← Chapters

မိမိကိုယ်သာ ကိုးကွယ်ရာ

Vol. 10 Ch. 944

မိမိကိုယ်သာ ကိုးကွယ်ရာ

Vol. 10 Ch. 944

ဆန်းလျန် သုခဘုံတွင် အချိန်အကြာကြီး မနေခဲ့ရပေ။

သို့သော် သူ့စိတ်ထဲတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ပိတ်မိနေသည်ဟု ထင်မှတ်ခဲ့မိလေသည်။ ခံစားချက်သာ ဖြစ်သည့်အတွက် နှစ်ပေါင်းထောင်နှင့်သောင်းနှင့်ချီအောင် ပိတ်မိနေသည်ဟု သူ ထင်မြင်မိခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ယခုတော့ သူက လုံး၀ လူသစ်တစ်ယောက်အလား တက်ကြွလန်းဆန်းနေခဲ့ပြီ ဖြစ်သည်။

အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့သူတစ်ယောက်ကဲ့သို့ စိတ်ပျက်အားလျော့နေခြင်းမျိုးမဖြစ်ဘဲ အားအင်အပြည့်ဖြင့် ပြင်ပလောကသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုအချက်က ဗောဓိပင်နှင့် ဆက်စပ်နေလေ၏။

ဆန်းလျန် သုခဘုံသို့ရောက်သွားပြီး ဗောဓိပင်ကို မတွေ့ခဲ့ဘူးဟု ဆိုလျှင် အခြားသူများ မယုံမကြည်ဖြစ်ကြပေလိမ့်မည်။ သို့သော်… အစမှအဆုံးတိုင် ဆန်းလျန် ဗောဓိပင်ကို တွေ့ရှိခဲ့ခြင်း မရှိပေ။

သို့သော်… သူ့တွင်ဖြစ်ပေါ်သွားသည့်အပြောင်းအလဲများကတော့ ဗောဓိပင်နှင့် ဆက်စပ်နေမည်လား မဆိုနိုင်ပေ။

ဆန်းလျန်သာလျှင် ထိုအချက်ကို နားလည်ပေလိမ့်မည်။

ဗုဒ္ဓကျမ်းစာထဲတွင် ရှင်းလင်းစွာ ဖော်ပြထားသည်မှာ…

"တည်ရှိမှုအားလုံးသည် ပရမတ်ဖြစ်သည် ၊ သို့သော် ပညတ်များဖြင့် ဖုံးကွယ်ထားသည်"

ဟူ၍ဖြစ်၏။

အမှန်တော့ တာအိုတေချင်ကျမ်းစာထဲတွင်လည်း အလားတူ ဖော်ပြချက်မျိုး ပါရှိသည်။

"အမည်နာမများသည် ပညတ်များဖြစ်၏"

ဟူ၍ဖြစ်၏။

ထိုစကားလုံးများ၏ အနှစ်သာရသည် မြူခိုးတိမ်တိုက်များအလားဖြစ်သည်။

သို့သော်… အမှန်တကယ်တွင် ပညတ်ချက်များကြောင့် ဓမ္မကိုနားလည်ခြင်းအနှစ်သာရ ရှုတ်ထွေးကုန်ကြောင်း ဖော်ပြထားကြသည့်စကားလုံးများဖြစ်၏။

လူအများသည် လောကကြီး ၊ တောင်များ ၊ မြစ်များ ၊ သစ်ပင်များ ၊ အင်းဆက်ပိုးမွှားများ ၊ ငါးများ ကို သိမြင်ကြသည်။ သို့သော်… ထိုအရာများ၏ အမည်နာမများကို ဖယ်ရှားလိုက်သည့်အခါ အနှစ်သာရက မည်သို့ ကျန်ရစ်ခဲ့မည်နည်း။

ထိုအချက်က ရှင်းပြရန် ခက်ခဲလွန်းလှသည်။

ထို့ကြောင့်… တစ်စုံတစ်ယောက်က "ဗောဓိပင်သည် သစ်ပင်မဟုတ်" ဟု ပြောလျှင် တာအိုတရား၏ အနှစ်သာရကို နားလည်သူက ထိုသူပြောသည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်မည်ဖြစ်သည်။

သစ်ပင်ဆိုသည်က အမည်တပ်ထားသည့် ပညတ်ချက်တစ်ခုသာ ဖြစ်သည် မဟုတ်ပါလား။

သုခဘုံတွင် ဆန်းလျန် သစ္စာတရားကို သိမြင်ခဲ့သည်။ ထို့ကြောင့် သူသည် ဗောဓိပင်ကို တွေ့မြင်ခဲ့သည်ဟု ဆိုနိုင်သည်။

ထို့ပြင် တာအိုဆရာသခင်ကြီးများ၏ စရိုက်လက္ခဏာ (၁)ခုကိုလည်း ဆန်းလျန် သိမြင်သဘောပေါက်ခဲ့သည်။ ထိုစရိုက်လက္ခဏာမှာ ဖြစ်တည်မှုများအားလုံး၏ သွင်ပြင်လက္ခဏာ ဖြစ် ၊ တည် ၊ ပျက် ဆိုသည့် အချက်ကို တာအိုဆရာသခင်ကြီးများအားလုံး သိရှိသွားကြခြင်းပင် ဖြစ်၏။

ဗုဒ္ဓက "သက်ရှိများအားလုံးထံတွင် သစ္စာတရားကို သိမြင်နိုင်သည်" ဟု ဆိုခဲ့သည်။

သို့သော် ဗောဓိဘိုးဘိုးကတော့ "သက်ရှိများအားလုံးသည် ဗောဓိဘိုးဘိုးဖြစ်သည်" ဟု ဆိုထားပြန်၏။

ဗုဒ္ဓနှင့် ဗောဓိဘိုးဘိုး (၂)ယောက်လုံးက ဖြစ်တည်မှုအားလုံး၏ အနှစ်သာရကို ပြောခဲ့ကြခြင် ဖြစ်သည်။

ထိုအရာများက သစ္စာတရားပင်ဖြစ်၏။

ကြယ်စင်များ စကြာဝဠာထဲတွင် တည်ရှိကြသည်။ ပန်းသီးသည် မြေပြင်ထက် ကြွေကျနိုင်သည်။ ထိုအရာအားလုံးသည် ဖြစ်တည်မှု၏ အနှစ်သာရများသာ ဖြစ်သည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဆန်းလျန် တာအိုဆရာသခင်ကြီး ဖြစ်လာခဲ့လျှင် "ဖြစ်တည်မှုအားလုံးသည် ဆန်းလျန်ဖြစ်သည်" ဟု ပြောကောင်းပြောပေလိမ့်မည်။

ထို့ကြောင့် ဆန်းလျန်သည် တာအိုဆရာသခင်ကြီးများ အဘယ့်ကြောင့်ခန့်မှန်းရခက်ကြသည်ကို နားလည်သွားခြင်း ဖြစ်၏။

သုခဘုံရှိ ကုသိုလ်တရားကျောက်စာတိုင်ကို ဆွဲနှုတ်ယူပြီးသည့်နောက် ဆန်းလျန်၏နှလုံးသားထဲတွင် တရားအလင်းရကာ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို ခံစားခဲ့ရသည်။

မဟာအဝီဇိငရဲဟုယူဆရသည့် ဘာမှမရှိသည့် နေရာတစ်ခုသို့ ကျရောက်သွားခြင်းကို ဆန်းလျန် ကျေးဇူးတင်ရမည်ဖြစ်သည်။

ထိုနေရာသို့ ကျရောက်သွားသည့်အတွက် ပညတ်ချက်များ၏ ရှုတ်ထွေးမှုများ ၊ အသိဉာဏ်ပညာများ ၊ အမြင်ကန့်သတ်ချက်များ ၊ တာအိုတန်ခိုးစွမ်းအားများ အားလုံးကို ပယ်ဖျက်လိုက်နိုင်ပြီး အရှိကိုအရှိအတိုင်း သိမြင်နိုင်ခဲ့သည်။

မဟုတ်ပါက ဆန်းလျန် တရားအလင်းရရန် လွယ်ကူမည် မဟုတ်ပေ။

ယခုတော့ ဆန်းလျန်၏အတွေးများက ရှင်းလင်းကြည်လင်နေပြီး ပျက်စီးသွားသည့် ထိုက်စု ၊ ထိုက်ကျိ ၊ ထိုက်ယိ စိတ်ဝိညာဉ် (၃)ခုသည် အဆက်မပြတ်ကြီးထွားလာနေသည်။ မူလပုံစံအတိုင်းပြန်လည်ဖြစ်တည်လာရန် အချိန်သိပ်မကြာတော့ပေ။

အမှန်တော့ ယခုအချိန်တွင် ဆန်းလျန်အနေဖြင့် တံခါးပိတ်ကျင့်ကြံမှုကို ပြုလုပ်ပြီး မိုးကောင်းကင်လမ်းစဉ်ကို သုံးသပ်သင့်သည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် ကျင့်စဉ်လမ်းတွင် နောက်ထပ်အဆင့်တစ်ခုသို့ တက်ရောက်သွားနိုင်မည် ဖြစ်သည်။

သို့သော်… သူ မလုပ်နိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော်… တိုက်ပွဲများပြင်းထန်နေပြီး သဘာဝဘေးအန္တရယ်များကို မလွှဲသာမရှောင်သာ ခံစားနေကြရသည့် လူသားများကို ဆန်းလျန် လျစ်လျူမရှုနိုင်သောကြောင့် ဖြစ်လေသည်။

သံသရာကို မကျော်လွန်နိုုင်သေးသရွေ့ အကြောင်းကြောင့်အကျိုး ဖြစ်နေပေဦးမည်။ ထိုသို့ဆိုလျှင် ကိလေသာကတော့ ကုန်ခမ်းဦးမည်မဟုတ်ပေ။

ထို့ကြောင့်… ဆန်းလျန်သည် တာအိုဆရာသခင်ကြီးများ သံသရာကို ကျော်လွန်သွားသည့် ဓမ္မတရားကို နားလည်သဘောပေါက်သွားသည့်တိုင် သူ့အနေဖြင့် လောကီကို မစွန့်ခွာနိုင်သေးခြင်း ဖြစ်သည်။

တာအိုဆရာသခင်ကြီးများ သံသရာကိုကျော်လွန်သွားပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိသွားကြပါသနည်း။ ထာဝရလွတ်မြောက်ခြင်းဆိုသည့်အရာက မည်သည့်အရာဖြစ်ပါသနည်း။ ထိုအချက်များကို ဆန်းလျန် လုံး၀ နားလည်နေပြီ ဖြစ်သည်။

သို့သော်… သူကတော့ လောကထဲတွင် ကြဉ်လည်ပြီး လောကီရေးရာများတွင်ပါဝင်ပတ်သက်ရဦးမည် ဖြစ်သည်။

ဆန်းလျန်သည် ကောင်းကင်ထက်တွင် ပေါ့ပေါးပါးပါးဟန်ဖြင့် မတ်တတ်ရပ်လျှက် ရှိလေသည်။

ပထမမိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော် ၊ ဒုတိယမိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော် ၊ တတိယမိုးနတ်မင်းဟု သူ့ကိုယ်သူသတ်မှတ်ထားသည့် ရွှမ်တုတောက်ကျွင်းတို့ တည်ဆောက်ခဲ့သည့် ကောင်းကင်ဘုံနန်းတော်များသည် မတူညီဘဲ ကွဲပြားကောင်းကွဲပြားပေလိမ့်မည်။

သို့သော်… ထိုအရာများသည် လေးလံသည့် ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်သည်။

နတ်ဘုရားတို့၏ဘုရင် ဖြစ်ရခြင်းထက် ဆိုးရွားသည့်ဘ၀ လောကတွင် မရှိနိုင်တော့ပေ။ ခေတ်အဆက်ဆက် မိုးနတ်မင်းများမှာ အရည်အချင်းရှိသူများဖြစ်ကြသော်လည်း မည်သူမှ စိတ်မချမ်းသာခဲ့ကြပေ။

ရွှမ်တုတောက်ကျွင်းသည် ထိုက်စန့်တာအိုဆရာသခင်၏ လမ်းစဉ်ကို ဆက်ခံခဲ့သူ ဖြစ်သည်။ သို့သော်… သူက အကြင်နာတရားကင်းမဲ့ပြီး ဖြောင့်မတ်သူတစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် သူတည်ထောင်ထားသည့် ကောင်းကင်ဘုံသည် အထီးကျန်ပြီး အေးစက်လျှက် ရှိသည်။

ကောင်းကင်ဘုံနန်းတော်သို့ရောက်လာကြသည့် နတ်ဘုရားများအားလုံး အေးစက်သည့်အငွေ့အသက်ကြောင့် အတိတ်ကိုပင် မေ့ပျောက်လုမတတ် ဖြစ်ကြရသည်။

မည်သို့ပင်ဖြစ်စေ ရွှမ်တုတောက်ကျွင်းက ကောင်းကင်ဘုံကို အုပ်ဆိုးသည့် မိုးနတ်မင်းတစ်ပါးဖြစ်လာပြီး ယခင့်ယခင် မိုးနတ်မင်းများထက်ဆာလျှင် သက်သောင့်သက်သာရှိသည်ဟု ဆိုနိုင်သည်။

ကောင်းကင်ဘုံနန်းတော်ဆိုသည်က အကောင်းအဆိုး ရောထွေးယှက်တင် ရှိနေသည့်နေရာတစ်ခုဖြစ်သော်လည်း လောကတစ်ခွင်ရှိ နတ်ဘုရားများအတွက်တော့ ကောင်းမွန်သည့် နေထိုင်ရာနေရာတစ်ခု ဖြစ်လေ၏။

ရွှမ်တုသည် အထီးကျန်သည်ဆိုသော်လည်း ရက်စက်ကြမ်းကြုတ်သူတစ်ယောက်မဟုတ်ပေ။ သူ ယနေ့ရရှိထားသည့် ကျင့်ကြံခြင်းအဆင့်သည်လည်း လွယ်လွယ်နှင့် ရခဲ့သည် မဟုတ်ပေ။

ဆန်းလျန် ဖြေးညင်းစွာလမ်းလျှောက်နေရင်း သူ၏ရန်သူအကြောင်းကို မျှမျှတတ စဉ်းစားနေမိသည်။ သူ၏ရန်သူကတော့ လောလောဆယ်တွင် သူ့ကို တွေ့မြင်နိုင်မည် မဟုတ်ပေ။

ကောင်းကင်ဘုံနန်းတော်မှ နတ်စစ်သည်များသည် ဆန်းလျန်အတွက်တော့ အသေးအဖွဲအရာများသာ ဖြစ်သည်။ စက္ကူလေးတစ်စကို ဆွဲဖြဲသကဲ့သို့ ဆန်းလျန် ဆွဲဖြဲလိုက်နိုင်သည်။

သို့သော်… သူတို့သည် ဆန်းလျန် ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်လာသည်ကို မသိရှိကြပေ။

တစ်ချိန်တုန်းက မျောက်မင်းစွန်းဝူခုံး ကောင်းကင်ဘုံကို မွှေနှောက်သည်ထက် ဆန်းလျန်က ပို၍ပင် လွှမ်းမိုးမှု ရှိနေလေသည်။

ဘုရင်ရှစ်ပါးနန်းတော်သို့သွားရာလမ်းတွင် ဆန်းလျန်ကို တားဆီးမည့်သူ တစ်ယောက်မှ မရှိပေ။

ဆန်းလျန်က အသက်တစ်ချက်ရှူလိုက်သည်နှင့် ရာနှင့်ချီသည့် နတ်စစ်သည်များ အစိတ်စိတ်အမွှာမွှာကွဲကြေကာ လွင့်စင်ထွက်သွားကြသည်။

ထိုနတ်စစ်သည်များက သက်ရှိလူသားများ မဟုတ်ပေ။

ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားဖြင့် ပဲစေ့များကို နတ်စစ်သည်များအဖြစ် ဖန်ဆင်းထားခြင်းသာ ဖြစ်သည်။

ထိုနတ်စစ်သည်တော်များကို ဖန်ဆင်းရသည့်အကြောင်းရင်းက ကောင်းကင်ဘုံနန်းတော် ပိုမိုခမ်းနားစေရန်နှင့် ထိုက်ယီထျန်းရှန်းအဆင့်နှင့်အထက် နတ်ဘုရားများကို ဝန်ဆောင်မှုပေးရန် ဖြစ်သည်။

နောက်ဆုံး ဆန်းလျန်၏မျက်စိရှေ့တွင် ဘုရင်ရှစ်ပါးနန်းတော်ကို တွေ့မြင်လိုက်ရသည်။

ဘုရင်ရှစ်ပါးနန်းတော်၏ ပတ်ပတ်လည်တွင် ထူးဆန်းသည့်တိမ်တိုက်များဖြင့် ဝန်းရံထားပြီး ထိုနေရာက အထီးကျန် ဆန်လှသည်။ လောကနှင့် သီးခြား ထီးထီးကြီး တည်ရှိနေသည့်အလားပင် ခံစားရစေသည်။

သို့သော်… ဘုရင်ရှစ်ပါးနန်းတော်ကို တည်ထောင်ခဲ့သည့် ထိုက်ချင်တာအိုဆရာသခင် ထိုက်စန့်လောင်ကျွင်းအတွက်တော့ ထိုအရာများက အရေးမပါလှပေ။

ဘုရင်ရှစ်ပါးနန်းတော်ကို ထိုက်စန့်လောင်ကျွင်း တည်ဆောက်ခဲ့ရသည့် အကြောင်းရင်းက အနားယူအပန်းဖြေရန် ဖြစ်လေ၏။ အခြား နက်နဲသည့်အကြောင်းအရာ ဘာတစ်ခုမှ မရှိပေ။

ဆန်းလျန် ဘုရင်ရှစ်ပါးနန်းတော်ထဲသို့ ဝင်ရောက်လာလေသည်။ သို့သော်… ဘုရင်ရှစ်ပါးနန်းတော်သို့ ဝင်ရောက်ရသည်က သုခဘုံသို့ ဝင်ရောက်ရသည်ထက်ပင် ခက်ခဲသေး၏။

ဤသည်မှာ ထိုက်စန့်လောင်ကျွင်းက အော်မီတော်ဖူဗုဒ္ဓထက် တန်ခိုးစွမ်းအားမြင့်မားသောကြောင့် မဟုတ်ပေ။ သံသရာကို ကျော်လွန်သွားကြသည့် ထိပ်တန်းအဓိပတိကြီး (၂)ပါး၏ ပင်ကိုယ်စရိုက်နှင့် ဆုံးဖြတ်ချက်များ မတူညီသောကြောင့် ဖြစ်သည်။

အော်မီတော်ဖူဗုဒ္ဓက အခြားသူများအတွက် အမြဲတမ်း တံခါးဖွင့်လက်ကမ်းကြိုဆိုရန် အဆင်သင့်ဖြစ်နေသော်လည်း ထိုက်စန့်လောင်ကျွင်းကတော့ အိုဟောင်းအထီးကျန်သည့်နေရာကို အမြဲတမ်း တံခါးပိတ်ထားချင်သူ ဖြစ်သည်။

ထို့ကြောင့် သူတို့ (၂)ယောက် ဖန်ဆင်းခဲ့သည့်အရာများက အလိုအလျှောက် ကွဲပြားနေကြခြင်းသာ ဖြစ်တော့၏။

ဘုရင်ရှစ်ပါးနန်းတော်ထဲတွင်… တာအိုဆရာယွိတင်က ယန်ကျန်းကို ပြောလိုက်သည်။

"ဒီနေရာက ထိုက်စန့်တာအိုဆရာသခင်ရဲ့ နေရာပဲ ၊ နန်းတော်တံခါးပိတ်လိုက်ပြီဆိုတာနဲ့ ဆန်းလျန် လွယ်လွယ်နဲ့ ဝင်လို့မရနိုင်ဘူး ၊ ကျုပ်တို့ ရွှမ်တုတောက်ကျွင်းပြန်လာတဲ့အထိ အချိန်ဆွဲထားလို့ရတယ်…"

ယန်ကျန်းက ဆရာဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်သည်။

ထိုစကားကိုပြောလိုက်သော်လည်း တာအိုဆရာယွိတင်ကိုကြည့်ရသည်မှာ သိပ်ပြီး ယုံကြည်ချက်ရှိဟန် မတူပေ။

ယန်ကျန်းက စိတ်ထဲမှ တွေးလိုက်သည်။

"ဆရာဦးလေးရွှမ်တုမှာ ယိချီစန်းချင်တန်ခိုးစွမ်းအားရှိပေမယ့် ဘုရင်ရှစ်ပါးနန်းတော်ကို ပိတ်ထားလိုက်ရင်တောင် ဆန်းလျန်ကို ခဏပဲ တားဆီးထားနိုင်မှာ…"

ရှေးအချိန်ကတည်းကပင် တာအိုဆရာသခင်ကြီးများ၏ ဂုဏ်သရေနှင့်ခမ်းနားမှုသည် ဝါဒ (၃)ခုနှင့် ထိုဝါဒ (၃)ခုနောက်သို့ လိုက်ကြသည့် တပည့်သားမြေးများရင်ထဲတွင် အမြစ်တွယ်နေကြလေသည်။

(ဝါဒ (၃)ခု -三教 (san jiao) ဆိုသည်မှာ ကွန်ဖြူးရှပ်ဝါဒ ၊ တာအိုဝါဒနှင့် ဗုဒ္ဓဝါဒကို ပြောခြင်းဖြစ်ပါသည် - ဘာသာပြန်သူ)

စန်းရှောင်းနတ်သမီး (၃)ဖော်သည် စန့်ချင်တာအိုဆရာသခင်၏ တပည့်များဖြစ်ကြသည်။ သို့သော်… အရာအားလုံးကို ဆက်ခံနိုင်ခွင့် မရှိခဲ့ကြပေ။

ထို့နောက်တွင်တော့ တာအိုဆရာသောပေါင်သည် ဗုဒ္ဓ၏ အမွေဆက်ခံသူလည်းဖြစ်သလို စန့်ချင်တာအိုဆရာသခင်၏ ပညာအမွေကိုလည်း ဆက်ခံခဲ့သည်။

မည်သို့ပင်ဖြစ်စေ… တာအိုဆရာသခင်ကြီးတစ်ပါး၏ မျက်လုံးထဲတွင်တော့ လူသား ၊ နတ်ဘုရား အရာအားလုံးက ပုရွက်ဆိတ်များအဖြစ်သာ ရှိကြသည်။

ထို့ကြောင့် မိုးနှင့်မြေတွင် စကားတစ်ခွန်းပေါ်လာသည်။

"မည်မျှတော်ပါစေ တာအိုဆရာသခင်ကြီးများ၏ မျက်စိထဲတွင်တော့ ပုရွက်ဆိတ်မျှသာ ဖြစ်သည်" ဟူ၍ ဖြစ်၏။

ဘုရင်ရှစ်ပါးနန်းတော် တည်ဆောက်ထားပုံက အလွန်မြင့်မားပြီး အရံအတားများဖြင့် ပြည့်နေသည်။

သို့သော် ဆန်းလျန်ကိုတော့ ထိခိုက်စေနိုင်ခြင်းမရှိသည်မှာ ပြောစရာပင် မလိုပေ။ တားဆီးထားသည့်အရာ တစ်ခုပြီးတစ်ခုသည် ဆန်းလျန်အတွက်တော့ ပြဿနာမရှိပေ။

ယန်ကျန်းနှင့် တာအိုဆရာယွိတင်တို့ နန်းတော်ထဲသို့ ရောက်လာစဉ်က သူတို့ ခိုင်မာသည့် ဆုံးဖြတ်ချက်များကို ချခဲ့ကြသည်။ သို့သော် ယခုတော့ သူတို့ (၂)ယောက်လုံး စိုးရိမ်ပူပန်နေကြပြီ ဖြစ်သည်။

ထို့နောက် သူတို့နားထဲတွင် ရေစီးဆင်းသံတစ်သံကို ကြားလိုက်ရသည်။ အစပိုင်းတွင် ညင်သာသော်လည်း နော်ကပိုင်းတွင်တော့အသံက ပိုမိုကျယ်လောင်လာသည်။

ဘုရင်ရှစ်ပါးနန်းတော်ကြီးတစ်ခုလုံး တုန်ခါလာပြီး အဓိကခန်းမဆောင်ကြီးအတွင်းတွင်တောက်ပနေသည့် မီးအိမ် (၂)ခု တဖြည်းဖြည်း အလင်းရောင် မှိန်ဖျော့သွားသည်။

ရေစီးဆင်းသံကို ဖုံးလွှမ်းသွားနိုင်ခြင်း မရှိသော်လည်း တာအိုဆရာယွိတင်နှင့် ယန်ကျန်းတို့၏ နားထဲတွင် ရှည်လျားသည့် တာအိုကဗျာတစ်ပုဒ်ကို ကြားလိုက်ရသည်။

"ကျွမ်းချွဲ့ရဲ့ ကဗျာထဲက တံငါလှေကလေး…

တံငါသည်ဟာ လှေထက်မှာ

ခမောက်ကိုဆောင်းပြီး ငါးမြှားတံကို ကိုင်ဆောင်ထား…

လှေငယ်ဟာ အပြာရောင်ရေထဲမှာ သွားလာရင်း…

ကမ်းခြေများစွာမှာလည်း ရပ်နားခဲ့…

သူက အတိတ်ကလို တံငါသည်တစ်ယောက် မဟုတ်တော့ပါ…

လောကရဲ့ကံကြမ္မာကိုဖုံးကွယ်ပြီး သီလကိုနားလည်လာ…

အရာရာတိုင်းတွင် မိမိသည်သာ အဓိကပါ…

မိမိကိုယ်သာ ကိုးကွယ်ရာ…

မိုးကောင်းကင်၏အလိုတော်နှင့် မသက်ဆိုင်ပါ…"

ကဗျာရွတ်သံသည် နက်ရှိုင်းပြီး တာအိုမဟာလမ်းစဉ်ကို ဖော်ကျူးနေလေသည်။

မည်သည့်အခါမှ မမေ့နိုင်တော့မည့် ကဗျာတစ်ပုဒ်ပင် ဖြစ်၏။

ကဗျာ၏ နောက်ဆုံးအပိုဒ်ဖြစ်သည့် …

"အရာရာတိုင်းတွင် မိမိသည်သာ အဓိကပါ…

မိမိကိုယ်သာ ကိုးကွယ်ရာ…

မိုးကောင်းကင်၏အလိုတော်နှင့် မသက်ဆိုင်ပါ…"

ဆိုသည့်နေရာအရောက်တွင် ပုံရိပ်တစ်ခု ပေါ်လာလေသည်။

ထိုပုံရိပ်မှာ "ဆန်းလျန်သည် လောကီဒုက္ခပင်လယ်ထဲတွင် လှေလေးတစ်စင်းဖြင့် အထီးကျန်စွာ ရွက်လွှင့်နေပြီး သူ့ပုံစံ အေးဆေးသက်သာ ရှိလှသည်။

မုန်တိုင်းက မည်မျှပြင်းထန်ပါစေ ဆန်းလျန်၏ လှေငယ်ကိုတော့ ထိခိုက်နိုင်ခြင်း မရှိပေ။"

ထိုပုံရိပ်သည် ဒီရေလှိုင်းများနှင့်အတူ မျောပါလာပြီး ယန်ကျန်း၏ စိတ်နှလုံးကို တုန်ခါသွားစေလေသည်။

***

All Chapters