ခေါင်းလောင်းသံရယ် လေးတစ်လက်ရယ် ရွှေရောင်တံတားထက်ဝယ်
Vol. 10 Ch. 937
ရွှမ်တုတောက်ကျွင်းနှင့် တာအိုဆရာယွိတင်တို့ သုခဘုံသို့ အချိန်မရွေးရောက်လာနိုင်သည်ကို သိရှိသည့်တိုင် ဆန်းလျန်၏ အမူအရာက တည်ငြိမ်အေးဆေးလျှက် ရှိသည်။
သုခဘုံရှိ လုန်ဟွာသစ်ပင်အောက်တွင် တာအိုဆရာလူငယ်တစ်ယောက် တင်ပျဉ်ခွေ ထိုင်လျှက် ရှိလေသည်။ ထိုလူငယ်တာအိုဆရာမှာ ဆန်းလျန်ပင် ဖြစ်၏။
သူ၏ဦးခေါင်းထက်တွင် အစိမ်းရောင်တိမ်တိုက်တစ်ခုဖြစ်တည်လာပြီး တိမ်တိုက်ထက်တွင် ပန်း (၃)ပွင့် ပွင့်လန်းလာသည်။
အစိမ်းရောင်တိမ်တိုက်က ပတ်ဝန်းကျင်တစ်ခုလုံးသို့ တဖြည်းဖြည်းပျံ့နှံ့သွားပြီး မြူခိုးများအလား ဖုံးလွှမ်းသွားသည်။ ထိုမြူခိုးများထဲမှ တန်ခိုးစွမ်းအားများက အော်မီတော်ဖူဗုဒ္ဓ၏ တန်ခိုးစွမ်းအားများထက် သာလွန်နေသည်။
ဆန်းလျန် မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်ပြီး သူ၏ နှလုံးသား နက်ရှိုင်းသည့်နေရာတစ်နေရာမှ မြစ်တစ်စင်း ထွက်ပေါ်လာသည်။
ဆန်းလျန်၏ နတ်ဘုရားစိတ်အာရုံက မြစ်ကြောင်းအတိုင်း လိုက်ပါသွားပြီး အတိတ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
အတိတ်ကာလသည် သူဖြတ်တောက်ခဲ့သည့် လွန်ခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ကာလကို ကျော်လွန်သွားခဲ့လေသည်။ လောကတွင် မည်သူမှ ဖြတ်တောက်ထားသည့်အတိတ်ကို ကျော်လွန်ကာ အတိတ်ကို ကြည့်ရှုနိုင်သူဆို၍ မရှိပေ။
သို့သော်… ဆန်းလျန်ကတော့ ချွင်းချက်ဖြစ်၏။
တားမြစ်ထားသည့်အတိတ်ကို ထိုးဖောက်သိမြင်နိုင်အောင်ကြိုးစားသည့်အတွက် အဆုံးမရှိသည့် ဒုက္ခတရားများကို ဆန်းလျန်တစ်ယောက်တည်း ကြိတ်မှိတ်ရင်ဆိုင်ရမည် ဖြစ်သည်။
ဆန်းလျန်၏ နှလုံးသားထဲမှ စီးဆင်းထွက်ပေါ်လာသည့် အချိန်ရေစီးကြောင်းက အိပ်မက်ဆန်လွန်းလှသည်။ ထိုရေစီးကြောင်းက အတိတ်ကိုတည်မှီနေသော်လည် တကယ်တမ်းတွင် အတိတ်ကာလမဟုတ်ပေ။
အတိတ်ကို ခရီးနှင်ရန်အတွက် ဆန်းလျန်က အိပ်မက်လိပ်ပြာကျင့်စဉ်ကို အသုံးပြုပြီး ကြီးမားသည့်အိပ်မက်ကြီးတစ်ခုကို ဖန်ဆင်းထားခြင်း ဖြစ်သည်။
ဆန်းလျန်က သုခဘုံတွင် ဗောဓိပင်ကို ရှာဖွေရန်အတွက် အတိတ်တစ်ချိန်က သူတွေ့မြင်ခဲ့ဖူးသည့် ဗောဓိဘိုးဘိုးကို ပြန်လည်ရှာဖွေရမည် ဖြစ်သည်။
ရုတ်တရက်… ပတ်ဝန်းကျင်တစ်ခုလုံးမှ ရှုမျှော်ခင်းမြင်ကွင်းများပြောင်းလဲသွားသည်။
ကောင်းကင်က ရေကဲ့သို့ကြည်လင်ပြီး ပင်လယ်ပြင်က အစိမ်းရောင် တောက်ပလျှက်ရှိသည်။
လရောင်အောက်တွင် တာအိုဆရာ (၂)ယောက် ရင်ဆိုင်တိုက်ခိုက်နေကြသည်။ ထိုတိုက်ခိုက်နေကြသူ (၂)ယောက်မှာ ဆန်းလျန်နှင့် ယန်ရွှီးပင် ဖြစ်လေ၏။
ထိုအဖြစ်အပျက်သည် နှစ်ပေါင်းတစ်သောင်းကျော်မက ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခုတော့ ဆန်းလျန် ထိုမြင်ကွင်းကို ပြန်လည်မြင်တွေ့မြင်လိုက်ရသည့်အခါ နှလုံးသားထဲတွင် များစွာသောခံစားချက်များကို ခံစားလိုက်ရသည်။
သူတို့တိုက်ခိုက်ခဲ့ကြသည်က အချိန်ခဏတာလေးသာဖြစ်သည်။ သို့သော်… ထူးခြားဆန်းကျယ်သည့် တိုက်ပွဲတစ်ခု သူတို့ဆင်နွှဲခဲ့ကြသည်ကို ထိုစဉ်က ဆန်းလျန် နားမလည်ခဲ့ပေ။
သို့သော် နိဂုံးချုပ်သွားခဲ့ပြီဖြစ်သည့် အရာများကို ပြောင်းလဲရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
လင်ထိုင်ဖန်းကျွမ်းတောင်ကို ရောက်သည်နှင့် ယန်ရွှီးက တောင်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
ကြီးမားသည့်ရေတံခွန်ကြီးတစ်ခုက မြင့်မားသည့် ခြောက်ကမ်းပါးကြီးတစ်လျှောက် စီးဆင်းကျနေပြီး ပုံရိပ်များအားလုံးကို ဆန်းလျန်၏မျက်ဝန်းထဲတွင် တွေ့မြင်နေရသည်။
ပုံရိပ်များအားလုံးက ထူးခြားဆန်းကျယ်လှပြီး ဆန်းလျန်ကတော့ ထိုအချိန်ကို အလေးမထား ၊ တန်ဖိုးမထားဘဲ မနေနိုင်ခဲ့ပေ။
ထိုအချိန်တုန်းက… ယန်ရွှီးက ဆန်းလျန်ကို လှည့်ဖြားရန်အတွက် တောင်ထဲတွင် ပုန်းနေခဲ့သည်။
ယခုအချိန်တွင်တော့ ဆန်းလျန်၏မျက်လုံးထဲတွင် ယန်ရွှီးလုပ်သမျှ အရာအားလုံးကို တွေ့မြင်နေရလေသည်။
အတိတ်၏ပုံရိပ်များဆိုသော်လည်း ဆန်းလျန်၏ ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားတန်ခိုးစွမ်းအားများထံမှ မည်သည့်အရာမှ ဖုံးကွယ် မထားနိုင်ပါချေ။
ဆန်းလျန်က အတိတ်မှ အကြောင်းအရာများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ အတိတ်သည် အတိတ်သာလျှင် ဖြစ်ပေ၏။
ထို့နောက် ဆန်းလျန်သည် ယန်ရွှီးစီစဉ်ထားသည့်အတိုင်း ထောင်ချောက်ထဲသို့ ဆင်းသက်သွားခဲ့သည်။ ယန်ရွှီး၏ ပုံသဏ္ဍန်မျိုးစုံရှိသည့် နတ်မိစ္ဆာဆယ့်နှစ်ကောင်က ဆန်းလျန်ကို ဝန်းရံထားခဲ့သည်။
ထိုအချိန်မှာပင်… အဆုံးမရှိအချိန်နှင့်နေရာကိုကျော်လွန်သွားပြီးလင်ထိုင်ဖန်းကျွမ်းတောင်နှင့် ကြယ်သုံးပွင့်ဂူသည် ဖျတ်ခနဲလင်းလက်သွားလေသည်။
အတန်ကြာသည့်အခါ… မဟာပဲ့တင်သံဗိမာန်အတွင်းရှိတရားဟောပလ္လင်ထက်တွင် မုတ်ဆိတ်မွေးများနှင့် ဆံပင်မွေးများဖြူဖွေးနေသည့် ဗောဓိဘိုးဘိုးကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
သို့သော်… အတိတ်အချိန်က အလွန်ကြာမြင့်ခဲ့ပြီဖြစ်လေသောကြောင့်လားမသိ ၊ မြင်ကွင်းများက ချက်ချင်းပင် မီးခိုးမြူမှုံများပမာ လွင့်ပျက်ပျောက်ကွယ်သွားလေသည်။
ဆန်းလျန်ဗောဓိဘိုးဘိုးကို တွေ့ဆုံခဲ့သည့် အချိန်ရောက်သည်နှင့် မြင်ကွင်းက မိုးခိုးပမာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ထို့ကြောင့်… ဆန်းလျန် ဗောဓိဘိုးဘိုးကို ထပ်မံတွေ့မြင်ခဲ့ရခြင်း မရှိတော့ပေ။
ဆန်းလျန် အိပ်မက်မှ နိုးထလာသည်။
ထို့နောက် ချောင်းများဆိုးလာပြီး သွေးတစ်ပွက်အန်ချလိုက်သည်။ ကန့်သတ်ထားသည့်အရာကို ထိုးဖောက်ရန် ကြိုးစားခြင်းအတွက် သူ့ဝိညာဉ်က အနည်းငယ် အရှောင်မှေးမှိန်သွားသည်။
ဆန်းလျန်သည် အော်မီတော်ဖူဗုဒ္ဓ၏တန်ခိုးစွမ်းအားများအောက်တွင် ဖိနှိပ်ခံနေရဆဲဖြစ်သည်။ ထို့ပြင်… တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သည့် ဗောဓိဘိုးဘိုး၏ သဲလွန်စကို လိုက်လံရှာဖွေခြင်းက သူ့ကို ဒဏ်ရာရစေခြင်း ဖြစ်သည်။
ထို့ပြင် တာအိုဆရာသခင်ကြီးဖြစ်သူ ဗောဓိဘိုးဘိုးက အချိန်ကို ရောင်ပြန်ဟပ်နိုင်ပြီး ဆန်းလျန်၏ နှလုံးသားထဲမှ သူနှင့်တွေ့ဆုံခဲ့သည့်အကြောင်းအရာကို ဖျက်စီးပစ်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ တာအိုဆရာသခင်ကြီးတစ်ပါး၏ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားပင် ဖြစ်သည်။
ဆန်းလျန်က နှုတ်ခမ်းထောင့်မှ သွေးစများကို အင်္ကျီလက်ဖြင့်သုတ်လိုက်သည်။
အတွေ့အကြုံအတော်များများ ရလိုက်သည့်အတွက် သွေးစက်နည်းနည်းကျလိုက်ရခြင်းက တန်သည်ဟု ဆန်းလျန် ယူဆလိုက်သည်။
အသက်အနည်းငယ် ရှူထုတ်လိုက်ပြီး ဆန်းလျန် ကျေနပ်သွားသည်။
ဗောဓိဘိုးဘိုးက ဖြစ်ပျက်ခဲ့သမျှ လမ်းကြောင်းအားလုံးကို ဖျက်ပစ်သွားလိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။
သဲလွန်စတစ်ခုကို ဖုံးကွယ်ထားနိုင်သည်ဆိုသော်လည်း နောက်ထပ် မဖုံးကွယ်နိုင်သည့် သဲလွန်စများ ကျန်ရှိနေနိုင်သေးသည်။
အမှန်တရားဆိုသည်က မည်မျှဖုံးကွယ်ထားပါစေ မုန်တိုင်းကြားတွင်ပင် မြင်တွေ့နိုင်သည့် အရာဖြစ်သည်။
လင်ထိုင်ဖန်းကျွမ်းတောင်တွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ဆိုသည့် အမှန်တရားကို သူ မသိမြင်နိုင်ခဲ့လျှင်တောင်မှ ဗောဓိဘိုးဘိုး၏ အနည်းငယ်မျှသောရည်ရွယ်ချက်လေးကို သိခွင့်ရလျှင် ဆန်းလျန်အနေဖြင့် အမှန်တရားကို ဖမ်းဆုပ်နိုင်မည် ရှိသည်။
ထိုမျှလောက် အကြောင်းအရာ နည်းနည်းလေးကို သိခွင့်ရလျှင်ပင် ဆန်းလျန် ဗောဓိပင်ကို ရှာဖွေရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
မီလဲ့ကိုယ်တော် တရားအလင်းရခဲ့ရာ နေရာဖြစ်သည့် လုန်ဟွာသစ်ပင်အောက်တွင် ဆန်းလျန် အေးအေးဆေးဆေးပင် ဆက်ပြီး ထိုင်နေလေသည်။
ဗုဒ္ဓဘာသာဘက်မှ သူ့ကိုတားဆီးမည့်သူ တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
တိကျန်ဗောဓိသကျနှင့် တိုက်ခိုက်ပြေီးနောက် ပျောက်ကွယ်သွားပြီဖြစ်သည့် မီလဲ့ကိုယ်တော်ကတော့ လုံး၀ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
***
မိုးကောင်းကင်တောင်ဘက်တံခါးတွင်တော့ နဂါးငွေ့တန်းကို ဖြတ်သန်းတည်ဆောက်ထားသည့် ရွှေရောင်တံတားကြီး တစ်စင်းရှိနေလေသည်။
ထိုတံတားကြီးထက်တွင် ထိုက်ချိယင်ယန် ပန်းချီကားတစ်ချပ် ရှိနေ၏။
ယန်ကျန်းကတော့ နဂါးငွေ့တန်း မြစ်ကမ်းနံဘေးတွင် ရှိနေသည်။ သူက တိမ်ကဲ့သို့ ဖြူစင်သည့် ဝတ်စုံကိုဝတ်ဆင်ထားပြီး ဖိနပ်စီးနင်းထားခြင်း မရှိပေ။
သူ၏လက်ထဲတွင် သုံးဖက်ချွန်နှစ်ဖက်သွားဓားကို ကိုင်ဆောင်ထားပြီး သူ့မျက်ဝန်းများက နဂါးငွေ့တန်းတစ်နေရာသို့ လှမ်းကြည့်နေလေသည်။
ထိုနေရာသည် ချင်းဆွေထျန်းကောင်းကင်ဘုံသို့ဝင်ရောက်ရာ ဝင်ပေါက်နေရာဖြစ်သည်။
ထိုနေရာတွင် လီချင်းဆွေ ရှိနေလေသည်။ တာအိုဆရာလီချင်းဆွေက မိန်းမပျိုလေးတစ်ယောက်အလား ချောမောလှပလွန်းသည်။
သို့သော်… သူမက ယန်ကျန်းကို လုံး၀ အရေးမစိုက်သလို တိုက်ခိုက်ရန် အစီအစဉ်လည်း ရှိပုံမရပေ။
စကြာဝဠာတစ်ခွင်တွင် ချင်းယွမ်မြောင်တောက်အရှင်ဟု ကျော်ကြားသည့် ယန်ကျန်းသည် ယခုတော့ ချွေးစေးများပျံလျှက် ရှိသည်။
မိုးကောင်းကင်တံခါးကို ရရှိရန်တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာက ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
လီချင်ဆွေကို ရင်ဆိုင်ရန်မှာ သူ့အတွက် ကြောက်မက်ဖွယ်ရာကိစ္စတစ်ခုပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်မက ကြာခဲ့သည့်အချိန်တစ်ခုက သူနှင့် လီချင်းစွေ တိုက်ခိုက်ခဲ့ဖူးသည်။ ထိုစဉ်က လီချင်းစွေကြောင့် သူ လူပြန်ဝင်စားသွားခဲ့ရသည့်အဖြစ်ကို အမှတ်ရမိသည်။
ထိုနေ့က ကြုံတွေ့ခဲ့ရသည့် အရှုံးတရားက သူ့ဘဝတစ်လျှောက်လုံး အရိပ်မည်းကြီးတစ်ခုပမာ ခြောက်လှန့်လျှက်ရှိပြီး ယခုအချိန်ထိ ကြောက်လန့်နေဆဲ ဖြစ်သည်။
ရွှမ်တုတောက်ကျွင်းနှင့် တာအိုဆရာယွိတင်တင်တို့၏ အမိန့်အရ ဆန်းလျန် ဗောဓိပင်ကိုရှာဖွေခြင်းကို တားဆီးရန်အတွက် ယန်ကျန်း ရောက်လာခဲ့ရခြင်း ဖြစ်သည်။
မိုးကောင်းကင်တံခါးသည် အလွန်ထူးဆန်းသည့် မှော်ဝင်ပစ္စည်း တစ်ခုဖြစ်သည်။
မိုးကောင်းကင်တံခါးကို ဆန်းလျန် ရရှိသွားသည့်တိုင် မိုးကောင်းကင်တံခါး၏ အနှစ်သာရကို ဆန်းလျန်အနေဖြင့် ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။
သို့သော်… ဆန်းလျန်ထျန်းကျွင်းသာ ဗောဓိပင်ကို တွေ့ရှိပြီး ဗုဒ္ဓ၏တရားဓမ္မအားလုံးကို သိရှိသွားမည်ဆိုပါက အမှန်တကယ်ပင် လောကတစ်ခွင်တွင် ပြိုင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။ ရွှမ်တုတောက်ကျွင်းထက်ပင် တန်ခိုးစွမ်းအားများ မြင့်မားလာပြီး နောက်ဆုံးတိုက်ပွဲတွင် အနိုင်ရမည့်သူမှာ ဆန်းလျန်တစ်ယောက်တည်းသာ ဧကန်မုချ ဖြစ်သွားပေလိမ့်မည်။
ထိုအချက်က အလွန်မှ လက်မခံချင်စရာ ၊ စက်ဆုပ်ရွံလျှာဖွယ်ရာ အချက်တစ်ခု ဖြစ်၏။
ယခုတော့ ဗုဒ္ဓဘာသာဘက်မှ ပုဂ္ဂိုလ်များကလည်း ဆန်းလျန်ကို မည်သူမှ မတိုက်ခိုက်ရဲကြတော့ပေ။
ရှေးဟောင်းတည်ရှိမှုတစ်ခုဖြစ်သည့် ဗောဓိပင်ကို မကာကွယ်ကြတော့ဘဲ ဆန်းလျန်ထျန်းကျွင်းကို ရင်ဆိုင်ရန် သတ္တိခွန်အားများ မရှိကြတော့ပေ။
မိုးကောင်းကင်တံခါးကို ရယူသည့်တိုက်ပွဲတွင် ဆန်းလျန်၏ မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားများကို ပြန်လည်တွေးမိသည့်အခါ ယန်ကျန်း ကြောက်ရွံ့လာမိပြန်သည်။
ထိုခဏမှာပင်… မျောက်မင်းစွန်းဝူခုံအကြောင်းကို သူ စဉ်းစားလိုက်မိသည်။ ဝူခုံးကတော့ သက်သောင့်သက်သာဖြင့် လွတ်လပ်စွာ အဝေးသို့ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဝူခုံးက သူ့ကို အနိုင်ယူခဲ့သည့်အတွက် မုန်းတီးခြင်းကို ခံစားရသော်လည်း ဆန်းလျန်ကိုတော့ မနာလို ဖြစ်မိသည်။
ကျင့်စဉ်လမ်းကို လျှောက်လှမ်းသည်ဆိုရာတွင် ခြေလှမ်းတိုင်းက မလွယ်ကူဘဲ ခက်ခဲလွန်းလှသည်။ သို့သော်…အခက်အခဲများကို ကျော်ဖြတ်ရင်ဆိုင်ခဲ့သည့် ခြေလှမ်းတိုင်းကတော့ ကျေနပ်ရောင့်ရဲဖွယ်ရာပင် ဖြစ်၏။
ထို့ကြောင့် ယန်ကျန်းအနေဖြင့် ယခုအချိန်တွင် ဝူခုံးကို မနာလိုခြင်း မဖြစ်မိတော့ပေ။ သို့သော်… သူ့ရင်ထဲတွင် တိတ်တဆိတ်နာကျင်လျှက်ရှိသည်။
ယခုအတိုင်းဆိုလျှင် လီချင်းစွေက ဆန်းလျန်၏ကိစ္စနှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မည့်ဟန် မရှိသည့်အတွက် ယန်ကျန်း တိတ်တဆိတ် ကျေးဇူးတင်မိသည်။
ယန်ကျန်း အတွေးလွန်နေစဉ်မှာပင် ကောင်းကင် (၉)ထပ်နှင့် အသူရာချောက် (၉)ထပ် တစ်ခွင်တွင် ကျယ်လောင်သည့် ခေါင်းလောင်းသံများထွက်ပေါ်လာပြီး အဖြူရောင်တိမ်တိုက်တစ်စ လွင့်မျောလာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုအဖြူရောင်တိမ်တိုက်သည် ရွှေရောင်တံတားကြီးအနီးအပါးတွင် ရပ်တန့်သွားသည်။
ထို့နောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ခေါင်းလောင်းတစ်ခုကို ချိတ်ဆွဲထားသည့် လူငယ်တစ်ယောက် ပေါ်ထွက်လာလေသည်။
ခေါင်းလောင်းသံများက လူငယ်၏ခါးတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုခေါင်းလောင်းသံမှာ သူ့ဘဝတွင် မည်သည့်အခါမှ မေ့နိုင်တော့မည် မဟုတ်သည့် မိုးကောင်းကင်တံခါး၏ အသံဖြစ်သည်ကို ယန်ကျန်းသိရှိလိုက်သည်။
ခေါင်းလောင်းသံ၏ တန်ခိုးစွမ်းအားကြောင့် ရွှေရောင်တံတားကြီးပင် တုန်လှုပ်သွားသည်။
ရွှေရောင်တံတားထက်တွင်ရှိနေသည့် ထိုက်ချိယင်ယန်ပန်းချီကားသည် အဝါရောင်မိုးနတ်မင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှမ်ဟွမ်မိုးနတ်မင်းအဖြစ် ပြောင်းလဲသွားသည်။
ရွှမ်ဟွမ်မိုးနတ်မင်းက ရွှေရောင်တံတားထက်တွင် မတ်တတ်ရပ်နေရင်း အေးစက်သည့်အကြည့်ဖြင့် အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်ကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်ကို ရင်ဆိုင်ရရုံဖြင့် နတ်ဘုရားများပင်လျှင် အသက်ပျောက်သွားနိုင်သည်။ "အကြည့်နှင့်ပင်သေလောက်သည်" ဆိုသည့် အကြည့်မျိုး ဖြစ်၏။
အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်က ရွှမ်တုတောက်ကျွင်း၏ စူးရှသည့်အကြည့်ကို ရှောင်လွှဲရန်အတွက် မျက်လွှာချလိုက်သည်။
တာအိုဆရာယွိတင်ကတော့ ထွက်ပေါ်မလာသေးပေ။
သို့သော်… ဖန်ကူအလံ၏ ဖိအားများကတော့ မည်သည့်နေရာကမှန်းမသိ တဖြည်းဖြည်း မြင့်တက်လာသည်။ ကျောက်တုံးကျောက်ဆောင်များကို ပစ်ခတ်ပစ်လိုက်သည့် မိုးကြိုးအလား အရှိန်အဟုန်က မြင့်မားလှသည်။
"ချင်တိဧကရာဇ် ၊ မင်းက တားဆီးရဲသလား ၊ မင်းက ကျုပ်ကို တားဆီးရဲသလား…"
အလွန်အေးစက်တည်ငြိမ်ပြီး မိုးခြိမ်းသံအလား ကျယ်လောင်သည့် ရွှမ်တုတောက်ကျွင်း၏ အသံကြီး ထွက်ပေါ်လာသည်။
သူက ရွှေရောင်တံတားထက်တွင် ရပ်ပြီး ရဲ့လျိုယွင်ကို ငုံ့ကြည့်နေသည်။ သူ့ပုံစံက ထိပ်တန်းအဆင့် တာအိုဆရာသခင်ကြီးတစ်ပါးအလားပင်ဖြစ်သည်။
ရဲ့လျိုယွင်၏မျက်နှာတွင် ကြောက်ရွံ့ဟန် လုံးဝမရှိပေ။
သူက တစ်ချက်ပြုံးလိုက်ရင်း…
"လောကမှာ ကျုပ်မလုပ်ရဲတာ ဘာမှ မရှိဘူး…"
ရဲ့လျိုယွင်၏ဟန်ပန် အတော်လေး တည်ငြိမ်ပြီး မောက်မာဟန်လည်း လုံးဝမရှိပေ။
သို့သော်… ရဲ့လျိုယွင်၏ပုံစံက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေလေရာ ရွှမ်တုတောက်ကျွင်းက လုံး၀ လျှော့မတွက်ရဲပေ။
ရဲ့လျိုယွင်တွင် မိုးကောင်းကင်တံခါးရှိနေရုံသာမက ရဲ့လျိုယွင်သည် ချင်တိဧကရာဇ်ကိုယ်တိုင် ဖြစ်နေခြင်းအတွက် လျှော့မတွက်ရဲခြင်း ဖြစ်လေ၏။
ချင်တိဧကရာဇ်ဆိုသည်က သမိုင်းတစ်လျှောက်တွင် ကျော်ကြားလွန်းလှသည့် ဧကရာဇ်တစ်ပါးပင် ဖြစ်သည်မဟုတ်ပါလား။
သို့သော်… ရွှမ်တုတောက်ကျွင်းကို ဆန့်ကျင်ရန် ရောက်ရှိလာသူမှာ ချင်တိဧကရာဇ် တစ်ပါးတည်း မဟုတ်ပေ။
သူ အရှေ့ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ တောက်ပသည့် လတစ်စင်း တဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။
လမင်းထက်တွင် မွှေးပျံ့သည့်ရနံ့သင်းပျံ့နေသည့် ထင်းရှူးပင်တစ်ပင် ရှိနေပြီး သစ်ပင်အောက်တွင် လနတ်သမီးချန်ဝေါ်ရပ်နေလေသည်။
သူမ၏နံဘေးတွင်တော့ လေးညှို့ကိုတင်ထားသည့် လူငယ်လေးတစ်ယောက် မတ်တတ်ရပ်လျှက်ရှိပြီး ရွှမ်တုတောက်ကျွင်းကို စိုက်ကြည့်နေလေသည်။
လူငယ်လေး၏မျက်နှာက ပုံမှန်ပင်ဖြစ်သည်။ သို့သော်… လေးကိုကိုင်ထားသည့်ဟန်ကတော့ မယုံကြည်နိုင်စရာကောင်းလွန်းသည့် အသွင်အပြင်ရှိလေသည်။
မိုးအောက်မြေပြင်တစ်ခုလုံးတွင် ထိုလေးညှို့ကို နှိုင်းယှဉ်နိုင်သည့်အရာဆို၍ မည်သည့်အရာမှ ရှိနိုင်မည် မဟုတ်တော့ပေ။
***