နတ်ဘုရားသုတ်သင်ဓား
Vol. 10 Ch. 941
ဆန်းလျန်၏ခန္ဓာကိုယ်မှ အလင်းရောင်များ ပိုမိုတောက်ပလာပြီး ကျောက်စာတိုင်က ပိုမိုနက်မှောင်လာသည်။
မှောင်မိုက်သည့်ညနှင့် ထွန်းလင်းနေသည့် လရောင်အလား ဖြစ်၏။
ဆန်းလျန် မျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
တောက်ပနေသည့် မျက်ဝန်းများက အသိဉာဏ်ပညာနှင့်ပြည့်ဝနေပြီး သုံးလောကတစ်ခုလုံးကို ထွင်းဖောက်သိမြင်နေသည့်အလား ဖြစ်လေသည်။ ဆန်းလျန်ထံမှ မည်သည့်အရာမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ယခု ဆန်းလျန်တွင် မှတ်ဉာဏ်များ မရှိတော့ပေ။ သို့သော်… မျက်လုံးကို ဖွင့်လိုက်သည်နှင့် အကြောင်းအရာအားလုံးကို ရှင်းလင်းစွာ သိမြင်နေရသည်။
မျက်တောင်တစ်ချက်ခတ်လိုက်ရုံမျှဖြင့် သူသိချင်သည့်အကြောင်းအရာများအားလုံးကို သိမြင်နေရသည်။
သူ ကျောက်စာတိုင်တွင် ရေးသားထားသည့် စာလုံးများကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့နှှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ခနဲ ပေါ်လာလေ၏။
"လောကကိုသိမြင်တယ်ဆိုတာ ကုသိုလ်တရားပဲ ၊ တန်းတူညီမျှဆက်ဆံတယ်ဆိုတာ သီလပါပဲ ၊ ဟုတ်တယ်မလား…"
ဆန်းလျန် စိတ်ထဲက မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပြီး မေးခွန်းရော အဖြေပါ သူ့စကားထဲတွင် ပါဝင်လေသည်။
ကုသိုလ်တရား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဆန်းလျန်ထက် သိရှိနိုင်သူ လောကတွင် မရှိနိုင်တော့ပေ။
ဤနေရာသို့ ရောက်ရှိလာပြီး တန်ခိုးစွမ်းအားများ အသုံးပြုနိုင်ခြင်း မပြုနိုင်တော့သည့်အခါ ဆန်းလျန်သည် သူ့ကိုယ်သူ လောကီလူ့ဘောင်မှ သတ္တဝါများနှင့် မည်သို့မှ မခြားနားသည်ကို နားလည်သွားလေသည်။
ထိုနားလည်မှုကြောင့် တန်းတူညီမျှမှု ၊ သဘာဝတရားနှင့် သစ္စာတရားတို့ကိ ဆန်းလျန် သိမြင်သွားခဲ့သည်။
မှတ်ဉာဏ်မရှိ ၊ ခံစားချက်မရှိ ၊ အရာအားလုံးမရှိတော့သည့်အခါ သဘာဝကို အမှန်အတိုင်း သိမြင်နိုင်ခဲ့သည်။
ဤသို့ဖြစ်ခြင်းသည် ကြက်သွန်နီကို အခွံနွှာသကဲ့သို့ ဖြစ်သည်။ ကြက်သွန်နီကိုအခွံခွာစဉ်တွင် မျက်ရည်ကျကောင်း ကျစေနိုင်သော်လည်း အခွံနွှာပြီးသွားသည့်အခါ ကျဆင်းခဲ့သည့်မျက်ရည်တို့သည် အချည်းအနှီးသာတည်း။
အရာရာသည် "နတ္ထိ" ။ ထိုအချက်ကပင် အမှန်တရား ဖြစ်၏။
အရာအားလုံးက ဘာမှမဟုတ်သည်ကိုသိရှိလိုက်သည့်အခါ ကိလေသာ မြူမှုံများမှ ကင်းဝေးသွားတော့သည်။
ကျောက်စာတိုင်ကိုကိုင်ပြီး ဆန်းလျန် ဦးတည်ရာမဲ့ လမ်းလျှောက်နေမိသည်။ ဤတစ္ဆေဝိညာဉ်များကိန်းအောင်းရာ မဟာအဝီဇိငရဲမှ ထွက်ခွာသွားနိုင်ရန် ဆန်းလျန် မည်မျှ အချိန်ယူရဦးမည်ကို သူကိုယ်တိုင်လည်း မသိရှိပေ။
သူ့ခြေလှမ်းများက လျှင်မြန်သည်ထက် လျှင်မြန်လာပြီး လေထဲတွင် လွင့်နေသည့်အလား ပေါ့ပါးလျှက်ရှိသည်။
ဆန်းလျန် အလွန်ပျော်ရွှင်နေခဲ့လေသည်။ သူက ကလေးငယ်တစ်ယောက်လို သီချင်းလေးပင်ဆိုညည်းနေမိသေးတော့သည်။
***
ဆန်းလျန်က အလွန်ပျော်ရွှင် စိတ်ဓာတ်တက်ကြွနေသည့်အချိန်တွင် ရဲ့လျိုယွင်ကတော့ စိတ်ပျက်လက်ပျက် ဖြစ်လျှက်ရှိသည်။
ယွမ်စီအထိမ်းအမှတ်ကျောက်စာက သူ့ခန္ဓာကိုယ်ကို ရှေးဟောင်းသားရဲကြီးတစ်ကောင်အလား ဖိနှိပ်ထားသည်။
ထိုအချိန်… ရွှမ်တုတောက်ကျွင်းနှင့် တာ့ယိတို့ ဇနီးမှောင်နှံတိုက်ပွဲ အခြေအနေကတော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြီ ဖြစ်သည်။
တာ့ယိ ပစ်လွှတ်လိုက်သည့်မြားသည် ရွှမ်တုတောက်ကျွင်း၏ ညာဘက်မျက်လုံးထဲသို့ စိုက်ဝင်သွား၏။
ရွှမ်တုတောက်ကျွင်းဆိုသည်က ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားတစ်ပါး ဖြစ်၏။
တာ့ယိက ရွှမ်တုတောက်ကျွင်း၏ မျက်ခုံး (၂)ခုကြားရှိ သွေးကြောဆုံချက်နေရာသို့ ဦးတည်ကာ မြားကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သော်လည်း ရွှမ်တုတောက်ကျွင်းက ရှောင်တိမ်းလိုက်သည့်အတွက် နေရာလွဲချော်ကာ မျက်လုံးကို ထိမှန်သွားခြင်း ဖြစ်သည်။
ရွှမ်တုတောက်ကျွင်း၏ တည်ကြည်သည့် နတ်ဘုရားမျက်လုံးထဲတွင် တာ့ယိ၏ နတ်မြားက စိုက်ဝင်နေလေသည်။ ရွှမ်တုတောက်ကျွင်းက လက်တစ်ဖက်ဖြင့် မြားကို ဆုပ်ကိုင်ထားသည်။
ထိုသို့သာ ဆုပ်ကိုင်ထားခြင်းမရှိပါက မြားတစ်စင်းလုံး သူ့ဦးနှောက်ကို ထွင်းဖောက်သွားမည် ဖြစ်ပြီး သူ၏ စိတ်ဝိညာဉ်သည်လည်း ပျက်စီးသွားမည် ဖြစ်၏။
မြားချက်ထိမှန်ခံထားရသည့် ရွှမ်တုတောက်ကျွင်း၏ ပုံစံမှာ အတော်လေး ရုပ်ဆိုးအကျည်းတန်လှသည်။
သူ့ဘဝတွင် တစ်ခါမှ ထိုမျှလောက် အရှက်ကွဲခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် တာ့ယိနှင့် ချန်ဝေါ်ကိုပညာကောင်းကောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
ရွှမ်တုက နတ်မြားကို သူ့မျက်လုံးထဲမှ ဆွဲထုတ်လိုက်သည်။
မြားနှင့်အတူ သူ၏ မျက်လုံးအိမ်ကြီးပါ ကျွတ်ပါလာလေသည်။တာ့ယိ၏မြားချက်က ရွှမ်တု၏ နတ်ဘုရားခန္ဓာကို ပျက်စီးစေရုံသာမက စိတ်ဝိညာဉ်ကိုပါ ဖျက်စီးပစ်ရန် ဦးတည်ခြင်း ဖြစ်၏။
ချန်ဝေါ်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး လပြည့်ဝန်းပေါ်သို့ ပြန်လည်ဆုတ်ခွာသွားသည်။ ထို့နောက် ခွန်အားများကုန်ဆုံးကာ ယိုင်လဲကျလုနီးပါးဖြစ်နေသည့် လီအော့နျိုကို တွဲထူပေးထားလိုက်သည်။
လီအော့နျို၏မျက်နှာထက်တွင် သာမန်လူသားတစ်ယောက်ပမာ ခံစားချက်များ ထွက်ပေါ်လာပြီး သူက ချန်ဝေါ်ကိုကြည့်ကာ ပြုံးလိုက်လေသည်။
"ချန်ဝေါ်… ကိုယ် မြားမပစ်တာ တော်တော်ကြာနေပြီလေ ၊ အခု မြားပြန်ပစ်တော့ အတော်လေး အားကုန်သွားတယ်…"
ချန်ဝေါ်က သန့်စင်သည့် ထိုက်ယင်းစွမ်းအားများကို တာ့ယိ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်ပြီး ခြောက်သွေ့အားကုန်နေသည့် တာ့ယိ၏ခန္ဓာကိုယ်ကို ပြန်လည် အားပြည့်လာစေသည်။
သူမက တီးတိုးပြောလိုက်သည်။
"စကားတွေအများကြီးမပြောနဲ့ ၊ တန်ခိုးစွမ်းအားတွေပြန်ရအောင် အာရုံစိုက်…"
လီအော့နျိုချက်ချင်းပင် ပါးစပ်ကိုပိတ်ထားလိုက်ပြီး ခါးကို မတ်မတ်ထားလိုက်သည်။
ထိုအချိန်မှာပင် ရွှမ်တုတောက်ကျွင်းက အလွန်အံ့သြစရာကောင်းသည့် အပြုအမုတစ်ခုကို ပြုလုပ်လိုက်သည်။ သူက သူ၏မျက်လုံးအိမ်ကြီးစိုက်ဝင်နေသည့် နတ်မြားကို တစ်ချက်တည်း ဝါးစားကာ မြိုချလိုက်လေ၏။
နတ်မြားထဲတွင် တာ့ယိ၏ ဝိညာဉ်စွမ်းအားများပါဝင်နေသော်လည်း သူက လုံးဝအရေးမစိုက်ပေ။
ထိုကဲ့သို့သော ကျက်သရေမရှိသည့် လုပ်ရပ်မျိုးကိုပြုလုပ်ခြင်းက သူ့တွင် မိုးနတ်မင်းတစ်ပါး၏ အသရေနှင့်ကင်းကွာခြင်းကို ဖော်ပြနေသည်။ ထို့ပြင် သူ၏အပြုအမူက နတ်ဘုရားမဆန်ဘဲ မိစ္ဆာဆန်လွန်းလှသည်။
ထို့နောက် ရွှမ်တုတောက်ကျွင်း၏ နတ်ဘုရားခန္ဓာကြီးက မိုးထိအောင်မြင့်တက်သွားပြီး ဧရာမ နတ်ဘုရားကြီးတစ်ပါး အဖြစ် ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်ကြီးမှာလည်း တောင်တစ်လုံးထက်ပင် ကြီးမားလေသည်။
လောကတစ်ခွင်ရှိ နတ်ဘုရားများမှာ ရွှမ်တုတောက်ကျွင်း၏ ကြီးမားသည့်ယောကျ်ားအင်္ဂါကြီးကိုတွေ့မြင်ရကာ ရှက်ကြောက်သွားမိကြသည်။
ထို့နောက် ဒေါသထွက်နေသည့် ရွှမ်တုတောက်ကျွင်းက မိုးနှင့်မြေကို ကိုင်လှုပ်လိုက်လေရာသန်းပေါင်းများစွာသော သက်ရှိသတ္တဝါများ အသက်ပျောက်ကုန်ကြရသည်။
အလောင်းများ မြေအောက်တွင် နစ်မြုပ်ပြီး ကူရာကယ်ရာမဲ့လျှက်ရှိကြသည်။
မရှိမှုကျေးရွာမှ မရေမတွက်နိုင်အောင်များပြားသည့် နတ်ဘုရားကျောက်ဂူများ ၊ စကြာဝဠာအတွင်းမှ ကြယ်စင်များပင်လဆင် တသိမ့်သိမ့်တုန်လှုပ်နေကြသည်။
လူ့လောကတွင် မီးတောင်များပေါက်ကွဲကုန်ပြီး ငလျှင်များ ၊ ဆူနာမီများ ပြင်းထန်စွာ လှုပ်ခတ်လျှက် ရှိသည်။
လူသားများ တစ်ခါမှပင် တွေးထင်မထားခဲ့သော သဘာဝဘေးအန္တရယ်ဆိုးကြီး ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ရွှမ်တုတောက်ကျွင်းနှင့်အနီးဆုံးတွင် ရောက်ရှိနေသည့် တာ့ယိနှင့်ချန်ဝေါ်မှာတော့ မုန်တိုင်းဗဟိုချက်တွင်ရောက်ရှိနေသည့်အလား ဖြစ်လေသည်။
စွမ်းအားကြီးမားသည့် နတ်ဘုရားတစ်ပါးအတွက်တော့ တာအိုတန်ခိုးစွမ်းအား အနည်းငယ်ကိုပင် ကြီးမားသည့် တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ဤဖြစ်ရပ်က စစ်မှန်သည့်တန်ခိုးစွမ်းအားအကြောင်း သိမြင်စေပြီး တန်ခိုးစွမ်းအားမရှိသည့် လူသားများအတွက် စိတ်ဓာတ်ကျစရာများကို သင်ပြပေးသည်။
ချန်ဝေါ်က လီအော့နျို၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
လီအော့နျိုက တီးတိုးပြောလိုက်သည်။
"နောက်ထပ် (၁၀)စက္ကန့်လောက်ဆိုရင် ကိုယ် နောက်ထပ်မြားတစ်စင်း ထပ်ပစ်လို့ရနိုင်ပြီ…"
ချန်ဝေါ်၏ မျက်နှာက တည်ကြည်လေးနက်နေသည်။
သူမစိတ်ထဲတွင်တွေးနေမိသည်က…
"ကျွန်မတို့မှာ (၁၀)စက္ကန့်တောင် အချိန်ရပါတော့မလား…"
ရွှမ်တုတောက်ကျွင်းက မယုံနိုင်လောက်အောင် တန်ခိုးစွမ်းအားများ မြင့်တက်လျှက်ရှိသည်။ ကံကြမ္မာသည်ပင် သူ၏ခြေဖဝါးအောက်တွင် ဝပ်တွားရသည့် အနေအထားဖြစ်၏။
သူက ကောင်းကင်ဘုံနှင့် သုံးလောကတွင် အမြင့်ဆုံးနတ်ဘုရားတစ်ပါးဖြစ်လာပြီး သူ၏ တန်ခိုးစွမ်းအားမြင့်မားမှုကို စာဖြင့်ရေးကာဖော်ကျူးနိုင်စွမ်းပင် မရှိနိုင်လောက်အောင် နက်ရှိုင်းလျှက်ရှိ၏။
ထို့နောက် ရွှမ်တုတောက်ကျွင်းက ခြေတစ်ချက်စောင့်လိုက်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ပြင်းထန်သည့်လက်သီးချက်က တောက်ပသည့်လပြည့်ဝန်းရှိရာသို့ ဦးတည်သွားလေသည်။
ထိုလက်သီးချက်သာ လပြည့်ဝန်းကို ထိမှန်သွားမည်ဆိုလျှင် ရှေးခေတ်အဆက်ဆက်ကပင် တည်ရှိခဲ့သည့် ရှေးဟောင်းကြယ်စင်ကြီးတစ်ခုဖြစ်သော ထိုက်ယင်းကြယ်စင်ကြီး အပိုင်းပိုင်းကွဲကြေသွားနိုင်လေသည်။
ချန်ဝေါ်တစ်ယောက်တည်းဆိုလျှင်တော့ လွတ်မြောက်အောင် လွတ်လမ်းရှာဖွေနိုင်သည်။
သို့သော်… သူမအနားတွင် တာ့ယိရှိနေသည့်အတွက် သူမက တာ့ယိကိုထားပြီး တစ်ယောက်တည်းထွက်ပြေးရန် ဆုံးဖြတ်မည် မဟုတ်ပေ။
တာ့ယိက လေးညှို့ကို ဒုတိယအကြိမ်တင်လိုက်သည်။
ထို့နောက် နတ်မြားတစ်စင်းက လေးညှို့ထက်တွင် တောက်ပစွာ ထွက်ပေါ်လာသည်။
(၈)စက္ကန့်…။
(၇)စက္ကန့်…။
အချိန် (၆) စက္ကန့်မတိုင်မီ ရွှမ်တုတောက်ကျွင်း၏ ပြင်းထန်သည့်လက်သီးချက်က ထိုက်ယင်းကြယ်စင် လပြည့်ဝန်းရှိရာသို့ ဝင်ရောက်လာတော့သည်။
သို့သော်… လက်သီးချက်မှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ လပြည့်ဝန်းဆီသို့ ပေါက်ကွဲသွားခြင်း မရှိသေးမီ အချိန်လက်မတင်လေးမှာပင် ကောင်းကင်ထက်တွင် ရွှေကွင်းတစ်ကွင်း ထွက်ပေါ်လာလေ၏။
ရွှမ်တုတောက်ကျွင်း၏ မြင့်မားပြင်းထန်လွန်းလှသည့် တန်ခိုးစွမ်းအားကို ရွှေကွင်းလေးတစ်ခုက တားဆီးနိုင်ပါမည်လား။
ရွှေကွင်းက ရွှမ်တုတောက်ကျွင်း၏ လက်သီးကို ထိမှန်သွားပြီး လက်သီးချက်ကို လွဲချော်သွားစေသည်။
လက်သီးချက်က မိုးကောင်းကင်တစ်နေရာကိုထိမှန်သွားပြီး လပြည့်ဝန်းကြီးကို ထိမှန်ခြင်း မရှိတော့ပေ။
ရွှေကွင်းကို ပစ်လွှတ်လိုက်သူမှာ နွားရိုင်းကြီးတစ်ကောင်ဖြစ်၏။
ရွှမ်တုတောက်ကျွင်း၏ လက်သီးချက်ကို တားဆီးပြီးသည်နှင့် ရွှေကွင်းက နွားရိုင်းကြီးထံသို့ ပျံသန်းသွားသည်။ နွားရိုင်းကြီးက ရွှေကွင်းကို ပါးစပ်ဖြင့် ကိုက်ချီလိုက်ပြီး လီအော့နျိုရှိရာသို့ ကဆုန်ပေါက် ပြေးလွှားထွက်ခွာသွားလေတော့သည်။
ထို့နောက် နွားရိုင်းကြီးက ပြုံးလိုက်ပြီး…
"ကျုပ်နောက်လိုက်ခဲ့…"
ဒုတိယမြားချက်က စွမ်းအားပြည့်ဝခြင်း မရှိသေးသော်လည်း လီအော့နျိုက ရွှမ်တုတောက်ကျွင်းထံသို့ ထပ်မံ ပစ်လွှတ်လိုက်သည်။
ထို့နောက် ချန်ဝေါ်၏ လက်ကိုဆွဲကာ လီအော့နျို နွားရိုင်းကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
ထို့နာက် နွားရိုင်းကြီးသည် ကောင်းကင်ထက်သို့ ကဆုန်ပေါက်ပြေးလွှားခုန်တက်သွားပြီး အရှေ့ဘက်ဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
တာ့ယိ၏ ဒုတိယမြားချက်က ရွှမ်တုတောက်ကျွင်းကို ပိတ်ဆို့ထားလိုက်သည်။
သို့သော်… ရွှမ်တုတောက်ကျွင်းက မြားချက်ကို ရှောင်တိမ်းလိုက်ပြီး ကောင်းကင်ထက်သို့ လှမ်းတက်သွားကာ နွားရိုင်းကြီးနောက်သို့ လိုက်သွားလေသည်။
နွားရိုင်းကြီး၏ ခွာများက အာကာသထဲမှ အမှတ်အသားများအတိုင်း ဆက်လက်သွားလာနေပြီး ရှေ့နောက်လှုပ်ရှားကာ အချိန်နှင့်နေရာကို ပြောင်းလဲပစ်နေလေသည်။
ရွှမ်တုတောက်ကျွင်း၏ အင်္ကျီလက်အတွင်းမှ မှော်ဝင်ပစ္စည်းများစွာ ထွက်ပေါ်လာပြီး နွားရိုင်းကြီးကို တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော်… နွားရိုင်းကြီးက ပါးစပ်တွင် ကိုင်ချီထားသည့် ရွှေကွင်းကို ပစ်လွှတ်ပြီး ထိုမှော်ဝင်ပစ္စည်းများအားလုံးကို တစ်ခုပြီးတစ်ခု အသာလေးပင် ရိုက်ထုတ်ပစ်လိုက်သည်။
ရွှမ်တုတောက်ကျွင်း၏ နတ်ဘုရားတန်ခိုးစွမ်းအားများသည်ပင်လျှင် ထိုရွှေကွင်းအပေါ် သက်ရောက်နိုင်ခြင်း မရှိပေ။
ထိုလက်ရွှေကွင်းသည်ကား "ကျင်းကန်းရွှေကွင်း" ပင် ဖြစ်လေ၏။ ကျန်းကန်းရွှေကွင်းသည် ယင်ရှန်းကျွင်းလက်ထဲတွင် ရှိရမည့် ရတနာပစ္စည်းဖြစ်သော်လည်း မည်သို့မည်ပုံ နွားရိုင်းကြီးလက်ထဲသို့ ရောက်သွားသည်လည်း မပြောတတ်ပေ။
တာ့ယိနှင့် ချန်ဝေါ်ကို ကျောထက်တွင် သယ်ဆောင်ကာ နွားရိုင်းကြီးသည် ကောင်းကင်ထက်တွင် ဒရကြမ်း ပြေးလွှားနေသည်ကို နတ်ဘုရားများအားလုံး တွေ့မြင်လိုက်ကြရသည်။
အသစ်စက်စက် မိုးနတ်မင်း ရွှမ်တုတောက်ကျွင်းကတော့ နွားရိုင်းကြီးနောက်သို့ ပြေးလွှားလိုက်ပါလျှက် ရှိ၏။
နွားရိုင်းကြီး၏ ကျောထက်မှ လူငယ်လေးကတော့ လေးညှို့ကိုတင်ကာ မြားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်လျှက် ရှိသည်။ သူက ရွှမ်တုတောက်ကျွင်းကို သေသေချာချာ ရည်ရွယ်ပြီး ပစ်ခတ်ခြင်း မဟုတ်ဘဲ တားဆီးရန်သာ ပစ်ခတ်နေခြင်း ဖြစ်သည်။
နွားရိုင်းကြီးကိုက်ချီထားသည့် ရွှေကွင်းကတော့ ပိုမိုစူးရှတောက်ပနေပြီး ရွှမ်တုတောက်ကျွင်း၏ မှော်ဝင်ရတနာများအားလုံးကို တစ်ခုပြီးတစ်ခု ဖယ်ရှားပစ်နေသည်။
မည်သည့်မှော်ဝင်ရတနာပစ္စည်းမှ ကျင်းကန်းရွှေကွင်း၏ တန်ခိုးစွမ်းအားကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
ရွှမ်တုတောက်ကျွင်းက အလျှော့မပေးဟန်ဖြင့် သူတို့နောက်သို့ တောက်လျှောက်လိုက်ပါလာပြီး တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။
လီအော့နျိုက…
"အစ်ကိုနွားရိုင်းကြီး ၊ ကျွန်တော်တို့ ဘယ်ကိုရောက်နေပြီလဲ…"
နွားရိုင်းကြီးက…
"ညီငယ်လေး ၊ ကျုပ်တို့ ကြယ်စင်ကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာထဲကို ရောက်နေပြီ…"
ထို့နောက် နွားရိုင်းကြီးက ခွာတစ်ချက်ပေါက်ကာ ကောင်းကင်ထက်သို့ ပို၍မြန်ဆန်စွာ ထွက်ခွာသွားပြီး ကြယ်စင်ကောင်းကင်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာလေသည်။
နွားရိုင်းကြီးက ကြယ်စင်ကောင်းကင်ရှိရာသို့ ဦးတည်နေသည်ကို သိလိုက်သည့်အခါ ရွှမ်တုတောက်ကျွင်း အနည်းငယ် မျက်နှာပျက်သွားသည်။
သူ အနည်းငယ်တုံ့ဆိုင်းသွားပြီး ထိုနွားရိုင်းကြီးသည် ထိုက်စန့်လောင်ကျွင်း၏စီးတော်နွားစိမ်းကြီးများ ဖြစ်နေမည်လားဟု တွေးလိုက်မိသည်။
တစ်ချိန်တုန်းက ထိုက်စန့်လောင်ကျွင်းသည် နွားစိမ်းကြီးကို စီးနှင်ပြီး ကြယ်စင်ကောင်းကင်တစ်ခွင် ခရီးနှင်ရင်း ကြယ်စင်ကောင်းကင်၏ ရှေးဟောင်းလမ်းများကို ဖွင့်လှစ်ခဲ့ဖူးသည်။
ထို့ကြောင့်လည်း ထိုက်စန့်လောင်ကျွင်းကို လူသိများခဲ့ကြခြင်း ဖြစ်၏။
ကြယ်စင်လမ်းများက ထူးဆန်းပြီး ရှုတ်ထွေးလွန်းသည်။
အကယ်၍ နွားရိုင်းကြီးက သူ့ကို ကြယ်စင်လမ်းများအတိုင်း ခေါ်ဆောင်သွားပါက ကြယ်စင်ကောင်းကင်တွင် သူ ပိတ်မိနေပြီး တော်တော်နှင့် ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်… ရွှမ်တုတောက်ကျွင်း နွားရိုင်းကြီးနောက်သို့ ဆက်လိုက်သွားလေသည်။
တာ့ယိသည် မိုးနတ်မင်းတစ်ပါးကို သိက္ခာကျအောင် ပြုလုပ်သည်ကို အဘယ်မှာ ခွင့်လွှတ်နိုင်ပါမည်နည်း။
ထို့ပြင်… ဆန်းလျန်၏ အသက်ရှူသံ ဤလောကတစ်ခုလုံးမှ ပျောက်ကွယ်သွားသည်ကို ရွှမ်တုတောက်ကျွင်း ရိပ်မိလိုက်သည်။
ကြည့်ရသည်မှာ ဆန်းလျန်သည် ဤလောကသို့ လွယ်လွယ်နှင့် ပြန်ရောက်မလာနိုင်သည့် လောကတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူ သိရှိလိုက်သည်။
ထို့ကြောင့်… ဆန်းလျန် ဗောဓိပင်ကို ရှာဖွေမည့်ကိစ္စကို သူက တားဆီးနိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။ နောက်ကျသွားပြီ ဖြစ်သည်။
ထို့ကြောင့်… ဆန်းလျန်ကိုတားဆီးမည့်အစား တာ့ယိ၏ လေးပညာတန်ခိုးစွမ်အားကို ရယူရန်ဆုံဖြတ်လိုက်သည်။ တာ့ယိ၏ စွမ်းအားများကို ရယူလိုက်ခြင်းဖြင့် သူနှင့် ယွိတင်အတွက် အကျိုးမယုတ်နိုင်ပေ။
ရွှမ်တုတောက်ကျွင်း ကြယ်စင်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီး တာ့ယိနှင့် နွားရိုင်းကြီးနောက်သို့ ဆက်လိုက်လာလေသည်။
ကောင်းကင်ဘုံနန်းတော်တွင်တော့ လေထုက အဆက်မပြတ် ပရမ်းပတာဖြစ်နေပြီး ပုံစံပျက်ယွင်းမှုဆီသို့ ပြောင်းလဲနေပြီ ဖြစ်၏။
မိုးကောင်းကင်တံခါးသည် အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်နေပြီး တာ့လော်အဆင့် နတ်ဘုရားတစ်ပါးသာလျှင် ထိုမှော်ဝင်ရတနာပစ္စည်းကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
ရဲ့လျိုယွင်မှာလည်း ယွမ်စီကျောက်စာအောက်တွင် ပိတ်မိနေပြီဖြစ်ရာ ယခုအချိန်သည် မိုးကောင်းကင်တံခါးကို သိမ်းပိုက်ရယူရန် အကောင်းဆုံး အနေအထားဖြစ်သည်။
သို့သော်… မည်သူမှ မိုးကောင်းကင်တံခါးကို အရေးတယူမရှိခဲ့ကြပေ။
နတ်မိစ္ဆာအဓိပတိကြီး ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးတို့ပင်လျှင် မိုးကောင်းကင်တံခါးကို ရယူရန် မကြိုးစားကြပေ။
တာအိုဆရာယွိတင်က ချင်တိဧကရာဇ်ကို ထိန်းချုပ်ထားရသည့်အတွက် မိုးကောင်းကင်တံခါးကို မြင်သာမြင်ရ မကြင်ရ ဖြစ်နေလေသည်။
တုန်းဟွာတောက်ကျွင်းကတော့ မိုးကောင်းကင်တံခါးကို ပိုင်ဆိုင်ချင်လွန်းလှပြီ ဖြစ်သည်။ သို့သော်… မည်သူကမှ မလှုပ်ရှားကြသည့်အတွက် သူကလည်း အခြေအနေကို ကြည့်လျှက် ရှိ၏။
ချင်းယွမ်မြောင်တောက်အရှင်ဟု နာမည်ကျော်ကြားသူ ယန်ကျန်းမှာလည်း မိုးကောင်းကင်တံခါးကို ယူငယ်၍ မဖြစ်နိုင်ပေ။
သူက နဂါးငွေ့တန်းမြစ်ကမ်းနံဘေးတွင် ရှိနေပြီး တာအိုဆရာလီချင်းဆွေက သူ့ကိုလှုပ်ရှား၍မရအောင် စောင့်ကြည့်နေသည် မဟုတ်ပါလား။
နောက်ဆုံးတော့ မိုးကောင်းကင်တံခါးသည် ပိုင်ရှင်မဲ့ ထီးထီးကြီး တည်ရှိနေပြီး မည်သူကမှလည်း လာရောက်သိမ်းပိုက်ရဲခြင်း မရှိတော့ပေ။
တာ့လော်အဆင့်နတ်ဘုရားများကလည်း မိုးကောင်းကင်တံခါးကို လျစ်လျူရှုထားကြလေတော့သည်။
***
ထုန်ထျန်းမြစ်က စဉ်ဆက်မပြတ်စီးဆင်းလျှက် ရှိသည်။
အပြာနုရောင်ဝတ်ဆင်ထားသည့် ချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက် မြစ်ကမ်းနံဘေးတွင် လမ်းလျှောက်နေလေသည်။
ထုန်ထျန်းမြစ်တစ်နေရာတွင် ပျောက်ကွယ်နေသည့် "ကျွယ်ရှန်းနတ်ဓား" ရှိသည်ဆိုသည့်အကြောင်းကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဆရာဘိုးဘိုးယွမ်ချင်းက သူမကို ပြောပြခဲ့ဖူးသည်။
"ကျွယ်ရှန်းနတ်ဓား" ဆိုသည်က အခြားမဟုတ်ပေ။ စန့်ချင်တာအိုဆရာသခင်၏ မရဏဓား(၄)လက်တွင် တစ်လက်အပါအဝင်ဖြစ်သည့် "နတ်ဘုရားသုတ်သင်ဓား" ကို ပြောခြင်း ဖြစ်၏။
သို့သော်… သူမ ဤနေရာသို့ အမြဲတမ်းလာရှာနေခဲ့သော်လည်း ယနေ့ထိတိုင် သူမ ထိုဓားကို တွေ့ရှိရခြင်း မရှိသေးပေ။
ထုန်ထျန်းမြစ်သည် ထုန်ထျန်းအရှင်သခင်နှင့် ဆက်စပ်နေလေသည်။ ထုန်ထျန်းအရှင်သခင်ဆိုသည်မှာ စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းပင်ဖြစ်ကြောင်း သူမ ကြားဖူးနားဝရှိထားသည်။
နှစ်ပေါင်းများစွာအတွင်း ထုန်ထျန်မြစ်သို့ လူပေါင်းများစွာ ရောက်ရှိလာပြီး ထုန်ထျန်းအရှင်သခင်နှင့် ပတ်သက်သည့် သဲလွန်စနှင့် အခွင့်အရေးများ ရလိုရငြား လာရောက်ရှာဖွေလေ့ ရှိကြသည်။
သို့သော်… မည်သူမှ ထုန်ထျန်းမြစ်တွင် ထူးခြားမှု တစ်ခုတစ်လေပင် မတွေ့ရှိခဲ့ကြပေ။
ကောလဟလများအရဆိုလျှင်တော့ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်က နတ်ဆေးကိုယ်တော်က သတင်းမှားတစ်ခုကို ပျံ့နှံ့စေခဲ့ပြီး များပြားလှစွာသော နတ်ဘုရားများ ၊ နတ်မိစ္ဆာများ ထုန်ထျန်းမြစ်တွင် အသတ်ခံရကာ အသက်သေဆုံးခဲ့ကြရသည်။
ယခုတော့ကျင့်စူးလက်ထဲတွင် သွေးကျောက်စိမ်းအပိုင်းအစတစ်ခုကို ကိုင်ထားလေသည်။
ဆရာဘိုးဘိုးယွမ်ချင်းက ကျွယ်ရှန်းနတ်ဓားဟုခေါ်သည့် နတ်ဘုရားသုတ်သင်ဓားကို ရှာဖွေရန် ဤသွေးကျောက်စိမ်းက ကူညီပေးနိုင်သည်ဟု သူ့ကို ပြောပြခဲ့သည်။
ဤသွေးကျောက်စိမ်းက သာမန်နေ့များဆိုလျှင် ပုံမှန်ပင်ဖြစ်သည်။ သို့သော်… ထုန်ထျန်းမြစ်နားသို့ရောက်သည်နှင့် ပြောင်းလဲသွားတတ်သည်။
ပုံမှန်ဆိုလျှင် သွေးကျောက်စိမ်းက အနံ့အရသာမရှိပေ။ သို့သော်… သူမ ထုန်ထျန်းမြစ်ကမ်းသို့ ရောက်လာလျှင် ချက်ချင်းပင် သွေးရနံ့များထွက်ပေါ်လာတတ်သည်။
ယနေ့တွင်တော့… အခြားနေ့ရက်များနှင့် မတူညီစွာ သွေးကျောက်စိမ်းမှ ထွက်ပေါ်လာသည့် သွေးရနံ့က ပိုမိုပြင်းထန်နေလေ၏။
ထို့နောက် သွေးရနံ့မှတစ်ဆင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာပြီး ကျင့်စူး၏ မိစ္ဆာခန္ဓာထဲသို့ ထိုးဖောက်ဝင်ရောက်ကာ စိတ်ဝိညာဉ်အတွင်းထဲအထိ ပေါင်းစည်းဝင်ရောက်သွား၏။
ထိုသို့ပေါင်းစည်းဝင်ရောက်သွားသည်နှင့်ကျင့်စူး၏ စိတ်အာရုံထဲတွင် ဓားသိုင်းပညာတစ်ခု ထွက်ပေါ်လာသည်။
ဓားသိုင်းက ရိုးရှင်းပြီး သိုင်းကွက်များက နတ်မိစ္ဆာအဓိပတိနန်းတော်မှ ကျင့်စဉ်များစွာ ၊ ပညာရပ်များစွာထက် သာလွန်လေသည်။
ထိုဓားသိုင်းက လုံး၀ ပြီးပြည့်စုံသည့် ဓားတစ်လက်ကို ရှာဖွေခြင်းဖြစ်ပြီး ကျင့်စူးသည် ချက်ချင်းပင် ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက် ဖြစ်လာခဲ့သည်။
ပြောင်းလဲမှုက လျှို့ဝှက်ပြီး တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။
အချိန်တိုအတွင်းမှာပင် သူမသည် စိတ်အာရုံထဲတွင် အလိုလိုထွက်ပေါ်လာသည့် ဓားသိုင်းပညာကို ကျင့်ကြံအောင်မြင်သွားခဲ့သည်။ သူမ၏ဘဝတွင် တစ်ခါမှမလုပ်ဆောင်နိုင်ဟု ယူဆရသည့် အလုပ်တစ်ခုကို သူမ လုပ်နိုုင်ခဲ့ပြီဖြစ်လေသည်။
ထူးဆန်းသည့် ဓားကွက်များက သူမ၏ စိတ်ထဲတွင် သိုင်းကွက်အပြောင်းအလဲများစွာ ဖြစ်ပေါ်လာပြီး သူမ ဓားသိုင်းကိုပိုမို စိတ်ဝင်စားလာခဲ့သည်။
ထိုစဉ်မှာပင်… သူမ၏ စိတ်အာရုံထဲတွင် ကဗျာတစ်ပုဒ် ထပ်ဟပ်လာသည်။
"ကြေးလည်းမဟုတ် ၊ သံလည်းမဟုတ် ၊ သံမဏိလည်းမဟုတ်…
ရွှီမီစန်းတောင်အောက်မှာ ပုန်းကွယ်ထားတဲ့ အရာတစ်ခု…
ယင်နဲ့ယန်ကို ပြောင်းပြန်မလှန်ဘဲ…
ကိလေသာမီးကို မည်သည့်ရေစင်ကမှ မငြိမ်းသတ်နိုင်…
နတ်ဘုရားဒဏ်ခတ်ဓားကတော့ နတ်ဘုရားများစွာကို သတ်ဖြတ်နိုင်တယ်…
နတ်ဘုရားထောင်ချောက်ဓားကတော့ နတ်ဘုရားတွေကို ထောင်ချောက်ဆင်နိုင်တယ်…
နတ်ဘုရားတန်ခိုးဖျက်ဓားရဲ့ အနီရောင်ဓားရိပ်ဟာ နေရာတိုင်းမှာ လင်းလက်လို့နေတယ်…
နတ်ဘုရားသုတ်သင်ဓားကတော့
အဆုံးမရှိပြောင်းလဲနေပြီး တာ့လော်အဆင့် နတ်ဘုရားကိုတောင်
သွေးပွက်ပွက်စီးဆင်းထွက်စေတယ်…"
နတ်ဘုရားဒဏ်ခတ်ဓား ၊ နတ်ဘုရားထောင်ချောက်ဓား ၊ နတ်ဘုရားတန်ခိုးဖျက်ဓား ၊ နတ်ဘုရားသုတ်သင်ဓားများမှာ စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက် ဖြစ်၏။
နောက်ဆုံးတော့ နတ်ဘုရားသုတ်သင်ဓား မည်သည့်နေရာတွင် ရှိသည်ကို ကျင့်စူးသိရှိသွားပြီ ဖြစ်သည်။
ထုန်ထျန်းမြစ်သည် အဆုံးမရှိ ပြောင်းလဲသွားသည်။
နတ်ဘုရားသုတ်သင်ဓားသည် စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်တွင် အံ့သြစရာအကောင်းဆုံး ဓား (၁)လက် ဖြစ်သည်။ ဓားသည် အမြဲတမ်း အဆုံးမရှိ ပြောင်းလဲနေသည်။
နတ်ဘုရားသုတ်သင်ဓားသည် သတ်ဖြတ်ပစ်နိုင်သည်။ နှစ်မြှုပ်ပစ်နိုင်သည်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်သည်။
ကျင့်စူးက ရုတ်တရက် ရေရွတ်လိုက်သည်။
"ကျွန်မ ပြီးပြည့်စုံတဲ့ ဓားတစ်လက်ကို ရရှိခဲ့ပြီ…"
ရက်စက်ပြင်းထန်ပြီး စူးရှသည့် မရဏအငွေ့အသက်များ သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ထို့နောက် သူမ၏ခါးတွင် အဖြူရောင်အလင်းတန်းတစ်ချက် လင်းလက်သွားသည်။
ထိုအလင်းတန်းက ဓား (၁)လက်ဖြစ်လေသည်။ ဓား၏တန်ခိုးစွမ်းအားက ဒီရေအလား မြင့်မားလွန်းပြီး အလင်းတန်းသည် ကောင်းကင်ထက်သို့ ပင် ထွန်းလင်းလျှက်ရှိကာ ထုန်ထျန်းမြစ်ကိုပင် ဖုံးလွှမ်းသွားလေတော့သည်။
***