အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း ၈၉ - ကြွက်ဘုရင်နှင့် ပေါင်ရှင်းကျီ
လမ်းကြားလေး၏ အဝင်ဝတွင် နှာခေါင်းစည်းတပ်ထားပြီး လည်ပင်းတွင် ခရာချိတ်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။သူသည် လုပေါင်ကို အကဲခတ်ကြည့်ရှုလိုက်သော်လည်း တားဆီးခြင်းမရှိဘဲ သူ၏ ကင်းစောင့်အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့၏။
ခေတ္တမျှ လမ်းလျှောက်ပြီးနောက် လုပေါင်သည် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။
သုံးဘီးဆိုင်ကယ်တစ်စီးပေါ်တွင် အဘိုးအိုတစ်ဦး ထိုင်နေပြီး သူ၏ ပုခုံးပေါ်တွင် အလွန်ကြီးမားသော ဝါးကြွက်ကြီးတစ်ကောင် ရှိနေခဲ့၏။ထိုဝါးကြွက်မှာ အနည်းဆုံး ခုနစ်ပေါင်ရှစ်ပေါင်ခန့် အလေးချိန်ရှိပြီး ကြွက်ဘုရင်အဆင့်တွင်ရှိနေသည်။
၎င်း၏ နောက်ခြေထောက်များကို ကြိုးဖြင့်ချည်နှောင်ကာ အဘိုးအို၏ လက်မောင်းတွင် တွဲချည်ထားခြင်းဖြစ်၏။
လုပေါင်သည် ပိတ်စဖြင့် အုပ်ထားသော လှည်းကျည်းကို မကြည့်လိုက်ရာ အတွင်း၌ အရွယ်ရောက်ပြီးသား ဝါးကြွက် ဆယ်ကောင်ကျော်ခန့် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
“လူငယ်လေး... တစ်ကောင်လောက် ဝယ်စားမလား ဈေးမကြီးပါဘူး။”
အဘိုးအိုကပြုံး၍ရွှင်စွာဖြင့် ဖိတ်ခေါ်လိုက်၏။
“ကျွန်တော် ဒါကိုပဲ လိုချင်တာ။”
လုပေါင်ကအဘိုးအို၏ ပုခုံးပေါ်မှ ကြွက်ဘုရင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။ အကယ်၍ ဤကောင်ကြီးကို သေချာမွေးမြူပါက သားရဲဆိုးတစ်ကောင် ဖြစ်လာနိုင်မလားဟု သူ စဉ်းစားမိခြင်းဖြစ်၏။
၎င်း၏ အကြည့်များမှာ လူသားတစ်ဦးကဲ့သို့ တည်ငြိမ်နေပြီး တစ်ချက်ကြည့်ရုံဖြင့် အလွန်ဉာဏ်ကောင်းကြောင်း သိနိုင်သည်။
ဤအရာမှာ အမှန်တကယ်ပင် ကြွက်ဘုရင်တစ်ကောင် ဖြစ်ပေတော့၏။
အဘိုးအိုသည် သူ၏ ပုခုံးပေါ်ရှိ ငွေခိုးရောင် ဝါးကြွက်ကြီးကို ကြည့်ကာ အသာအယာ ပွတ်သပ်ရင်း
“ဒါကတော့ မရောင်းဘူးကွယ်။ငါ မွေးထားတာ နှစ်နှစ်တောင် ရှိပြီ။ ဝယ်ချင်တဲ့သူတွေ အများကြီး ရှိပေမယ့် ငါ မရောင်းခဲ့ဘူး။”
“နှစ်ထောင်”
လုပေါင်က လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်သည်။ဤကြွက်ဘုရင်မှာ အမှန်တကယ်ပင် ရတနာတစ်ပါး ဖြစ်၏။
“မရောင်းဘူးး”
အဘိုးအိုက ပြတ်ပြတ်သားသားပင် ခေါင်းခါလိုက်သည်။
“လေးထောင်”
“တကယ် မရောင်းပါဘူးဆို။”
“ခြောက်ထောင်”
“ဒါက... တကယ် မရောင်းချင်လို့ပါ။ ငါ့သားလေးလို ပြုစုထားတာမို့လို့...”
“တစ်သောင်း... ရရင်ယူ မရရင် ကျွန်တော် သွားတော့မယ်။”
လုပေါင်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။သူ့တွင် ငွေရှိသော်လည်း ဤကဲ့သို့ ဉာဏ်ကောင်းသော ကြွက်ဘုရင်မျိုးကို ရှာရန် ခဲယဉ်းလှ၏။
“နှစ်သောင်း... တစ်ပြားမှ မလျှော့နိုင်ဘူး။”
“နှစ်သောင်းဆိုရင်တော့ မဖြစ်နိုင်ဘူးဗျ။ ဒီထဲက ဝါးကြွက်တွေ အကုန်လုံးပါ ပေးမှ ရမယ်။”
“နောက်ထပ် တစ်ထောင် ထပ်ပေါင်းပေး... အကုန်ယူသွားတော့။”
အဘိုးအိုက လက်ဝှေ့ယမ်းကာ သူ၏ ပုခုံးပေါ်မှ ကြွက်ကြီးကို နှမြောတသဟန်ဖြင့် ကြည့်လိုက်သည်။ .
‘ငါ့သားလေး.. ငါ မင်းကို မရောင်းချင်ပါဘူးဒါပေမဲ့ သူက အများကြီး ပေးလွန်းလို့ပါ။ ပြီးတော့ မင်းကို မွေးနေလို့ ငါ့ချွေးမက နေ့တိုင်း ပြဿနာရှာနေတာ... မင်းကို ရောင်းပြီး အေးအေးဆေးဆေး နေရတာက ပိုကောင်းပါတယ်လေ။’
ကြွက်ဘုရင်မှာ နားလည်သည့်ဟန်ဖြင့် အဘိုးအိုကို ၎င်း၏ မျက်လုံးလေးများဖြင့် စိုက်ကြည့်နေခဲ့၏။အဘိုးအိုကမူ ပြန်မကြည့်တော့ဘဲ ကြိုးကို ဖြည်ကာ လှောင်အိမ်ထဲ ထည့်ပေးလိုက်ပြီး ကျန်သော ဝါးကြွက်များကိုလည်း အိတ်ထဲသို့ တစ်ကောင်ချင်း ထည့်ပေးလိုက်သည်။
တစ်မိနစ်မပြည့်မီမှာပင် လုပေါင်သည် လူအများ၏ အံ့အားသင့်နေသော အကြည့်များကြားမှ လှောင်အိမ်နှင့် အိတ်များကို သယ်ဆောင်ကာ ထွက်ခွာလာခဲ့သည်။
“ဟေ့ အဘိုးဟွမ်... ခင်ဗျားက လူရော ဟုတ်ရဲ့လား ကိုယ့်သားကိုယ် ရောင်းစားရတယ်လို့။”
တစ်စုံတစ်ယောက်က ရယ်မောကာ နောက်ပြောင်လိုက်၏။
“အိမ်မှာ နေ့တိုင်း ပြဿနာတက်နေတာဗျ။ငါ့ချွေးမက ငါ့မြေးကိုခေါ်ပြီး သူမအိမ်ကို ပြန်သွားတာ အကြိမ်ကြိမ်ပဲ။ဆက်မွေးထားလို့ မဖြစ်တော့ဘူး... ရောင်းလိုက်တာကမှ စိတ်အေးရမယ်။ ဒီလူငယ်ကလည်း တကယ် သဘောကျပုံရတယ် ဘယ်သူမှ ဒီလောက်ထိ ဈေးမပေးဖူးဘူး။”
အဘိုးအိုဟွမ်မှာ ဆိုင်သိမ်းရင်း လုပေါင် ထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်းချနေမိသည်။သူ ခုနက မကြည့်ဝံ့ခဲ့ခြင်းဖြစ်၏။ ကြည့်မိပါက စိတ်ပျော့သွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
လုပေါင်သည် လူသူကင်းဝေးသော နေရာသို့ ရောက်သောအခါ ကြွက်ဘုရင်နှင့် အခြားဝါးကြွက်များကိုတွင်းနက်ထဲသို့ ပို့ဆောင်လိုက်သည်။ဤကြွက်ဘုရင်မှာ အလွန်ဉာဏ်ကောင်းသဖြင့် သူ ပထမဆုံး မြင်ကတည်းက သဘောကျနေခဲ့ခြင်းဖြစ်သည်။
“ကျွီ...”
တွင်းနက်ထဲသို့ ရောက်သည်နှင့် ငြိမ်သက်နေသော ကြွက်ဘုရင်မှာ ခေါင်းထောင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လေတော့၏။
“မင်း ငါပြောတာ နားလည်လား။”
လုပေါင်က လှောင်အိမ်ကို ဖွင့်ပေးကာ ကြွက်ဘုရင်၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
ကြွက်ဘုရင်မှာမူ ဘာမှပြန်မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေခဲ့၏။
“ဒီမှာပဲ နေတော့... မင်း အသွင်ပြောင်းနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။”
လုပေါင်ကအိတ်ကို ဖွင့်ပေးလိုက်ရာ ဝါးကြွက်များမှာ အရပ်မျက်နှာအနှံ့သို့ ပြေးလွှားသွားကြသည်။
ဤနေရာရှိ စွမ်းအင်များကြောင့် သူတို့ ထိတ်လန့်နေကြသော်လည်း မကြာမီမှာပင် ပြန်လည် ငြိမ်သက်သွားကြ၏။ချီလင်လေးမှာလည်း ကြွက်ဘုရင်ကို လာရောက်ကြည့်ရှုပြီး လုပေါင်၏ ခြေရင်းတွင် အိပ်စက်လေတော့သည်။
ကြွက်ဘုရင်မှာ ပတ်ဝန်းကျင်သစ်နှင့် အသားကျရန် ခဲယဉ်းလိမ့်မည်ဟု လုပေါင် ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင်မူ ထိုကောင်ကြီးမှာ မြေပြင်ပေါ်ရှိ မီးပုရွက်ဆိတ် အသေကောင်များကို အားပါးတရ စားသုံးနေသည်ကို တွေ့ရှိရသည်။
စီနီယာဖြူကြီးက ခုန်ကာ ရောက်ရှိလာပြီး ကြွက်ဘုရင်နှင့် လုပေါင်ကို အကဲခတ်ကြည့်ရှုလိုက်၏။
“မင်း ကြွက်ဘုရင်တစ်ကောင်ကို မွေးမြူမလို့လား။”
စီနီယာဖြူကြီးသည် လုပေါင်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
“ဟုတ်တယ်။”
လုပေါင်က ခေါင်းညိတ်ပြလိုက်၏။
“ဖြူကြီးဂူရဲ့ တောင်ဘက် မိုင်တစ်ရာလောက်မှာ သားရဲဆိုးအဆင့်ရှိတဲ့ ကြွက်ဘုရင်တစ်ကောင် ရှိတယ်။ပတ်ဝန်းကျင် မိုင်အတော်များများမှာရှိတဲ့ ကြွက်တွေ အကုန်လုံးက သူ့အမိန့်ကို နားထောင်ကြတာ။မီးဝိညာဉ်သီး မှည့်တဲ့အချိန်မှာ ပေါ်လာလိမ့်မယ်လို့ ငါ ထင်ထားပေမဲ့ သူ ရောက်မလာခဲ့ဘူး။မင်း သဘောကျရင် အဲဒီကောင်ကို သွားဖမ်းလို့ရတယ်။”
စီနီယာဖြူကြီးသည် ဤမျှ အားနည်းသော ကြွက်ကို စိတ်မဝင်စားသော်လည်း သားရဲဆိုးအဆင့် ကြွက်ဘုရင်၏ နယ်မြေထဲတွင် ဤကဲ့သို့ ကြွက်မျိုးပေါင်း မြောက်မြားစွာ ရှိကြောင်း ပြောပြလိုက်သည်။
“သားရဲဆိုးအဆင့် ကြွက်ဘုရင် ဟုတ်လား။”
လုပေါင်မှာ အံ့အားသင့်သွားခဲ့၏။ကြွက်အုပ်စု၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလှရာ သားရဲဆိုးအဆင့် ကြွက်ဘုရင်က ထိန်းချုပ်ထားသော ကြွက်အုပ်ကြီးမှာ မည်မျှ ကြီးမားလိမ့်မည်နည်းဟု သူ တွေးတောမိသည်။
ဝါးကြွက် ၃၂ ကောင်မှာလည်း ကြွက်ဘုရင်၏ ဘေးတွင် စုရုံးလာကြပြီး မီးပုရွက်ဆိတ် အသေကောင်များကို စားသောက်နေကြ၏။လုပေါင်သည် ထိုအသေကောင်များကို မည်သို့ ရှင်းလင်းရမည်နည်းဟု စဉ်းစားနေစဉ် အမှိုက်သိမ်းမည့် အဖွဲ့ ရောက်ရှိလာခြင်းဖြစ်သည်။
ချီလင်လေးမှာ လုပေါင်နောက်သို့ တကောက်ကောက် လိုက်နေသဖြင့် သူသည် တိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်သို့ သွားကာ ၎င်း၏ ဦးချိုများကို ဖုံးကွယ်နိုင်မည့် အင်္ကျီနှင့် ဦးထုပ်ကို ဝယ်ယူပေးလိုက်ရ၏။၎င်းကို ရင်ခွင်ထဲ၌ ပွေ့ချီထားပါက လူများက ခွေးပေါက်လေးဟုသာ ထင်မှတ်ကြမည်ဖြစ်သည်။
သို့သော် ဤချစ်စရာကောင်းသော အကောင်လေးမှာ ဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦးပင် ထွက်ပြေးရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှ၏။
နှစ်နာရီခန့် ကြာပြီးနောက် တွင်းနက်ကြီးအတွင်း၌။
ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အလင်းတန်းများ စီးဆင်းနေပြီး ၎င်းမှာ တုန်ယင်နေခဲ့သည်။
“ဒီလောက် မြန်မြန်ကြီး အသွင်ပြောင်းနေတာလား။”
စီနီယာဖြူကြီးသည် အဝေးမှ စောင့်ကြည့်နေခဲ့၏။တွင်းနက်ကြီး၏ ထူးခြားဆန်းပြားမှုမှာ သူ၏ ထင်မြင်ချက်ထက်ပင် သာလွန်နေပြီး သာမန်တိရစ္ဆာန်များအတွက် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲရန် အကောင်းဆုံးနေရာ ဖြစ်နေသည်။
လုပေါင်မှာမူ ထိုအခြေအနေကို မသိရှိဘဲ ချီလင်လေးကို ပွေ့ချီကာ အမျိုးသား ကိုယ်ခံပညာရှင်များ အသင်းချုပ်သို့ တက္ကစီဖြင့် ထွက်ခွာလာခဲ့၏။
“တကယ်ကို ကောင်းမွန်တဲ့ နေရာပါပဲ။”
အသင်းချုပ်မှာ ဟိုတယ်ကဲ့သို့ ဆောက်လုပ်ထားသော ဗီလာဝင်းကြီးအတွင်း တည်ရှိနေခြင်းဖြစ်သည်။
“မင်္ဂလာပါ ခင်ဗျာ... ချိန်းဆိုထားတာ ရှိပါသလား။”
လုပေါင်အဝင်ဝသို့ ရောက်သည့်အခါ ဝန်ထမ်းတစ်ဦးက ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်၏။
“ချိန်းထားတာ မရှိပါဘူး။”
လုပေါင်က ခေါင်းခါပြလိုက်သည်ဟု ဆိုရမည်။
“စိတ်မကောင်းပါဘူးခင်ဗျာ... ချိန်းဆိုထားခြင်း မရှိရင် လက်မခံပါဘူး။”
“ကျွန်တော့်မှာ ဒါရှိတယ်။”
လုပေါင်သည် သူ၏ ကျောပိုးအိတ်ထဲမှ ငွေရောင် တံဆိပ်ပြားလေးကို ထုတ်ယူကာ ဝန်ထမ်းအား ပေးလိုက်သည် ၎င်းမှာ ချင်ပိုင်လျဲ့ ပေးခဲ့သော တံဆိပ်ပြားလေးပင် ဖြစ်၏။
ဝန်ထမ်းသည် ထိုတံဆိပ်ပြားကို မြင်သည်နှင့် အလွန်အံ့အားသင့်သွားခဲ့သည်။
“လေးစားအပ်တဲ့ ဧည့်သည်တော်... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။”
အရိုအသေပေး၍ ဖိတ်ခေါ်လိုက်သည်။ဤငွေရောင်တံဆိပ်ပြားမှာ အလွန်ရှားပါးပြီး ထိပ်တန်းပညာရှင်များပင် ရရှိရန် ခဲယဉ်းလှပေသည်။
“ဒါနဲ့... ပေါင်ရှင်းကျီ ရောက်နေပြီလား။”
လုပေါင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“ဂုဏ်ထူဆောင်ဆရာကြီး... ပေါင်ရှင်းကျီလား။”
ဝန်ထမ်းမှာထိတ်လန့်သွားပြီး
“ဆရာကြီးရဲ့ နာမည်ကို တိုက်ရိုက် မခေါ်ဆိုသင့်ပါဘူးခင်ဗျာ။ဆရာကြီးက မနေ့ကတည်းက ရောက်နေပါပြီ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ဆုံနေပါတယ်။”
အစောင့်ကတိုးတိုးလေး ပြောပြလိုက်သည်။
ဂုဏ်ထူးဆောင်ဆရာကြီးများမှာ အလွန်မြင့်မားသော အဆင့်အတန်းတွင် ရှိနေကြသည်ဖြစ်ရာ သူကိုယ်တိုင်လည်း ယခုဆိုလျှင် ထိုအဆင့်တွင် ရှိနေပြီလားဟု လုပေါင် တွေးတောမိ၏။ပေါင်ရှင်းကျီ ရောက်ရှိနေပြီဖြစ်သဖြင့် စီနီယာဖြူကြီး၏ ဆန္ဒမှာ မကြာမီ ပြည့်ဝတော့မည်ဖြစ်သည်။
“ကျွန်တော့်ကို ဆရာကြီး ပေါင်ရှင်းကျီဆီ တိုက်ရိုက်ခေါ်သွားပေးပါ။”
“ဟုတ်ကဲ့ပါ... အခန်း အရင်ယူမလားခင်ဗျာ။”
“မလိုဘူး... လူကို အရင်တွေ့မယ်။”
လုပေါင်သည် အခြေအနေ မဟန်ပါက စီနီယာဖြူကြီးနှင့်အတူ ပေါင်ရှင်းကျီကို ခေါ်ဆောင်ကာ ထွက်ပြေးရန်ပင် စဉ်းစားထားသည်ဖြစ်ရာ အချက်အလက်များ ချန်ထားခဲ့ရန် မလိုအပ်ဟု ယူဆလိုက်သည်။
အခန်း ၉၀ - သားရဲဆိုးကို ပွေ့ချီထားသော လူငယ်လေး။
အမျိုးသား ကိုယ်ခံပညာရှင်များ အသင်းချုပ်ကြီးမှာ ခန့်ညားထည်ဝါလှ၏။လုပေါင်သည် ဝန်ထမ်းနောက်သို့ လိုက်ပါလာရင်း လေဟာပြင် အပန်းဖြေစခန်းတစ်ခုသို့ ရောက်ရှိလာပြီး ပညာရှင်တစ်စု စကားပြောနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ထိုနေရာတွင် သင်္ကန်းရိုးရိုးဝတ်ထားသော ဘုန်းတော်ကြီးများ နတ်ဘုရားကဲ့သို့ အရှိန်အဝါရှိသော ရသေ့များ၊ ရှေးဟောင်းဝတ်စုံဝတ် အမျိုးသမီးများနှင့် ဝတ်စုံပွပွဝတ်ထားသော ကုန်းကုန်းအဘိုးကြီးတစ်ဦး... ကြည့်ရသည်မှာ စိတ်ကျန်းမာရေးဆေးရုံမှ လူနာများ စုဝေးနေသကဲ့သို့ပင် ထင်မှတ်ရ၏။သို့သော် လုပေါင်က သေချာအကဲခတ်လိုက်သည့်အခါ သူတို့အားလုံးမှာ ပြင်းထန်သော သွေးအဆီအနှစ် စွမ်းအင်များရှိသည့် ထိပ်တန်းပညာရှင်များ ဖြစ်ကြောင်း သိလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူသည် မျောက်သိုင်းပညာရပ်၏ အရှိန်အဝါကို အာရုံခံမိလိုက်၏။
ထိုသူမှာ မျက်မှန်ရွှေကိုင်းတပ်ထားပြီး တရုတ်ဝတ်စုံဝတ်ထားသော သဘောကောင်းသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်ရည်ခန့်ညားကာ ထူးခြားသော အရှိန်အဝါရှိသည်။လုပေါင် ချက်ချင်း နားလည်လိုက်သည်မှာ ဤသူသည် စီနီယာဖြူကြီး ချစ်ကြောက်ရိုသေရသော ပေါင်ရှင်းကျီပင် ဖြစ်ပေတော့၏။
လုပေါင်သည် စီနီယာဖြူကြီးအတွက် စိတ်မကောင်းဖြစ်မိသွား၏။ပေါင်ရှင်းကျီ၏ ဆွဲဆောင်မှုရှိသော အပြုံးကို မြင်ရုံဖြင့် စီနီယာဖြူကြီး ဘာကြောင့် စွဲလန်းနေရသလဲဆိုသည်ကို သူ နားလည်သွားခဲ့သည်။
“ဟုတ်ကဲ့... ကျွန်တော် တစ်ယောက်တည်း သွားလိုက်ပါ့မယ်။”
လုပေါင်သည် လမ်းပြလာသော ဝန်ထမ်းကို အချက်ပြလိုက်ရာ ဝန်ထမ်းမှာ ခေါင်းညိတ်၍ ထွက်ခွာသွားခဲ့၏။
“ဒီတစ်ခေါက် စိန့်ချူးလည်း ရောက်နေတယ်လို့ ကြားတယ်။ အသင်းချုပ်နဲ့ ရဲတပ်ဖွဲ့က သူ့ကို အပူတပြင်း ရှာနေကြတာ။နတ်ဆရာကြီး... ခင်ဗျားတို့ နဂါးကျားတောင်က ဒီတစ်ခါရော ဘာမှလုပ်ဖို့ အစီအစဉ်မရှိဘူးလား။လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်က ချူကွမ်းရှန်းဟာ နတ်ဆရာလောင်းကို သတ်ပြီး ရွှေရောင်အလင်း ဂါထာကို လုသွားခဲ့တာလေ။”
လက်ဖက်ရည်သောက်နေသော ရသေ့အိုကြီးတစ်ဦးက အေးဆေးစွာ ပြောဆိုရင်း မျက်လုံးမှိတ် နားနေသော ကုန်းကုန်းအဘိုးကြီးကို လှမ်းကြည့်လိုက်သည်။
ကုန်းကုန်းအဘိုးကြီးက မျက်လုံးကို အသာဖွင့်ကာ
“ဒီအဘိုးကြီး ကိုယ်တိုင် ရောက်နေပြီ မဟုတ်လား။”
“သြော်... နတ်ဆရာကြီး ကိုယ်တိုင် အရေးယူတော့မလို့လား။”
“လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်က စိန့်ချူးကခန္ဓာကိုယ်ကြံ့ခိုင်မှု ပညာရပ်မှာ အထွတ်အထိပ် ရောက်ခဲ့တာ။အခု ရွှေရောင်အလင်းဂါထာကို ကျင့်ကြံဖို့ ပျောက်ကွယ်နေတာ တစ်ဆယ့်နှစ်နှစ်ရှိပြီ။ ဒီတစ်ခါ သူ ဘာကို ရည်ရွယ်ထားသလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... ငါတို့ သတိထားရမယ်။”
“ဒါ ဘယ်သူ့ကလေးလဲ။”
လုပေါင်သည် ချီလင်လေးကို ပွေ့ချီကာ လျှောက်လှမ်းလာရာ သူ၏ ပြင်းထန်သော သွေးအဆီအနှစ် စွမ်းအင်များကြောင့် လူတိုင်းက သတိထားမိသွားကြသည်။ လက်ဖက်ရည် ဖျော်နေသော မိန်းကလေးနှစ်ဦးမှာလည်း သူ့ကို လာရောက်ကြိုဆိုကာ စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးကြ၏။
“ဂျူနီယာ လုပေါင်က စီနီယာအားလုံးကို နှုတ်ခွန်းဆက်သပါတယ်ဗျာ။”
လုပေါင်က ယဉ်ကျေးစွာ အလေးပြုလိုက်သည်။
“မျိုးဆက်သစ် လူငယ်လေးပဲ... မဆိုးပါဘူး။”
“ပေါင်ရှင်းကျီ... ဒီကလေးက ခင်ဗျားရဲ့ မျောက်သိုင်းအငွေ့အသက်တွေ ပါနေသလိုပဲ။ ခင်ဗျား တပည့်လား။ သူ့ဆီက သွေးအဆီအနှစ် စွမ်းအင်တွေက အပြင်ကိုတောင် လျှံထွက်နေတာပဲ... ဘာရတနာတွေ စားထားတာလဲ။”
ပညာရှင်များမှာ မျက်စိလျှင်လှ၏။လုပေါင်က သူတို့ကို အာရုံခံနိုင်သကဲ့သို့ သူတို့ကလည်း လုပေါင်ကို အာရုံခံနိုင်သည်ဟု ဆိုရမည်။
ပေါင်ရှင်းကျီက ပြုံးရွှင်စွာဖြင့် လုပေါင်ကို အကဲခတ်လိုက်ရာ စီနီယာဖြူကြီး၏ အငွေ့အသက်၊ မျောက်သိုင်းပညာ၊ မျောက်အရက်နှင့် မီးဝိညာဉ်သီးများ၏ အရှိန်အဝါကို ခံစားလိုက်ရ၏။
‘သူ...ဘယ်နှလုံးတောင် စားထားတာလဲ။’
‘နှစ်တစ်ထောင် မီးဝိညာဉ်သီးတွေတောင် မှည့်နေပြီလား။’
ပေါင်ရှင်းကျီ၏ အကြည့်မှာ လုပေါင်ရင်ခွင်ထဲရှိ ချီလင်လေးပေါ်သို့ ကျရောက်သွားချိန်တွင် သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်သည်။
ချီလင်လေးမှာလည်း ပေါင်ရှင်းကျီကို မြင်သည်နှင့် မျက်စောင်းထိုးကြည့်လေတော့၏။ထိုသားရဲလေးသည် အငြိုးကြီးလှရာ ယခင်က ၎င်း၏ ပစ္စည်းများကို ခိုးယူခဲ့သော ဤလူကို မီးတောက်ဖြင့် မှုတ်ထုတ်ရန် စဉ်းစားနေသည်။
‘သူတို့ အချင်းချင်း သိနေကြတာပဲ။’
ပေါင်ရှင်းကျီနှင့် ချီလင်လေးမှာ သိကျွမ်းနေကြကြောင်း လုပေါင် ရိပ်မိလိုက်၏။ချီလင်လေးသည် အဝတ်အစားများ ဝတ်ထားသော်လည်း ၎င်းနှင့် အကြိမ်ကြိမ် တိုက်ခိုက်ဖူးသော ပေါင်ရှင်းကျီက မမှတ်မိဘဲ မနေနိုင်ချေ။
လုပေါင်သည် ချီလင်လေး၏ ပါးစပ်ကို အမြန်ပိတ်ကာ ပေါင်ရှင်းကျီထံသို့ ပြေးသွားပြီး
“စီနီယာ ပေါင်ရှင်းကျီ... ကျွန်တော့်နာမည် လုပေါင်ပါ။စီနီယာနဲ့ တွေ့ခွင့်ရတာ တကယ် ဝမ်းသာပါတယ်ဗျာ။”
နွေးထွေးစွာနှုတ်ဆက်လိုက်သည်။
ပေါင်ရှင်းကျီ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့၏။
သူသည် ပထမဦးစွာ ချီလင်လေးကို ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ရာ အလွန်အံ့အားသင့်သွားခဲ့သည်ဟု ဆိုရမည်။ဤချီလင်သားရဲကြီးက မည်သို့ကြောင့် အိမ်မွေးတိရစ္ဆာန် ဖြစ်သွားရသလဲ။ စီနီယာဖြူကြီးကရော ဘာကြောင့် ဤလူငယ်ကို မျောက်သိုင်း သင်ပေးထားရသလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
အမြဲတမ်း တည်ငြိမ်နေတတ်သော ပေါင်ရှင်းကျီမှာ ယခုအခါ အလွန်ထိတ်လန့်နေသဖြင့် သူ၏ မိတ်ဆွေများပါ အံ့သြသွားကြသည်။
“မိတ်ဆွေ လုပေါင်... တွေ့ရတာ ဝမ်းသာပါတယ်။”
“ဝမ်းသာပါတယ်။”
ပေါင်ရှင်းကျီက လက်အုပ်ချီ နှုတ်ဆက်လိုက်သော်လည်း ချီလင်လေးကိုမူ အထူးသတိထားနေခဲ့၏။သူသည် ချီလင်လေး တိုက်ခိုက်လာပါက အချိန်မီ ရှောင်တိမ်းနိုင်ရန် အဆင်သင့် ပြင်ထားသည်။
ကျန်ရှိသော ပညာရှင်များမှာလည်း လုပေါင်နှင့် ချီလင်လေးကို အကဲခတ်နေကြရာ ပေါင်ရှင်းကျီ စိုက်ကြည့်နေသော အကောင်လေးမှာ ထူးခြားနေကြောင်း ရိပ်မိသွားကြသည်။
ရုတ်တရက် နဂါးကျားတောင် နတ်ဆရာကြီး ထရပ်လိုက်ရာ သူ၏ အိုမင်းရင့်ရော်မှုများ ပျောက်ကွယ်သွားပြီး အရှိန်အဝါများ ပြင်းထန်လာခဲ့၏။
ဘုန်းတော်ကြီးသည် ဘုန်းတော်လေးကို ကာကွယ်လိုက်သည်။အမျိုးသမီးကြီးတစ်ဦး၏ လည်ပင်းတွင် ပတ်ထားသော မြွေစိမ်းလေးမှာလည်း တုန်ယင်ကာ ကျောဘက်သို့ ပုန်းကွယ်သွားခဲ့၏။
သူတို့အားလုံးမှာ ဂုဏ်ထူးဆောင်ဆရာကြီးများ ဖြစ်ကြပေတော့၏။
အခြားပညာရှင်များလည်း ထရပ်လိုက်ကြပြီး လုပေါင်ကြောင့် ဂုဏ်ထူးဆောင်ဆရာကြီးများ ဘာကြောင့် ထိတ်လန့်နေကြသလဲဆိုသည်ကို မသိရှိဘဲ အခြေအနေမှာ တင်းမာလာခဲ့သည်။
ဂုဏ်ထူးဆောင်ဆရာကြီးများမှာ အလွန်ရှားပါးလှရာ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်းကို ဝန်ထမ်းများမှာလည်း မည်သို့လုပ်ရမည်မှန်း မသိဘဲ ဖြစ်နေခဲ့၏။
“ဟားဟားဟား... ဒီအဘိုးကြီး ရောက်လာပြီဟေ့။”
လူရိပ်တစ်ရိပ်ရောက်ရှိလာရာ ၎င်းမှာ ဆရာကြီး လေချန်ပင် ဖြစ်သည်။
လေချန် ရောက်ရှိလာခြင်းကြောင့် တင်းမာနေသော အခြေအနေမှာ အနည်းငယ် လျော့ပါးသွားခဲ့၏။
“ဟားဟား... ရသေ့ကြီး ဘုန်းကြီးကြီးတို့ရေ... ဘာလို့ ဒီလောက် ယဉ်ကျေးနေကြတာလဲ။ ငါ့ကို ကြိုဆိုဖို့ အားလုံး ထရပ်နေကြတာလား... ငါက...”
လေချန်သည် ရွှင်မြူးစွာ ပြောဆိုနေသော်လည်း လုပေါင်နှင့် သူ၏ ရင်ခွင်ထဲရှိ ချီလင်လေးကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် စကားစရပ်သွားခဲ့သည်။သူသည် ပါးစပ်အဟောင်းသားဖြင့် လုပေါင်ကို စိုက်ကြည့်နေမိ၏။
‘ချီလင်သားရဲကြီးက ဘယ်လိုလုပ်ပြီး သူ့ရင်ခွင်ထဲ ရောက်နေတာလဲ။’
“စီနီယာ လေချန်...”
လူငယ်တစ်ဦးက လှမ်းခေါ်လိုက်သော်လည်း လေချန်မှာမူ ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားခဲ့သည်။
“ငါ့သမီး ဘယ်ရောက်သွားလဲ။”
လေချန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ
“ငါ့သမီး ပျောက်သွားပြီလား မသိဘူး... သူမက လမ်းလည်း မသိဘူး ဒုက္ခပါပဲ။ ဒီနေရာက ဘာလို့ ဒီလောက် ကျယ်နေရတာလဲ။”
လေချန်မှာအမြန်ဆုံး ထွက်ပြေးသွားတော့သည်။
“အဖေ... ဘာလို့ ဒီလောက် မြန်မြန် ပြေးနေတာလဲ။ နေဦးလေ... မိတ်ဆွေတွေနဲ့ တွေ့မယ်ဆို။”
“ဘာမိတ်ဆွေလဲ... နင့်အဖေမှာ ဘာမိတ်ဆွေမှ မရှိဘူး။”
“…”
လုပေါင်သည် ချီလင်လေး၏ ခေါင်းကို ပုတ်လိုက်၏။ဤအကောင်လေးက တကယ်ပဲ ကြောက်စရာ ကောင်းနေလို့လား။ခင်ဗျားတို့က ဒီလောက် ကြောက်နေကြတာကို ဘာလို့ ချီလင်လေးဆီက အသီးတွေကို ခိုးချင်နေကြတာလဲဟု သူ တွေးတောမိသည်။
ချီလင်လေးမှာမူ ဘာမှမသိသည့်ဟန်ဖြင့် မျက်လုံးဝိုင်းလေးများဖြင့် လိုက်ကြည့်နေခဲ့၏။
“စီနီယာတို့ခင်ဗျာ... ကျွန်တော် ဂျူနီယာညီမလေးကို သွားကြိုရဦးမယ်။အရင် စကားပြောနှင့်ကြပါဦး။”
ပညာရှင်တစ်ဦးကလည်းအမြန်ဆုံး ဆုတ်ခွာသွားခဲ့သည်။
“ရွှီးးးး”
ကောင်းကင်ယံတွင် လင်းယုန်ဖြူကြီးတစ်ကောင် ပျံသန်းနေသည်ကို တွေ့ရသည်။၎င်းမှာ ချင်ပိုင်လျဲ့ဖမ်းဆီးထားသော လင်းယုန်ဖြူ ဖြစ်ကြောင်း လုပေါင် မှတ်မိလိုက်၏။
လင်းယုန်ဖြူသည် လုပေါင်ကို မြင်သည်နှင့် ဆင်းသက်လာခဲ့ရာ လုပေါင်၏ ရွှေရောင်စွမ်းရည်ကြောင့် ၎င်းမှာ ဆွေမျိုးသားချင်းကို တွေ့လိုက်ရသည့်အလား ခံစားလိုက်ရသည်။
“ဒီကိုလာ”
လုပေါင်က လက်လှမ်းပေးလိုက်ရာ လင်းယုန်ဖြူသည် သူ၏ လက်မောင်းပေါ်သို့ သာသာယာယာ ဆင်းသက်လာခဲ့၏။သို့သော် ၎င်းသည် ချီလင်လေးကို မြင်လိုက်ရချိန်တွင် ကိုယ်ခန္ဓာတစ်ခုလုံး တောင့်တင်းသွားပြီး လုပေါင်ကို ကြောက်လန့်တကြား ကြည့်နေတော့သည်။