ဝါရသတ္တဝ
Vol. 10 Ch. 933
"ကောင်းကင်တစ်ခုလုံးက မက်မွန်သီးတွေနဲ့ ပြည့်နက်နေ ၊ တိမ်တိုက်တွေထဲမှာလည်း တရုတ်ဆီးသီးတွေမှ အများကြီး ၊ နောက်ဆုံးတော့ ဆောင်းရာသီကို ရောက်ရှိလာခဲ့ပြီလေ…"
"ပိုင်ယန်ရွာကလူတွေက ချင်းဖုန်းတောထဲမှာ တစ္ဆေအော်သံတွေ ကြားတယ်လို့ တီးတိုးပြောဆိုကြတယ်…"
"ပြီးတော့… မိုးပြိုပြီး မြက်တွေလည်း ဂူတွေကို ဖုံးအုပ်နေပြီ…တဲ့…"
"မနေ့ကဆင်းရဲပေမယ့် ဒီနေ့ချမ်းသာလာတယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသည်ပဲလေ ၊ နွေဦးမှာ ပန်းတွေပွင့်ပေမယ့် ဆောင်းရာသီမှာတော့ အေစက်ခြောက်သွေ့နေသလိုမျိုးပေါ့ ၊ သေခြင်းရှင်ခြင်း သံသရာကနေ ဘယ်သူ လွန်ဆန်နိုင်မှာတဲ့လဲ…"
"'ဝမ်'က ပြောဖူးတာတော့ အနောက်ဘက်က ရတနာသစ်ပင်ဟာ အသက်ရှည်စေတဲ့ နတ်သစ်သီးကို သီးနိုင်တယ်တဲ့…"
ထိုတာအိုတေးသွားသည် မြစ်ရေပြင်ထက်တွင် နေ့ရက်ပေါင်းများစွာ လွင့်ပျံနေလေသည်။
နေ့နေ့ညည ထပ်ခါထပ်ခါ ပျံ့လွင့်နေခြင်း ဖြစ်သည်။
တေးသွားရွတ်ဆိုနေသူက ယောကျ်ားလေးတစ်ယောက်၏ အသံဖြစ်သည့်တိုင် မည်သူဖြစ်သည်ကို မတွေ့မြင်ကြရပေ။
မြစ်ကအလွန်ကျယ်ပြီး အနောက်ဘက်စွန်းပိုင်းတွင် သီးပင်စားပင်များ ဖြစ်ထွန်းအောင်မြင်လေသ်ည။ များပြားလှစွာသော ကျင့်ကြံသူ အမျိုးသား ၊ အမျိုးသမီးများသည် သူတို့၏ဘဝရပ်တည်ရေးအတွက် ဤမြစ်ကို မှီခိုအားထားကြရသည်။
နေမကောင်းဖြစ်လျှင်လည်း ဤမြစ်ရေကိုပင် သောက်လျှင် သက်သာပျောက်ကင်းကြသည်။
စားစရာမရှိလျှင်လည်း မြစ်ရေကိုသောက်လိုက်ပါက အလိုလို ဗိုက်ပြည့်သွားသည်။
ထိုကျင့်ကြံသူများအတွက်… မြစ်ရေတစ်ခွက်ဖြင့် မဖြေရှင်းနိုင်သော ပြဿနာဟူ၍ မရှိပေ။
အကယ်၍ မြစ်ရေတစ်ခွက်ဖြင့် မဖြေရှင်းနိုင်ပါက နောက်တစ်ခွက်ထပ်သောက်လိုက်လျှင် စိုးရိမ်မှုများအားလုံး လွင့်စင်သွားမည်ပင် ဖြစ်သည်။
ထို့ကြောင့်… မြစ်ကမ်းတစ်လျှောက်နေထိုင်ကြသူများမှာ အခြားဒေသတွင်နေထိုင်ကြသူများထက် ပိုပြီး ကျေနပ်ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်ကြသည်။ သူတို့က အဝတ်အစားလည်း ဝတ်ဆင်ခြင်းမရှိကြသလို အိမ်ထောင်ပြုသားမွေးသည့်အလုပ်များကိုလည်း မပြုလုပ်ကြပေ။
သူတော်စင်များ၏ စကားနှင့်ပြောရမည်ဆိုလျှင်…
"အစားတစ်လုပ် ၊ ရေတစ်မှုတ်အတွက် စိတ်ချမ်းသာမှုကို လဲမည်မဟုတ်…"
ဆိုသကဲ့သို့ပင် ဖြစ်သည်။
မြစ်ကမ်းနံဘေးမှ ကျင့်ကြံသူများကတော့ ထိုသို့သော သူတော်စင်များ မဟုတ်ကြပေ။ သူတို့၏ စိတ်ကျေနပ်မှုက မြစ်ရေအပေါ်တွင် တည်မှီနေကြသည်။
သို့သော်… မကြာသေးမီအချိန်က ထိုသူများ အနည်းငယ် ဝမ်းနည်းစိတ်မကောင်းဖြစ်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် … ကြားရသည့် သီချင်းသံက ရင်ကို ထိရှစေသောကြောင့် ဖြစ်သည်။
အနောက်ဘက်ကရတနာသစ်ပင်သည် အသက်ရှည်စေသည့်နတ်သစ်သီး တကယ်ပဲသီးနိုင်သလားဆိုသည့်အတွးကို သူတို့ မတွေးဘဲ မနေနိုင်ကြပေ။
အမှန်တော့ မြစ်ရေက မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုသာ ရှိသည်။ ထိုအရာမှာ သေခြင်းတရားပင် ဖြစ်သည်။
လူဆိုသည်က သေမျိုး ဖြစ်၏။ သို့သော် တကယ်တမ်းတွင် မည်သူမှ မသေချင်ကြပေ။
ထို့ကြောင့် ညံ့သက်သည့်တာအိုတေးသွားအောက်တွင် ကျင့်ကြံသူများသည် သေခြင်းတရားအကြောင်းစဉ်းစားမိကာ ဝမ်းနည်းမိကြလေသည်။ ထိုသို့သော ဝမ်းနည်းမှုမျိုး မခံစားကြရသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ကြာခဲ့ပြီဖြစ်သည်။
ဝမ်းနည်းခြင်းက ကူးစက်တတ်လေ၏။
ထို့ကြောင့် မြစ်ကမ်း (၂)ဖက်လုံးတွင် ဝမ်းနည်းခြင်း အငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့သည်။ တာအိုတေးသွား၏ ထိတွေ့မှုကို ခံစားရပြီးနောက် အားလုံး၏ရင်ထဲတွင် မသေလိုသည့် ဆန္ဒများ တဖွားဖွား ဖြစ်ပေါ်နေကြတော့သည်။
မသေဘဲအသက်ရှည်ရှည်နေလိုသည့်ဆန္ဒသည် လူသားတိုင်း၏ မွေးရာပါဗီဇတွင်ပါဝင်သည့် ဆန္ဒဖြစ်သည်။ ထိုသို့သော ဆန္ဒရှိသူများစုပေါင်းသွားသည့်အခါ ကြီးမားသည့်ဆုတောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
စိတ်စွမ်းအားသည် အလွန်အံ့သြစရာကောင်းသည့်အရာတစ်ခုဖြစ်သည်။ စိတ်စွမ်းအားကောင်းလျှင် ဒဏ္ဍာရီဆန်သည့် တန်ခိုးရှင်တစ်ပါးပင် ဖြစ်လာနိုင်သည်။
အစပိုင်း၌ လူအများသည် မြေပြင်ထက်တွင်သာ လမ်းလျှောက်ကြသည်။ နောက်တော့ ကောင်းကင်တွင် ပျံသန်းသည့်ငှက်များကိုကြည့်ကာ ပျံသန်းနိုင်လျှင် မည်မျှကောင်းမည်လဲဟု စဉ်းစားမိကြသည်။
ထိုသို့သော စိတ်စွမ်းအားများက တစ်နေ့တွင် ဝိညာဉ်စွမ်းအားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သည်ဟု နားလည်နိုင်သည်။ နောက်ပိုင်းတွင်တော့… တစ်စုံတစ်ယောက်က ရေထဲတွင် မည်သို့လမ်းလျှောက်မည်ကို တွေးမိလျှင် လှေတစ်စင်းနှင့် ရေကိုကာကွယ်ပေးနိုင်သည့် ဂါထာတစ်ပုဒ် ပေါ်လာမည် ဖြစ်သည်။
စိတ်ထဲတွင်ရှိနေသည့်အရာမှန်သမျှသည် စိတ်စွမ်းအားကောင်းလျှင်ကောင်းသလို လက်တွေ့တွင် ဖြစ်ပျက်လာတတ်သည်။
အနောက်ဘက်တွင် အသက်ရှည်စေသည့်နတ်သစ်ပင် ရှိချင်မှ ရှိပေလိမ့်မည်။ သို့သော်… လူအများကတော့ ထိုအကြောင်းကို မတွေးဘဲ မနေနိုင်ကြပေ။
တဖြည်းဖြည်း သူတို့၏ စိတ်စွမ်းအားများ တစ်စုတစ်စည်းတည်း စုဝေးသွားသည့်အခါ အံ့သြဖွယ်ရာ ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာတော့သည်။ မိုးနှင့်မြေတွင် အသက်ရှည်စေသည့်နတ်သစ်သီးကို သီးပေးနိုင်သည့် သစ်ပင်တစ်ပင် အမှန်တကယ် ပေါ်ထွက်လာလေတော့သည်။
ရှည်လျားသည့်မြစ်ကြီးက အနောက်မှ အရှေ့သို့ စီးဆင်းနေခြင်း ဖြစ်လေသည်။ မြစ်ကြောင်းကို ဆန်တက်လျှက် လူအချို့လမ်းလျှောက်လာကြသည်။
မြစ်ညှာပိုင်းတွင် နှင်းတောင်တစ်ခု ရှိလေသည်။ ထိုနှင်းတောင်ထိပ်တွင် ကြီးမားသည့် ရတနာသစ်ပင်ကြီးတစ်ပင် ရှိသည်။
ထိုသစ်ပင်မှ သစ်ရွက်ဖားဖားကြီးများသည် လူတစ်ယောက်ထက်ပင် ကြီးမားသေးသည်။ ပင်စည်လုံးကြီးက တောင်ပူစာတစ်လုံးအလား ကြီးမားပြီး နှင်းတောင်ထိပ်ပိုင်းတစ်ခုလုံးတွင် ထိုသစ်ပင်ကြီးက နေရာယူထားသည်။ ကြီးမားသည့် သစ်ပင်ကြီးကို လူတိုင်းတွေ့မြင်နိုင်လေသည်။
ထိုသစ်ပင်မှ သစ်သီးများသီးနေပြီး ထိုအသီးများမှာ ဖန်သားကဲ့သို့ကြည်လင်ကာ လုံးဝန်းလျှက် ရှိသည်။ အသက်ရှည်စေသည့် နတ်သစ်သီးမဟုတ်လျှင်တောင်မှ အလွန်ကောင်းမွန်သည့် သစ်သီးများ ဖြစ်ပေလိမ့်မည်။
သစ်သီးများက သစ်ပင်ထက်တွင် များစွာသီးနေကြပြီး တာအိုတေးသွား၏ဆွဲဆောင်မှုကြောင့် အနောက်ဘက်သို့ ခရီးထွက်လာကြသူများသည် နှင်းတောင်ထိပ်သို့တက်ကာ သစ်သီးများကို ခူးယူကြသည်။
သစ်သီးများကို စားပြီးသည့်အခါ… ပျံလွှားငှက်တစ်ကောင်အလား ပေါ့ပါးသွားပြီး အားအင်များ ပြည့်ဝလာကြသည်။ အချို့ဆိုလျှင် ခံတွင်းထဲမှ ရေများနှင့်မီးများပင် မှုတ်ထုတ်နိုင်သည့် တန်ခိုးစွမ်းအားများ ပိုင်ဆိုင်လာကြသည်။
အံ့သြစရာသတင်းက အလျှင်အမြန်ပျံ့နှံ့သွားပြီး သစ်သီးကိုခူးရန် လူပေါင်းများစွာ ရောက်ရှိလာကြလေတော့၏။
နောက်ပိုင်းတွင် လူတစ်ယောက်က ကိစ္စတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
အရင်တုန်းက မြစ်ရေတစ်ခွက်သောက်ရုံဖြင့် ဗိုက်ပြည့်ကြသော်လည်း ယခု မြစ်ရေနှစ်ခွက်သောက်လျှင်ပင် ဗိုက်မပြည့်ကြတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ မြစ်ရေ၏ ထူးခြားသည့်စွမ်းအားများ တဖြည်းဖြည်း အားနည်းလာလေတော့သည်။ ထို့ပြင်… သစ်သီးကိုစားသောက်ကြသူများက ပို၍ပို၍ စွမ်းအားကြီးလာကြပြီး အခြားသူများနှင့် တဖြည်းဖြည်း မတူကွဲပြား လာကြသည်။
မြစ်ရေ၏စွမ်းအားများ လုံးဝပျောက်ကွယ်သွားသည့်တစ်နေ့တွင်တော့ နှင်းတောင်ထက်မှ သစ်ပင်ကြီးလည်း ထူးဆန်းစွာ ပျောက်ကွယ်သွားလေတော့သည်။
သစ်သီးကို မစားကြသူများက သစ်သီးကို စားသောက်ကြသူများကို အပြစ်တင်ကြသည်။ သစ်သီးကို စားသောက်ထားကြသူများက သူတို့ကိုယ်သူတို့ ထိပ်တန်းတန်ခိုးရှင်များဟု ထင်မှတ်ကာ သစ်သီးကို မစားကြသူများကို အထင်အမြင်သေးကြသည်။ ထိုသို့ဖြင့် စစ်ပွဲကြီးတစ်ခု စတင်လေတော့သည်။
မြစ်ကြောင်းတစ်လျှောက် ထွက်ပေါ်နေသည့် တာအိုတေးသွားကတော့ မည်သည့်အချိန်က ပျောက်ကွယ်သွားသည်ကို မည်သူမှ သတိမထားမိခဲ့ကြပေ။
ဆန်းလျန်သည် နှင်းများဖုံးလွှမ်းနေသည့် တောင်မြင့်ကြီး၏ အနောက်ဘက်တွင်ရှိနေပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ခြင်္သေ့လည်ဆံမွှေးနှင့်တူသည့် ဆံပင်များပိုင်ဆိုင်သည့် ကျင့်ကြံသူတစ်ယောက် ရှိနေသည်။
ထိုသူက ဗောဓိသကျတစ်ပါးလည်းမဟုတ်သလို လော်ဟန်ကိုယ်တော်တစ်ပါးလည်း မဟုတ်ပေ။ သို့သော်… အလွန်အမင်းအံ့သြစရာကောင်းသူတစ်ယောက် ဖြစ်သည်။
မြစ်ရေသည် ထိုကျင့်ကြံသူ၏ ကျင့်စဉ်ဖြစ်ပြီး နတ်သစ်ပင်ကတော့ ဆန်းလျန်ဖန်ဆင်းခဲ့သည့် နတ်သစ်ပင်ဖြစ်သည်။ ခံစားချက် (၇)ပါးနှင့် ဆန္ဒ (၈)ပါး မှော်စွမ်းအားဖြင့် ဆန်းလျန်က မြစ်ရေ၏ စွမ်းအားများကို ဖျက်စီးပစ်လိုက်ခြင်းဖြစ်သည်။
နှင်းများဖုံးလွှမ်းနေသည့်တောင်တစ်ခုလုံး ဖွေးဖွေးဖြူလျှက် ရှိသည်။ သက်ရှိလူသားဆို၍ ဆန်းလျန်နှင့် ထိုကျင့်ကြံသူသာ ရှိသည်။
မိုးနှင့်မြေတွင် မနှိုင်းယှဉ်သာသည့် နောက်ခံရှုခင်းဖြင့် သူတို့ (၂)ယောက် မျက်နှာချင်းဆိုင်နေကြသည်။
ခြင်္သေ့ကိုယ်တော်က…
"ထျန်းကျွင်း… အဲဒီလူတွေကို အဆိပ်ခတ်တာ တော်တော်ရက်စက်ရာကျတာပဲ…"
ဆန်းလျန်က ခပ်ပါးပါး တစ်ချက်ပြုံးလိုက်ရင်း…
"ကျုပ်က ကောင်းတဲ့အလုပ်တွေ မလုပ်တတ်ဘူး…"
ဆန်းလျန်၏စကားကြောင့် ခြင်္သေ့ကိုယ်တော်မှာ ခဏကြာမျှစကားမပြောနိုင်ဖြစ်သွားရသည်။
သူ့တွင် ဆန်းလျန်ကို ပြောစရာစကားများစွာရှိနေသည့်တိုင် ပြန်လည်မြိုသိပ်လိုက်သည်။
ခြင်္သေ့ကိုယ်တော်က…
"အနောက်ဘက်ကောင်းကင်ဘုံက ကျယ်ပြန့်ပြီး အကန့်အသတ်မရှိဘူး ၊ ထျန်းကျွင်းသွားမယ်ဆိုရင် ဗောဓိပင်ကို ရှာတွေ့နိုင်မယ် မထင်ဘူး ၊ ပြီးတော့ ထျန်းကျွင်းရဲ့ အရည်အချင်းနဲ့ဆိုရင် သံသရာကိုကျော်လွန်ဖို့အတွက် ဗောဓိပင်ကို ရှာဖွေနေစရာ မလိုပါဘူးလေ…"
အကယ်၍ သူ ရင်ဆိုင်ရသူမှာ အခြားတစ်ယောက်ဆိုလျှင် ထိုမျှ ရှည်ရှည်ဝေးဝေး ပြောနေမည် မဟုတ်ပေ။
သို့သော်… ရောက်လာသူမှ ဆန်းလျန်ဖြစ်နေသည့်အတွက် သူ့အနေဖြင့် မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ အရာထင်တော့မည် မဟုတ်ပေ။
အမှန်တော့… မြစ်ရေထဲတွင် စွမ်းအားများထည့်သွင်းထားခဲ့သည်မှာ ခြင်္သေ့ကိုယ်တော်က ဆန်းလျန်ကို ဆွဲဆောင်ရန် အသုံးပြုခဲ့သည့် နည်းလမ်းဖြစ်သည်။ သို့သော်… ဆန်းလျန်က ထိုအရာကို ဖျက်စီးပစ်ခဲ့ပြီး သူ့ကိုလည်း စကားတစ်ခွန်းမှ မဟနိုင်အောင် တားဆီးထားသည်။
ဆန်းလျန်က…
"မလိုဘူးဆိုရင်တောင်မှ သွားကြည့်တာ မမှားပါဘူး…"
ပြေပြီးသည်နှင့် ဆန်းလျန်က ခပ်ပါးပါး တစ်ချက်ပြုံးလိုက်သည်။
ဆန်းလျန်ကို မခန့်မှန်းနိုင်သည့်အတွက် ခြင်္သေ့ကိုယ်တော် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ခြင်္သေ့ကျင့်ကြံသူက…
"ကျုပ်က ထျန်းကျွင်းကို ဒေါသထွက်အောင် လုပ်ခဲ့မိပြီထင်ပါရဲ့…"
ဆန်းလျန်က…
"ဝါရသတ္တဝဆိုတဲ့အမည်ကို ကျုပ်ကြားဖူးပါတယ် ၊ အဲဒီစကားက ဗောဓိသကျတစ်ပါးရဲ့ ခိုင်မာမှုနဲ့ ပျက်စီးခြင်းမရှိတာကို ကိုယ်စားပြုတဲ့ သင်္ကေတပဲ ၊ ကျုပ်က ဗောဓိပင်ကို ရှာမတွေ့နိုင်ဘူးဆိုရင်တောင်မှ မင်းနဲ့ တိုက်ခိုက်ရတာ အကျိုးရှိမှာပဲ ၊ ဒါကြောင့် ကျုပ် ဒေါသမထွက်ပါဘူး…"
ခြင်္သေ့ကိုယ်တော်မှာ အံ့သြသွားရသည်။
"ဝါရသတ္တဝ" ဆိုသည့် သူ၏နာမည်အရင်းကိုသိသူမှာ ဗောဓိသကျအနည်းငယ်ခန့်သာရှိသည်။ ယခုတော့ ဆန်းလျန်ကလည်း သူ့နာမည်ကို သိနေခဲ့ပြီ ဖြစ်သည်။
သိနေသည့်အပြင် သူ့နာမည်၏အဓိပ္ပါယ်ကိုပင် ရှင်းပြလိုက်သေးသည်။ ခြင်္သေ့ကျင့်ကြံသူများ ကျောရိုးတစ်လျှောက် အေးစိမ့်လာသည်ဟု ခံစားလိုက်ရသည်။
ဆန်းလျန်ဆိုသူက စကြာဝဠာတစ်ခွင်သွားလာနေပြီး ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး ဖြစ်သည်။
ထို့ကြောင့် နေစကြာတထာဂတဿက ဆန်းလျန်နှင့် ရင်မဆိုင်ခင် သူ့ကို သတိပေးခဲ့ခြင်း ဖြစ်သည်။ နေစကြာတထာဂတဿက "ဆန်းလျန်ကို အနိုင်မယူနိုင်လျှင် အချိန်မီ နောက်ဆုတ်ရမည်" ဟု သတိပေးခဲ့သည်။
ယခုတော့ ထိုသို့ဖြစ်လာမည်ဟု မထင်ခဲ့မိပေ။ ခြင်္သေ့ကိုယ်တော်က သူ့ကိုယ်သူ ရဲရင့်ပြီး ရှုံးပွဲမရှိသည့် ဘုရင်တစ်ပါးဟု ထင်မှတ်ထားမိသည်။ သို့သော်… ယနေ့တော့ ဆန်းလျန်ကို ကြောက်ရွံ့သည့် ကြောက်စိတ်က သူ့စိတ်ကို ပေပေါ်တင်ကာ ထုနေသကဲ့သို့ ဖြစ်သည်။
သို့သော်… ခြင်္သေ့ကိုယ်တော်က နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သူတစ်ယောက်ဖြစ်လေရာ ဘဝကိုလည်း ဖက်တွယ်မထားသလို သေခြင်းတရားကိုလည်း ကြောက်ရွံ့သူ မဟုတ်ပေ။
နေ့ခင်းချိန်ခါထွက်ပေါ်လာသည့် ခရုသင်းမှုတ်သံနှင့်အတူ ခြင်္သေ့ကိုယ်တော်က လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ သူဝတ်ဆင်ထားသည့်ဝတ်ရုံမှ အင်္ကျီလက်များ ပျောက်ကွယ်သွားပြီး ရွှေရောင်လက်မောင်းများ ထွက်ပေါ်လာသည်။ သူ့လက်မောင်းများတွင် ရွှေခန္ဓာတန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေပြီး မည်သူမှ သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထိုလက်များကို "ရွှေသွားအတိလက်များ" ဟုလည်း ခေါ်ကြသည်။ သူ့ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအားများကို ထိုလက်မောင်းများထဲတွင် သိပ်သည်းစွာဖြင့် သိမ်းဆည်းထားခြင်း ဖြစ်၏။
ယနေ့တော့ သူ ကြိတ်ပြီးနောင်တရမိသည်။ အဘယ်ကြောင့်ဆိုသော်… သူက အဂ္ဂိရတ်ဆရာတစ်ယောက် ဖြစ်သည့်အတွက် သူလျှောက်လှမ်းသည့်လမ်းသည် အနည်းငယ် နှောင့်နှေးနေခဲ့သည်။ ထိပ်တန်းဓမ္မကိုသိမြင်ပြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန်မှာလည်း အလှမ်းဝေးသေးသည်။
ဆန်းလျန်က ခြင်္သေ့ကိုယ်တော်၏ ရွှေသားအတိလက်များကို စိုက်ကြည့်နေသည်။ သို့သော်… သူ့အမူအရာကတော့ တည်ငြိမ်လျှက်ရှိသည်။
ထို့နောက် ဆန်းလျန် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
***