← Chapters

ယွမ်စီအထိမ်းအမှတ်ကျောက်စာ

Vol. 10 Ch. 938

ယွမ်စီအထိမ်းအမှတ်ကျောက်စာ

Vol. 10 Ch. 938

ကြောက်ရွံ့မှု ၊ နှိုင်းယှဉ်၍မရနိုင်သည့် ကြောက်ရွံ့မှု…။

နတ်ဘုရားများအားလုံး ၊ နတ်မိစ္ဆာများအားလုံးတို့သည် ထိုလေးညှို့ခတ်သံကို သူ့ခေတ်သူ့အခါအလိုက် အတွေ့အကြုံရှိခဲ့ကြသူများ ဖြစ်လေသည်။

ထို့ကြောင့်သူတို့အားလုံး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။

ဆန်းလျန်သည်လည်း ဤလေးကိုအသုံးပြုကာ တစ်ကြိမ် ပစ်ခတ်ခဲ့ဖူး၏။ သို့သော်… လေးညှို့ခတ်သံသည် ထိုမျှ စွမ်းအားကြီးမားခြင်း မရှိပေ။

အားလော်ဟယ်ကို မြားဖြင့်ပစ်ခတ်ရန်အတွက် ဆန်းလျန် ဤလေးညှို့ကို အသုံးပြုခဲ့ဖူးသော်လည်း တကယ်တမ်းတွင် ဆန်းလျန်က ဤလေးညှို့၏ ပိုင်ရှင်အစစ်မဟုတ်ပေ။

မိုးနှင့်မြေ ၊ အတိတ်နှင့်အနာဂတ် ၊ မည်သည့်အချိန် မည်သည့်နေရာပဲ ဖြစ်ပါစေ ဤလေးညှို့ပိုင်ရှင်က တစ်ယောက်တည်းသာ ရှိ၏။

ထိုသူသည်ကား "တာ့ယိ" ပင် ဖြစ်သည်။

ထိုအချိန် နေစကြာတထာဂတဿ သုခဘံတွင် ထွက်ပေါ်လာလေသည်။

သူ့ပုံစံက ကြောက်ရွံ့ထိတ်လန့်လွန်းသဖြင့် လုံး၀ ပြိုလဲကျနေပြီး သူ၏ခေါင်းများကို လက်ဖြင့်ဆုပ်ညှစ်ကာ ကိုင်ထားသည်။

သူ၏နှလုံးသားထဲမှ ကြောက်မက်ဖွယ်ရာ မှတ်ဉာဏ်များ ပြန်လည်ထွက်ပေါ်လာပြီး နေစကြာတထာဂတဿ၏ အသွင်သည် ခြေထောက် (၃)ချောင်းပါသည့် နေစကြာနတ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။

ထို့နောက် ဟိုဟိုဒီဒီ ပျံသန်းရင်း အော်ဟစ်နေလေတော့၏။

ဝန်စူးမယ်တော်နှင့် ဖူရှန်မယ်တော်တို့မှာလည်း နေစကြာတထာဂတဿကိုကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်နေကြသည်။

သူတို့အားလုံး "တာ့ယိ" ဆိုသည့် နာမည်ကို ကြားဖူးကြသည်။ သူတို့အားလုံး "တာ့ယိ" ၏ ဂုဏ်သိက္ခာကိုလည်း လေးစားကြသည်။

"တာ့ယိ" သည် လောက၏ အရှင်သခင်မျိုးဆက်တွင် မည်သူမှ အနိုင်မယူရဲသည့် လေးသည်တော်တစ်ယောက် ဖြစ်၏။ တာ့ယိ၏ နတ်မြားသည် တာအိုဆရာသခင်ကြီးတစ်ပါးကိုပင် နာကျင်စေနိုင်သည်ဟု အဆိုရှိကြသည်။

ထိုအချက်က သက်သေပြရန်တော့ မရှိပေ။ လူအများက တာ့ယိ၏မြားချက် ကြောက်မက်ဖွယ်ရာကောင်းပုံနှင့် ထိတ်လန့်ဖွယ်ကောင်းပုံကို အလွန်အမင်း အတိဿယဝုတ္တိအလင်္ကာဖြင့် ချဲ့ကားပြောဆိုခြင်းလည်း ဖြစ်နိုင်၏။

ချင်တိဧကရာဇ်ကလည်း မိုးကောင်းကင်တံခါးကို ကိုင်ဆောင်ထားလေသည်။ သူ၏တန်ခိုးစွမ်းအားက လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ချင်တိဧကရာဇ်နည်းတူ တန်ခိုးစွမ်းအားများ မြင့်မားလျှက်ရှိသည်။

တာ့ယိကလည်း သူ၏ နတ်လေးညှို့ကို ကိုင်ထားပြီး ဒဏ္ဍာရီဆန်သည့်သူရဲကောင်းတစ်ယောက်အလား လေးကိုခွင်းကာ နတ်မြားကို ပစ်ခတ်တော့မည့်အလား ဖြစ်သည်။

လနတ်သမီးချန်ဝေါ် (ဟန်အယ်)သည်ကား ခေတ်အဆက်ဆက်တွင် နက်ရှိုင်းသည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည့် နတ်သမီးတစ်ပါး ဖြစ်သည်။

သူတို့ (၃)ယောက်သာ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် ရွှမ်တုတောက်ကျွင်းက ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူ ဖြစ်နေသည့်တိုင် မတိုက်ခိုက်သည်ကသာ အကောင်းဆုံးဖြစ်သည်။

လေထုထဲတွင် တန်ခိုးစွမ်းအားများ ပြည့်နက်နေပြီး အချိန်က အလွန်အမင်း နှေးကွေးသွားသည်။

တာ့ယိ၏ မြားချက်က မည်သည့်နေရာက ထွက်ပေါ်လာမည်ကို မည်သူမှ မသိရှိနိုင်ပေ။

ရွှမ်တုတောက်ကျွင်းဖန်ဆင်းထားသ်ည့ ရွှေရောင်တံတားကြီးက နဂါးငွေ့တန်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် တံတားကြီးဖြစ်ပြီး မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီး (၄)ပါးစလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။

တိုက်ပွဲအခြေအနေကို မည်သူမှ မခန့်မှန်းနိုင်ပေ။

သို့သော်… ဆန်းလျန်ထျန်းကျွင်း သုခဘုံမှ ပြန်ထွက်လာလျှင် တိုက်ပွဲလည်း အဆုံးသတ်ပြီ ဖြစ်ကြောင်း အားလုံး သိရှိထားကြသည်။

ကောင်းကင်ဘုံနန်းတော်၏ ဖိအားက အလွန်ကြီးမားလွန်းလှသည်။

သို့သော်… လောကကို တုန်လှုပ်စေသည့် စွမ်းအားကြီးမားသော နတ်ဘုရား (၃)ပါးကို အလျှင်အမြန်သာ အနိုင်ယူတိုက်ခိုက်နိုင်ခြင်း မရှိပါက ရွှမ်တုတောက်ကျွင်းအနေဖြင့် သေချာပေါက် အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ရွှမ်တုတောက်ကျွင်း၏ ဆံပင်များ လေထဲတွင် ပျံ့လွင့်နေသည်။

နက်မှောင်သည့်ဆံနွယ်များ နေရာအနှံ့ပျံ့လွင့်နေပြီး သူ၏မျက်ဝန်းများက တောက်ပသည်ထက် တောက်ပလာသည်။ မျက်ဝန်းများက နေမင်းတစ်စင်းထက်ပင် ပူလောင်လာသည်ဟု ထင်မှတ်ရ၏။

ရုတ်တရက်… နောက်ထပ်နေမင်း (၂)စင်းထွန်းလင်းလာသည့်အလားပင် ခံစားရစေသည်။

"ချွင်ယန်မဟာတာအိုလမ်းစဉ်…"

တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေကြသည့် နတ်ဘုရားများက ထိုစကားကို ရေရွတ်လိုက်ကြသည်။

အခက်အခဲနှင့် အကြီးအကျယ်ရင်ဆိုင်ရသည့်အခါ ရွှမ်တုတောက်ကျွင်းက မိုးကောင်းကင်လမ်းစဉ်ကို အသုံးပြုမည့်အစား သူ၏ ထိပ်တန်းတာအိုတန်ခိုးစွမ်းအားကို အသုံးပြုလိုက်ပြီ ဖြစ်သည်။

သူက ထိုက်ချိယန်ယန်ပန်းချီကားမှ သန့်စင်သည့် ယန်စွမ်းအားကို ဆွဲထုတ်လိုက်ပြီး တာအိုခန္ဓာတစ်ခုကို တည်ဆောက်လိုက်သည်။

တန်ခိုးကြီးနတ်ဘုရား (၃)ပါးဖြစ်သည့် ချင်တိဧကရာဇ် ၊ ချန်ဝေါ်နှင့် တာ့ယိတို့ ခေတ်အဆက်ဆက် ယှဉ်ပြိုင်ခဲ့ကြရသည့် ရန်သူများထဲတွင် ကြောက်မက်ဖွယ်ရာနှင့် အံ့သြဖွယ်ရာ ရန်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။

ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများက အလွန်မြင့်မားနေပြီး ခန့်မှန်းရလည်း ခက်သည်။

သူ့နောက်ဘက်မှ ကောင်းကင်ဘုံ ၊ နတ်ဘုရားနယ်မြေအားလုံးသည် အောက်ခြေသို့ နိမ့်ဆင်းသွားသည်။ ရွှမ်တုတောက်ကျွင်း ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသောကြောင့် ဖြစ်ပေ၏။

သူ၏ ဟန်ပန်က နေမင်းကိုဆုပ်ကိုင်ဖမ်းယူတော့မည့်အလား ၊ တာအိုမဟာလမ်းစဉ်ကို ကိုယ်စားပြုသည့်အလား ၊ ဓမ္မကို ဟောပြောတော့မည့် တာအိုဆရာသခင်ကြီးတစ်ပါးအလား ၊ အတွေးများကိုပင် ပိုင်းခြားခွဲဖျက်ပစ်တော့မည့် နတ်ဘုရားတစ်ပါးအလား ဖြစ်သည်။

"အချုပ်အခြာအာဏာကိုပိုင်တဲ့ အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီး"

"အချုပ်အခြာအာဏာကိုပိုင်တဲ့ အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီး"

"အချုပ်အခြာအာဏာကိုပိုင်တဲ့ အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီး"

"အချုပ်အခြာအာဏာကိုပိုင်တဲ့ အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီး"

"အချုပ်အခြာအာဏာကိုပိုင်တဲ့ အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီး"

ကောင်းကင်ဘုံရှိ မရေမတွက်နိုင်သည့် နတ်ဘုရားများ၏ နှလုံးသားများ ရုတ်တရက် နိုးကြွလာပြီး ရွှမ်တုတောက်ကျွင်း၏ ဂုဏ်ပုဒ်ကို ညီညီညာညာ ရွတ်ဆိုဂုဏ်ပြုလိုက်ကြသည်။

ထောင်ပေါင်းများစွာသော နတ်ဘုရားများ၏ ကြွေးကြော်သံသည် ညီညာဖြဖြ တစ်သံတည်း ထွက်ပေါ်လာခဲ့လေသည်။

နတ်ဘုရားတို့၏ ဝိညာဉ်စွမ်းအားများ ပေါင်းစပ်ပြီး ကောင်းကင်ဘုံသည်ပင် ကြောက်ခမန်းလိလိ တုန်လှုပ်သွားသည်။

ထို့နောက် ကောင်းကင်ထက်တွင် နဂါးများ ပျံသန်းထွက်ပေါ်လာပြီး တိမ်တိုက်များလည်း ခွဲဖြာထွက်သွားကြသည်။ ကောင်းကင်က နက်ရှိုင်းကျယ်ပြန့်နေပြီး ဆူညံသံများ ဖြည်းဖြည်းချင်းထွက်ပေါ်လာလေသည်။

လေးမြတ်ကြည်ညိုဖွယ်ကောင်းခြင်း ၊ ကရုဏာတရားနှင့်ပြည့်ဝခြင်း ၊ မိုးကောင်းကင်ဆန်ခြင်းဆိုသည့် ဂုဏ်သိက္ခာများကို ရွှမ်တုတောက်ကျွင်းထံတွင် တွေ့မြင်နိုင်သည်။

ရှေးခေတ်အချိန်မှ ယခုအချိန်ထိ ရွှမ်တုတောက်ကျွင်းထက် တာအိုတန်ခိုးစွမ်းအားတွင် သာလွန်သူ တစ်ယောက်မှမရှိဟု ဆိုရမည့်အလားပင် ခမ်းနားလွန်းလှသည်။

ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများ တဖြည်းဖြည်းမြင့်တက်လာချိန်တွင် ကောင်းကင်ထက်တွင် ဖန်ကူအလံ ပေါ်လာလေသည်။

ထိုက်ချိယန်ယန်ပန်းချီကားကို ကာကွယ်ရေးအတွက်အသုံးပြုမည်ဆိုလျှင် ဖန်ကူအလံကိုတော့ တိုက်ခိုက်ရေးအတွက် အသုံးပြုရမည် ဖြစ်သည်။

ခေတ်အဆက်ဆက်တွင် ဖန်ကူအလံကို တားဆီးနိုင်သူ မည်သူ ရှိနိုင်ပါမည်နည်း။

ကောင်းကင်ဘုံနန်းတော်မျိုးဆက်သစ်၏ စွမ်းအားကြီးမားမှုကို ခေတ်အဆက်ဆက် ရှေးဟောင်းနတ်ဘုရားများ အံ့အားသင့်စွာဖြင့် ရှုစားလိုက်ကြရသည်။

ထိုမြင်ကွင်းများကြောင့် သူတို့နှလုံးသားထဲတွင် မချိတင်ကဲ ခံစားလိုက်ကြရသည်။

ရွှမ်တုတောက်ကျွင်းနှင့် တာအိုဆရာယွိတင်တို့ (၂)ယောက်ပေါင်းတန်ခိုးစွမ်းအားသည် ပထမမိုးနတ်မင်းနှင့် ဒုတိယမိုးနတ်မင်းတို့ထက် သာလွန်၏။ လောကတွင် သူတို့ကို တားဆီးနိုင်သူဆို၍ တစ်ဦးတစ်လေမှ မရှိပေ။

သို့သော် အဖြေတစ်ခုတော့ ရှိလေ၏။ ထိုအဖြေကလည်း ပို၍ ဝမ်းနည်းစရာ ကောင်းလှသည်။

အချိန်က အမှန်တကယ်ပင် ပြောင်းလဲတော့မည် ဖြစ်သည်။

တောက်ပသည့် လမင်းထက်တွင် လူငယ်လေးသည် လေးနှင့်မြားကိုကိုင်ပြီး ပစ်မှတ်ကို အာရုံစိုက်ထားသည်။

ရွှမ်တုတောက်ကျွင်းနှင့် တာအိုဆရာယွိတင်တို့တွင် မည်မျှ လောကကိုတုန်လှုပ်စေသည့် တန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားပါစေ သူကတော့ သူ့အလုပ်သူ လုပ်ရမည် ဖြစ်သည်။

တန်ခိုးစွမ်းအား အနည်းပါးဆုံးနေရာကို ရှာဖွေလိုက်ပြီး သူ အတိတ်တစ်ချိန်က ပြုလုပ်ခဲ့သည့်အတိုင်း လေးညှို့ကို တင်လိုက်သည်။

ထို့နောက် မြားသည် ဖြောင့်တန်းစွာ ထွက်ခွာသွားပြီး ပြန်လမ်းမရှိတော့ပေ။

ထိုအချိန်ခဏမှာပင် သူ၏အတွင်းစိတ်၏ အေးဆေးတည်ငြိမ်မှုသည် စကြာဝဠာတွင် ရှေးအကျဆုံးနှင့် အမှောင်မိုက်ဆုံး ဖြစ်လေသည်။ လုံး၀ စိတ်အတက်အကျ ပြောင်းလဲခြင်း မရှိပေ။

လူငယ်သည် သေဆုံးပျက်စီးသွားခဲ့ဖူးသည်။ လူငယ်သည် အကြီးအကျယ် ပျက်သုဉ်းခဲ့ဖူးသည်။

သို့သော်… လူငယ်၏ ဝိညာဉ်က ရှင်သန်နေဆဲ ဖြစ်သည်။ လူငယ်သည် ဘဝပေါင်းများစွာလူပြန်ဝင်စားပြီးသည့်တိုင် သူ၏ အသက်ဓာတ်စွမ်းအားက ထိပ်ဆုံးအဆင့်တွင် ရှိနေဆဲပင် ဖြစ်သည်။

သူ၏ အသက်ဓာတ်စွမ်းအားများ ထိပ်ဆုံးအထိ ရောက်နေစေရန် ချန်ဝေါ် (ဟန်အယ်)က ကူညီခဲ့ခြင်း ဖြစ်၏။

နှစ်ပေါင်းများစွာအတွင်း ချန်ဝေါ်သည် ချစ်ခြင်းမေတ္တာဖြင့်ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့သည်။ ထို့နောက် ထိုအရာများအားလုံးကို လူငယ်ထံသို့ နှင်းအပ်ခဲ့သည်။

လပြည့်ဝန်းသည် ယင်စွမ်းအား အပြည့်ဝဆုံး ၊ အကြာရှည်ဆုံးနှင့် ရရှိရန်အခက်ခဲဆုံးဖြစ်သည်။

ထို့ကြောင့် အချိန်တိုအတွင်း လူငယ်သည် မူလအခြေအနေအတိုင်း တန်ခိုးစွမ်းအားများ ပြန်လည်ရရှိလာခဲ့ခြင်း ဖြစ်သည်။

လမင်း၏ တောက်ပသည့်အလင်းရောင်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

လဝန်းသည် တည်ငြိမ်သည့်ရေကန်ပမာ ဂယက်မထ ငြိမ်သက်လျှက် ရှိလေ၏။

ချန်ဝေါ်က မျက်မှောက်ကြုံ့ထားပြီး အဝေးတစ်နေရာသို့ စူးစိုက်ကြည့်နေသည်။ သူမ စကားတစ်ခွန်းမှ မဆိုပေ။

သူမ၏ ခန္ဓာကိုယ်မှ လရောင်ခြည်အလင်းတန်းများ လင်းလက်တောက်ပလာပြီး လေးသည်တော်လူငယ်ကို ကာကွယ်ပေးထားလိုက်သည်။

သူမကိုယ်တိုင်အတွက်ပင် အရေးမစိုက်ဘဲ လူငယ်ကို ကာကွယ်ပေးထားခြင်း ဖြစ်လေ၏။

လေးသည်တော်လူငယ်၏အကြည့်က ရွှမ်တုတောက်ကျွင်းထံတွင်တည်နေပြီး ချန်ဝေါ်၏ အကြည့်ကတော့ ရဲ့လျိုယွင် ထံ၌တည်သည်။

ချင်တိဧကရာဇ် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သူမသိလိုက်သည်။

သူတို့ (၃)ယောက်၏ စုပေါင်းတိုက်ခိုက်မှုကို ရွှမ်တုသည် မကြာခင်မှာပင် ချေမှုန်းပစ်တော့မည်ကိုလည်း သူမ ရိပ်မိလိုက်၏။

ရဲ့လျိုယွင်၏ မျက်နှာက တည်ကြည်လေးနက်နေသည်။

ရဲ့လျိုယွင်က ဘဝအတွေ့အကြုံ အလွန်များပြားသူဖြစ်သည်။ ဆန်းလျန်သည်ပင် သူ့ကို လိုက်မမီနိုင်ပေ။လက်ရှိအချိန်တွင်တော့… ရဲ့လျိုယွင်အနေဖြင့် အန္တရယ်ကို ရင်ဆိုင်တိုက်ခိုက်ရန် အပြင်းအထန် ကြိုးစားရမည် ဖြစ်သည်။

အမှန်တော့ ဤတိုက်ပွဲကို သူရောက်မလာခဲ့လျှင်လည်း ပြဿနာမရှိပေ။ သို့သော်…  သူ ရောက်လာရပေမည်။

သူက ချင်တိဧကရာဇ်ဖြစ်သည့်အတွက် ၊ သူက ရဲ့လျိုယွင် ဖြစ်သည့်အတွက် ၊ သူက ကြီးမြတ်သည့် သူတော်စင်တစ်ပါး ဖြစ်သည့်အတွက် ၊ သူက မာနကြီးသူတစ်ယောက်ဖြစ်သည့်အတွက် သူ့ကတိအတိုင်း ဤတိုက်ပွဲကို တိုက်ခိုက်ရမည် ဖြစ်သည်။

သူ့ခါးတွင်ချိတ်ထားသည့် ခေါင်းလောင်းက ချက်ချင်းပင် ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်။

ကျယ်လောင်သည့် ခေါင်းလောင်းသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး အဆုံးမရှိသည့် မီးခိုးရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက်… အလန်းတန်းများက ကောင်းကင်ဘုံတစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားလေသည်။

စိမ်းပြာရောင်ကောင်းကင်ထက်တွင် ရဲ့လျိုယွင် ထွက်ပေါ်လာသည်။ မိုးကောင်းကင်တံခါးမှ ထွက်ပေါ်လာသည့် တာအိုသင်္ကေတများက အဆုံးမရှိသည့် ဓမ္မတစ်ခုအလား ရဲ့လျိုယွင်ကို လှည့်ပတ်ဝန်းရံထားသည်။

မြင်ကွင်းက အလွန်မှ ကြောက်မက်ဖွယ်ရာ ဖြစ်သည်။

ကြီးမားသည့် စိမ်းပြာရောင် နဂါးကြီး (၂)ကောင် အရှေ့ဘက်ကောင်းကင်ဆီမှ ထွက်ပေါ်လာသည်။ နဂါးကြီးများ အမြီးတစ်ချက် ခါရမ်းလိုက်သည်နှင့် ကောင်းကင်ဘုံနန်းတော် တစ်ခုလုံး တုန်လှုပ်သွားလေသည်။

နဂါးကြီးများက အတောင်ကိုဖြန့်ပြီး တဖျတ်ဖျတ်ခတ်လိုက်သည့်အခါ ရွှေရောင်တံတားကြီးပင် မခံရပ်နိုင်ဘဲ အနည်းငယ် လှုပ်ခတ်သွားသည်။

ထို့နောက်… နဂါးငွေ့တန်း၏အဆုံးမဲ့မြစ်ရေများထဲတွင် လိပ်များ ၊ ခြေလက်အင်္ဂါမပါသော ထူးဆန်းသည့် ရေသတ္တဝါများ ၊ မြွေများထွက်ပေါ်လာလေသည်။ ရေလှိုင်းများ ပြင်းထန်လွန်းသည့်အတွက် ကောင်းကင်ဘဝဂ်ထိတိုက်လာရောက် ရိုက်ခတ်ကြ၏။

ထို့နောက် ကျားဟိန်းသံများထွက်ပေါ်လာကာ ကောင်းကင်ဘုံနန်းတော်မှ များပြားလှစွာသော နတ်ဘုံနတ်နန်း ၊ နတ်ဗိမာန်များ ပေါက်ကွက်ထွက် ၊ ပျက်စီးကုန်ကြလေ၏။

ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရား မည်မျှ ဒဏ်ရာရသွားမည်ကို မည်သူမှ မသိနိုင်ပေ။

ကောင်းကင်ဘုံနန်းတော်တစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားပြီး ရွှမ်တုတောက်ကျွင်း ဒေါသချောင်းချောင်း ထွက်လာသည်။

ချင်တိဧကရာဇ်၏ တိုက်ခိုက်မှုက ဆင်ပြောင် (၄)ကောင်၏ စွမ်းအားအလားပင် ဖြစ်သည်။ ဤသည်မှာ တာအိုဆရာသခင်ထိုက်ယီ၏ ကျင့်စဉ်တစ်ခုဖြစ်သည့် ဆင်ဖြူ (၄)ပါး ကျင့်စဉ်တန်ခိုးစွမ်းအားပင် ဖြစ်သည်။

ထိုတန်ခိုးစွမ်းအားကို မိုးကောင်းကင်တံခါးနှင့်ပေါင်းစပ်လိုက်သည့်အခါ တာအိုဆရာသခင်ထိုက်ယီ လောကသို့ ပြန်လည်ဆင်းကြွလာသည့်အလားပင် ထင်မှတ်ရသည်။

ကောင်းကင်က ပြိုကျပြီး ကြယ်စင်များလည်း အစိတ်စိတ်အမွှာမွှာကွဲကြေကုန်သည်။

ရွှမ်တုက ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ထို့နောက် လက်သီးကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ရိုးရှင်းသည့်လက်သီးချက်ဖြင့် ရဲ့လျိုယွင်ကို ထိုးနှက်လိုက်လေသည်။

ဤသည်မှာ မိုးနတ်မင်း၏ လုံးဝပြီးပြည့်စုံပြီး ခမ်းနားလွန်းသည့် လက်သီးချက် ဖြစ်သည်။

သို့သော်… ရွှမ်တုတောက်ကျွင်း၏ လက်သီးချက်က ရဲ့လျိုယွင်ကို ထိခိုက်မိခြင်း မရှိဘဲ မိုးကောင်းကင်တံခါးကိုသာ ထိမှန်သွားသည်။

ရွှမ်တုတောက်ကျွင်း၏ ထိပ်တန်းအဆင့် ထာဝရစွမ်းအားမြင့်မားသော လက်သီးချက်သည် ကြောက်မက်ဖွယ်ရာ တုန်ခါမှုများကို မရပ်တန့်နိုင်ခဲ့ပေ။

ကျယ်လောင်သည့်ခေါင်းလောင်းသံများ အဆုံးမရှိ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းဆန်သွားသည်။

ရွှမ်တုတောက်ကျွင်း၏ အမြင့်ဆုံးသော ထိုးနှက်ဖျက်စီးခြင်းသည် မိုးကောင်းကင်တံခါးကို အမှန်တကယ် ထိခိုက်နိုင်လိမ့်မည်ဟု မည်သူမှ တွေးထင်မထားခဲ့ကြပေ။

သို့သော်… ရွှမ်တုတောက်ကျွင်း၏ ပြိုင်ဘက်ကင်းတန်ခိုးစွမ်းအားကတော့ လေးစားလောက်စရာပင် ဖြစ်သည်။

ရွှမ်တုတောက်ကျွင်း၏ လက်သီးချက်က မိုးကောင်းကင်တံခါးကို ထိမှန်သွားသည်နှင့် ပြင်းထန်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ထိုပေါက်ကွဲမှုကြီးက တာ့ယိ၏ မြားကို အချိန်ကိုက်ပင် ခုခံကာကွယ်လိုက်သည့်အလား ဖြစ်သွား၏။

ယခုကဲ့သို့သောအခြေအနေမျိုးတွင် တာ့ယိ၏ မြားခက်သည် ရှုတ်ယှက်ခတ်နေသည့် အချိန်နှင့်နေရာကို ကျော်လွန်ကာ ရွှမ်တုတောက်ကျွင်းကို ထိမှန်ရန် မဖြစ်နိုင်တော့ပေ။

ထိုအချိန်ခဏတွင် ရွှမ်တုတောက်ကျွင်းအတွက် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကို ပြုလုပ်ရန် အချိန်အလုံအလောက်ရသွားလေသည်။

သူက ချင်တိဧကရာဇ်ကို ရင်ဆိုင်ရန် ဆန္ဒမရှိပေ။

သို့သော်… ရွှမ်တုတောက်ကျွင်း ကေင်းကင်ထက်သို့ ခြေတစ်လှမ်းချင်း လှမ်းတက်လာသည်။

ထို့နောက် လျှပ်ပြက်သလို ချက်ချင်းပင် တောက်ပနေသည့် လပြည့်ဝန်းရှိရာသို့ ရောက်ရှိသွားလေသည်။

ရွှမ်တုတောက်ကျွင်းက ချင်းတိဧကရာဇ်ကို တိုက်ခိုက်ခြင်းမပြုဘဲ လေးသည်တော်တာ့ယိကို သွားရောက် တိုက်ခိုက်လိုက်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

သို့သော်… ရွှမ်တုတောက်ကျွင်းပြုလုပ်လိုက်သည့်အလှည့်အပြောင်းနှင့် ထိုးထွင်းသိမြင်မှုကို တိုက်ပွဲကို ကြည့်နေသူအားလုံး လေးစားသွားခဲ့ကြသည်။

တာ့ယိသည် မြားမပစ်လျှင်တောင်မှ ပင်ကိုယ်စွမ်းအားက ကြီးမားလွန်းသူ ဖြစ်သည်။

မာနကြီးသည့် တာအိုဆရာယွိတင်ပင်လျှင် တာ့ယိ၏ မြားချက်ကိုတော့ ကြောက်ရွံ့လေသည်။ တာ့ယိ၏ မြားချက်အထိခံရပါက အသက်မသေလျှင်တောင် နာကျင်မှုဒဏ်ကို ထာဝရခံစားသွားရမည် ဖြစ်သည်။

တာအိုဆရာယွိတင်လက်ထဲတွင် ဖန်ကူအလံကို ကိုင်ဆောင်ထားသည်။

ရွှမ်တုတောက်ကျွင်းကတော့ သူ၏တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုကာ တိုက်ခိုက်နေပြီ ဖြစ်သည်။

ထို့နောက်… ကောင်းကင်ထက်တွင် ဖန်ကူအလံက တစ်ချက်ဝှေ့ရမ်းလှုပ်ခတ်သွားပြီး လေထုတစ်ခုလုံး ပြောင်းဆန်သွားသည်။ ဖန်ကူအလံက ရဲ့လျိုယွင်ကို စုပ်ယူဆွဲမြိုလိုက်၏။

ဤသည်မှာတာအိုဆရာယွိတင်နှင့် ရဲ့လျိုယွင်၏ ပြင်းထန်သည့်တိုက်ပွဲ စတင်ခြင်း ဖြစ်သည်။ တာအိုဆရာယွိတင်အနေဖြင့် ရဲကလျိုယွင်ကို အနိုင်ယူနိုင်ပါမည်လား မသေချာပေ။

သို့သော်… ရွှမ်တုတောက်ကျွင်းက ချန်ဝေါ်နှင့် တာ့ယိကို အနိုင်ယူလိုက်နိုင်လျှင် တာအိုဆရာယွိတင်ကိုကူညီပြီး ရဲ့လျိုယွင်ကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ဤသို့ဆိုလျှင် တိုက်ပွဲက ကိစ္စပြတ်သွားပေလိမ့်မည်။

ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားနှင့် တိုက်ခိုက်မှုများကို တွေ့မြင်ရသည်မှာ ဆန်းလျန်ကိုပင် သတိရမိစေသည်။

သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားများက တူညီခြင်း မရှိသော်လည်း အင်အားကြီးမားသည့် ရန်သူများကို တိုက်ခိုက်သည့်အခါ စိတ်ဓာတ်နှင်စွမ်းရည်က အတူတူပင် ဖြစ်သည်။

ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားတစ်ပါး၏ မထီမဲ့မြင်ပြုခြင်းသည် အမှန်တကယ်ပင် ရန်သူအပေါ် မျှော်လင့်ချက်မဲ့စရာ ကောင်းလှ၏။

ရွှမ်တုတောက်ကျွင်းကဲ့သို့ တိုက်ရည်ခိုက်ရည် သိပ်မကောင်းသည့် နတ်ဘုရားတစ်ပါးပင်လျှင် ကစားပွဲတွင် ထိပ်ဆုံးအဆင့်ရောက်သည်အထိ ကစားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဟွင့်ယွမ်ဝူကျီအဆင့်၏ ကြီးမြတ်မှုကို မည်သူမဆို သိရှိခံစားနိုင်သည်။

ရဲ့လျိုယွင်က ပရမ်းပတာ ပြောင်းဆန်နေသည့် လေထုထဲတွင် ရပ်တန့်နေသည်။

သူက အန္တရယ်နှင့်ရင်ဆိုင်ရမည်ကို ကြောက်ရွံ့သူမဟုတ်ပေ။ သူက တာအိုဆရာယွိတင်နှင့်ကို မျက်စိထဲပင် မထားပေ။

ရဲ့လျိုယွင်၏လက်က လျှပ်စီးအလား တောက်ပလင်းလက်လာပြီး တောင်နှင့်မြစ်ရေများ ထင်ရှားထက်ပေါ်လာသည်။ ထိုတန်ခိုးစွမ်းအားက ဆန်းလျန်၏ တောင်နှင့်မြစ်ရေသင်္ကေတဖြင့် ဆင်တူသည်။

ရဲကလျိုယွင်၏ တောင်နှင့်မြစ်ရေသင်္ကေတကို အသုံးပြုဟန်က ဆန်းလျန်ထက်ပင် လှပပြီး ကျက်သရေရှိကာ ဆွဲတောင်မှု ရှိနေသေးသည်။

ပရမ်းပတာဖြစ်နေသည့်လေထုသည် ချက်ချင်းပင် မရေမတွက်နိုင်သည့် ကြောက်မက်ဖွယ်ရာ မရဏဓားဝိညာဉ်များအဖြစ် ပြောင်းလဲသွားပြီး ရဲ့လျိုယွင်၏ တောင်နှင့်မြစ်ရေ သင်္ကေတကို တိုက်ခိုက်လိုက်သည်။

တိုက်ခိုက်မှုက ပြင်းထန်လွန်းသည့်အတွက် နှစ်ဖက်လုံး အမှားမခံရဲကြပေ။

တန်ခိုးစွမ်းအားများစွာ ထွက်ပေါ်လာပြီး လေထုက ပြိုကျပျက်စီးသွားသည်။

ရဲ့လျိုယွင်က လေတစ်ချက်ချွတ်လိုက်သည့်အခါ သူ့ထံမှ နူးညံ့သိမ်မွေ့သည့် စွမ်းအားတစ်ခု မြင့်တက်လာသည်။

ထို့နောက်… သူ၏ဦးခေါင်းထက်တွင် အစိမ်းရောင်တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာပြီး နတ်ဘုရားများစွာကို တုန်လှုပ်ထိတ်လန့်သွားစေသည်။

သန့်စင်သည့်တာအိုအလင်းရောင်များက ရဲ့လျိုယွင်၏ ခန္ဓာကိုယ်တွင် တောက်ပနေပြီး သေခြင်းရှင်ခြင်း လူပြန်ဝင်စားခြင်း လမ်းစဉ်ကို ဖယ်ရှားဖျက်စီးပစ်လိုက်ကာ ထူးခြားသည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

လျှို့ဝှက်ပြီး မြင့်မြတ်သည့်တန်ခိုးစွမ်းအားများ ရောယှက်သွားပြီး ဖန်ကူအလံ၏ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကို ခုခံတိုက်ခိုက်လိုက်သည်။

တာအိုဆရာယွိတင် များစွာ အံ့သြထိတ်လန့်သွားသည်။

သူက ရဲ့လျိုယွင်ကို တိုက်ခိုက်ရန်အတွက် ဖန်ကူအလံကို အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်သည်။

ရဲ့လျိုယွင်က ချင်တိဧကရာဇ် လူပြန်ဝင်စားခြင်း ဖြစ်သော်လည်း တန်ခိုးစွမ်းအားက မြင့်မားလွန်းလေရာ လျှော့တွက်၍ မရနိုင်ပေ။

ချင်တိဧကရာဇ်၏ ယခင်ဘဝနှင့် ယခုဘ၀ တန်ခိုးစွမ်းအားများပေါင်းစပ်ကာ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းနေသည်ဟု ထင်မှတ်ရသည်။

တာအိုဆရာယွိတင်၏ ခန္ဓာကိုယ်အတွင်းမှ ကျောက်ပြားတစ်ချပ် ထွက်ပေါ်လာသည်။

ကမ္ဘာဦးအစ ရှေးကျလွန်းသည့် ယွမ်စီထျန်းကျွင်း၏ တာအိုတန်ခိုးစွမ်းအားများ ထိုကျောက်ပြားထက်တွင် စီးဆင်းနေသည်။

ထိုကျောက်ပြားထက်တွင်ရေးသားထားသည့်စာလုံးမှာလည်း "ယွမ်စီ" ဆိုသည့် စာလုံး (၂)လုံးသာလျှင် ဖြစ်၏။

ရဲ့လျိုယွင်က ထိုကျောက်ပြားကို ကြည့်နေရင်း ရေရွတ်လိုက်သည်။

"ယွမ်စီအထိမ်းအမှတ်ကျောက်စာ…"

***

All Chapters