အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း ၈၇ - ချီလင်၏ သွေးအဆီအနှစ်။
သူ့အတွက် အခြေအနေက ဘာကြောင့် ဒီလိုဖြစ်သွားရသလဲဆိုသည်ကို သူကိုယ်တိုင်ပင် မဝေခွဲနိုင်ခဲ့ချေ။စီနီယာဖြူကြီးသည် နှစ်ပေါင်းရာချီ၍ ကိုယ်ခန္ဓာကို ကျိုးပဲ့မရအောင် လေ့ကျင့်ပေးထားခဲ့သဖြင့် ဂုဏ်ထူးဆောင်ဆရာကြီးအဆင့်ရှိသူကပင် သူ့ကို ဒဏ်ရာရအောင်လုပ်ရန် ခဲယဉ်းလှ၏။ချီလင်လေးမှာလည်း ငယ်စဉ်ကတည်းက ချော်ရည်ပူများထဲတွင် နေထိုင်လာခဲ့ပြီး မီးနှင့်ကစားရာတွင် ဆရာတစ်ဆူဖြစ်သည့်အပြင် နှစ်ရာချီ မီးဝိညာဉ်သီးများကို ပုံမှန်ထမင်းစားသကဲ့သို့ စားသုံးခဲ့သူဖြစ်သည်ဟု ဆိုရမည်။
သာမန်အားဖြင့် ချီလင်လေးသည် နှစ်ထောင် မီးဝိညာဉ်သီးပင်၏ အဖော်သားရဲ မဟုတ်ဘဲ ထိုအပင်ကသာ ၎င်း၏ နောက်လိုက်ဖြစ်နေခြင်းမှာ ထူးခြားလှ၏။
အကယ်၍ သူသာ မီးဝိညာဉ်သီးအငယ်စားလေးကို စားခဲ့ပါက ယခုကဲ့သို့ ဒုက္ခရောက်မည်မဟုတ်သော်လည်း ချီလင်လေးစားသည့် အရွယ်အစားနှင့် မတိမ်းမယိမ်းကို စားမိခဲ့ခြင်းဖြစ်သဖြင့် အခုလိုနာကျင်ခြင်းဖြစ်သည်။
ထို့ကြောင့် တွင်းနက်ကြီးထဲ၌ အော်ဟစ်သံများမှာ မပြတ်တောက်နိုင်ဘဲ ရှိနေခဲ့သည်။ချီလင်လေးမှာမူ သူ့အနီးသို့ ပြေးလာပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် ခေါင်းစောင်းကာ ကြည့်ရှုနေလေသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်လည်း လုပေါင်သည် မိမိ၏ ဝမ်းဗိုက်ပေါ်တွင် တစ်ခုခု ခုန်ပေါက်နေသည်ကို ခံစားလိုက်ရ၏။သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ချီလင်လေးသည် သူ့ဗိုက်ပေါ်တက်၍ ကစားနေသည်ကို မြင်တွေ့လိုက်ရသည်။ချော်ရည်ဂူအတွင်း အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီဖြစ်သဖြင့် သူ၏ ဗိုက်သားမှာ အကာအကွယ်မဲ့စွာ ပေါ်ထွက်နေခဲ့၏။
ချီလင်လေးသည် သူ၏ ဗိုက်သားကျုံ့ဆန့်နိုင်စွမ်းကို အလွန်သဘောကျနေပုံရသည်မှာ သိသာလှပေသည်။
“ဟမ်...”
သူသည် ချီလင်လေးကို တစ်ချက်လောက်ခေါက်ရန် ပြင်လိုက်စဉ်မှာပင် ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော စွမ်းအင်များကို သတိပြုမိလိုက်၏။သူ၏ သွေးကြောအားလုံးမှာ အံ့သြစရာကောင်းလောက်အောင် ပွင့်လင်းကြည်လင်နေပြီး ချီစွမ်းအင်များမှာလည်း အဟန့်အတားမရှိ စီးဆင်းနေသည်ဟုခံစားလိုက်ရသည်။မီးဝိညာဉ်သီးကို မျိုချပြီးနောက် ခန္ဓာကိုယ် ပေါက်ကွဲမတတ် နာကျင်နေစဉ်အတွင်း ချီလင်လေးက ရွှေနီရောင် အရည်အချို့ကို သူ့ထံ ထွေးထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း သူ ပြန်လည်သတိရလိုက်၏။
ထိုအရာမှာ အဖိုးတန်လှသည့် ချီလင်၏ သွေးအဆီအနှစ်ပင် ဖြစ်တော့သည်။ကစားနေသည့် ချီလင်လေး၏ ပုံစံမှာ အနည်းငယ် နွမ်းနယ်နေသဖြင့် သွေးအဆီအနှစ် ဆုံးရှုံးမှုက ၎င်းအပေါ် သက်ရောက်မှုရှိကြောင်း သူ နားလည်လိုက်၏။
“အဝူး...”
ထိုသားရဲလေးသည် သူ့ကို ပိုမိုရင်းနှီးသွားကာ ချစ်ခင်စွာ ပွတ်သီးပွတ်သပ် လုပ်နေခဲ့သည်။
“လာ... ငါတို့ ကျင့်ကြံကြမယ်။”
လုပေါင်သည် သားရဲလေးကို သနားဂရုဏာဖြင့် ပွတ်သပ်ပေးက၍ တရားထိုင်လိုက်သည့်အခါ တောင်စောင့်နတ်ပုံရိပ်ယောင် ပေါ်ထွက်လာသည်။ထိုစဉ် သူ၏ ဝိညာဉ်မှာလည်း ရွှေနီရောင် အလင်းတန်းများ ဖြာထွက်နေပြီး ယခင်ကထက် ပိုမို ခိုင်မာတောင့်တင်းလာသည်ကို တွေ့ရှိလိုက်ရသည်။တောင်စောင့်နတ်ပုံရိပ်ယောင် ပေါ်လာသည်နှင့် ချီလင်လေးမှာလည်း လိမ္မာယဉ်ကျေးစွာဖြင့် ဘေးတွင် ထိုင်၍ ကျင့်ကြံလေတော့သသည်။
မီးပုရွက်ဆိတ်နီများမှာလည အနီးသို့ ချဉ်းကပ်လာကြသော်လည်း မကြာမီမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။လုပေါင်၏ ချီစွမ်းအင်မှာ အနီရောင်သို့ ပြောင်းလဲသွားပြီး ယခင်ကထက် ဆယ်ဆခန့် ပိုမို မြန်ဆန်ပြင်းထန်လာခဲ့၏။သူသည် အသီး၏ အာနိသင် တစ်ဝက်ခန့်ကိုသာ စုပ်ယူနိုင်သေးသဖြင့် ကျန်ရှိသော စွမ်းအင်များကို နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ဆက်လက်စုတ်ယူပေလိမ့်မည်။
ချီလင်သွေးသည် မီးဝိညာဉ်သီးထက်ပင် ပိုမို အဖိုးတန်သဖြင့် သူ့အား ထူးကဲသော စွမ်းအားများကို ပေးအပ်ခဲ့သည်။သူ ပြန်လည်နိုးထလာချိန်တွင် မီးပုရွက်ဆိတ်နီ အသေအပျောက်များစွာကို တွေ့မြင်ရပြီး ချီလင်လေးမှာမူ သူ့ရင်ခွင်ထဲ၌ အိပ်ပျော်နေသည်။ထိုသားရဲလေး၏ အကြေးခွံများမှာ ကြည်လင်နေပြီး ချစ်စရာကောင်းသော ခြင်္သေ့ပေါက်လေးနှင့် တူလှ၏။
အကယ်၍ ၎င်းကို အင်္ကျီနှင့် ဦးထုပ် ဝတ်ပေးထားပါက လူအများက ခွေးပေါက်လေးဟုပင် ထင်မှတ်နိုင်ပေသည်။
“ဒုက္ခပဲ...”
အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲဆိုသည်ကို သူ စိုးရိမ်လာခဲ့၏။သူသည် အိပ်ပျော်နေသော ချီလင်လေးကို အသာအယာချထားပြီး တွင်းနက်ကြီးထဲမှ အမြန်ဆုံး ထွက်ခွာလာခဲ့သည်။သူသည် အချိန်အတော်ကြာအောင် ကျင့်ကြံနေခဲ့မိခြင်းဖြစ်၏။
အပြင်သို့ ရောက်သောအခါ စီနီယာဖြူကြီးသည် ဂူဝတွင် ရပ်စောင့်နေပြီး ၎င်း၏ အမွှေးအမျှင်များမှာ အသစ်လဲလှယ်ထားသည့်အလား ဖြူဖွေးတောက်ပနေသည်ကို တွေ့ရသည်။
“စီနီယာဖြူကြီး... အဆင့်တက်သွားတာလား။”
လုပေါင်ကအံ့အားသင့်စွာ မေးမြန်းလိုက်၏။
“အခွင့်အရေး ရလာတဲ့အတွက် သဘာဝအလျောက် အဆင့်တက်သွားတာပါပဲ။”
စီနီယာဖြူကြီးသည် ယခင်ကကဲ့သို့ အိုမင်းရင့်ရော်နေသည့် ပုံစံမျိုး မရှိတော့ဘဲ စိတ်နေစိတ်ထားပါ ပြောင်းလဲသွားခဲ့သည်ဟု ဆိုရမည်။လုပေါင်သည် အချိန်ကို စစ်ဆေးကြည့်လိုက်ရာ သူသည် တွင်းနက်ထဲ၌ နှစ်ရက်တိတိ အချိန်ကုန်ဆုံးခဲ့ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် ချိန်းဆိုထားသည့် အချိန်မတိုင်မီ သူတို့ ခရီးစတင်ရန် ပြင်ဆင်ကြတော့သည်။
“စီနီယာ... ဒီမှာ အားလုံး စီစဉ်ပြီးရင် ကျွန်တော်တို့ သွားကြရအောင်။”
“အရာအားလုံးကို သေချာ စီစဉ်ထားပြီးပါပြီ။”
စီနီယာဖြူကြီးသည် သူ ပြင်ဆင်ထားသည့် ကျောက်စိမ်းသေတ္တာလေးကို ကိုင်မြှောက်ပြလိုက်၏။လုပေါင်သည် တွင်းနက်ကြီးကို ဖွင့်လိုက်ပြီး စီနီယာဖြူကြီးအား အထဲသို့ ဖိတ်ခေါ်လိုက်သည်။စီနီယာဖြူကြီးမှာ ထိုတွင်းနက်ကြီးကို အာရုံမခံနိုင်သော်လည်း လုပေါင်၏ လမ်းညွှန်မှုအတိုင်း ယုံကြည်စိတ်ချစွာ ဝင်လာခဲ့သည်။
တွင်းနက်ထဲသို့ ရောက်သည်နှင့် စီနီယာဖြူကြီးမှာ မြင်တွေ့လိုက်ရသည့် အရာများကြောင့် အံ့အားသင့်သွားရသည်။ ထိုနေရာတွင် မြွေနက်ကြီး၊ ထူးဆန်းသော ပုရွက်ဆိတ်များနှင့် ချီလင်သားရဲတို့ကို တွေ့ရှိလိုက်ရခြင်းပင်ဖြစ်၏။လုပေါင်သည် မီးဝိညာဉ်သီးပင်များသာမက ချီလင်သားရဲကိုပါ ခေါ်ဆောင်လာနိုင်ခြင်းကို သူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် သူသည် တွင်းနက်ကြီးအတွင်းရှိ ထူးဆန်းသော စွမ်းအင်များကို ခံစားလိုက်ရသဖြင့် အလွန်ကျေနပ်သွားခဲ့၏။
“တကယ့်ကို ရတနာမြေပါပဲ။”
စီနီယာဖြူကြီးသည်အတွင်းပိုင်းရှိ ဥက္ကာခဲကြီးကို စိုက်ကြည့်နေမိသည်။ထိုအရာသည် သူ့အား နောင်တစ်ချိန်တွင် လူသားအသွင် ပြောင်းလဲနိုင်စေမည့် မျှော်လင့်ချက်ကို ပေးစွမ်းနေခဲ့၏။
“ကောင်လေး... နောက်တစ်ခါကျရင် မင်းကို ငါ လာခေါ်မယ်။”
လုပေါင်သည် အသွင်ပြောင်းကျားကြီးကို နှုတ်ဆက်လိုက်၏။သူသည် အသွင်ပြောင်းကျားအတွက် အဖော်ရှာပေးရန် ကြံရွယ်ထားသော်လည်း ယခုတစ်ခေါက်တွင်မူ အချိန်မရတော့သည်ဟု ဆိုရမည်။ မုန့်ဖင်းအန်မှာလည်း တိုက်ရိုက်ထုတ်လွှင့်မှု ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့် ရှေ့ဆက်ရမည့် အစီအစဉ်များအတွက် စိုးရိမ်စရာ မရှိတော့ချေ။လုလင်းဟွာအတွက်မူ လုပေါင် စိတ်ကျေနပ်ဖို့ကသာ အဓိကဖြစ်သည်ဟု ဆိုရမည်။
လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ဒါပေါင်၊ ဟေးမီနှင့် နှင်းလုံးလေးတို့မှာ ဆူညံပွက်လောရိုက်အောင် လုပ်နေခဲ့ကြသေး၏။ အထူးသဖြင့် နှင်းလုံးလေးမှာ လူတွေကို ဆဲဆိုတတ်ရုံသာမက ခွေးများကိုပါ အမိန့်ပေးခိုင်းစေနေတတ်သည်။ခွေးနှစ်ကောင်မှာလည်း ထိုငှက်၏ စကားကို အလွန်နားထောင်ကြသည်မှာ ထူးဆန်းလှပေသည်။
လုပေါင်သည် မုန့်ဖင်းအန်ကို အရင်ပြန်ပို့ပေးလိုက်ပြီးနောက် မိမိ၏ အိမ်မွေးတိရစ္ဆာန်များကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“စိတ်ပျက်စရာပဲ... မင်း ဘယ်တွေသွားနေတာလဲ။”
နှင်းလုံးလေးက သူ့ခေါင်းပေါ်နားကာ ရန်တွေ့စပြုလေတော့သည်။ခွေးနှစ်ကောင်မှာမူ လုပေါင်ကို မြင်သည်နှင့် လိမ္မာချင်ယောင်ဟန်ဆောင်ကာ အမြီးနန့်နေကြသော်လည်း အခွင့်သာလျှင် ထွက်ပြေးရန် ချောင်းနေကြ၏။
“ကဲ... မြို့ထဲကို ပြန်ကြစို့။”
လုပေါင်မှာ ခေါင်းခဲသွားပြီး သူတို့ကို အိမ်သို့ အမြန်ပြန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ဒါပေါင်နှင့် ဟေးမီမှာမူ ပြန်ချင်ပုံမရဘဲ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ထွက်ပြေးသွားကြ၏။ နှင်းလုံးလေးမှာလည်း ၎င်းတို့နောက်သို့ ပျံသန်းလိုက်ပါသွားသည်။
သူတို့အားလုံးမှာ တောထဲတွင် ပျော်မွေ့နေကြသဖြင့် အိမ်သို့ မပြန်လိုကြတော့ချေ။လုပေါင်မှာ ထိုအခြေအနေကို ကြည့်ကာ စကားပင် မဆိုနိုင်တော့ဘဲ ဖုန်းထုတ်၍ အချိန်ကိုသာ စစ်ဆေးလိုက်၏။ပေကျင်းတွင် ကျင်းပမည့် ကိုယ်ခံပညာရှင်များ ပြိုင်ပွဲသို့ အချိန်မီရောက်ရန် သူ အမြန်ဆုံး ထွက်ခွာရမည်ဖြစ်သည်။
စီနီယာဖြူကြီး၏ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော ပေါင်ရှင်းကျီနှင့် တွေ့ဆုံလိုသည့် ဆန္ဒကို ဖြည့်ဆည်းပေးရန် သူ အစွမ်းကုန် ကူညီပေးရမည်ဖြစ်၏။ချစ်သူအားလုံး ပေါင်းစည်းခွင့်ရပါစေဟုလည်း သူ ဆုတောင်းနေမိသည်ဟု ဆိုရမည်။
အခန်း ၈၈ - ကောင်းပြီ... ငါ့မှာ ကိုယ်ကျင့်တရားမရှိဘူး။
အရင်ကဆိုလျှင် သူ့နောက်တကောက်ကောက် လိုက်နေတတ်သည့် ဒါပေါင်မှာ ယခုတစ်ခေါက်တွင်မူ လိုက်မလာခဲ့ချေ။လုပေါင်သည် ကားရှေ့တွင် ခေတ္တမျှ ရပ်နေပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာလာခဲ့သည်။
“မင်းတို့ စောင့်နေလိုက်။”
“ငါပြန်လာရင်... မင်းတို့ကို ဝံပုလွေအုပ်ထဲ ပစ်ထည့်ပြီး မျိုးပွားခိုင်းပစ်မယ်။”
လုပေါင်သည် သူ၏ BMWကားကို မောင်းနှင်ကာ နံနက်စောစောစီးစီး ရှန်ကျင်းမြို့သို့ ဦးတည်ထွက်ခွာလာခဲ့၏။ထိုခရီးမှာ အတော်ပင် ဝေးကွာလှပြီး ငါးနာရီခန့် မောင်းနှင်ရမည်ဖြစ်သည်။
“ဘယ်လိုပွဲမျိုးလဲဆိုတာတောင် ငါသေချာမသိသေးဘူး။”
နာရီအနည်းငယ်ကြာ ကားမောင်းရခြင်းမှာ လုပေါင်အတွက် ပင်ပန်းမှုမရှိသော်လည်း အနည်းငယ် ပျင်းရိစရာ ကောင်းလှ၏။ ထို့ကြောင့် သူသည် ချီလင်လေးကို အဖော်အဖြစ် ဘေးတွင် ထိုင်ခိုင်းထားလိုက်သည်။
ချီလင်လေးမှာမူ ဥက္ကာခဲ အပိုင်းအစလေးကို မြိန်ရည်ယှက်ရည် ဝါးစားနေသည်။ကံကောင်းထောက်မစွာဖြင့် ၎င်းသည် တစ်နေ့လျှင် အပိုင်းအစ အနည်းငယ်သာ စားသုံးရန် လိုအပ်ပြီး တွင်းနက်ကြီးထဲရှိ ဥက္ကာခဲများမှာရာစုနှစ်ချီအောင်လောင်ငှသည်။
သူ တရားဝင် live လွှင့်ခဲ့သည်မှာ မကြာသေးသော်လည်း လုလင်းဟွာကမူ သူ့ဘက်မှ စိုးရိမ်နေခဲ့၏။လုပေါင်သည်လည်း ထိုအခြေအနေကို နားလည်သဖြင့် အခွင့်အရေးရလျှင် live လွှင့်ရန် ပြင်ဆင်ထားသည်။
ရှန်ကျင်းမြို့။
လုပေါင်သည် လမ်းညွှန်မြေပုံကို စစ်ဆေးကြည့်ရာ ယခုအချိန်မှာ ကားပိတ်ချိန်ဖြစ်သဖြင့် အမျိုးသား ကိုယ်ခံပညာရှင်များ အသင်းချုပ်သို့ ရောက်ရန် သုံးနာရီခန့် ကြာဦးမည်ဖြစ်ကြောင်း သိလိုက်ရ၏။
“အရင်ဆုံးတစ်ခုခုဝင်စားရင်ကောင်းမလား။”
အိပ်ပျော်နေသောချီလင်လေးကို ကြည့်ရင်း လုပေါင်မှာ သက်ပြင်းချမိသည်။ထိုသားရဲလေးမှာ ကားပေါ်တွင်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ခြင်းဖြစ်၏။
ကားမောင်းနေစဉ်အတွင်း လုပေါင်သည် အခြားကားတစ်စီးရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသော လျှပ်စစ်စက်ဘီးတစ်စီးကို မြင်တွေ့လိုက်ရ၏။
“ကျွီ...”
“ဒုန်း...”
လုပေါင်သည် ဘရိတ်ကို အမြန်နင်းလိုက်သော်လည်း တစ်ဖက်လူမှာမူ အချိန်မီ မရပ်နိုင်ဘဲ ကားရှေ့မီးကို တိုက်မိသွားသည်။
“ဘုတ်...”
ချီလင်လေးမှာ ထိုင်ခုံပေါ်မှ ပြုတ်ကျသွားပြီး မျက်လုံးဖွင့်ကြည့်ကာ စိတ်တိုစပြုလာခဲ့၏။
“လိမ္မာတယ်နော်...ဘာမှမဖြစ်ဘူး...”
လုပေါင်က၎င်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ထိုသားရဲလေးမှာ အိပ်ရေးပျက်လျှင် စိတ်တိုတတ်သော်လည်း လုပေါင် ပွတ်သပ်ပေးလိုက်သည့်အခါမှသာ ပြန်လည် ငြိမ်သက်သွားခဲ့၏။
လုပေါင်သည် ၎င်းကို ချော့မြူနေရန် အချိန်မရှိသဖြင့် တွင်းနက်ထဲသို့ အမြန်ပြန်ပို့လိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးမှာ မြေပြင်ပေါ်တွင် ထိုင်နေပြီး သူမ၏ စက်ဘီးမှာ ကားရှေ့တွင် လဲနေခဲ့၏။သူမသည် ကားတံဆိပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲချကာ နာကျင်ဟန်ဖြင့် ညည်းညူလေတော့သည်ဟု ဆိုရမည်။
“အဆင်ပြေရဲ့လား... လူနာတင်ကား ခေါ်ပေးရမလား။”
လုပေါင်သည်သူမတွင် ဒဏ်ရာအပြင်းအထန် မရရှိသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့၏။
သို့သော် သူမ၏ ပုံစံမှာ တီဗီဇာတ်လမ်းများထဲမှ အကွက်အတိုင်း ဖြစ်နေသည်ကို သူ သတိပြုမိလိုက်သည်။
“နင်ကားကို ဘယ်လိုမောင်းနေတာလဲ... မောင်းရော မောင်းတတ်ရဲ့လား... မူးနေတာလား။”
ထိုအမျိုးသမီးသည် ထထိုင်လိုက်ပြီး ဒဏ်ရာရထားသော သူမ၏ လက်မောင်းကို မြှောက်ပြကာ အော်ဟစ်လေတော့၏။
“နင် ငါ့ကို ဘာလုပ်လိုက်သလဲ ကြည့်ဦး... လိုင်စင်ရော ရှိရဲ့လား... ကားထဲမှာ ဘာလုပ်နေတာလဲ... ငါ့လောက် လူတစ်ယောက်လုံးကို မမြင်ဘူးလား။”
“…”
“ငါ ရဲခေါ်မယ်။”
လုပေါင်က ဘာမှပြန်မပြောသဖြင့် သူမက ပို၍ ရဲတင်းလာကာ ရဲစခန်းသို့ ဖုန်းဆက်ရန် ပြင်တော့သည်။လုပေါင်မှာမူ စကားမပြောတော့ဘဲ ကားနောက်ခန်းမှ သတိပေးဆိုင်းဘုတ်ကို ထုတ်ယူကာ ကားနောက်တွင် ချထားလိုက်၏။
ဤကားကို သူ မောင်းနှင်လာခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်၍ ယခုအခါ ငွေကြေးချမ်းသာလာပြီဖြစ်သဖြင့် ကားသစ်လဲရန် အခွင့်အရေးရသွားသည်ဟု ဆိုရမည်။
ထိုအမျိုးသမီးမှာ ဖုန်းဆက်မည်ဆိုကာ မဆက်သေးသည်ကို တွေ့ရသဖြင့် လုပေါင်က
“လူနာတင်ကား ခေါ်ပေးပါရစေ... ဒဏ်ရာကို ဆေးထည့်ပြီး စစ်ဆေးကြည့်သင့်တယ်လေ။”
“နင်က ထွက်ပြေးချင်လို့လား... ခုခေတ် လူငယ်တွေက အိမ်မှာ ပိုက်ဆံရှိတိုင်း ဘာမဆို လုပ်လို့ရတယ် ထင်နေကြတာ... ငါ ရဲခေါ်ပြီး နင့်ကို ဖမ်းခိုင်းမယ်။”
သူမသည် တစာစာအော်ဟစ်နေသော်လည်း ဖုန်းကိုသာ ပွတ်နေပြီး အမှန်တကယ် ဖုန်းမဆက်ခဲ့ချေ။
“ခင်ဗျားက ကျွန်တော့်ကို တိုက်ပြီး ကျွန်တော့်ကိုဖမ်းခိုင်းဦးမလို့လား... ဖုန်းကို ဒီလောက် ပွတ်နေတာ အိမ်ကြည့်နေတာလား ကားကြည့်နေတာလား။”
လုပေါင်က လမ်းကို လက်ညှိုးထိုးပြကာ
“ဒါက မော်တော်ကားလမ်းဗျ... ခင်ဗျား စက်ဘီး ဖြတ်မောင်းရမယ့်နေရာ မဟုတ်ဘူး။ရှေ့မှာ လူကူးမျဉ်းကျားနဲ့ မီးပွိုင့်ရှိတာကို ခင်ဗျား မသုံးခဲ့ဘူးလေ။ကျွန်တော့်မှာ တာဝန်မရှိဘူး... အချိန်မဖြုန်းပါနဲ့တော့ကျွန်တော်ပဲ ရဲခေါ်ပေးလိုက်မယ်။”
“နင့်မှာ တာဝန်မရှိဘူး ဟုတ်လား... နင် ငါ့ကို တိုက်တာလေ။”
“ဟဲလို... ရဲစခန်းကလား။”
လုပေါင်သည် သူမကို ဂရုမစိုက်တော့ဘဲ ရဲစခန်းသို့ တိုက်ရိုက်ဖုန်းဆက်လိုက်၏။သူသည် အမှန်တကယ်တော့ အချိန်မကုန်လိုသဖြင့် လျော်ကြေးမတောင်းဘဲ လမ်းခွဲရန် စဉ်းစားခဲ့သော်လည်း ယခုမူ ကားသစ်တစ်စီး ဝယ်ရန်သာ ဆုံးဖြတ်လိုက်သည်။
“နင့်မှာ လိုင်စင်မရှိဘူးမလား... အားလုံးက နင့်အပြစ်ပဲ။”
လုပေါင်ဖုန်းချလိုက်သည်ကို မြင်သောအခါ ထိုအမျိုးသမီးမှာ ပျာယာခတ်သွားခဲ့၏။
“ကျွန်တော်က ဝါရင့်ဒရိုင်ဘာ မဟုတ်ပေမယ့် လိုင်စင်ရထားတာ နှစ်နှစ်ရှိပါပြီ။”
“နင် မူးပြီး မောင်းနေတာ... နင် ထောင်ကျတော့မယ်။”
“စိတ်မကောင်းပါဘူး... ကျွန်တော် ဒီနေ့ အရက်တစ်စက်တောင် မသောက်ရသေးဘူး။”
လုပေါင်သည်သူမကို လျစ်လျူရှုကာ ဖုန်းထဲတွင် အကောင်းဆုံးကားများကို စတင်ရှာဖွေနေတော့သည်။သူသည် ချမ်းသာသူတစ်ဦးဖြစ်သဖြင့် အဆင့်အတန်းမြင့်သော ကားတစ်စီးကိုသာ ပြောင်းလဲစီးရန် ဆုံးဖြတ်လိုက်၏။
“နင်... အားးးလူကို တိုက်သွားပြီ... လာကြည့်ကြပါဦး... အားးး”
“ကယ်ကြပါဦးးး”
“ယောက်ျားရေ... မြန်မြန်လာပါဦး... ငါ့ကို BMWစီးတဲ့ သူဌေးသားတစ်ယောက်က တိုက်လိုက်ပြီ... ငါ့မှာ သွေးတွေချင်းချင်းနီလို့... ငါ သေတော့မယ်ထင်တယ်။”
လမ်းသွားလမ်းလာများမှာ စုရုံးရောက်ရှိလာကြပြီး ယာဉ်ထိန်းရဲများမှာလည်း မကြာမီ ရောက်ရှိလာသည်။
တာဝန်ခွဲဝေမှု လုပ်ဆောင်သည့်အခါ ထိုအမျိုးသမီးမှာ မကျေမနပ် ဖြစ်နေခဲ့၏။သူမသည် လုပေါင်အား တာဝန်အပြည့်အဝ ယူခိုင်းပြီး ဆေးကုသစရိတ်နှင့် လျော်ကြေးများ တောင်းခံရန် ကြံစည်နေသည်။
“ကျွန်တော်က ဘာလို့ တာဝန်ယူရမှာလဲ... ကျွန်တော့်မှာ ဘာအပြစ်မှ မရှိဘူးမလား။”
လုပေါင်သည်မိမိအား တာဝန် ၂၀ ရာခိုင်နှုန်း သတ်မှတ်သည်ကို မကျေမနပ် ဖြစ်နေခဲ့၏။
အကယ်၍ တစ်ဖက်လူက ကောင်းမွန်စွာ ပြောဆိုခဲ့ပါက သူ တာဝန်ယူပေးချင်ယူပေးမည် ဖြစ်သော်လည်း ယခုကဲ့သို့ ပုံစံမျိုးကိုမူ သူ လက်မခံနိုင်ချေ။
ယာဉ်ထိန်းရဲက လုပေါင်ကို ကြည့်ကာ
“ဒီမှာ... ပုံမှန်ဆိုရင်တော့ မင်းမှာ အပြစ်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ချင်းစာတရားအရ တာဝန် ၂၀ ရာခိုင်နှုန်းလောက်တော့ ယူပေးသင့်တယ်လေ။ အခြေအနေကိုလည်း ကြည့်ပါဦး။”
“ကိုယ်ချင်းစာတရား ဟုတ်လား... ကောင်းပြီလေ... ဒါဆို ကျွန်တော့်မှာ တာဝန်မရှိတော့ဘူး။ ကျွန်တော့်မှာ ကောင်းမွန်တဲ့ကိုယ်ကျင့်တရား မရှိဘူးဗျာ... အဲဒီတော့ ဘာတာဝန်မှ ယူစရာ မလိုတော့ဘူးပေါ့။”
လုပေါင်သည်ထိုအမျိုးသမီးက သူမ၏ ယောက်ျားကို ဖုန်းဆက်ကာ သူ့အား လာရောက်ရိုက်နှက်ရန် ခိုင်းစေနေသည်ကို မြင်တွေ့လိုက်ရသဖြင့် တိုက်ရိုက် ငြင်းဆိုလိုက်သည်ဟု ဆိုရမည်။
ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။
အဲဒါကို စားလို့ရလား။
“ကြည့်ပါဦး... သူမက ဒဏ်ရာရထားတာလေ။ သူမအတွက် မလွယ်ကူဘူးဆိုတာ...”
ရဲအရာရှိကဆက်လက် ရှင်းပြရန် ကြိုးစားနေခဲ့၏။
“ဘယ်မှာ မလွယ်တာလဲ... ကြည့်ဦး... သူမအိတ်က LV လက်ကောက်ကလည်း အဖိုးတန်ကျောက်စိမ်း ရွှေဆွဲကြိုးနဲ့ iPhone 12 ကိုလည်း ကြည့်ဦး။ ပြီးတော့ သူမက ကျွန်တော့်ကို သတ်ခိုင်းဖို့ လူခေါ်နေတာဗျ။ ဒီလိုလူမျိုးကို ခင်ဗျားတို့က နိမ့်ပါးတဲ့သူလို့ ထင်နေတာလား။”
လုပေါင်က ရဲအရာရှိကို ဆွဲခေါ်ကာ ထိုအချက်များကို ထောက်ပြလိုက်၏။သူသည် ချမ်းသာသူဖြစ်သဖြင့် အဖိုးတန်ပစ္စည်းများ၏ အစစ်အမှန်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ရဲအရာရှိမှာလည်း ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားခဲ့၏။
ကားမှာ အပြင်းအထန် ပျက်စီးခြင်း မရှိသော်လည်း လုပေါင်က ဆက်မစီးလိုတော့သဖြင့် အရောင်းစင်တာသို့ ဖုန်းဆက်ကာ လာရောက်သိမ်းဆည်းခိုင်းလိုက်သည်။
ထိုအမျိုးသမီးမှာ ဆဲဆိုကြိမ်းမောင်းနေဆဲဖြစ်ပြီး သူမ၏ မိသားစုက ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့၏။သူမ၏ အမျိုးသားမှာမူ အသိတရားရှိသူဖြစ်သဖြင့် လုပေါင်နှင့် ရဲအရာရှိကို အဖန်ဖန် တောင်းပန်နေခဲ့သည်ဟု ဆိုရမည်။
“ကွာရှင်းလိုက်ပါ... မဟုတ်ရင် ခင်ဗျားကို သူမက ဒုက္ခဆက်ပေးလိမ့်မယ်။”
လုပေါင်သည် ထိုအမျိုးသား၏ ပုခုံးကို ပုတ်ကာ သနားကရုဏာသက်ဟန်ဖြင့် ပြောဆိုလိုက်ပြီးနောက် ထွက်ခွာလာခဲ့သည်။
သူသည် ပထမဦးစွာ တစ်ခုခုစား ရန် ဆုံးဖြတ်လိုက်၏။ရှေးဟောင်းလမ်းမတစ်ခုသို့ ရောက်ရှိသွားချိန်တွင် တောကောင်သားများ ရောင်းချနေသည့် လမ်းကြားလေးတစ်ခုကို သူ တွေ့ရှိလိုက်ရသည်။ထိုနေရာတွင် တောကြက်၊ ဖား၊ ဝါးကြွက်နှင့် တောယုန်များကို ရောင်းချနေကြခြင်းဖြစ်၏။
ထို့အပြင် လင်းဇီးမှိုနှင့် အခြား တောထွက်ပစ္စည်းများကိုလည်း တွေ့ရမည်။
“မှောင်ခိုဈေးလား...”
လုပေါင်သည် အံ့အားသင့်သွားခဲ့၏။ ဤကဲ့သို့ နေရာမျိုးတွင် ရှားပါး တောရိုင်းတိရစ္ဆာန်များကို ရောင်းချနေသည့် မှောင်ခိုဈေးတစ်ခု ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။