အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း ၈၅ - နှစ်တစ်ထောင် မီးဝိညာဉ်သီး နှင့် ခြေလှမ်းတစ်ရာ နတ်မင်းလက်သီး
လုပေါင်သည် အတွင်းသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
“မဝင်နဲ့ဦး မမှည့်သေးဘူး။”
လေချန်လန့်သွားရသည်။အခုဝင်သွားလျှင် ချီလင်သားရဲ ဒေါသထွက်ကာ နှစ်တစ်ထောင် မီးဝိညာဉ်သီးများ ပျက်စီးသွားနိုင်သည်။ကြောက်စရာကောင်းသော ထိုမြွေဟောက်နက်ကြီးအကြောင်း စဉ်းစားမိရုံနှင့် သူ၏ ဦးရေခွံများပင် စိမ့်တက်သွားရသည်။
ဖြူကြီးသည် လုပေါင်နောက်မှ ကပ်လိုက်သွားပြီး စစ်သူကြီးလေးယောက်ကိုမူ သူ၏အမိန့်ဖြင့် အပြင်မှာ စောင့်ခိုင်းထားခဲ့သည်။အသွင်ပြောင်းကျားသည်လည်း ခေါင်းပြူကြည့်နေပြီး မီးဝိညာဉ်သီးရနံ့ကြောင့် အနည်းငယ် စိတ်ဂဏာမငြိမ် ဖြစ်နေပုံပေါ်သည်။
ချော်ရည်များ တလိပ်လိပ် တက်လာပြီး နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်တော့မည့်ဆဲဆဲတွင် ချီလင်လေးသည် အပေါ်သို့ တက်ကာ အပင်ခြေရင်း၌ ရပ်နေသည်။သူသည် ခေါင်းလေးစောင်းကာ မီးဝိညာဉ်သီးကို ကြည့်နေပြီး ခွာလေးတစ်ဖက်က သစ်ပင်အကိုင်းကို ထောက်ထားသည်။လုပေါင် ရောက်လာသောအခါ ချီလင်လေးက သူ့ကို တစ်ချက်ကြည့်ပြီး အသီးကိုသာ ဆက်ကြည့်နေပြန်သည်။
၃ မိနစ်သာ လိုတော့သည်။
လုပေါင်က ချီလင်လေးကို လှမ်းအော်ပြောလိုက်သည်။
“မင်း တစ်လုံးစားပြီး ကျန်တာ ငါ့ကို ပေးနော်။”
စုစုပေါင်း ၆ လုံးသာ ရှိသည်။ ဖြူကြီးက ၂ လုံး လိုချင်သည်။ချီလင်လေးက ၁ လုံး စားမည်ဆိုလျှင် ၃ လုံး ကျန်မည်။လုပေါင်ကတော့ အကုန်လုံးကို ထုပ်ပိုးသိမ်းဆည်းချင်နေသည်။ဤအရာမျိုးက အလွန် ရှားပါးသည် မဟုတ်လော။
“အူးဝူးးး”
ကိလင်လေးသည် အမြီးကို ခါယမ်းလိုက်ပြီး ရုတ်တရက် ခေါင်းလှည့်ကာ သူတို့နောက်က လိုက်လာသော ဖြူကြီးနှင့် အခြားလူများကို ဒေါသတကြီး ကြည့်လိုက်သည်။
“ဝုန်းးးး”
မီးတောက်များ တိုက်ရိုက် ပန်းထွက်လာသည်။
ဖြူကြီးသည် လှည့်ထွက်သွားပြီး လေချန်မှာလည်း ဆဲဆိုရင်း အသည်းအသန် ထွက်ပြေးရပြန်သည်။လုပေါင်က ချီလင်လေးရဲ့ တည့်တည့်မှာ ရပ်နေတာတောင် ချီလင်က လုပေါင်ကို မီးနဲ့ မမှုတ်သည်ကို သူ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ဘာလို့လဲဆိုတာသူ နားမလည်နိုင်တော့ပေ။
‘ငါသာ မီးမှုတ်တတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ဒီလို မီးတောက်တွေကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။’
လုပေါင်သည်ချီလင်လေးနှင့် မြွေဟောက်နက်ကြီးကို တကယ်ပင် အားကျမိသည်။
‘ကင်းခြေများကြီးတောင်မီးမှုတ်တတ်သေးတာပဲ။ သားရဲတွေ အားလုံးက မီးမှုတ်တတ်ကြတာလား။’
“မှည့်တော့မယ်။”
လုပေါင်သည် မီးဝိညာဉ်သီးပင်အောက်သို့ ခုန်ဆင်းကာ ချီလင်လေးအနားမှာ ထိုင်ပြီး အသီးမှည့်မှာကို အတူတူ စောင့်နေကြသည်။ သူသာ အသီးကို ခူးနိုင်လျှင် မစ်ရှင်အောင်မြင်မည့်အပြင် နှစ်တစ်ထောင် မီးဝိညာဉ်သီးကိုလည်း ရရှိမည်ဖြစ်သည်။
နှစ်တစ်ထောင် မီးဝိညာဉ်သီး၏ ဆေးစွမ်းမှာ အံ့မခန်းပင်ဖြစ်သည်။အနံ့ကို ရှူရုံနှင့်ပင် သူ၏ ချီစွမ်းအင် များ တဖြည်းဖြည်း တိုးပွားလာသည်ကို ခံစားရသည်။တစ်လုံးစားလျှင် ကျင့်စဉ်သက်တမ်း အနှစ် ၆၀ တိုးမည်ဆိုသည်မှာ ချဲ့ကားပြောခြင်း မဟုတ်တန်ရာ။
“မင်း ဒီအကြီးဆုံးတစ်လုံးကို စားမလား။နောက်ကျရင် တခြားဟာတွေကို မစားနဲ့တော့နော် ဟုတ်ပြီလား။”
“အူးဝူးးး”
“လိမ္မာတယ် ရော့... ဒါလေးစား။”
လုပေါင်သည် ချီလင်လေးကို ဥက္ကာခဲအစအနတစ်ခု ထပ်ပေးလိုက်သည်။ဤအရာက သားရဲတွေအတွက် အလွန် အစွမ်းထက်သည်။ အမှန်ပင်ချီလင်လေးသည် ပျော်ပျော်ရွှင်ရွှင်နှင့် ကိုက်ခဲကာ မျိုချလိုက်သည်။
တျန်ချန်းသည် သတိကြီးစွာဖြင့် ဝင်လာရာမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားရသည်။လုပေါင်နှင့် ချီလင်လေးမှာ တစ်ဦးကိုတစ်ဦး မှီထားကြပြီး လူနှင့် သားရဲမှာ မီးဝိညာဉ်သီးပင်အောက်တွင် အတူတူ ထိုင်စောင့်နေကြခြင်းပင်။ကြည့်ရသည်မှာ လူငယ်လေးတစ်ဦးက ခွေးပေါက်လေးတစ်ကောင်နှင့်အတူ ရှုခင်းကြည့်နေသလိုပင်...
“အနန္တ... ဘုရား... ဘုရား...”
တျန်ချန်း၏ နှုတ်ခမ်းများ တုန်ရင်နေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ကြောက်မက်ဖွယ်ကောင်းသော ချီလင်သားရဲက လူတစ်ယောက်ကို ခွေးလေးတစ်ကောင်လို ကပ်နေတာလား။ကြားရသလောက်ဆိုရင် ဘယ်အသီးက ပိုကြီးလဲ ဘယ်ဟာစားမလဲဆိုတာကိုတောင် ဆွေးနွေးနေကြသလိုပဲ။”
လေချန်လည်း ရောက်လာပြီး ဤမြင်ကွင်းကို မြင်သောအခါ အတော်ကြာအောင် ဘာမှမတုံ့ပြန်နိုင်ဘဲ ဖြစ်နေသည်။
“ဘာတွေဖြစ်ကုန်တာလဲ။ကိလင်သားရဲ... မင်း မျက်စိကန်းနေတာလား။”
“နတ်ဆေးပင်တွေ နားမှာဆိုရင် အစောင့်သားရဲက ဘယ်သက်ရှိကိုမှ အနားပေးမကပ်ဘူး။ အခုက ဘာဖြစ်နေတာလဲ။”
လေချန်ရင်လေးသွားသည်။အခုဆိုရင် သူတို့ ဘယ်လိုလုပ် လုယူနိုင်တော့မည်နည်း။
“မှည့်တော့မယ် လုကြစို့။”
တျန်ချန်းသည် မက်မွန်ပင်ဖြင့်ထွင်းထုထားသော မက်မွန်သားဓားကို ဝှေ့ယမ်းလိုက်သည်။သူ ဂရုမစိုက်နိုင်တော့ပေ တစ်လုံးရရင်တောင် ဘာပဲပေးရပေး ပေးဆပ်ဖို့ အသင့်ပင်ဖြစ်နေသည်။
“ဟွန်းးး”
သံတုတ်ကြီးတစ်ချောင်းကသူတို့ကို ပိတ်ဆီးလိုက်သည်။
“ဒါ ဘာအဓိပ္ပာယ်လဲ။”
လေချန်ကဖြူကြီးကို ကြည့်လိုက်သည်။ ဖြူကြီးကမူ ဘာမှမပြောဘဲ သူတို့လမ်းကို ပိတ်ထားဆဲပင်။
“မျောက်ဖြူကြီး... မင်း ငါတို့ကို ပိတ်ထားရင် မင်းလည်း နှစ်တစ်ထောင် မီးဝိညာဉ်သီး ရမှာမဟုတ်ဘူး။ ပူးပေါင်းကြစို့။”
တျန်ချန်းမျက်မှောင်ကြုတ်လိုက်သည်။ ဒီမျောက်ဘုရင်က အရမ်းအတ္တကြီးမှန်း သူသိသည်။သို့သော် အခုအချိန်မှာ ဘာလို့ လမ်းပိတ်ထားရသနည်း။ဒါပေမဲ့ ဖြူကြီးကတော့ မလှုပ်မယှက်ပင်နေနေသည်။
“၃”
“၂”
“မှည့်ပြီ။”
လုပေါင် ပြောလိုက်သည်နှင့် ရောင်စုံအလင်းတန်းများ တောင်တန်းကို ထိုးဖောက်ထွက်ပေါ်လာပြီး ဆွဲဆောင်မှုရှိသော ရနံ့များ ချက်ချင်း ပျံ့လွင့်လာသည်။
နှစ်တစ်ထောင်မီးဝိညာဉ်သီး မှည့်သွားပြီဖြစ်၏။
“တောင်:နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်သွားပါပြီ။”
စနစ်၏ အချက်ပေးသံ ချက်ချင်း ထွက်လာသည်။
ချီလင်လေးသည် ပါးစပ်ဟကာ အကြီးဆုံးအသီးကို ကိုက်ပြီး တစ်လုပ်တည်း မျိုချလိုက်သည်။
“ရှူးးး ရှူးး”
တစ်ချိန်တည်းမှာပင် ချီလင်လေး၏ ကိုယ်ပေါ်မှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာသည်။
လုပေါင်လည်း အချိန်မဖြုန်းဘဲ အမြန်ခူးတော့သည်။ဖြူကြီး ပြင်ဆင်ပေးထားသော ကျောက်စိမ်းသေတ္တာကို အသုံးချလိုက်သည်။အသီးကို ခူးလိုက်သည်နှင့် စနစ်၏ အသံ ထပ်ထွက်လာသည်။
“တောင် : နှစ်တစ်ထောင် မီးဝိညာဉ်သီး ခူးဆွတ်ခြင်း တာဝန်အောင်မြင်ပါသည်။”
“ဆုလာဘ် းခြေလှမ်းတစ်ရာ နတ်မင်းလက်သီး (ပြီးပြည့်စုံသောအဆင့်)
စနစ်၏ အသံကို ကြားရသောအခါ လုပေါင်၏ ရင်ခုန်သံများ တုန်ရင်သွားသည်။
‘ခြေလှမ်းတစ်ရာနတ်မင်းလက်သီး ပြီးတော့ ပြီးပြည့်စုံသောအဆင့်တဲ့လား ဒါ ဘာကို ဆိုလိုတာလဲ။’
သူ ထော်လေ လက်ထဲမှာ ဒီလက်သီးအစွမ်းကို မြင်ခဲ့ဖူးသည်။၎င်းက မစွမ်းတာ မဟုတ်ဘဲ မြွေဟောက်နက်ကြီးနဲ့ တွေ့သွားလို့သာ ဖြစ်သည်။ဒါက ဂုဏ်ထူးဆောင်ဆရာကြီးတွေပဲ တတ်နိုင်တဲ့ ပညာရပ် ပင်ဖြစ်သည်။
သူမထင်မှတ်ထားဘဲ...
‘ခူး ခူး ခူးရဦးမယ်။’
လုပေါင်၏ အရှိန်မှာ အလွန်မြန်လှသည်။၃ စက္ကန့်အတွင်းမှာပင် နှစ်တစ်ထောင် မီးဝိညာဉ်သီး အားလုံးကို ကျောက်စိမ်းသေတ္တာထဲ ထည့်ပြီး အောက်ခြေမရှိသော တွင်းနက်ကြီး အာကာသထဲ သိမ်းလိုက်တော့သည်။ မြွေဟောက်နက်ကြီးနှင့် နီနီလေးတို့မှာ ချက်ချင်း ရောက်လာကြသော်လည်း လုပေါင်၏ အမိန့်မရှိဘဲ မထိရဲကြပေ။
အပေါ်မှာတော့ တျန်ချန်းနှင့် လေချန်တို့မှာ အတော်ကြာအောင် ဘာမှမတုံ့ပြန်နိုင်ဘဲ ဖြစ်နေကြသည်။
‘မင်းတို့တွေကတကယ်ပဲ အေးအေးဆေးဆေး ခွဲဝေယူလိုက်ကြတာလား။ဘာလို့လဲ။’
“ရှူးးးရှူးးး”
ချီလင်လေး၏ ကိုယ်ပေါ်မှ ရွှေရောင်မီးတောက်များ ဆက်တိုက် ထွက်ပေါ်နေပြီး သူ၏ အရှိန်အဝါမှာလည်း တရိပ်ရိပ် မြင့်တက်လာသည်။သူ၏ အကြေးခွံများမှာလည်း ပိုမိုနုနယ် တောက်ပလာသည်။
“ဝုန်းးးးး”
ရုတ်တရက် ချီလင်လေး လှုပ်ရှားလိုက်သည်။သူသည် ပါးစပ်ဟကာ ရွှေရောင်မီးတောက်များကို ဖြူကြီး တျန်ချန်းနှင့် အခြားလူများဆီသို့ တိုက်ရိုက် မှုတ်ထုတ်လိုက်သည်။
“ပြေးးးး”
“တောက်”
တျန်ချန်းနှင့် လေချန်တို့မှာ သွေးအန်ချင်လောက်အောင် စိတ်ပျက်သွားကြသည်။ပုံမှန်ဆိုလျှင် ချီလင်သားရဲက တစ်လုံးပဲ စားမှာဖြစ်ပြီး အဲဒီနောက်မှာ သူတို့ လုယူဖို့ အခွင့်အရေး ရှိသေးသည်။ဒါပေမဲ့ အခုတော့ အသီးမှည့်တာနဲ့ လုပေါင်က အကုန်သိမ်းသွားပြီးအစကနေ အဆုံးအထိ စက္ကန့်ပိုင်းပဲ ကြာလိုက်သည်။
လုပေါင်က ချီလင်လေး ပုံမှန်ပြန်ဖြစ်သွားတာကို မြင်တော့ အံ့သြစွာ ပြောမိသည်။
“ဒီလောက်ပဲလား။”
သူကချီလင်လေး အသီးစားပြီးရင် အကြာကြီး အိပ်ပျော်သွားမလားလို့ ထင်နေခြင်းဖြစ်သည်။
‘ငါ တစ်လုံးစားရင်ရော ဒီလောက်ပဲ လွယ်မလား။’
လုပေါင်အခုချက်ချင်း စားကြည့်ဖို့ စိတ်ကူးကို လက်လျှော့လိုက်သည်။
“အူးဝူး”
ချီလင်လေးကသူ့နားပြေးလာပြီး ကျန်တဲ့အသီးတွေ ဘယ်ရောက်ကုန်လဲဆိုတဲ့ ပုံစံနဲ့ လိုက်ရှာနေသည်။
“ဒီထဲမှာလေ။”
လုပေါင်က စိတ်ကူးဖြင့် အောက်ခြေမရှိသော တွင်းနက်ကြီး ကို ဖွင့်လိုက်သည်။ချီလင်လေးက တွင်းနက်ကြီးကို မမြင်ရသော်လည်း လုပေါင်က သူ့ကို အတွင်းထဲသို့ ဆွဲသွင်းလိုက်သောအခါ ချီလင်လေး အထဲသို့ပါသွားသည်။အဝေးက မြွေဟောက်နက်ကြီးကို ကြည့်လိုက် နေရာအနှံ့က ဥက္ကာခဲတွေကို ကြည့်လိုက်နှင့်ပင်။
“အူးဝူးးးး”
သူက မြွေဟောက်နက်ကြီးကို ဦးတည်ပြီး ရွှေရောင်မီးတောက်တွေ စုစည်းလိုက်သည်။ မြွေဟောက်နက်ကြီးကလည်း ချက်ချင်းပင် ပါးစပ်ဟကာ တုံ့ပြန်ဖို့ ပြင်လိုက်သည်။
“မလုပ်နဲ့ အားး... မမှုတ်ကြနဲ့ဦး။”
လုပေါင်လန့်သေတော့မည်။သူက ချီလင်လေးကို ဆွဲထားပြီး မြွေဟောက်နက်ကြီးကိုလည်း တားလိုက်ရသည်။
“မင်းတို့ဘာလုပ်နေကြတာလဲ ငါက ချီလင်လေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် ခေါ်ထားချင်တာလေ။ မင်းတို့က ဒီထဲမှာ မီးကစားပွဲ လုပ်မလို့လား။”
“သွားကြစို့။”
သူ ချီလင်လေးကို အမြန် ပြန်ခေါ်ထွက်လာခဲ့သည်။
အပြင်ရောက်တော့ ချီလင်လေးက ခုနက နေရာကို လိုက်ရှာရင်း အူးဝူး အူးဝူး အော်နေတော့သည်။ တွင်းနက်ကြီးထဲက ပတ်ဝန်းကျင်က သူ့ကို ဆွဲဆောင်နေပုံရသည်။
“မင်း ခုနက နေရာကို ကြိုက်လား။အဲဒါ ငါ့နယ်မြေလေ။ဒီမှာရှိတဲ့ မင်းရဲ့ ပစ္စည်းတွေကို အဲဒီထဲ ပြောင်းပေးရင်ရော ဘယ်လိုလဲ။ဒါဆို မင်း အဲဒီမှာ နေလို့ရတာပေါ့။”
လုပေါင်သည် ကိလင်လေးကို ချီကာ မြှူဆွယ်လိုက်တော့သည်။
‘နှစ်တစ်ထောင် မီးဝိညာဉ်သီးပင် နှစ်တစ်ရာ မီးဝိညာဉ်သီးပင်တွေနဲ့ ဒီမီးတောင်ထဲက ပတ္တမြားတွေ အားလုံးက... ငါ့ဟာတွေ ဖြစ်ကုန်ပြီ ဟဲဟဲ ဟားဟား။’
လုပေါင်က ဥက္ကာခဲကြီးတစ်ခု ထုတ်ပြလိုက်သည်။ချီလင်လေးက ၂ စက္ကန့်လောက် ကြောင်ကြည့်နေပြီးမှ ခေါင်းကို အစက်မပြတ် ညိမ့်တော့သည်။ ပြီးတော့ ပွက်ပွက်ဆူနေတဲ့ ချော်ရည်တွေကို လက်ညှိုးထိုးပြပြန်သည်။ .
‘ကြည့်ဦး.. ဒါ ငါ့ရဲ့ ရေချိုးတဲ့ ရေနွေးလေ ဒါကိုပါ ထည့်ပေးရမယ်နော်’ ဆိုတဲ့ ပုံစံမျိုးဖြင့်ပင်။
“…”
‘ဒါကိုတော့ ငါ သေအောင်ကြိုးစားရင်တောင် သယ်လို့မရဘူး။’
လုပေါင်ကတော့ သူ့ကို နည်းနည်းလောက် လိမ်ညာပြီး မြှူဆွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ စိတ်ထဲမှာတော့ အလွန် စိတ်လှုပ်ရှားနေသည်။နောင်ကျရင် ချီလင်လေးကို ခေါ်သွားရင် ဘယ်သူက သူ့ကို လာထိရဲတော့မည်ဟုတ်ပေ။မလိမ္မာတဲ့သူရှိရင် ချီလင်လေးနဲ့ ပစ်ပေါက်လိုက်ရုံပင် ဖြူကြီးကို ခေါ်ပြီး ပေါင်ရှင်းကျီ ကို သွားရှာရမည်။။ပေါင်ရှင်းကျီက အငြိမ်မနေ၍ ဖြူကြီးကလည်း မနိုင်ဘူးဆိုလျှင် ချီလင်ပေါက်လေးနဲ့ ထုလိုက်မည်။ အဲဒါမှ မရလျှင်မြွေဟောက်ပေါက်လေးနဲ့ ပစ်ဦးမည်။
“ကဲ... ပြောင်းကြစို့။”
လုပေါင် ရုတ်တရက် အားအင်တွေ ပြည့်သွားတော့သည်။။
‘အကုန်ပြောင်းမယ် ဒါတွေ အကုန်လုံးက ငါ့ဟာတွေချည်းပဲ။’
အခန်း ၈၆ -ချီလင်လေး၏ ရတနာသိုက်
နှစ်တစ်ထောင် မီးဝိညာဉ်သီးများ မှည့်သွားသည်နှင့်အမျှ မီးတောင်သည် တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားပြီး ချော်ရည်များလည်း ဆက်မစီးတော့ပေ။
လုပေါင်သည်လည်း အလုပ်များလာတော့သည်။ချီလင်လေးမှာ သူ၏အမြီးတိုလေးကို ခါယမ်းကာ လုပေါင်နောက်မှ တိတ်တိတ်လေး လိုက်နေပြီး ခဏခဏ ခေါင်းစောင်းကြည့်နေတတ်သည်။
မီးပုရွက်ဆိတ် စစ်သည်များမှာ လုပေါင်၏ အကြီးမားဆုံး အကူအညီပေးသူများ ဖြစ်လာသည်။ဤနေရာက မြင့်မားသောအပူချိန်မှာ အသွင်ပြောင်းပုရွက်ဆိတ်များအတွက် ဘာမှမဟုတ်ပေ။ချော်ရည်ထဲ တိုက်ရိုက်မကျသရွေ့ သူတို့ မသေနိုင်ပါ။
၎င်းတို့သည် မာကျောသော ကျောက်လွှာများကို ဆက်တိုက် ကိုက်ဖြတ်နေကြသည်။နှစ်တစ်ရာ မီးဝိညာဉ်သီးပင် အားလုံးမှာ မရေမတွက်နိုင်သော မီးပုရွက်ဆိတ်နီများဖြင့် ဖုံးလွှမ်းနေသည်။လုပေါင်သည် ထိုအပင်များ ပေါက်နေသည့် ကျောက်တုံးများကိုပါ အောက်ခြေမရှိသော တွင်းနက်ကြီး ထဲသို့ သယ်သွားချင်နေခြင်း ဖြစ်သည်။အကြောင်းမှာ တွင်းနက်ကြီးထဲတွင် အပင်တိုက်ရိုက် စိုက်၍မရသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မီးပုရွက်ဆိတ် အမြောက်အမြားက ပတ္တမြားများကို လိုက်ရှာနေကြသည်။ပတ္တမြားတွေ တစ်လုံးပြီးတစ်လုံး တွေ့ရှိလာပြီး အလွန်ခွန်အားကြီးသော အနီနက်ရောင် သံချပ်ကာပုရွက်ဆိတ် များက ၎င်းတို့ကို ကိုက်ယူကာ နီနီလေး၏ အနားတွင် လာပုံပေးကြသည်။
နှစ်တစ်ထောင် မီးဝိညာဉ်သီးပင်ကြီး တစ်ပင်လုံးကို ရွှေ့ဖို့ကတော့ တော်တော်ခက်ခဲနေသည်။ မီးပုရွက်ဆိတ်တွေရဲ့ အရှိန်နဲ့ဆိုလျှင် အနည်းဆုံး နာရီအနည်းငယ်တော့ ကြာလိမ့်မည်။
‘သိမ်း အကုန်လုံးကို သိမ်းပစ်မယ်။’
ချီလင်လေးသည် ချော်ရည်ထဲသို့ ငုပ်ဆင်းသွားပြီး ပျောက်ကွယ်သွားပြန်သည်။ သူ ပြန်ပေါ်လာသောအခါ ပါးစပ်ထဲတွင် လုံးဝန်းသော အရာ ၃ ခု ပါလာသည်။တစ်လုံးမှာ ကြက်ဥအရွယ်ရှိပြီး ကျန်နှစ်လုံးမှာ ငုံးဥအရွယ် ရှိသည်။၎င်းတို့မှာ ပတ္တမြားကဲ့သို့ နီရဲနေပြီး အပေါ်ယံတွင် ထူးဆန်းသော ပုံစံများပင် ပါရှိသေးသည်။
“အူးဝူးး”
ချီလင်လေးက ထိုအရာများကို သူ၏အအိမ်သစ် ထဲသို့ ပို့ပေးရန် အချက်ပြပြီးနောက် ချော်ရည်ထဲသို့ ချက်ချင်း ပြန်ငုပ်သွားပြန်သည်။
“ဒါ ဘာကြီးလဲ။ဥလား။”
လုပေါင်က သိလိုစိတ်ဖြင့် ကောက်ကိုင်ကြည့်လိုက်သည်။ ၎င်းမှာ အလွန်ပူနေပြီး အတွင်း၌ ပါရှိသော ပေါက်ကွဲထွက်လုမတတ် စွမ်းအင်များကြောင့် သူ လန့်သွားရသည်။
‘ဒါချီလင်ဥများလား ဒါမှမဟုတ်... သားရဲတွေရဲ့ အတွင်းအမြုတေလား။’
ချီလင်လေး ထပ်မံ ပေါ်လာသောအခါတွင်မူ ဤအလုံး ၃ လုံးမှာ အခြားသားရဲများ၏ အတွင်းအမြုတေများ ဖြစ်ကြောင်း လုပေါင် သေချာသွားသည်။အကြောင်းမှာ ဤတစ်ခါတွင် ချီလင်လေးသည် တစ်ကိုယ်လုံး သွေးကဲ့သို့ နီရဲနေသော အရိုးစုကြီးတစ်ခုကို ဆွဲတင်လာသောကြောင့် ဖြစ်သည်။
ထိုအရိုးစုမှာ အလွန်ကြီးမားပြီး နွားလားဥဿဘနှင့် တူသည်။ခေါင်းပေါ်တွင် ပေဝက်ခန့်ရှည်ပြီး ဓားကဲ့သို့ ထက်မြက်သော ဦးချိုနှစ်ခု ပါရှိသည်။၎င်း၏ နဖူးမှာ ကြေမွနေပြီး လုပေါင်သည် ခွာရာသေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။
ကိလင်လေး၏ ခြေခွာများကို ကြည့်ရင်း လုပေါင်၏ ဦးရေခွံများ စိမ့်တက်သွားရသည်။
‘ဒီကောင်လေးကဘယ်လောက်တောင်သန်မာတာလဲ။’
နောက်ဆုံးတွင် ချီလင်လေးသည် ဧရာမ အင်းဆက်အရေခွံကြီးတစ်ခုကို ဆွဲထုတ်လာပြန်သည်။အရေခွံမှာ ထူးဆန်းပြီး တစ်ကိုယ်လုံး သိမ်မွေ့သော အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။သူ ခေါက်ကြည့်လိုက်ရာ ၎င်း၏ ခုခံအားမှာ အံ့မခန်းမာကျောလှသည်။
လုပေါင်သည် ချီလင်လေးကို ချီကာ စစ်ဆေးကြည့်သော်လည်း ညီလေး ကို မတွေ့ရသဖြင့် သက်ပြင်းချရင်း ပြောမိသည်။
“ငါ့ရတနာလေးရာ... မင်းက တကယ့်ကို သူဌေးမလေး ပဲ။”
ချီလင်လေးမှာ ကြောင်သွားသည်။
‘သူဌေးမဆိုတာဘာလဲ။’
ရတနာရှာပုံတော် တစ်ခေါက်ထွက်လိုက်ရုံနှင့် လုပေါင်မှာ ရုတ်တရက် ကြွယ်ဝသွားတော့သည်။
မရေမတွက်နိုင်သော ပတ္တမြားများ၊ နှစ်တစ်ရာ မီးဝိညာဉ်သီးပင်များ၊ အနည်းဆုံး တစ်ထောင်ခန့်ရှိသော နှစ်တစ်ရာ မီးဝိညာဉ်သီးများ၊ နှစ်တစ်ထောင် မီးဝိညာဉ်သီးပင်နှင့် ၎င်း၏အသီးများ၊ သားရဲအတွင်းအမြုတေများ၊ချီလင်လေး စုဆောင်းထားသော ရတနာမျိုးစုံ... အရေးကြီးဆုံးကတော့ ရတနာရှာရတာ ဝါသနာပါတဲ့ ချီလင်လေးကိုယ်တိုင်က အဖိုးဖြတ်မရတဲ့ ရတနာပါးပင်ဖြစ်သည်။
“အောက်မှာ ဒီလိုကျောက်တုံးတွေ အများကြီး ရှိသေးတယ် မဟုတ်လား။အကုန် သွားယူလိုက်လေ။”
လုပေါင်က ချီလင်လေးကို ပြန်ချပေးပြီး ပတ္တမြားတစ်လုံး ထုတ်ပြလိုက်သည်။အရင်တစ်ခါကလည်း ဒီကောင်လေး ပတ္တမြားတွေ အများကြီး ယူလာပေးခဲ့သည်လေ။
“အူး...”
ချီလင်လေး၏ မျက်လုံးများ ဝိုင်းသွားသည်။ သူသည် ပျော်ရွှင်စွာ အော်ဟစ်ပြီး ချော်ရည်ထဲသို့ ပျောက်ကွယ်သွားပြန်သည်။
“ထင်ထားတဲ့အတိုင်းပါပဲ ဟင်းဟင်း။”
ဒီကောင်လေးမှာ ရတနာစုဆောင်းတတ်တဲ့ အကျင့်ရှိပေသည်။ သူသည် ပြောင်လက်နေတဲ့ အရာမှန်သမျှ ကြိုက်သလို ပတ္တမြားတွေကိုလည်း ကြိုက်သည်။
“ဒီကောင်လေးက နောင်ကျရင် ငါစုထားတဲ့ ရတနာတွေကို သူ့ဟာလို့ သတ်မှတ်နေဦးမလား မသိဘူး။”
လုပေါင်ကပတ္တမြားပုံကြီးကို ကြည့်ရင်း တွေးမိသည်။ ဖြစ်နိုင်ခြေ... အတော်များသည်။
“ဘာပဲဖြစ်ဖြစ်အရင်ဖွက်ထားဦးမှ။”
သုံးနာရီကြာပြီးနောက် ချီလင်လေးသည် သူ၏ အိမ်ဟောင်းကို ငေးကြည့်နေမိသည်။ ကျောက်လွှာ အတော်များများ ပျောက်ကွယ်သွားပြီး မီးပုရွက်ဆိတ်တွေက အကုန် ကိုက်ဖြတ်သွားကြပြီဖြစ်သည််။အတွင်းထဲမှာ ဝှက်ထားတဲ့ ပတ္တမြားတွေကိုလည်း ရှာဖွေပြီး အောက်ခြေမရှိသော တွင်းနက်ကြီး ထဲ ထည့်လိုက်ကြပြီ။
“ငါ့ရဲ့ရတနာလေးတိုဘ... သွားကြစို့။”
လုပေါင်လက်ဝှေ့ယမ်းကာ ထွက်ခွာခဲ့သည်။
“အူး...”
ချီလင်လေးကို တွင်းနက်ကြီးထဲ ထည့်ပြီးနောက် လုပေါင်သည် အမြန်ထွက်ခွာလာခဲ့သည်။
တျန်ချန်းနှင့် လေချန်တို့မှာ စောင့်နေဆဲပင်။ ဖြူကြီးမှာ တောင်ထိပ်ပေါ်တွင် ရပ်ကာ နေမင်းကို မော့ကြည့်နေသည်။အသွင်ပြောင်းကျားမှာမူ တောထဲတွင် မျက်လုံးတစ်ဖက်တည်း ဝံပုလွေကြီးနှင့် တိုက်ခိုက်နေသည်။ ၎င်းမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော်လည်း တိုက်ပွဲကြာလေ ပိုရဲရင့်လေ ဖြစ်နေသည်။ဝံပုလွေနက်ကြီးမှာလည်း ဒဏ်ရာတွေ အများကြီးရနေပြီး အခြေအနေ မဟန်တော့ပေ။
“ညီမလေး... ဒါ မင်းအတွက်။”
လုပေါင်သည် မျက်နှာဖုံးစွပ်ထားသည့်မိန်းကလေးကို တစ်ချက်ကြည့်ကာ သနားစရာကောင်းသည်ဟု ခံစားရသဖြင့် သူမထံသို့ နှစ်တစ်ရာ မီးဝိညာဉ်သီးတစ်လုံး ပစ်ပေးလိုက်သည်။ဒီနေရာက နှစ်တစ်ရာ မီးဝိညာဉ်သီး အားလုံးမှာ အခုတော့ သူ့လက်ထဲမှာ ရှိခြင်းကြောင့်ဖြစ်သည်။
နှမြောသလိုလိုနှင့် လုပေါင်က သူမကို ခိုးကြည့်မိသည်။ .
‘ညီမလေး.. မင်း ငါ့ကို အကြွေးပေးဆပ်ရမယ်နော် ဝတ္ထုတွေထဲမှာ ရေးထားသလိုပေါ့။’
သူသည် လေချွန်ကာ အသွင်ပြောင်းကျားကို ခေါ်ပြီး အမြန်ထွက်ခွာခဲ့သည်။ ယဖြူကြီးနှင့် စစ်သူကြီးလေးယောက်မှာလည်း ချက်ချင်း လိုက်လာကြသည်။အသွင်ပြောင်းကျားက ဝံပုလွေနက်ကြီးကို တစ်ချက် ဟိန်းဟောက်ပြီးမှ လှည့်ထွက်လာခဲ့သည်။
မိန်းကလေးမှာ အသီးကို ဖမ်းမိချိန်တွင် ခေတ္တ မှင်တက်သွားသည်။သူမ သတိဝင်လာချိန်တွင် လုပေါင်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
“အတွင်းဝင်ကြည့်ကြစို့။”
တျန်ချန်းကမကျေမနပ်ဖြင့် ခုန်ဝင်သွားသည်။ လေချန်လည်း နောက်က လိုက်သွားသည်။
ချီလင်လေး၏ ဂူထဲသို့ ပြန်ရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့ ဆွံအသွားကြကုန်သည်။နှစ်တစ်ထောင် မီးဝိညာဉ်သီးကို ထားလိုက်ပါဦး။နှစ်တစ်ရာ မီးဝိညာဉ်သီးတွေတောင် မကျန်တော့ပေ။ အသီးတွေကို ထားလိုက်ပါဦး။အပင်တွေပါ မရှိတော့ပေ။နှစ်တစ်ထောင် မီးဝိညာဉ်သီးပင်ကြီးတောင် ပျောက်သွားပြီးကျောက်နံရံတွေဆိုရင်လည်း အကြိမ်ကြိမ် ခြစ်ထုတ်ခံထားရသလို ပျက်စီးနေတော့သည်။
“ချီလင်သားရဲက ဖျက်ဆီးသွားတာလား။”
“ဖြစ်... ဖြစ်နိုင်တာပဲ...”
နှစ်ပေါင်းများစွာ စောင့်ရှောက်လာတဲ့ မီးဝိညာဉ်သီး မှည့်သွားချိန်မှာ ချီလင်သားရဲအတွက်လည်း ပြီးပြည့်စုံတဲ့အချိန် ဖြစ်သွားပလေပြီ။ဘာမှ နှောင်ကြိုးမရှိတော့တာကြောင့် အကုန်ဖျက်ဆီးသွားတာ ဖြစ်နိုင်သည်ဟု သူတို့ တွေးမိကြသည်။
မိန်းကလေးသည် သူမလက်ထဲက မီးဝိညာဉ်သီးကို ကြည့်ကာ ဤအရာမှာ အလွန်အဖိုးတန်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။အကြောင်းမှာ ဤနေရာတွင် တစ်လုံးမှ မကျန်တော့သောကြောင့်ပင်။
အောက်ခြေမရှိသော တွင်းနက်ကြီးအတွင်း။
မြွေဟောက်နက်ကြီးနှင့် နီနီလေးတို့မှာ ချီလင်လေးနောက်သို့ ခေါင်းလှည့်ကြည့်နေကြသည်။ချီလင်လေးမှာ အလုပ်ရှုပ်နေပြီး အကြီးဆုံး ထူးဆန်းသော ဥက္ကာခဲကြီးပေါ်တွင် နေရာယူကာ ရတနာမျိုးစုံကို ထိုနေရာသို့ ရွှေ့ပြောင်းနေသည်။ လုပေါင်က ဖြူကြီးဆီက ယူထားသော ရွှေတုံးတွေကိုတောင် သူက ရွှေ့လာသေးသည်။
“ရှဲ”
မြွေဟောက်နက်ကြီးမှာ ကိလင်လေးအပေါ် ရန်လိုမှု လုံးဝမရှိဘဲ အလိုလိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။သွေးမျိုးဆက်ကြောင့် ဖြစ်နိုင်သလို ကိလင်လေးကလည်း မြွေဟောက်နက်ကြီးအပေါ် ရန်ငြိုးမရှိပေ။
မျောက်အရက်များကလွဲလျှင် ကျန်တဲ့ရတနာတွေ အားလုံးမှာ ချီလင်လေး၏ မနားမနေ ကြိုးပမ်းမှုကြောင့် ရတနာတောင်ကြီးတစ်ခု ဖြစ်လာတော့သည်။ပတ္တမြားများ၊ ရွှေတုံးများ၊ သားရဲအတွင်းအမြုတေများ၊ အရိုးစုများနှင့် အင်းဆက်အရေခွံများ စသဖြင့်ပေါ့။
ချီလင်လေးသည်ဥက္ကာခဲပေါ်တွင် အမြီးတိုလေး ခါယမ်းကာ သက်သောင့်သက်သာ လှဲလျောင်းနေသည်။နှစ်တစ်ရာ မီးဝိညာဉ်သီးနှင့် နှစ်တစ်ထောင် မီးဝိညာဉ်သီးတွေကတော့ သူ့အတွက် အသုံးမဝင်တော့သဖြင့် သူ ဂရုမစိုက်တော့ပေ။
မျောက်ဖြူဂူ တွင် ကြယ်အလင်းရောင်များ လင်းလက်နေသည်။
လုပေါင်သည် နှမြောတသစွာဖြင့် အသေးဆုံး နှစ်တစ်ထောင် မီးဝိညာဉ်သီး နှစ်လုံးကို ထုတ်ယူလိုက်သည်။ဤအရာမှာ သူ ဖြူကြီးကို ကတိပေးထားသည့် အရာဖြစ်သည်။နှစ်တစ်ထောင် မီးဝိညာဉ်သီးတွေက ဘာလို့ အရွယ်အစား မတူတာလဲ သူ မသိပေ။ဒီနှစ်လုံးပေါင်းတာတောင် ကိလင်လေး စားလိုက်တဲ့ တစ်လုံးလောက် မကြီးပေ။
“မထင်ထားဘူး... နှစ်တစ်ထောင် မီးဝိညာဉ်သီး...”
ဖြူကြီးက ၎င်းတို့ကို သေချာစွာ ယူလိုက်ပြီး တစ်လုံးကို ကျောက်စိမ်းသေတ္တာထဲ ထည့်ကာ အသေးဆုံး တစ်လုံးကိုမူ တစ်လုပ်တည်း မျိုချလိုက်သည်။ခူးဆွတ်ပြီးသော နှစ်တစ်ထောင် မီးဝိညာဉ်သီး၏ ဆေးစွမ်းမှာ ဖြည်းဖြည်းချင်း လျော့နည်းသွားမည် မဟုတ်လား။
တည်ငြိမ်နေသော ဖြူကြီးကို ကြည့်ပြီး လုပေါင်လည်း အကြီးဆုံးတစ်လုံးကို ထုတ်ယူကာ တစ်လုပ်တည်း မျိုချလိုက်သည်။ ဤအရာက သူ၏ ကျင့်စဉ်အစွမ်းကို အနှစ် ၆၀ တိုးပေးမည်ဖြစ်ရာ နောင်ကျရင် ဘယ်သူ့ကို ကြောက်နေရဦးမှာလဲ။
အသီးကို စားပြီးနောက် လုပေါင်သည် ကျင့်ကြံရန်အတွက် တွင်းနက်ကြီးထဲသို့ အမြန်ဝင်သွားခဲ့သည်။
ခဏအကြာတွင်...
“အားးးးးး သေပါပြီဗျာ...”
တွင်းနက်ကြီးထဲတွင် အော်သံများ ဟိန်းထွက်လာသည်။ချီလင်လေးက ပြေးလာပြီး ခေါင်းစောင်းကြည့်နေသလို၊ နီနီလေးကလည်း ကြောင် ကြည့်နေသည်။ မြွေဟောက်နက်ကြီးကမူ လုပေါင်၏ ကိုယ်ထဲမှ လျှံထွက်လာသော ဆေးစွမ်းအင်များကို စတင်စုပ်ယူနေတော့သည်။
“မင်းတို့ စားတာတွေက အတုတွေလား။”
လုပေါင်သည်သူ၏ကိုယ်ကြီး ပေါက်ထွက်တော့မလို ခံစားနေရသည်။
“ချီလင်လေးစားတုန်းကကျတော့မီးနည်းနည်း မှုတ်လိုက်ရုံနဲ့ ဘာမှမဖြစ်ဘူး။ ဖြူကြီး စားတုန်းကလည်း အေးဆေးပဲ။ ငါ စားမှပဲ...အားးးး”