← Chapters

မိစ္ဆာ

Vol. 10 Ch. 932

မိစ္ဆာ

Vol. 10 Ch. 932

မရှိမှုကျေးရွာ…

တိတ်ဆိတ်ပြီး မည်သည့်အရာမှ မရှိပေ။ ကောင်းခြင်းဆိုးခြင်းတရား ၊ ကုသိုလ် အကုသိုလ်တရားများလည်း မရှိပေ။

ဤပတ်ဝန်းကျင်တွင်… သာမန်လူသားများ မည်သို့မှ နေထိုင်နိုင်ကြမည် မဟုတ်ပေ။ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများပင်လျှင် အနည်းငယ်သာ နေထိုင်နိုင်စွမ်း ရှိကြသည်။

တာ့လော်အဆင့်နတ်ဘုရားများသာလျှင် မရှိမှုကျေးရွာတွင် သွားလာနိုင်စွမ်း ရှိလေသည်။ သို့သော်… နားခိုးရမည့် ကောင်းကင်ဘုံများ ၊ ကျောက်ဂူများကိုတော့ အချိန်တိုအတွင်း ရှာဖွေနိုင်ရန် လိုအပ်သည်။

ထို့ပြင် မရှိမှုကျေးရွာမှ ကောင်းကင်ဘုံများ ၊ ကျောက်ဂူများ ၊ နေရာဒေသများအားလုံးမှာ နတ်ဘုရားနယ်မြေများ ဖြစ်သည်။

မိုးကောင်းကင်ခုံရုံးကတော့ မရှိမှုကျေးရွာတွင် အကြီးမားဆုံး နတ်ဘုရားနယ်မြေဖြစ်သည်။ သို့သော်… မရှိမှုကျေးရွာတွင်  နတ်ဘုရားနယ်မြေများစွာ ရှိလေရာ မည်မျှများပြားကြောင်း မည်သူမှ မသိရှိနိုင်ပေ။

မရှိမှုကျေးရွာသည် နက်ရှိုင်းပြီးထူးခြားဆန်းကျယ်သည့် နေရာတစ်ခု ဖြစ်သည်။ တာ့လော်အဆင့်နတ်ဘုရားများသည်ပင် ထိုနေရာကို ထိုးဖောက်သိမြင်နိုင်စွမ်း မရှိပေ။

သို့သော်… ဆန်းလျန်ကတော့ အနည်းငယ် သိမြင်နိုင်ခဲ့ပြီဖြစ်သည်။ ယွမ်စီထျန်းကျွင်း၏ စိတ်နှင့်ဉာဏ်စဉ်သည် မရှိမှုကျေးရွာတွင် ကိန်းဝပ်နေသည်မှာ မပြောင်းလဲသည့် အမှန်တရားဖြစ်သည်ကို ဆန်းလျန် သိရှိခဲ့သည်။

ထို့ကြောင့်ပင် ယွမ်စီထျန်းကျွင်းက စကြာဝဠာကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုလျှို့ဝှက်ချက်မှာ ဆန်းလျန်၏ လက်ရှိအနေအထားဖြင့်လည်း ကိုက်ညီနေသည်။

ချိကတော့ မရှိမှုကျေးရွာ၏ တည်ရှိမှုအကြောင်းကို နားမလည်ပေ။ ထိုနေရာတွင် မည်သည့်အရာမှ ရှိမနေသည်ကိုသာ သူမသိရှိသည်။

သူမရှေ့တွင်ရှိနေသည့် ဦးလေးသည်သာလျှင် သူမအတွက် အစစ်အမှန်ဖြစ်သည်။

ရုတ်တရက်… အထီးကျန်ခြင်းကို သူမ ခံစားလိုက်ရပြီး သတိလက်လွတ်ဖြင့် ဆန်းလျန်အနားသို့ တိုးကပ်လိုက်မိသည်။

ဤသည်မှာ သက်ရှိများ၏ သဘောသဘာဝပင်ဖြစ်သည်။ သက်ရှိအားလုံးက သဘာဝမှ မွေးဖွားဖြစ်တည်လာကြသူများဖြစ်ပြီး မည်သူမှ အထီးမကျန်လိုကြသည်မှာ သဘာဝပင်ဖြစ်သည်။

လူ့လောကတွင် အကြောင်းနှင့်အကျိုး များစွာ ရှိသည်။ ထိုအကြောင်းအကျိုးများစွာသည် သက်ရှိသတ္တဝါများ၏ အထီးမကျန်လိုသည့် သဘာဝတရားနှင့် ခွဲခြားမရနိုင်ပေ။

အထီးကျန်ခြင်းကို လက်ခံလိုက်လျှင်တော့ လောကကိုနားလည်ရာမှတစ်ဆင့် တာအိုတရားကို နက်ရှိုင်းစွာ နားလည်သွားခြင်းဖြစ်၏။

ချိကတော့ ဆန်းလျန်ကိုသာ ကြည့်နေလေသည်။

မရှိမှုကျေးရွာတွင် အလင်းရောင်လည်းမရှိပေ။ သို့သော်… ဆန်းလျန်၏ ခန္ဓာကိုယ်က အလင်းရောင် ဖြာထွက်လျှက်ရှိသည်။ အလင်းရောင်သာဖြာထွက်နေသော်လည်း နည်းနည်းလေးပင် ပူနွေးခြင်း မရှိပေ။ သို့သော်… အေးစက်နေခြင်းလည်းမရှိပေ။ ထိုအလင်းရောင်၏ ခံစားချက်ကို ပြောပြနိုင်ရန်မှာ ခက်ခဲလှသည်။

သို့သော်… သူမဘဝတွင် မွေးကတည်းက ထိုမျှသန့်စင်သည့်အလင်းရောင်ကို တစ်ခါမှ မခံစားဖူးခဲ့ပေ။

အနာဂတ်တွင် သူမ လူသားကမ္ဘာ၏အညစ်အကြေးများကြောင့် ပင်ပန်းဆင်းရဲရသည့်အခါ ယနေ့တွေ့မြင်ခဲ့ရသည့် ဆန်းလျန်၏အလင်းဓာတ်ကိုသူမ သတိရနေမိပေလိမ့်မည်။

"ဒါက မိုးကောင်းကင်အပြင်ဘက်က မိုးကောင်းကင်ပဲ ၊ ဒီနေရာမှာ ဘာမှ မရှိဘူး ၊ အနှေးနဲ့အမြန် မင်းလည်း ဒီနေရာကို လာရောက်နိုင်အောင်ကျင့်ကြံရလိမ့်မယ် ၊ ဒါကြောင့် ကြိုပြီးသိရအောင် မင်းကို ခေါ်လာတာ ၊ အခု ဒီနေရာရောက်တော့ ဘယ်လိုခံစားရလဲ…"

ဆန်းလျန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ချိက ချက်ချင်းပင် မရှိမှုကျေးရွာတွင် စကားပြောနိုင်စွမ်းကိုရရှိသွားပြီး…

"ဒီမှာနေရတာ အရမ်းသက်သောင့်သက်သာရှိတယ်…"

သူမ၏စိတ်ထဲတွင် သေသေချာချာတွေးပြီးမှ 'သင့်သောင့်သက်သာရှိတယ်' ဆိုသည့်စကားလုံးကို ရွေးခြယ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်… လူ့လောကတစ်ခွင်တွင်နေထိုင်ရသည်က သက်သောင့်သက်သာမရှိလှဟု သူမထင်မြင်မိသောကြောင့် ဖြစ်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဘာဖြစ်လို့လဲ…"

ချိက သူမ၏သေးငယ်သည့်မျက်နှာလေးကို တစ်ချက်ရှုံ့လိုက်ရင်း…

"ဘာမှမရှိလို့…"

ဆန်းလျန်က…

"ကောင်းတယ်…"

ဆန်းလျန်က ထိုမျှသာပြောပြီး ထပ်မံစကားပြောဆိုခြင်း မရှိတော့ပေ။

သို့သော်… ဆန်းလျန်၏ ဦးခေါင်းထက်တွင် သန့်စင်သည့် တိမ်တိုက်တစ်ခု ဖြစ်တည်လာသည်ကို တွေ့မြင်လိုက်ရသည်။

တိမ်တိုက်၏အရောင်မည်သို့ရှိသည်လဲ သူမ မခန့်မှန်းနိုင်ပေ။ ထိုတိမ်တိုက်မှ ထူးဆန်းသည့် တာအိုတန်ခိုးစွမ်းအားများ အချိန်တိုင်းထွက်ပေါ်နေပြီး တံစက်မြိတ်မှ မိုးရေများစီးဆင်းကျနေသည့်အလား တန်ခိုးစွမ်းအားများ စီးဆင်းကျနေလေသည်။

'ချိ' က အလွန်မှ အရည်အချင်းရှိသူဖြစ်သည်။ သူမ လျှင်မြန်စွာပဲ ထိုတိမ်တိုက်ကိုသဘောကျသွားမိသည်။ ထို့နောက် တိမ်တိုက်မှကျလာသည့် တန်ခိုးစွမ်းအားများက သူမခန္ဓာကိုယ်ပေါ်သို့ မိုးစက်များအလား ကျရောက်လာသည်။

ထိုအခါ သူမ၏ခန္ဓာကိုယ်ပေါ်မှ အနီရင့်ရောင်သွေးကြောများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူမ၏အသားအရေမှာ ကျောက်စိမ်းသားအလား ကြည်လင်ဖြူစင်လာလေတော့သည်။

ပြောင်းလဲမှုက ထိုမျှနှင့် ရပ်တန့်မသွားပေ။ နောက်ဆုံးတော့ ပျောက်ကွယ်သွားသည့် သူမ၏ အနီရင့်ရောင်သွေးကြောလိုင်းများသည် နားမလည်နိုင်အောင်လှပသည့် အလှတရားတစ်ခုအဖြစ် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပြန်ပေါ်လာလေသည်။ အေးစက်ပြီး ဆွဲဆောင်မှုအားကောင်းလေသည်။ ဝတ်ကျောင်းတော်ထဲမှ နတ်ဘုရားရုပ်တု တစ်ခုအလားပင် ဖြစ်သည်။

"မင်းကို ကျုပ် သင်ပြပေးမယ့် ကျင့်စဉ်က အခြေခံမိစ္ဆာခန္ဓာလို့ခေါ်တယ် ၊ အဲဒီပညာကို ကျုပ်ရဲ့ ဟွင့်ယွမ်ဝူကျီအဆင့် အသိပညာနဲ့ နတ်ဘုရားခန္ဓာကိုသိမြင်ခြင်းပေါင်းစပ်ပြီး တီထွင်ထားခဲ့တာ ၊ ဒါပေမဲ့ ဒီကျင့်စဉ်က မင်းနဲ့ သိပ်ပြီးတော့လည်း သင့်တော်လှတယ်တော့ မဟုတ်ဘူး…"

ဆန်းလျန်ပြောသည့်စကားများက အလွန်ရိုးရှင်းသော်လည်း ချိတစ်ယောက် နားမလည်နိုင်သေးပေ။

ဆန်းလျန်၏ စကားများကို နားထောင်ရင်း 'ချိ' ရင်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရပြန်သည်။ ထိုအရာကို ဝမ်းနည်းခြင်းဟုခေါ်ကြောင်းနောက်တော့ သူမ နားလည်ခဲ့သည်။

သို့သော်… ဆန်းလျန် သင်ပြပေးနေသည်ကို သူမက ဖြတ်မေးခြင်းမျိုး မပြုလုပ်ခဲ့ပေ။

ဤအချိန်တွင် သူမသည် တကယ်ပင် ငယ်ရွယ်သည့် မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်လေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်မှ အနီရင့်ရောင်သွေးကြောလိုုင်းများကို ဖယ်ရှားလိုက်သည့်အခါ  သူမသည် ပို၍ပင်လွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့သည်။ သူမ၏ ပြီးပြည့်စုံမှုသည် ကမ္ဘာပေါ်ရှိ မည်သည့်ပန်းပုရုပ်တုနှင့်မှ မယှဉ်နိုင်ဘဲ သာလွန်လွန်းလှသည်။

အထူးသဖြင့်… သူမ၏မျက်ခုံးနှစ်ခုကြားမှထွက်ပေါ်နေသည့် အေးစိမ့်သည့်အငွေ့အသက်သည် လူသားတိုင်း၏ နှလုံးသားကို ဖမ်းဆုပ်နိုင်စွမ်း ရှိသည်။

ဆန်းလျန်ပင်လျှင် သူမကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိသည်အထိ လှပလွန်းလှသည်။ မိုးနှင့်မြေ၏ ကောင်းမွန်သည့် သဘာဝတရားတစ်ခုကို ဖော်ကျူးနိုင်ခြင်းငှာ မစွမ်းသာပေ။

ထို့ပြင် သူမမွေးဖွားလာခြင်းက သူမ၏ ဂုဏ်သိက္ခာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်က သူမအပေါ် ထူးခြားသည့်ခံစားချက် ရှိနေခဲ့သည်ကို သူမ မသိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ချိသည် ကံကြမ္မာမှကင်းလွတ်နေသည့်အတွက် ဆန်းလျန်ပင်လျှင် သူမ၏ အနာဂတ်လမ်းကြောင်းကို အပြည့်အ၀ အကဲဖြတ်နိုင်ခဲ့ခြင်း မရှိပေ။

ထိုအချက်က ဆန်းလျန်ကို ထူခြားစွာ ခံစားရစေသည်။ ဆန်းလျန်ကျင့်ကြံထားသည့် ယိလမ်းစဉ်ဖြင့်ပင် သူမ၏အနာဂတ်ကို ခန့်မှန်းနိုင်စွမ်း မရှိပေ။

အချို့က အသိပညာရှိပြီး အချို့က ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်ကြသည်။ အသိဉာဏ်နှင့် ဥပေက္ခာတရား နှစ်မျိုးစလုံးကို လက်ကိုင်ထားနိုင်လျှင်တော့ တာအိုမဟာလမ်းစဉ်သို့ ရောက်ရှိပြီဟု ဆိုနိုင်သည်။

ဤအရာများအားလုံးသည် မရှိမှုကျေးရွာတွင် ဖြစ်ပျက်ခဲ့ပြီး အခြားသူများအတွက် ယနေ့ ဆန်းလျန်လုပ်သည့်လုပ်ရပ်ကို မည်သူမှ နားလည်မည် မဟုတ်ပေ။

သူ စွန့်လွှတ်ရမည့်အရာ များစွာ ရှိသည်။ အနာဂတ်ကို သိမြင်ရသည်မှာ တန်ဖိုးရှိသော်လည်း ဆန်းလျန်ကတော့ လက်ရှိအချိန်ကို အလေးအထားဆုံး ဖြစ်သည်။

ဆန်းလျန် ဗောဓိပင်ကို ရှာရပေဦးမည်။

ချိမွေးဖွားရာဇာတိမြေသို့ ရောက်သည့်အခါ ချိနှင့်ဆန်းလျန် လမ်းခွဲခဲ့ကြသည်။

သူမသည် မည်သည့်ကဗျည်းစာသားမှ ရေးထိုးထားခြင်းမရှိသည့် အထိမ်းအမှတ်ကျောက်တိုင်အောက်တွင် မတ်တတ်ရပ်ရင်း ဆန်းလျန်ထွက်ခွာသွားသည်ကို ငေးကြည့်နေခဲ့လေသည်။

သူမရင်ထဲတွင် ခွဲခွာရသည့်အတွက် ဝမ်းနည်းသည့်ခံစားချက်ကို ခံစားနေရသည်။

"ဒီ အထိမ်းအမှတ်ကျောက်တိုင်က ဆန်းလျန်ထျန်းကျွင်းစိုက်ထူခဲ့တဲ့ ကံကြမ္မာကျောက်တိုင်တစ်ခုပဲ ၊ ဒီ ကျောက်တိုင်ရဲ့ တည်ရှိမှုကို နားလည်တဲ့သူတိုင်း ထိုက်ယီထျန်းရှန်းအဆင့်ရောက်တဲ့အထိ ကျင့်ကြံနိုင်ကြလိမ့်မယ်…"

စကားသံတစ်သံ ချိ၏ နားထဲတွင် ကြားလိုက်ရသည်။

ကောင်းကင်ထက်တွင် ချက်ချင်းပင် တိမ်များထူထပ်လာပြီး မင်ရောင်အလား မဲမှောင်သည့်တိမ်တိုက်များ ညို့မှိုင်းလာသည်။

တိမ်တိုက်များထက်တွင် ကြယ်စင်သရဖူကိုဆောင်းထားပြီး သားမွေးဝတ်ရုံကိုဝတ်ဆင်ထားကာ အလွန်အသရေ တင့်တယ်လှသည့် တာအိုဆရာတစ်ယောက် ရှိနေလေသည်။

ထိုတာအိုဆရာက ကျောက်တိုင်အောင်တွင် မတ်တတ်ရပ်နေသည့် ချိကိုတွေ့သော်လည်း အရေးမစိုက်ပေ။

တာအိုဆရာက သူ၏သားမွေးဝတ်ရုံကို ချွတ်လိုက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်လေသည်။ သားမွေးဝတ်ရုံသည် အထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ တန်းတန်းမတ်မတ် ကျရောက်လာသည်။

သို့သော်… သူ အံ့အားသင့်သွားလေသည်။ သူ၏ သားမွေးဝတ်ရုံကို ကလေးမလေးက ဖမ်းဆီးထားလိုက်သောကြောင့် ဖြစ်သည်။

သူ တန်ခိုးစွမ်းအားအသုံးပြုပြီး သားမွှေးဝတ်ရုံကို ပြန်ယူရန် ကြိုးစားသော်လည်း ဝတ်ရုံက မိန်းကလေးငယ်၏လက်ထဲတွင် အမြစ်တွယ်သကဲ့သို့ ဖြစ်နေပြီး ပြန်လည်ယူဆောင်၍ မရတော့ပေ။

တာအိုဆရာ အလွန်အံ့အားသင့်သွားလေသည်။ သူ၏သားမွေးဝတ်ရုံတွင်ပါဝင်သည့် တန်ခိုးစွမ်းအားပမာဏကို သူ အသိဆုံးဖြစ်သည်။ ထိုဝတ်ရုံနှင့် ထိမိလျှင် တောင်ပူစာတစ်လုံးသည်ပင် အမှုံ့ဖြစ်သွားနိုင်သည်။

သို့သော်… ဤမိန်းကလေးငယ်ကတော့ ဖမ်းယူဆုပ်ကိုင်ထားပြီး သူမ၏ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရသွားခြင်းပင် မရှိပေ။

တာအိုခန္ဓာနှင့်ပတ်သက်သည့်ကျင့်စဉ်မျိုးကို ကျင့်ကြံထားမှသာလျှင် ထိုသို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

တာအိုဆရာ ဆက်မတွေးနိုင်ခင်မှာပင် မိန်းကလေးငယ်၏လက်များကလှုပ်ရှားသွားပြီး ဝတ်ရုံသည် သူ့ထံသို့ ကြိုးတစ်စသဖွယ် ပြန်လည်ရိုက်ခတ်လာသည်ကို တွေ့လိုက်ရသည်။

သူက အချိန်မီရှောင်တိမ်းလိုက်သော်လည်း သူ၏ပခုံးနှင့်ပါးပြင်တွင် စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ် ပျက်စီးသွားသည်ကို သိလိုက်ရပြီး သူ၏နှလုံးသားလည်း လှုပ်ရှားသွားသည်။

သူ ထပ်မစဉ်းစားနိုင်ခင်မှာပင်… သူ၏တန်ခိုးစွမ်းအားများဖြင့် ဖန်ဆင်းထားသည့် အနက်ရောင်တိမ်တိုက်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ရုတ်တရက် သူ့လည်ပင်းတွင် အေးစက်မှုကို ခံစားလိုက်ရပြီး မြေကြီးထက်သို့ မထိန်းနိုင်ဘဲ ပြုတ်ကျသွားတော့သည်။

သူက မိန်းကလေးငယ်လေးကို ရှက်ရွံ့စွာဖြင့်ကြည့်လိုက်ပြီး စကားမပြောနိုင်ခင်မှာပင် သတိလစ်မေ့မျောသွားလေတော့သည်။

တာအိုဆရာသည် သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။

ချိသည် သူမရှေ့တွင် သွေးအိုင်တစ်ခုအဖြစ်ပြောင်းလဲသွားသည့် တာအိုဆရာကို ကြည့်နေသည်။ သူမ၏မျက်နှာက တည်ငြိမ်နေသော်လည်း သူမ၏စိတ်ထဲမှ ရွှံ့လျာနေမိသည်။ ထိုသို့သောအရာမျိုးကို သူမ မုန်းတီးလေသည်။

ကဗျည်းကျောက်စာရေးထိုးထားခြင်းမရှိသည့် အထိမ်းအမှတ်ကျောက်တိုင်အနီးအပါးတွင် တိုက်ခိုက်နေကြသည့် နတ်ဆိုးများ ၊ မိစ္ဆာများအားလုံး၏ စိတ်ထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ကြရသည်။

သူတို့အားလုံး တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြပြီး 'ချိ' ထံသို့ ဖြည်းဖြည်းချင်း တိုးကပ်လာကြသည်။

'ချိ' က ထိုသူများ သူမထံ လက်နက်ချကာ ဝပ်တွားလာသည်ကို ခွင့်ပြုလက်ခံလိုက်သည်။ နတ်ဆိုးနယ်မြေ၏ အရှင်သခင်တစ်ပါး ဖြစ်လာရန်အတွက် သူမ သိပ်ပြီး အချိန်မယူလိုက်ရပေ။

သူမ၏ လုပ်ရပ်လေးတစ်ခုကပင် များပြားလှစွာသော နတ်ဆိုးများ ၊ မိစ္ဆာများက သူမအတွက် အသက်ပေးလောက်သည်အထိ အမိန့်နာခံဝပ်တွားလာကြသည်။

သို့သော်… သူမ မပျော်ရွှင်ခဲ့ပေ။

***

All Chapters