမှန်သမျှ သေရမှာ မဟုတ်လား။ဒီကောင်လေးက ဘယ်လိုလုပ် ဘေးကင်းကင်းနဲ့ ထွက်လာတာလဲ။ချီလင်က သေချာ မနိုးသေးလို့လား။”
လုပေါင်ကတော့ သူတို့ကို အကြောင်းရင်း ပြောပြမှာ မဟုတ်ပေ။
မီးဝိညာဉ်သီး မှည့်ဖို့ ၂၁ နာရီ လိုသေးသည်။ နှစ်တစ်ထောင် မီးဝိညာဉ်သီးကို ခူးတဲ့အခါ စနစ်က စစ်ဆေးခြင်း လက်မှတ်ထိုးဝင် ခိုင်းမလား သူ စဉ်းစားနေမိသည်။ဒီမစ်ရှင်က အရင်ဟာတွေနဲ့ လုံးဝမတူပေ။ စစ်ဆေးခြင်းလုပ်လျှင် Live လွှင့်ရန် အတင်းအကျပ် ခိုင်းစေလိမ့်မည်။
အားလုံးက မီးဝိညာဉ်သီး မှည့်မည့်အချိန်ကို စောင့်နေကြသည်။အချိန်ကုန်လွန်လာသည်နှင့်အမျှ မီးတောင်ဂူအတွင်းရှိ ရနံ့မှာ ပို၍ ပို၍ သင်းပျံ့လာသည်။
“နှစ်တစ်ရာ မီးဝိညာဉ်သီးက ကျင့်စဉ်သမားတစ်ယောက်အတွက် တစ်နှစ်စာ ပြင်းပြင်းထန်ထန် ကျင့်ကြံမှုကို အစားထိုးပေးနိုင်တယ်။နှစ်တစ်ထောင် မီးဝိညာဉ်သီးကတော့ နှစ်ပေါင်းခြောက်ဆယ်စာ စွမ်းအားကို တိုးစေနိုင်တယ်။ဒီလို မြေကမ္ဘာရတနာမျိုးက ဒီလိုနေရာမှာ ဖုံးကွယ်နေလို့သာ ရှိနေတာအပြင်လောကမှာဆိုရင် သွေးချောင်းစီးတဲ့အထိ လုကြမှာပဲ။”
ညဘက်တွင် တျန်ချန်းက တင်ပျဉ်ခွေထိုင်ရင်း မီးဝိညာဉ်သီးများအကြောင်းကို အေးအေးဆေးဆေး ပြောပြနေသည်။ လရောင်မှာလည်း အေးစက်နေလေသည်။
“နှစ်တစ်ထောင် မီးဝိညာဉ်သီး ၆ လုံး ရှိတယ်။ချီလင်သားရဲက တစ်လုံးပဲ လိုအပ်တာ။”
လေချန်ကဖြူကြီးကို တစ်ချက်ကြည့်လိုက်သည်။ချီလင်က ကြောက်စရာကောင်းသော်လည်း နှစ်ပေါင်းရာချီ ကျင့်ကြံလာသည့် ဤမျောက်ဖြူကြီးမှာလည်း ကျင့်စဉ်ပညာရှင်တွေရဲ့ ချီကျင့်စဉ် နဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ မျောက်လက်သီးပညာရပ်ကို ပေါင်းစပ်ထားတာကြောင့် ၎င်း၏အစွမ်းမှာခန့်မှန်းရခက်လှသည်။
“ချီလင်က ဘာလို့ တစ်လုံးတည်းပဲ လိုတာလဲ။”
လုပေါင်ကစပ်စုမိသည်။ ဒီလိုကောင်းတဲ့ပစ္စည်းတွေကို ဘာလို့ အကုန်မမျိုသနည်း။
“နှစ်တစ်ထောင် မီးဝိညာဉ်သီးက ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရကို နှစ်ပေါင်းတစ်ထောင်ကျော် စုပ်ယူထားတာ။ဒီလို အဖျက်ဆီးမခံရတဲ့ အထူးပတ်ဝန်းကျင်နဲ့ ပေါင်းစပ်မှ ရှင်သန်နိုင်တာ။အသီးတစ်လုံးထဲမှာတင် ပါဝင်တဲ့ ဆေးစွမ်းက သာမန်ပညာရှင်တစ်ယောက် ခံနိုင်ရည်ရှိတာထက် ပိုတယ်။ ဒါတင်မကဘူး ပထမတစ်လုံး စားပြီးရင် ထပ်စားလည်း အာနိသင်က အများကြီး လျော့သွားမှာ ဒါမှမဟုတ် ဘာအကျိုးမှ မရှိတော့တာမျိုး ဖြစ်တတ်တယ်။”
လေချန်က အနည်းငယ် ပြုံးကာ ပြောသည်။
“လူလေး... နှစ်တစ်ရာ မီးဝိညာဉ်သီးတောင်မှ ပထမနှစ်လုံးပဲ အာနိသင်အရှိဆုံးကွ။အများကြီးစားတာက ဖြုန်းတီးရာ ရောက်တယ်။ မင်းဆီမှာ ပိုနေတဲ့ အသီး ၃ လုံးကို ဒီအဘိုးကြီးဆီ ရောင်းပါလား။”
သူ့သမီးမှာ အဆင့်တက်ရန်အတွက် အခက်အခဲဖြစ်နေသည်မှာ ၃ နှစ် ရှိပြီဖြစ်သည်။နောက်ရက်အနည်းငယ်မှာ စိန်ခေါ်ပွဲရှိသဖြင့် မီးဝိညာဉ်သီးရဲ့ ပြင်ပစွမ်းအားကို အသုံးချပြီး အဆင့်တက်နိုင်ဖို့ သူ မျှော်လင့်နေခြင်းဖြစ်သည်။လုပေါင်လည်း သူ လိမ်မပြောမှန်း သိသည်။ သူကိုယ်တိုင်လည်း အသီးအချို့ စားပြီးနောက် ဘာမှမထူးတော့တာကို သတိထားမိလို့ပင်။
“ရပါတယ် ဘာနဲ့ လဲမှာလဲ။”
လုပေါင်ဆီမှာမီးဝိညာဉ်သီးတွေ အများကြီး ရှိသဖြင့် အချို့ကို ရောင်းလိုက်တာ ပြဿနာမရှိပေ။ဒါ့အပြင် ဂုဏ်ထူးဆောင် ဆရာကြီး တစ်ယောက်နဲ့ စီးပွားရေးလုပ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းသည်လေ။
“ငွေသားတုံး တစ်ထောင်။”
“…”
‘ဘုရားရေ... သူက ငွေသားနဲ့ ပေးမယ်တဲ့။ ငါ့ကို သောက်ပေါလို့ထင်နေတာလား။ ငွေတုံးတစ်ထောင်ဆိုတာ ငွေစက္ကူ သိန်းဂဏန်းတောင် မရှိဘူး။အဲဒါနဲ့ ငါ့ရဲ့ မီးဝိညာဉ်သီး ၃ လုံးကို လဲချင်တာလား။တစ်လုံးတောင် မရနိုင်ဘူး။’
လုပေါင် ချက်ချင်း ငြင်းလိုက်သည်။
“ခင်ဗျားဝတ်စုံကြည့်ပြီး ချင်မင်းဆက်နှောင်းပိုင်းက သူဌေးကြီး ထင်နေတာ တကယ်တော့ အရမ်းဆင်းရဲတာပဲ...”
“ရွှေတုံး တစ်ရာ ထပ်ပေါင်းပေးမယ်။”
လေချန်၏ မျက်နှာကြီး နီမြန်းသွားသည်။
“မလဲဘူး။ ယခင်ဗျားဆီမှာ အဲဒီပိုက်ဆံတောင် ရှိပုံမရဘူး။စီနီယာ ဖြူကြီး က ကျွန်တော့်ကို ရွှေတုံးတွေ အများကြီး ပေးထားပြီးသား။ခင်ဗျားမှာ တကယ့် စေတနာမရှိရင် ထားလိုက်တော့။”
လုပေါင်သူ့ကို ဂရုမစိုက်တော့ပေ။
‘ဘာတွေလာစိတ်ကူးယဉ်နေတာလဲ။’
လုပေါင် မသိတာက ဤပညာရှင်များသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သဖြင့် ပိုက်ဆံရှာနည်း မသိကြပေ။သူတို့မှာ အလွန်ဆင်းရဲကြပြီး သူတို့ရဲ့ သွေးလေအင်အား ကောင်းမွန်စေရန် တန်ဖိုးကြီး ဆေးဖက်ဝင်အပင်များကို ဝယ်ယူဖို့ ငွေအမြောက်အမြား လိုအပ်သည်။ သွေးလေအင်အား ဆုတ်ယုတ်သွားလျှင် အလွန် ဒုက္ခရောက်တတ်သည်။သာမန်တိုက်ပွဲတစ်ခု တိုက်ပြီးလျှင်ပင် သွေးလေပြန်လည်ကောင်းမွန်ဖို့ သိန်းရာချီ တန်ဖိုးရှိသော ဆေးဝါးများ လိုအပ်နိုင်သည်။
ပညာရှင်အတော်များများမှာ ဆင်းရဲလွန်းသဖြင့် တိုက်တောင် မတိုက်ရဲကြပေ။ ယလူမှုပတ်ဝန်းကျင်နဲ့ အလှမ်းဝေးနေတဲ့ ရှေးဟောင်းပစ္စည်းတွေပမာပင်။ အစားအသောက် ပို့ရင်လည်း ရှုံးမှာဖြစ်သလို ဆောက်လုပ်ရေးဆိုဒ်မှာ အုတ်သယ်ရင်လည်း သူတို့ ကုန်ဆုံးသွားမယ့် သွေးလေအင်အားဖိုးတောင် ပြန်ရမှာ မဟုတ်ပေ။သူတို့မှာ တောင်နက်တောနက်တွေထဲ ဆေးမြစ်ရှာတာပဲ လုပ်တတ်ကြပြီး ကံမကောင်းရင် သားရဲတွေ စားတာတောင် ခံရနိုင်သေးသည်။
“ဝေါင်းးးး”
အသွင်ပြောင်းကျား နှင့်မျက်လုံးတစ်ဖက်တည်းရှိသော ဝံပုလွေနက်ကြီးတို့ စပြီး တိုက်ခိုက်ကြသည်။အသွင်ပြောင်းကျားမှာ မတိုက်ရတာ ကြာပြီဖြစ်သလို မီးဝိညာဉ်သီးတွေလည်း စားထားသဖြင့် သွေးလေတွေ ကြွနေပြီး တိုက်ချင်ခိုက်ချင် စိတ်ပေါက်နေခြင်းဖြစ်သည်။ဒီဝံပုလွေကြီးကတော့ သူ့အတွက် ပြိုင်ဘက်ကောင်းပင်ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက် အသွင်ပြောင်းကျားမှာ ဒဏ်ရာအပြည့်ဖြင့် ပြန်ပြေးလာပြီး လုပေါင်နောက်မှာ လှဲကာ ဒဏ်ရာတွေကို ပြန်လျက်နေသည်။အဝေးမှာတော့ ဝံပုလွေနက်ကြီးက လကို ကြည့်ပြီး အူနေသည်။
“အသုံးမကျပဲ တိုက်ချင်နေသေးတယ်။”
လုပေါင်ကအသွင်ပြောင်းကျားကို ရယ်ပြီး တစ်ချက်ရိုက်လိုက်သည်။
‘ဝံပုလွေကိုနိုင်မလားအောက်မေ့တာ အခုတော့ ဒဏ်ရာတွေနဲ့ ပြန်လာတာပဲ။’
လုပေါင်က အသွင်ပြောင်းကျားကို ခေါ်ပြီး ညအမှောင်ထဲ ပျောက်ကွယ်သွားသည်။ဖြူကြီးကတော့ လုပေါင် ဘာလုပ်မလဲဆိုတာ သိသဖြင့် မျက်တောင်တခတ်ခတ် ဖြစ်နေရစ်ခဲ့သည်။ဂူတစ်ခုထဲ ရောက်သောအခါ လုပေါင်က အသွင်ပြောင်းကျားကို အောက်ခြေမရှိသော တွင်းနက်ကြီး ထဲ ခေါ်သွားလိုက်သည်။
“ကျင့်ကြံကြစို့။”
“ရှူး...”
မြွေဟောက်နက်ကြီးပေါ်လာပြီး လုပေါင်ကို နှာခေါင်းဖြင့် တို့ကာ တွင်းနက်ကြီး၏ အောက်ခြေသို့ အမြန်ခေါ်သွားသည်။ အသွင်ပြောင်းကျားကလည်း နောက်က ကပ်လိုက်လာသည်။
“သေချာကျင့်ကြစို့။ မနက်ဖြန်ကျရင် မင်းတို့ကို ထုတ်ပြီး တိုက်ခိုင်းရလိမ့်မယ်။”
လုပေါင်ကမြွေဟောက်နက်ကြီးကို ပုတ်ပြီး ပြောလိုက်သည်။မနက်ဖြန် ဘယ်သူကများ သူ့ကို လာအနိုင်ကျင့်ရဲသလဲ ကြည့်ကြဦးမည်။မြွေဟောက်နက်ကြီးက ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။
တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ် ပေါ်လာပြီး မီးပုရွက်ဆိတ်အုပ်ကြီးကလည်း တရှုံ့ရှုံ့ဖြင့် စုဝေးလာကြသည်။မကြာမီ ထိုနေရာမှာ တိတ်ဆိတ်သွားတော့သည်။