ကောင်းကင်ကိုထိုးဖောက်လေသည့်ကျွယ်ရှန်းနတ်ဓား
Vol. 10 Ch. 942
ကျင့်စူးသည် ပိုးအိမ်ကိုထိုးခွဲထွက်သွားသည့် လိပ်ပြာလေးတစ်ကောင်အလား ဖြစ်လေသည်။
အချိန်တိုအတွင်းမှာပင်… သူမသည် အခြားသူများ ဘဝတစ်ခုလုံး ကျင့်ကြံလျှင်ပင် ရရှိရန် ခက်ခဲသည့် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ အံ့သြဖွယ်ရာ ရောက်ရှိသွားခဲ့ပြီး အရာအားလုံးကို နားလည်သိမြင်သွားခဲ့သည်။
ထူးဆန်းသည့် သွေးကျောက်စိမ်းနှင့် ထုန်ထျန်းမြစ်ရေပြင်ကြောင့်သာမက နတ်ဘုရားသုတ်သင်ဓားပညာက သူမ၏ စိတ်ဝိညာဉ်ထဲအထိ ရောက်ရှိသွားခဲ့သောကြောင့် ဖြစ်သည်။
ဤသည်မှာ သူမ တစ်ဘဝလုံး ကျင့်ကြံရန်အတွက် ဆရာဘိုးဘိုးယွမ်ချင်းလမ်းပြပေးသွားသည့် ကျင့်စဉ်လမ်းပင်ဖြစ်သည်။
သို့သော်… ကျင့်စူးသည် ဆရာဘိုးဘိုးယွမ်ချင်း ပြန်လည်မွေးဖွားလာခြင်း မဟုတ်ပေ။ ဆရာဘိုးဘိုးယွမ်ချင်း၏ ပညာများကို အပ်နှင်းခြင်းကို ခံရသူသာ ဖြစ်သည်။
သူမသည် ဆရာဘိုးဘိုးယွမ်ချင်း၏ ကျင့်စဉ်လမ်းကို ဆက်ခံခဲ့ပြီး သူမသည် ကျင့်စူးဖြစ်နေဆဲပင် ဖြစ်သည်။ သူမသည် နတ်ဘုရားသုတ်သင်ဓားသိုင်းကို အားလုံး နားလည်တတ်မြောက်သွားခဲ့ပြီဖြစ်သည်။
ထို့နောက် သူမ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေသည်။
ထုန်ထျန်းမြစ်ရေသည် တကယ်တမ်းတွင် အဆုံးမရှိ ဓားဝိညာဉ်များ စီးဆင်းနေခြင်း ဖြစ်လေသည်။
ကျင့်စူး ကောင်းကင်ဘုံ (၉)ထပ်သို့ ရောက်ရှိလာသည်။
ထုန်ထျန်းမြစ်ရေကလည်း အဆက်မပြတ်မြင့်တက်လာနေသည်။ မိန်းမပျိုတစ်ယောက် ထုန်ထျန်းမြစ်ကမ်းနံဘေးတွင် တရားအလင်းရသွားခဲ့ပြီဆိုသည်ကို လောကကြီးတစ်ခုလုံးက သိရှိလိုက်ကြခြင်း မရှိပေ။
ကျင့်စူးကလည်း ထိုသို့ ဖြစ်သွားလိမ့်မည်ဟု မထင်မိပေ။ နတ်ဘုရားသုတ်သင်ဓားသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် သိမ်မွေ့စွာ လည့်ပတ်လျှက် ရှိသည်။
သူမ ရောက်ရာပေါက်ရာသို့ ပျံသန်းနေမိပြီး သူမ၏နှလုံးသားထဲတွင် ဓားသွား၏ ထက်ရှမှုကို ခံစားနေရသည်။ ထို့နောက်စိတ်မသက်မသာလည်း ခံစားနေရသည်။
ကျင့်စူးသည် သတိမထားမိဘဲ တိုက်ပွဲဖြစ်ပွားနေသည့် ကောင်းကင်ဘုံနန်းတော်ရှိရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
သူမ၏ခန္ဓာကိုယ်မှ ဓားသွားအလား ထက်ရှသည့်အငွေ့အသက်များက ပိုမိုပြင်းထန်လာသည်။ တစ်ချိန်တည်းမှာပင် ထုန်ထျန်းမြစ်ရေပြင်ထက်မှ မရေမတွက်နိုင်သည့် ဓားဝိညာဉ်များက အဖြူရောင်အလင်းတန်းများအဖြစ် ပျံသန်းထွက်ခွာလာကြလေသည်။
ထိုဓားဝိညာဉ်အလင်းတန်းများသည် သန်းနှင့်ချီသည့် မရဏဓားဝိညာဉ်များပင် ဖြစ်သည်။
ထိုဓားဝိညာဉ်များက ကျင့်စူး၏ စိတ်ဝိညာဉ်ကို ပွတ်တိုက်သွားကြသည်။
"ဝေါ… ဝေါ… ဝေါ…"
ထုန်ထျန်းမြစ်ရေ ဒီရေတက်သံများက နဂါးငွေ့တန်းမြစ်ရေ၏ အဆတစ်ရာမက ကျယ်လောင်လွန်းလှသည်။
ရေစက်တစ်စက်တိုင်းသည် ဓားသိုင်းကွက်တစ်ကွက်ဖြစ်ပြီး ကျင့်စူး၏ခန္ဓာကိုယ်သည် ရေထဲတွင် မျောနေသည့်အလား ဖြစ်လေသည်။
ထို့နောက်… ရွှီခနဲ အသံတစ်ချက်ထွက်ပေါ်လာပြီး ကျင့်စူး၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပြင်းထန်ထက်ရှသည့် ဓားရိပ်ဓားငွေ့များ ငြိမ်သက်သွားသည်။
သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် နတ်ဘုရားသုတ်သင်ဓားသည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ထုန်ထျန်းမြစ်ရေမှ မြင့်တက်လာသည့် ဒီရေလှိုင်းများနှင့် ဓားဝိညာဉ်များအားလုံးကို စုပ်ယူလိုက်လေတော့သည်။
ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသူက နဂါးငွေ့တန်းမြစ်ကမ်းနံဘေးတွင် ရပ်နေသည့် ယန်ကျန်းဖြစ်၏။
အံ့သြစရာမြင်ကွင်းကို ငေးမောကြည့်ရင်း ယန်ကျန်း၏ စိတ်ထဲသို့ "ကျွယ်ရှန်းနတ်ဓား" ဟူသည့် စာလုံး (၄)လုံး ဝင်ရောက်လာသည်။
ထိုအချိန်မှာပင်… ကျွယ်ရှန်းနတ်ဓားသည် ပရမ်းပတာဖြစ်နေသည့် လေထုတစ်ခုလုံးကို ခုတ်ပိုင်းပြီး ဖွင့်လှစ်ပစ်လိုက်သည်။
ထက်ရှသည့် ဓားသံတစ်သံ ထွက်ပေါ်လာပြီး ဓားအလင်းတန်းသည် ယွမ်စီအထိမ်းအမှတ်ကျောက်စာထက်သို့ ကျရောက်သွားလေတော့သည်။
ယွမ်စီအထိမ်းအမှတ်ကျောက်စာအောက်တွင် ရဲ့လျိုယွင်မှာ အတွေးများပင်နှေးကွေးနေပြီး တန်ခိုးစွမ်းအားများလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်… ယွမ်စီကျောက်စာကို ပြင်းထန်သည့် ဓားဝိညာဉ်တစ်ခုက ခုတ်ပိုင်းချလိုက်သည်ကို ရဲ့လျိုယွင် ခံစားလိုက်ရသည်။
လောကတွင် ပထမဆုံး ဖြစ်တည်လာသည့် ရှေးအကျဆုံး တာအိုကျောက်စာဖြစ်သော ယွမ်စီကျောက်စာ ကွဲအက်သွားပြီး ကျွယ်ရှန်းနတ်ဓား၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ရဲ့လျိုယွင်ကိုပင် ဖုံးလွှမ်းသွားလေသည်။
အခက်အခဲမှ လွတ်မြောက်ရန် လမ်းစပေါ်လာပြီကို ရဲ့လျိုယွင် သိရှိလိုက်သည်။
တစ်စုံတစ်ယောက်က ယွမ်စီအထိမ်းအမှတ်ကျောက်စာကို မရဏဓားတစ်လက်ဖြင့် ခုတ်ပိုင်းပစ်လိုက်ပြီ ဖြစ်သည်။
ယွမ်စီအထိမ်းအမှတ်ကျောက်စာ ခုတ်ပိုင်းခံလိုက်ရသည့်အတွက် တာအိုဆရာယွိတင် ဒေါသချောင်းချောင်းထွက်သွားသည်။
သူက ဖန်ကူအလံကို ဝှေ့ရမ်းလိုက်ပြီး ကျင့်စူးကို တိုက်ခိုက်လိုက်သည်။
ဖန်ကူအလံမှ ကြီးမားသည့် တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး လှိုင်းလုံးကြီးများ ပြင်းထန်စွာထွက်ပေါ်လာကာ ကျင့်စူးကို ပိတ်ဆို့ထားလိုက်သည်။
ထိုအချိန်မှာပင်… ရဲ့လျိုယွင်က ယွမ်စီကျောက်စာ အက်ကွဲကြောင်းအတွင်းမှ တိမ်တိုက်တစ်စအလားစီးဆင်းထွက်ပေါ်လာလေသည်။
ရဲ့လျိုယွင် ထွက်လာသည်ကို တွေ့လိုက်သည်နှင့် တာအိုဆရာယွိတင်၏ တိုက်ခိုက်မှုက အနည်းငယ်နှေးကွေးသွားသည်။ သူက ကျောက်စာအောက်မှလွတ်မြောက်လာသည့် ရဲ့လျိုယွင်ကို လှမ်းကြည့်လိုက်သည်။
ရဲ့လျိုယွင်၏ပုံစံကတော့ အလွန်မှပင် အေးအေးဆေးဆေး ရှိနေလေ၏။
ထို့နောက်… ရဲ့လျိုယွင်က မိုးကောင်းကင်တံခါးရှိရာသို့ ထွက်ခွာသွားလေသည်။
ကျင့်စူးမှာတော့ ဖြစ်ရပ်များကို နားမလည်ဘဲ စိတ်များရှုတ်ထွေးလျှက် ရှိသည်။
သူမက သူမလက်ထဲမှ ကျွယ်ရှန်းနတ်ဓားကိုတစ်ချက် ၊ ကွဲပျက်နေသည့် ယွမ်စီကျောက်စာကိုတစ်ချက် လှမ်းကြည့်လိုက်ပြီး ထူးဆန်းသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီကို ချက်ချင်းသိလိုက်သည်။
ကျင့်စူးသည် ဓားသိုင်းပညာများအားလုံးကို နားလည်သွားပြီ ဖြစ်လေရာ သူမက ထိပ်တန်းအဆင့် မရဏဓားတစ်လက်ဖြစ်သည့် နတ်ဘုရားသုတ်သင်ဓားကို ကိုင်ဆောင်ကာ လေထုထဲသို့ ခြေတစ်လှမ်းချင်း လှမ်းတက်လိုက်သည်။
နတ်ဘုရားသုတ်သင်ဓားမှ ထူးခြားသည့် အပြောင်းအလဲနှင့် တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ယွမ်စီအထိမ်းအမှတ်ကျောက်စာကို လွှမ်းမိုးအုပ်ဆိုင်းသွားသည်။
ကွဲအက်သွားသည့် ယွမ်စီကျောက်စာကိုတစ်ချက်ကြည့်လိုက်ပြီး တာအိုဆရာယွိတင်က ဖန်ကူအလံကို ထပ်မံဝှေ့ရမ်းလိုက်သည်။ သူ ကျင့်စူးကို သတ်ဖြတ်ပစ်ချင်နေပြီ ဖြစ်သည်။
ဖန်ကူအလံကို ဝှေ့ရမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ လေပြင်းတစ်ချက်တိုက်ခတ်လာသည်။ ထိုလေပြင်းက ကျင့်စူးကို လွင့်ထွက်သွားစေနိုင်သည်အထိ စွမ်းအားပြင်းထန်သည်။
တာအိုဆရာယွိတင်၏ မြင့်မြတ်လှသည့် မှော်ဝင်ရတနာ ဖန်ကူအလံကြောင့် ကျင့်စူး ချက်ချင်းပင် အသက်ပျောက်သွားနိုင်သည်။
သို့သော်… ကျင့်စူးက ယခင်ကနှင့် မတူတော့ပေ။
နတ်ဘုရားသုတ်သင်ဓားကိုကိုင်ဆောင်ထားသည့် ပြိုင်ဘက်ကင်းဓားသမားတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူမ တန်ခိုးစွမ်းအား အားနည်းနေသည့်တိုင် တိုက်ခိုက်မှုစွမ်းရည်ကတော့ မြင့်တက်လျှက် ရှိသည်။
သူမက ကျွယ်ရှန်းနတ်ဓားကို တစ်ချက်ဝှေ့ရမ်းလိုက်လေရာ ဓားဝိညာဉ်က ကောင်းကင်ပြာထက် ပျံသန်းသွားပြီး တိမ်ဆိုင်များနှင့် ကောင်းကင်ပြာပြာကို ထိုးဖောက်သွားသည်။
ဓားချက်ထဲတွင် ကျွယ်ရှန်းနတ်ဓား၏ ပြောင်းလဲခြင်းနှင့် တန်ခိုးစွမ်းအားများသာမက တာအိုမဟာလမ်းစဉ်နှင့် လောကနိယာမတရားများလည်း ပါဝင်လေသည်။
ပိုပြီးကြောက်မက်ဖွယ်ရာကောင်းသည်မှာ ထိုဓားမှ အနတ္တတရား ထွက်ပေါ်လာခြင်း ဖြစ်၏။
တာအိုဆရာယွိတင်သာ ထိုဓားချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိလျှင် ကျင့်စူးကို သတ်ဖြတ်နိုင်လျှင်တောင်မှ သူသည်လည်း ဒဏ်ရာ အပြင်းအထန် ရသွားပေလိမ့်မည်။
ရဲ့လျိုယွင်က မိုးကောင်းကင်တံခါးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်သည်။
သို့သော်… လေထုတစ်ခုက မိုးကောင်းကင်နှင့်နေမင်းကို လွှမ်းခြုံသွားပြီး မိုးကောင်းကင်တံခါးကို တစ်ဖက်မှ ရိုက်ချပြီး တွန်းထုတ်လိုက်သည်။
မိုးကောင်းကင်တံခါးကို ရိုက်ချလိုက်သူမှာ နတ်မိစ္ဆာအဓိပတိကြီးပင် ဖြစ်၏။
နတ်မိစ္ဆာအဓိပတိကြီး စတင်လှုပ်ရှားသည်ကိုတွေ့လိုက်သည်နှင့် တုန်းဟွာတောက်ကျွင်းက တစ်ချက် ပြုံးလိုက်သည်။
"ချင်တိဧကရာဇ်… ဒီနေ့ မင်း ကျရှုံးရမယ့်နေ့ပဲ…"
တုန်းဟွာတောက်ကျွင်းက မိုးကောင်းကင်တံခါးကို လိုချင်လွန်းသော်လည်း သူ့တွင် မိုးကောင်းကင်တံခါးထက် အရေးကြီးသည့်ကိစ္စ ရှိနေလေသည်။
ထို့ကြောင့် သူက မိုးကောင်းကင်တံခါးကို အရေးမစိုက်တော့ပေ။
သူ၏ လက်မှ တောက်ပသည့် ယန်စွမ်းအားမီးတောက်တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်တောက်ပသွားသည်။
ထိုယန်စွမ်းအားမီးတောက်ကို ရေစင်မီးတောက်ဟုလည်း လူသိများကြသည်။
ထိုမီးတောက်က ရဲ့လျိုယွင်ရှိရာသို့ ပြင်းထန်သည့်အရှိန်ဖြင့် ဝင်ရောက်သွားပြီး ရဲ့လျိုယွင်ကို တိုက်ခိုက်လိုက်သည်။
နောက်ဆုံးတော့ တုန်းဟွာတောက်ကျွင်းက သူ၏ သဘောထားအမှန်ကို ဖော်ပြခဲ့ပြီ ဖြစ်သည်။
သူက မိုးကောင်းကင်တံခါးကို ရယူလိုခြင်းထက် ရဲ့လျိုယွင်ကို သတ်ဖြတ်လိုခြင်း ဖြစ်၏။
ယန်ကျန်းလည်း ကြည့်မနေနိုင်တော့ပေ။ ကြည့်နေနိုင်စွမ်းလည်း သူ့တွင် မရှိတော့ပေ။ သူတိုက်ပွဲအတွင်းသို့ ဝင်ရောက်လိုပြီ ဖြစ်သည်။
နဂါးငွေ့တန်းမြစ်ရေများက အလွန်အမင်း မြင့်တက်လာပြီး ယန်ကျန်း၏ ဒူးအထိပင် နစ်မြုပ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။
သို့သော်… တာအိုဆရာလီချင်းဆွေက ယန်ကျန်းကို အေးစက်သည့်အကြည့်ဖြင့် ကြည့်နေလေ၏။
လောကကြီးက အချင်းချင်း သတ်ဖြတ်နေကြပြီး သုဿန်တစပြင်အလား ပရမ်းပတာ ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်… မမျှော်လင့်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နတ်မိစ္ဆာအဓိပတိကြီးသည် မိုးကေင်းကင်တံခါးကို ရယူရန်မကြိုးစားတော့ဘဲ တုန်းဟွာတောက်ကျွင်းဖြင့်ပူးပေါင်းကာ ရဲ့လျိုယွင်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ရဲ့လျိုယွင် ရှိနေသရွေ့ မိုးကောင်းကင်တံခါးကို လွယ်လွယ်နှင့် ရယူနိုင်မည်မဟုတ်သည်ကို နတ်မိစ္ဆာအဓိပတိကြီး သိရှိထားသည်။
ထို့ပြင် မိုးကောင်းကင်တံခါးသည် လွယ်လွယ်နှင့် ထိန်းချုပ်၍ရနိုင်သည့် မှော်ဝင်ရတနာပစ္စည်းတစ်ခု မဟုတ်ပေ။ ရဲ့လျိုယွင်ကတော့ မိုးကောင်းကင်တံခါးကို ထိန်းချုပ်နိုင်သည့်ဗျူဟာကို ကောင်းကောင်းသိသူ ဖြစ်သည်။
ထို့ကြောင့် နတ်မိစ္ဆာအဓိပတိကြီးက မိုးကောင်းကင်တံခါးကို ရယူရန် မကြိုးစားတော့ဘဲ ရဲ့လျိုယွင်ကို အခွင့်အရေးရတုန်း တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
ထို့ပြင်… သူနှင့် ရဲ့လျိုယွင်ကြားတွင်လည်း ရန်ငြိုးအနည်းငယ် ရှိသည် မဟုတ်ပါလား။
နတ်မိစ္ဆာအဓိပတိကြီးက ပေမင်ရေနက်တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ ရဲ့လျိုယွင်ကို တိုက်ခိုက်လိုက်သည်။
တုန်းဟွာတောက်ကျွင်း၏ ကြောက်မက်ဖွယ်ရာ ရေစင်မီးတောက်တန်ခိုးစွမ်းအားကလည်း ရဲ့လျိုယွင်ထံသို့ ဝင်ရောက်လာသည်။
ရဲ့လျိုယွင်မှာ သူတို့ (၂)ယောက်၏ တိုက်ခိုက်မှုကို ကမန်းကတန်းပင် ရှောင်တိမ်းလိုက်ရသည်။
တစ်ချိန်တည်းမှာပင် မနီးမဝေးတစ်နေရာမှ ကျင့်စူးမှာလည်း တာအိုဆရာယွိတင်နှင့် သူသေကိုယ်သေ ပွဲကြမ်းနေလေ၏။
ရဲ့လျိုယွင်က နတ်မိစ္ဆာအဓိပတိကြီးကို ပြောလိုက်သည်။
"ခွန်ဖိန်အနွယ်တော်တွေထဲမှာ ဒီလိုအရည်အချင်းရှိတဲ့သူမျိုးဆိုတာ ခပ်ရှားရှားပဲ ၊ နတ်မိစ္ဆာအဓိပတိကြီးက သူ့ကို ယွိတင်လက်ထဲမှာ အသက်ပျောက်စေတော့မလို့လား…"
"သူက အခု လင်ပေါင်ထျန်းကျွင်းရဲ့ ဓားသိုင်းကို သင်ယူလိုက်ပြီ ၊ ခွန်ဖိန်အနွယ်တော်တစ်ယောက် မဟုတ်တော့ဘူး"
နတ်မိစ္ဆာအဓိပတိကြီးက အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
နတ်မိစ္ဆာအဓိပတိကြီး ထိုစကားကိုပြောလိုက်ချိန်တွင် သူ့ကို တိုက်ခိုက်နေမှုက မဆိုသလောက် အားနည်းသွားသည်ကို ရဲ့လျိုယွင် သတိထားလိုက်မိသည်။
အမှန်တော့ နတ်မိစ္ဆာအဓိပတိကြီးသည် တာအိုဆရာယွိတင်နှင့် ကျင့်စူးတို့၏ တိုက်ပွဲကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။ သူက ပါးစပ်က မည်မျှပင် အပြစ်တင်စေကာမူ ခွန်ဖိန်အနွယ်တော်များ၏ အငယ်ဆုံးမျိုးဆက်ဖြစ်သူ ကျင့်စူးကို အချိန်မရွေး ကယ်တင်နိုင်ရန် အသင့်ပြင်ထားသည်။
ကျင့်စူးအမွေဆက်ခံထားသည့် ကျွယ်ရှန်းနတ်ဓားသည် ဆရာဘိုးဘိုးယွမ်ချင်း လက်ဆင့်ကမ်းပေးသည့် ပညာတစ်ခုဖြစ်သော်လည်း တကယ်တမ်းတွင် လင်ပေါင်ထျန်းကျွင်းနှင့် ဆက်စပ်ပတ်သက်နေလေသည်။
ကျွယ်ရှန်းနတ်ဓားဆိုသည်က စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်း၏ နတ်ဘုရားသုတ်သင်ဓားပင် မဟုတ်ပါလား။
ထို့ကြောင့် ကျွယ်ရှန်းနတ်ဓားနှင့် ယွမ်စီကျောက်စာတိုက်ခိုက်သည့်တိုက်ပွဲသည် လင်ပေါင်ထျန်းကျွင်းနှင့် ယွမ်စီထျန်းကျွင်း၏ တိုက်ပွဲဟုလည်းဆိုနိုင်သည်။
ဤသည်မှာ ရဲ့လျိုယွင်၏ ခန့်မှန်းချက်သာ ဖြစ်၏။ ထိုအချက်က အမှန်တရားနှင့် နီးစပ်နေမည်ကိုလည်း ရဲ့လျိုယွင် စိတ်ပူပန်မိသည်။
ချင်တိဧကရာဇ် ၊ တုန်းဟွာတောက်ကျွင်း ၊ တာအိုဆရာသခင်ထိုက်ယီ ၊ ထိုက်ယိနှင့် လင်ပေါင်ထျန်းကျွင်းတို့သည် တစ်ယောက်တည်းပင် ဖြစ်လေသည်။ သူတို့၏ ဖြစ်တည်မှုက အတူတူပင် ဖြစ်၏။
ယွမ်စီအထိမ်းအမှတ်ကျောက်စာက ရဲ့လျိုယွင်ကို ဖိနှိပ်ထားခဲ့သည်။ ဤသည်မှာ တာအိုဆရာယွိတင်က ချင်တိဧကရာဇ်ကို တိုက်ခိုက်ခြင်းဆိုသည်ထက်ပိုပြီး အဓိပ္ပါယ်ရှိသည်။
ယွမ်စီကျောက်စာသည် ရဲ့လျိုယွင်ကို ဦးတည်ခြင်း ဖြစ်၏။ ရဲ့လျိုယွင်သည် ချင်တိဧကရာဇ်ဖြစ်ပြီး ချင်တိဧကရာဇ်သည် လင်ပေါင်ထျန်းကျွင်းပင် ဖြစ်နေသည် မဟုတ်ပါလား။
ထိုအချက်က ဖြစ်နိုင်သည်လား ၊ မဖြစ်နိုင်ဘူးလားဆိုသည့်အချက်ကို ရဲ့လျိုယွင်လည်း သိပ်တော့မသေချာပေ။ သူ စဉ်းစားကြည့်နေဆဲပင် ဖြစ်သည်။
ဆန်းလျန်ပင်လျှင် ဤအဖြေကို ရှာနိုင်ပါမည်လားဟု ရဲ့လျိုယွင် စိုးရိမ်မိသည်။
နတ်မိစ္ဆာအဓိပတိကြီး၏ တိုက်ခိုက်မှု အားနည်းသွားသည့်အခါ ရဲ့လျိုယွင်က တုန်းဟွာတောက်ကျွင်း၏ ရေစင်မီးတော်ကကို အဓိကထားပြီး ရင်ဆိုင်လိုက်သည်။ သူ အနည်းငယ်လည်း တည်တည်ငြိမ်ငြိမ် ရှိလာသည်။
မိုးကောင်းကင်တံခါး သူ့လက်ထဲ ပြန်ရောက်မလာသေးသည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်သည်။ မဟုတ်ပါက သူ ဤနေရာမှ လျှပ်တပြက်အတွင်း ထွက်ခွာသွားနိုင်ပေလိမ့်မည်။
နတ်မိစ္ဆာအဓိပတိကြီး၏ ပူးပေါင်းတိုက်ခိုက်မှုအားနည်းသွားသည့်အတွက် တုန်းဟွာတောက်ကျွင်းက စိတ်ပျက်သွားခြင်း မရှိပေ။
သူက ထိုက်ချင်တာအိုလမ်းစဉ်ကို လိုက်ခဲ့ပြီး ယန်စွမ်းအားတာအိုမီးတောက်ကို ကျင့်ကြံအောင်မြင်ခဲ့သည့် "မုကုန်း" ဖြစ်သည်မဟုတ်ပါလား။
သူသည် ကောင်းကင်ဘုံနှင့် သုံးလောကတွင် တိုက်ရည်ခိုက်ရည်ရော ၊ တန်ခိုးစွမ်းအားတွင်ပါ ထိပ်တန်းအဆင့်ရှိသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
နတ်မိစ္ဆာအဓိပတိကြီး၏ အနည်းငယ်သော ကူညီတိုက်ခိုက်မှုက ရဲ့လျိုယွင်ကို ရှင်းပစ်ရန်အတွက် အခွင့်အရေး ပိုမိုရရှိစေသည်။
နတ်မိစ္ဆာအဓိပတိကြီးက သူနှင့် ရဲ့လျိုယွင် (၂)ယောက်စလုံးကို နာကျင်စေရန် ဆန္ဒရှိနေသည်ဆိုလျှင်တောင်မှ သူကတော့ ရဲ့လျိုယွင်ကို ရှင်းပစ်ရန်အတွက် နောက်ဆုတ်မည် မဟုတ်ပေ။
သူနှင့် ရဲ့လျိုယွင်…။
သူတို့ (၂)ယောက် ဤလောကတွင် တစ်ယောက်သာ ရှင်သန်ခွင့်ရမည် ဖြစ်သည်။ နောက်မဆုတ်တမ်း ရဲ့လျိုယွင်ကို တိုက်ခိုက်မှသာလျှင် သူ့အတွက် အသက်ရှင်ရန် ကြီးမားသည့်အခွင့်အရေးကို ရရှိမည် ဖြစ်သည်။
ကျင့်စူးကိုင်ထားသည့် ကျွယ်ရှန်းနတ်ဓားမှ အနတ္တတရားထွက်ပေါ်လာပြီး ဓားရောင်သည် သက်တံ့ရောင်အလား ကောင်းကင်ထက်တွင် ဖြာလင်းသွားသည်။
သို့သော်… တိုက်ပွဲကို ဦးဆောင်နေသူကတော့တာအိုဆရာယွိတင်ဖြစ်၏။ သူက အလွန်အမင်း တည်ငြိမ်နေလေသည်။
ယွမ်စီကျောက်စာနှင့် ဖန်ကူအလံ၏ တန်ခိုးစွမ်းအား (၂)ခုပေါင်းစပ်ကာ တာအိုဆရာယွိတင်က တိုက်ခိုက်နေခြင်း ဖြစ်သည်။ ယွမ်စီကျောက်စာက ကွဲအက်သွားသည့်တိုင် တန်ခိုးစွမ်းအားကတော့ မြင့်မားနေဆဲဖြစ်၏။
လေထုသည် တဖြည်းဖြည်း ပရမ်းပတာ ပုံပျက်လာလေသည်။
ကျင့်စူ၏ ဓားချက်များကတော့ အဆက်မပြတ် ပြောင်းလဲနေပြီး တာအိုဆရာယွိတင်ကို တိုက်ခိုက်လျှက် ရှိသည်။
သို့သော်… ပရမ်းပတာလေထုက ကွန်ယက်တစ်ခုအလား ကျင့်စူးကို ပိတ်ဆို့ထားလိုက်လေသည်။ ထို့နောက် ကွန်ယက်က လုံး၀ ပိတ်ဖုံးသွားပြီး ကျင့်စူးသည် ကွန်ယက်ထဲတွင် ပိတ်မိနေလေတော့သည်။
သူမအတွက် လွတ်လမ်းရှိပါမည်လား မသေချာပေ။
***