သံသရာပင်လယ်
Vol. 10 Ch. 945
တာအိုဆရာယွိတင်၏မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားလေသည်။
တာအိုဆရာယွိတင်၏ ကျင့်ကြံခြင်းအဆင့်နှင့် တန်ခိုးစွမ်းအားများက ယန်ကျန်းထက် များစွာသာလွန်သည်။ သူ ကျင့်ကြံခဲ့သည့် ကျင့်စဉ်များကလည်း ယွမ်စီထျန်းကျွင်းထံမှ လက်ဆင့်ကမ်းခဲ့သည့် ပညာများ ဖြစ်သည်။
ထို့ကြောင့် ဆန်းလျန် ဘုရင်ရှစ်ပါးနန်းတော်ကို ထိုးဖောက်တိုက်ခိုက်လိုက်သည့် တန်ခိုးစွမ်းအားမှာ မည်သည့်တန်ခိုးစွမ်းအားဖြစ်သည်ကို ချက်ချင်းပင် သိရှိလိုက်သည်။
ထိုတန်ခိုးစွမ်းအားသည် ဆန်းလျန်၏ ကိုယ်ပိုင်တာအိုတရားဖြစ်လေသည်။ ဆန်းလျန်အသုံးပြုလိုက်သည့် ထိုတန်ခိုးစွမ်းအားကို တစ်စုံတစ်ယောက်က အမည်ပေးမည်ဆိုလျှင် "သံသရာပင်လယ်" တန်ခိုးစွမ်းအားဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။
ကျယ်ပြန့်သည့် လောကကြီးက ကိလေသာမြူမှုံများကြားတွင် လည်ပတ်လျှက်ရှိပြီး အချိန်နှင့်ကံကြမ္မာကလည်း ရောယှက်လျှက်ရှိသည်။ ထိုလောကကြီးကို သံသရာပင်လယ်ဟု ခေါ်ခြင်းဖြစ်ပြီး သတ္တဝါအနန္တတို့သည် သံသရာပင်လယ် ၊ ဒုက္ခပင်လယ်ထဲတွင် နစ်မြုပ်လျှက် ရှိကြသည်။
သို့သော်… ဆန်းလျန်ကတော့ သံသရာပင်လယ်ကြီးထဲတွင် အေးအေးဆေးဆေး ရွက်လွှင့်နေခဲ့လေသည်။ ဤသည်က အယူအဆမှဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအားဖြစ်ပြီး ထိုတန်ခိုးစွမ်းအားဖြင့် ထိပ်တန်းအဆင့် ဘုရင်ရှစ်ပါးနန်းတော်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
တာအိုဆရာသခင်ကြီးများကတော့ ဒုက္ခသံသရာမှ ကျော်လွန်သွားကြပြီ ဖြစ်သည်။
သို့သော်… တာအိုဆရာသခင်ကြီးများ ဖန်ဆင်းခဲ့ကြသည့် အရာဝတ္ထုများကတော့ သံသရာတွင် ကြဉ်လည်နေကြဆဲ ဖြစ်၏။
ဘုရင်ရှစ်ပါးနန်းတော်သည်လည်း ထိုက်စန့်တာအိုဆရာသခင်ဖန်ဆင်းခဲ့ပြီး သံသရာထဲတွင် ကျန်ရစ်ခဲ့သည့် နန်းတော်ကြီးတစ်ခုဖြစ်လေသည်။
ထိုနန်းတော်ကြီးသည် ယနေ့တော့ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။
ဘုရင်ရှစ်ပါးနန်းတော် စတင်ဖြစ်တည်လာကတည်း ထိုမျှပြင်းထန်သည့်တိုက်ခိုက်မှုမျိုးကို တစ်ခါမှ ရင်မဆိုင်ခဲ့ရဖူးပေ။
ယခုတော့ သမိုင်းတစ်လျှောက် တစ်ခါမှမပျက်စီးခဲ့ဖူးသော ဘုရင်ရှစ်ပါးနန်းတော်သည် ဆန်းလျန်ကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ထိုသို့သောတိုက်ခိုက်မှုသည် ထိုက်စန့်တာအိုဆရာသခင်အပေါ် မလေးမစား လုပ်ခြင်းသာ ဖြစ်ပြီး ရှေးခေတ်အချိန်အခါတစ်လျှောက်လုံး ထိုသို့ပြုလုပ်ရဲသူ တစ်ယောက်မှ မရှိပေ။
ဆန်းလျန်ကတော့ ဘုရင်ရှစ်ပါးနန်းတော်ကို အချိန်တိုအတွင်း ဖျက်စီးပစ်လိုက်နိုင်သည့် ပထမဆုံးသော နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
ဆန်းလျန်တွင် ကြီးမားသည့်အရှိန်အဟုန်ကိုပိုင်ဆိုင်ပြီး သူလုပ်ချင်ရာလုပ်နိုင်သူ ဖြစ်သည်။
နောက်ဆုံးတော့ ဆန်းလျန်သည် ဘုရင်ရှစ်ပါးနန်းတော်ရှိရာသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
တာအိုဆရာယွိတင် ဆုံဖြတ်ချက်ခိုင်မာစွာချလိုက်ပြီး ဘုရင်ရှစ်ပါးနန်းတော်တံခါးကို ဖွင့်လိုက်လေ၏။
ထိုအခါ… ပင်လယ်ရေများသည် ဘုရင်ရှစ်ပါးနန်းတော်အတွင်းသို့ ဒရကြမ်း စီးဆင်းဝင်ရောက်လာပြီး ဘုရင်ရှစ်ပါးနန်းတော်အတွင်းမှ တာအိုတန်ခိုးစွမ်းအားများအားလုံးကိုစုပ်ယူပစ်လိုက်လေသည်။
ထိုအချိန်မှာပင်… နန်းတော်ထဲတွင် တိမ်တိုက် (၃)ခု ဖြစ်တည်လာပြီး ထိုတိမ်တိုက်များက တာအိုဆရာ (၃)ပါး အဖြစ် အသွင်ပြောင်းလဲသွားသည်။
ထိုတန်ခိုးစွမ်းအားမှာ "ယိချီစန်းချင်" တန်ခိုးစွမ်းအားပင် ဖြစ်သည်။
ယိချီစန်းချင်ကျင့်စဉ်မှာ ထိုက်စန့်လောင်ကျွင်း တီထွင်ထားခဲ့သည့် တန်ခိုးစွမ်းအားကျင့်စဉ် (၁)ခုပင် ဖြစ်သည်။ ယိချီစန်းချင်ကျင့်စဉ်မှ ထွက်ပေါ်လာသည့် ကိုယ်ခွဲ (၃)ခုသည် မတူညီသည့် တန်ခိုးစွမ်းအား (၃)မျိုးကို ထုတ်ဖော်ပေးမည် ဖြစ်သည်။
ယိချီစန်းချင်ပညာကို ကျင့်ကြံအောင်မြင်သွားပါက ထိုက်ချင် ၊ စန့်ချင် ၊ ယွိချင်ဆိုသည့် တာအိုဆရာသခင်ကြီး (၃)ပါး၏ တန်ခိုးစွမ်းအား (၃)ခုကို ပိုင်ဆိုင်သည့် ကိုယ်ခွဲ (၃)ခု ထွက်ပေါ်လာမည် ဖြစ်သည်။
တစ်ချိန်တုန်းက ရွှမ်တုတောက်ကျွင်းကို ကွမ်ရင်မယ်တော် ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် မျောက်မင်းစွန်းဝူခုံးတို့ ဝိုင်းဝန်းတိုက်ခိုက်ကြစဉ်က ထိုတန်ခိုးစွမ်းအားကို ရွှမ်တုတောက်ကျွင်း တစ်ကြိမ် အသုံးပြုခဲ့ဖူးသေးသည်။
သို့သော်… ထိုစဉ်က ရွှမ်တုတောက်ကျွင်းသည် ယိချီစန်းချင်တန်ခိုးစွမ်းအားကို အောင်မြင်ခြင်း မရှိသေးပေ။
ယခုလည်း ရွှမ်တုတောက်ကျွင်းသည် ယိချီစန်းချင်တန်ခိုးစွမ်းအားကို အောင်မြင်ခြင်းမရှိသေးသည့်တိုင် အဆင့်အနည်းငယ် မြင့်တက်လာအောင် ကျင့်ကြံနိုင်ခဲ့သည်။
ဤသည်ပင်လျှင် အလွန်မှ အံ့သြစရာကောင်းလှပြီး ရွှမ်တုတောက်ကျွင်း၏အရည်အချင်းကို ပြသနေခြင်းပင် ဖြစ်တော့သည်။
ရွှမ်တုတောက်ကျွင်းက ဆန်းလျန်နှင့် တိကျန်ဗောဓိသကျကို လျှပ်တပြက် ရင်ဆိုင်ရန်အတွက် ဘုရင်ရှစ်ပါးနန်းတော်တွင် ဤတန်ခိုးစွမ်းအားကို အရံအတားအဖြစ် ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။
ဘုရင်ရှစ်ပါးနန်းတော်ထဲတွင် တာအိုဆရာသခင်ကြီးများ၏ အငွေ့အသက်များဖြင့် ပြည့်နက်နေလေသည်။
ယွိချင်တာအိုဆရာသခင်၏ လက်ထဲတွင် အနီရောင်ပုတီးတစ်ကုံးကို ကိုင်ထားသည်။
သူက ပုတီးကုံးကို လေထဲသို့ ပစ်လွှတ်လိုက်သည့်အခါ ပုတီးစေ့များက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဘုရင်ရှစ်ပါးနန်းတော်ထဲမှ လေထုတစ်ခုလုံး ဖရိုဖရဲပြိုကွဲ ပျက်စီးသွားလေသည်။
ထို့နောက် ထိုက်ချင်တာအိုဆရာသခင်က ရွှေရောင်တံတားကြီးတစ်ခုကို ဖန်ဆင်းလိုက်သည်။
ယန်ကျန်းနှင့် တာအိုဆရာသခင်ယွိတင်တို့သည် မီးအိမ်များကို ကိုယ်စီကိုင်ဆွဲကာ ဖရိုဖရဲဖြစ်နေသည့် လေထုနှင့် ကင်းလွတ်ရာနေရာသို့ ရှောင်တိမ်းလိုက်သည်။
စန့်ချင်တာအိုဆရာသခင်၏ မျက်နှာကတော့ တည်ကြည်လေးနက်နေပြီးသူ၏လက်ထဲတွင် ကျောက်စိမ်းကျိုင်းတံကို ကိုင်ဆောင်ထားလေသည်။
ထိုကျောက်စိမ်းကျိုင်းတံက လောကကြီးကို အချိန်မရွေး ရိုက်ချလိုက်တော့မည့်အလား ထင်မှတ်ရသည်။
အချိန်တိုအတွင်းမှာပင် ဘုရင်ရှစ်ပါးနန်းတော်တစ်ခုလုံး ရေများဖြင့်ဖုံးလွှမ်းသွားပြီး မြုခိုးများဖြင့် ဖုံးလွှမ်းသွားလေသည်။
သံသရာပင်လယ်ပြင်က အဆုံးမရှိစီးဆင်းနေပြီး နန်းတော်ကြီးတစ်ခုလုံးက တုန်လှုပ်နေလေသည်။
ယိချီစန်းချင်းတန်ခိုးစွမ်းအားသည် သိပ်ပြီး ကြာရှည်ခံမည် မဟုတ်သည်ကို ဆန်းလျန် သိရှိလေသည်။ သို့သော်… ရွှမ်တုတောက်ကျွင်းသာ ပြန်ရောက်လာပါက ဆန်းလျန် ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ရပေမည်။
ဆန်းလျန်သည် ကြမ်းခင်မပါသည့် လှေငယ်ထက်တွင် ရွက်လွှင့်လာပြီး ရွှေရောင်တံတားကြီး အနီးအပါးသို့ ရောက်ရှိလာသည်။
တာအိုဆရာသခင်ကြီး (၃)ပါးက သူ့ရှေ့တွင် ရှိနေလေသည်။ တာအိုဆရာသခင်ကြီးများက နေရာတိုင်းတွင် ရှိနေမည့်ဟန် ဖြစ်သည်။
ရွှေရောင်တံတားထက်တွင် ယန်ကျန်းလက်တွင် မီးအိမ်တစ်လုံးကိုကိုင်ထားပြီး တာအိုဆရာယွိတင်လက်ထဲတွင်လည်း မီးအိမ်တစ်လုံးကို ကိုင်ထားသည်။
မီးအိမ်များက ဖရိုဖရဲဖြစ်နေသည့် လေထုအရှိန်ဖြင့် လှုပ်ရှားနေကြပြီး ထိုမီးအိမ် (၂)ခုနောက်ကွယ်တွင် မရေမတွက်နိုင်သည့် လျှို့ဝှက်ချက်များ ပြည့်နက်လျှက် ရှိသည်။
တာအိုဆရာယွိတင်၏လက်ထဲတွင် ကိုင်ထားသည့် မီးအိမ်က ရောင်စုံဖန်သားဖြင့်ပြုလုပ်ထားသည့် မီးအိမ်တစ်ခု ဖြစ်သည်။ ထိုမီးအိမ်က ကျောက်စိမ်းဝိညာဉ်နန်းတော်မှ မီးအိမ် ဖြစ်လေ၏။
ယန်ကျန်း၏လက်ထဲတွင် ကိုင်ထားသည့်မီးအိမ်ကတော့ ဘုရင်ရှစ်ပါးနန်းတော်မှ မီးအိမ် ဖြစ်သည်။
ဆန်းလျန်က သူ့ကို ခြိမ်းခြောက်နေဟန်ရှိသည့် တာအိုဆရာသခင်ကြီး (၃)ပါးကို အရေးမစိုက်ပေ။ မီးအိမ် (၂)ခုကိုသာ စူးစိုက်ကြည့်နေလေသည်။
တာအိုဆရာယွိတင်၏ဘဝတွင် ဆန်းလျန်၏မျက်ဝန်းများကဲ့သို့ စူးရှလွန်းလှသည့် မျက်ဝန်းများကို တစ်ခါမှ မတွေ့မြင်ဖူးပေ။ ရှည်လျားစွာနေထိုင်ခဲ့ရသည့် ဘဝတစ်လျှောက်လုံးတွင် ဓားသွားပမာထက်ရှနေသည့် ထိုမျက်ဝန်းမျိုးကို ယခုတစ်ကြိမ်သာ တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ဆန်းလျန်က ဓားနတ်ဘုရားတစ်ပါးမဟုတ်ပေ။ သို့သော်… သူ့ထံမှထွက်ပေါ်နေသည့် ထက်ရှသည့်ဓားငွေ့အသက်များကတော့ မရဏဓားတစ်လက်အလား ဖြစ်လေသည်။
ဆန်းလျန်နှင့်ယှဉ်လျှင် သူက ဘာမှမဟုတ်သည်ကို တာအိုဆရာယွိတင် သိရှိလိုက်သည်။ ဆန်းလျန်က ကြီးမြတ်ခမ်းနားသူတစ်ယောက်ဖြစ်ပြီး သူကတော့ ဘာကောင်မှ မဟုတ်ပေ။
သူက ရွှေရောင်တံတားထက်မှ ဆန်းလျန်ကို ငုံ့ကြည့်နေသည့်တိုင် ဆန်းလျန်၏ ကြီးမြတ်ခြင်းက မြင့်မားလျှက် ရှိနေသည့်အလားခံစားနေရသည်။
ထိုခံစားချက်ကြောင့်ပင် သူ ဆန်းလျန်ကို ရင်ဆိုင်တိုက်ခိုက်ရန် မဝံ့မရဲဖြစ်နေတော့သည်။ ဆန်းလျန်နှင့် တိုက်ခိုက်ခဲ့လျှင်လည်း တိုက်ပွဲက နိုင်ချေမရှိပေ။
တာအိုဆရာယွိတင်၏ စိတ်ထဲတွင် ဒွိဟများဖြစ်နေသည်။
ဖန်ကူအလံသည် သူ့ဘဝတစ်လျှောက်လုံး တန်ခိုးစွမ်းအားများကို ပေးအပ်ခဲ့သည့် ရတနာပစ္စည်းတစ်ခု ဖြစ်သည်။ သို့သော်… ယခုတော့ ဖန်ကူအလံကလည်း သူ့ကို ယုံကြည်ချက်လေးတစ်ခုတစ်လေပင် မပေးနိုင်တော့ပေ။
မှော်ဝင်ပစ္စည်းများအပေါ် မှီခိုအားထားခြင်းက ပင်ကိုယ်တန်ခိုးစွမ်းအားလောက် အရေးမပါသည်ကို တာအိုဆရာယွိတင် နောက်ဆုံးတော့ နားလည်ခဲ့ပြီ ဖြစ်သည်။
ဖန်ကူအလံ ၊ ထိုက်ချိယင်ယန်ပန်းချီကား အစရှိသည့် မှော်ဝင်ပစ္စည်းများက အမှန်တကယ်ပင် လူတစ်ယောက်၏ တန်ခိုးစွမ်းအားကို ဖော်ထုတ်နိုင်ခြင်း မရှိပေ။
တာအိုဆရာယွိတင်သည် စိတ်ဓာတ်အကျကြီးကျလျှက် ရှိလေတာ့သည်။
သူ၏စိတ်ဓာတ်ကျမှုများက တပည့်ဖြစ်သူ ယန်ကျန်းဆီသို့လည်း ကူးဆက်သွားသည်။ ယန်ကျန်းလည်း စိတ်ဓာတ်ကျစ ပြုလာလေသည်။
သို့သော်… ရုတ်တရက်ပင် ယန်ကျန်း၏ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်သွားပြီး စိတ်အားထက်သန်မှုများ ပြန်လည်ရရှိလာသည်။
သူက ရှုတ်ထွေးပြီး အဓိပ္ပါယ်မဖော်နိုင်သည့်အကြည့်တစ်ချက်ဖြင့် ဆရာဖြစ်သူကို ကြည့်လိုက်လေသည်။
သူ ဂရုတစိုက်ဖြင့် ပညာသင်ကြားပေးလာခဲ့သည့် တပည့်ဖြစ်သူ၏ မျက်ဝန်းထဲတွင် စိတ်ဓာတ်ကျခြင်းများကို တာအိုဆရာယွိတင် မတွေ့မြင်ရပေ။
သူတွေ့မြင်လိုက်ရသည်က ဘယ်တော့မှ အရှုံးမပေးသည့် ရဲ့စွမ်းသတ္တိနှင့် အကြွင်းမဲ့ စိတ်ဓာတ် ဖြစ်လေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားများက မြင့်မားလွန်းသည်။ သို့သော်… ယန်ကျန်းကတော့ အောင်မြင်ခြင်း ၊ ရှုံးနိမ့်ခြင်းများကို အလေးမထားတော့ပေ။
အတိတ်တစ်ချိန်က စစ်နတ်ဘုရားဟု ဂုဏ်သရေမြင့်မားခဲ့သည့် သူ၏ ဂုဏ်သိက္ခာများကို ယန်ကျန်း ပြန်လည်ရယူလိုက်ပြီး မီးအိမ်ကို ကိုင်မြှောက်လိုက်သည်။
မီးအိမ်မှ တောက်လောင်နေသည့်မီးတောက်က သူ၏နှလုံးသားထဲအထိ စီးဆင်းဝင်ရောက်သွားသည့်အလား ထင်မှတ်ရသည်။
ဘုရင် (၈)ပါးနန်းတော်၏ မီးအိမ်က သူ့နှလုံးသားထဲတွင် ခွန်အားပြည့်ဝလာစေရန် ထောက်ပံ့ပေးသည်။
ချက်ချင်းပင်… ယန်ကျန်း ရွှေရောင်တံတားကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး ဆန်းလျန်ကို စတင်တိုက်ခိုက်လိုက်လေတော့သည်။
ယန်ကျန်း၏ တိုက်ခိုက်မှုက မည်သူမှ မျှော်လင့်မထားသည့် တိုက်ခိုက်မှုဖြစ်သည်။
မီးအိမ်မှထွက်ပေါ်နေသည့် အလင်းရောင်ကြောင့် ယန်ကျန်း၏ခန္ဓာကိုယ်တွင် အလင်းရောင်မှိန်မှိန်လေး တောက်ပနေသည်။
ယခုတစ်ကြိမ်တိုက်ခိုက်မှုက ယန်ကျန်း၏ လုပ်ရပ်နှင့် ရဲစွမ်းသတ္တိသည် မမှားယွင်းကြောင်း လူအများကို သင်ပြပေးနေသည့်အလား ဖြစ်လေသည်။
ဆန်းလျန် ရွက်လွှင့်လာသည့် ကြမ်းခင်းမရှိသည့်လှေငယ်နှင့် (၁၀)ပေအကွာသို့ ယန်ကျန်း ရောက်ရှိလာသည်။ ထိုအကွာအဝေးလောက်က နတ်ဘုရားများအတွက် ဝေးသည်ဟု မဆိုသာပေ။
သို့သော်… ထိုအကွာအဝေးကို ဖြတ်ကျော်ရန်မှာ လူ့လောကမှ သာမန်လူတစ်ယောက်အတွက်တော့ အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။
ဆန်းလျန်က လက်များကို ဒီအတိုင်းဘေးသို့ ချထားပြီး မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်ပေ။
ယန်ကျန်း၏ လှုပ်ရှားမှုက ဥက္ကာပျံတစ်စင်းထက်ပင် မြန်ဆန်ပြီး မီးအိမ်မှ ထွက်ပေါ်နေသည့်အလင်းရောင်ပင်လျှင် ယန်ကျန်းလောက်လျှင်မြန်ခြင်း မရှိပေ။
ယန်ကျန်း၏ လက်ဝါးရိုက်ချက်က ချက်ချင်းပင် (၁၀)ပေအကွာအဝေးကို ဖြတ်သန်းဝင်ရောက်သွားလေသည်။
ချက်ချင်းပင် သံသယာပင်လယ်တစ်ခုလုံး လှိုင်းများထန်သွားသည်။
ထိုအချိန်မှာပင်… ဆန်းလျန်၏ ခန္ဓာကိုယ်မှ အလင်းရောင်တစ်ချက်ဖြာလင်းထွက်ပေါ်လာသည်။
အချိန်၏မျက်နှာပြင်က ရှည်လျားကွေ့ကောက်သွားပြီး ယန်ကျန်း၏ လက်ဝါးရိုက်ချက်ကို ဆန်းလျန်က ကာကွယ်ထားလိုက်သည်။
လက်ဝါးရိုက်ချက်က နှေးကွေးသွားခြင်း မရှိသော်လည်း အချိန်ကို ဆွဲဆန့်လိုက်ခြင်း ဖြစ်သည့်အတွက် လက်ဝါးရိုက်ချက်က ဆန်းလျန်ထံသို့ ကျရောက်လာခြင်း မရှိတော့ပေ။
အချိန်သည် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တိုင်းတွင် အရေးပါသည့် အရာဖြစ်သည်။
အချိန်ကို ထိတွေ့ကိုင်တွယ်၍ မရနိုင်သလို မြင်လည်း မြင်နိုင်စွမ်းမရှိကြပေ။ သို့သော်… သက်ရှိများအားလုံးက အချိန်၏ တည်ရှိမှုကို နားလည်ပြီး တန်ဖိုးလည်း ထားကြသည်။
ဆန်းလျန်ကဲ့သို့သာ အချိန်ကို လိုသလိုကစားနိုင်လျှင် လူသားများ၏ စိတ်ကူးအိပ်မက်ကို ကျော်လွန်သွားနိုင်လေသည်။
ဆန်းလျန်သည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသည့်အလား ယန်ကျန်းခံစားလိုက်ရသည်။
ယန်ကျန်းရှိနေသည့်လောကသည် ပန်းချီကားတစ်ချပ်အလားဖြစ်ပြီး ဆန်းလျန်ကတော့ ပန်းချီဆရာဖြစ်လေသည်။
ယန်ကျန်း မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားပါစေ သူက ဆန်းလျန်၏ စုတ်ချက်တင်ခံထားရသည့် ပုံရိပ်တစ်ခုသာ ဖြစ်သည်။
ယန်ကျန်းက ဆန်းလျန်ကို အထင်ကြီးနေမိသောကြောင့် ဘက်လိုက်သည့်အတွေးကို တွေးမိသည်လား မဆိုနိုင်ပေ။
လက်ရှိအချိန်တွင် ဆန်းလျန်သည် သံသရာကို ကျော်လွန်သွားပြီး လူ့လောကထဲတွင် တည်ရှိနေသည့် ပုဂ္ဂိုလ်တစ်ယောက်နှင့် ဆင်တူနေသည်။
ဆန်းလျန်၏ပုံစံက အခြားသူများအားလုံးထက် မြင့်မားနေပြီး တာအိုတရား၏ အဆုံးသတ်ကို တက်လှမ်းနိုင်ရန် နီးစပ်နေပြီ ဖြစ်သည်။
ယန်ကျန်းလက်ထဲတွင် ကိုင်ဆောင်ထားသည့် ဘုရင်ရှစ်ပါးနန်းတော်မှ မီးအိမ်က အလင်းရောင်များဖြာလင်းထွက်ပေါ်နေသည်။
အလင်းရောင်များက ယန်ကျန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားပြီး ယန်ကျန်းကိုကြည့်ရသည်မှာ စိတ်ရှုတ်ထွေးနေပုံရသည်။
ထို့နောက် သိပ်သည်းသည့်တန်ခိုးစွမ်းအားတစ်ခုက ယန်ကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ထိုတန်ခိုးစွမ်းအားက အံ့သြဖွယ်ကောင်းပြီး မပျက်စီးနိုင်သည့် စွမ်းအားတစ်ခုဖြစ်သည်ကို ယန်ကျန်းခံစားလိုက်ရသည်။
ယန်ကျန်း၏လက်ထဲတွင် နှစ်ဖက်သွားသုံးမြှောင့်ဓား ထွက်ပေါ်လာလေသည်။ ထိုဓားအတွင်းသို့ ဘုရင်ရှစ်ပန်းနန်းတော်၏ မီးအိမ်မှ တန်ခိုးစွမ်းအားများ စီးဆင်းဝင်ရောက်သွားသည်။
ဘုရင်ရှစ်ပါးနန်းတော်မှ မီးအိမ်သည် လောကရှိ အခြားသောမှော်ဝင်ပစ္စည်းများနှင့် မတူညီဘဲ ကွဲပြားခြားနားသည်။ ထိုမီးအိမ်တွင် လောကကိုတုန်လှုပ်စေသည့် တန်ခိုးစွမ်းအားမျိုး မရှိပေ။
ထိုမီးအိမ်၏ လုပ်ဆောင်ချက်မှာ မီးအိမ်ထွန်းလင်းနေသည့် ကာလတစ်လျှောက် လူသားများ၏ အဆုံးမရှိသည့် ဖြစ်နိုင်ချေများကို ပြသလမ်းညွှန်ပေးခြင်းသာ ဖြစ်သည်။
အမှန်တော့ လူသားတိုင်းက အဖိုးတန်သူများဖြစ်ပြီး ဖြစ်နိုင်ချေကလည်း အဆုံးမရှိပေ။ ဘုရင်ရှစ်ပါးနန်းတော်မှ မီးအိမ်က ထိုအရာကို ဖွင့်လှစ်ပြသခြင်း ဖြစ်သည်။
ယန်ကျန်း၏ဘဝတွင် စွမ်းအားအမြင့်မားဆုံးအနေအထားသို့ ရောက်ရှိလာပြီး များပြားလှစွာသော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။ ကွမ်ရင်မယ်တော်ထက်ပင် အဆပေါင်း (၁၀၀)မက စွမ်းရည်များထက်မြက်လျှက်ရှိသည်။
စောစောကပြောခဲ့သလို ယန်ကျန်းသည် ပန်းချီကားထဲမှ လူသားတစ်ယောက်ဆိုပါလျှင် ယခုအချိန်တွင် သူ၏ ထက်ရှသည့် ဝိညာဉ်သည် ပန်းချီကားကို ထိုးဖောက်ထွက်လာခဲ့ပြီ ဖြစ်လေသည်။
လောကရှိပညာရှင်တစ်ယောက်ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ပမာ စုတ်ချက်အနည်းငယ်ကပင် စွဲဆောင်နိုင်စွမ်းဖြင့် ပြည့်ဝနေပြီး လူအများကို ထိတ်လန့် တုန်လှုပ်သွားစေမည် ဖြစ်လေတော့၏။
***