← Chapters

ဗောဓိသကျ (၄)ပါး

Vol. 10 Ch. 936

ဗောဓိသကျ (၄)ပါး

Vol. 10 Ch. 936

အတန်ကြာပြီးနောက်… ဖူရှန်မယ်တော်က ကောင်းကင်ထက်သို့ မျှော်ကြည့်လိုက်သည်။

"လောကမှ သတ္တဝါပေါင်းအနန္တရှိတယ် ၊ ဒါပေမဲ့… အချိန်တွေကုန်လာတာနဲ့အမျှ ငါလည်း အရှုံးကို ရင်ဆိုင်ရပြီပေါ့…"

ဝန်စူးမယ်တော်ကလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။

သူတို့က တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြပါ၏။ သူတို့တွင် တိုက်ရည်ခိုက်ရည်လည်း ရှိကြပါ၏။ သို့သော်… ဆန်းလျန်ကတော့ မယုံကြည်နိုင်လောက်သည့် တန်ခိုးစွမ်းအားနှင့် တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ထားပြီး သူတို့အားလုံးထက် သာလွန်သူတစ်ယောက် ဖြစ်နေခဲ့သည်။

နေစကြာတထာဂတဿကတော့ စိတ်ဓာတ်ကျနေဟန် ရှိသည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကလည်း သူ ဆန်းလျန်ကို အနိုင်မရခဲ့ပေ။

ဤသည်က သူ့ရင်ထဲမှ မဖြေရှင်းနိုင်သည့် အထုံးတစ်ထုံးဖြစ်နေခဲ့ပြီး ယခုတော့ ထိုအထုံးသည် မည်သည့်အခါမှ ဖြေ၍ရမည် မဟုတ်တော့ပေ။  သူ့ဘဝတစ်လျှောက်လုံး အိပ်မက်ဆိုးပမာ ဖြစ်နေရပေတော့မည်။

ယနေ့မှ ထိုအကြောင်းကို သိရှိခဲ့ရပြီး နောင်တရနေခဲ့မိသည်။

လုန်ဟွာသစ်ပင်၏ သစ်ရွက်တစ်ရွက်ထက်တွင် ဆန်းလျန် မတ်တတ်ရပ်နေသည်။

လေပြေက တိုက်ခတ်နေပြီး ဆန်းလျန်၏ ဆံနွယ်များ လေထဲတွင် လွင့်ပျံလျှက် ရှိသည်။ သူက လောကကိုကိုင်လှုပ်နိုင်သည့် ရှေးဟောင်းနတ်ဘုရား (၃)ပါးဖြင့် ရင်ဆိုင်နေရသူ ဖြစ်သည်။

ဆန်းလျန် ပေါ့ပေါ့လေးသဘောထားပြီး ထိုပုဂ္ဂိုလ် (၃)ဦးကို ရင်ဆိုင်ခဲ့ခြင်း မဟုတ်ပေ။

သို့သော်… ယခုတော့ ထိုနတ်ဘုရား (၃)ပါးကလည်း ဆန်းလျန်ကို ရင်မဆိုင်ရဲကြတော့ပေ။ သူတို့ ဆန်းလျန်ကို မည်သည့်နည်းနှင့်မှ ဖိနှိပ်မရနိုင်သည်ကို သိရှိနားလည်သွားကြပြီ ဖြစ်သည်။

အခြေအနေက ပျော်ရွှင်စရာလား ၊ စိတ်ပျက်စရာလားဆိုသည်ကို သူသာလျှင် သိပေလိမ့်မည်။

ဆန်းလျန် လေထုထဲတွင် မတ်တတ်ရပ်နေခဲ့သည်။

သို့သော်… မတူညီသည့် အချိန်နှင့်နေရာ (၃)ခုတွင် ရှေးဟောင်းနတ်ဘုရား (၃)ပါးကို စီးမိုးပြီး ကြည့်နေသည့် အနေအထားဖြစ်သည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားက သူတို့၏ တန်ခိုးစွမ်းအားများကို သက်ရောက်မှု ရှိသည်။

ဝန်စူးမယ်တော် ၊ ဖူရှန်မယ်တာ်နှင့် နေစကြာတထာဂတဿတို့၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း အတွေးတစ်ခုကို တွေးလိုက်မိကြသည်။

တာအိုဆရာသခင်ကြီးတစ်ပါးကို တွေ့မြင်နိုင်ရန်မှာ မလွယ်ကူလှပေ။ သို့သော်… ဆန်းလျန်ကိုတော့ သူတို့ တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။

ထိုအချိန်မှာပင်… သူတို့၏မြင်ကွင်းမှ ဆန်းလျန်ပုံသဏ္ဍန်က မှုံဝါးသွားပြီး မြင်တွေ့နိုင်သည်လား ၊ မမြင်တွေ့နိုင်သည်လားပင် မရေမရာတော့ဘဲ ေ၀ဝါး၍လာသည်။

ထိုအချိန်မှာပင်… ဝန်စူးမယ်တော်က ဆန်းလျန်ကို လှမ်းပြီး မေးလိုက်သည်။

သူမ၏ အသံက ပုတီးစေ့လေးများ အချင်းချင်းရိုက်ခတ်သံအလား သာယာလွန်းပြီး နူးညံ့သိမ်မွေ့လွန်းလှသည်။

"ထျန်းကျွင်း ငါတို့ကို နိုင်သွားပြီဆိုတော့… အခု ဘာများလုပ်ချင်သလဲ…"

ဆန်းလျန်က ခေါင်းကိုမော့ကာ ရယ်မောလိုက်သည်။

"ဝန်စူးမယ်တော်… မင်း ကျုပ်နဲ့ရင်ဆိုင်ရမှာ ကြောက်နေပြီလား…"

ဝန်စူးမယ်တော်က အံ့အားသင့်သွားဟန်ဖြင့်…

"ငါက သေရမှာကိုတော့ မကြောက်ပါဘူး…"

ဆန်းလျန်က ထပ်ခါထပ်ခါရယ်မောလိုက်သည်။

ထို့နောက် ဆန်းလျန်က မျက်နှာကို ချက်ချင်းပြန်တည်လိုက်ပြီး…

"ဗုဒ္ဓရဲ့နောက်ကိုလိုက်နေတဲ့ ဗောဓိသကျ (၄)ပါးရှိတယ် ၊ သူတို့က မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီး (၄)ပါးကို ကိုယ်စားပြုတယ် ၊ အခြေခံအားဖြင့် "ဖြစ် ၊ တည် ၊ ပျက်" တရားတွေကိုလည်း ပြသတယ် ၊ ဗောဓိသကျ (၄)ပါးလုံးရဲ့ စွမ်းအားကို ပေါင်းစပ်လိုက်ရင် ဘယ်လောက်တောင် စွမ်းအားကြီးမားလဲဆိုတာ ကျုပ် အမြဲသိချင်ခဲ့တယ် ၊ ဒါပေမဲ့ အခုတော့ ဗောဓိသကျ (၄)ပါးမှာ (၂)ယောက်လိုနေတယ် ၊ ဒါကြောင့် မင်းတို့ကို သွားခွင့်ပြုတယ်…"

ဆန်းလျန်၏ စကားကြောင့် ဝန်စူးမယ်တော်နှင့် ဖူရှန်မယ်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဆန်းလျန်က သူတို့ကို သတ်ဖြတ်မည်မဟုတ်သည်ကို သိရှိလိုက်သည်။ သူတို့က ဆန်းလျန်ကို သေသည်အထိ တိုက်ခိုက်ရန်ရည်ရွယ်ထားသော်လည်း လက်ရှိအချိန်တွင်တော့ တိုက်ခိုက်ရန် တုံ့ဆိုင်းနေမိသည်။

သူတို့က သေရမည်ကို ကြောက်သည့်အတွက် မတိုက်ခိုက်ကြခြင်း မဟုတ်ပေ။

ဆန်းလျန်၏ပါးစပ်က ဗောဓိသကျ (၄)ပါးဟု ပြောလိုက်သည့်စကားက သူတို့၏ မျှော်လင့်ချက်ရောင်ခြည်များကို တောက်ပလာစေသည့်အတွက် ဖြစ်သည်။

သူတို့ (၄)ယောက်ပေါင်းလျှင် ဆန်းလျန်ကို အနိုင်ယူနိုင်ကောင်းမည်ဆိုသည့် မျှော်လင့်ချက်များ ပြန်လည်တောက်ပလာခြင်း ဖြစ်သည်။

ဗောဓိသကျ (၄)ပါးတွင် သူ့သင်္ကေတနှင့်သူ ရှိကြသည်။

စကြာဝဠာရှိ အဓိကဒြပ်စင်များ၏အကြောင်းကို ဗုဒ္ဓတိုင်း သင်ပြပေးခဲ့ကြသည်။ ထိုဒြပ်စင်များက မြေ ၊ ရေ ၊ လေ ၊ မီး ဆိုသည့် ဓာတ်ကြီးလေးပါးပင် ဖြစ်သည်။

ထိုဓာတ်ကြီး (၄)ပါးကို သိရှိနားလည်သည်နှင့် "ဟွင့်ယွမ်ဝူကျီ" ဆိုသည့် တန်ခိုးစွမ်းအား ထွက်ပေါ်လာမည် ဖြစ်သည်။

ဆန်းလျန်က ဗောဓိပင်ကို ရှာတွေ့ပြီး တရားအလင်းရရှိသွားစေဦးတော့ "ဟွင့်ယမ်ဝူကျီ" အဆင့် ဗောဓိသကျ (၄)ပါးကို ဆန်းလျန် (၁)ယောက်တည်းဖြင့် မည်သည့်နည်းနှင့်မှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ဗုဒ္ဓဘာသာတွင် ဆန်းလျန်ကို တားဆီးရန် နည်းလမ်း (၁)ခုသာ ရှိသည်။ ထိုနည်းလမ်းမှာ ယနေ့ကာလ ၊ နောင်ကာလ ၊ ကာလအဆက်ဆက်တွင် စွမ်းအားအမြင့်မားဆုံးနှင့် ရှေးအကျဆုံးဖြစ်သည့် ဗောဓိသကျ (၄)ပါး ပေါင်းစည်းသည့် စွမ်းအားပင်ဖြစ်သည်။

ဆန်းလျန်က ထိုအချက်ကို သူတို့အား သတိပေးလိုက်ခြင်း ဖြစ်သည်။

ဆန်းလျန်က သူ့ကိုယ်သူ အလွန်အထင်ကြီးနေခြင်းလည်း ဖြစ်နိုင်သလို သူ့တွင်ရှိသည့် လျှို့ဝှက်တန်ခိုးစွမ်းအားများကို ထုတ်မပြဘဲ လျှို့ဝှက်ထားပြီး ဗောဓိသကျ (၄)ပါးကို တမင်သက်သက် စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။

သို့သော်… လတ်တလောအချိန်တွင် ဆန်းလျန်အနေဖြင့် ဝန်စူးမယ်တော်၏ အသိဉာဏ်ပညာကြီးမားမှုကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ပေ။

ဖူရှန်မယ်တော်ကတော့ သတ္တိဗျတ္တိနှင့်ပြည့်ဝပြီး အကြောက်တရားကင်းမဲ့သူတစ်ယောက်ဖြစ်သလို ကြီးမားသည့်ဆုံးဖြတ်ချက်များကိုလည်း ချမှတ်နိုင်စွမ်း ရှိသူ ဖြစ်သည်။

ဖူရှန်မယ်တော်က…

"ဝန်စူးမယ်တော် ၊ နေစကြာတထာဂတဿ ၊ ငါတို့ သွားကြရအောင်…"

နေစကြာတထာဂတဿက…

"ထျန်းကျွင်းက မင်းတို့ (၂)ယောက်ကိုပဲ သွားခွင့်ပြုတာ ၊ သူပြောတဲ့အထဲမှာ ကျုပ်မပါဘူးထင်တယ်…"

နေစကြာတထာဂတဿက ဆန်းလျန်က ထိုမျှလောက် စိတ်ကောင်းမရှိနိုင်ဟု ယူဆပြီး မေးခွန်းထုတ်သလိုနှင့် ဆန်းလျန်၏စိတ်ကို စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

ဆန်းလျန်က…

"တာအိုဆရာလုယာ… ၊ မင်း ကျုပ်ကို တစ်ခါ ကယ်ခဲ့ဖူးတယ်၊ ဒါကြောင့် ဒီတစ်ခါ ကျုပ်မင်းကို လွှတ်ပေးလိုက်မယ်…"

ဝန်စူးမယ်တော် သတိဝင်လာပြီး ဖူရှန်မယ်တော်၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ဆုံးဖြတ်လိုက်သည်။

"နေစကြာတထာဂတဿ ၊ ထျန်းကျွင်းက ဒီလိုပြောမှတော့ ၊ သွားကြရအောင် ၊ တမင်သက်သက် အသေခံတာက သတ္တိရှိရာမကျဘူး ၊ မိုက်ရူးရဲဆန်ရာကျတယ်…"

ဝန်စူးမယ်တော်က ဗောဓိသကျ (၄)ပါး လက်ချင်းတွဲပြီး ကြီးမြတ်သည့် စတေးခံခြင်းကို နားလည်သဘောပေါက်သွားသည့်အတွက် ခပ်မြန်မြန်ပင် ဆုတ်ခွာခဲ့သည်။ အမြန်ဆုတ်ခွာနိုင်မှသာလျှင် သူတို့အနေဖြင့် နောင်တရစရာများမှ ကင်းဝေးမည် ဖြစ်သည်။

နေစကြာတထာဂတဿကတော့ ဆန်းလျန်၏ စကားများကို နားထောင်ပြီးသည့်နောက် သူ့နှလုံးသားထဲတွင် နတ်မိစ္ဆာတစ်ပါး မွေးဖွားလာသည့်အလား ခံစားလိုက်ရသည်။

သူ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ပြီးသည့်နောက် သူ့အဆင့်က ဖူရှန်မယ်တော်နှင့် ဝန်စူးမယ်တော်တို့လောက် မြင့်မားခြင်း မရှိပေ။

သူယနေ့ ရရှိခဲ့သည့် အောင်မြင်မှုအားလုံးသည် အပိုအလိုမရှိ သူရသင့်ရထိုက်သည့်အရာများသာ ဖြစ်ကြသည်။

မည်သို့ပင်ဖြစ်စေ… ရှေးယခင်ကတည်းက ဆန်းလျန်ကို အနိုင်မယူနိုင်ခဲ့သည့် အရိပ်မည်းကြီးက သူ့အပေါ် လွှမ်းမိုးနေခဲ့သည်။ ဆန်းလျန်ကို ယခင်ကလည်း ရှုံးနိမ့်ခဲ့ပြီး ယခုလည်း ရှုံးနိမ့်ခဲ့ပြန်ပြီ ဖြစ်သည်။ သူ့ရင်ထဲမှ မဖြေနိုင်သောအထုံးက ပိုမိုကြီးမားလာပြီး သူ့ဘဝတွင် ဆန်းလျန်ကို အနိုင်ယူနိုင်ပါဦးမည်လားဟု သံသယများပင်ဝင်လျှက် ရှိနေတော့သည်။

ဝန်စူးမယ်တော်၏ အသိဉာဏ်ပညာနှင့် ဖူရှန်မယ်တော်၏ ပြတ်သားသည့်ဆုံးဖြတ်ချက်ဖြင့် ဆန်းလျန်က သူတို့ကို လွှတ်ပေးလိုက်သည်နှင့် ချက်ချင်းပင် သူတို့အားလုံး ထွက်ခွာသွားကြလေတော့သည်။

ဗုဒ္ဓဘာသာမှ သူတော်စင် (၃)ပါးသည် သုခဘုံကိုပင် အရေးမစိုက်တော့ဘဲ ထွက်ခွာသွားကြသည်မှာ သဲလွန်စပင် မကျန်ခဲ့တော့ပေ။

သုခဘုံသည် ဗုဒ္ဓပေါင်းတစ်သောင်းမက နေထိုင်ခဲ့ကြသည့် သန့်စင်သည့်နယ်မြေဖြစ်လေသည်။

ဝန်စူးမယ်တော် ၊ ဖူရှန်မယ်တော်နှင့် နေစကြာတထာဂတဿတို့ ထွက်ခွာသွားသည်နှင့် ဆန်းလျန် ကောင်းကင်ထက်မှ အသာအယာဆင်းသက်လိုက်သည်။

သုခဘုံ၏ မြေပြင်ထက်သို့ ခြေချလိုက်မိသည်နှင့် မြေပြင်က သူ့ကို တစ်စုံတစ်ခုဖြင့် ထိုးနှက်နေသည့်အလား ခံစားရသည်။ ဤသည်မှာ အော်မီတော်ဖူဗုဒ္ဓ၏ တန်ခိုးစွမ်းအားက သူရောက်ရှိလာခြင်းကို ငြင်းပယ်နေခြင်းပင် ဖြစ်၏။

သူက သုခဘုံသို့ အတင်းအဓမ္မဝင်ရောက်လာသူ ဖြစ်လေသည်။ ထို့ကြောင့် သုခဘုံက သူ့ကို လက်မခံလိုခြင်း ဖြစ်သည်။ အမှန်တော့ ဆန်းလျန်ရင်ဆိုင်ရမည့် အကြီးမားဆုံးရန်သူမှာ ကျူဖူကိုယ်တော်များ ၊ ဗောဓိသကျများမဟုတ်ပေ။ အော်မီတော်ဖူဗုဒ္ဓကိုယ်တိုင်ပင် ဖြစ်သည်။

အတိတ်အချိန်များက ကြီးမားလေးလံပြီး တိုင်းတာနိုင်စွမ်းမရှိသည့် ကြီးမားသောဖိအားများက ဆန်းလျန်၏ တာအိုနှလုံးသားကို ဖိနှိပ်ထားသည်။

စကြာဝဠာအရှင်ကြီး မျောက်မင်းစွန်းဝူခုံးကို ဗုဒ္ဓ၏ လက်ငါးချောင်းတောင်အောက်တွင် ဖိနှိပ်ထားသည်နှင့်ပင် ဆင်တူလေသည်။

သို့သော် တဖြည်းဖြည်း ဆန်းလျန် အနည်းငယ် စိတ်သက်သာရာရလာမိသည်။

ထိုသို့ စိတ်သက်သာရာ ရစေရန်အတွက် ဝန်စူးမယ်တော် ၊ ဖူရှန်မယ်တော်နှင့် နေစကြာတထာဂတဿတို့ကို ဆန်းလျန် လွှတ်ပေးလိုက်ခြင်းတော့ မဟုတ်ပေ။ ဆန်းလျန်အနေဖြင့် ဗောဓိသကျ (၄)ပါး ပေါင်းစပ်ထားသည့် တန်ခိုးစွမ်းအားကို အမှန်တကယ် ရင်ဆိုင်ကြည့်လိုခြင်း ဖြစ်သည်။

ယနေ့ သူက ဝန်စူမယ်တော်နှင့် ဖူရှန်မယ်တော်တို့ကို အနိုင်ယူနိုင်ခဲ့သည်။ သို့သော်… ကျန်ရှိနေသေးသည့် ဗောဓိသကျ (၂)ပါးဖြစ်သော ကွမ်ယင်မယ်တော်နှင့် တိကျန်ဗောဓိသကျတို့အကြောင်းကို သူ့စိတ်ထဲတွင် မတွေးဘဲ မနေနိုင်ပါချေ။

ဖူရှန်မယ်တော်က "အကြောင်းကြောင့် အကျိုးဖြစ်ခြင်းနှင့် အကျိုးကိုဖြစ်စေသည့် အကြောင်းတရားများကို နားလည်သူဖြစ်သည်။"

ဆန်းလျန်ကတော့ အကြောင်းအကျိုးတရားများကို သူလိုချင်သည့်အချိန်တိုင်းတွင် ဖန်တီးယူ၍ရနိုင်သည်။ သူမပြုလုပ်နိုင်သည့်အရာဆို၍ လောကကြီးတွင် မရှိပေ။

လေးနက်သည့်အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး သူ၏ တာအိုနှလုံးသားကို ကြည်လင်ရှင်းလင်းသွားစေရန် ဆန်းလျန် ကြိုးစားလိုက်သည်။

ထိုအခါ … သူ့စိတ်ထဲတွင် ထိုက်ကျိ ၊ ထိုက်စုနှင့် ထိုက်ယိ တရားများ ထင်ရှားထွက်ပေါ်လာသည်။

ထို့နောက် ဆန်းလျန် အော်မီတော်ဖူဗုဒ္ဓ၏ ကျယ်ပြန့်နက်ရှိုင်းသည့် သုခဘုံအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့လေသည်။

ရွှေရောင်သဲမှုံများက သုခဘုံကို ဖုံးကွယ်ထားသည်။

သုခဘုံတွင် ကျူဖူကိုယ်တော် သန်းနှင့်ချီပြီး နေထိုင်ခဲ့ကြဖူးသည်။ သို့သော်… ယခုတော့ သဲမှုံများသာ ရှိနေသည်။ သဲမှုံများမှလွဲပြီး မည်သည့်အရာမှ မရှိပေ။

နေစကြာတထာဂတဿနှင့် အခြားသူများက အော်မီတော်ဖူဗုဒ္ဓ၏ ဓမ္မကို ယုံကြည်လက်ခံခဲ့ကြသော်လည်း သုခဘုံ၏ အခြေခံတည်ရှိမှု အမှန်တရားကို အနည်းအကျဉ်းပင် ဆုပ်ကိုင်နိုင်ခဲ့ကြခြင်း မရှိပေ။

ပြောရမည်ဆိုလျှင်… သုခဘုံသည် လူ့လောကနီးပါး ကျယ်ပြန့်သည်။

သုခဘုံတွင် ဓမ္မ၏ ညီမျှမှုကို ပြန်သရန် နေရာတိုင်း ထပ်တူကျလျှက်ရှိသည်။

ဆန်းလျန်၏တန်ခိုးစွမ်းအားဖြင့်ဆိုလျှင် မရှိမှုကျေးရွာတွင် သုခဘုံကဲသို့သော ကောင်းကင်ဘုံတစ်ခုကို ဖန်ဆင်းနိုင်စွမ်းရှိသည်။ သို့သော်… သုခဘုံတွင်ကဲ့သို့ ဓမ္မ၏ညီမျှမှုကို ပြသနိုင်ရန်ကတော့ သူ့အတွက် မဖြစ်နိုင်ပေ။

ဤသည်မှာ သူနှင့် အော်မီတော်ဖူဗုဒ္ဓကြားမှ ကွာခြားချက်ဖြစ်ပြီး မကျော်လွှားနိုင်သည့် အကွာအဝေးနှင့် အဆင့်အတန်းလည်း ဖြစ်သည်။

ခေတ်အဆက်ဆက်တွင် တာအိုဆရာသခင်ကြီးများကို မည်သူမှ လျှော့မတွက်ရဲကြပေ။ ဆန်းလျန်အနေဖြင့် ဗောဓိပင်ကို ရှာဖွေရန်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသကဲ့သို့ပင် ဖြစ်သည်။

သို့သော်… ကံကောင်းသည်မှာ ဆန်းလျန်ကတော့ ဗောဓိပင်ကို ရှာဖွေရန် နည်းလမ်းတစ်ခု ရှိနေခဲ့သည်။

ဗောဓိပင်ကို ရှာဖွေရန် ဗောဓိပင်၏ အမြစ်မှ စတင်ရမည် ဖြစ်သည်။

ဗောဓိပင်၏အမြစ်သည်  တာအိုဆရာသခင်ကြီး (၈)ပါး၏ ထူးခြားဆန်းကျယ်သည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆန်းလျန်နှင့် ယန်ရွှီးတို့ လင်ထိုင်ဖန်းကျွမ်းတောင်တွင် ပညာယှဉ်ပြိုင်ခဲ့ကြဖူးသည်။

ထိုအချိန်တုန်းက… ဆန်းလျန် မထင်မှတ်ဘဲ တာအိုဆရာသခင်ကြီးတစ်ပါးဖြင့် ဆုံစည်းခဲ့ရသည်။ ထိုတာအိုဆရာသခင်ကြီးက ပိယွမ်ဟူဘိုးဘိုးဟုခေါ်ဆိုသည့် ဗောဓိဘိုးဘိုးပင် ဖြစ်၏။

ဗောဓိဘိုးဘိုးသည် မျောက်မင်းစွန်းဝူခုံးကို ပညာသင်ပေးခဲ့သည့် တာအိုဆရာသခင်ကြီးဖြစ်သည်။ ထိုဘိုးဘိုးသည် ဗုဒ္ဓဘာသာအတွင်းသန္တန်ရှိ အနှစ်သာရကို သိမြင်သူလည်း ဖြစ်သည်။

အော်မီတော်ဖူဗုဒ္ဓက ကြီးမားသည့် ကရုဏာရှင် ဖြစ်သည်။ သို့သော်… ဗောဓိဘိုးဘိုး၏ ကျင့်စဉ်လမ်းကတော့ အော်မီတော်ဖူဗုဒ္ဓ၏လမ်းစဉ်နှင့် မတူညီပေ။

ဗောဓိဘိုးဘိုးက အကြင်နာတရားကင်းမဲ့သူ ဖြစ်သည်။

ထို့ပြင် ဗောဓိဘိုးဘိုး တရားအလင်းရခဲ့သည့် အခြေခံကျင့်စဉ်သဘောတရားများကလည်း ဆန်းလျန် ယခင်ဘဝက ကျင့်ကြံခဲ့သည့် ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ်လမ်းနှင့် သွားရောက်တူညီနေသည်။

"လူတစ်ယောက် ကျင့်စဉ်လမ်းကို လိုက်တော့မည်ဆိုလျှင် စိတ်နှလုံးကို အရင်စစ်ဆေးရမည်" ဆိုသည့် ချင်းရွှမ်နတ်တံခါး၏ ဆောင်ပုဒ်ကဲ့သို့ ဖြစ်၏။

ဗုဒ္ဓဘာသာကျမ်းစာများထဲမှ…

"မိမိစိတ်ကို နိုင်အောင် ပဲ့ကိုင်ထိန်းချုပ်နိုင်ရမည်" ဆိုသည့် သဘောတရားနှင့် သွားရောက်ဆင်တူသည်။

ဗောဓိပင်သည် ပိယွမ်ဟူဘိုးဘိုးဟု ခေါ်သည့် ဗောဓိဘိုးဘိုး၏ နှလုံးသားပင် ဖြစ်သည်။ ထိုအရာသည် သုခဘုံတွင် ဖုံးကွယ်နေပြီး အလင်းရောင်ထဲသို့ တစ်ခါမှ ထွက်ပေါ်လာခြင်း မရှိပေ။

သို့သော်… သေသေချာချာ ရှာဖွေမည်ဆိုလျှင်တော့ ဗောဓိပင်ကို ကျိန်းသေတွေ့ရှိနိုင်မည် ဖြစ်လေသည်။

***

All Chapters